အခန်း ၂၆၁ ။ ပိုင်ယွင်၌ ဝိညာဉ်များကို ကုသခြင်း
“ခင်ဗျားမှာ တကယ်ဂျပုလေးကို ကုသဖို့နည်းရှိတာလား” ကူယွဲ့ အသည်းအသန်မေးလိုက်တယ်။
ပိုင်ဇယ်က ကူယွဲ့ကိုလှမ်းကြည့်ချိန် မျက်နှာနီရဲတာလျော့သွားပြီး ပိုချောချောမွေ့မွေ့လည်း ပြောလာနိုင်တယ်။
“ပိုင်ယွင်တောင်မှာ ဝိညာဉ်တွေကိုကုသနိုင်တဲ့ ဝိညာဉ်စမ်းချောင်းရှိတယ်”
ကူယွဲ့က ရင်ခုန်သွားတယ်။
“ကောင်းပြီလေ၊ ချက်ချင်းသွားကြရအောင်”
သူတို့တွေ နောက်ဆုံးကျောင်းဆောင်ကို မြန်မြန်ပြင်ဆင်ပြီး ပင်မခန်းမဆောင်ဝင်ပေါက်ဆီ ပျံသန်းလာခဲ့တယ်။ ကူယွဲ့က သူတို့ရဲ့ လက်ရာကို စောင့်ကြည့်လေ့လာနေတဲ့ ချန်းယွဲ့ကို ကြည့်လိုက်တယ်။
“ချန်းယွဲ့ရှန်းကျွင်း၊ ကျောင်းဆောင်တွေကို ပြန်ဆောက်ပြီးပါပြီ၊ ဒီတစ်ခေါက် ခင်ဗျားကို ပြဿနာအများကြီး ပေးမိခဲ့တယ်၊ အခု ကျုပ်တို့ အလျင်လိုနေပြီး တပည့်ကို ကုသပေးရမှာမို့ ဒီမှာဆက်မနေတော့ပါဘူး”
ချန်းယွဲ့ခေါင်းညိတ်ပြီး အုပ်စုကိုထပ်ပြီးအခက်တွေ့အောင်လုပ်မယ် မစဉ်းစားတော့ဘူး။
“ငါ့ခြေတစ်ထောင်တောင်ကို နဂိုမူလအခြေအနေ ပြင်ဆင်ပြီးပြီဆိုတော့ မင်းတို့အားလုံးကို ဒီမှာ အတင်းအကြပ် မနေခိုင်းတော့ပါဘူး”
သူ တစ်ဖက်လှည့်ပြီး သူတို့ဘာစဉ်းစားနေလဲခန့်မှန်းနေတဲ့ဟန်နဲ့ ရွှမ်ထုံ့ကို လှမ်းကြည့်တယ်။
“ဒီမိန်းကလေးရွှမ်ထုံရဲ့မူလဝိညာဉ်က မတည်ငြိမ်ဘူး၊ တကယ်လို့ သူ ဝိညာဉ်စမ်းချောင်းကို သွားရင်တောင် သူ့ကိုကာကွယ်ဖို့ အားလုံး မသေမျိုးချီကို သုံးဖို့လိုတယ်၊ မဟုတ်ရင် သူ ပြန်သက်သာလာနိုင်မှာ မဟုတ်ဘူး”
“အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ် ချန်းယွဲ့ရှန်းကျွင်း”
သူတို့တွေ ဆက်မနေတော့ဘဲ ဓားတွေပေါ်တက်လိုက်ကြတယ်။ ချန်းယွဲ့က စည်းချိပ်တစ်ခုဖန်တီးကာ ခြေတစ်ထောင်တောင်ကနေထွက်ဖို့ ဖန်တောင်ထွတ်တွေအားလုံးကိုတစ်ဖက်စီ ကပ်လိုက်တယ်။
“နင် မလိုက်ဘူးလား” ရှန်းရင်က ရုတ်တရက် တစ်ဖက်လှည့်ကာမေးလာတယ်။
ချန်းယွဲ့က တန့်သွားတယ်။ သူ ဟိုဟိုဒီဒီကြည့်ပြီးတဲ့နောက် ရှန်းရင်က သူ့ကိုပြောနေတာမှန်း နားလည်သွားတယ်။ သူ တစ်ခဏစဉ်းစားပြီး ဒီမိန်းမက ပိုင်ဇယ်နှစ်ပေါင်းများစွာ ရှာနေတဲ့သူဆိုတာ နားလည်သွားခဲ့တယ်။ ဒါပေမဲ့ သူက သူမနာမည်ကို မမှတ်မိဘူး။ သူ ချောချောမွေ့မွေ့ပဲပြောလိုက်တယ်။
“ငါ့အတွက် ခြေတစ်ထောင်တောင်ကနေ ထွက်ဖို့က အဆင်မပြေဘူး၊ ကျေးဇူးပြုပြီး အားလုံးကို လိုက်မပို့တဲ့အတွက် ခွင့်လွှတ်ပါ”
ရှန်းရင် ခေါင်းစောင်းလိုက်တယ်။
“ဘာလို့လဲ၊ နင်လည်း ဒဏ်ရာရထားတာမဟုတ်ဘူးလား”
ချန်းယွဲ့က ရုတ်တရက် ဖြူဖျော့သွားတယ်။ သူ့မျက်နှာပေါ် အဓိပ္ပာယ်ဖော်ရခက်တဲ့ အမူအရာ ပေါ်လာခဲ့တယ်။ သူက ချက်ချင်းဖြေတယ်။
“ပိုင်ဇယ်နဲ့ တိုက်ခိုက်နေချိန်တုန်းက တကယ် နည်းနည်းတော့ ဒဏ်ရာရခဲ့ပေမဲ့ ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ”
“အိုး” ရှန်းရင်က ဆက်ပြီး မေးခွန်းမထုတ်တော့ဘူး။
တစ်အောင့်နေတော့ အုပ်စုက အဝေးဆီ ပျောက်ကွယ်သွားခဲ့တယ်။
——————
“ဂျပုလေး၊ ဒဏ်ရာဘယ်လိုနေလဲ” ကူယွဲ့က တင်းမာတဲ့ အမူအရာနဲ့ မေးလိုက်တယ်။ သူတို့ ခြေတစ်ထောင်တောင်ကနေ ထွက်တာနဲ့ ယပ်တောင်ပုံစံ ဓမ္မအသုံးအဆောင်ကို ချက်ချင်းဆင့်ခေါ်ပြီး အားလုံးကို အပေါ်ဆွဲတင်ခဲ့တယ်။
“အခု အဆင်ပြေပါတယ်” ရွှမ်ထုံက ခေါင်းယမ်းတယ်။
“ကျွန်မရဲ့မူလဝိညာဉ်ကပဲ မတည်ငြိမ်တာလေ၊ အပြင်ပိုင်းဒဏ်ရာမရထားတော့ ဝိညာဉ်နှုတ် မှော်အတတ်တစ်ခုခုနဲ့ တိုက်ခိုက်တာ မခံရသရွေ့ အဆင်ပြေမှာပါ”
“အင်း” ကူယွဲ့ ခေါင်းညိတ်လိုက်တယ်။
“ငါ မင်းကို အရင်က မမေးရသေးဘူး – မင်းကိုတိုက်ခိုက်ခဲ့တဲ့ တစ္ဆေအမတကို သေချာမြင်ခဲ့လား”
“အာ…” ရွှမ်ထုံက မျက်မှောင်ကြုတ်ပြီး ဖြေတယ်။
“အဲလူရဲ့ကိုယ်က ယင်ချီနဲ့ဖုံးနေတာ၊ ကျွန်မကျင့်ကြံဆင့်က နိမ့်တော့ သူ့မျက်နှာကိုမမြင်ရဘူး”
“အဲဒါမိန်းမလား”
သူမက တစ်အောင့်စဉ်းစားပြီးတော့ ခေါင်းယမ်းတယ်။
“ဟင့်အင်း၊ သူ့မျက်နှာကိုမမြင်ရပေမဲ့ မိန်းမ မဟုတ်တာတော့သေချာတယ်”
ကူယွဲ့နဲ့ ယိချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြတယ်။ သူတို့အမူအရာက မည်းမှောင်သွားခဲ့တယ်။
“ကြည့်ရတာ ဂျပုလေးကို တိုက်ခိုက်သူက ဖုန်းညာန်မဟုတ်တဲ့ပုံပဲ”
“တစ်ဖက်လူရဲ့ ပစ်မှတ်က ထင်ရှားနေတာပဲ – ဂျပုလေးရဲ့ဝိညာဉ်” ယိချင်းက ခပ်တိုးတိုးပြောတယ်။
“သူဒီတစ်ကြိမ် ရှောင်လိုက်နိုင်ပေမဲ့ နောက်ကျရင် အဲလူက သေချာပေါက် ပိုသတိထားတော့မှာ”
“အမှန်ပဲ၊ အခု ငါတို့ အဲလူက ဘယ်သူလဲနဲ့ ဘာလို့ မင်းကိုမျက်စိကျနေလဲ ငါတို့မသိရသေးဘူး”
ကူယွဲ့စကားပြောလေ သူ့အမူအရာက ပိုခက်ထန်လာလေပဲ။
“ငါတို့မသိရခင် မင်း ငါတို့ဘေးက မခွာတာကောင်းမယ်၊ ဒါမှမဟုတ် ရှန်းရင်ဘေးက မခွာတာ ပိုကောင်းမယ်”
“ကောင်းပါပြီ တပည့်သဘောပေါက်ပါတယ်” ရွှမ်ထုံက ဆုကြီးပေါက်သွားသလိုမျိုး မျက်လုံးတွေ တောက်ပသွားခဲ့တယ်။
“ကျွန်မ သေချာပေါက် ဂိုဏ်းချုပ်ဘေးက မခွာပါဘူး”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ရုတ်တရက် ကူယွဲ့နဲ့ ယိချင်း သူတို့အမှားလုပ်မိခဲ့လောက်ပြီဆိုတာကို နားလည်သွားခဲ့တယ်။ သူတို့တကယ်ပဲ အမတဘုံဆီ ဘေးကင်းကင်း ပြန်နိုင်ပါ့မလား။
ကူယွဲ့က သူ့ဘေးက အသီးဝါးနေတဲ့အမျိုးသမီးကို တံတောင်နဲ့တွတ်လိုက်တယ်။
“ရှန်းရင် မင်းဘာလို့…”
သူ စကားမဆုံးခင် ရှန်းရင်မျက်လုံးတွေ တောက်ပသွားတယ်။ သူမက အကျယ်ကြီးထဖြေတယ်။
“ငါမှတ်မိပြီ”
“ဘာကို” သူတို့အုပ်စု ထခုန်လိုက်မိတယ်။ မင်း ဘာမှတ်မိတာလဲ။
ရှန်းရင်က တစ်ဖက်လှည့်ပြီး ဘေးကလူကို လက်ညှိုးထိုးလိုက်တယ်။
“ဒါဆို နင်က အဲအမွေးလုံးပေါ့”
ယိချင်း ။ ။ “…”
ကူယွဲ့ ။ ။ “…”
ရွှမ်ထုံ ။ ။ “…”
ပိုင်ဇယ် ။ ။ “…”
မင်း ခုမှ သောက်ကျိုးနည်း သူ့ကိုမှတ်မိတာလား။
——————
ပိုင်ယွင်တောင်က ပိုင်ဇယ့်ရဲ့ ဘုံဗိမာန်ပဲ။ ခြေတစ်ထောင်တောင်က မာကျောအေးစက်တဲ့ ဖန်တောင်ထွတ်တွေနဲ့ ပြည့်နေပြီး လင်ထိုက်တောင်တန်းကတော့ တိမ်ပင်လယ်တွေ ပြည့်ကာ ဝူချီတောင်က တောင်တန်း၊ နဂါးအသူတစ်ရာချောက်နက်ကတော့ မီးတောင်တွေနဲ့ ပြည့်နေချိန် ပိုင်ယွင်တောင်ကတော့ ခြွင်းချက်ပဲ။ တိမ်လွှာတွေကြား မျက်စိကျိန်းစရာ ကျောင်းဆောင်ဖြူကြီး ရှိနေတယ်။ ပတ်ပတ်လည်မှာက အပြာရောင် နတ်ဘုရားစွမ်းအင်။ နေရာက တခြားရှန်းကျွင်းနေရာတွေလောက် အေးစက်ပြီးရှိန်ဖို့ကောင်းတာမျိုး မခံစားရဘူး။ သူတို့လမ်းတစ်လျှောက်မှာ အမတသားရဲအမျိုးမျိုး တွေ့ခဲ့တယ်။ သူတို့ကြားထဲ ကောင်းကင်မျိုးနွယ်တွေလည်း အများကြီးရှိနေတယ်။
အဲတော့မှပဲ ကူယွဲ့နဲ့ သူ့အဖော်တွေ ကောင်းကင်မြေအောက်ဘုံနောက်ကွယ်က အခြေခံဇာတ်လမ်းကို သဘောပေါက်ဖို့ အချိန်ရတော့တယ်။ အမတဘုံနဲ့ အရမ်းကို ကွဲပြားချက်ပဲ – ကောင်းကင်ဘုံကလူတွေက ပြောရရင် သဘာဝအရ ပိုပြီး ဗုဒ္ဓဝါဒလိုမျိုးပဲ။ သူတို့မှာ နယ်နိမိတ်ဆိုတဲ့ အယူအဆ မရှိဘူး။ တိုက်ကြီးတွေလိုမျိုး ရှုပ်ထွေးတဲ့ ပိုင်းခြားမှုတွေလည်း မရှိ။ သာမန်ကောင်းကင်မျိုးနွယ်တွေက သူများအိမ် ကျူးကျော်တာ မဟုတ်သရွေ့ စိတ်တိုင်းကျ သွားလာနိုင်တယ်။ ကောင်းကင်ကမ္ဘာမှာ ကောင်းကင်မျိုးနွယ်တွေတင် ရှိတာမဟုတ် ကြောက်စရာသားရဲတွေ၊ နူးညံ့တဲ့သားရဲတွေနဲ့ ထူးဆန်းတဲ့ တောကောင်တွေလည်းရှိတယ်။ သေမျိုးကောင်းကင်နတ်တွေအဖြစ် ပြောင်းလဲလာတဲ့ အမတကျင့်ကြံသူတချို့လည်းရှိတယ်။ သူတို့က အမတဘုံနဲ့ကောင်းကင်ဘုံ ပြိုကွဲချိန် ကျန်ရစ်ခဲ့တဲ့သူတွေပဲ။
ကောင်းကင်မျိုးနွယ်တွေအားလုံးက ကျင့်ကြံဆင့်အမျိုးမျိုး။ သူတို့ကြားထဲ ကောင်းကင်မျိုးနွယ်လေးခုက အသန်မာဆုံးပဲ – နဂါးတွေ၊ ဇာမဏီငှက်တွေ၊ ချီလင်းတွေနဲ့ လိပ်နက်တွေ။ ချီလင်းနဲ့ လိပ်နက်တွေက ရှေးခေတ်ကတည်းက မျိုးတုံးသွားခဲ့ရုံပဲ။ နဂါးနဲ့ဇာမဏီတွေကတော့ ဘယ်တော့မှ မတည့်သလို သူတို့အချင်းချင်း မကြာခဏရန်ဖြစ်ကြတယ်။
အကျဉ်းချုံးပြောရရင်တော့ ကောင်းကင်မျိုးနွယ်က အပိုင်းအခြား မရှိတဲ့နေရာပဲ။ အမတဘုံနဲ့ မတည့်တော့တာလဲ မဆန်းဘူး။ အစွမ်းများလွန်းပေမဲ့ အမတဘုံနဲ့ အဆုံးထိ နေသွားရမဲ့အစား မြေအောက်ဘုံနဲ့ သူ့အလိုလို ချိတ်ဆက်သွားခဲ့တယ်။
ကောင်းကင်မျိုးနွယ်အားလုံးကြား ရှန်းကျွင်းလို့ ခေါ်ထိုက်တဲ့သူ ငါးယောက်ပဲ ရှိတယ်။ တိုက်ဆိုင်တာလားတော့ ကူယွဲ့ မပြောနိုင်ပေမဲ့ ရှန်းရင်တို့တွေက တစ်ယောက်ချင်းစီနဲ့ အဆက်အဆံ ရှိပြီးကြပြီ။
ပြောဖို့မလိုအောင် လုံကျန်းနဲ့ ဖုန့်စန်းက စားဖိုမှူးမိဘတွေ။ ပိုင်ဇယ်ကလွဲရင် ဟုန်ယွီရှန်းကျွင်းလည်း ရှိတယ်။ ပိုင်ဇယ်ပြောပြတာတော့ သူက ဖန်တီးမှုအစမှာ ကြည်လင်နေတဲ့ကြာပန်းတွေကနေ ထွက်လာခဲ့တာတဲ့။ သူက ကောင်းကင်မျိုးနွယ်အဖြစ် ပြောင်းလဲခဲ့တဲ့ တစ်ခုတည်းသော အပင်ဝိညာဉ်ပဲ။ သူက လုံးဝကို သန့်စင်ပြီး ဒီကမ္ဘာလောကထဲ တိုက်ခိုက်စရာမရှိဘူး။ အဲဒါကြောင့် သူက ရှေးခေတ်ကနေ ရှင်သန်ခဲ့တဲ့ တစ်ယောက်တည်းသော ကောင်းကင်မျိုးနွယ် ဖြစ်ခဲ့ပုံပဲ။ ပုံမှန်အရ သူ့တစ်ခုတည်းသော ဝါသနာက တရားပွဲတွေစီစဉ်တာပဲ။ ကောင်းကင်လောကထဲက ကောင်းကင်မျိုးနွယ် ၉၀ရာခိုင်နှုန်းကျော်လောက်က သူ့တရားပွဲတွေကို နားထောင်ဖူးကြတယ်။
ချန်းယွဲ့ရှန်းကျွင်း – ကူယွဲ့နဲ့တစ်ပုံစံတည်းတူတဲ့သူ – ကတော့ အမတဘုံကနေ တက်လှမ်းလာခဲ့တဲ့ တစ်ဦးတည်းသော သေမျိုးနတ်ဘုရားပဲ။
“ပြောရရင် ဖေဖေနျို နင်လည်း တီဗွီထဲကပုံနဲ့ မတူဘူးနော်” ရှန်းရင်က သူ့ကို ခေါင်းစခြေဆုံး ကြည့်လိုက်တယ်။ သူမမှာ စီးပွားရေးလုပ်ဖို့ အမြဲနည်းတစ်မျိုးမျိုး ရှိပြီး ရပ်ကျော်ရွာကျော်လူသိများတဲ့ နိုင်ငံ့ဖခင်ရဲ့ အမှတ်ရမှုတချို့တော့ ရှိသေးတယ်။
“ငါ့ကို ဘာလို့အဲလိုကြည့်နေတာလဲ” ကူယွဲ့ မျက်ဆန်လှန်လိုက်တယ်။
“ငါ့ကို ပလတ်စတစ်ဆာဂျရီလုပ်ဖို့ သံသယဖြစ်နေသလိုမျိုး ကြည့်နေတာ ရပ်လိုက်တော့”
“…” သူမ ပလတ်စတစ်ဆာဂျရီအကြောင်းလည်း တစ်ခွန်းမှ မပြောရသေးဘဲနဲ့။
“ငါ နတ်ဝိညာဉ် ဖြစ်လာတဲ့အချိန် ခန္ဓာကိုယ်က ပြိုကွဲသွားတာမို့ အရင်နဲ့ မတူတော့တာပဲ” ကူယွဲ့က လက်ထဲက ယပ်တောင်ကို ခတ်ပြီး ဂုဏ်ယူစွာ ပြောတယ်။
“ငါက မင်းစားဖိုမှူးလို မဟုတ်ဘူး – ငါက မွေးရာပါဓားကျင့်ကြံသူ မဟုတ်ဘူးလေ၊ အဲဒါကြောင့် ငါ နတ်ဝိညာဉ်ဖြစ်လာချိန် ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပြီး သွေးကြောတွေကို သန့်စင်ဖို့ ဝဋ်ကြွေးချေမှုကို အသုံးချခဲ့ရတာ၊ အဲဒါကြောင့် ငါ့ပုံစံက မတူတာပဲ”
“အော်…” ရှန်းရင်က ဂိုဏ်းက ရောင်စုံမိန်းကလေးတွေအကြောင်း စဉ်းစားမိသွားတယ်။ အမှန်ပဲ သူတို့က ဝဋ်ကြွေးချေမှုကို မဖြတ်သန်းခင်ကနဲ့ ကွာခြားတာပဲ။ သူတို့တွေ ဘယ်လိုအသွင်ပုံစံပြောင်းရမလဲတောင် သင်ယူထားတာပေါ့။
“င့ါရဲ့အခုပုံစံက ငါ့ရဲ့အခြေခံမူလအကျဆုံးအသွင်ပုံစံကို ယူဖို့ ငါ့ကိုယ်ထဲက အရာအားလုံးကို ဖျက်ဆီးထားတဲ့ရလဒ်ပဲ” ကူယွဲ့မျက်နှာက တင်းမာနေတယ်။
“ငါက အဲလောက်ချောမောဖို့ မွေးဖွားလာတာပဲ ဟုတ်ပြီလား”
“…” သူ့အရှက်တရားက ဘယ်မှာလဲ။
…