အခန်း ၂၆၈ ။ အဓိကတရားခံ
ကျူမင်က ငေးငိုင်စွာနဲ့ ဖြည်းဖြည်းချင်းထရပ်တယ်။ ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး စိုးရိမ်တကြီး အင်းကွက်ထဲကြည့်လြိက်တယ်။
“ဖုန်းညာန်… ညာန်…”
အင်းကွက်ထဲက ပုဂ္ဂိုလ်ရော နာကျည်းမှုစွမ်းအင်ရော ပျောက်သွားတယ်။
“အား…” သူ အင်းကွက်ထဲ သွေးရူးသွေးတန်း ပြေးသွားခဲ့တယ်။
“ဘာတွေဖြစ်သွားတာလဲ၊ ဘယ်လိုလုပ် ဖုန်းညာန်က ရုတ်တရက်ပျောက်သွားတာလဲ၊ ဘယ်ရောက်သွားတာလဲ”
ယိချင်း မျက်မှောင်ကြုတ်ပြီး ရှေ့တက်ကာ အင်းကွက်ကို လေ့လာစစ်ဆေးလိုက်တယ်။
“ဒီအင်းကွက်က မပျက်စီးသေးဘူး၊ အင်းကွက်ကို ချိုးဖောက်ပြီး ထွက်ပြေးတာမဟုတ်ဘူးထင်တာပဲ”
“ဒါဆို သူဘယ်ရောက်သွားတာလဲ” ကျူမကင် စိုးရိမ်တကြီးမေးလိုက်တယ်။ သူ ဂါထာတချို့ရွတ်ပြီး ဖုန်းညာန်ရဲ့အရှိန်အဝါကို အာရုံခံကြည့်ပေမဲ့ တစ်ခဏအကြာမှာတော့ အရှုံးပေးဟန် လက်တွေကို ချလိုက်တယ်။
“ကျုပ် သူ့အရှိန်အဝါကို အာရုံမခံနိုင်သလို ဒီမှာတခြားအင်းကွက်အရိပ်အယောင်လည်းမရှိဘူး”
“လေထဲပျောက်သွားတာ ဖြစ်နိုင်ပါ့မလား”
ပိုင်ဇယ်က အော်တယ်။
“ဟင့်အင်း” ယိချင်း ခေါင်းခါလိုက်တယ်။
“စောနက ဘာ မှော်အတတ်မှ မခံစားခဲ့ရဘူး”
သူတို့အားလုံး တိတ်သွားတယ်။ အင်းကွက်က မကျိုးသေးလို တခြားအင်းကွက်အရိပ်အယောင်လည်း မရှိတာကို ဘယ်လိုလုပ် သူမပျောက်သွားခဲ့တာလဲ။
ကျူမင်ကြည့်ရတာ ဝမ်းနည်းပက်လက် ညှိုးမှိုင်နေတယ်။ သူက မြေကြီးပေါ် ပုံကျသွားတယ်။
“သူဘယ်ရောက်သွားတာဖြစ်နိုင်လဲ”
“ဝိညာဉ်ရဲ့ မတူညီတဲ့အစိတ်အပိုင်းတွေက ချိတ်ဆက်နေတာလား”
ရှန်းရင်က ရုတ်တရက် မေးလာတယ်။
သူတို့အားလုံး သူမကို စိုက်ကြည့်လိုက်ကြတယ်။ တစ်ခဏနေတော့ သူတို့နားလည်သွားခဲ့တယ်။
“ဝိညာဉ်ပြန်ခေါ်သိုင်း”
“ဖုန်းညာန်က သူ့မူလဝိညာဉ်ကို ဆုံးရှုံးထားတာ…” ကျူမင်က တီးတိုးရေရွတ်တယ်။
“တစ်ယောက်ယောက်က သူ့မူလဝိညာဉ်ကိုသုံးပြီး တခြားဝိညာဉ်အစိတ်အပိုင်းတွေကို ပြန်ခေါ်သွားတယ်လို့ ပြောနေတာလား၊ ဒါပေမဲ့…”
သူ တစ်ခဏစဉ်းစားပြီးတဲ့နောက် အမူအရာပျက်သွားတယ်။
“ကျုပ် သူ့ကိုစောနက ပိတ်ထားဖို့ အင်းကွက်ကိုသုံးခဲ့တယ်လေ၊ ဘယ်လိုဝိညာဉ်ပြန်ခေါ်သိုင်းက မူလဝိညာဉ်ကိုပဲသုံးပြီး လူတစ်ယောက်ရဲ့ မတူညီတဲ့ဝိညာဉ်အပိုင်းတွေအားလုံးကို ပြန်ခေါ်နိုင်တာလဲ”
“တစ်ခုရှိတယ်” ရှန်းရင် ခေါင်းညိတ်လိုက်တယ်။
“နင်တို့အားလုံး မြင်ဖူးတယ်မဟုတ်လား”
ကျူမင်က တန့်သွားတယ်။ တစ်အောင့်ကြာတော့ သူတစ်စုံတစ်ရာကို နားလည်သွားတဲ့ပုံ။ အဲမှာ မျက်လုံးပြူးသွားခဲ့တယ်။ ကူယွဲ့နဲ့အတူ သူ အော်လိုက်တယ်။
“ဆန်းကြယ်ဘုံထဲက အဲအင်းကွက်”
အဲအင်းကွက်က ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ်ကိုပဲ သုံးပြီး အမတဘုံကနေ ကောင်းကင်ဘုံထိ လူတစ်ယောက်လုံးကို ဆွဲခေါ်သွားခဲ့တာ။
“သူမက ကိုယ်ပိုင်နယ်နိမိတ်ထဲမှာပဲ”
ကျူမင်က အမြန် တစ်ဖက်လှည့်ပြီး အရှေ့ဘက်ဆီ ပြေးသွားတော့တယ်။ ကူယွဲ့ တခြားသူတွေနဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ဓားတွေကို တက်စီးပြီး အပြင်ကို ပျံသန်းထွက်လာခဲ့တယ်။
“ဆ…” ယိချင်းက ရှန်းရင်ကို သူ့ဓားပေါ်ဆွဲတင်နေကျ။ သူ့လက်မောင်းကို ဆန့်ထုတ်ဖို့လုပ်နေချိန်မှာတင် အကြောင်းရင်းမရှိ တောင့်တင်းသွားခဲ့တယ်။ ရှုပ်ထွေးတဲ့ခံစားချက်တွေ ပြန်ရောက်လာပြီ။
တစ်ဖက်မှာတော့ ရှန်းရင်က သတိထားမိပုံမပေါ်။ သူမက စားဖိုမှူးနောက် ခုန်တက်လိုက်တယ်။
“သွား”
“ဟုတ်ကဲ့ ဆ…” ထူးဆန်းစွာပဲ သူ အဲစကားလုံးကို မပြောနိုင်တော့ဘူး။ သူ ရှန်းရင်ကို အခက်တွေ့တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။ သူမက နားမလည်တဲ့ပုံမြင်တော့ ကျူမင်နောက်လိုက်ဖို့ပဲ အာရုံစိုက်လိုက်တယ်။
ပိုင်ဇယ်က သူတို့နှစ်ယောက်ကိုကြည့်ပြီး ဝမ်းနည်းသွားခဲ့တယ်။ သူ့ကြည့်ရတာ လုံးဝကို နာကျင်နေတဲ့ပုံ။
ကျူမင် အရှိန်မြှင့်ကာ ပျံသန်းလိုက်တယ်။ ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အခု သူ့ရှေ့မှာ သွေးပျက်နေပြီး နဂိုကလို လူကြီးလူကောင်းဆန်ဆန်တည်ငြိမ်တဲ့ အရှိန်အဝါမရှိတော့တဲ့ ကျူမင်ကို လှမ်းကြည့်လိုက်တယ်။ ခပ်တိုးတိုး လေသံနဲ့ ကူယွဲ့ပြောလိုက်တယ်။
“တာအိုရောင်းရင်းကျူ၊ ခင်ဗျားနဲ့ ဖုန်းညာန်ရဲ့ဆက်ဆံရေးကို ကျုပ်တို့ဆီ နောက်တစ်ကြိမ် အစအဆုံး ပြန်ရှင်းပြဖို့ လိုပြီမထင်ဘူးလား”
သူပြောခဲ့တာက ဖုန်းညာန်က အရင်က သူ့ဆရာတူညီမဖြစ်ပြီး အဲလောက်ရင်းနှီးခဲ့တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ ကြည့်ရသလောက်တော့ အမှန်မဟုတ်တဲ့ပုံပဲ။
ကျူမင်မျက်နှာကနေ အရောင်အသွေး ဆုတ်ယုတ်သွားပြီး ကူယွဲ့ကို မလုံမလဲ လှမ်းကြည့်လိုက်တယ်။ သူက မျက်လုံးတွေမှိတ်ကာ သက်ပြင်းရှည်ကြီးချလိုက်တယ်။
“မင်းတို့ကို ဖုံးကွယ်ဖို့မရည်ရွယ်ထားပါဘူး၊ ဒီတိုင်း ဖုန်းညာန်က အစွဲအလမ်းလွန်နေရုံမို့ပါ၊ သူ တစ်ခုခု ရူးမိုက်တာလုပ်မိမှာစိုးရိမ်လို့ အတိတ်အကြောင်း အများကြီး မပြောခဲ့တာ၊ သူက ကျုပ်ရဲ့ဆရာတူညီမ မဟုတ်ပါဘူး၊ တကယ်တော့ ဆရာတူအစ်မပါ”
ကျူမင်အမူအရာက ပိုပြီး အဓိပ္ပာယ်ဖတ်မရဖြစ်လာတယ်။
“သူအသက်ရှင်နေချိန်က ကျုပ်တို့က တစ်ဂိုဏ်းတည်းတူတူရှိခဲ့ပြီး အတူတူကြီးပြင်းလာတာ၊ နောက်တော့ သူက ကျုပ်ထက်အရင် မသေမျိုးကို တက်လှမ်းသွားခဲ့တယ်၊ ကျုပ်တက်လှမ်းချိန် သူက လူယုတ်မာတစ်စုကြောင့် သေလမ်း ရောက်သွားခဲ့ပြီ၊ ကျုပ်က သူ့ကြောင့် တစ္ဆေအမတ ဖြစ်လာခဲ့တာပဲ၊ တစ္ဆေအမတတွေအနေနဲ့ ကျုပ်တို့လေ့ကျင့်တဲ့ တန်ကြေးက ဝိညာဉ်တွေ ဆုံးရှုံးခံရတာပဲ၊ ကျုပ်တို့ပိုသန်မာလေ ဝိညာဉ်တွေက ပိုအားနည်းလာလေပဲ၊ ဖုန်းညာန်က တစ္ဆေအမတ ဖြစ်လာပြီးတဲ့နောက် လက်စားချေခဲ့ပေမဲ့ နှလုံးသားထဲက အမုန်းတရားကတော့ ရက်တွေကြာလာလေ ပိုနက်ရှိုင်းလာလေပဲ၊ အဲဒါကြောင့် သူမလေ့ကျင့်မှုက ပိုပိုပြီးအစွန်းရောက်လာခဲ့တယ်၊ ဒီလိုသာဆက်သွားနေရင် သူ့ဝိညာဉ် လုံးဝပျောက်ဆုံးသွားမှာကို ကျုပ်စိုးရိမ်နေခဲ့တယ်၊ အတိတ်ကို မေ့ပစ်ပြီး သံသရာစက်ဝန်းထဲဝင်ဖို့ နားချချင်ခဲ့ပေမဲ့ သူကနားမထောင်ခဲ့ဘူး”
ကျူမင်က လက်သီးဆုပ်ပြီး သူ့အမူအရာက နာကျင်နေဟန်။
“နောက်တော့ မတော်ဆဆ မူလဝိညာဉ်ကို ဆုံးရှုံးသွားပြီး အတိတ်ကို မေ့သွားခဲ့တယ်၊ ကျုပ် သူ့ကို ပြန်ဝင်စားဖို့နားချနိုင်ပြီး အချိန်မီ မူလဝိညာဉ်ကိုပြန်ရှာတွေ့ဖို့ မျှော်လင့်မိတယ်၊ အဲဒါက သူမဝိညာဉ်ကို လုံးဝဆုံးရှုံးတာထက် ပိုပြီးသာတယ်လေ၊ သူမ အမုန်းတရားက ဆက်ပြီးပြင်းထန်လာဦးမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး၊ အခု သူမမူလဝိညာဉ်မရှိဘဲနဲ့တောင် ဘာတွေဖြစ်ခဲ့လဲ မှတ်မိနေပြီ”
“တာအိုရောင်းရင်းကူယွဲ့…” ကျူမင် သူ့ကို မှုန်မှိုင်းစွာ ကြည့်လိုက်တယ်။
“ကျုပ် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ ဖုန်းညာန်ကို စိတ်မဆိုးစေချင်လို့ သူ့ရှေ့ စကားအများကြီး ပြောဖို့ကိုစိုးရိမ်နေခဲ့တာပါ၊ အဲဒါကြောင့် အရင်က အသေးစိတ်သိပ်မပြောပြခဲ့တာ၊ အခု သူမဝိညာဉ်က အရမ်းကိုအားနည်းနေတယ်၊ သူမက အချိန်မရွေး အဲလက်ကျန်လေးပါ ဆုံးရှုံးသွားနိုင်တယ်၊ တကယ်လို့ မကြာခင် သူ့ကို သံသရာစက်ဝန်းထဲမပို့ရင် ပြန်ဝင်စားဖို့ ဘယ်တော့မှ အခွင့်အရေး ရလောက်တော့မှာမဟုတ်ဘူး”
ကူယွဲ့က သူ့ကို ဆွံ့အစွာ ကြည့်လိုက်တယ်။ သူ မေးခွန်းဆက်မမေးတော့ဘဲ ကျူမင်က အရှိန်မြှင့်သွားတယ်။
ဖုန်းညာန်ရဲ့ စံအိမ်က သိပ်မဝေးဘူး။ ဆယ်မိနစ်အတွင်း အုပ်စုက ရောက်လာခဲ့တယ်။
စံအိမ်အတွင်း အနီရောင်အလင်းတန်းတစ်ခု ထွက်နေပြီး လေလွင့်ဝိညာဉ်တွေ နေရာအနှံ့ ပြေးလွှားနေတာမြင်လိုက်ရတယ်။ သူမအိမ်ရှိခဲ့တဲ့နေရာကခုတော့ အနီရောင်အင်းကွက် ဖုံးအုပ်ထားတာခံထားရတယ်။ သူတို့ ဆန်းကြယ်ဘုံရဲ့ဝင်ပေါက်ကို ဝိုးတဝါးမြင်လိုက်ရတယ်။
“ဖုန်းညာန်” ကျူမင်က အော်ပြီး ဆန်းကြယ်ဘုံ ဝင်ပေါက်ဆီ ပြေးသွားတယ်။
“ကျူ…” ကူယွဲ့က တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားပြီ။
သူ တစ်ဖက်လှည့်ကာ အုပ်စုကို တစ်ချက်ကြည့်ပြီး အကာအကွယ်အင်းကွက်တွေသုံးဖို့ သတိပေးပြီးတဲ့နောက် ကျူမင်နောက်လိုက်ဝင်လာခဲ့တယ်။
နီရဲနေတဲ့အလင်းက သူ့မြင်ကွင်းထဲ ပြည့်သွားခဲ့တယ်။ အင်းကွက်နဲ့ပြည့်နေတဲ့ တူညီတဲ့ ဆန်းကြယ်ဘုံလေးပဲ။ ဒါပေမဲ့အခုတော့ နေရာအနှံ့မှာ ယင်ချီတွေ တပိုးတနင့်ရှိနေတယ်။ ရှန်းရင် အရင်ကဖျက်ဆီးခဲ့တဲ့ အင်းကွက်က ခုအပြည့်တစ်ခုပြန်ဖြစ်ပြီး အရင်ကထက်တောင် ပိုခိုင်မာနေတဲ့ပုံ။ ဖုန်းညာန်က အင်းကွက်အလယ်မှာ ပိတ်မိနေပြီး အင်မတန်နာကျင်နေပုံ။ သူမက ပျောက်ဆုံးနေသလိုမျိုး ပိုပိုဖျော့တော့လာတယ်။
အင်းကွက်ထိပ်ဖျားမှာတော့ လူတစ်ယောက် လွင့်မျောနေတယ်။ သူက ယင်ချီတွေနဲ့ဖုံးနေတယ်။ သူ့ရုပ်ရည်ကို မမြင်ရပေမဲ့ ယောက်ျားတစ်ယောက်ဆိုတာတော့ပြောနိုင်တယ်။
“ဂိုဏ်းချုပ်၊ ဒါက ကျွန်မနောက်လိုက်တဲ့ တစ္ဆေအမတပဲ” ရွှမ်ထုံအော်လိုက်တယ်။
သူတို့အားလုံးရဲ့အမူအရာတွေ မည်းသွားတယ်။ ဒီလူက နောက်ဆုံးတော့ ပေါ်လာပြီပေါ့။
“အဲအောက်က အင်းကွက်က ဝိညာဉ်တွေကို ဝါးမျိုနိုင်တယ်၊ အားလုံးပဲ သိပ်အနားမကပ်သွားကြနဲ့”
ကူယွဲ့သတိပေးလိုက်ပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။ ကျူမင်က သူတို့ရှေ့ ခြေတစ်လှမ်းတိုးလိုက်ပြီး တုံ့ဆိုင်းမှုမရှိ အင်းကွက်ဘက်ကိုပြေးဝင်သွားတယ်။
“ဖုန်းညာန်”
သူ မရောက်ခင် သူ့ရင်ဘတ်ကိုတည့်တည့်ကြီး လာထိမှန်တဲ့ အလင်းတန်းနီကြီးတချို့ လက်သွားလေတယ်။ ကျူမင့်ကိုယ်က လေထဲ တစ်ခဏ ဝဲနေပြီး နောက်တော့ အရိပ်တစ်ခုပေါ်လာတယ်။ ကျူမင်ရဲ့ဝိညာဉ်က ကွဲထွက်သွားတော့တာပဲ။
“စားဖိုမှူး” ကူယွဲ့က ချက်ချင်း အော်လိုက်တယ်။
ယိချင်းက နတ်ဘုရားစွမ်းအင်လေပြင်းတွေ ဆင့်ခေါ်ပြီး ကျူမင့်ဆီလွှတ်ကာ ပြန်ဆွဲထားလိုက်တယ်။
ပိုင်ဇယ် ရှေ့တက်ပြီး ကျူမင့်ဝိညာဉ်ကိုတည်ငြိမ်စေဖို့ စည်းချိပ်တစ်ခုဖန်တီးလိုက်တယ်။
ဒါပေမဲ့ ကျူမင်က သူ့ဒဏ်ရာကိုဂရုမစိုက်။ ဖုန်းညာန် ပိတ်လှောင်ခံထားရတဲ့ အင်းကွက်ကို ထိန်းချုပ်နေတဲ့လူကို လှည့်ကြည့်လိုက်တယ်။
“ရပ်လိုက် သောက်ကျိုးနည်း မင်းကဘယ်သူလဲ၊ ဖုန်းညာန်ကို ဘာလုပ်လိုက်တာလဲ”
အမည်းရောင်သဏ္ဌာန်က ပြန်မဖြေ။ အဲအစား အင်းကွက်ကို အရှိန်ပြင်းလိုက်တော့ အလင်းတန်းနီက ပိုပြီးမျက်စိကျိန်းစရာ ကောင်းလာတယ်။ အင်းကွက်ကနေ ကြောက်ခမန်းလိလိ အရှိန်အဝါလာတာကို ခံစားလိုက်ရတယ်။ သူတို့ အပြင်မှာရပ်နေတာတောင် ဝိညာဉ်တွေ မတည်မငြိမ် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ရွေးစရာမရှိတော့ဘဲ ခြေလှမ်းတချို့ပြန်ဆုတ်လိုက်ရတော့တာပေါ့။
အုပ်စု မင်သက်နေမိတယ်။ ဘယ်လိုအင်းကွက်မို့လို့ နတ်ဘုရားမျိုးနွယ်တွေပါ အနားကို မကပ်နိုင်ရတာလဲ။
ကူယွဲ့က ရင်ထိတ်သွားတယ်။ စားဖိုမှူးနဲ့တခြားသူတွေပျောက်ဆုံးနေတဲ့ အကြွင်းအကျန်ဝိညာဉ်တွေက ဒီလူ့လက်ထဲမှာ ဖြစ်နိုင်တယ်။ သူ ရှန်းရင်ဘက် လှည့်လိုက်တယ်။
“ရှန်းရင် မင်း…”
သူက သူမကို တစ်ခုခု လုပ်ခိုင်းမို့ရှိသေး ရှန်းရင်က တစ်ခုခုကို သတိထားမိသွားတဲ့ပုံ။ သူမက ပိုင်ဇယ့်ဘက် လှည့်မေးလိုက်တယ်။
“အမွေးလုံး၊ ဝိညာဉ်တည်ငြိမ်ပုလဲက ဘာအတွက်သုံးတာလဲ”
ပိုင်ဇယ်က တုံ့ဆိုင်းသွားပြီး ဖြေလိုက်တယ်။
“သေချာပေါက် ကောင်းကင်ဝိညာဉ်တွေကို တည်ငြိမ်အောင် လုပ်ဖို့ပေါ့…”
“အဲဒါလား” သူမ လက်ညှိုးထိုးပြလိုက်တယ်။
သူတို့ လှမ်းကြည့်လိုက်တော့ တကယ်ပဲ အနက်ရောင်ပုံသဏ္ဌာန်ရဲ့ ပတ်လည်ကို ပုလဲတစ်ခုက ရစ်ပတ်နေတာမြင်လိုက်ရတယ်။ အဲဒါက ပျောက်သွားလိုက်၊ ပေါ်လာလိုက်နဲ့။ ထူထဲတဲ့ယင်ချီကြောင့်သာ စောနက သူတို့ သတိမထားမိခဲ့တာ။ အခု သေချာစစ်ဆေးကြည့်လိုက်တော့ ပုလဲက ခပ်ဖျော့ဖျော့နတ်ဘုရားစွမ်းအင်ထုတ်လွှတ်နေတာမြင်လိုက်ရတယ်။ ဝိညာဉ်တည်ငြိမ်ပုလဲပဲ
ဝိညာဉ်တွေ တည်ငြိမ်အောင်လုပ်ဖို့ နတ်ဘုရားစွမ်းအင်သုံးနိုင်တဲ့ဘယ်သူမဆို တစ္ဆေအမတ မဟုတ်နိုင်ဘူး။
အဲလူက ဖြစ်နိုင်တာက…
“ချန်းယွဲ့”
လေးယောက်လုံး တစ်ပြိုင်နက် အော်လိုက်မိတယ်။
…