TYCDTN
Chapter 13
ထောင်ဟုန်နှင့် လျိုလွီ့က နှုတ်ဆက်ကာ အရိုအသေပေးကြလေသည်။
အစွမ်းရှိဆေးဆရာဖူက ပြတင်းပေါက်နားမှာ လဲလျောင်းနေသည့် ချစ်စရာကောင်းကာ မျက်လုံးထဲ ရွှင်လန်းတက်ကြွမှုတွေပြည့်နေသည့် ယွီရှန်းကို ညွှန်ပြရင်း
“ဒါက မင်းရဲ့ အားအင်ချည့်နဲ့ပြီး သနားဖို့ကောင်းတဲ့ ညီမလေးလား၊ ငါ့အမြင်တွေ မှုန်ဝါးနေတာပဲဖြစ်မယ်၊ သူ့မျက်နှာတစ်ခုလုံး ဘဝင်လေဟပ်နေပြီး ဇွတ်တရွတ် လုပ်တတ်တဲ့အမှုအရာတွေ အပြည့်ပဲ ဘယ်မှာ သနားစဖွယ်ကောင်းနေလို့လဲ၊ စောနက ကိစ္စကိုကြည့်ဦး တကယ်ကို ရှိန်လောက်တယ်ဟေ့ လူကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင်တောင် လုပ်နိုင်တယ်”
ယွီဖင်ယန်က ဘာမှ ပြန်မပြောဘဲ ခြံထဲဝင်လာ နူးညံ့စွာခေါ်လေသည်။
“ရှန်းအာ”
စောနက အားရစွာ ရယ်နေသည့် ကလေးမလေးက ချက်ချင်း ပါးစပ်ပိတ်သွားကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှာခေါင်းထိပ်လေးနီရဲသွားအောင် မျက်ရည်တွေ ကျလာလေသည်။ သူ(မ)က ပြတ်တောင်းပြတ်တောင်းဖြင့် အစ်ကိုကြီး ဟူသော စကားတစ်လုံးကိုသာ ပြောနေခဲ့သည်။ ပုံစံလေးက အလွန်သနားစဖွယ်ကောင်းကာ စောနက လူကိုထွက်ပြေးအောင် လုပ်လိုက်သည့် မြင်ကွင်းကို မတွေ့ခဲ့ပါက သူ(မ)ကသာ အလွန်အမင်း အနိုင်ကျင့်ခံခဲ့ရသည်ဟု ထင်နိုင်သည်။
ဒီတစ်ခါတော့ အမှန်အတိုင်း မြင်တွေ့ခဲ့ရလေသည်။ ကလေးမလေးရဲ့ အပြောင်းအလဲမြန်သည့် မျက်နှာထားကြောင့် အစွမ်းရှိဆေးဆရာဖူ တုန်လှုပ်သွားလေသည်။
“အစ်ကိုကြီး အစ်ကိုကြီး နောက်ဆုံးတော့ ပြန်လာပြီကို အရမ်းသတိရနေခဲ့တာ”
သူ(မ)က ပြတင်းပေါက်ကနေ ကိုယ်တစ်ပိုင်းထွက်ကာ အော်နေပြီး ပွေ့ဖက်ခံရဖို့ လက်၂ဖက် ဆန့်ထုတ်ပေးနေလေသည်။
ဒါက သူအိမ်ပြန်လာကို ပထမဆုံး နွေးနွေးထွေးထွေးနှင့် စိတ်အားထက်သန်စွာ ကြိုဆိုခံရခြင်း ဖြစ်သည်။ ယွီဖင်ယန်ရဲ့ အေးစက်သည့်မျက်နှာက နူးညံ့သွားကာ ခြေလှမ်းတွေ သွက်လိုက်ပြီး အော်ပြောလေသည်
“မလှုပ်နဲ့ ပြုတ်ကျဦးမယ်”
ထို့နောက် အခန်းထဲဝင်ပြီး ကလေးမလေးကို ပွေ့ဖက်လိုက်လေသည်။ လက်ထဲပွေ့ဖက်ထားကာ ရယ်လျက်ပြောလေသည်
“ကိုယ်အလေးချိန်က လေးနေပြီး အဆင်ပြေနေတာပဲ အစားလည်း ပုံမှန်စားတယ်ထင်တယ်”
ထိုကြင်နာသည့် ရင်းနှီးမှုလေးက ယွီရှန်း သူ(မ)ရဲ့ အမြွှာအစ်ကိုနှင့် တစ်ခါမှ မခွဲခွာဖူးခဲ့သလို ခံစားရစေသည်။ သူ(မ)က ယွီဖင်ယန်ကို တည်ငြိမ်စွာကြည့်ရင်း လက်ဆန့်ထုတ်ကာ မျက်နှာကိုကိုင်ကာ စိတ်မချမ်းသာစွာ ပြောလေသည်
“အစ်ကိုကြီးက အများကြီး ပိန်သွားတာပဲ၊ ဒီတစ်ခေါက်တာဝန်က အရမ်းကို ခက်ခဲကြမ်းတမ်းတယ် ထင်တယ်”
ထိုစိုးရိမ်မှုနှင့်တင် ခက်ခဲကြမ်းတမ်းမှုတွေအကုန်လုံးက အခုတော့ အရေးမပါတော့သလို ခံစားလိုက်ရသည်။ ယွီဖင်ယန်က အပြုံးဖြင့် ခေါင်းခါပြကာ ကလေးမလေးကို သလွန်ထက်ပြန်မချပေးခင် နူးညံ့စွာ ထပ်ထွေးပွေ့ထားလိုက်လေသည်။
ယွီရှန်းက သူရဲ့အင်္ကျီအစွန်းစကိုဆွဲကာ ပြတင်းပေါက်အပြင်ကိုညွှန်ပြပြီး
“အဲဒါဘယ်သူလဲ”
အစွမ်းရှိဆေးဆရာက လျှာလိပ်ကာ ခြံထဲကပန်းပင်တွေကို ကြည့်နေလေသည်။ အပင်တွေက သေချာစိုက်ထားတာမဟုတ်ဘဲ နေရာလွတ်တွေမှာ ထည့်ထားခြင်းသာဖြစ်သည်။ အပင်တွေက ထူပိန်းရှင်သန်နေကာ ရှုပ်ထွေးပြီး လှပနေသည်။ ပထမတစ်ခါကြည့်ရင်တော့ မသိနိုင်ပေမယ့် ဒုတိယအကြိမ်၊ တတိယအကြိမ် ကြည့်ပါက အားမာန်ပြည့်ဝနေသည့် အသွင်ကိုမြင်နိုင်သည်။
ကလေးမလေးက ထူးခြားသည့်စရိုက်ရှိကာ ခြံဝန်းထဲကအပင်တွေကလည်း သူ(မ)နှင့် တူသည်။ အစွမ်းရှိဆေးဆရာဖူက ခေါင်းညိတ်လိုက်သည်။ ယွီရှန်း မေးမြန်းနေတာကိုကြားတော့ ပြတင်းပေါက်နား လျှောက်သွားကာ ပြုံးလျက် မိတ်ဆက်လေသည်
“ငါက နင့်ခြေထောက်တွေကို ကုပေးဖို့ နင့်အစ်ကိုခေါ်လာတဲ့ အစွမ်းရှိဆေးဆရာပဲ၊ ငါ့ကို အစွမ်းရှိဆေးဆရာဖူ လို့ခေါ်လို့ရတယ်”
သူ့ဘာသာသူ အစွမ်းရှိဆေးဆရာလို့ လာမိတ်ဆက်နေတာ တကယ်ကို အရှက်မရှိတာပဲ။ ယွီရှန်းက ပြုံးကာ ခေါင်းညိတ်ပြပြီး အစွမ်းရှိ ဆေးဆရာဖူလို့ ခေါ်လိုက်လေသည်။
အစွမ်းရှိဆေးဆရာဖူက ကျေနပ်စွာခေါင်းငြိမ့်ပြီး ပြောလေသည်
“ငါ့မှာ စည်းမျဥ်းတစ်ခုရှိတယ်၊ အဲဒါက ဒီဘဝမှာလူတစ်ယောက်ကိုပဲ ကုသပေးမယ်လို့ပေါ့၊ အစကတော့ နင့်ကိုကုသပေးဖို့ နင့်အစ်ကိုကို သဘောတူခဲ့ပြီး အဲအခွင့်အရေးကို နင်ရခဲ့တာပေါ့၊ ဒါပေမဲ့လည်း အိမ်ရှေ့စံက ပုလိပ်ရောဂါ ကူးခံလိုက်ရတော့ နင့်အစ်ကိုက အဲဒီ အခွင့်အရေးကို အိမ်ရှေ့စံကိုပေးပြီး ကုသခိုင်းခဲ့တယ်၊ ငါက အိမ်ရှေ့စံကို ကုသပေးခဲ့ပြီမလို့ နင့်ကို ကုပေးလို့မရတော့ဘူး၊ ငါပြောတာကို နားလည်လား”
ယွီရှန်းရဲ့အပြုံးက မပျောက်ကွယ်သွားပေမယ့် ယွီဖင်ယန်ရဲ့ အမူအရာက အေးစက်သွားလေသည်။ အစွမ်းရှိဆေးဆရာဖူက သူနဲ့အိမ်လိုက်ဖို့ လုပ်ခဲ့တော့ ယွီရှန်းကို ကုပေးဖို့ စိတ်ပြောင်းသွားသည်ဟု ထင်ခဲ့မိသည်။ သူက ဒီကိုလာပြီး လှောင်ပြောင်ကာ ယွီရှန်းနှင့် သူ့ကြားကို သွေးထိုးပေးနေသည်။ သူသာ စောစောသိခဲ့ပါက ဒီလူကြီးကို မောင်းထုတ်နှင့်ပြီ ဖြစ်သည်။
ယွီဖင်ယန်က သူ့ညီမရဲ့ လက်ချောင်းလေးတွေကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြောလေသည်
“တောင်းပန်ပါတယ် ရှန်းအာ၊ တစ်နေ့ကျရင် ဆေးဆရာကောင်းတစ်ယောက်ကို ညီမလေးအတွက် သေချာပေါက် အစ်ကိုကြီးရှာပေးပါ့မယ်”
“ဒီကမ္ဘာပေါ်မှာ ငါနဲ့ ဆေးဆရာ ခူဟွေးကလွဲရင် သူ့ကို ဘယ်သူမှ မကုပေးနိုင်ဘူး၊ ပိုကောင်းတဲ့ဆေးဆရာကို ဘယ်မှာသွားရှာမလို့လဲ”
အစွမ်းရှိဆေးဆရာဖူက ဘဝင်လေဟန်မှုတွေပြည့်နက်နေလေသည်။
ယွီဖင်ယန်က သူ့ကို စူးဝါးစွာကြည့်ပြီး မောင်းထုတ်ချင်ပေမယ့် ယွီရှန်းက သူ့လက်ကို တင်းတင်းလေး ပြန်ဆုပ်ကိုင်လာခဲ့သည်။ ယွီရှန်းက ပြုံးကာပြောလေသည်
“အစ်ကိုကြီး တောင်းပန်စရာမလိုပါဘူး၊ အိမ်ရှေ့စံက ဧကရာဇ်အလောင်းအလျာဖြစ်ပြီး အစ်ကိုကြီးက သစ္စာခံထားတဲ့လူမလို့ အိမ်ရှေ့စံကို ကယ်သင့်ပါတယ်၊ ပြီးတော့ အိမ်ရှေ့စံရဲ့ကျေးဇူးနဲ့ အစ်ကိုကြီးက မှူးမတ်ရာထူးကိုရခဲ့ပြီး မှူးမတ်စံအိမ်ကြီး မပြိုလဲအောင် လုပ်ဆောင်နိုင်ခဲ့တာလေ၊ ဒီကြီးမားလှတဲ့ကျေးဇူးကို ပြန်ဆပ်ရမှာပဲ၊ အဲဒီခံယူချက်တွေအပြင် အစ်ကိုကြီးနဲ့ အိမ်ရှေ့စံက ခိုင်မြဲတဲ့ဆက်ဆံရေးရှိတယ်လေ၊ သမီးက အသက်အန္တရာယ်မရှိပေမယ့် အိမ်ရှေ့စံက အသက်အန္တရာယ်ကြုံနေရလို့ အရင်ကုသသင့်တာပဲ၊ အစ်ကိုကြီး လုပ်ခဲ့တာမှန်တယ် ဘာမှတောင်းပန်နေစရာမလိုဘူး”
ယွီဖင်ယန်က သူ(မ)ကို အံ့သြသင့်စွာကြည့်ပြီး ခဏလောက် ဆွံ့အနေသည်။ ရှန်းအာ ဒီလောက်ထိ နားလည်ပေးလိမ့်မည်ဟု မထင်မိခဲ့ပေ။
အစွမ်းရှိဆေးဆရာဖူက ထူးဆန်းစွာ အာမေဍိတ်သံပြုလေသည်
“အမလေး မင်းတို့မောင်နှမတွေက ဒီစကားပြောဖို့များ တိုင်ပင်ထားကြတာလား၊ ကလေးမလေးက ခြေထောက်တွေကို တကယ်မကုချင်တာလား ဒါမှမဟုတ် တစ်ဘဝလုံးအောက်ပိုင်းသေသွားချင်တာလား”
“ဆေးဆရာကြီး ခူဟွေးရှိသေးတယ်မလား၊ အချိန်ရှိသေးတော့ အလျင်မလိုပါဘူး၊ သူ့ကိုရှာမတွေ့ရင်လည်း ရပါတယ် အစ်ကိုကြီးက တစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးလိမ့်မယ်၊ အပြင်လူက လာပြီးစိတ်ပူနေပေးဖို့မလိုပါဘူး”
ယွီရှန်းက ယွီဖင်ယန်ရဲ့ အင်္ကျီလက်ကို ဆွဲကာ မေးလေသည်။
“ဟုတ်တယ်မလား အစ်ကိုကြီး”
ဒီလူရဲ့ သွေးထိုးမှုအောက်မှာ ယွီဖင်ယန်ကို ဒေါသထွက်လိုက်ရင် သူက ဒီကမ္ဘာရဲ့ နံပါတ်၁အရူးမ ဖြစ်လိမ့်မည်။
ယွီဖင်ယန်က ရယ်ကာ ကလေးမလေးကိုဖက်ပြီး ပွတ်သပ်ပေးကာ အခိုင်အမာ ပြောလေသည်။
“ဒါပေါ့ အစ်ကိုကြီးက ညီမလေးကို တစ်သက်လုံး ကာကွယ်ပေးသွားမှာ”
အစွမ်းရှိဆေးဆရာဖူက အပြင်ကနေ မောင်နှမ၂ယောက်ရဲ့ သည်းကဲနေမှာကို ပွဲကြည့်နေသည်။ မောင်နှမ၂ယောက်က အရင်ကထက် ပိုပြီး တွယ်တာလာခဲ့သည်။ ဆေးဆရာကြီးက ဒေါသလျော့သွားပြီး လက်ဝေ့ယမ်းကာ ထွက်သွားဖို့ ပြင်လိုက်သည့်အချိန်တွင် အိုးတစ်လုံးက သူ့အာရုံကို ဖမ်းစားသွားလေသည်။
“ဒါ.. ဒါနှင်းခံရေစက် မလား”
သူ့လက်ချောင်းတွေက တုန်ယင်နေလေသည်။
နှင်းခံရေစက်က အလွန်အေးခဲသည့်နေရာတွင်သာ ပေါက်ပြီး အကိုင်းတွေက ရေခဲစိုင်နှင့်တူသည့် အပင်ဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်ကြာမှ အနီရောင်အသီးလေး သီးပြီး ထိုအသီးဖြင့် အဆိပ်ပေါင်းရာချီကို ဖြေပေးသည့် နှင်းခဲရေစက် ဆေးမှာ အဓိက ပါဝင်ကစ္စည်းအနေဖြင့် အသုံးပြုသည်။ နှစ်ပေါင်းများစွာ ဆေးထုတ်လုပ်သည့်လူတွေက လူတွေငှားကာ မြောက်ပိုင်းကို သွားကာ ထိုအပင်ကို သွားရှာခိုင်းခဲ့ပေမယ့် လက်ဗလာဖြင့်သာ ပြန်ရောက်လာခဲ့ကြသည်။ အခုဆိုရင် ထိုအပင်တွေကို စျေးအဆမတန် ရောင်းကြသည်။ ဒီအပင်က ပူနွေးသည့်နေရာမှာ ကောင်းစွာ ပေါက်နေရုံမက အနီရောင်အသီးပါ သီးနေသေးသည်။ တကယ်ကို မယုံနိုင်စရာပဲ။
အစွမ်းရှိဆေးဆရာဖူက အိုးကို ဘယ်လှည့်ညာလှည့်ဖြင့် သံသယဝင်စွာ ကြည့်လေသည်။ ထပ်ခါထပ်ခါ စစ်ဆေးပြီးနောက် ဒါက တကယ့် နှင်းခဲရေစက်ပင်ဆိုတာ အတည်ပြု လိုက်လေသည်။
“အာ ဒါက နှင်းခဲရေစက်ပင်လား၊ နာမည်လေးက လှသားပဲ”
ယွီရှန်းက ပန်းအိုးကို သူများခိုးမသွားအောင် လက်ထဲ ထွေးပိုက်ထားလိုက်သည်။
ယွီဖင်ယန်ကလည်း နွေရာသီမှာ ဝေဝေဆာအောင်ပွင့်နေသည့် နှင်းခဲပင်ကို ကြည့်ကာ အံ့သြနေလေသည်။
“ဒါကို မသိဘူးလား ဘယ်လို စိုက်ပျိုးထားတာလဲ”
အစွမ်းရှိဆေးဆရာဖူက မေးလေသည်။
“အဖွားက မျိုးစေ့တွေ အများကြီးပေးတော့ အပင်ပေါက်အောင် ပျိုးကျဲ ထားလိုက်တာလေ၊ အပင်ပေါက်လာရင် ပန်းအိုးလေးတွေထဲ ထည့်ပြီး ရေလောင်းပေး နေရောင်ခံပေးရင်း စိုက်ထားတာပေါ့”
ဒီအပြိုင်ကမ္ဘာမှာ အရင်က ဒီလိုအပင်တွေ အများကြီး မတွေ့ဖူးတာကြောင့် ထိုနည်းအတိုင်းသာ စိုက်ပျိုးခဲ့သည်။ သို့ပေမယ့် ထိုထူးဆန်းသည့်မျိုးစေ့ကို အပင်ပေါက်အောင် စိုက်ပျိုးနိုင်ခဲ့သည်။ သူ(မ)ကိုယ်တိုင်လည်း တော်တော်လေး ရှုပ်ထွေးနေမိခဲ့သည်။
“ရေလောင်းပြီး နေရောင်ပြတယ်၊ ဒီလိုနဲ့အပင်က ကြီးနိုင်တယ်ပေါ့”
အစွမ်းရှိဆေးဆရာဖူက မေ့လဲတော့မလို ခံစားနေရသည်။ နှင်းခဲရေစက်အပင်က ရေခဲပြင်မှာသာ အမြစ်တွယ်တာမလို့ ရေလောင်းစရာ မလိုဘဲ နေရောင်ပြဖို့လည်း မလိုပေ။ သူ့ရဲ့စောနက ခန့်မှန်းချက်ကိုတောင် သံသယဝင်လာခဲ့လေသည်။
သူက မျက်နှာပင့်ကာ မေးလေသည်။
“ကလေးမလေး ခဏလောက် ပေးကြည့်လို့ရမလား၊ တစ်ခါပဲကြည့်မှာပါ”
အစ်ကိုကြီးက ဒီမှာရှိနေတာမလို့ လုယူခံရမှာကိုတော့ မကြောက်ပေ။ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပန်းအိုးကို ပြတင်းပေါက်ဘောင်ပေါ်ချကာ သတိပေးလေသည်
“ဒီအပင်က အရမ်းလှပြီး ထူးခြားမျိုးစိတ်ပဲ၊ ညကျရင် အဖြူရောင်အလင်းတန်းလေး ထွက်တတ်တယ်၊ အရွက်တစ်ရွက်တောင် မကြွေသွားအောင် သေချာဂရုစိုက်”
သံသယဝင်နေသည့် အစွမ်းရှိဆေးဆရာဖူက အဖြူရောင်အလင်းထွက်သည် ဟူသော စကားကိုကြားတော့ လုံးဝ သေချာသွားလေသည်။ သူက အခုန်မြန်နေသည့် နှလုံးကို ဖိနှိပ်ကာ နူးညံ့စွာမေးလေသည်
“ကလေးမလေး ဒီပန်းအိုး ငါ့ကိုရောင်းမလား၊ ပိုက်ဆံတွေ အများကြီးပေးနိုင်ပါတယ်”
အပူဒဏ်ကို ခံနိုင်သည့် ဒီနှင်းခဲရေစက်ပင်က တကယ်ကို ထူးခြားတာဖြစ်မည်။ ဒါကိုယူသွားပြီးရင် ပိုပြီးစိုက်ပျိုးလို့ရနိုင်တယ်။ တကယ့်ကို အဖိုးတန် ရတနာလေးပဲ။
“ဘာလုပ်ဖို့လဲ”
ယွီရှန်းက မျက်လုံး လည်လိုက်လေသည်။
ယွီဖင်ယန်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ
“နှင်းခဲရေစက်ပင်က နှစ်ပေါင်း၂၀ကြာမှ အနီရောင်အသီးလေး သီးပြီး အဲအသီးနဲ့ အဆိပ်ရာချီကို ဖြေတဲ့ အဆိပ်ဖြေဆေး နှင်းခဲဆေးထုတ်လုပ်လို့ ရတယ်၊ အခုစျေးကွက်မှာ အနီရောင်အသီးတစ်လုံးရဲ့ ပေါက်စျေးက ရွှေ၁သောင်းနဲ့ ညီတယ်”
ယွီရှန်းရဲ့မျက်လုံးတွေက လက်ထသွားပေမယ့် တည်ငြိမ်အောင် ပြန်ထိန်းပြီး မေးလေသည်။
“သမီးက ရောင်းမယ်ဆိုရင် ခြေထောက်ကိုကုပေးမလား”
ထိုစကားကြားတော့ အစွမ်းရှိဆေးဆရာဖူက နံရံကိုကုပ်ခြစ်ပစ်ချင်ပြီး စိတ်ဖိစီးစွာ ခေါင်းခါပြလေသည်။
“မရဘူး ငါက ကျမ်းကျိန်ဆိုခဲ့တာ တကယ်လို့ ငါ့ဆရာရဲ့အမိန့်ကို ငါဖောက်ဖျက်မိရင် နောက်ဘဝကျရင် ငါတိရိစ္ဆာန်ဘဝကို ပြန်ဝင်စားရလိမ့်မယ် ဒါပေမဲ့.. “
သူက ပြတင်းပေါက်နား ကပ်လာကာ မျှော်လင့်ချက်ပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်ကာ
“နင့်ခြေထောက်က အကြောတွေ ဒီထက်ကျုံ့မသွားအောင် လုပ်လို့ရတဲ့ နှိပ်နည်း သင်ပေးလို့ရတယ်၊ အကြောတွေ ကျုံ့ပြီး သေသွားရင်တော့ ဆေးဆရာ ခူဟွေးကို ရှာပြီး ကုခိုင်းရင်တောင် သူလည်း တတ်နိုင်မှာမဟုတ်ဘူ”
ယွီရှန်းက ခဏလောက်တွေးပြီးနောက် မနှစ်မြို့ဖွယ်ပြုံးကာ
“စိတ်မကောင်းပါဘူး နှိပ်နည်းသိတယ် အဲတော့ မရောင်းနိုင်ပါဘူး”
အရင်ဘဝက ၂၅နှစ်လုံးလုံး အကြောသေခဲ့သည်။ အကျိုးသက်ရောက်စေမည့် နှိပ်နည်းများစွာကို သိပြီးထားမလို့ ဘယ်သူမှ သူ့ကိုသင်ပေးစရာမလိုပေ။
ထိုစကားကြားတော့ အစွမ်းရှိဆေးဆရာဖူက စိတ်သောက ရောက်သွားပေမယ့် ကလေးမလေးရဲ့ နောက်ဆက်တွဲစကားကြောင့် အားအင်ပြန်ပြည့်ဝသွားလေသည်။
“ဒါပေမဲ့ သမီးကို အချက်၃ချက်သဘောတူပေးရင် အနီရောင်အသီး၄လုံးပေးမယ်”
“ဘာများလဲ”
အစွမ်းရှိဆေးဆရာဖူက မေးလေသည်။ ဒီကလေးမလေးက ဉာဏ်ထက်သားပဲ။
“ပထမက နှင်းဆဲရေစက်ဆေး လုပ်ပြီးရင် ဆေး၃လုံးပေးရမယ်၊ ဒုတိယက အဖွားကို ကျန်းမာရေး စောင့်ရှောက်မှုပေးရမယ် တတိယက အစ်ကိုကြီးကို ကျန်းမာရေး စောင့်ရှောက်မှုပေးရမယ်၊ သဘောတူရင် အခုယူသွားလို့ရပြီ”
ယွီရှန်းက လက်ချောင်းတွေကွေးကာ အချက်ပြလေသည်။
“သဘောတူတယ် စောင့်နေလိုက်ပါ မကြာခင် ပြန်လာပါ့မယ်”
အစွမ်းရှိဆေးဆရာဖူက သူ့ရဲ့ ကျမ်းကျိန်ချက်ကို မထိခိုက်မည့် အချက်၃ချက်ကို ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် အနီရောင်အသီးထည့်ဖို့ ရေခဲကျောက်စိမ်းသေတ္တာကို သွားပြေးဝယ်လေသည်။
“အစ်ကိုကြီး ဒီဆေး၃လုံးက သမီးရယ်၊ အဖွားရယ်နဲ့ အစ်ကိုကြီးရယ်အတွက် တစ်ယောက်၁လုံးလေ”
ယွီရှန်းက ကြောင်ကလေးလို မျက်လုံးမှေးကာ ရယ်ပြပြီး ဆက်ပြောလေသည်
“ကျန်တဲ့အသီးနဲ့အပင်ကို အိမ်ရှေ့စံနဲ့ ဘုရင်ကို ဆက်သရမယ်၊ သမီးတို့ စံအိမ်က ဒီလိုတန်ဖိုးကြီးပစ္စည်းကို ပျိုးထောင်ဖို့ မတတ်နိုင်ဘူး ဒါက အခွင့်အရေးရတာပဲ”
ယွီဖင်ယန်က ယွီရှန်းရဲ့ ဆံပင်ကိုဖွပေးကာ ရယ်ပြီး
“ညီမလေးက ဉာဏ်ကောင်းပြီး ပိုသိတတ်လာပြီပဲ”
“အခုမှသိတာလား၊ ဉာဏ်ကောင်းတယ်ဆိုတဲ့ စကားက သမီးကို ညွှန်းဖို့ တည်ရှိနေတာလေ”
ယွီရှန်းက သူ့ကိုယ်သူ လက်ညိုးထိုးပြလေသည်။
အထဲက ရယ်သံတွေကို ကြားတော့ ဖြတ်သွားဖြတ်လာ အစေခံတွေက ထပ်နားစွင့်ကြလေသည်။ အရင်မှူးမတ်ကြီးသေဆုံးသွားကတည်းက မှုးမတ်ကြီးက မပြုံးမရယ်တော့တာ ကြာပြီဖြစ်သည်။
မဒမ်ကြီးကလည်း ထိုသတင်းကိုကြားတော့ အလွန်အံ့သြသွားလေသည်။ သူ(မ)က လူတစ်ယောက်ဖြင့် မျိုးစေ့တွေ သွားဝယ်ခိုင်းပြီး ရှန်းအာကို စိုက်ပျိုးခိုင်းလိုက်တော့ နှင်းခဲရေစက်ပင် ဖြစ်နေတာလား။ တကယ့်အံ့ဖွယ်ပဲ။
မာမောမောကလည်း ပြုံးကာ အာမေဍိတ်ပြုလေသည်
“အမလေး နှင်းခဲဆေး၃လုံးရမယ့်အပြင် အစွမ်းရှိဆေးဆရာရဲ့ နောက်ထပ်ကတိ၂ခုက အသက်၅ခုပိုရတာနဲ့ညီတယ်၊ သခင်မလေးက တကယ့်ကိုကံကောင်းခြင်းပဲ”
မဒမ်အိုကြီးက သက်ပြင်းရှိုက်ကာ
“ရှန်းအာက တကယ်တော်ပြီး သိတတ်တယ်၊ သူက မှူးမတ်ရဲ့သွေးသား မဟုတ်ပေမယ့် ငါ့မြေးအရင်းနဲ့ မခြားဘူး၊ တကယ်ကိုတော်ပြီး လက်ဆောင်ဘဏ္ဍာ ဆက်သဖို့တောင် တွေးလိုက်သေးတယ်၊ သူ့ခြေထောက်တွေ အကြောသေနေတာ သနားစရာပဲ၊ အစွမ်းရှိဆေးဆရာဖူကို ပင့်ဖို့ကမလွယ်ဘူး ဒါပေမဲ့ အခွင့်အရေးကို အိမ်ရှေ့စံကို ပေးလိုက်ရတယ်..”
မဒမ်အိုကြီးက ခဏလောက်တိတ်သွားကာ အသက်ပြင်းပြင်းရှိုက်ပြီး
“မှူးမတ်စံအိမ်တော်ကြီးက သူ့ကိုအကြွေးတင်နေပြီ”
စကားတွေဆက်ပြောနေရင် မကောင်းတော့လို့ မာမောမောက မဒမ်အိုကြီးရဲ့ ခြေထောက်ကို ထုနှိပ်ပေးနေလေသည်။
#####