Chapter 20
ယွီရှန်းက ယွီဖင်ယန်ရဲ့ ပုခုံးပေါ်လက်တင်ကာ ကြက်သေသေနေသည့် မိန်းကလေးတစ်သိုက်ကို ကြည့်လိုက်လေသည်။ ကျေနပ်အားရစွာ ပြုံးလိုက်ပြီးမှ ယွီဖင်ယန်ရဲ့ လည်ပင်းထဲကို ခေါင်းတိုးဝေ့ကာ အလွန်အမင်း အနိုင်ကျင့်ခံရပုံဖြင့် ဝမ်းနည်းပြနေတုန်း ချုံးအာလေးရဲ့ ပုံစံအမှန်ကို အမှတ်ရသွားလေသည်။
ချုံးအာလေး သူ(မ)ကို ရတနာမျိုးစုံပါသည့် အိတ်လေးပေးကတည်းက ချုံးအာလေးရဲ့ နောက်ခံက သာမန် မဟုတ်ကြောင်းကိုတော့ သူ(မ)သတိထားမိခဲ့သည်။ ရှီဟယ်ဥယျာဥ်ထဲက လူတွေက အကုန်လုံး မျိုးရိုးမြင့်တွေပဲမလို့ သိပ်တော့ မတွေးမိခဲ့ပေ။ သို့ပေမယ့် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့် ချုံးအာလေးက ဘုရင်ကြီး၏ နံပါတ်၉ သမီးတော်လေး ဖြစ်မည်ဟုတော့ မထင်မိခဲ့ပေ။ ဘုရင်ကြီး၊ မိဖုရားကြီးနဲ့ အိမ်ရှေ့စံရဲ့ အလွန်အမင်း ကာကွယ်ပေးခံရတဲ့ အသည်းညှာလေး နံပါတ်၉ မင်းသမီးတဲ့လား။
ချုံးအာရဲ့နာမည်လေးက ကျုံအာ(တရုတ်လိုနံပါတ်၉) ဆိုသည့် အသံနဲ့ဆင်တူကာ သူ(မ)ရဲ့ လုံးဝိုင်းနေသည့် မျက်နှာက နာမည်နှင့်လိုက်ဖက်လွန်းသည်။
[T/N: 球 qiu က ဘောလုံးလေးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် မျက်နှာဝိုင်းဝိုင်းနဲ့ ချုံးအာလေးက ဘောလုံးလေးနဲ့ဆင်တူလို့ နာမည်နဲ့လူနဲ့လိုက်တယ်လို့ ပြောတာပါ]
သူ(မ)က အရှေ့က သွားနေသည့် မောင်နှမ၂ယောက်ကိုကြည့်ကာ ချုံးအာလေးက တရှုံ့ရှုံ့ လှုပ်နေဆဲမလို့ တကယ်ကို သနားစဖွယ်ကောင်းနေသည်။ တကယ်ကြီး မြစ်ထဲခုန်ချပြီး သေသွားမှာကို အဲကလေးက ကြောက်နေတာလား။
သနားကြင်နာသည့် ခံစားချက်တွေက ယွီရှန်းရဲ့ ရင်ထဲပြည့်တက်လာခဲ့သည်။
ယွီဖင်ယန်က ယွီရှန်းကြောက်နေတယ်လို့ အထင်မှားသွားပြီး ကျောကိုပုတ်ပေးကာ နှစ်သိမ့်လေသည်။
“မကြောက်နဲ့ အစ်ကိုကြီး ဒီမှာ ရှိသရွေ့ ဘယ်သူမှ အနိုင်မကျင့်စေရဘူး”
“အစ်ကိုကြီးကို သမီးဒုက္ခပေးမိပြီလားဟင်၊ သူ့အဖေက မင်းသားယွီတဲ့”
နောက်ခံကောင်းသည့် ဖခင်ရှိပါက အရာအာလုံးကို အနိုင်ယူနိုင်သည့် ခေတ်ဖြစ်သည်။
မင်းသားယွီက အနောက်မြောက်အရပ်ကို ကာကွယ်နေကာ မြို့တော်ကို ပြန်ဖို့ငြင်းဆိုတာကြောင့် သူ့ရဲ့ ပြင်းပြသည့် ဆန္ဒက အလွန်နာမည်ကြီးသည်။ သူက ဘုရင့်ရဲ့ အမိန့်ပြန်တမ်းစာတွေကိုလည်း အရေးမစိုက်တာကြောင့် သူ့ကို တစ်နှစ်အတွင်း ရှင်းထုတ်ဖို့ ဘုရင်ကြီးက ပြင်ဆင်ထားပြီးပြီဖြစ်သည်။ သူက မြို့တော်မှာကျန်ခဲ့သည့် ပထမဇနီးနှင့် သမီးဖြစ်သူကိုလည်း စွန့်ပစ်ဖို့ ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်တာကြောင့် အနာဂတ်မှာ ဘယ်လိုပုံစံနှင့် သေရမလဲဆိုတာ သူတို့ သတိမထားမိသေးပေ။
ယွီဖင်ယန်၏ မျက်ဝန်းနက်တွေထဲမှာ ရန်လိုစိတ် အနည်းငယ်ထင်နေသည်။ သူက ညီမ ဖြစ်သူရဲ့ခေါင်းကို ပွတ်သပ်ပေးကာ တီးတိုးပြောလေသည်
“အန္တရာယ်မရှိပါဘူး၊ ငါ မှူးမတ်ကြီးက မင်းသားယွီရဲ့စံအိမ်ကို အပြစ်ကျူးလွန်ရမှာကို မကြောက်ဘူး”
ယွီရှန်းက ကျေနပ်စွာ ပြုံးလိုက်လေသည်။
ဖုန်းချီ ခန်းမမှာ မိဖုရားကြီးက ထိပ်ဆုံးခုံမှာထိုင်နေကာ အိမ်ရှေ့စံမင်းသမီးက ဧည့်သည်တွေကို ဧည့်ခံနေသည်။ ချုံးအာလေး နှာတရှုပ်ရှုပ်လုပ်ကာ ဝင်လာတာတွေ့တော့ ၂ယောက်လုံး မတ်တပ်ထရပ်ကြသည်။
ထိုအခြေအနေမှာ ယွီရှန်းက ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာကို မသိတာကြောင့် ထောင်လွှား မောက်မာသည့်အသွင် မပါဘဲ လက်၂ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းငုံ့ထားလေသည်။
မိဖုရားကြီးက ပြုံးကာ ပြောလေသည်။
“ကလေးလိမ္မာလေး”
သူ(မ)က သမီးဖြစ်သူကို ပွေ့ချီကာ ကျောလေးကိုပွတ်သပ်ပြီး မေးလေသည်
“ချုံးအာ ဘာဖြစ်လို့လဲ၊ ဘယ်သူ အနိုင်ကျင့်လို့လဲ”
ယွီရှန်းက စိတ်ငြိမ်အောင်အာရုံစိုက်ကာ ခပ်တည်တည်နေလေသည်။
“သူတို့.. သူတို့က သမီးရဲ့ မီးပုံးကို လုချင်ပြီး သမီးကိုလည်း ရိုက်ချင်နေတယ်၊ ကြာပန်းစေ့ကိတ်လေးက သမီးကို ကာကွယ်ပေးခဲ့တာ၊ သူတို့က ကြာပန်းစေ့ကိတ်လေးကို သေအောင်လုပ်ပြီး မြစ်ထဲကိုလည်း ခုန်ချဖို့ တွန်းအား ပေးကြတယ်”
ချုံးအာလေးက အကြောင်းကုန်စင်အောင် ပြန်ပြောပြကာ ငိုမဲ့မဲ့လုပ်နေသည်။
ယွီရှန်းက အပြေးလေးသွားကာ ချုံးအာလေးကို အာဘွားအကြီးကြီး ပေးပစ်ချင်နေသည်။ စကားလေး နည်းနည်းလောက်နဲ့ စောနက အရိုင်းအစိုင်းအုပ်စုကို အသူရာချောက်နက်ထဲ ရောက်အောင်ပို့နိုင်တာပဲ။ တကယ့်ကို ရိုးစင်းပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေး။
ထိုစကားကြားပြီးနောက် မိဖုရားကြီး၏ မျက်နှာထက်က အပြုံးက အေးစက်သွားလေသည်။
ယွီရှန်းက ခေါင်းကို အနည်းငယ် ငုံ့ထားခဲ့သည်။ ချုံးအာက မျက်တောင်လေး ခတ်လိုက်သည်နှင့် လူတွေကို ချစ်ခင်ကြင်နာစိတ်တွေ ယိုစိမ့်သွားစေမည့် မျက်ရည်ဥကြီးတွေ အလုအယက် စီးကျလာခဲ့လေသည်။ ဘေးမှ ဝိုင်းကြည့်နေသည့် လူတွေကို စကားတစ်လုံးမှ မပြောခဲ့ပေမယ့် သူ(မ)အလွန်အမင်း နာကျင်ခံစားရကာ မကျေမနပ် ဖြစ်နေသည်ကို ဘေးကလူတွေ ခံစားမိအောင် ပြုမူခဲ့လေသည်။
“မငိုပါနဲ့၊ မယ်မယ်မိဖုရားက သမီးအတွက် တရားမျှတအောင် ဆုံးဖြတ်ပေးမယ်၊ အစေခံအိုကြီးက ပြောတယ် သမီးက ငါးချိုချဥ်ဟင်း စားချင်တယ်ဆို၊ နန်းတော်က စားဖိုဆောင်က အသင့်ပြင်ထားပြီးပြီ၊ မျက်နှာသစ်ပြီး ယွီ.. ကြာပန်းစေ့ကိတ်လေးနဲ့ အတူတူစားနော်”
မိဖုရားကြီးက သမီးဖြစ်သူရဲ့ မျက်ရည်တွေကို ငြင်သာစွာသုတ်ပေးပြီး ဖင်တုံးလေးကို ပုတ်ပေးလေသည်။
အစားအသောက် အသံကြားတော့ ချုံးအာလေးက ပြုံးရယ်သွားကာ မျက်ရည်တွေ အိုင်နေသည့် မျက်လုံးဖြင့် ယွီရှန်းကို သွားခေါ်လေသည်။
ယွီရှန်းက သူ(မ)ရဲ့ အစ်ကိုကြီးကို လှည့်ကြည့်လိုက်ပြီး ဟိုက ခေါင်းညိတ်ပြမှ လိုက်သွားခဲ့သည်။ သူတို့တံခါးအပြင်ရောက်တော့ စောနက မိန်းကလေးတစ်သိုက်က ခုံရုံးက အမျိုးသမီးရဲ့ ဦးဆောင်မှုအနောက်ကနေ လိုက်လာတာကို တွေ့လိုက်လေသည်။ ဘဝင်မြင့်နေသည့် ချင်းဟယ်ကျွင်းကျူက အခုတော့ ငုံးကလေးလို ခေါင်းလေးငုံ့ထားကာ မျက်ရည်တွေဖြင့် ကြောက်လန့်တုန်လှုပ်နေလေသည်။ ချန်ယာဖူက တည်ငြိမ်နေပေမယ့် ခြေလှမ်းတွေက မတည်မငြိမ်ဖြစ်နေပြီး ယွီစီးယွီ့ကတော့ သူ(မ)ရဲ့ အနောက်ကနေ ခေါင်းငုံ့ကာ လျှောက်လာနေခဲ့သည်။ ဝှီးချဲဘီးသံကိုကြားလိုက်တော့ အသနားခံသည့် မျက်လုံးတွေဖြင့် မော့ကြည့်ခဲ့လေသည်။
ယွီရှန်းက လက်ညိုးမြှောက်ကာ လည်ပင်းကို ဖြတ်သည့်ပုံစံလုပ်ပြလိုက်ပြီး ယွီစီးယွီ့ရဲ့ မျက်နှာပြောင်းလဲသွားပုံကို ကြည့်ပြီး စပ်ဖြဲဖြဲလုပ်နေလေသည်။
ချင်းဟယ်ကျွင်းကျူနှင့် ချန်ယာဖူလည်း သူ(မ)ရဲ့ ခြိမ်းခြောက်သည့်ပုံစံကို မြင်ပြီး မျက်လုံးတွေ ပြူးကျယ်ကုန်လေသည်။ ဒီကောင်မရဲ့ ယုတ်မာတဲ့အကြံအစည်ထဲ ငါတို့တွေ ကျဆင်းခဲ့ရတာ။ နံပါတ်၉မင်းသမီးလေးရဲ့ ပုံစံအစစ်အမှန်ကို ထုတ်ပြောခဲ့ရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာ။
ထိုမတော်တဆမှု ပြီးပြီးသည့်နောက်တွင် မှူးမတ်စံအိမ်တော်ရဲ့သခင်မလေးက အကျင့်ယုတ်ခြင်း၊ ကောက်ကျစ်ခြင်းနှင့် အပြစ်ကင်းယောင်ဆောင်သည့်နေရာတွင် ဆရာကျကြောင်း စသည့် မကောင်းသတင်းများ ပျံ့သွားကာ သာမာန် မျိုးရိုးမြင့်က မိန်းကလေးတွေက သူ(မ)နှင့် မိတ်ဆွေမလုပ်ရဲတော့ပေ။ သူ(မ)က သူတို့ကို နောက်ကျောကဓားနဲ့ ထိုးမှာကြောက်ပြီး ယွီရှန်းရဲ့နောက်က ကြီးမားသည့် ကျောထောက်နောက်ခံကြောင့်လည်း ယွီရှန်းကို မဆန့်ကျင်ရဲကြပေ။
ယွီရှန်းနှင့် ချုံးအာလေး ပျော်ရွှင်စွာ စားသောက်နေကြစဥ်အတွင်း ထိုမျိုးရိုးမြင့် မိန်းကလေးအုပ်စုက ဖုန်းချီခန်းမထဲမှာ ဒူးထောက် အပြစ်ပေးခံရကာ ဆုံးမစကားကို နားထောင်နေရသည်။ ချင်းဟယ်ကျွင်းကျူက ၃လခြံထဲ အပိတ်ခံရကာ ကျန်သည့်လူတွေက ပိဋိကတ်ကျမ်းကို အကြိမ်တစ်ရာဆီ ကူးရေးခဲ့ရသည်။ ထိုအပြစ်က အပြစ်ကြီးဟု မဆိုသာသော်လည်း မိဖုရားကြီး သူတို့ကိုပြောသည့် ‘ကိုယ့်ကျင့်တရားမရှိဘူး’ဟူသော စကားက နှစ်ပေါင်းများစွာ ကြာအောင် ပယ်ဖျက်ရမည် မဟုတ်ပေ။ လက်ထပ်ဖို့ ကမ်းလှမ်းခံထားရသည့် လူတွေက ယောက္ခတွေဘက်က လက်ထပ်ဖို့တွေလည်း ဖျက်သိမ်းခံခဲ့ရပြီး လက်ထပ်ဖို့ ကမ်းလှမ်းမခံရသေးသည့်လူတွေက လက်ထပ်ခြင်း ကမ်းလှမ်းမခံရတော့ပေ။ အူတွေ စိမ်းသွားအောင်အထိ ခါးသီးမှုကို သူတို့ ခံစားခဲ့ရသည်။
ထိုကိစ္စဖြေရှင်းပြီးနောက် မိဖုရားကြီးက ကလေး၂ယောက်သားသောက်နေသည့် ဘေးက အခန်းထဲကို သွားကြည့်လေသည်။
နံပါတ်၉မင်းသမီးလေး အစားအများကြီး မစားစေရန် အတွက် ကျောက်စိမ်းပန်းကန်းလုံးလေး တစ်လုံးထဲမှာ ဟင်းတွေ၃ခုလောက်ပဲ ပြင်ဆင်ပေးခဲ့သည်။ တစ်ယောက်က ဟန်ဆောင်ပန်ဆောင်ငိုပြီး တစ်ယောက်က တကယ်ငိုခဲ့တာကြောင့် အားအင်ကုန်ခမ်းကာ အများကြီး စားသောက်ကြလေသည်။ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြရင်း ပဲငံပြာရည်ဖြင့် နှပ်ထားသည့် အသားလုံးကြီး တစ်လုံးကလွဲရင် အကုန်ပြောင်သလင်းခါသွားပြီ ဖြစ်သည်။
ချုံးအာလေးက ထိုအသားလုံးကိုယူဖို့ တူဆန့်ထုတ်သည့်အချိန်မှာပဲ ယွီရှန်းက အရင်ဦးအောင်ယူသွားကာ ဝါးစားဖို့ ပါးစပ်နားတေ့ထားလေသည်။
ချုံးအာလေးက သူ(မ)ကို စိတ်အားထက်သန်စွာကြည့်နေလေသည်။
ယွီရှန်းက အသားလုံးကို ချုံးအာဖက် ကမ်းပေးလေသည်။
ချုံးအာလေးက ပျော်ရွှင်စွာဖြင့် ပါးစပ်ဟကာ ကိုက်လိုက်သည့်အချိန်မှာပဲ ယွီရှန်းက အသားလုံးကို ပြန်ယူသွားခဲ့သည်။
ချုံးအာလေးက လေကိုသာ ကိုက်မိသွားပြီး အပေါ်သွားနှင့်အောက်သွား တိုက်မိသွားသည့်အသံ ခွပ်ကနဲ ထွက်လာလေသည်။ မျက်လုံးထဲ မျက်ရည်တွေဝဲလာပြီး ယွီရှန်းကို အပြစ်တင်သည့်ဟန်ဖြင့် ကြည့်နေခဲ့သည်။
ယွီရှန်းက တူကို ချုံးအာဖက် ထပ်တိုးပေးပြီး ချုံးအာ ထပ်ကိုက်လိုက်တော့လည်း လေကိုသာ ထပ်ကိုက်မိခဲ့လေသည်။ သူ(မ)က ၃ကြိမ်တိုင်တိုင် လှည့်စားခံခဲ့ရသည်။ ယွီရှန်းက စားပွဲပေါ်မှောက်ချကာ အားရပါးရ ရယ်လေသည်။ စားချင်ပေမယ့် မစားရသည့် ချုံးအာလေးရဲ့ သနားစရာအသွင်လေးကို ကြည့်ပြီးနောက် နောက်ဆုံးတော့ အသားလုံးကို ကျွေးလိုက်လေသည်။
မိဖုရားကြီးကို အဖော်ပြုနေသည့် မဒမ်အိုကြီးက ထိုမြင်ကွင်းကြောင့် အလွန်ပူပန်သွားကာ ခေါင်းငုံ့ကာ ပူပန်မှုတွေလျော့သွားအောင် ပုတီးစိပ်ပြီး ဗုဒ္ဓကျမ်းစာကို ရွတ်ဖတ်နေလေသည်။
မိဖုရားကြီးက စိတ်မတိုဘဲ ထိုအစား ပါးစပ်ကိုအုပ်ပြီး ပြုံးလေသည်။ ချုံးအာရဲ့ ပုံစံအစစ်အမှန်ကို သိပြီးသွားတာတောင် ရှိန်နေတာမျိုး မရှိဘဲ သဘာဝဆန်ဆန် လိုက်ဖက်ညီအောင် အဖော်ပြုပေးနေဆဲ ဖြစ်သည်။ ခယတာ၊ မျက်နှာချိုသွေးပြီး မြှောက်ပင့်တာ၊ နှိမ့်ချမျိုးခြင်း မရှိပေ။ ဟန်ဆောင်ခြင်း မရှိဘဲ သူ(မ)ရဲ့ သမီးကို တကယ်နှစ်သက်ကြင်နာခြင်း ဖြစ်သည်။ သူ(မ)ရဲ့သမီးကို ငိုအောင် လုပ်နိုင်သလို ပြုံးရယ်ကာ ပိုအသက်ဝင်အောင်လည်း လုပ်နိုင်သည်။ ဒါက မိဖုရားကြီး အမျှော်လင့်ရဆုံး အရာဖြစ်သည်။ ဒီမိန်းကလေးက တကယ်တော်ပြီး ချုံးအာက ဒီလို ကစားဖော်ကို လိုအပ်တာဖြစ်သည်။
မိဖုရားကြီးက ရယ်တာကို အသောတတ်ပြီးနောက် မဒမ်အိုကြီးကို အမူအရာဖြင့် အချက်ပြကာ ဟောခန်းမဖက်ကို ပြန်ထွက်လာကာ ခုံတွင် ထိုင်လိုက်ပြီးနောက် ပြောလေသည်။
“မဒမ်ကြီးယွီ ချုံးအာလေးက မဒမ်ကြီးရဲ့ မြေးမကို သဘောကျနေတယ်၊ ချုံးအာလေးရဲ့ သွေးသောက်ဖော်အဖြစ် သူ့ကို နန်းတော်ထဲ ဝင်ခွင့်ပေးလိုက်ပါ”
မဒမ်အိုကြီးက တုံ့ဆိုင်းနေပြီးနောက်
“သူ့ရဲ့ခြေထောက်တွေက… “
မိဖုရားကြီးက လက်ခါပြကာ
“အဆင်ပြေတယ် သူ့ကိုပြုစုဖို့ အစေခံတွေ ပိုပြီး များများထည့်ပေးလိုက်”
ခဏလောက်တွေးတောပြီးနောက် မဒမ်အိုကြီးက ယွီရှန်းရဲ့ အကြောင်းအမှန်ကို ထုတ်ပြောဖို့ ဆုံးဖြတ်ခဲ့လေသည်။ ယွီရှန်းက မင်းသမီးကို ခစားရမှာမလို့ ယွီရှန်းရဲ့ အဆင့်အတန်းက မင်းသမီးနဲ့ ကိုက်ညီဖို့ လိုသည်။ တစ်နေ့ကျမှ ထိုကိစ္စပေါ်သွားခဲ့ရင် ‘ဘုရင်ကိုလှည့်စားတယ်’ဟူသော ခေါင်းစဥ်တပ်ခံရမည် ဖြစ်သည်။ မိဖုရားကြီးက သနားလို့ ယွီရှန်းအတွက် အိမ်ထောင်ဖက်ရှာပေးပြီးမှ ထိုကိစ္စပေါ်သွားခဲ့ပါက အခြေအနေတွေ ပိုဆိုးသွားနိုင်သည်။
အမှန်အတိုင်း ပြောလိုက်ရင် မှူးမတ်စံအိမ်တော်က တရားဝင်သမီး ပျောက်ဆုံးနေသည် ဟုသာ အပြစ်တင်ခံရနိုင်ပြီး နောက်မှ လိမ်ညာထားတာ ပေါ်သွားပါက လူတိုင်းရဲ့ တံတွေးခွက်မှာ ပက်လက်မြောနိုင်သည်။
ထိုအမှန်တရားကို သိထားသည့် အစေခံအနည်းငယ်ကိုလည်း ရှင်းထုတ်ပြီးသား ဖြစ်တာမလို့ လုံခြုံစိတ်ချရပြီး ပိုဆိုးတာ ထပ်ဖြစ်လာမယ် ဆိုပါကလည်း ရှင်းထုတ်နိုင်သည်။ တစ်ကမ္ဘာလုံးကို ဖုံးကွယ်ထားနိုင်ရင်တောင် တော်ဝင်မိသားစု ကိုတော့ မလိမ်ညာရဲပေ။
ထင်သည့်အတိုင်းပင် အကြောင်းစုံကြားပြီးနောက် မိဖုရားကြီးက အံ့သြနေကာ သက်ပြင်းရှည်ကြီးချကာ ခဏလောက်တိတ်ဆိတ်နေပြီးနောက်
“တကယ်ကို မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းပဲ၊ လူတွေရဲ့ ကံကြမ္မာကို ကောင်းကင်ဘုံက ဝင်ရှုပ်တာပဲ၊ ယွီရှန်းအစစ်ကို ရှာတွေ့ပြီလား”
“ရှာဖွေနေဆဲပါ မိဖုရားကြီး”
မဒမ်အိုကြီးက ခေါင်းခါပြကာ မှိန်ဖျော့ဖျော့ ပြုံးပြခဲ့သည်။
ဒါက စံအိမ်တော်က လူတွေကလွဲရင် အပြင်လူတွေ မသိအောင် လျှို့ဝှက်ထားသည့် ကိစ္စဖြစ်သည်။ မဒမ်အိုကြီးရဲ့ သစ္စာရှိမှုနဲ့ ရိုးသားမှုကြောင့် မိဖုရားကြီးက ကျေနပ်သွားမယ့် ယွီရှန်းအစစ်ကို ရှာပေးမည့်ကိစ္စကိုတော့ မပြောခဲ့ပေ။ ဒီကိစ္စကို မှူးမတ်စံအိမ်တော် ကိုယ်တိုင်ဖြေရှင်းရမည့်ကိစ္စ ဖြစ်သည်။ ယွီရှန်းအစစ်က သေလားရှင်လားဆိုတာ မသိနိုင်ဘဲ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာ မသိတာကြောင့် ဒီကိစ္စကို လုံခြုံအောင် ဖုံးကွယ်ထားတာက သူ(မ)အတွက် လမ်းဖွင့်ပေးထားခြင်း ဖြစ်သည်။
သူ(မ)က ဒီကိစ္စကို တစ်ခါမှ မကြားဖူးသလို ပြုမူရမည်ဖြစ်သည်။
မိဖုရားကြီးက တွေးတောပြီးနောက် ပြုံးကာပြောလေသည်
“စိတ်မပူပါနဲ့ ယီဖုန်းရဲ့အစွမ်းအစနဲ့ဆိုရင် တစ်နေ့ကျရင် ရှာတွေ့မှာပါ”
သူ(မ)က မျက်မှောင်ကြုတ်ကာ ခဏလောက် စဥ်းစားပြီးနောက် ဆက်ပြောလေသည်။
“မဒမ်ကြီးက ယွီရှန်းကို ကောင်းကောင်းသင်ပြထားတာပဲ၊ စိတ်ထားမြင့်မြတ်ပြီး ဂုဏ်သိက္ခာကြီးမြတ်တဲ့လူတွေနဲ့ ဆုံခဲ့ရတယ်လေ၊ ဒါကြောင့် စာလုပ်ဖော်ဖြစ်ရတာ ကိစ္စမရှိပါဘူး၊ ၃ရက် ဒါမှမဟုတ် ၅ရက်လောက် ချုံးအာလေးကို အဖော်ပြုဖို့ နန်းတော်ကို လွှတ်ပေးပါ၊ ဒီလိုချစ်ဖို့ကောင်းတဲ့ ကစားဖော်လေးကို ရှာတွေ့ဖို့က ခက်ခဲတယ်”
ထိုကိစ္စတွေ ရှင်းသွားတော့ မဒမ်အိုကြီးက သက်ပြင်းချကာ အင်တင်တင်ဖြင့် သဘောတူခဲ့ရသည်။
ယွီဖင်ယန်နှင့်ယွီရှန်း နန်းတော်တံခါးက ထွက်လာတော့ ယွီစီးယွီ့က ရထားလုံးဘေးမှာ ခေါင်းငုံ့ကာ ရပ်စောင့်နေပြီး သူ(မ)စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာတော့ မသိနိုင်ပေ။ ယွီစီးယွီ့ကိုတွေ့တော့ မဒမ်အိုကြီးက အေးစက်စွာ နှာမှုတ်လိုက်ပြီး ဘေးမှာ ရပ်နေသည့် ကျင့်ကော်မြို့စားမင်းအိမ်တော်ရဲ့ ရထားလုံးကိုတွေ့တော့ မျက်နှာက ပိုမည်းမှောင်သွားခဲ့သည်။
“မဒမ်ကြီး စကားနည်းနည်းလောက် ပြောလို့ရမလား”
ကျင့်ကော်မြို့စားရဲ့ဇနီးက သူ(မ)ကို အပြုံးဖြင့် နှုတ်ဆက်လေသည်။
“မရဘူး နောက်ကျနေပြီ ငါတို့အိမ်ပြန်သင့်နေပြီ”
မဒမ်အိုကြီးက အတိတ်ကို လှည့်မကြည့်ဘဲ ရထားလုံးရဲ့လိုက်ကာကို မပေးကာ မြေးဖြစ်သူကို မြေးမကို ပွေ့ကာရထားထဲ ဝင်ခိုင်းခဲ့သည်။
“အဖွား သမီးတွဲပေးမယ်”
ယွီစီးယွီက အမြင်ကောင်းရအောင် အခွင့်အရေးဝင်ယူလေသည်။
အပြင်လူတွေရှေ့မှာမလို့ မဒမ်အိုကြီးက ဒေါသကို ဖိနှိပ်ကာ ယွီစီးယွီ့ရဲ့လက်ကိုကိုင်ကာ ရထားလုံးထဲဝင်လိုက်သည်။ ယွီစီးယွီ့က မြင်းပေါ်ခွထိုင်နေသည့် အစ်ကိုကြီးဖြစ်သူကို ပြုံးပြကာ ရထားလုံးပေါ်တက်ပြီး ထောင့်နားက ကျိုးနွံစွာ ထိုင်နေလေသည်။
ယွီရှန်းက သူ(မ)ကို ရယ်ပြကာ လိုက်ကာမပြီး ဖြူဖတ်နေသည့် မြို့စားမင်းရဲ့ဇနီးကို ကြည့်လိုက်လေသည်။ ချန်ယာဖူက ဘယ်သူ့ကိုမှ မျက်နှာမပြဘဲ ရထားလုံးထဲမှာ ပုန်းနေလေသည်။ ရထားလုံးက ထွက်သွားတော့ ကျင့်ကော်မြို့စားမင်းရဲ့ဇနီး မျက်နှာက မည်းမှောင် နေလေသည်။ ယွီရှန်းက ငြိမ်ငြိမ်လေး ထိုင်နေပြီးနောက် မေးလေသည်
“အဖွား အစ်ကိုကြီးက အစ်မဖူအာနဲ့ တကယ်လက်ထပ်မှာလား”
“ဒီကိစ္စက မဆုံးဖြတ်ရသေးဘူး ကလေးတွေက မေးခွန်းများများ မမေးရဘူး”
မဒမ်အိုကြီးက မျက်လုံးမှိတ်ထားကာ ပြောလေသည်။
ဒီလက်ထပ်ဖို့ကိစ္စကို ပိုပြီး မကျေမချမ်း ဖြစ်လာခဲ့သည်။ ကျင့်ကော်မြို့စားအိမ်တော်ရဲ့ သစ္စာဖောက်မှုကို သူ(မ)နှလုံးသားထဲက ဆူးတစ်ချောင်းလို စိုက်မိနေသည်။ ဒီနေ့ ချန်ယာဖူကို တွေ့ပြီးနောက် ထိုဆူးက ပယ်ပျောက် မသွားသည့်အပြင် ထိုနစ်ဝင်သွားခဲ့သည်။ စေ့စပ်ပွဲဖျက်သိမ်းဖို့ ကိစ္စကို မေ့ပစ်လို့ရပေမယ့် အပြင်လူအတွက် ယောက်မလေးဖြစ်သူရဲ့ ပစ္စည်းကို လိမ်ညာယူပေးခဲ့သေးတယ်။ သူ ဘာဖြစ်နေတာလဲ။ အပြင်ပန်းကတော့ ရှန်းအာလေးကို ကူညီသလိုနဲ့ တကယ်တန်းကျတော့ ချင်းဟယ်ကျွင်းကျူဆီက မျက်နှာရချင်နေတာ။ ၂ဖက်လုံးရှေ့မှာ မျက်နှာကောင်း လိုချင်နေသည့် လုပ်ရပ်က တကယ်နိမ့်ကျလွန်းသည်။
နောက်တစ်ခုက သူ(မ)က အမြင်ကျဥ်းကာ ဘယ်သူ့ကို ချဥ်းကပ်ရမယ် ဘယ်သူ့ကို ရှောင်ကြဥ်ရမလဲဆိုတာ မသိပေ။ ဘုရင်မင်းမြတ်က မင်းသားယွီရဲ့ခေါင်းမှာ ခေါင်းဖြတ်စက် တင်ထားတာတောင် မျက်ကန်းလို ထိုဖက်ကို ပါခဲ့သေးသည်။ တကယ်ကို အရေမရအဖတ်မရသည့် ကြိုးပမ်းမှု ဖြစ်သည်။ ဒီလိုမြေးချွေးမကို အိမ်ထဲ ဝင်ခွင့်ပြုလိုက်ပါက ကပ်ဘေးဒုက္ခကြီးကို အိမ်ထဲဆွဲသွင်းတာနဲ့ပဲတူလိမ့်မယ်။
ထိုသို့တွေးတောပြီးနောက် မဒမ်အိုကြီးက ခေါင်းခါကာ သက်ပြင်းရှိုက်လေသည်။
ယွီစီးယွီ့က အနားကပ်ကာ ပုခုံးကို နှိပ်ပေးဖို့ပြင်လေသည်။
“အလုပ်ရှုပ်ခံမနေနဲ့ အဲမှာပဲနေ၊ ဒီနေ့မသွားခင် ငါနင့်ကို ဘာပြောခဲ့လဲ၊ နင့်ညီမကို အနိုင်ကျင့်ဖို့ အပြင်လူတွေနဲ့တောင် ပေါင်းလိုက်သေးတယ်ပေါ့၊ မိဖုရားကြီးပြောတဲ့ ကိုယ်ကျင့်တရား ချို့ယွင်းတယ်ဆိုတဲ့ စကားက နင့်ဘဝနောက်ကို အရိပ်မည်းကြီးလို လိုက်နေပြီ၊ ငါက နင့်ကို ယောက်ျားကောင်း ရှာပေးရင်တောင် ခက်ခဲသွားပြီ ဒါ နင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ”
မဒမ်အိုကြီးက ယွီစီးယွီ့ကို မည်းမှောင်စွာ ကြည့်ပြီးနောက် အစာသွပ်မုန့်စားကာ အလုပ်ရှုပ်နေသည့် ယွီရှန်းကိုကြည့်ပြီး
“နန်းတော်ထဲ ဝင်တဲ့အခါကျရင် သတိထားနေ၊ နံပါတ်၉ မင်းသမီးလေးကို ထပ်မလှည့်စားနဲ့”
“ဟုတ်ကဲ့ပါ”
ယွီရှန်းက နာခံစွာ ကတိပေးလိုက်ပြီး ယွီစီးယွီ့ရဲ့ လက်ဖမိုးက ထောင်ထနေသည့် အကြောတွေကို တစ်ချက်ကြည့်လိုက်လေသည်။
#####