TYCDTN
Chapter 17
ရှန်းအာ ကမဲလီးယားပန်း ယူထုတ်ကာ မျက်လှည့်ပြတိုင်း ချုံးအာက အာမေဍိတ်သံထွက်နေလေသည်။ ရှန်းအာက သူ(မ)ရဲ့ မုန့်တစ်ဘူးလုံးကို လိမ်စားတာတာတောင် သတိမထားမိဘဲ ရှန်းအာနား ကော်လိုကပ်နေကာ ထွက်သွားဖို့ ငြင်းဆန်နေသည်။
နံပါတ်၉မင်းသမီးလေးကို တစ်ယောက်တည်းချောင်လေးမှာ ပုန်းမနေစေချင်ဘဲ တခြားအဆင့်အတန်းမြင့် အိမ်တော်က သမီးတွေနှင့် ရင်းနှီးစေချင်လို့ အစေခံအိုကြီးက ခေါ်ထုတ်လာရခြင်းဖြစ်သည်။
နံပါတ်၉မင်းသမီးလေးက လူတွေနဲ့ထိတွေ့ဆက်ဆံခြင်းမရှိဘဲ လူစိမ်းတွေကိုဆိုရင် ရှက်တတ်သည်။ နံပါတ်၉မင်းသမီးလေးရဲ့စာလုပ်ဖော်ကို တခြားမင်းသမီးတွေလို မိဖုရားကြီးက ရွေးချယ်ပေးတာမဟုတ်ဘဲ မင်းသမီးလေးစိတ်ကြိုက် ရွေးခိုင်းမည်ဖြစ်သည်။ အကျိုးလိုလို့ ညောင်ရေလေးသည့် ရန်ကဝေးအောင်လို့ မိဖုရားကြီးက မင်းသမီးလေးကို သာမာန်ဝတ်စုံသာ ဆင်ပေးခဲ့သည်။
ထိုအခြေအနေမှာ နံပါတ်၉မင်းသမီးလေးရဲ့ နှစ်သက်ခြင်းကို ခံရမည့်မျိုးရိုးမြင့် မိန်းကလေးရှိရင် ထိုကိစ္စ ပြီးမြောက်ပြီဖြစ်သည်။
အစေခံအိုကြီးက ယွီရှန်းရဲ့ခြေထောက်ကိုတွေ့ပြီးနောက် စိတ်လှုပ်ရှားကာ တုံ့ဆိုင်းသွားလေသည်။ ထိုမိန်းကလေးက သူ့အစ်ကိုကယ်ဖို့ ခြေထောက်ကို စတေးခဲ့သည့် မှူးမတ်စံအိမ်တော်ကြီးက တရားဝင်သမီး ဖြစ်ကြောင်း ခန့်မှန်းယူဆလိုက်သည်။ တက်ကြွပြီး ဟာသဉာဏ်ရွှင်တာကြောင့် ဘာမှပြောစရာ မရှိပေမယ့် သူ့ဒီခြေထောက်နှင့် နန်းတော်ကို နေ့တိုင်းလာပြီး စာလုပ်ဖော်လုပ်ရတာက သူ့ကို ဒုက္ခကြီးစေလိမ့်မည်။
ဘာပဲဖြစ်ဖြစ် သူ(မ)က မိဖုရားကြီးကို တင်ပြကာ ဆုံးဖြတ်ခိုင်းရမည်ဖြစ်သည်။
ချုံးအာလေးရဲ့ နောက်ကြောင်းအမှန်ကို မသိသည့် ယွီရှန်းက သူ(မ)အောက်ပိုင်းကို အုပ်ထားသည့်စောင်ကို မပြကာ ကလေးမလေးကို ကြည့်ရှုနေစေသည်။
ချုံးအာလေးက ဆောင့်ကြောင့်ထိုင်ကာ လက်ကလေးဖြင့် တို့ကြည့်ပြီး အံ့သြစွာ အော်ပြောလေသည်
“နူးညံ့နေတာပဲကော”
ဒီပေါက်စလေးက သူ့ခြေထောက်က သစ်သားနဲ့လုပ်ထားလို့ လမ်းမလျှောက်နိုင်တာလို့ တွေးနေတာလား။ ယွီရှန်းက ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားကာ ပေါက်စလေးရဲ့ ပါးအိအိလေးကို ထိုးလိုက်ကာ
“ဒါပေါ့ နူးညံ့တာပေါ့”
“ဒါဆို ဘာလို့ လမ်းမလျှောက်နိုင်တာလဲ”
နံပါတ်၉မင်းသမီးက မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေလေသည်။
“ကြည့်လေ ဒီအထဲမှာ ကျောက်မျက်ရတနာကြီး ၂လုံးရှိတယ် အဲဒါက လူဆိုးတွေကြောင့် ပျက်ဆီးသွားခဲ့ပြီ၊ လမ်းထပ်မလျှောက်ခင် သင့်လျော်တဲ့ ကျောက်မျက်ရတနာ ၂လုံးကို ရှာပြီး အစားထိုးရဦးမှာ”
ယွီရှန်းက ဒူးခေါင်းကိုထိုးပြကာ ပေါက်ကရတွေ ဇာတ်လမ်းထွင်ကာ ပြောလေသည်။ ဆေးပညာ သဘောတရားတွေကို အသက် ၇နှစ်၈နှစ်ကလေးကို ရှင်းပြလို့မရပေ မဟုတ်ပါက မေးခွန်းတွေထပ်မေးလာရင် ပိုပြီးရှုပ်ထွေးကုန်မည်။
အစေခံအိုကြီးရဲ့ နှုတ်ခမ်းတွေက ကော့တက်သွားခဲ့သည်။ ဒီလို ဇာတ်လမ်းတွေ လုပ်ကြံကာ ပြောတတ်သည့် မျိုးရိုးမြင့် မိန်းကလေးမျိုး မတွေ့ဖူးပေ။
ထိုစကားကိုကြားတော့ ချုံးအာလေးက အံ့သြလွန်းလို့ စကားတောင် မပြောနိုင်တော့ပေ။ ထူးဆန်းဖွယ်ရာကြီးနှင့် ကြုံလိုက်ရသလို ဒူးခေါင်းကို ကြည့်နေလေသည်။ ခဏနေတော့ ခါးစည်းနားက အိတ်ကလေးထုတ်လာကာ ယွီရှန်းကို ကမ်းပေးပြီး
“မမအတွက်”
အစေခံအိုကြီးရဲ့မျက်လုံးတွေ မည်းမှောင်သွားလေသည်။
ယွီရှန်းက အိတ်ကလေးကိုယူကာ ဖွင့်ကြည့်လိုက်သည်။ အိတ်ထဲမှာ စျေးကြီးကာ ရှားပါးသည့် ကျောက်မျက်ရတနာတွေအစုံ ပါလေသည်။ ဒီကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။
“မြန်မြန်လေး အစားထိုးလိုက်လေ”
ချုံးအာက ယွီရှန်းရဲ့ လက်မောင်းတွေကို အလျင်စလို ထိကိုင်နေလေသည်။
ယွီရှန်းက ခေါင်းခါပြီး
“ဒီကျောက်မျက်ရတနာတွေက မကိုက်ညီဘူး”
အလွန်အမင်း စိတ်ပျက်သွားသည့် ကလေးလေးကို ပွတ်သပ်ပေးပြီး ပြုံးပြကာ
“ချုံးအာလေးကို ကျေးဇူးအများကြီးတင်ပါတယ်၊ စိတ်မပူပါနဲ့ ငါ့အစ်ကိုကြီးက ငါ့ခြေထောက်တွေ လမ်းပြန်လျှောက်လို့ရအောင် ကိုက်ညီတဲ့ကျောက်မျက်ရတနာကို ရှာပေးလိမ့်မယ်”
ယွီရှန်းက ပြောရင်း အိတ်လေးကိုချည်ကာ ခါးစည်းထဲ ပြန်ထည့်ပေးပြီး မည်းမှောင်နေသည့် အစေခံအိုကို တစ်ချက်ကြည့်လိုက်သည်။ သူက ဘာလို့ယူရမှာလဲ။ ပုံပြင်တွေ ဇာတ်လမ်းထွင်ပြောပြီး ကလေးရဲ့ပစ္စည်းကို ယူရမှာလား။ အရင်ဘဝက စီးခဲ့တဲ့ ဖိနပ်တောင် စိန်စီထားတာနော် ဒီလောက်လေးတွေ စိတ်မဝင်စားဘူး။
အစေခံအိုကြီးက ရှက်ကာ ခေါင်းငုံ့သွားခဲ့သည်။ ဒီမိန်းကလေးက မှူးမတ်ကြီးလို ဂုဏ်သိက္ခာ ကြီးမားသည်။ သူ(မ)သာ စိတ်ထားသေးသိမ်ကြောင်း မိဖုရားကြီး သိသွားပါက တကယ်ရှက်ဖို့ကောင်းလှသည်။
ချုံးအာလေးကတော့ လူ၂ယောက်ရဲ့အခြေအနေကို သတိမထားမိပေ။ ကလေးမလေးက အိတ်လေးကို စိတ်ပျက်စွာ ပွတ်သပ်ရင်း
“ရှာတွေ့သွားတဲ့အခါ ဘယ်လိုပြန်ထည့်မှာလဲ”
“ဒီလိုလေ”
ယွီရှန်းက လက်ဝါးထဲ ကြေးဒင်္ဂါးပြားလေးထည့်ပြီး ဒူးခေါင်းပေါ် ရိုက်ဖိချကာ ကြေးဒင်္ဂါးပြားလေး လေထဲပျောက်သွားအောင် လုပ်ပြလိုက်သည်။
ချုံးအာလေးက အံ့သြနေခဲ့သည်။
ယွီရှန်းက ဒူးခေါင်းကို ထပ်ရိုက်လိုက်တော့ လက်ဖဝါးထဲမှာ ကြေးဒင်္ဂါးပြားလေးက ထပ်ပါလာလေသည်။
ချုံးအာက အသက်ရှူမှားအောင်ပင် အံ့သြနေပြီး သူက လုံးဝနတ်ဘုရားပဲဟု စိတ်ထဲကလည်း အော်ဟစ်နေလေသည်။
အစေခံအိုကြီးကလည်း အံ့သြနေပြီး မြို့တော်က အဆင့်အတန်းမြင့် မိသားစုရဲ့သမီးတွေထဲမှာ ဘယ်သူမှ မှူးမတ်စံအိမ်တော်ရဲ့သမီးလောက် ဉာဏ်မကောင်းဘူးဟု တွေးလိုက်လေသည်။ သနားစရာပဲ… တကယ်ကိုသနားစရာပဲ..
အိမ်ရှေ့စံက သူ့ညီမရဲ့အိတ်ထဲကို ကြေးဒင်္ဂါးပြားထည့်ပေးနေသည့် ယွီရှန်းကို ညွှန်ပြကာ တီးတိုးပြောလေသည်
“မောင်မင်းရဲ့ညီမလေးကို တကယ်သနားလိုက်တာ”
“ဉာဏ်ကောင်းပြီး သွက်လက်တယ် သိလည်း သိတတ်ပြီး ဟာသဉာဏ်လည်းရွှင်တယ်”
ခေတ်မှီဆန်းသစ်သည့် တရုတ်ရိုးရာပန်းချီကို မျိုးရိုးမြင့်အမျိုးသမီးတွေဟု တင်စားပါက ယွီရှန်းက လွတ်လပ်စွာဖန်တီးနိုင်သည့် ဆေးရောင်စုံလေးဖြစ်လိမ့်မည်။
သူ့ခြေထောက်တွေသာ သေမနေရင် နှစ်အနည်းငယ်လောက် ကြာပြီးရင် ဘယ်လောက်တောင် အရည်အချင်း ရှိတဲ့လူ ဖြစ်နေမလဲ။ အိမ်ရှေ့စံက နောင်တရစွာ ခေါင်းခါလိုက်လေသည်။
ယွီဖင်ယန်ရဲ့မျက်နှာထက်တွင်လည်း ခါးသီးသည့် ခံစားချက်ပေါ်လာကာ သူကသာ ယွီရှန်းကို ဒီလိုဘဝ ဖြစ်စေခဲ့တဲ့လူမလို့ ဒီဘဝတော့ ယွီရှန်းကို ကျေးဇူးဆပ်လို့ ကုန်မည်မဟုတ်ပေ။
ချုံးအာလေးက အရမ်းပျော်ရွှင်နေပြီး ယွီရှန်းကို ဆက်ပြီး တင်ဆက်ခိုင်းခဲ့သည်။ ကံကောင်းလို့ ဒဏ်ရာတွေ ပျောက်သွားတော့ ခြေထောက်တွေ မကိုက်တော့လို့ မဟုတ်ပါက အရမ်းကို နာကျင်နေမည် ဖြစ်သည်။ မိနစ်၂၀ကျော်လောက် မျက်လှည့်ပြပြီးနောက် လုံးဝ ပင်ပန်းသွားလေသည်။ သိပ်မဝေးသည့်နေရာက အလင်းတန်းကို ညွှန်ပြကာ မျှော်လင့်ချက်ဖြင့် နှိုးဆော်လေသည်။
“အဲဒီ မီးပုံးတွေကို သွားကြည့်ကြမလား”
ချုံးအာက ပါးစပ်ပိတ်သွားပြီး ကြောက်လန့်သည့်အမူအရာ ပေါ်နေလေသည်။
ဒီကလေးက လူမှုဆက်ဆံရေးခေါင်းပါးကာ လူစိမ်းတွေကို ကြောက်တတ်လို့ သူ(မ)နှင့် ဒီထောင့်လေးမှာ ပျော်ရွှင်နေကြောင်းကို သတိထားမိခဲ့သည်။ များသောအားဖြင့် ၇နှစ်၈နှစ်အရွယ်ကလေးတွေက မျောက်မူးလဲတဲ့အထိ ဆော့တတ်ကြသည်။
“လမ်းကျဥ်းကျဥ်းလေးထဲကပဲလျှောက်ပြီး ဝရန်တာကနေပဲ မီးပုံးတွေကြည့်ကြမလား”
ဒူးခေါင်းကို ထပ်မထိနိုင်တော့ပေ။ ဒူးခေါင်းကို ကြေးဒင်္ဂါးပြားနှင့် အကြိမ်များစွာ ရိုက်ရတာက ကိုယ်ဒုက္ခကိုယ်ရှာတာနှင့် ဆင်တူသည်။
ချုံးအာက ခြေဖျားထောက် ကြည့်လိုက်သည်။ လမ်းကျဥ်းလေးနှစ်ဖက်ကို ပန်းပင်တွေ သစ်ပင်တွေနှင့် ဝန်းရံထားတာကြောင့် လူအုပ်ကြီးနှင့် နီးကပ်မနေပေဘဲ တစ်ဖက်ကနေ မီးပုံးတွေကို ကြည့်ရှုလို့ရသည်။ ချုံးအာလေးက ခဏလောက်စဥ်းစားပြီးနောက် ခေါင်းညိတ်ပြခဲ့သည်။
ယွီရှန်းက သူ(မ)ရဲ့ အစေခံမလေး၂ယောက်ကို ဝှီးချဲတွန်းပေးဖို့ပြောလိုက်ပြီး ဟိုဖက်လှည့်လိုက်မှပဲ စိတ်သက်သာရာရသွားသလို ရင်ဘတ်လေးကိုပုတ်လိုက်လေသည်။ အစေခံအိုကြီးနှင့် အစ်ကိုကြီး၂ယောက် ကြိတ်ရယ်နေတာကိုတော့ သူ(မ)သတိမထားမိလိုက်ခဲ့ပေ။ ဟာသဉာဏ်ရွှင်တဲ့လူတောင် ချုံးအာရဲ့ အလျော့မပေးဘဲ ကုပ်တွယ်မှုအောက်မှု ပိတ်မိနေတော့ အရာအားလုံးက ပြေးမလွတ်တဲ့ သံသရာစက်ဝန်းကြီး ရှိတယ်ဆိုတာ မှန်သားပဲ။
အရှေ့ဖက်က မီးပုံးတွေအများကြီးချိတ်ထားသည့် သစ်ပင်ကြီးဆီကို ၂ယောက်သား လျှောက်သွားလိုက်ပြီး ဒီနေရာက အလွန်ဝေးတာကြောင့် ဘယ်သူမှသတိမထားမိပေ။ ယွီရှန်းက အလှအပကို ခံစားပြီးနောက် ပြောလေသည်
“ဒီလက်ရေးက ငါ့အစ်ကိုကြီးရဲ့လက်ရေးလောက်မလှဘူး”
“သမီးအစ်ကိုကြီးလောက်လည်းမလှဘူး”
ချုံးအာကလည်း အတည်ပေါက်ဖြင့်ခေါင်းညိတ်ပြခဲ့သည်။
ယွီရှန်းက ကလေးမလေးကိုကြည့်ပြီးနောက် တခြားမီးပုံးတစ်လုံးကို ညွှန်ပြကာ
“ဒီမီးပုံးရဲ့ ပန်းချီကလည်း ငါ့အစ်ကိုကြီးရဲ့ အနုပညာလက်ရာလောက်မကောင်းဘူး”
“သမီးအစ်ကိုကြီးလောက်လည်း မကောင်းဘူး၊ သမီးအစ်ကိုကြီးက အတော်ဆုံးပဲ လုံးဝ အတော့်အတော်ဆုံး”
ချုံးအာလေးက လက်မထောင်ပြပြီး တစ်ချောင်းတည်းဖြင့် မလုံလောက်ဘူးလို့ ခံစားရတာကြောင့် လက်မ၂ချောင်းထောင်ပြခဲ့သည်။
“ငါ့အစ်ကိုကြီးကလည်း အတော်ဆုံးပဲ လုံးဝလုံးဝကို အတော့်အတော်ဆုံး”
ယွီရှန်းက ကလေးမလေးကို စနောက်ဟန်ဖြင့်ကြည့်လေသည်။
“မမရဲ့အစ်ကိုက မတော်ဘူး”
ချုံးအာလေးက လက်ခါယမ်းပြကာ ချေပလေသည်။
“နင့်အစ်ကိုကလည်း မတော်ပါဘူးနော်”
ယွီရှန်းကလည်း ကြွားလုံးထုတ်ကာ ကြိတ်ရယ်နေလေသည်။ ရန်အစခံရသည့် ကလေးက မျက်လုံးတွေနီလာပြီး နှုတ်ခမ်းကြီးစူလာကာ စကားပင်မပြောနိုင်တော့တာကိုကြည့်ပြီး စရတာ အလွန်ကျေနပ်ဖို့ကောင်းနေသည်။
ချုံးအာလေးက ခဏလောက် ဆွံ့အနေပြီးမှ ပြန်ပြောလေသည်
“မမအစ်ကို မမအစ်ကိုက သမီးအစ်ကိုလောက် မတော်ဘူး”
“နင့်အစ်ကိုလည်း ငါ့အစ်ကိုလောက်မတော်ပါဘူးနော်”
ယွီရှန်းက ချက်ချင်းချေပလိုက်ပြီး နှာခေါင်းထိပ်လေးနီကာ ငိုမဲ့မဲ့ဖြစ်နေသည့် ချုံးအာလေးကိုကြည့်ပြီး ကြိတ်ရယ်နေလေသည်။
အစေခံအိုကြီးက သနားကြင်နာစွာကြည့်ပြီး စိတ်ထဲကတွေးလိုက်လေသည် သခင်မလေးရဲ့ အစ်ကိုကြီးက အိမ်ရှေ့စံမင်းသားဆိုတာကို အဲဒီမိန်းကလေးသိသွားရင် ကြောက်လို့မေ့လဲသွားလောက်တယ်။
ယွီရှန်းက စနောက်လိုက်နိုင်တာကို အလွန်ကျေနပ်သွားပြီး ချုံးအာကို သူ(မ)ဘေးကိုဆွဲပြီး ခေါင်းကိုနူးညံ့စွာ ပွတ်သပ်ပေးပြီး ချော့လေသည်
“ဟုတ်ပါပြီ ဟုတ်ပါပြီ နင့်အစ်ကိုကြီးကပဲ အတော်ဆုံးပါ၊ လုံးဝ လုံးဝ အတော်ဆုံး၊ ညီမလေးတိုင်းက သူတို့အစ်ကိုတွေက အတော်ဆုံးပဲလို့ထင်ကြတာပဲလေ ဒါကြောင့် ငါတို့၂ယောက်လုံးရဲ့ အစ်ကိုကြီး၂ယောက်လုံးက အတော်ဆုံးတွေပဲ”
ချုံးအာလေးက တွေးကြည့်ပြီးနောက် ငိုနေရင်းမှ ရယ်ပြခဲ့လေသည်။
ဒီကလေးကလည်း အစ်ကိုဖြစ်သူကို ခင်တွယ်တာပဲ။ အထိမခံတာလည်း မဆန်းပါဘူး။ ယွီရှန်းက ချုံးအာရဲ့ နီရဲနေသည့် နှာခေါင်းထိပ်ကို ထိကာ ရယ်လေသည်။
ထိုအမျိုးသမီးလေးက သူပျော်ရွှင်ဖို့အတွက် ကလေးကို အနိုင်ကျင့်နေသည်ဆိုတာကို ကောင်းကင်ဘုံတစ်ခုတည်းကသာ သိနိုင်သည်။ တခြားလူတွေရဲ့ မျက်လုံးထဲမှာတော့ ချစ်စရာကောင်းသည့် ကလေးမလေး၂ယောက်က သူတို့အစ်ကိုကြီးတွေကို ခုခံကာကွယ်ပေးနေသည်ဟု မြင်နေကြလေသည်။ ထိုမြင်ကွင်းက အလွန်ချိုမြကာ နွေးထွေးလွန်းသည်။
ခက်ထန်သည့် အစေခံအိုကြီးရဲ့ မျက်နှာတောင် နူးညံ့သွားပြီး အမှောင်ရိပ်ကနေ စောင့်ကြည့်နေသည့် အစ်ကိုကြီး၂ယောက်က သူတို့ရဲ့ ညီမလေးတွေကို ချစ်မြတ်နိုးစွာ သွားပွေ့ပိုက်ထားချင်နေလေသည်။
၂ယောက်လုံး ပြန်တည့်သွားကြပြီး သစ်ပင်ကြီးတွေကိုကျော်ဖြတ်ကာ ဝရန်တာအဆုံးဘက်ကိုသွားလိုက်လေသည်။ ပြတင်းပေါက်ကော နံရံအထူကြီးပါ ကာရံထားခြင်းမရှိတာကြောင့် အဝါဖျော့ရောင်မီးတောက်လေးတွေနှင့် ရယ်သံတွေက လူ့စိတ်ကိုကြည်နူးစေသည်။ အောက်ခြေမှာကျောက်မျိုးစုံစီထားသည့် ဖီးနစ်ငှက်ပုံ မီးပုံးကို တံစက်မြိတ်အမြင့်ဆုံးမှာ ချိတ်ဆွဲထားပြီး အလင်းတွေ ဖြာထွက်နေသည်။ အထဲမှာဖရောင်းတိုင်ထည့်ထားပါက ဒစ်စကိုမီးထက် ပိုတောက်နိုင်သည်။
ယွီရှန်းက နောက်တစ်ချက်ထပ်ကြည့်လိုက်လေသည်။
ချုံးအာလေးက စိတ်လှုပ်ရှားကာ တီးတိုးပြောလေသည်
“အား အဲဒါ သမီးရဲ့မီးပုံး ပြန်ယူရမယ်”
သူ(မ)က ရှေ့ကို၂လှမ်းလောက်တိုးလိုက်ပေမယ့် လူအုပ်ကြီးကိုမြင်တော့ နောက်ပြန်ဆုတ်သွားခဲ့သည်။ မျက်နှာအမူအရာလေးက အလွန်သောကရောက်နေဟန်ပေါ်နေသည်။
“ကံဆိုးချင်တော့ ငါ့အစ်ကိုကြီးက ဒီမှာ မရှိဘူး မဟုတ်ရင် နင့်ကိုအနိုင်ပေးခိုင်းလို့ရတယ်”
ကလေးမလေးက မီးပုံးကိုလိုချင်နေတာကြောင့် ဝမ်းနည်းနေသည်ဟု တွေးလိုက်လေသည်။
ထိုဖီးနစ်ပုံမီးပုံးကြီးက တကယ်တော့ ဒီနေ့ပွဲအတွက် မီးပုံးကြီးဖြစ်ကာ လူတိုင်းယူပြန်လို့ရပေမယ့် မိဖုရားကြီး၏ စစ်ဆေးချက်ကို အောင်မြင်ဖို့လိုသည်။ လူ၂ယောက်အတူတူပြိုင်ရမှာဖြစ်သည်။ စင်ပေါ်က တစ်ယောက်က ပစ္စည်းများစွာထဲက ပစ္စည်းတစ်ခုရွေးထုတ်ပြီး သေတ္တာထဲထည့်ရကာ နောက်တစ်ယောက်က စင်အောက်ကနေ ခန့်မှန်းရမည်ဖြစ်သည်။ မီးပုံးကြီးကို အိမ်ပြန်ယူသွားနိုင်ဖို့ ပွဲစဥ်၁၂ခုကို အနိုင်ယူရမှာဖြစ်ပြီး ပထမပွဲကို ပစ္စည်း၂ခုထဲကရွေးပြီး ဒုတိယပွဲကို ပစ္စည်း၃ခုထဲကရွေးပြီး နောက်ဆုံးပွဲကို ပစ္စည်း၁၂ခုထဲကရွေးမည်ဖြစ်သည်။
မိဖုရားကြီးရဲ့ ပစ္စည်းတန်ဖိုးက အလွန်ကြီးမားမှာမလို့ လူတိုင်းဝင်ယှဥ်ပြိုင်ခဲ့ပေမယ့် ရှုံးသွားခဲ့သည်။
ပထမပွဲစဥ်အတွက် နိုင်နိုင်ချေက 50ရာခိုင်နှုန်းရှိပြီး ဒုတိယပွဲစဥ်အတွက် 33ရာခိုင်နှုန်းရှိပြီး တတိယပွဲစဥ်က 20ရာခိုင်နှုန်းသာရှိသည်။ တစ်ခုမှ မှားယွင်းခွင့်မရှိတာမလို့ ထီလက်မှတ်ဝယ်တာထက်ပင် ကံကောင်းနိုင်ချေနည်းသည်။ ၂ယောက်သား စိတ်ချင်းဆက်သွယ်မှုသာမရှိပါက ထိုစမ်းသပ်ချက်ကို နိုင်မည်မဟုတ်ပေ။
ထိုမီးပုံးကြီးကို ဘယ်သူမှ ယူမသွားနိုင်အောင် မိဖုရားကြီးက တမင်အကျင့်ယုတ်တာဖြစ်သည်။ မိဖုရားကြီးရဲ့ ပရိယာယ်ကိုနားလည်ပြီးနောက် ယွီရှန်းက အပြစ်တင်လိုက်လေသည်။
#####