အခန်း ၂၆၆ ။ အကြောင်းရင်းကို ရှာဖွေခြင်း
ယိချင်းက တန့်သွားပြီး သူ့မူလဝိညာဉ်ကိုသူ အလိုလိုစစ်ကြည့်လိုက်တယ်။ သူ ရုတ်တရက် ဖြူဖျော့သွားတော့တယ်။
“ကိုယ်ခန္ဓာအသစ် ဖြစ်နေလို့ ဒီလိုဖြစ်တယ်ထင်ခဲ့တာ-”
“တကယ်တော့ ပြောင်းပြန်ပဲ” ကူယွဲ့ ဖြေလိုက်တယ်။
“ဘာလို့လဲဆိုတော့ မင်းဝိညာဉ်မပြည့်မစုံ ဖြစ်နေလို့ မင်းခန္ဓာကိုယ်က အဲလိုဖြစ်နေတာ”
“…” ယိချင်းက မျက်မှောင်ကြုတ်ပြီး အမူအရာကမည်းမှောင်သွားတယ်။
“ပြီးတော့ ပိုင်ဇယ်-”
“ကျုပ်လား” ပိုင်ဇယ် ကြောင်သွားတယ်။
“အဲနေ့က ခင်ဗျား ချန်းယွဲ့နဲ့ တိုက်ခိုက်ချိန် ကျုပ်တို့ ခင်ဗျားဘေးမှာတင် ရှိနေခဲ့တာလေ”
ကူယွဲ့က သူ့ဘေးက တစ်ယောက်သော အစားသရဲကို လက်ညှိုးထိုးလိုက်တယ်။
“သူက ခင်ဗျားမှာ ပြဿနာရှိနေမှန်း သိခဲ့တဲ့သူပဲ၊ အဲဒါကြောင့် ပိုင်ယွင်တောင်ဆီ ခင်ဗျားနောက်က လိုက်ခဲ့ဖို့ ဆုံးဖြတ်ခဲ့တာပဲ”
“ရှန်း…” ပိုင်ဇယ် စောနက ငြင်းဆန်မှုကို သတိရသွားသလိုမျိုး ရှန်းရင်ကိုကြည့်ပြီး ဝမ်းနည်းသွားတယ်။ သူ့အမူအရာက ပြိုပျက်နေပြီး လုံးဝကိုအရှုံးပေးထားသလိုမျိုးပဲ။ တစ်စက္ကန့်နေတော့ သူက ပြောလာတယ်။
“ဒါပေမဲ့… ကျုပ်မူလဝိညာဉ်က အဆင်ပြေပါတယ်”
“ခင်ဗျားမူလဝိညာဉ်က အဆင်ပြေပေမဲ့ ခင်ဗျားဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီး မသေချာဘူးနော်”
ပိုင်ဇယ်က သူ့ကိုပြန်စိုက်ကြည့်တယ်။ သူ ဘာဆိုလိုတာလဲ။
“ပိုင်ယွင်တောင်ခြေက ရေကန်က နတ်ဆိုးသားရဲတွေနဲ့ ပြည့်နေတယ်မဟုတ်လား” ကူယွဲ့က အစားသရဲကို မျက်ဆန်လှန်ပြလိုက်တယ်။
“မနေ့က အဲဒါတွေကို သွားကြည့်ဖို့ ရှန်းရင်ကို ခေါ်သွားခဲ့တယ်မဟုတ်လား၊ အဲဒီနတ်ဆိုးသားရဲတွေက အရင်က အဲမှာမရှိဘူးမလား”
“…” တကယ်ပဲ အရင်က အဲမှာမရှိခဲ့ဘူး။
“သူတို့ဘယ်ကလာလဲဆိုတာ ခင်ဗျားသိလား”
ပိုင်ဇယ်တန့်သွားတယ်။
“မသိ… ဘူး” သူတို့တွေက ခုနောက်ပိုင်းနှစ်တွေမှ ပေါ်လာခဲ့တာ။
“ထျန်းလန်လောကသုံးခွင်မှာ ရှိနေတုန်းက ခင်ဗျား ရိမိသားစုနယ်နိမိတ်မှာ နှစ်သောင်းချီနေခဲ့တယ်လေ၊ ပုံရိပ်ယောင်ပင်လယ်ထဲက နတ်ဆိုးသားရဲတစ်ကောင်မှ ကမ်းခြေကို တက်မလာရဲခဲ့ဘူး၊ ကောင်းကင်ဘုံကို ပြန်ရောက်ချိန် ခင်ဗျားရဲ့နတ်ဘုရားစွမ်းအင်က ပိုပြီးအားကောင်းလာသင့်တာလေ၊ ဘာကြောင့် နတ်ဆိုးသားရဲတွေက ခင်ဗျားကိုယ်ပိုင်နယ်နိမိတ်မှာ စပြီးပေါ်လာရတာလဲ၊ ပြီးတော့ အသိဉာဏ်ဝိညာဉ်မရှိတဲ့ သားရဲတွေတဲ့လား”
“အင်း…” သူ ဒါကိုတစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ အဲအချိန်တုန်းက ရှန်းရင် ပျော်အောင်လုပ်ဖို့ သူမ မရောက်လာခင်ထိ အရှင်ထားဖို့ပဲ စဉ်းစားခဲ့တာ။
“တစ်ခုတည်းသော ဖြေရှင်းချက်က ခင်ဗျားဝိညာဉ်မှာလည်း ပြဿနာရှိနေပြီး ခင်ဗျားရဲ့စွမ်းရည်ကိုပါ သက်ရောက်နေတာပဲ၊ ဒါပေမဲ့ သက်ရောက်မှုက သေးတယ်၊ ခင်ဗျား သတိတောင် မထားမိခဲ့လောက်ဘူး”
ကူယွဲ့က သူ့ဘာသာ လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တစ်ငုံသောက်ပြီးဆက်ပြောတယ်။
“ခင်ဗျားက ကောင်းကင်မျိုးနွယ်၊ အသိဉာဏ်ဝိညာဥ်ရှိတဲ့ နတ်ဆိုးသားရဲတွေက သေချာပေါက် ခင်ဗျားက အင်အားကြီးတယ်ဆိုတာသိပြီး အနားကပ်လာရဲမှာ မဟုတ်ဘူး၊ အဆင့်နိမ့်နတ်ဆိုးသားရဲတွေက အန္တရာယ်ရှိချိန် အာရုံခံဖို့ သူတို့ရဲ့ အလိုအလျောက်သိစိတ်ကိုပဲ သုံးရတာ၊ သူတို့က ခင်ဗျားဘယ်သူလဲဆိုတာတောင် မသိလောက်ဘူး”
ပိုင်ယွင်တောင်က နတ်ဘုရားစွမ်းအင် များပြားတဲ့နေရာမို့ လေ့ကျင့်ဖို့အတွက် စံပြပဲ။ ပိုင်ဇယ့်ဝိညာဉ်မှာ ပြဿနာရှိနေတော့ ဒီအဆင့်နိမ့်နတ်ဆိုးသားရဲတွေက အန္တရာယ်ရှိတယ်ဆိုတာ အာရုံမခံမိဘဲ ဒီနေရာမှာ သူတို့ဘာသာ အိမ်လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်နိုင်တယ်။
ပိုင်ဇယ်တိတ်သွားတယ်။ အားလုံးက လုံးဝယုတ္တိရှိတယ်။ အဲဒါကြောင့် မနေ့က ရှန်းရင်က စိုးရိမ်ပြီး သူနဲ့ ငါးလိုက်မျှားခဲ့တာလား။ ဒါပေမဲ့ သူမက သူ့ကို လုံးဝမကြိုက်ဘူးပြောခဲ့တယ် သူ အသည်းကွဲခဲ့ရတယ်လေ။
“အကြီးအကဲဆိုလိုတာ ကျွန်မတို့သုံးယောက်လုံးရဲ့ ခန္ဓာကိုယ်ထဲကနေ အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေပြီး ကျွန်မတို့က ဒါကိုနားမလည်ကြတာပေါ့” ရွှမ်ထုံ စိုးရိမ်နေတယ်။
“မင်းက တကယ်ပဲ အကြွင်းအကျန်ဝိညာဉ်တစ်ခု ပျောက်ဆုံးနေတာ၊ ငါတို့ မင်းရဲ့အဲအကြွင်းအကျန်ဝိညာဉ်ကို ရှာတွေ့ပြီးပြီ၊ မင်းခန္ဓာကိုယ်ထဲ ပြန်ရောက်အောင်လုပ်ဖို့ နည်းလမ်း ရှာမတွေ့သေးရုံပဲ၊ ဒါပေမဲ့ ငါတို့က ယိချင်းနဲ့ပိုင်ဇယ့်ဟာကိုတော့ ခန့်မှန်းကြည့်တာ”
ကူယွဲ့က မျက်မှောင်ကြုတ်လိုက်တယ်။
“အကြွင်းအကျန်ဝိညာဉ်က ဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ ကွာခြားတယ်လေ၊ သူတို့ဝိညာဉ်တွေက အပြည့်အဝလားဆိုတာ ဘယ်လိုစစ်ဆေးရမလဲ ငါတို့မသိဘူး”
“ကျုပ်မှာနည်းလမ်းရှိတယ်” ပိုင်ဇယ်က ရုတ်တရက် ပြောလာတယ်။
အားလုံး သူ့ကိုလှည့်ကြည့်လိုက်ကြတယ်။
ပိုင်ဇယ်က လက်ကောက်ဝတ်ကို လှည့်လိုက်တော့ ချက်ချင်းပဲ ကြေးရောင် ကြေးမုံကြီးတစ်ချပ်က သူ့လက်ထဲပေါ်လာတယ်။
“ဒါက ဘဝကြေးမုံပဲ – ဒါကျုပ်တန်ဖိုးထားရတဲ့ ဓမ္မအသုံးအဆောင်ပဲ၊ ဒီမှန်နဲ့ဆို လူတစ်ယောက်က သူ့အရင်ဘဝနဲ့ ခုဘဝတွေကို ကြည့်လို့ရတယ်၊ ဒါပေမဲ့ ဝိညာဉ်တစ်ခုလုံးရှိမှ အလုပ်ဖြစ်မှာ၊ ဝိညာဉ်တစ်ခုလုံး မရှိရင် မှန်က ဘာမှရောင်ပြန်ဟပ်မှာမဟုတ်ဘူး”
အဲဒါက သူတို့အကြွင်းအကျန်ဝိညာဉ်ပျောက်ဆုံးနေလားဆိုတာဆုံးဖြတ်လို့ရအောင် ကူညီပေးလိမ့်မယ်။
ကူယွဲ့ မျက်လုံးတွေ တောက်ပသွားတယ်။ သူ ယိချင်းကို ခုံကနေ ချက်ချင်းချီလိုက်တယ်။
“မြန်မြန် အဲကိုကြည့်လိုက်”
ယိချင်းစဉ်းစားဖို့တောင် အချိန်မရခင် မှန်ရှေ့ ချီခံလိုက်ရတယ်။ သူနဲ့ပိုင်ဇယ် အချင်းချင်း စိန်းစိန်းဝါးဝါး ကြည့်ပြီးမှ ယိချင်း မှန်ထဲ ကြည့်လိုက်တယ်။
ပိုင်ဇယ် လက်ထဲက ဘဝကြေးမုံကိုအသက်သွင်းပြီးပြီ။ မှန်ထဲ အလင်းတန်းဖြူကြီး ပေါ်လာပေမဲ့ အရာအားလုံးက မြူခိုးဖြူသက်သက်ပဲ။ ဖေဖေနျို့အရိပ်ကိုသာ မြင်နေရတယ် – ပြီးတော့ ယိချင်းက သူ့လက်မောင်းထဲ ရှိမနေဘူး။
သုံးယောက်သား ချက်ချင်း အမူအရာပျက်သွားတယ်။ တကယ်ပဲ သူတို့မှန်နေပြီ။ ပိုင်ဇယ်ရော စားဖိုမှူးမှာပါ ဝိညာဉ်ပြဿနာတွေ ရှိနေကြတယ်။
“ကျွန်မတို့သုံးယောက်က တစ္ဆေအမတတွေနဲ့ အထိအတွေ့ရှိခဲ့တာ၊ ဒါတွေအားလုံးနောက်ကွယ်ကလူက အတူတူပဲ ဖြစ်ရမယ်” ရွှမ်ထုံ့မျက်နှာမှာ စိုးရိမ်မှုတွေ လွှမ်းခြုံနေတယ်။
“တစ်ခုတည်းသော မေးခွန်းက သူတို့ဘာလို့ ကျွန်မတို့သုံးယောက်ရဲ့ အကြွင်းအကျန်ဝိညာဉ်ကို လိုချင်ရတာလဲ၊ အကြွင်းအကျန်ဝိညာဉ်တွေက ဝိညာဉ်တစ်ခုလုံးနဲ့ ကွာတယ်လေ – သူတို့က ပျောက်ဆုံးနေချိန် ခန္ဓာကိုယ်ကိုသိပ်မသက်ရောက်ဘူး၊ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်တွေက ဒါမရှိဘဲ ပြန်သက်သာလာမှာပဲ”
“သူက သုံးယောက်ကိုတင် ပစ်မှတ်ထားနေတာမဟုတ်လောက်ဘူး” တစ်ချိန်လုံးတိတ်နေတဲ့ ရှန်းရင်က ရုတ်တရက် စကားပြောလာတယ်။
“ဒီတစ္တေအမတနဲ့ထိတွေ့မိတဲ့ တခြားသူတွေ ရှိတယ်”
အားလုံးတန့်ကုန်တယ်။ ကူယွဲ့ချီခံထားရဆဲ ယိချင်းက မျက်လုံးအပြူးသားစကားပြောတော့တယ်။
“… အဲရှိကျင်း(၁)နှစ်ယောက်” သူက ရုတ်တရက် သွေးပျက်ပြီး စားပွဲကလူကို လှည့်ကြည့်လိုက်တယ်။
[မှတ်ချက် ။ ။ အလွမ်းသယ်ပြီး ဒရမ်မာချိုးတဲ့လူတွေကို ဆိုလိုတာပါ]
“ဆရာ…”
“သွားကြစို့” ရှန်းရင် သူမ ဝတ်ရုံအောက်ဖျားကို ဖုန်ခါလိုက်တယ်။
“ငါဗိုက်ပြည့်သွားပြီ” မနက်စာကနေ။
သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီး ချက်ချင်း ဓားပျံတွေကို ဆွဲထုတ်လိုက်ကြတယ်။ ပိုင်ဇယ်နဲ့ရွှမ်ထုံလည်း သူတို့နောက်ကနေ လိုက်ခဲ့ရတော့တယ်။
“အကြီးအကဲကူယွဲ့၊ အဲရှိကျင်းဆိုတာ ဘယ်သူလဲ”
ရွှမ်ထုံမနေနိုင်ဘဲ မေးလိုက်တယ်။
“စားဖိုမှူးရဲ့ ခပ်ပေါပေါမိဘတွေ”
“…”
အကြီးအကဲယိချင်းရဲ့ မျိုးရိုးနာမည်က ရှိလား။ ကောင်းကင်မျိုးနွယ်တွေက သူတို့ရဲ့ မျိုးရိုးနာမည်တွေအဖြစ် မျိုးနွယ်ကို ယူကြတာမလား။ သူမ “ရှိ” ဆိုတဲ့မျိုးရိုးနာမည်ကို တစ်ခါမှ မကြားဖူးဘူး
(⊙_⊙)
——————
ရှန်းရင် ပြောတာက သေချာပေါက် ဖြစ်နိုင်ခြေရှိတယ်။ တကယ်လို့ ဂျပုလေးနဲ့တခြားသူတွေက တစ္ဆေအမတတွေနဲ့ ထိတွေ့ဆက်ဆံလို့ သူတို့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေပျောက်နေတာဆိုရင် တစ္ဆေအမတတွေကို သူငယ်ချင်းတော်ထားတဲ့ ဖုန့်စန်းလည်း သူတို့နဲ့ အဆက်အဆံရှိခဲ့လောက်တယ်။ သူက ကျူမင်နဲ့ အရမ်းဖက်လှဲတကင်းရှိပြီး ကောင်းကင်မြေအောက်ဘုံကို တစ်ကြိမ်ထက်မက သွားခဲ့ဖူးတယ်။
လုံကျန်းအတွက်ကတော့ သူမက တစ္ဆေအမတကို မမြင်ဖူးပေမဲ့လည်း နဂါးဥကို နှစ်ပေါင်းများစွာ စောင့်ရှောက်လာခဲ့တာ။ နဂါးဥထဲ ယင်ချီရှိနေတာတောင် အာရုံမခံမိခဲ့ဘူ။ တကယ်လို့ တစ္ဆေအမတသာ သူမအကြွင်းအကျန်ဝိညာဉ်ကို ယူသွားရင် မသိတာပိုဖြစ်နိုင်တယ်။
သူတို့တွေ အတွေးလွန်နေတာ မဟုတ်မှန်း သက်သေပြနေတယ်။ ဖုန့်စန်းနဲ့ လုံကျန်းအရိပ်က ပိုင်ဇယ့်ဘဝကြေးမုံထဲ ပေါ်မလာခဲ့ဘူး။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ” လုံကျန်းက လုံးဝကို ဇဝေဇဝါဖြစ်နေတယ်။ သူမနဲ့ ဖုန့်စန်းကျင့်ကြံဆင့်တွေအရ သူတို့ အကြွင်းအကျန်ဝိညာဉ်အသာထား ဝိညာဉ်တစ်ပိုင်း ပျောက်ဆုံးနေတာကို သူတို့တောင် မသိဘဲ ဘယ်လို အခိုးခံလိုက်ရပါ့လိမ်။
“ကျုပ်သိရသလောက်တော့ တစ္ဆေအမတတွေရဲ့ ကျင့်ကြံဆင့်တွေက အားလုံး အတော်လေး မြင့်မားကြတယ်၊ ကျင့်ကြံဆင့်အမျိုးမျိုးနဲ့ ကောင်းကင်မျိုးနွယ်တွေကတောင် သူတို့ပြိုင်ဘက် မဟုတ်ဘူး၊ ဒါပေမဲ့ ကျုပ်နဲ့ ကျန်းအာရဲ့ကျင့်ကြံဆင့်အရ အနည်းဆုံးတော့ သူတို့နဲ့သရေကျနိုင်တယ်”
ဖုန့်စန်းအသံက လေးပင်နေတယ်။
“ကျုပ်တို့တောင် မသိဘဲ ဝိညဉ်အကြွင်းအကျန်တွေကိုခိုးနိုင်လောက်တဲ့အထိ ကျုပ်တို့ထက် အစွမ်းအများကြီးကြီးတဲ့ တစ္ဆေအမတ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါဆို ကျုပ်တို့ပါ ဘာလို့…”
သူ စဉ်းစားမရတာ သိသာတယ်။ တကယ်လို့ သူ့ဆရာနဲ့ ထွက်ပြေးသွားတဲ့ သူတို့သားယိချင်းသာ ဒါကိုပြောဖို့ ရုတ်တရက် ပြန်မရောက်လာခဲ့ဘူးဆိုရင် သူတို့ရဲ့အကြွင်းအကျန်ဝိညာဉ် ပျောက်ဆုံးနေတယ်ဆိုတာ သိတောင်မသိလောက်ဘူး။
“ဘယ်သူလုပ်လောက်လဲဆိုတာ စဉ်းစားမရဘူးလား” ကူယွဲ့က အလောတကြီးမေးလိုက်တယ်။
နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ခေါင်းယမ်းလိုက်တယ်။
“မသိဘူး၊ ပြီးတော့ ဘာလို့ တစ်ဖက်လူက ကျုပ်တို့အကြွင်းအကျန်ဝိညာဉ်တွေကိုပဲ လိုချင်ရတာလဲ”
“အကြွင်းအကျန်ဝိညာဉ်တွေကို ခြေရာခံဖို့နည်းလမ်းရှိလား” ကူယွဲ့ မေးကြည့်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကောင်းကင်မျိုးနွယ်တွေပဲလေ။
သူတို့က ခေါင်းယမ်းပြတယ်။
“အကြွင်းအကျန်ဝိညာဉ်တွေဆိုတာ လူတစ်ယောက်ဝိညာဉ်ရဲ့တခြားအစိတ်အပိုင်းတွေနဲ့ ကွဲပြားတယ်၊ ကျုပ်တို့အကြွင်းအကျန်ဝိညာဉ်တွေ ပျောက်နေတယ်ဆိုတာတောင် အာရုံမခံမိတာ၊ သူ့နေရာကို ဘယ်လိုလုပ် အာရုံခံနိုင်မှာလဲ”
“ဒါပေမဲ့ တစ်ဖက်လူက ဘာကြောင့် အကြွင်းအကျန်ဝိညာဥ်တွေကို လိုချင်မှာလဲဆိုတာတော့ မေးလို့ရနိုင်တယ်”
အားလုံးက တန့်သွားတယ်။ ပိုင်ဇယ်က ရုတ်တရက် တစ်စုံတရာကို နားလည်သွားတဲ့ပုံ။
“ဟုန်ယွီလို့ ဆိုလိုတာလား”
“အမှန်ပဲ” ဖုန့်စန်းက ခေါင်းညိတ်ပြတယ်။
“ဟုန်ယွီရှန်းကျွင်းက ကောင်းကင်လောကမှာ ရှေးအကျဆုံးသူပဲ၊ တကယ်လို့ ဝိညာဉ်တွေအကြောင်း အားလုံး သိတဲ့သူရှိရင် သူပဲဖြစ်ရမယ်”
လုံကျန်းက စကားဝင်ပြောလာတယ်။
“ဒါဆို ကျွန်မတို့ လင်ထိုက်တောင်ကို ချက်ချင်းသွားသင့်ပြီ”
သူမ တစ်ဖက်လှည့်လိုက်တော့ ခန်းမထဲကလေက တစ်စုံတစ်ယောက် ဆွဲဖြဲလိုက်သလိုမျိုး ရုတ်တရက် ဂယက်ထသွားတယ်။ အမည်းရောင်ပုဂ္ဂိုလ်တစ်ဦးက ခန်းမထဲ ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာတော့တာပဲ။
…