အခန်း ၂၅၃ ။ နတ်ရေးသည့်ဖူးစာ
ယိချင်းနဲ့ ရှန်းရင်တို့မှင်တက်သွားပြီး ပြိုင်တူမေးလိုက်မိတယ်။
“သူဘယ်မှာလဲ”
“စိတ်အေးအေးထားပါ၊ သူ အခုအဆင်ပြေတယ်” ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
“ငါ ကောင်းကင်ဘုံကို ရောက်ရောက်ချင်းမှာတင် မြေအောက်ဘုံနဲ့ ဘေးကပ်လျက်မှာ ရောက်နေခဲ့တာ ဖြစ်နေတယ်၊ ရွှမ်ထုံ့အခန်းထဲက ပန်းမှာမြင်ခဲ့ရတဲ့ ယင်ချီကို အာရုံခံမိခဲ့တယ်လေ၊ အဲဒါနဲ့ ငါဒီထိ ရောက်လာခဲ့တာပဲ၊ လမ်းမှာ သူ့ကိုတွေ့ခဲ့တယ်”
“ဂျပုလေး အဆင်ပြေရဲ့လား” ရှန်းရင်မေးလိုက်တယ်။
“နည်းနည်းဒဏ်ရာရထားပေမဲ့ သူ့ကိုယ်က အဆင်ပြေပါတယ်” ကူယွဲ့က တစ်စုံတစ်ရာကို မှတ်မိသွားတဲ့ပုံနဲ့ မျက်နှာအရောင်ကျသွားတော့တယ်။
“သူက ဂူတစ်ခုထဲ ပိတ်ခံထားရတာ၊ အဲအချိန်က ငါ့ဘာသာ သူ့ကို ဘေးကင်းကင်းကယ်ဖို့ ယုံကြည်ချက်မရှိခဲ့ဘူး၊ ဒါကြောင့် ရှန်းရင်ကို သူ့ဘာသာသွားရှာဖို့ ပြောခဲ့တယ်၊ ငါကတော့ သူ့နေရာ အစားထိုးဝင်ပြီး ထွက်ပြေးဖို့ အခွင့်အရေးကို စောင့်မယ်ပေါ့၊ သူမ လွတ်မြောက်ဖို့ အချိန်ဆွဲချင်ခဲ့တာ၊ ဒါပေမဲ့ ငါဘာမှမစီစဉ်နိုင်ခင် ဒီကို ပို့ခံရပြီး မိန်းမရာချီရှိပြီးသား နှာဘူးတစ်ယောက်ကို လက်ထပ်ရမယ်လို့ ပြောခံရမယ် မထင်မိခဲ့ဘူး”
သုံးယောက်သားက တစ်စုံတစ်ယောက်သော ဇာမဏီကို လှည့်ကြည့်လိုက်တယ်။
နှာဘူးဖုန့်စန်း ။ ။ “…”
“ကျန်းအာ” ဖုန့်စန်းက ချက်ချင်း သူ့ဘေးကလုံကျန်းဘက် လှည့်လိုက်တယ်။
“ကိုယ်ပြောတာနားထောင်ပါ၊ ကိုယ် ဒီအကြောင်းမသိပါဘူး”
လုံကျန်းက ချက်ချင်း အကြည့်လွှဲလိုက်တယ်။
“ဒါ ကျွန်မနဲ့ဘာမှမဆိုင်ဘူး”
“ကျန်းအာ…” ဖုန့်စန်းက မျက်ရည်ဝဲစပြုလာတယ်။
“ကိုယ့်ကို ဒီတစ်ကြိမ်ယုံပေးပါ၊ အမှန်ပြောနေတာ ကိုယ်မင်းကို အနောက်ဆောင်ဆီ ခေါ်သွားရင်ရော – ဘယ်လိုပြန်လာရမလဲ မင်းသိမှာပဲ”
“ကျွန်မ မသိချင်ဘူး”
“ကိုယ်ရှင်းပြတာကို နားထောင်ပေးပါ”
“ဟင့်အင်း”
“ကျေးဇူးပြုပြီး နားထောင်ပေးပါ”
“ဟင့်အင်း”
“မင်းပြောတော့ ကိုယ်-”
“တော်ကြတော့” ယိချင်း နှုတ်ခမ်းသပ်လိုက်တယ်။ နောက်အခိုက်အတန့်မှာတော့ အမတဓားရာချီက ကောင်းကင်ထဲပေါ်လာပြီး သူတို့နှစ်ယောက်ကိုချိန်ထားတော့တယ်။ ဒါ အခန်း၂ဆက်တောင် ပြီးသွားပြီကို သူတို့က ရန်ဖြစ်နေကြသေးတယ်။
“ဆက်ပြီးရန်ဖြစ်နေကြရင် ကျွန်တော် သောင်းကျန်းတော့မှာနော်”
ဖုန့်စန်း ။ ။ “…”
လုံကျန်း ။ ။ “…”
အာ… ခုလည်း သောင်းကျန်းနေပြီကို။
“သွေးတွေ ဒီတစ်နေရာလုံးမှာ ရွှဲနစ်တော့မယ်” ယိချင်းက ဖုန့်စန်းဘက် လှည့်လိုက်တယ်။
“ဖေဖေနျို့ကို လွှတ်လိုက်တဲ့သူကို သိမှာပေါ့”
ဖုန့်စန်းက တန့်သွားတယ်။ သူက တစ်ခဏစဉ်းစားနေပြီး ပြောလိုက်တယ်။
“သူက ကောင်းကင်မြေအောက်ဘုံကလာတာ၊ ငါ မြေအောက်ဘုံက တစ္တေအမတတစ်ယောက်ပဲ သိတယ်”
“သူကဘယ်သူလဲ”
“တစ္တေအမတကျူမင်” ဖုန့်စန်းက တစ်ခုခုကို စဉ်းစားနေဟန် မျက်မှောင်ကြုတ်နေကာ နောက်တော့ ထပ်ပြောလိုက်တယ်။
“ဟင့်အင်း… တကယ်လို့ သူသာဆိုရင်တော့ အန္တရာယ်ပေးဖို့အတွက် ဒီကိုပို့ဖို့ ကြိုးစားတာ မဟုတ်လောက်ဘူး”
ကူယွဲ့ ကြောင်အမ်းသွားတယ်။
“ဆိုလိုတဲ့အဓိပ္ပာယ်က”
“ငါနဲ့အတူ အနောက်ဆောင်ကို လိုက်ခဲ့ရင် သိလိမ့်မယ်”
ဖုန့်စန်းက သူ့နောက်ကိုအမူအရာပြလိုက်တယ်။
သူတို့တွေ အဓိပ္ပာယ်ပါပါ အချင်းချင်း အကြည့်ဖလှယ်မိပြီးတော့ အနောက်ဆောင်ဆီ ဖုန့်စန်းနောက် လိုက်ခဲ့တယ်။ သူတို့ တံခါးကိုဖြတ်ဖြတ်ချင်း ပတ်ဝန်းကျင်တစ်ခုလုံးပြောင်းလဲသွားတယ်။ ခမ်းနားတဲ့ခန်းမက ချက်ချင်း တောအုပ်နက်ကြီးအဖြစ် ပြောင်းသွားတာ။
သူတို့ပတ်လည်ကနေ ဇာမဏီ အော်သံတွေကြားနေရတယ်။ ဇာမဏီတွေက ရောင်စုံ။ သူတို့ တစ်ခုခုကို စောင့်ကြပ်နေသလိုမျိုး လေးထောင့်ပုံစံ စုဝိုင်းနေကြတယ်။ ဇာမဏီတွေဘေးမှာတော့ ထူးထူးဆန်းဆန်းဝတ်စုံတွေ ဝတ်ထားတဲ့ မိန်းကလေးတချို့ ရပ်နေတယ်။ ငှက်တွေပတ်လည်မှာ အင်းကွက်တစ်ခုချထားပြီး အင်းကွက်အလယ်တည့်တည့်မှာတော့ မိန်းကလေးတွေလောက် အရပ်ရှည်တဲ့ ဥတစ်လုံး။ သူ့ပုံစံအရ ဥက ဇာမဏီတစ်ကောင်ရဲ့ဟာဆိုတာ သေချာတယ်။
“ဒါက…” လုံကျန်း မှင်တက်သွားတယ်။
“ဒါဇာမဏီရဲ့ ဥဖောက်တောအုပ်ပဲ”
“ယာယီပါပဲ” ဖုန့်စန်း ပြန်ဖြေလိုက်တယ်။
တစ်လျှောက်လုံး နဂါးတွေနဲ့ ဇာမဏီတွေက မျိုးပွားဖို့ အခက်တွေ့ခဲ့ကြတယ်။ ဥတစ်လုံးစီတိုင်းက နှစ်ထောင်ချီဥဝပ်တဲ့ လုပ်ငန်းစဉ်ကို ဖြတ်သန်းရတာ။ အဲဒါကြောင့် မျိုးနွယ်နှစ်စုလုံးက သားဖောက်တဲ့လုပ်ငန်းစဉ်ကို တန်ဖိုးထားကြတယ်။ သူတို့က ဥတစ်လုံးကို ရတာနဲ့ ဥဝပ်ဖို့ အစွမ်းကုန်အာရုံစိုက်ကြတယ်။ တသီးတသန့်နေတဲ့ နဂါးတွေတောင် ဥတစ်လုံး ရှိပြီဆိုတာသိတာနဲ့ စုဝေးကြပြီး ဥကိုဝပ်ပေးကြတယ်။ အဲဒါကြောင့် မျိုးနွယ်တစ်ခုစီတိုင်းက သူတို့ရဲ့ဥဝပ်တဲ့နေရာကို တခြားမျိုးနွယ်မသိအောင် ပုံမှန်ဆို ဖုံးကွယ်ထားကြတယ်။
“သူတို့တွေက ငါ့ဇနီးတွေလေ” ဖုန့်စန်းက စိတ်ဆိုးမာန်ဆိုးရှင်းပြလာတယ်။
“ဒါဆို…” ရှန်းရင် တန့်သွားတယ်။ “အဲဥတွေက ရှင့်ဟာလား”
“ဖွီ…” ဖုန့်စန်း သွေးအန်လုနီးပါးဖြစ်သွားတယ်။
“တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ငါ့ကိုထိခိုက်အောင်မလုပ်ပါနဲ့၊ ဒါက ငါ့ဇာမဏီမျိုးနွယ်ရဲ့ သားဥဝပ်နေရာပါ၊ ငါက သူတို့ကို ဒီနေရာခေါ်လာဖို့ပဲ တာဝန်ရှိတာ”
“အိုး…” သူမက သူ ဥတွေမျိုးစပ်တဲ့ နေရာမှာ တော်တယ်လို့ တွေးမိသွားတာ။
ဥတွေမျိုးစပ်ရာမှာ တော်တယ်လို့ တွေးမိတဲ့ ယိချင်း ။ ။ “…”
အတွေးတူသော ကူယွဲ့ ။ ။ “…”
ကံကောင်းလို့ သူတို့ပါးစပ်ပေါက်ကို ဆက်ပိတ်နေခဲ့မိတာပဲ။
“လွန်ခဲ့တဲ့နှစ်သောင်းချီက ဇာမဏီမျိုးနွယ်က ဥဝပ်တဲ့လုပ်ငန်းစဉ်မှာ ပြဿနာကြုံခဲ့ရတယ်၊ အဲအချိန် သူတို့ဥတွေကို ဝပ်ဖို့အတွက် ဘေးကင်းလောက်တဲ့နေရာ ရှာမတွေ့ခဲ့ကြဘူး၊ အဲဒါကြောင့် သူတို့က ငါ့ဆီ အကူအညီ လာတောင်းခဲ့ကြတယ်လေ၊ ငါက သူတို့ဥတွေကိုယာယီဝပ်လို့ရအောင် ဒီဆန်းကြယ်ဘုံကို ဖန်တီးပေးခဲ့တယ်၊ ငါ ဇာမဏီတွေပိုပိုများလာမယ် မထင်မိခဲ့ဘူး”
ဇာမဏီတွေအားလုံးထဲ သူကကျင့်ကြံဆင့်အမြင့်ဆုံး။ သူတို့အားလုံးကမျိုးနွယ်တူဆိုတော့ ငြင်းလို့ကောင်းမယ် မထင်ခဲ့ဘူးလေ။ သားဖောက်တောအုပ် အဆင်သင့်ဖြစ်ပြီးတာတောင် ဇာမဏီတွေက သူ့ဆီ ရံဖန်ရံခါ အကူအညီလာတောင်းကြသေးတယ်။
“ဥဝပ်ဖို့က အချိန်လိုတယ်လေ၊ အဲဒါကြောင့် တခြားသွားစရာနေရာမရှိတဲ့ တခြားမျိုးနွယ်တွေကို လက်ခံပြီး သူတို့ကို ဂရုစိုက်ခိုင်းဖို့ ဆုံးဖြတ်လိုက်တာပဲ”
သေချာကြည့်လိုက်တော့ မိန်းမတွေအပြင် အင်းကွက်ထဲမှာ တခြားယောက်ျားတွေလည်း ရှိနေတာသိလိုက်ရတယ်။ တခြားမျိုးနွယ်က လူတချို့တောင် ရှိသေး။
“ဒါဆို ဖုန်းချီနန်းတော်က မိန်းကလေးတွေက ရှင့်ကို ဘာလို့ သူတို့ယောက်ျားလို့ ခေါ်တာလဲ”
ဖုန့်စန်းက တန့်သွားပြီး အနေရခက်တဲ့အကြည့် မျက်နှာပြင်ပေါ် ဖြတ်ပြေးသွားတယ်။
“အာ… အာ အဲဒါ လုံကျန်း မင်းက… အစေခံတွေ အများကြီး လက်ခံခဲ့တယ်ဆိုပြီး ကြားလို့လေ၊ ကိုယ်ထင်ခဲ့တာက မင်း… အဲဒါကြောင့် ကိုယ့်ကို သူတို့အဲလိုခေါ်ဖို့ ခွင့်ပြုခဲ့တာပါ”
“အော်…” သုံးယောက်သား တအံ့တဩရေရွတ်လိုက်တယ်။
သူက သဝန်တိုနေခဲ့တာလား။
ဒီမှာ သူမဥတွေကို ဝပ်ဖို့ ယောက်ျားအစေခံတစ်သိုက် ရှာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတို့ဥတွေကို ဝပ်ဖို့ မိန်းမတစ်သိုက်ရှာတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ အဆင့်တစ်ခုမှာတော့ သူတို့က တကယ့်ကို နတ်ဖက်တဲ့ဖူးစာပဲ။
လုံကျန်းက မတုံ့ပြန်ပေမဲ့ သူမဒေါသကတော့ အနည်းငယ်ပြေလျော့သွားတာ သိသာတယ်။
“ဒီဆန်းကြယ်ဘုံထဲကလူတွေက သူတို့ဥတွေ မပေါက်မချင်း အပြင်မထွက်ဖို့ဆုံးဖြတ်ထားကြတာ၊ အဲဒါကြောင့် ဒီလူတွေအားလုံးက ဘယ်မှ သွားစရာနေရာမရှိသူတွေနဲ့ အန္တရာယ်တွေကနေ ထွက်ပြေးဖို့ နေရာတစ်နေရာ ရှာနေကြသူတွေပဲ၊ ဒါကြောင့် ကျူမင်က မင်းသူငယ်ချင်းကို ဒီပို့ချင်ခဲ့တာဆိုရင် ဖြစ်နိုင်တာက သူက သူမကို တစ်ခုခုဆီကနေ ကာကွယ်ချင်ခဲ့တာနေမယ်၊ သူမကို အန္တရာယ်ပြုချင်သူက တခြားတစ်ယောက်ယောက် ဖြစ်လောက်တယ်”
သုံးယောက်သား တိတ်သွားတယ်။
“ဖေဖေနျို၊ အခု ဂျပုလေးဘယ်မှာလဲ” ရှန်းရင်မေးလိုက်တယ်။
ကူယွဲ့က တန့်သွားပြီး ဆက်သွယ်ရေးအဆောင်ကို အမြန်ထုတ်လိုက်တယ်။ သူ မသေမျိုးချီနည်းနည်းကို ကူးပြောင်းလိုက်ပေမဲ့ တုံ့ပြန်မှုမရှိ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ၊ ငါ့ကိုစောင့်နေဖို့ သူ့ကိုအနားကတောအုပ်ကြီးတစ်ခုဆီ ပို့ခဲ့တာကို”
“သွားကြည့်ရအောင်” ရှန်းရင်က တံခါးအပြင်ကို ချက်ချင်း ပျောက်သွားတယ်။
တခြားသူတွေ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဖလှယ်ပြီး သူမနောက်လိုက်ခဲ့ကြတယ်။
ကူယွဲ့က သူမကို ပြန်ဆွဲထားလိုက်ရတယ်။
“ရှန်းရင် ဒီဘက်ဟ” မင်း အရပ်မျက်နှာတွေ မသိရင် ရှေ့ကဇွတ်ပြေးမနေနဲ့ဟ။
ကူယွဲ့ ဝူချီတောင်နဲ့မိုင်ရာချီလောက်ပဲကွာတဲ့ တောအုပ်ကြီးထဲမှာ ဂျပုလေးနဲ့ တွေ့ဖို့စီစဉ်ခဲ့တာ။ အဲကတောအုပ်ကြီးက အတော်လေးကို ထူထဲပြီး ပတ်ပတ်လည်မှာ ရှုပ်ထွေးတဲ့ အရှိန်အဝါတွေ ပြည့်နေတယ်။ ဒါကြောင့် သူမကို ခြေရာခံဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။
ဒါပေမဲ့…။
“ချီး” ကူယွဲ့ အခုပျက်စီးနေပြီဖြစ်တဲ့ တောအုပ်ကို ကြည့်လိုက်တယ်။ လောင်ကျွမ်းနေတဲ့မြေပြင်ပေါ် ယင်ချီအကြွင်းအကျန်တွေရှိနေဆဲ။ သူသွားတာ တစ်နေရာတောင် မပြည့်သေးဘူးလေ။
“ငါ အခြေအနေကို ပိုနားလည်အောင် ကျူမင်ကို မေးသင့်တယ်” ဖုန့်စန်းက စိတ်ပူနေတဲ့လူတွေကိုကြည့်ပြီး ချက်ချင်း မှန်တစ်ချပ်ထုတ်လိုက်တယ်။
တစ်အောင့်နေတော့ ဝတ်ရုံနက်နဲ့ သက်လတ်ပိုင်းလူတစ်ယောက် မှန်ထဲပေါ်လာတယ်။ သူ့ပတ်လည်မှာတော့ ထူထဲများပြားတဲ့ သေမင်းချီတွေ။ ဒါပေမဲ့ သူ့မျက်နှာက ကြင်နာပုံရပြီး နှုတ်ခမ်းက မဆိုစလောက်အပြုံးအဖြစ် ကော့တက်သွားတယ်။
“ဖုန့်စန်းလား၊ မင်း ဘယ်လိုလုပ် မိတ်ဆွေဟောင်းကိုဆက်သွယ်ဖို့ အဲလောက်အားနေတာလဲ၊ ငါမင်းကို ပို့လိုက်တဲ့ လက်ဆောင်ကြီးရပြီးပြီလား”
“အစ်ကိုကျူ၊ အဲကလေးမကို ငါ့ဆီ ဘာလို့ပို့လိုက်တာလဲ ပြောပြပေးလို့ရမလား၊ ဘာတွေဖြစ်ခဲ့တာလဲ”
“သူ တစ်ခုခု ဖြစ်ပြန်ပြီလား”
ကျူမင်က အထိတ်တလန့်ရေရွတ်တယ်။
“ဖြစ်ပြန်ပြီတဲ့လား” ဖုန့်စန်းလည်း လိုက်ရေရွတ်မိလိုက်တော့တယ်။
…