TYCDTN အပိုင်း ၁၂

TYCDTN

Chapter 12

ယွီဖင်ယန်က အိမ်ပြန်ဖို့ အချိန်မရှိသေးဘဲ နန်းတော်ကိုသွားကာ တင်ပြရသေးတာကြောင့် သူ့ရဲ့အခြွေအရံဖြင့်သာ အိမ်ကို သတင်းပို့ခိုင်းခဲ့ရသည်။

မဒမ်အိုကြီးက အခြွေအရံကိုပြန်မလွှတ်ခင် အကြောင်းစုံကို နာရီဝက်နီးပါးလောက် မေးမြန်းပြီးမှ ပြန်လွှတ်ခဲ့သည်။ သူ(မ)က ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဒူးထောက်ရှိခိုးလိုက်သည်။ ဘုရင်ပေးသည့်တာဝန်ကို အန္တရာယ်ကြားမှာ မထိခိုက်ဘဲ ဆောင်ရွက်နိုင်ခဲ့သည်။ လော့ယန်မှာ ကပ်ဘေးဒုက္ခရောက်နေကြောင်း ကြားသိခဲ့ရတုန်းက ၂ညလောက်အိပ်မရခဲ့ပေ။

မာမောမောလည်း အလွန်ပျော်ရွှင်ကာ ဒူးထောက်ပြီး

“မဒမ်ကြီး သခင်မလေးက ကံကောင်းခြင်းနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ပဲ၊ မှူးမတ်ကြီးက သခင်မလေးအတွက် အစွမ်းရှိဆေးဆရာကို သွားရှာပင့်ခဲ့ပေမယ့် သခင်မလေးအစား အိမ်ရှေ့စံကို ကုသပေးစေခဲ့တယ်၊ ကံကြမ္မာက တကယ်ကိုကောင်းမွန်တာပဲ၊ သခင်မကြီး ဘယ်ကရှာလာမှန်းမသိတဲ့ ဘုန်းကြီးအတုက ကံကောင်းတဲ့ကြယ်ကိုများ ဂြိုလ်ဆိုးဆိုပြီး လျှောက်ဟောခဲ့သေးတယ်”

မဒမ်အိုကြီးက တိတ်ဆိတ်စွာ မျက်လုံးပိတ်ထားလေသည်။

မာမောမောက ဗုဒ္ဓကျမ်းစာတွေရွတ်ဖတ် ပူဇော်ပြီး ထိပ်လန့်တကြား ထအော်လေသည်။

“အမလေး”

“ဗုဒ္ဓဘုရားရှင်က အရှေ့မှာရှိနေတာကို နင်ဘာတွေပြာယာခတ်နေတာလဲ”

မဒမ်အိုကြီးက မျက်လုံးဖွင့်ကာ သူ(မ)ကို စူးရှစွာကြည့်လေသည်။

မာမောမောက အလျင်အမြန် ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး အသားအရောင်က ဖြူဖျော့လာကာ မျက်အိမ်တွေက မတည်မငြိမ်ဖြစ်နေလေသည်။

မဒမ်အိုကြီးက တစ်ခုခု မှားယွင်းနေတာကို သတိထားမိပြီး နူးညံ့စွာမေးလေသည်

“ဘာတွေးမိလို့လဲ”

“ဘာမှ…. ဘာမှမဟုတ်ပါဘူး”

မာမောမောက တောင့်တင်းစွာ ပြုံးလေသည်။

“စိတ်ထဲရှိတဲ့အတိုင်း ပြောစမ်း”

မဒမ်အိုကြီးက ခက်ထန်စွာ ဆူပူခဲ့သည်။

မာမောမောက သက်ညှာမှုအပြည့်ပါသည့် ဗုဒ္ဓရုပ်ပွားတော်ကိုကြည့်ပြီး သူ(မ)လက်ထဲက စိပ်ပုတီးကို လှည့်ကာ

“မဒမ်ကြီး သခင်မကြီးက ဘုန်းကြီးကို သခင်မလေးရဲ့ မွေးဖွားဇာတာ ဖတ်ခိုင်းတုန်းကလေ အဲဒီ မွေးဖွားဇာတာက… သခင်မလေးရဲ့ မွေးဖွားဇာတာ မဟုတ်ဘူးလေ”

မာမောမောက ဆက်မပြောရဲတော့ပေ။ ကလေးမလေး၂ယောက်က တစ်ရက်တည်းမွေးတာ ဖြစ်သော်လည်း တစ်ချိန်တည်း အတူတူမွေးတာတော့ မဖြစ်နိုင်ပေ။ အချိန်တော့ အနည်းငယ် ကွာဟနိုင်သည်။ ဒီလို ကံကြမ္မာကြိုဖတ်တာက အနည်းငယ် လွဲချော်သွားရင်တောင် အမှားကြီး မှားသွားနိုင်သည်။

ဒီမွေးဖွားဇာတာက ယွီရှန်းဟာ မဟုတ်ရင် တရားဝင်မြေးမလေးရဲ့မွေးဖွားဇာတာပေါ့။ ဘုန်းကြီးက မှားပြီးဟောတာ မဟုတ်ဘဲ တကယ့်ဂြိုလ်ဆိုးက တရားဝင်မြေးမလေး ဖြစ်နေတာလား။ ယွီရှန်းက အခုအသက်၁၀နှစ်ရှိပြီ ဖြစ်ပြီး စံအိမ်တော်ကြီးက တစ်ခါမှ ကြီးကြီးမားမား ကပ်ဘေးမဆိုက်ဖူးပေ။ ပြီးတော့ ဒီရက်တွေထဲမှာ ကြုံခဲ့ရတဲ့ အသက်ဘေး၂ခုကလည်း ယွီရှန်းကြောင့် ရှောင်ရှားနိုင်ခဲ့တယ်။

လင်ရှီက မဒမ်အိုကြီးရဲ့ သားသေဆုံးရတာက ယွီရှန်းကြောင့်လို့ အခိုင်အမာ ပြောဆိုခဲ့ပြီး အဲဒီအချိန် ဓားပြတွေရဲ့ဓားချက်နှင့် သားဖြစ်သူ သေဆုံးခဲ့တုန်းက ကလေးချင်း မမှားယူရသေးဘဲ တရားဝင်မြေးမလေး မွေးဖွားသည့် အချိန်မှာ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒါသာ အမှန်ဆိုပါက…

မဒမ်အိုကြီးက ထိတ်လန့်သွားကာ စိပ်ပုတီးကိုင်ထားသည့် လက်တွေဟာလည်း အလွန်အမင်း တုန်ယင်နေလေသည်။ သူ(မ)က ဗုဒ္ဓဘုရားရှင်ကို ယုံကြည်တာမလို့ ကံကြမ္မာကိုလည်း ယုံကြည်သည်။ သူ(မ)က ယွီရှန်းကို တစ်ခါမှ မမုန်းခဲ့ပေမယ့် လင်ရှီကတော့ မတူပေ။ သူ(မ)က အတွေ့အကြုံပိုများပြီး စိတ်ထား ထားတတ်လို့ ဖြစ်သည်။ မကြာခင်က စံအိမ်ကြီးက အရာအားလုံး အဆင်ပြေချောမွေ့ကာ မြေးဖြစ်သူကလည်း စံအိမ်ရဲ့ဂုဏ်သိက္ခာကို ကြီးမြတ်အောင် မြှင့်တင်နိုင်ခဲ့ပြီး သူ(မ)က တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။ အခု တရားဝင်မြေးမက ဂြိုလ်ဆိုးလို့ သိလိုက်တော့ မေ့ဖျောက်ထားသည့်ခါးသီးသည့် ခံစားချက်က ပြန်ထကြွလာခဲ့သည်။

ထိုအချင်းအရာကို မြင်သည့် မာမောမောက ထောင့်ကို အမြန်ကပ်ကာ အသက်ပင် ပြင်းပြင်း မရှူရဲတော့ပေ။

မဒမ်အိုကြီးက စိတ်တည်ငြိမ်စေမယ့် ဘုရားစာတွေကို မျက်လုံးမှိတ်ကာ ထပ်ခါထပ်ခါ ရွတ်ဖတ်ပူဇော်ရင်း အသိစိတ်ကို ပြန်ထိန်းထားလေသည်။

ဘာပဲဖြစ်ဖြစ် မြေးမက မှူးမတ်စံအိမ်ရဲ့ သွေးသားဖြစ်ပြီး သေလားရှင်လားမသိ ဆင်းရဲမွဲတေနေသည့် မြေးမအကြောင်း သတင်းမပျံ့ပွားစေချင်ပေ။ ဘုန်းတော်ကြီးက ကျင့်ကြံစဥ် မရှိတာကြောင့် မှားပြီး ဟောတာလည်းဖြစ်နိုင်သည်။ ကောင်းကောင်းဆိုးဆိုး ကျန်တဲ့ဆုံးဖြတ်ချက်တွေကို သူသာချမည်။ မဒမ်အိုကြီးက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ခါးမတ်မတ်ဖြင့် ဒူးထောက်ထားပြီး သူ(မ)ရဲ့ မျက်လုံးတွေက မည်းနက်နေသည်။

ယွီရှန်းက နေ့နေ့ညည ယွီဖင်ယန်ပြန်လာတာကို စောင့်နေပြီး ထိုနေ့ရက်တွေက မကြာခင် ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုလူငယ်ရဲ့ ပုံရိပ်ကို တွေးကြည့်ရုံဖြင့် သူ့ကို လုံးဝ စိတ်ငြိမ်စေသည်။

ယွီရှန်းက ပြတင်းပေါက်နားက သလွန်ထက်မှာ ကိုယ်တစ်ဝက်လဲနေပြီး လျိုလွီ့ကို ယွီဖင်ယန် အိမ်ပြန်လာမယ့်အကြောင်း သွားစုံစမ်းခိုင်းပြီး စိတ်လှုပ်ရှားစွာ ပြတင်းပေါက်အပြင်ကို ကြည့်နေသည်။

ခြံဝန်းလေးထဲမှာ ပန်းပင်နှင့် အပင်လေးတွေပြည့်နေသည်။ ခရမ်းရောင်ပန်းအခက်လေးက ခြံတံတိုင်းမှာ တွယ်တက်နေသည်။ စံပယ်ပန်းနံ့တွေလည်း လေနှင့်အတူ တစ်ခြံလုံးဝေ့နေကာ တလည်းသီးပင်များစွာ ဟာလည်း ကောင်းကောင်း ကြီးထွားနေကာ လျှောက်လမ်းတစ်လျှောက် ငွားငွားစွင့်နေသည့် နေကြာပန်းတွေကလည်း စီစီရီရီနှင့် နေရောင်ခံယူနေသည်။ ဖိတ်ဖိတ်တောက်နေသော ပန်းရောင်စုံတွေရဲ့အနံ့က လေနှင့်အတူပါလာကာ လူကို ညှို့ယူဖမ်းစားနိုင်သည်။

ဒီကောင်းကင်ဘုံကို ယွီရှန်း ဖန်တီးထားတာဖြစ်ပြီး ၂လအတွင်း မြေကွက်လပ်ကို အပင်တွေဖြင့် ဖြည့်ခဲ့လေသည်။ သူ(မ)ရဲ့ လှုပ်ရှားမှုက အကန့်အသတ် ရှိသွားတော့ ပန်းစိုက်ခြင်း၊ စာဖတ်ခြင်း၊ လက်ရေးလှလေ့ကျင့်ခြင်း၊ တူရိယာ တီးခတ်ခြင်းများကိုသာ လုပ်နိုင်သည်။ အရင်ဘဝက သူ(မ)က ပန်းပင်တွေစိုက်ပျိုးရာမှာ အလွန်ကျွမ်းကျင်ခဲ့သော်လည်း ဒီဘဝတော့ စိုက်ပျိုးထားသည့် အပင်တွေ ကောင်းကောင်း ရှင်သန်နိုင်မလားဆိုတာ မသိနိုင်ပေ။

သူ(မ)က အပင်တွေကို ပိုဂရုစိုက်ခဲ့သည်။ မဒမ်အိုကြီးက သူ(မ)ဆီ မကြာခဏ လာလည်လေ့ရှိကာ ပန်းဥယျာဥ်ထဲခြေချပြီးပါက ပြန်ဖို့ တွန့်ဆုတ်နေပြီး တိုင်းတစ်ပါးကလာသည့် အရောင်အသွေးစုံ ပန်းအစေ့တွေနှင့် ရှားပါးသည့် ဆေးမြစ်တွေကို ယွီရှန်းအတွက် စိုက်ပျိုးပေးရန် အမိန့်ပေးလေ့ရှိသည်။

ယွီရှန်းကလည်း ကျေးဇူတင်သည့်အနေဖြင့် မဒမ်အိုကြီးရဲ့ ခြံကို အကောင်းဆုံး ပန်းတွေ အပင်တွေ ပို့ပေးလေ့ရှိသည်။ ဤသို့ဖြင့် သူတို့ရဲ့ ဆက်ဆံရေးက ပိုရင်းနှီးလာကာ ခပ်တန်းတန်းနှင့် အထင်လွဲမှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူ(မ)က ပန်းရနံ့တွေကို ခံစားနေတုန်း ချိန်းရှီက အခန်းကလိုက်ကာကို မကာ တင်ပြလေသည်

“သခင်မလေး မိန်းကလေးချင် လာတွေ့ပါတယ်”

မိန်းကလေးချင်က နိုင်ငံခြားရေးမှူးမတ်ကြီး ကျုံးယုံရဲ့ ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်ပြီး ဒီနှစ်အသက်၁၂ရှိပြီဖြစ်သည်။ သူ(မ)က နိုင်ငံခြားရေးမှူးမတ်စံအိမ်တော်မှာ မျက်နှာသာပေးမခံခဲ့ရပေ။ လင်ရှီရဲ့ပစ်ပယ်ထားခံရပြီး မဒမ်ကြီးရဲ့စောင့်ရှောက်မှုကို မရသည့် ယွီရှန်းက မိမိထက် အဆင့်အတန်းနိမ့်ကျသည့် မျိုးရိုးက ထိုကောင်မလေးဖြင့် အတူတူ မကစားချင်ပေ။ တစ်ဖက်မှာလည်း မိသားစုရဲ့အပယ်ခံလေးဖြစ်သည့် ယွီရှန်းကို ရင်းနှီးချင်ပြီး ယွီရှန်းက ခခယယ လုပ်နေတာကို အလွန်ကျေနပ်လေ့ရှိသည်။

မိန်းကလေးချင်က သူ(မ)ရဲ့ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည်။

ယွီရှန်းရဲ့ မှတ်ဉာဏ်တွေအရ လှောင်ပြုံးပြုံးလိုက်သည်။ ထိုယွီရှန်းက တကယ်သနားဖို့ကောင်းသည်။ သူရဲ့အရင်းနှီးဆုံး သူငယ်ချင်းလေးက အကျင့်မကောင်းတာတောင် ယွီရှန်းက ပျော်ရွှင်စွာ တွယ်ကပ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာတော့ မိန်းကလေးချင်က အဓိကအမျိုးသမီးဇာတ်ဆောင်ရဲ့ ကြင်နာလှပမှုမှာ သူ့ကိုယ်သူမြှုပ်နှံခဲ့ပြီး အရက်စက်ဆုံး အရန်ဇာတ်ကောင် ဖြစ်လာခဲ့သည်။

ယွီရှန်းသာ ကူးပြောင်းမလာရင် ဘယ်လိုတောင် မရှုမလှ ဇာတ်သိမ်းသွားမှာလဲ။ ထိုသို့တွေးလိုက်တော့ ယွီရှန်းရဲ့ မျက်နှာမည်းမှောင်သွားကာ လက်ဖြင့် အချက်ပြလိုက်လေသည်

“ဝင်လာခိုင်းလိုက်”

ချင်ဖန်း ခြံထဲဝင်လာသည်နှင့် ခြံထဲက အရောင်အသွေးစုံလင်လှသည့် ပန်းတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။ ဥယျာဥ်ကို မျက်စိတစ်ဆုံးကြည့်ပြီးနောက် စိတ်မပါစွာ အခန်းဖက်ကို ကြည့်လိုက်တော့ ထိတ်လန့်သွားလေသည်။

အောက်ပိုင်းအကြောသေနေသည့် ယွီရှန်းက သရဲလို လူမမာရုပ်ပေါက်နေမည်ဟု အစက ထင်ခဲ့သည်။ အခု တွေ့လိုက်ရသည့် ယွီရှန်းက မနက်ခင်းရဲ့ နှင်းရည်ကိုသောက်သုံးကာ ဖူးပွင့်ပြီးနေရောင်ကို နှုတ်ဆက်နေသည့် ပန်းလေးလို သက်ဝင်လွန်းနေသည်။ ကောက်ရိုးလိုခြောက်နေသည့် ဆံပင်က နက်မှောင်ကာ ခြောက်ကပ်ကပ် အသားအရေကလည်း နို့ရည်စိမ်ထားသလို ချောမွတ်နေပြီး အရင်က မျက်နှာပြောင်ကြီးကလည်း အခုတော့ ချစ်ဖို့ကောင်းနေသည်။

သူ(မ)က သိပ်မလှပေမည့် လှပသည့် မျက်ဝန်းတောက်တောက်ဝိုင်းဝိုင်းကြီးကို စိုက်ကြည့်လိုက်ပါက လူတစ်ယောက်ရဲ့ အာရုံကိုဆွဲဆောင်နိုင်သည်။ ပြတင်းပေါက်နား ပျင်းရိပျင်းတွဲမှီကာ စိတ်လွတ်ကိုယ်လုံးပြုံးနေသည့်လူကို တခြားကမ္ဘာကလူလို့ပင် ခံစားရသည်။

“ရောက်ပြီကို ထိုင်ပါဦး”

ယွီရှန်းက သလွန်တွင်မှီကာ သူ့ခြေထောက်ကို ညွှန်ပြပြီး

“နင့်ကို ထွက်ပြီး နှုတ်ဆက်လို့ အဆင်မပြေလို့”

ယွီရှန်းက အရင်ဘဝက မင်းမျိုးမင်းနွယ် မိသားစုက မွေးဖွားလာခဲ့သူဖြစ်သည်။ ဒါကြောင့် ဂုဏ်ကျက်သရေကြီးမှုနှင့် မြင့်မြတ်မှုတို့က အရိုးထဲထိစွဲကျန်နေသည်။ ဟန်ပန်အမူအရာဖြင့် စကားအနည်းငယ်ပြောကာ အထက်ဆီးဆန်ဆန်ပြုမူခဲ့သည်။

ချင်ဖန်းက ချက်ချင်းကြီး ကသိကအောက်ခံစားလိုက်ရပြီး ထိုင်ပြီးနောက် အထစ်ထစ်အငေါ့ငေါ့ပြောလေသည်

“ရှန်းအာ နင်ပိုလှလာတယ်”

“ဟုတ်လား”

ယွီရှန်းက အနည်းငယ်ပြုံးကာ ဇဝေဇဝါလည်း ခံစားလိုက်ရလေသည်။ ဒီ၂လအတွင်း ကြောက်ရွံ့စွာနှင့် စိတ်မငြိမ်စွာဖြတ်သန်းခဲ့ရပြီး မျက်တွင်းကျနေမယ်ထင်ခဲ့ပေမယ့် ခြောက်ကပ်ကပ်ဆံပင်က မည်းနက်လာပြီး အသားအရေကလည်း နတ်ရေတွင်းမှာစိမ်လိုက်ရသလို ချော့မွေ့နူးညံ့လာခဲ့သည်။

ဘာကြောင့်လဲဆိုတာ အကြောင်းအရင်းရှာမရတော့ လျစ်လျူရှုထားလိုက်ကာ ကျန်းမာသည့်အသွင်ရှိတာကလည်း အကောင်းဖြစ်သည်။ ယွီရှန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်လေသည်။

ချင်ဖန်း ဒီနေ့လာရသည့် အကြောင်းအရင်းက နှစ်သိမ့်ချင်လို့မဟုတ်ဘဲ သူ့ဘာသာသူ အပျင်းပြေအောင်လာခြင်းဖြစ်သည်။ သူ(မ)က မျက်လုံးလှည့်ကာ မေးလေသည်။

“ရှန်းအာ နင့်ခြေထောက်တွေ ထပ်မကောင်းတော့ဘူးလို့ကြားတယ်”

“အင်း အဲတော့ဘာဖြစ်လဲ ငါ့အစ်ကိုကြီးက ငါ့ကို စောင့်ရှောက်ထားနိုင်တာပဲ”

ယွီရှန်းက ဝမ်းနည်းခြင်းတစိုးတစိမျှ မရှိဘဲ ဖြေလိုက်တော့ ယွီရှန်း ဝမ်းပန်းတနည်းငိုတာကို စောင့်နေသည့် ချင်ဖန်းက စိတ်ပျက်သွားလေသည်။ မူကကစဥ်းစားထားသည့် နှစ်သိမ့်စကားတွေ ပြောမရတော့တာကြောင့် စကားလမ်းကြောင်းလွှဲကာ ရောက်တတ်ရာရာတွေ လျှောက်ပြောနေလိုက်သည်။ ယွီရှန်းက အစေခံကို လက်ဖက်ရည်အသစ်လဲခိုင်းမှ ချင်ဖန်းက အခန်းရဲ့ပြောင်းလဲမှုကို သတိထားမိသွားလေသည်။ နေရာတိုင်းက ပစ္စည်းတွေက တန်ဖိုးကြီးဇိမ်ခံပစ္စည်းတွေ ထည့်ထားကာ အသုံးအဆောင်သေတ္တာကလည်း ပြန်ပိတ်မရအောင် ရတနာတွေဖြင့် ပြည့်လျှံနေလေသည်။ နေရောင်ကြောင့် ရတနာတွေက တလက်လက်ထကာ မျက်စိကိုပင် ကန်းသွားစေနိုင်အောင် လက်ထနေသည်။

ချင်ဖန်းက စိုက်ကြည့်ကာ သူ(မ)မျက်လုံးတွေက လောဘတွေတက်နေလေသည်။

ယွီရှန်းက လှောင်ပြုံးပြုံးကာ

“ကြိုက်လား၊ ဒါတွေအကုန် ငါ့အစ်ကိုကြီး လက်ဆောင်ပေးထားတာလေ၊ အစေခံတွေကို သေတ္တာယူလာခိုင်းပြီး နင့်ကိုပြမယ်”

သူ(မ)က စကားပြောရင်း လျိုလွီ့ကို အချက်ပြလိုက်သည်။

“ရှန်းအာ နင့်အစ်ကိုကြီးက နင့်ကို တကယ်အလိုလိုက်တာပဲ”

ချင်ဖန်းက မနာလိုမှုတွေကို ဖိနှိပ်ကာ သေတ္တာကို ဆတ်ကနဲ ယူကာ လှန်လှောကြည့်လေသည်။

“ဒါပေါ့ ငါ့အစ်ကိုကြီးက ငါ့ကို အလိုမလိုက်လို့ ဘယ်သူ့ကိုအလိုလိုက်ရမှာလဲ”

ယွီရှန်းက ပျင်းရိပျင်းတွဲဖြင့် လက်ချောင်းတွေကို အရှေ့တိုင်းက ပုလဲကြီးတွေကို ဆော့ကစားနေသည်။

ချင်ဖန်းက သူ့ကိုမကြောက်တော့ ပစ္စည်းတွေကို ထုတ်ယူကာ ထပ်ခါထပ်ခါကြည့်နေလေသည်။ နောက်ဆုံးတော့ အထူးကောင်းမွန်ကာ တန်ဖိုးကြီးသည့် ကျင်းဖူကလစ်ကို ထုတ်ယူကာ ခေါင်းတွင် တွယ်လိုက်ပြီး

“လှလား”

“လှတယ် နင်က ဘာနဲ့ဖြစ်ဖြစ် လှတယ်”

ယွီရှန်းက မျက်လုံးမှေးကျဉ်းကာ ရယ်ပြလေသည်။

ချင်ဖန်းကလည်း ပြန်ရယ်ပြခဲ့သည်။ သူ(မ) က သေတ္တာကို သူ့နေရာသူပြန်ထားကာ ဟိုရောက်ဒီရောက်ဖြင့် စကားတွေကို တစ်နာရီနီးပါးလောက်ပြောပြီး ပြန်သွားလေသည်။ သူ(မ)က ခြေလှမ်းမြန်မြန်ဖြင့် အခန်းလိုက်ကာကိုမက အပြင်ကိုထွက်သွားခဲ့သည်။ ခြံတံခါးနားရောက်ခါနီးမှာ ကျေနပ်အားရစွာပြုံးပြီး တံခါးဆီ ဦးတည်လိုက်လေသည်။ သူ(မ) ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အနောက်က ခြောက်ကပ်ကပ် အသံကိုကြားလိုက်လေသည်

“အိုက်ယား နင်တစ်ခုခုမေ့နေတာလား”

“ဟမ် ငါဘာမေ့လို့လဲ”

ချင်ဖန်းက ပြန်လှည့်ကာ အားတင်းပြီးပြုံးလေသည်။

ယွီရှန်းက သူ(မ)ခေါင်းကို ညွှန်ပြကာ အသံနည်းနည်းမြင့်ပြီး ပြောလေသည်။

“ငါ့ကလစ်ကိုယူပြီး ပြန်ဖို့တွေးနေတာလား၊ မေ့ချင်ယောင်ဆောင်ပြီး ယူသွားမလို့လား၊ ဒီကလစ်က ကုန်သည်ဆီကနေ ငါ့အစ်ကိုကြီး မှာယူထားပေးတာ တစ်မြို့လုံးမှာ တစ်ခုပဲရှိတယ်၊ တော်တော်လေးရှားလို့ နင့်ကိုခိုးသွားခွင့် မပေးနိုင်ဘူး”

လက်ရှိသခင်မလေးက အရင်နဲ့မတူတော့တာကို ချိန်းဖင်နှင့်ချိန်းရှီက အစောကြီးကတည်းက သိထားပြီးပြီ ဖြစ်သည်။ သူ့အပေါ် အမြတ်ထုတ်ဖို့ ကြိုးစားသည့်လူတိုင်း မျက်နှာကို ဖြတ်ရိုက်ခံရသလို အရှက်ခွဲခံရဖို့သာ ပြင်ထားဖို့လိုသည်။ ဒီဖြတ်ရိုက်မှုက မိန်းကလေးချင်ကို ရှက်သွားဖို့ လုံလောက် သွားစေနိုင်သည်။

ခြံထဲက အစေခံတွေက ချင်ဖန်းကို အထင်သေးစွာ ကြည့်လေသည်။ ဒီသတင်းတွေ အပြင်ကိုပျံ့သွားရင် နောက်ကျရင် သူများတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။ ချင်ဖန်းရဲ့မျက်နှာက နီရဲသွားကာ အမြန်ပင် ကလစ်ကို ဆွဲဖြုတ်ကာ သူ(မ)ဘာသာ ကာကွယ်ပြောဆိုလေသည်

“ဖြုတ်ဖို့မေ့သွားတာလေ၊ ဘာလို့… ဘာလို့ သပုတ်လေလွင့်စကားတွေ ပြောနေတာလဲ”

“ဟယ် ဟုတ်လား၊ ငါနင့်ကို သပုတ်လေလွင့် လျှောက်ပြောတာ မဟုတ်ပါဘူး၊ အရင်က နင်ငါ့ပစ္စည်းတွေ အများကြီးယူသွားတာပဲကို အခု မကြာက်ဘူးလား၊ သေချာ သတိထားစမ်းပါ ငါ့အစ်ကိုကြီးက ဒီကလစ်ကို ငွေတုံး၆၀၀ နဲ့ဝယ်ထားတာ၊ ပျက်စီးသွားလို့ကတော့ နင့်မေမေကြီးကို ပိုကောင်းတာတစ်ခု ပြန်ဝယ်ခိုင်းမှာနော်”

ယွီရှန်းက တောက်ပစွာ ပြုံးလေသည်။

ထိုစကားကြားတော့ သူ(မ)က ဇောချွေးတွေ ပြန်လာလေသည်။ အစေခံတွေရဲ့ ထေ့ငေါ့သံတွေ ကြားတော့ ဒီကနေရှောင်ဖို့ မြေကြီးမှာ တွင်းတူးပြီးသာ ပုန်းလိုက်ချင်သည်။ တကယ်ပဲ ယွီရှန်းရဲ့ ပါးစပ်ကို ဆွဲဖြဲပစ်ချင်သည်။ ကလစ် ပျက်စီးသွားရင် မေမေကြီးကို ဒုက္ခပေးမိမှာ ကြောက်လို့ ဂရုတစိုက်ပင် အစေခံရဲ့လက်ထဲ ကလစ်ပြန်ထည့်ပေးပြီး မျက်နှာကို လက်ဖြင့်အုပ်ကာ တံခါးတွန်းဖွင့်ပြီး အမြန်ထွက်ပြေးသွားလေသည်။

“ထပ်လာခဲ့ပါဦး”

ယွီရှန်းက စိတ်အားထက်သန်စွာ အော်ပြောလေသည်။ ချင်ဖန်း ထပ်လာရဲရင် တခြားနည်းလမ်းကို သုံးဦးမည်။ ဒီလိုကိုယ်တွယ် ဖြေရှင်းမရသည့် သူငယ်ချင်း ဆက်ဆံရေးကို မလိုချင်ပေ။

ထောင်ဟုန်နဲ့ လျိုလွီ့က ပါးစပ်ကိုအုပ်ကာ ရယ်သံတွေကို ဖိနှိပ်နေလေသည်။ ခြံတံခါးပိတ်ဖို့ ပြင်လိုက်သည့်အချိန်မှာ မှူးမတ်ကြီးနှင့် လူအိုကြီးက အလွန်ထူးဆန်းသည့် အမူအရာဖြင့် အပင်အောက်မှာ ရပ်နေတာကို တွေ့လိုက်လေသည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset