အခန်း ၂၅၈ ။ ခြေတစ်ထောင်၌ရှာခြင်း
ကူယွဲ့ အမြန် ချိပ်တစ်ခုဖန်တီးပြီး အကြွင်းအကျန်ဝိညာဉ်နဲ့ချိတ်ဆက်လိုက်တယ်။ တစ်ခဏနေတော့ ပုံရိပ်နှစ်ခု လက်ကျန်ဝိညာဉ်ပေါ် ပေါ်လာတယ်။ တစ်ခုက အကြွင်းအကျန် ဝိညာဉ်ရဲ့နေရာဖြစ်တဲ့ သူတို့လောလောဆယ်ရောက်နေတဲ့နေရာပဲ။ တခြားတစ်နေရာကတော့ မသေမျိုးချီ အင်မတန်နည်းပါးတဲ့နေရာ။ ဖန်သားနဲ့ လုပ်ထားတဲ့ပုံပေါ်တဲ့ အကြည်ရောင်တောင်ထွတ်ကြီးတွေ မျောလွင့်နေတာ အများကြီးပဲ။ တစ်ခုချင်းစီရဲ့ထိပ်ဖျားမှာ ကျောင်းဆောင်တစ်ခုလိုမျိုးရှိတဲ့ပုံ။
“ဒါ… ခြေတစ်ထောင်တောင်ပဲ” ကျူမင်က အံ့ဩတကြီးရေရွတ်လာတယ်။
“ခြေတစ်ထောင်တောင်က ဘယ်မှာလဲ”
ကူယွဲ့မေးလိုက်တယ်။
“အဲဒါ ချန်းယွဲ့ရှန်းကျွင်းနေတဲ့နေရာ – ကောင်းကင်လောကရဲ့ အရှေ့ဘက်အခြမ်းမှာ”
ကျူမင်က မျက်မှောင်ကြုတ်တယ်။
“ချန်းယွဲ့ရှန်းကျွင်းရဲ့စိတ်နေစိတ်ထားက အေးစက်ပေမဲ့ သူက ကောင်းကင်လောကမှာ လေးစားရတဲ့အနေအထားနဲ့ လူမျိုးပဲ၊ ဒီလိုရက်စက်တဲ့အင်းကွက်ကို ဖန်တီးမယ်လို့မထင်ဘူး၊ မင်းတို့ရှာနေတဲ့လူက ဘာလို့အဲမှာရှိနေတာလဲ”
“ရောက်မှပဲ သိရတော့မယ်၊ ကျေးဇူးပါ တာအိုရောင်းရင်းကျူ” ကူယွဲ့ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ နောက်တော့ သူ့အဖော်နှစ်ယောက်ဘက် လှည့်တယ်။
“သွားကြစို့ ငါတို့ သူ့ကိုသွားရှာရအောင်”
ယိချင်းက တုံ့ဆိုင်းမနေဘူး။ သူ ချက်ချင်း သူ့ဓားပျံကိုဆွဲထုတ်လိုက်တယ်။ ရှန်းရင်က ဂျပုလေးရဲ့ အကြွင်းအကျန်ဝိညာဉ် ပါနေတဲ့ အလုံးကိုကောက်ယူပြီး စားဖိုမှူးရဲ့ဓားပေါ် တက်လိုက်တယ်။ သူတို့ ဆန်းကြယ်ဘုံထဲကနေ အတူတူ ပျံထွက်လာခဲ့ကြတော့တယ်။
——————
သုံးယောက်သား ခြေတစ်ထောင်တောင်ကို ရောက်လာချိန်မှာတော့ ဘာလို့ အဲလိုနာမည်ပေးလဲ နားလည်သွားကြတယ်။ ပတ်ပတ်လည်က နေရာတိုင်းဟာ လေထဲပျံနေကြတဲ့ ဖန်တောင်တန်းတွေ။ နေရောင်ကို ဖမ်းစားထားတဲ့ ချွန်မြတဲ့ ဓားမြှောင်တွေနဲ့တူပြီး ဖြတ်သွားဖြတ်လာ မျက်လုံးအကြည့်တွေထဲ ရောင်ပြန်ဟပ်နေတယ်။ အဲဒီဖန်သားတွေကလည်း လှုပ်နေတာ။ အားလုံးပေါင်းလိုက်ရင် ဒီနေရာက ကြီးမားတဲ့အင်းကွက်ကြီးတစ်ခုခုရဲ့ ဖုံးလွှမ်းခံထားရတာမျိုးနဲ့ တူနေတာပဲ။
ပြီးတော့ တောင်တန်းတွေက တစ်ဝက်ဖောက်ထွင်းမြင်နေရတာ။ တောင်တွေကြား လမ်းပျောက်ဖို့က တကယ်ပဲလွယ်တယ်။
ကူယွဲ့က သူ့ဘေးရှိနေတဲ့ ရှန်းရင်ကို အလိုလိုလှမ်းကြည့်မိလိုက်တယ်။ နောက်တော့ ယိချင်းဘက်လှည့်ပြီး စည်းကမ်းတင်းကြပ်စွာ ညွှန်ကြားလိုက်တယ်။
“သူ့ကိုစောင့်ကြည့်ထား ငါတို့ ဂျပုလေးအတွက်ပဲ ဒီကိုရောက်နေတာ၊ ငါတို့ လမ်းထပ်ပျောက်လို့မဖြစ်ဘူး၊ ကျူမင်စကားအရ ချန်းယွဲ့ရှန်းကျွင်းက ကျင့်ကြံဆင့်မြင့်လိမ့်မယ်၊ ငါတို့ အခု သူက မိတ်ဆွေလား ရန်သူလား မသေချာသေးသလို သူ့လက်ထဲဂျပုလေးရှိနေတာ၊ ရှာမတွေ့ခင် အလျင်မလိုကြနဲ့”
သူ စကားပြောပြီးတဲ့နောက် ထပ်ပြောလိုက်တယ်။
“မင်းမှာ အရှိန်အဝါဖုံးကွယ်အဆောင်ရှိလား”
“အင်း” ယိချင်း သူ့ဝတ်ရုံထဲက အဆောင်တချို့ ထုတ်လိုက်တယ်။
“ငါ့နှစ်ခုပေး” ကူယွဲ့ လှမ်းယူပြီး ယိချင်းကို သူကိုယ်တိုင်အတွက် နှစ်ခုယူဖို့ အမူအရာပြလိုက်တယ်။
“ဘယ်သူ့ကိုမှ အသိမပေးမိအောင် ကြိုးစားကြရအောင်၊ နားလည်ပြီလား”
“အင်း အင်း အင်း” နှစ်ယောက်သားက အသည်းအသန် ခေါင်းညိတ်တယ်။
“သွားကြစို့”
“ခဏဖေဖေနျို”
“ခုဘာကိစ်စလဲ”
“နင်သေချာရဲ့လား…” ရှန်းရင်က သူ့ကိုခေါင်းစခြေဆုံးကြည့်တယ်။ သူက အနီရောင်သတို့သမီးဝတ်စုံ ဝတ်ထားတာလေ။
“အဲဒါဝတ်ပြီး အထဲဝင်ချင်တာ သေချာရဲ့လား”
“ချီး” သူ သူတို့နှစ်ယောက်ကို ဒေါသထွက်နေလွန်းလို့ သူ့ပုံစံအမှန်ဆီ ပြန်ပြောင်းဖို့ တကယ်မေ့သွားခဲ့တာပဲ။ သူ စည်းချိပ်တစ်ခုဖန်တီးပြီး သူ့ကိုယ်သူ ဂါထာတစ်ခုသုံးကာ ယောက်ျားလေးပုံစံ ပြန်ပြောင်းလိုက်တယ်။ သူ့လက်ကိုမြှောက်ထားတာနဲ့အတူ တစ်ဖက်လှည့်ပြီး တစ်ယောက်သော အစားသရဲကို လှည့်ကြည့်လိုက်တယ်။ တစ်ခဏနေတော့ သူ့အသွင်ပြောင်းသွားတယ်။ သူ့မျက်နှာကို ရင်းနှီးပေမဲ့ ထူးဆန်းနေတာမျိုး – ရှန်းရင်မျက်နှာပဲ
နှစ်ယောက်သား ။ ။ “…”
“မင်းတို့ဘာကြည့်နေတာလဲ” ကူယွဲ့ သူတို့ကို ပြန်စိုက်ကြည့်ပေးလိုက်တယ်။
“ဘယ်အရှိန်အဝါဖုံးကွယ်အဆောင်ထက်မဆို ဒီလိုပုံစံ ပြောင်းလိုက်တာက ငါ့အတွက်ပိုကောင်းတယ်”
ယိချင်း ။ ။ “…” အဲဒါတော့အမှန်ပဲ။ သူ့မှာ ပြန်ခွန်းတုံ့ပြန်စရာ စကားမရှိဘူး။
ရှန်းရင် ။ ။ “…” ခွေး*သား
“သွားကြစို့” ကူယွဲ့ သူ့ဓားနဲ့ လွင့်မျောနေတဲ့ တောင်တွေကြား ဆက်ပျံသန်းခဲ့တယ်။ သူ့ကောင်းကင်စိတ်အာရုံကို လွှတ်ဖို့ ရှိသမျှအင်အားအသုံးချပြီး သူ့ပတ်ဝန်းကျင်ကို မှတ်သားနေတယ်။ ထူးဆန်းတာက သူတို့ ဒီလာတဲ့လမ်းတစ်လျှောက် နောက်ထပ်ကောင်းကင်မျိုးနွယ်ကို မမြင်ခဲ့ရတာပဲ။
ပြီးတော့ ဖန်သားတောင်ထွတ်တွေက ဘယ်အင်းကွက်အောက်မှာမှရောက်နေတဲ့ပုံတော့မပေါ်ဘူး။ သူတို့မျက်စိရှေ့ မျောလွင့်နေတာကလွဲ တခြားဘာမှများများစားစား သိပ်မလုပ်ကြ။
ကြည်လင်နေတဲ့ ဖန်တောင်ထွတ်တွေပေါ်မှာတော့ နန်းဆောင်တစ်ခုစီရှိတယ်။
ကူယွဲ့ ဂျပုလေးအတွက် ထားခဲ့တဲ့ ဆက်သွယ်ရေးအဆောင်ကို ထုတ်ပြီး မသေမျိုးချီ ကူးပြောင်းလိုက်ပေမဲ့ တုံ့ပြန်မှု မရှိသေးဘူး။ ဖန်တောင်ထွတ်တွေက အချက်ပြမှုတွေကို ဖိနှိပ်နိုင်တဲ့ အစွမ်းရှိပုံပဲ။ သူတို့တွေ ဂျပုလေးကိုဆက်သွယ်ဖို့ နည်းလမ်းလုံးဝမရှိ။
“ချီး” သူ အသက်ရှူအောင့်ကာ ခပ်တိုးတိုးရေရွတ်လိုက်တယ်။
“ဒီမှာ ဖန်တောင်ထွတ်တွေ များလွန်းတယ်၊ ဆက်သွယ်ရေးအဆောင်က လုံးဝအသုံးမဝင်ဘူး”
“တချို့ကို ဖြိုလဲပစ်လိုက်ရအောင်” ယိချင်းက အလိုလိုဓားဆွဲထုတ်တယ်။
“မင်းရူးနေတာပဲဖြစ်ရမယ်” ကူယွဲ့ မျက်ဆံလှန်လိုက်တယ်။
“မင်းတို့ ဂျပုလေးကို ကယ်ချင်သေးရဲ့လား”
မင်းတို့နှစ်ယောက် ကိုယ်ထိလက်ရောက် အကြမ်းဖက်တာကလွဲ ပိုကောင်းတဲ့ဖြေရှင်းနည်းတွေကို စဉ်းစားပေးလို့ရမလား။ သူတို့ တစ်ဖက်လူကိုသွားဆွမိပြီး နယ်နိမိတ်ထဲကနေ ချက်ချင်း နှင်ထုတ်ခံလိုက်ရရင်ရော။ ဝူတိဂိုဏ်းက သူတို့ရဲ့တစ်ဦးတည်းသော ဓားကျင့်ကြံသူတပည့် ဆုံးရှုံးသွားမှာပေါ့။
“ဒါဆို ဘာလုပ်သင့်လဲ”
“ငါတို့ ဆက်ရှာကြည့်ဖို့ပဲ ရှိတယ်” ကူယွဲ့က မြေပြင်ကို ဟိုဟိုဒီဒီကြည့်ပြီး သူတို့နှစ်ယောက်ကို လက်ယမ်းပြလိုက်တယ်။
“ငါ ဒီဖန်တောင်ထွတ်တွေ ရွေ့နေတဲ့ပုံစံကို လေ့လာနေတာ၊ သူတို့အားလုံးက အနောက်ဘက်ဆီ ရွေ့နေတယ် ထင်တာပဲ၊ သူတို့ကိုအလယ်မှာ ထိန်းချုပ်ထားတဲ့ အင်းကွက်မရှိဘူး၊ ပြီးတော့ ငါတို့အထဲရောက်လေ ငါတို့ပတ်လည်မှာ ကျောင်းဆောင်တွေ ပိုများလာလေပဲ”
သူက အရှေ့ကို လက်ညှိုးထိုးကာ ဆက်ပြောလိုက်တယ်။
“အဲဒါကြောင့် ဒီဖန်တောင်ထွတ်တွေက တစ်ခုခုကို ဝိုင်းလှည့်နေတယ်လို့ ငါခန့်မှန်းကြည့်တာ၊ ငါထင်တာတော့ ဒါက သဘာဝ ဝင်္ကပါပဲ၊ ဂျပုလေးက ဟိုးအတွင်းပိုင်းထဲမှာ ဖြစ်ရမယ်၊ တစ်ခါတည်း ပျံသန်းသွားလိုက်တာက အဲကိုရောက်ဖို့ အမြန်ဆုံးနည်းဆိုပေမဲ့ ဖန်တောင်ထွတ်တွေမှာ ငါတို့အလယ်ဆီ ချက်ချင်းသွားလို့ရတဲ့ နည်းလမ်းမရှိအောင် ဆက်ဆံရေးတစ်ခုခုတော့ရှိ…”
“ဆရာ သတိထား” သူ စကားမဆုံးခင် ယိချင်းက ရုတ်တရက် ရှန်းရင်ကို ဖမ်းဆုတ်ပြီး ဘယ်ဘက်ဆီ ဆုတ်သွားတယ်။
ဝုန်း
တစ်အောင့်ကြာတော့ ဝုန်းခနဲအသံကျယ်ကြီးပေါ်လာပြီး ကြီးမားတဲ့အရှိန်အဝါတစ်ခုက သူတို့ဆီ တစ်ဟုန်ထိုးဝင်လာပြီး ကူယွဲ့ကိုယ်ရဲ့ညာဘက်ခြမ်းကနေ ဖြတ်သွားတယ်။ သူတို့ရှေ့က တောင်ထွတ်တွေက ခုလေးတင် ပေါက်ကွဲသွားသလိုပဲ။ ဖန်ကွဲစတွေက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတယ်။
ညာဘက်ခြမ်းမှာတော့ လမ်းကျယ်တစ်ခုပေါ်လာတယ်။ သူတို့ နယ်နိမိတ်အတွင်းဘက်အကျဆုံးက ကျောင်းဆောင်ကို ဝိုးတဝါးမြင်လိုက်ရတယ်။
“အဲမှာတိုက်ရိုက်လမ်းရှိသွားပြီ” ရှန်းရင် လမ်းကိုလက်ညှိုးထိုးပြလိုက်တယ်။
ကူယွဲ့ ။ ။ “…” ခွေး*သား
သူတို့တွေ မဆုတ်ခင် သူ့ကိုဆွဲတော့ သေသွားမှာမို့လို့လား။
凸(艹皿艹)
နောက်အခိုက်အတန့်မှာတော့ ကြောက်ခမန်းလိလိ အရှိန်အဝါနှစ်ခု သူတို့ဆီ လမ်းတစ်လျှောက်ကနေ ဦးတည်လာတယ်။ ယိချင်းတောင် မျက်မှောင်ကြုတ်မိသွားတယ်။ သူတို့ပတ်လည်က ကျန်တဲ့ဖန်ကွဲစတွေ အက်ကုန်တယ်။
ကူယွဲ့က သူ့တစ်ကိုယ်လုံးပေါ် အကာအကွယ်အင်းကွက်တွေစီရင်လိုက်တယ်။
“ငါတို့ရှေ့တိုက်ခိုက်နေတဲ့လူတွေရှိတယ်၊ ဒီဖိနှိပ်မှုကိုကြည့်ရရင်တော့ သူတို့ ကျင့်ကြံဆင့်တွေက…” သူ စကားမဆုံးခင် မျက်လုံးပြူးသွားတယ်။
“ငါ… ဂျပုလေးရဲ့ အရှိန်အဝါကိုခံစားရတယ်၊ အဲမှာပဲ”
ယိချင်းတန့်သွားပြီး သေချာစစ်ဆေးလိုက်ချိန် တကယ်ပဲ ရင်းနှီးနေတဲ့အရှိန်အဝါကိုခံစားလိုက်ရတယ်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီး လမ်းတစ်လျှောက် ပျံသန်းခဲ့ကြတယ်။ သူတို့ အထဲပိုရောက်လာလေ တစ်ချိန်က ဖန်တောင်ထွတ်တွေဖြစ်ခဲ့တဲ့ ဖန်ကွဲစတွေကို ပိုမြင်လာရတယ်။ သူတို့တွေ ကျောင်းဆောင်အကြွင်းအကျန်တွေလည်း တွေ့တယ်။
အဝေးကနေကြည့်တာ လူနှစ်ယောက် ရန်ဖြစ်နေတဲ့ပုံနဲ့တူတယ်။ တစ်ယောက်က အစိမ်းရောင်၊ တစ်ယောက်က အဖြူရောင်ဝတ်ထားတယ်။ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဝေးလဲ မရှင်းလင်းပေမဲ့ သူတို့အရှိန်အဝါက ကြောက်ခမန်းလိလိ။ လုံကျန်းနဲ့ဖုန့်စန်းကြားက တိုက်ပွဲနဲ့ယှဉ်ရင် ဒီတိုက်ပွဲက အများကြီးပိုကြမ်းတမ်းတယ်။
သူတို့ရဲ့ ကြောက်ခမန်းလိလိ ဖိအားက သူ့ကိုဖြတ်သွားသွားချင်း ကူယွဲ့ သူ့မသေမျိုးချီတွေ လွင့်ပျောက်သွားသလိုခံစားလိုက်ရတယ်။ သူ ကောင်းကင်ကို မော့ကြည့်လိုက်တော့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။
ဟမ်။
“စားဖိုမှူး၊ အဲ အဖြူနဲ့လူကို နည်းနည်းရင်းနှီးနေတယ် မထင်ဘူးလား”
ယိချင်းလည်း မော့ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်။
“ထင်တာပဲ” ဒါပေမဲ့ ဘယ်သူလဲဆိုတာ သူစဉ်းစားမရဘူး။
နောက်အခိုက်အတန့်မှာတော့ သူတို့ စိတ်မရှည်တဲ့အသံကိုကြားလိုက်ရတယ်။
“ငါဒါကို ပြောပြီးပြီ၊ မင်းရှာနေတဲ့လူကို ငါမသိဘူး၊ မင်းအကြိမ်တစ်သောင်းမကမေးလည်း ငါ့အဖြေက ဒီလိုပဲဖြစ်နေဦးမှာ”
“…” တစ်ဖက်လူက မတုံ့ပြန်။
အသံက နောက်တစ်ခေါက်စကားပြောလာပြီး ဒီတစ်ကြိမ်တော့ အရင်ကထက်ပိုလေးလံနေတယ်။
“မင်းကယ်စေချင်တဲ့လူကို ငါကယ်ပေးပြီးပြီ၊ ဘာလို့ ငါ့နောက်ကနေလိုက်နေသေးတာလဲ”
တစ်အောင့်ကြာတော့ အေးစက်စက်လေသံက ပြန်ပြောတယ်။
“သူမကလည်း… မင်းသိပါတယ်”
“မင်း…”
“သူဘယ်မှာလဲ”
“ငါ့ကိုလာစမ်းနေတာ တော်တော့”
နှစ်ယောက်သားက တိုက်ခိုက်ကြပြန်တယ်
။
သူတို့ ဘာလို့ ဒုတိယတစ်ယောက်အသံကို… ရင်းနှီးနေတယ်လို့ခံစားမိတာပါလိမ့်။
…