TYCDTN
Chapter 19
မြစ်ကမ်းဘေးမှာ မြစ်ထဲကို မီးပုံးလွှတ်နေသည့် လူတွေအများကြီးရှိပြီး ချုံးအာက လူစိမ်းတွေကိုကြောက်တာကိုသိတော့ ယွီရှန်းက ချောင်ကျသည့် ထောင့်လေးကို ခေါ်သွားခဲ့သည်။
မြစ်ရေတစ်ခုလုံးက ကြာပန်းတွေလို မီးပုံးလေးတွေပြည့်နေလေသည်။ ပန်းနုရောင်မီးလေးတွေက ရေပြင်ပေါ်မှာလင်းထနေကာ စိတ်ကူးထဲကလို လှပနေပြီး ကောင်းကင်က ကြယ်အစုတွေ ကြွေကျနေတာနှင့် ဆင်တူသည်။ ခြင်နှင့်ပိုးကောင်လေးတွေက အတောင်တွေခတ်ကာ မီးပုံးအပေါ်နားပျံဝဲနေပြီး ရေထဲက ငါးတွေထွက်လာစားအောင် ဆွဲဆောင်နေလေသည်။
မီးပုံးတွေ၊ ကြယ်တွေ၊ မြစ်ရေပြင်ကြီး တွေကို စင်ကြယ်သည့်လူတွေက ရှုစားနေကြသည်။ မစင်ကြယ်သည့်လူတွေကတော့ မြစ်ထဲမှာငါးထောင်ဖမ်းတာကမှ ထိုမီးပုံစတွေထက်လှသည်ဟု ခံစားရနိုင်သည်။
ယွီရှန်းနှင့်ချုံးအားကတော့ ရှီဟယ်ဥယျာဥ်ထဲက မစင်ကြယ်သည့်လူတွေဖြစ်သည်။
မြစ်ရေထဲကနေ ငါးအကြီးတွေတက်လာတာနှင့် ရေပြန်မကျခင်ကို ကောက်ဖမ်းကြလေသည်။
ချုံးအာလေးက အလွန်ပျော်ရွှင်ဟန်ဖြင့် လက်ခုပ်လက်ဝါးတွေတီးနေသည်။
ယွီရှန်းက သူ(မ)ကိုတို့ကာ တီးတိုးပြောလေသည်
“ဒီငါးကြီးက အနည်းဆုံး၂ပေါင်လောက်ရှိတယ် ဒီသန့်ရှင်းတဲ့မြစ်ထဲမှာ ကြီးထွားလာတာမလို့ အရသာကတော့တော်တော်ကောင်းလောက်တယ်၊ ဟင်းရည်ချက်စားလိုက်ရင် တော်တော်ကောင်းမှာ”
ယွီရှန်းက ဗိုက်ကိုပွတ်လိုက်ပြီး သက်ပြင်းချကာ
“နည်းနည်းတောင် ဗိုက်ဆာလာပြီ”
အစားသရဲလေး ချုံးအာကလည်း အခိုင်အမာထောက်ခံလေသည်
“သမီးလည်းဗိုက်ဆာတယ်”
သခင်မလေးက တစ်ခါမှ ဒီလောက်ထိပျော်ပျော်ရွှင်ရွှင် မဆော့ဖူးတာမလို့ အစေခံအိုကြီးက ပြုံးကာ ဝင်ပြောလေသည်
“သခင်မလေးတို့၂ယောက် ခဏစောင့်ပါဦး၊ ဒီအစေခံအိုကြီးက စားစရာ သွားယူပေးပါ့မယ်”
ယွီရှန်းရဲ့ အစေခံ၂ယောက်ကလည်း ရှိနေသည့်အပြင် ဒါက နန်းတွင်းကဥယျာဥ်မလို့ အစေခံအိုကြီးက သူ(မ)ရဲ့သခင်မလေးကို စိတ်ချစွာ ထားခဲ့လေသည်။ သို့ပေမယ့် သူ(မ)ထွက်သွားပြီးမှ အကျင့်ယုတ်သည့် မျိုးရိုးမြင့်မိန်းကလေးတွေ ရောက်လာမည်ဟုတော့ မထင်မိခဲ့ပေ။
ခေါင်းဆောင်ဖြစ်သည့်မိိန်းကလေးက အသက် ၁၂၊၁၃လောက်သာ ရှိသေးပြီး ခမ်းနားစွာဝတ်ဆင်ထားသည်။ ကျန်သည့်လူတွေက ခြေ၂လှမ်းအကွာဖြင့် သူ(မ)ရဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ခဲ့သည်။ ယွီရှန်း စောနကတွေ့လိုက်သည့် အလှလေးနှင့်ယွီစီးယွီ့ကလည်း ထိုအဖွဲ့ထဲတွင်ပါခဲ့သည်။
“မီးပုံး ငါ့ကိုပေး”
ထိုမိန်းကလေးက ချုံးအာဆီကို အတင်းသွားကာ အနားရောက်သည်နှင့် လက်ဆန့်ထုတ်ပြီး လေသံကလည်း ဘဝင်မြင့်နေသည်။
ချုံးအာလေးက ခြိမ်းခြောက်ခံရတော့ ယွီရှန်းနောက်ကို ဝင်ပုန်းကာ ခေါင်းခါနေခဲ့သည်။
ထောင်ဟုန်နှင့်လျိုလွီ့က တားဖို့ရှေးတိုးလာတော့ ထိုမိန်းကလေး ခေါ်လာသည့် အစေခံကြီးတွေက သူတို့ကိုဆွဲထားကာ ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ထားခဲ့သည်။ လှုပ်ရှားမှုတွေက ချောမွေ့နေကာ ဆရာကျနေသည်။
“ဒီအလေးအမြတ်ထားအပ်တဲ့ မီးပုံးကြီးက ထျန်းကျူ(အိန္ဒိယ)နိုင်ငံက ဟန်မင်းဆက်ကို ဆက်သထားတာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ တစ်လုံးပဲရှိတာ၊ အဲဒါက နင်နဲ့တန်လို့လား၊ ငါ့ကိုပေးစမ်”
သူ(မ)က ရှေ့ကိုဆက်တိုးလာခဲ့သည်။
ချုံးအာလေးက အမြန်ရှောင်လိုက်ပြီး ယွီရှန်းရဲ့ နောက်ထပ်ဘေးဖက်ကို ထပ်ပြေးသွားလေသည်။
ချုံးအာလေးက ပေးဖို့ ငြင်းဆန်နေတာကြောင့် သူ(မ)က ဒေါသထွက်လာပြီး လုယူရန် လုပ်လေသည်။
ယွီရှန်းက ကလေးတွေကို ချစ်တတ်ပေမယ့် ဒီလိုကလေးစုတ်လေးတွေကိုတော့ သဘောမကျပေ။ သူ(မ)ရဲ့ အလွန်အမင်း ကာကွယ်တတ်သည့် စိတ်ကြောင့် ထိုမိန်းကလေးကို တွန်းထုတ်ပစ်ကာ သရော်လေသည်
“ငါ့ရဲ့ချုံးအာလေးကို အနိုင်ကျင့်ရဲပြီး ငါ့အစေခံတွေကို ချုပ်ခိုင်းထားရဲတယ်ပေါ့၊ ဒီမီးပုံးထဲက ဆီနဲ့ နင့်မျက်နှာကို ပက်ပစ်မယ်ဆိုတာ နင်ယုံလား”
“နင်ကများ၊ ငါဘယ်သူလဲဆိုတာ သိလား၊ ငါက ချင်းဟယ်မြို့သခင်ကြီးရဲ့သမီးပဲ ငါ့အဖေက မင်းသားယွီ”
အတွန်းခံရပြီးနောက် သူ(မ)က ဒေါသတကြီး အော်ဟစ်လေသည်။
“မြို့သခင်ကြီး ဆိုတော့ကော ဘာလုပ်ရမှာလဲ၊ ငါတို့က ပြိုင်ပွဲမှာ နိုင်ခဲ့လို့ ဒီမီးပုံးကို ရထားတာ မိဖုရားကြီး ပေးထားတာလို့တောင် ယူဆလို့ရတယ်၊ ဒီဘုရင့်နန်းတော်မှာ အစေခံတွေကို ဖမ်းချုပ်ခိုင်းပြီး လုယူဖို့အတွေးကို နင်ဘယ်လို တွေးမိခဲ့တာလဲ၊ မြို့သခင်ကြီး ဆိုတာနဲ့ပဲ ဟန်မင်းဆက်ရဲ့ဥပဒေကို ချိုးဖောက်ပြီး မိဖုရားကြီးကို လွန်ဆန်နိုင်မယ်လို့ ထင်နေတာလား”
ယွီရှန်းက ချုံးအာရဲ့လက်ထဲက မီးပုံးကိုယူကာ မြစ်ရေပြင်ကို ညွှန်ပြပြီး ပြုံးကာ
“နင့်လိုလူကိုပေးမယ့်အစား ဒါကို ငါးစာအတွက် ရေထဲပဲ ငါမျှောပစ်မယ်၊ နင်ယူနိုင်ရင် လာယူလေ”
မီးပုံးက မြစ်ကမ်းနဲ့ပိုနီးလာပြီး သူ(မ)ရှေ့ဆက်တိုးပါက မီးပုံးလည်း မြစ်ထဲကျကာ သူ(မ)ပါ မြစ်ထဲကျပြီး ငါးစာဖြစ်သွားနိုင်သည်။ သူ(မ)က ဘာတစ်လုံးမှ မပြောနိုင်ခဲ့ပေ။ သူ(မ)ဒေါသကြောင့် တုန်ယင်ကာ ယွီရှန်းကို လက်ညှိုးထိုး ထားလေသည်။ သူ့အဖေ မင်းသားယွီဟန်က ဘုရင်ကြီးရဲ့ ဖခင်ဘက်က ဦးရီးတော်အငယ်ဖြစ်ပြီး စစ်သည်ပေါင်း ၈သိန်းကို အုပ်ချုပ်သည့်လူဖြစ်သည်။ ဟန်မင်းဆက်ရဲ့ အမြှောက်စားခံ အလေးစားခံရဆုံးလူအဖြစ် ယူဆနိုင်ပြီးတာကြောင့် သူ(မ)လိုချင်သမျှကို လူတိုင်းပေးရသည်။ ဒါပေမဲ့ ဒီကောင်မစုတ်တွေက သူ့ကိုအာခံသည့်အပြင် ဖိလည်းဖိနှိပ်ရဲသေးတယ်။ သောက်အဓိပ္ပာယ်မရှိဘူး။
“နင်ကဘယ်မိသားစုကလဲ.. “
သူ(မ)က အံကြိတ်ကာမေးလေသည်။
“ခန့်မှန်းကြည့်လေ”
ယွီရှန်းက ခပ်ပြုံးပြုံးသာ ပြန်ဖြေလေသည်။
ချုံးအာကလည်း ခေါင်းလေးပြူထွက်လာကာ ပြောင်ပြလေသည်။ ကြာပန်းစေ့ကိတ်လေးရှိနေရင် ကြောက်စရာမလိုဘူး။
ထိုမိန်းကလေး ထို၂ယောက်ရဲ့ ရွံဖို့ကောင်းသည့် အပြုအမူကြောင့် ဒေါသ အချောင်းချောင်းထွက်ကာ မူးမော်ပြီး အနောက်ပင် ဆုတ်လိုက်မိသည်။ သူ(မ)ရှေ့တိုးကာ ပွဲကြမ်းတော့မည့်အချိန်မှာပဲ ကျင့်ကော်မြို့စားမင်းရဲ့ တရားဝင်ဒုတိယသမီးက လူအုပ်ကြားက ထွက်လာကာ နူးညံ့စွာပြောလေသည်
“ကျွင်းကျူ စိတ်လျော့ပါ၊ ဒါက မှူးမတ်ကြီးရဲ့ ညီမငယ်ပါ၊ ကျွန်မအတွက် ထောက်ထားပြီး သူ့ကိုဗွေမယူဖို့ တောင်းဆိုချင်ပါတယ်”
ချင်းဟယ်ကျွင်းကျူရဲ့ အဖြေကို မစောင့်ဘဲ ရှေ့တိုးကာ ယွီရှန်းရှေ့ ဆောင့်ကြောင့်ထိုင်ပြီး စိတ်ရှည်စွာ ပြောလေသည်။
“အစ်မမှာ ဖူရှီလင်ဆိုတဲ့ အရမ်းတော်တဲ့ လက်မှုပညာသည်လုပ်ထားတဲ့ အဆင်တန်ဆာ၃၆မျိုးနဲ့လုပ်ထားတဲ့ အဖြူရောင်ကျောက်စိမ်းဖီးနစ် ဆံထိုးရှိတယ်၊ အဲဒါကို ညီမလေးရဲ့ လက်ထဲက ပစ္စည်းနဲ့လဲလို့ရမလား၊ ဒီမီးပုံးလေးက လှပေမယ့် အထဲမှာဆီထည့်ထားပြီး မီးထွန်းတာကြာလာရင် အခုလောက် မလင်းနိုင်တော့ဘူး၊ ဆံထိုးလေးက ပိုအသုံးဝင်ပါတယ်”
သူ(မ)က စကားပြောပြီးနောက် ယွီရှန်းရဲ့လက်ကလေးကို ဖျစ်ညှစ်ကာ ချည်းကပ်ခဲ့သည်။
မူလက ယွီရှန်း ဆိုပါက မီးပုံးကို အဖိုးတန်အဆင်တန်ဆာတွေနှင့် လုပ်ထားသည့် ဆံထိုးကို လဲပေးလိုက်မည်ဖြစ်သည်။ လက်ရှိ ယွီရှန်းကတော့ သူ့ပစ္စည်းကို တခြားလူ ပိုင်သွားတာထက်ဆာရင် ဖျက်ဆီးပစ်လိုက်မည် ဖြစ်သည်။ သူ(မ)က အရှေ့က ကောင်မလေးကို ပြုံးကာ ကြည့်ပြီး
“နင်ကဘယ်သူလဲ၊ ငါနင့်ကိုသိလို့လား”
ထိုမိန်းကလေးရဲ့မျက်နှာက ထိတ်လန့်ကာ ဖြူရော်သွားပြီး ပါးစပ်ဟလိုက်ပေမယ့် ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။
“ယွီရှန်း ဒါက အစ်ကိုကြီးနဲ့စေ့စပ်ထားတဲ့ အစ်မဖူအာ လေ၊ ငါတို့ရဲ့ အနာဂတ် ယောက်မလောင်းလေးကို နင် မမှတ်မိဘူးလား”
ယွီစီးယွီ့က ရှေ့တိုးလာကာ ရှင်းပြခဲ့သည်။
သူ(မ)မရှင်းပြလိုက်တာမှ ပိုကောင်းဦးမည်။ ထိုစကားကြားတော့ ကောင်မလေးရဲ့ မျက်နှာက ပိုပြီး ယိုယွင်းလာခဲ့သည်။
အရင် ယွီရှန်းရဲ့ မှတ်ဉာဏ်ထဲ မွှေနှောက်ရှာကြည့်တော့ မှတ်ဉာဏ်တစ်ပိုင်းတစ်စကို တွေ့လိုက်လေသည်။ ဒီ ဖူအာ ဆိုသည့် မိန်းကလေးက ကျင့်ကော်မြို့စားမင်းရဲ့ သမီးဖြစ်ပြီး ယွီဖင်ယန်နှင့် လက်ထပ်ရမည့်လူဖြစ်သည်။ လွန်ခဲ့သည့်နှစ်တွေတုန်းက စံအိမ်ကို ၂ခါ၃ခါလောက် လာလည်ခဲ့ပေမယ့် ရာထူးအဆင့်အတန်းနဲ့ အငြင်းပွားမှု ဖြစ်ပြီးနောက် ထပ်မလာတော့ပေ။ ယွီရှန်းက သူ(မ)နဲ့ မဆုံဖူးတာမလို့ မမှတ်မိတာ သဘာဝကျသည်။ မှတ်ဉာဏ်တွေ ပြန်စုစည်းလိုက်တော့ ထိုမိန်းကလေးက စေ့စပ်ထားတာကို ဖျက်ခဲ့လို့ မဒမ်ကြီးက ထိုမြေးချွေးမကို အလွန်ဒေါသထွက်ခဲ့ပြီး ၁လကျော်လောက် ဖျားခဲ့လေသည်။
အဖွားဖြစ်သူ သဘောမတူသရွေ့ အနာဂတ် ယောက်မ ဟူသော ခေါင်းစဥ်က သူ(မ)ဟာ မဟုတ်ပေ။ ဒီယောက်မလေးကို မကာကွယ်ပေးသေးခင် ၂ဖက်လုံးထံက အကူအညီကို လိုချင်လို့ အငြင်းပွားတာကို စောင့်ဆိုင်းနေခဲ့ပြီးမှ ရှေ့ထွက်လာခြင်း ဖြစ်သည်။ ဒီမိန်းကလေးက အကြံသမားဖြစ်ပြီး နှစ်ပေါင်းများစွာ အမြင့်ကို မှန်းနေတာလည်း မဆန်းတော့ပေ။
ဒီကောင်မလေးကိုမြင်သည့် ယွီရှန်းရဲ့ အမြင်က အောက်ကိုထိုးကျသွားကာ ခနဲ့တဲ့တဲ့ ပြောလေသည်။
“ငါ့ပစ္စည်း အလုခံနေရတာကို အစ်မဖူအာက အကျပ်အတည်းကနေ ဆွဲမထုတ်ပေးဘဲ အခု ဖျန်ဖြေပေးနေသေးတယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့မီးပုံးကို ဆံထိုးလေးတစ်ခုနဲ့ လဲပေးပြီး အဲဒီအကူအညီကို အမှတ်ရ စေချင်နေတာလား၊ အစီအစဥ်ကတော့ ကြားလို့ကောင်းပေမယ့် ငါ့ကို အရူးထင်ပြီး လှည့်စားနေတာလား၊ အခုတောင် ယောက်မလေးရဲ့ ပစ္စည်းကို တခြားလူအတွက် လဲပေးနေတယ် နောက်ကျရင် မိသားစုထဲ ဝင်လာပြီးရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ၊ ဒီယောက်မလေးကို သေအောင် နှိပ်စက်လိမ့်မယ်၊ ငါ့အစ်ကိုကြီး အခက်အခဲ ရောက်နေတုန်းကလည်း နှလုံးသားမဲ့ပြီး နင်က သစ္စာမဲ့ခဲ့တယ်၊ နည်းနည်းလေးမှ မကူညီခဲ့ဘူး၊ ဆက်ဆံရေးကို ဖြတ်တောက်ဖို့တောင် တွေးခဲ့သေတယ်၊ ဒီတစ်ခါတော့ ငါနင့်ကို အားကိုးလို့ရမယ် မထင်ဘူး”
ချန်ယာဖူရဲ့ ဖြေရှင်းနည်းက အလုပ်မဖြစ်ဘဲ ချင်းဟယ်ကျွင်းကျူကို ပိုပြီး စိတ်တို လာလေစေကာ သူ(မ)အတွက် အကူအညီ မယူနိုင်တော့ပေ။ တခြားလူဆိုရင် အင်တင်တင်ဖြင့် လက်ခံလိုက်မည် ဖြစ်သော်လည်း ဒီလိုဖြစ်လာမှတော့ ယွီရှန်းက ကိုယ့်အရှုံးကလွဲရင် အရာအားလုံးကို သည်းခံနိုင်သည်။ သူ့ပစ္စည်းကို လုယူဖို့ ကြံရင် မျက်နှာကို သွေးထွက်သည်အထိ ဆွဲကုတ်ခံရဖို့ ပြင်ထားသင့်သည်။
နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ရည်ဥကြီးတွေ ကျလာအောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြေကွဲဆို့နင်စွာ ပြောလေသည်
“ငါ့ရဲ့သွေးသားတော်စပ်တဲ့အစ်မနဲ့ ယောက်မအလောင်းအလျာပါတဲ့ အဖွဲ့ကြီးက မသန်မစွမ်း ဖြစ်နေတဲ့ငါ့ကို အနိုင်ကျင့်နေတာ ဒါငါ့ကို သေစေချင်တာပဲ၊ ကောင်းပြီ အသက်ရှင်စရာအကြောင်း မရှိမှတော့ နင်တို့တွေပျော်အောင် ငါ့ဘာသာ မြစ်ထဲခုန်ချပြီး သေလိုက်တော့မယ်”
သူ(မ)က စကားပြောပြီးနောက် ဘာမှမပြောနိုင်တော့သလို စိတ်သောကရောက်ဟန်ဖြင့် သူ(မ)ဘာသာ သူ(မ) ဝှီးချဲကို ခက်ခက်ခဲခဲ မြစ်ကမ်းဆီ လှိမ့်သွားလေသည်။
ထောင်ဟုန်နှင့် လျိုလွီ့က စိတ်လှုပ်ရှားစွာ ဝူးဝူးဝါးဝါး လုပ်နေပေမယ့် အစေခံမိန်းမကြီးတွေ ချုပ်ထားတာကြောင့် လှုပ်မရ ဖြစ်နေသည်။
ချင်းဟယ်ကျွင်းကျူက တကယ်လန့်သွားပြီး တုန်ယင်ကာ လာခဲ့သည်။ သူ(မ)မျက်နှာက အမူအရာက စာရွက်လှန်တာထက် ပိုလျင်မြန်စွာပြောင်းလဲကာ နှလုံးခုန်မြန်ကာ အားအင်ပျော့သွားခဲ့သည်။ သူဘာလုပ်ဖို့ တွေးနေတာလဲ။ ဘုရင့်ဥယျာဥ်ထဲက မြစ်ထဲ ကိုယ့်ဘာသာ ခုန်ချသေမလို့လား။ အကုန်လုံး ဒုက္ခရောက်ကုန်မယ်။
လက်ဆန့်ထုတ်ကာ တားမည့်အချိန်မှာပဲ မျက်နှာထက်က အမူအရာက ထပ်ပြောင်းသွားခဲ့သည်။ ချုံးအာက အမောတကောဖြင့် ယွီရှန်းရဲ့ အင်္ကျီလက်ကို ဆွဲထားကာ
“အစ်ကိုကြီး မြန်မြန်လာပါဦး၊ လူတစ်ယောက်က ချုံးအာလေးကို အနိုင်ကျင့်ပြီး ကြာပန်းစေ့ကိတ်လေးကို သေအောင်လုပ်နေပါတယ်”
“….”
ကြာပန်းစေ့ကိတ်က ဘယ်သူလဲ.. သူများကို နာမည်ပြောင် ကောင်းကောင်းလေး မပေးတတ်ဘူးလား။ ယွီရှန်းက ဟန်ဆောင်နေတာ ဖြစ်သော်လည်း ချုံးအာရဲ့ သောကရောက်နေသည့်အသံကို ကြားပြီးနောက် ဟန်မဆောင်နိုင်တော့ပေ။ မျက်လုံး၂လုံးက မျက်ရည်တွေ ပြည့်လျှံကာ သူ(မ)ကို ကြည့်နေလေသည်။
ရှီဟယ်ဥယျာဥ်တစ်ခုလုံး ဒီအော်သံကြီးကို ကြားသွားလောက်ပြီ။ သူ(မ)က ဒီကလေးတစ်သိုက် လန့်ပြီး ထွက်ပြေးသွားအောင်သာ လုပ်ဖို့ တွေးခဲ့ပေမယ့် အခြေအနေတွေက ပြောင်းသွားခဲ့သည်။ မိဖုရားကြီးရှေ့မှာ ကိုယ်တိုင်အပြစ်က လွတ်ပြီး သူများကို ဘယ်လို အပြစ်ဖို့ရမလဲဆိုတာ တွေးဖို့လိုပြီ။ ကံကောင်းချင်တော့ အစ်ကိုကြီးက အိမ်ရှေ့စံကို ကယ်ထားခဲ့ပြီး သူက မသန်မစွမ်းမလို့ အပြစ်ပေးခံစရာ အကြောင်းမရှိပေ။ မင်းသားယွီရဲ့စံအိမ်ကို ဆန့်ကျင်မိပြီး အနာဂတ်မှာ အစ်ကိုကြီးကို ဒုက္ခပေးမိမှာကိုပဲ ကြောက်တာဖြစ်သည်။
အငိုနဲ့အရယ်ကြားမှာ လျင်မြန်စွာ မျက်နှာထက်တွင် ပူဆွေးသောကရောက်သည့် အသွင်ကို ဖမ်းလိုက်လေသည်။
ထိုအသိဉာဏ်မရှိသည့် ၂ယောက်က မီးပုံးကို သူ(မ)ကို မပေးသည့်အပြင် ပိုပြဿနာရှာတော့ ချင်းဟယ်ကျွင်းကျူက ဒေါသထွက်လာပြီး ခြိမ်းခြောက်လေသည်
“ဒီနေ့က မိဖုရားကြီးမွေးနေ့ကို သူများတွေ စိတ်သောကရောက်အောင် မြစ်ထဲ ခုန်ချချင်နေသေးတယ်၊ ကျင့်ဝတ်စည်းမျဥ်းတွေကို နင့်အိမ်က သင်မထားပေးဘူးလား”
“ပြဿနာရှာမနေနဲ့ သေချင်လို့လား”
လူတိုင်းက အော်ဟစ် တားမြစ်လေသည်။
“ယွီရှန်း သေချင်ရင်တောင် မှူးမတ်စံအိမ်ကို ငြိစွန်းအောင်မလုပ်နဲ့ လာခဲ့”
ယွီစီးယွီ့က ပြောလေသည်။ ယွီရှန်းရဲ့စိတ်က ပိုကောက်ကျစ်လာပြီး အကျိုးဆက်ကို မတွေးဘဲ ပြဿနာရှာနေတာ။
“ချုံးအာလေးက ကံကောင်းတာကို ယူဆောင်လာတာလား မကောင်းတာကို ယူဆောင်လာတာလား ဆိုတာကို ကိုယ်တော်မိဘတွေဖြစ်တဲ့ အရှင်မင်းကြီးနဲ့ မိဖုရားကို လူကိုယ်တိုင် မေးကြည့်ပါလား”
သြရှသည့် အသံက လူအုပ်ထဲကနေ ထွက်လာခဲ့သည်။ ချင်းဟယ်ကျွင်းကျူက လှည့်ကြည့်လိုက်တော့ ထိတ်လန့်သွားလေသည်။
အိမ်ရှေ့စံက လက်ကို အနောက်ကို ပစ်ထားကာ ရပ်နေသည်။ နှုတ်ခမ်းက အပြုံးရေးရေးလေး ဆင်ထားပေမယ့် အေးစက်သည့်မျက်လုံးတွေက မီးတောက် နေလေသည်။ ဘေးမှာတော့ မည်းမှောင်နေသော မျက်နှာထားဖြင့် မှူးမတ်ကြီးက ထွက်လာလေသည်။
“အစ်ကိုကြီး”
ကလေးမလေး၂ယောက်က သူတို့ အစ်ကိုကြီးဆီကို လက်ဆန့်တန်းကာ အော်ဟစ်လေသည်။
အိမ်ရှေ့စံနဲ့ မှူးမတ်ကြီးက သူတို့ရဲ့ အဖိုးတန်ညီမလေးတွေကို ပွေ့ခေါ်ကာ ထွက်သွားခဲ့သည်။ သရဲတွေ့လိုက်ရသလို ထိုမိန်းကလေးတစ်အုပ်က လမ်းဖယ်ပေးကာ ကြောက်လန့် နေကြလေသည်။
အစေခံအမျိုးသမီးတွေဆီက လွတ်သွားသည့် ထောင်ဟုန်နှင့်လျိုလွီ့ကလည်း စကပ်ကြီးမကာ အမှီပြေးလိုက်သွားခဲ့သည်။
“မိဖုရားကြီးက နံပါတ်၉မင်းသမီးအတွက် စာလုပ်ဖော်ရှာပေးမှာမလို့ နင်က သေချာလေး ပြုမူနေထိုင်ရမယ်နော်…”
ချင်းဟယ်ကျွင်းကျူက အိမ်ကမထွက်ခင် အမေမှာသည့် စကားကို ပြန်အမှတ်ရသွားခဲ့သည်။ သူ(မ)က နံပါတ်၉မင်းသမီးရဲ့ မီးအိမ်ကို လုယူခဲ့မိသည်။ နံပါတ်၉မင်းသမီးလေးက ဘုရင်ကြီး၊ မိဖုရားကြီးနဲ့အိမ်ရှေ့စံရဲ့ အချစ်ဆုံးလေးပဲ။ ဘယ်လို ဖြစ်သွားခဲ့တာလဲ။
ယွီစီးယွီ့နှင့် ချန်ယာဖူ ခေါင်းလှည့်လိုက်တော့ မြစ်ကမ်းတမံဘေးမှာ ရပ်နေသည့် မဒမ်အိုကြီးကို တွေ့လိုက်ပြီး သူတို့၂ယောက်လုံးရဲ့ မျက်နှာတွေက ဖြူရော်သွားခဲ့သည်။
“မဒမ်ကြီး ဒါ.. ဒါက.. “
ကျင့်ကော်မြို့စားမင်းရဲ့ ဇနီးက သူ့သမီးကို အစွမ်းကုန် ချီးကျူးပြောဆိုခဲ့ပေမယ့် အခုတော့ တစ်လုံးတောင် မဟနိုင်တော့ပေ။ စောနက ယွီရှန်းပြောခဲ့တဲ့ ဝေဖန်တဲ့ စကားတွေကြောင့် အကုန်ပျက်စီးသွားပြီ။ လက်မထပ်ရသေးခင်ကို ယောက်မလေးကို သေအောင် နှိပ်စက်တာလား။ ဒီလို အကြင်နာတရား ခေါင်းပါးတဲ့လူကို ဘယ်လို အားကိုးရမှာလဲ။ ထိုစကားကိုကြားတော့ မဒမ်အိုကြီး မျက်ခုံးပင့်သွားခဲ့သည်။ မြစ်ရေကို ကာထားသည့် တမံသာ မနိမ့်ပါက သူ(မ)အပြေးအလွှား သွားတားခဲ့ပြီပြီ ဖြစ်သည်။ သူ(မ)မသွားခင်မှာဘဲ အိမ်ရှေ့စံနှင့် မှူးမတ်ကြီးက အရင်ကြိုရောက်သွားခဲ့သည်။ အခုတော့ အခြေအနေတွေက ပိုဆိုးသွားပြီဖြစ်သည်။
ဘယ်လိုတောင် ဂြိုလ်ဆိုးဝင်နေတာလဲ။ ကျင့်ကော်မြို့စားရဲ့ဇနီးက ဒေါသထွက်ကာ စိုးရိမ်နေမိသည်။
“ရပြီး စိတ်ဝင်စားစရာ ဘာမှမရှိဘူး”
မဒမ်အိုကြီးက ခနဲ့ကာ လှည့်ထွက်သွားခဲ့သည်။
#####