အခန်း ၂၆၅ ။ စုပေါင်းပျောက်ဆုံးနေသောဝိညာဉ်များ
လေးရက်တိတိ ဝိညာဉ်စမ်းချောင်းထဲ စိမ်ခဲ့တဲ့ ဂျပုလေးက နောက်ဆုံးတော့ နိုးလာတယ်။
ကူယွဲ့က သူမကို နှုတ်ဆက်လိုက်ပြီး ရှန်းရင်ရှိတဲ့ဘေးဆောင်ဆီ ပိုင်ဇယ့်ကိုလာခိုင်းဖို့ ခေါ်ခိုင်းလိုက်တယ်။ နောက်တော့ ကူယွဲ့က စားဖိုမှူးကို သွားရှာလိုက်တယ်။
စားဖိုမှူးကြည့်ရတာ တစ်ချိန်လုံး မနားရသေးတဲ့ပုံ။ ဖြေရှင်းလို့မရတဲ့ ပြဿနာရှိနေဟန် သူ့ကိုယ်က နွမ်းချိနေတယ်။ သူ နောက်ဆုံးတော့ ရှန်းရင်ကို တွေ့ချိန် ဝမ်းချုပ်နေသလိုပဲ။ သူ့စားစရာတောင် အရသာတစ်ဆင့် နိမ့်သွားတယ်။
ကူယွဲ့ စားပွဲက မနက်စာကို လှမ်းကြည့်လိုက်တယ်။ အင်း ဒါ ဘာခံစားချက်မှမပါတဲ့ မနက်စာပဲ။ သူ ပျင်းရိပြီး တည်ငြိမ်နေဆဲ တစ်ယောက်သောသူကို လှမ်းကြည့်ပြီး နှုတ်ခမ်းထောင့် တွန့်ချိုးသွားတော့တယ်။ သေစမ်း၊ သူမက ဒီမနက်စာကိုမှ အရသာတွေ့နေတာပဲ။ ဘာလို့ သူအရင်က ချက်ပေးတဲ့ တခြားဟင်းပွဲတွေကျ သဘောမကျရတာလဲ။
သူ ဟိုဟိုဒီဒီကြည့်ပြီးတဲ့နောက် တစ်စုံတစ်ယောက် ပျောက်ဆုံးနေတာ သိလိုက်ရတယ်။
“ပိုင်ဇယ်ရော”
“အကြီးအကဲ၊ ကျွန်မ ပိုင်ဇယ်ရှန်းကျွင်းကို မရှာတွေ့ခဲ့ပါဘူး၊ ပိုင်ယွင်တောင်တစ်ခုလုံးကို ရှာကြည့်ခဲ့ပေမဲ့ သူ့ကို ရှာမတွေ့သေးဘူး”
ကူယွဲ့ အမူအရာက မာကြောသွားပြီး အစားသရဲကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ သူ ယိချင်းဘက် လှည့်ပြောလိုက်တော့တယ်။
“စားဖိုမှူး မင်းသွား မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ငါ့အတွက် လူကိုသာ ရှာလာခဲ့စမ်းပါ”
ယိချင်းက ငိုင်တိုင်တိုင် လေထဲစိုက်ကြည့်နေရုံရှိသေး ရုတ်တရက် မျက်လုံးတောက်ပသွားပြီး အသက်ဝင်လာပြန်တယ်။
“ကောင်းပြီ” သူလှည့်ပြီး အင်မတန်စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ တံခါးအပြင်ပျောက်သွားတော့တယ်။
ဂျပုလေး ။ ။ “…” အကြီးအကဲယိချင်းက သူ့ကိုသွားရှာတာမလား။ ဘာလို့ ဓားယူသွားတာလဲ။ ပြီးတော့ ဘာလို့ အဲလောက်တောင် သတ်ဖြတ်ချင်တဲ့ ဆန္ဒတွေများနေရတာလဲ။
ဂျပုလေးက တောင်ပေါ်က ဘယ်နေရာမှာမှ ပိုင်ဇယ့်ကို မရှာနိုင်ခဲ့ဘူး။ ကျင့်ကြံဆင့်အများကြီးပိုမြင့်တဲ့ စားဖိုမှူးကတော့ မိနစ်၂၀အတွင်း ပိုင်ဇယ့်ကို ခြေရာခံပြီး ခန်းမထဲ ခေါ်လာခဲ့တယ်။
နှစ်ယောက်သား ဖုန်တွေပေကျံနေပြီး အတော်လေးကို ညစ်ပတ်ပေရေနေတာ – အထူးသဖြင့် ပိုင်ဇယ်ပဲ။ ပုံမှန်ဆို သူက ဝတ်ရုံဖြူဝတ်နေကျ။ ဒီတစ်ကြိမ်တော့ သူ့ဝတ်ရုံတွေက ဖုန်ကြောင့် အညိုရောင် သန်းနေပြီး မျက်နှာကလည်း ပွန်းပဲ့ဒဏ်ရာတွေနဲ့။
“သူ ဒီမှာပါ” စားဖိုမှူးက ကြေညာပြီး ဓားကိုသိမ်းလိုက်တယ်။ သူ့ကိုယ်လေးကိုသယ်ကာ အရင်အတိုင်း ရှန်းရင်နောက် ဝင်ရပ်တယ်။ အဲတော့မှ သူလည်း အမြင်ကို ကွယ်နေတယ်ဆိုတာ နားလည်သွားတယ်။ သူတစ်ဖက်လှည့်ကာ ရှန်းရင်နောက်က နေရာတစ်နေရာဆီ ခွေးခြေထိုင်ခုံတစ်ခုံကို ရွှေ့လာခဲ့တယ်။ နောက်တော့ အဲပေါ်တက်လိုက်တော့ ရှန်းရင်ထက် ခေါင်းတစ်လုံးစာအပြည့် မြင့်သွားပါလေရော။ သူ ပိုင်ဇယ့်ကို ခန်းမဆောင် တစ်ဖက်ခြမ်းကနေ စိန်းစိန်းဝါးဝါးကြည့်လိုက်တော့တယ်။
ခွေးကောင်လေး၊ ငါ့ဆရာကို လှည့်စားဖို့ ကြိုးစားနေတာတော်လိုက်တော့ ငါ မင်းကို စောင့်ကြည့်နေမှာ။
ပိုင်ဇယ်က ခန်းဆောင်ထဲဝင်ပြီး သူ့ရှေ့ကရှန်းရင်ကို သတိထားမိသွားတော့ တစ်ခုခုကို သတိပြန်ရသွားတဲ့ပုံ။ ဒေါသပျောက်သွားပြီး မျက်နှာက ပုစွန်လိုနီရဲနေတယ်။ သူ တစ်ဖက်လှည့်ပြီး အဝေးကို ပျံသွားချင်တာ အရမ်းပဲ။
ဒါပေမဲ့ ကူယွဲ့တုံ့ပြန်မှုက ပိုမြန်တယ်။ သူက တံခါးကိုပိတ်တဲ့ ဂါထာသုံးပြီး သီးသန့်ခြားအင်းကွက် သုံးလိုက်တယ်။
“ဟေး၊ ပြီးတော့မှာပဲ၊ ခင်ဗျားကို ပြောစရာအရေးကြီးကိစ္စတချို့ရှိတယ်” သူ ငပျင်းပေါင်မုန့်လုံးဘက် ဒေါသတကြီး လှည့်ကြည့်လိုက်တယ်။
“ရှန်းရင်”
“ဟမ်”
“မင်းဖင်ကိုဟမ်၊ မင်းကိစ္စအရင်ဖြေရှင်း”
“အိုး” ရှန်းရင်က ထရပ်ကာ ပိုင်ဇယ့်ဆီ လျှောက်လာပြီး မျက်လုံးတွေထဲကြည့်လိုက်တယ်။
“နင်မနေ့က ပြေးသွားတာ မြန်ချက်ပဲ၊ ငါနင့်ကို ပြန်ဖြေဖို့ အချိန်မရလိုက်ဘူး”
ပိုင်ဇယ်က ရင်ခုန်သွားပြီး မျက်နှာမှာအပူချိန်တိုးလာတာကိုခံစားမိနေတယ်။
“ရှန်း… ရင်… အာ… အင်း…”
“ကျေးဇူးပါ ငါလက်မခံဘူး”
“…” ပိုင်ဇယ်က သူမကိုအူကြောင်ကြောင် ပြန်စိုက်ကြည့်နေပြီး မျက်နှာက ဖြူဖျော့သွားတယ်။
“ဒါဆို ကျုပ်-”
“ငါနင့်ကိုမကြိုက်ဘူး”
“ကျုပ်… ကျုပ်ကြိုး-”
“နောက်လည်း မကြိုက်ဘူး”
“ကျုပ်-”
“ငါနင့်ကိုဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး”
“…”
ရှန်းရင် နှစ်သိမ့်တဲ့အနေနဲ့ ပခုံးကို ပုတ်ပေးပြီး ပြန်လှည့်လာကာ သူမကုလားထိုင်ပေါ် ဇွက်ခနဲ ထိုင်ချလိုက်တယ်။
ကူယွဲ့ ။ ။ “…”
ရွှမ်ထုံ ။ ။ “…”
သူမ… သူ့နှလုံးသားတစ်ခုလုံးပေါ် တက်နင်းလိုက်တာလား။ နည်းနည်းကြမ်းလွန်းတယ်မဟုတ်ဘူးလား။
ရွှမ်ထုံက ကူယွဲ့ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်တယ်။
“အကြီးအကဲ၊ ကျွန်မ ဘာလို့ရှန်းကျွင်းအတွက် စိတ်မကောင်းဖြစ်မိတာပါလိမ့်”
“နာကျင်စရာကိစ္စတွေကို ဆွဲဆန့်နေတာထက် မြန်မြန်ဖြေရှင်းလိုက်တာ ပိုကောင်းပါတယ်၊ ရှန်းရင်က သူ့ကို အရင်က ငြင်းပြီးပြီပဲ၊ သူက ဒီနာကျင်မှုနဲ့ အတော်လေးကျွမ်းကျင်ပြီးသားလို့ စဉ်းစားနိုင်တယ်”
“ဒါဆို… သူ အဆင်ပြေသွားမှာလား”
“မစိုးရိမ်ပါနဲ့ သူ အသည်းကွဲရုံပါ၊ မသေပါဘူး” ပြီးတော့လည်း တစ်ဖက်သတ်အချစ်ပဲလေ။
“ဒါပေမဲ့ ကြည့်ရတာ အရမ်းအသည်းကွဲနေတဲ့ပုံနော်၊ အာ… အခန်းထောင့်မှာ ဒူးထောက်နေပြီ သူ့ကြည့်ရတာ အချိန်မရွေး လေနဲ့ပါသွားမလိုမျိုး အားနည်းလွန်းနေတဲ့ပုံနော်၊ သူတကယ်ပဲ အဆင်ပြေပါ့မလား”
“…”
“ဟီး… ကောင်းပြီလေ၊ အရေးကြီးကိစ္စတချို့အကြောင်း ပြောရအောင်” ကူယွဲ့က ရှေ့တက်ပြီး လေးနက်တဲ့လေသံနဲ့ ပြောလိုက်တယ်။
အကြီးအကဲ စကားလမ်းကြောင်းလွှဲနေတာပဲ မဟုတ်လား။
“ဂျပုလေး မင်းမူလဝိညာဉ် အဆင်ပြေလား” သူက ရုတ်တရက် မေးလာတယ်။
ရွှမ်ထုံခေါင်းညိတ်ပြီး အခန်းထောင့်မှာ ဒူးထောက်နေဆဲလူကို ကျေးဇူးတင်စွာ ကြည့်လိုက်တယ်။
“ရှန်းကျွင်းရဲ့ဝိညာဉ်စမ်းချောင်းက တကယ်ပဲအံ့ဖွယ်သရဲပါပဲ၊ ကျွန်မ မူလဝိညာဉ်အရင်ကထက်တောင် ပိုသန်မာလာသလိုပဲ၊ ကျင့်ကြံဆင့်လည်း အချိန်မရွေး အဆင့်တက်တော့မယ်ထင်နေတယ်၊ မကြာခင် အမတဘုံဆီ ပြန်နိုင်လောက်တယ်”
“ငါတို့ အခု အမတဘုံဆီ ပြန်လို့မရဘူး” ကူယွဲ့အမူအရာက မည်းမှောင်နေတယ်။
“မင်းရဲ့မူလဝိညာဉ်တင် ထိခိုက်တာမဟုတ် စားဖိုမှူးရဲ့ဟာပါ ထိခိုက်နေလို့ပဲ”
သူစကားဆုံးပြီးပြီးချင်း ရှန်းရင်ကလွဲ လူတိုင်း သူ့ကို ထိတ်လန့်တကြား ကြည့်ကြတော့တယ်။
“ဘာ” ရွှမ်ထုံ ထခုန်လိုက်မိတယ်။
“အကြီးအကဲယိချင်းလည်း ဒဏ်ရာရနေတယ်ပေါ့ အဲဒါဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ သူက အခုကောင်းကင်မျိုးနွယ် မဟုတ်ဘူးလား၊ ဘယ်လိုလူက ထိခိုက်အောင် လုပ်နိုင်မှာ… အာ ဘာလို့ အားလုံး ကျွန်မကို အဲလိုကြည့်နေတာလဲ” သူမ ပြောနေရင်း ရပ်သွားပြီး လူတိုင်း မျက်လုံးအပြူးသား စိုက်ကြည့်နေတာမြင်လိုက်ရတယ်။
“ဘာဖြစ်လို့လဲ”
“ဂျပုလေး မင်း…” ကူယွဲ့ သူမကိုယ်အောက်ပိုင်းကို လက်ညှိုးထိုးလိုက်တယ်။
ရွှမ်ထုံ ငုံ့ကြည့်လိုက်တော့ စားပွဲမှာလဲနေတာက အရမ်းရင်းနှီးနေတဲ့ ကိုယ်ခန္ဓာ… ဒါ သူမကိုယ်ခန္ဓာပဲ
သူမက အခု ဖောက်ထွင်းမြင်နေရပြီး လေထဲပျံသန်းနေတယ်။
“အားအားအား… ဘာတွေဖြစ်နေတာလဲ” ရွှမ်ထုံ အော်ဟစ်တော့တယ်။ သူမ အလိုလို သူမခန္ဓာကိုယ်ဆီ ပြန်ပျံသန်းသွားမိတယ်။ ရုတ်တရက် စားပွဲက ခန္ဓာကိုယ်က ထထိုင်လာတယ်။ ရွှမ်ထုံ့ဝိညာဉ် ပြန်ရောက်လာပြီ။
“တကယ်ပဲ ရွှမ်ထုံ့ဝိညာဉ်မှာ ပြဿနာရှိသေးတယ်” ကူယွဲ့မျက်နှာ ပျက်သွားတယ်။
“မဖြစ်နိုင်တာ” ပိုင်ဇယ်တောင် ရွှမ်ထုံဖြစ်သွားတဲ့ ကိစ္စကြောင့် ကြောက်လန့်သွားခဲ့တယ်။ သူ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။
“ကျုပ်ဝိညာဉ်စမ်းချောင်းက တကယ်ပဲ ကုသတြဲနည်းစနစ်တွေရှိတယ်၊ သူ့မူလဝိညာဉ်ကို ကျုပ်ကိုယ်တိုင် စစ်ဆေးပေးထားတာ၊ ပြန်ကောင်းသွားပြီလေ၊ ဘယ်လိုလုပ် ဝိညာဉ်က ခန္ဓာကိုယ်ကနေ အကြောင်းရင်းမရှိ ထွက်နိုင်နေသေးတာလဲ”
“ဒါ သူမမူလဝိညာဉ်နဲ့ မဆိုင်ဘူး” ကူယွဲ့ဖြေလိုက်တယ်။
“ဒါသူမဝိညာဉ်တစ်ပိုင်း ပျောက်နေလို့ပဲ”
“ဆိုလိုတာက… အဲအကြွင်းအကျန်ဝိညာဉ်” ယိချင်း ရုတ်တရက် ဖုန်းညာန်ဆီမှာ ရှိတဲ့အင်းကွက်ကို သတိရသွားတယ်။
“သူမက ဝိညာဉ်တစ်ပိုင်းပျောက်နေတာ ဒါပေမဲ့ မင်းနဲ့ပိုင်ဇယ်ရောပဲ မဟုတ်လား”
“ဘာဆိုလိုတာလဲ”
“မသိကြဘူးလား…” ကူယွဲ့ တစ်ယောက်ပြီး တစ်ယောက် လှမ်းကြည့်လိုက်တယ်။
“မင်းတို့တစ်ယောက်ချင်းစီမှာလည်း ဝိညာဉ်တစ်ပိုင်းပျောက်ဆုံးနေတယ်ဆိုတာ”
ပိုင်ဇယ် ။ ။ “…”
ယိချင်း ။ ။ “…”
ကူယွဲ့က မျက်မှောင်ကြုတ်ပြီး အမူအရာက မည်းမှောင်နေတယ်။
“ရှန်းရင်နဲ့ငါလည်း ဒါကိုသိတာမကြာသေးဘူး၊ အစတုန်းက ဂျပုလေးမှာပဲ ပြဿနာရှိတယ်ထင်ခဲ့တာ၊ အထူးသဖြင့် သူမအကြွင်းအကျန်ဝိညာဥ်က ကောင်းကင်မြေအောက်လောကမှာ ငါတို့တွေ့ခဲ့တဲ့ အင်းကွက်ထဲ ပိတ်မိနေခဲ့တယ်ဆိုတာ သိခဲ့ရချိန်လေ၊ ဒါပေမဲ့ နောက်ပိုင်း ငါ ဂျပုလေးကို စစ်ဆေးချိန် သူမရဲ့မတည်ငြိမ်တဲ့မူလဝိညာဉ်ကလွဲ သူမဝိညာဉ်ကနေ ဘာမှမပျောက်ဆုံးနေဘူးဆိုတာ သိခဲ့ရတယ်၊ အစတုန်းက ငါထင်ခဲ့တာက အကြွင်းအကျန်ဝိညာဉ်က ဂျပုလေးပြန်မဝင်စားခင် ကျန်ရစ်ခဲ့တာပေါ့၊ ဖြစ်နိုင်တာက ပြန်လည်ဝင်စားမှုစွမ်းအင်က ဂျပုလေးဝိညာဉ်ကို အပြည့်အဝ တစ်ခုတည်း ပြန်ဖြစ်အောင် လုပ်ပေးခဲ့တာပဲ၊ အဲဒါကြောင့် သူမအရင်ဘဝက အကြွင်းအကျန်ဝိညာဉ်က ကျန်ရစ်နေခဲ့တာ၊ ဒါပေမဲ့…”
“သူမဝိညာဉ်က ပြည့်စုံပြီးသားဆိုရင် အကြွင်းအကျန်ဝိညာဉ်က ပျောက်သွားသင့်တယ်”
ပိုင်ဇယ်က ကူယွဲ့အတွေးရထားကို အဆုံးသတ်ပေးလိုက်တယ်။
“အမှန်ပဲ” ကူယွဲ့ခေါင်းညိတ်လိုက်တယ်။
“ထူးဆန်းတာက အဲအကြွင်းအကျန်ဝိညာဉ်က တစ်ရက်နှစ်ရက်တင် ကျန်ရစ်နေတာမဟုတ်ဘူး၊ အဲဒါကြောင့် ဒါက သူမအရင်ဘဝကနေ တည်ရှိခဲ့တာ မဟုတ်မှန်း သက်သေပြနေတယ်၊ ဂျပုလေးဖြစ်တဲ့ပြဿနာက တစ္တေအမတရဲ့ယင်ချီတိုက်ခိုက်တာမခံရခင်ထိ ဒီလိုပြဿနာမရှိခဲ့ဘူးလေ၊ နောက်ကျ ရှန်းရင်က စားဖိုမှူးဥထဲမှာ ရှိနေချိန် သူလည်း ယင်ချီနဲ့ထိတွေ့ထားတာ သတိပေးခဲ့တယ်၊ ဒါကြောင့် သူ့ကိုပါ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တာ၊ မသိသာပေမဲ့လည်း သူ့မူလဝိညာဉ်လည်း ရှုပ်ထွေးတဲ့အခြေအနေ ဖြစ်နေတာ တွေ့ခဲ့ရတယ်”
…