TYCDTN
Chapter 9
အိမ်ရှေ့စံက ရထားလုံးထဲမှာ မနားဘဲ ယွီဖင်ယန်နှင့်အတူတူ တဲထဲရပ်နေလေသည်။ သူတို့က အစာခြောက်ကို ထုတ်ကာ စားနေလိုက်သည်။
“ဖန်းဝေ ပြန်လာတဲ့အခါကျရင် ကိုယ်တော်တို့ မြန်မြန်ခရီးဆက်ရမယ်၊ မိုးရေထဲမှာ တစ်ညလောက် ရပ်နေရင်တော့ လူတွေ ကိုယ်တော့်ကို အပြစ်တင်မှာသေချာတယ်”
အိမ်ရှေ့စံက စောင်းကြည့်ကာ စနောက်လေသည်။
ယွီဖင်ယန်က ခေါင်းညိတ်ပြကာ
“ကြိုတင်ကာကွယ်တာက ကုသခြင်းထက် ပိုကောင်းပါတယ်၊ ကျွန်တော်မျိုးတို့ အိပ်ရင် မျက်လုံးတစ်လုံးဖွင့်ပြီး ငွေချောင်း၈သန်းကို စောင့်ရှောက်ရမယ်၊ ဒါက အရှင့်သားရဲ့ ပထမဆုံး ထမ်းဆောင်ရတဲ့ တာဝန်ကြီးမလား၊ အမှားအယွင်း သေးသေးလေးမှ ဖြစ်လို့မရဘူး”
“လကုန်ရင် ဒုတိယညီတော် တတိယညီတော်နဲ့ စတုတ္ထညီတော်တို့လည်း နိုင်ငံရေးခုံရုံးကိစ္စတွေမှာ ပါဝင်ပတ်သက်လာတော့မှာ၊ ဒီတစ်ခါမှာ ကိုယ်တော့်အမှားကို လူတွေ ဘယ်နှယောက်လောက် စောင့်ကြည့်နေလဲတောင် မသိတော့ဘူး၊ ယုံကြည်စိတ်ချရအောင် လုပ်ပြီး အကုန်လုံးကို ရှောင်ရမယ်”
အိမ်ရှေ့စံက ယွီဖင်ယန်ရဲ့ ပုခုံးကို ပုတ်လိုက်လေသည်။ သူတို့၂ယောက် အကြည့်ချင်း ဖလှယ်ကာ ပြုံးလိုက်ကြလေသည်။
အစာခြောက်ကို စားရင်း စကားလေးပြောကာ တစ်နာရီလောက် ကုန်သွားလေသည်။ အရှိန်ပြင်းစွာ လာနေသည့် မြင်းခွာသံကို ကြားလိုက်ရလေသည်။ အိမ်ရှေ့စံ ယာယီတဲရဲ့ အကာကို မဖယ်ခင်ဘဲ ဖန်းဝေရဲ့အော်သံကို ကြားလိုက်လေသည်
“အိမ်ရှေ့စံ အရှင့်သား မကောင်းတော့ဘူး အရှေ့မှာ မြေပြိုနေတယ်”
အိမ်ရှေ့စံက တုန်လှုပ်သွားကာ အသေးစိတ်ကို သွားမေးမြန်းလေသည်။
ယွီဝန်ထောင်း စားနေသည့် အစာက ရွှံ့ပေါ် ပြုတ်ကျသွားလေသည်။
လူတိုင်း ကြောက်လန့်သွားပြီး မျက်နှာတွေ ဖြူရော်ကာ ချွေးတွေစို့နေလေသည်။ ယွီဖင်ယန်က စိတ်သက်သာရာ ရသွားလေသည်။
“မြေပြိုတယ်၊ အခြေအနေကော ဘယ်လိုရှိလဲ”
အိမ်ရှေ့စံက မိုးရေထဲထွက်ကာ သွားမေးမြန်းလေသည်။
“၁၅မိနစ်လောက် ခရီးနှင်ပြီးနောက် ဒီလက်အောက်ငယ်သားက တောင်ပေါ်က အသံအကျယ်ကြီးကို ကြားလိုက်ရပါတယ်၊ မိုးရေ၊ ရွှံ့တွေနဲ့ကျောက်တုံးတွေ အပေါ်ကနေ ပြင်းထန်စွာ လှိမ့်ဆင်းလာပြီး လမ်းတွေ ကွဲအက်ကုန်ပြီး မြစ်ထဲပါသွားတာပါ၊ ကံကောင်းလို့ ဒီလက်အောက်ငယ်သားက နိုးနိုးကြားကြားနဲ့ နောက်ဆုတ်ခဲ့မိလို့ အသက်ရှင်နေတာပါ မဟုတ်ရင် ဒီကိုပြန်လာနိုင်မှာမဟုတ်ဘူး”
ဖန်းဝေရဲ့ နှလုံးက ကြောက်လွန်းလို့ တုန်ယင်နေဆဲဖြစ်သည်။ သူက ရင်ဘတ်ကိုပုတ်ကာ သူ့ဘာသာသူ စိတ်ငြိမ်အောင် လုပ်နေလေသည်။
သူရှင်းပြသလို ရှေ့က မိုးချုန်းသံကြီး ကြားခဲ့သည်။ လူတိုင်းက မိုးချုန်းတယ်လို့ပဲ ထင်ခဲ့ပေမယ့် တကယ်တော့ မြေပြိုမှန်း လူတိုင်း သဘောပေါက်သွားခဲ့သည်။ အိမ်ရှေ့စံသာ မတားခဲ့ရင် သူတို့လည်း ရှေ့ဆက်သွားပြီး ထိုမြေပြိုမှုထဲပါသွားကာ အစရှာမရအောင် သေကုန်မည်ဖြစ်သည်။ ကပ်ဘေးကို ရှောင်နိုင်ခဲ့တာက ဒုက္ခသည်တွေကိုကူမည့် ငွေခဲ၈သန်းကို ထိန်းသိမ်းနိုင်ခဲ့ရုံမက သူတို့ အဖွဲ့တွေရဲ့ အသက်ကိုပါ ကယ်နိုင်ခဲ့သည်။
ယွီဝန်ထောင်း ကတွေးလေလေ ပိုကြောက်သွားခဲ့သည်။ သူက လက်အုပ်ချီကာ ထပ်ခါထပ်ခါ ခေါင်းငုံ့အရိုအသေပေးကာ
“အိမ်ရှေ့စံက ကောင်းကင်ဘုံရဲ့ ကောင်းချီးမင်္ဂလာကို ရထားတဲ့ တကယ့် မင်းမျိုးမင်းနွယ်ပဲ၊ အိမ်ရှေ့စံက တကယ်ကို ဉာဏ်ပညာကြီးမားလှပါတယ်”
ထိပ်လန့်မှုတွေ ပျောက်သွားသည့် လူတွေကလည်း ချီးကျူးပြောဆိုကြလေသည်။ အခု သူတို့ရဲ့ မျက်လုံးတွေက ကြည်ညိုမှုများဖြင့် ပြည့်နက်နေလေသည်။
အိမ်ရှေ့စံလည်း ကြောက်လန့်တုန်လှုပ်နေပေမယ့် မျက်နှာထက်တွင်တော့ ဘာအမူအရာမှ မပြခဲ့ပေ။ သူက တည်ငြိမ်စွာ ပြောလေသည်။
“ဒီနေရာက မလုံခြုံဘူး ယာယီတဲတွေကို ကွင်းပြင်ကျယ်ဆီ ရွှေ့ကြ၊ မိုးတိတ်အောင်စောင့်ပြီးမှ ခရီးဆက်မယ်၊ မြန်မြန်ရွှေ့ကြ”
ဒီတစ်ခါတော့ ဘယ်သူမှ အငြင်းမပွားရဲတော့ပေ။
နောက်ဆုံးတော့ ကောက်ကျစ်သည့် မြေခွေးအိုကြီးက သည်းခံနေရသည်။ အိမ်ရှေ့စံက သက်ပြင်းချလိုက်သည်။ အကြောက်တရားပျောက်ကာ စိတ်ငြိမ်သွားမှ ယွီဖင်ယန်ရဲ့ ပုခုံးကို စိတ်လှုပ်ရှားစွာ ပုတ်ရင်း
“ဖင်ယန် မောင်မင်းရဲ့ ဟန့်တားခဲ့တဲ့ ကျေးဇူးကြောင့်ပေါ့ကွာ၊ မဟုတ်ရင် အကုန်လုံး အစရှာမရအောင်ဖြစ်ကုန်မှာ”
ဒါတင်မကသေးဘဲ ဒီကိစ္စဖြေရှင်းဖို့ ရှုံးနိမ့်သွားခဲ့ရင် လူတွေ သူ့ကို ဘယ်လောက်တောင် အသရေဖျက်ကြမလဲဆိုတာ မသိနိုင်ပေ။ ထိုအခြေအနေကို တွေးကြည့်လိုက်တော့ ခါးသက်သည့် ခံစားချက်ကို ရလိုက်လေသည်။
“အရှင့်သားက မြှောက်ပင့်လွန်းနေပါပြီ၊ အရှင့်သားလည်း ဒီကိစ္စကို သတိထားလို့ပါ မဟုတ်ရင် ကျွန်တော်မျိုး ဘယ်လောက်တားတား အသုံးဝင်မှာ မဟုတ်ဘူး”
ယွီဖင်ယန်က သူ့ညီမလေးရဲ့ အိပ်မက်အကြောင်း ထုတ်မပြောခဲ့ပေ။ တော်ဝင်မိသားစုက အလွန်သံသယကြီးကာ ဒီကိစ္စပေါ်သွားပါက ယွီရှန်းအတွက် ဒုက္ခများနိုင်သည်။
“ကိုယ်တော်က အကြံဉာဏ်အတိုင်း လုပ်ခဲ့ရုံပါ ဘာပဲဖြစ်ဖြစ် မောင်မင်းကို ကျေးဇူးတင်ပါတယ်”
အိမ်ရှေ့စံက ယွီဖင်ယန်ရဲ့ ပုခုံးကို ညှစ်ကာ ကျေးဇူးကြွေးတင်သွားသည့် အမူအရာကို ဖော်ပြလေသည်။
၂ယောက်လုံး သူတို့လက်၂ဖက်ကို မြဲမြဲ ဆုပ်ကိုင်ထားလေသည်။ ထို့နောက် လူတိုင်း မြင်းတွေပြန်လှည့်ကြလေသည်။ လမ်းလွှဲကနေကွေ့ပတ်သွားရတာကြောင့် ခရီးစဥ်က ၂ရက်လောက်နောက်ကျမည့်အကြောင်းနှင့် အကြောင်းစုံကို ရှင်းပြကာ ရှင်ဘုရင်ထံ အိမ်ရှေ့စံက စာပို့လိုက်လေသည်။
နောက်တစ်နေ့ မနက်ကျတော့ မှူးမတ်စံအိမ်တော်ကလည်း ယွီဖင်ယန်ရဲ့ စာကို လက်ခံရရှိခဲ့လေသည်။ စာဖတ်ပြီးနောက် မဒမ်အိုကြီးရဲ့ အသားအရောင်က ဖြူရော်သွားကာ မကြာခဏ ဘုရားတနေလေသည်။
“အမလေး ဘုရား ဘုရား ဗုဒ္ဓရဲ့ကောင်းချီးတွေကြောင့်ပေါ့ အမလေး”
“မဒမ်ကြီး ဘာဖြစ်လို့လဲ မှူးမတ်ကြီးများ..”
မာမောမော စကားမဆုံးခင်မှာပဲ မဒမ်အိုကြီးက ဖြတ်ပြောလေသည်။
“ယန်အာ အဆင်ပြေတယ်”
မဒမ်အိုကြီးက တုန်ချိနေသည့် ခြေထောက်ဖြင့် ထရပ်ကာ ဗုဒ္ဒ ရုပ်ထုရှေ့သွားကာ ဦး၃ကြိမ်ချလေသည်။ ထို့နောက် စာကို မာမောမောဆီ ပေးလိုက်လေသည်။ နှလုံးက တုန်ယင်နေဆဲဖြစ်ကာ ပြောလေသည်
“တော်တော်လေး ခေါင်းမွေးတောင် ထောင်သွားစေတဲ့ကိစ္စပဲ၊ စာဖတ်ရင်း ရင်တုန်လွန်းလို့ ဇောချွေးတောင်ထွက်တယ်”
မာမောမောက စာကိုမြန်မြန်လေး ဖတ်လိုက်သည်။ ထို့နောက် မဒမ်အိုကြီးရဲ့ နားနားကပ်ကာ တီးတိုးပြောလေသည်
“မှူးမတ်ကြီး မသွားခင် သခင်မလေး ပြောလိုက်တဲ့စကားကို မှတ်မိသေးလား၊ ကျောက်တုံးတွေ ရွှံ့တွေကြောင့် မှူးမတ်ကြီး ထိခိုက်သွားတဲ့ သူ့အိပ်မက်အကြောင်းလေ၊ ဒါကြောင့် မှူးမတ်ကြီးကို သူ မသွားခိုင်းတာလေ၊ ကြည့်ပါဦး ဒီစာထဲက အကြောင်းနဲ့ တိုက်ဆိုင်မနေဘူးလား”
“အစ်ကိုကြီး မိုးရွာလာရင် ချက်ချင်းရပ်နော်၊ ဒီခရီးကို ကတိုက်ကရိုက် လုပ်လို့ မရဘူး၊ ဒီခရီးကို ကတိုက်ကရိုက် မြန်မြန်လုပ်လို့ မရဘူးဆိုတာ မှတ်ထားနော်”
ထိုစကားက မဒမ်အိုကြီးရဲ့ နားထဲမှာ ပဲ့တင်ထပ်နေလေသည်။
မဒမ်အိုကြီးက လေအေးအေးကို ရှူရှိုက်လိုက်လေသည်။ သူ(မ)က ထပြီး လမ်းလျှောက်ထွက်ကာ
“ရှန်းအာကို သွားရှာပြီး မနေ့က သူမက်ခဲ့တဲ့ အိပ်မက် အကြောင်းမေးရမယ်”
ယွီရှန်းက တစ်ညလုံး မအိပ်ရဲဘဲ သူ(မ)သာ မျက်လုံးမှိတ်လိုက်ပါက ယွီဖင်ယန် သေသွားသည့် အကြောင်းကို အိပ်မက်မက်မှာ ကြောက်နေကာ ယွီဖင်ယန်သာ သေသွားပါက ဒီစံအိမ်မှာ ဘယ်လို အသက်ဆက်ရှင်ရမလဲဆိုတာ တွေးကာ ထိပ်လန့်နေလေသည်။ သူ(မ)ကြောင့် သေရတယ်ဆိုပြီး မဒမ်ကြီးနှင့် လင်ရှီက သည်းခံမည် မဟုတ်ပေ။ ဒီနယ်မှာ အမျိုးသမီးတွေက အိမ်ကနေ နှင်ထုတ်ခံရရင် တစ်ယောက်တည်း ရပ်တည်နိုင်မည်မဟုတ်ပေ။ သူ့လို အောက်ပိုင်အကြောသေနေသည့် လူက စံအိမ်ကနေနှင်ထုတ်ခံရရင် လမ်းဘေးမှာ ၂ရက်အတွင်း အစာငတ်ကာ သေသွားနိုင်သည်။
မဒမ်အိုကြီးရောက်လာတော့ ယွီရှန်းက သလွန်ထက်မှာ ကိုယ်တစ်ဝက်လဲကာ နုံးချိစွာ ထိုင်နေတာကို တွေ့လိုက်လေသည်။ အသားအရောင်က ဖြူဖတ်ကာ ဆံပင်စုတ်ဖွားနှင့် မျက်လုံးတွေကလည်းနီရဲနေသည်။ သူ(မ)ပုံစံကို ကြည့်ရတာ အိပ်ရသေးပုံ မပေါ်ပေ။ သူတို့ဝင်လာသည့် ခြေသံတွေကိုကြားတော့ သူ(မ)ကလှည့်ကာ ကွဲအက်စွာမေးလေသည်
“အစ်ကိုကြီး ဘယ်လိုနေလဲ၊ သတင်းတွေကြားသေးလား”
သူက မှူးမတ်နဲ့ သွေးသားမတော်စပ်သော်လည်း ယန်အာနှင့် အတူတူ ကြီးပြင်းလာသူ ဖြစ်သည်။ ယန်အာအပေါ် သူ့ရဲ့ခင်တွယ်မှုက စစ်မှန်တယ်။ မဟုတ်ရင် သူ့ဘာသာသူ စတေးပြီး ဘာလို့ ကယ်မှာလဲ ဘာကြောင့်စိုးရိမ်နေမှာလဲ။
ထိုသို့တွေးတောလိုက်တော့ ယွီရှန်းကို မုန်းတီးကာ နားလည်မှုလွဲနေသည့် မဒမ်အိုကြီးရဲ့ စိတ်တွေက ချက်ချင်းလျော့နည်းသွားလေသည်။
“ယန်အာ အဆင်ပြေပါတယ်”
မဒမ်အိုကြီးက နူးညံ့စွာ ပြောလေသည်။
“မနေ့က အိမ်မက်ဆိုးမက်လို့ ယန်အာကိုပေးမသွားတာဆို အဖွားကို အကြောင်းစုံ ပြောပြပါဦး”
ယွီရှန်းရဲ့ တုန်လှုပ်နေသည့် နှလုံးက ချက်ချင်း ငြိမ်သွားလေသည်။ မဒမ်အိုကြီးရဲ့ရင်းနှီးသည့် မေးခွန်းကြောင့် အကြောင်းစုံကို အသေးစိတ် ပြောပြလိုက်လေသည်။ ဒီနှစ် ယွီဖင်ယန်က အသက်၁၆ပြည့်မှာမလို့ အရာရှိ အသက်မွေးဝမ်းကြောင်းကို စတင်ရတော့မည် ဖြစ်သည်။ သူက ကြမ်းတမ်းရက်စက် ပြတ်သားတာကြောင့် လူတွေက သူ့ကိုမုန်းတီးကြသည်။ အိမ်ရှေ့စံ ကိုသာ သစ္စာရှိတာကြောင့် အနာဂတ်မှာ ကပ်ဘေးမျိုးစုံ ကြုံတွေ့ရနိုင်သည်။ တကယ်လို့ ယွီအိမ်က သူ(မ)စကားကို မယုံဘဲ စိတ်အနှောင့်အယှက်ပေးသည့် ဒုက္ခပေးတဲ့လူအဖြစ်သာ မှတ်ယူခဲ့ပါက နောက်တစ်ကြိမ်ဆိုရင် ယွီဖင်ယန် ကံကောင်းမည် မဟုတ်တော့ပေ။
ကိစ္စရပ်တစ်ခုလုံးနားထောင်ပြီးနောက် မဒမ်အိုကြီးက ခဏလောက် တွေးတောကာ မေးလေသည်။
“တကယ်ပဲ ငွေချောင်းတွေ အများကြီး ရေထဲပါသွားတာကို မြင်လိုက်တာလား”
ယွီရှန်းက ခေါင်းညိတ်ပြခဲ့သည်။
မဒမ်အိုကြီးက ၁၅မိနစ်လောက် မူးဝေနေခဲ့သည်။ နောက်ဆုံး အသိစိတ်ပြန်ကပ်လာတော့ ယွီရှန်းရဲ့ နီရဲနေသည့် မျက်လုံးတွေကို သတိထားမိကာ နူးညံ့စွာ ပြောလေသည်။
“လိမ္မာတဲ့ကလေးလေး အစ်ကိုကြီးကို စိုးရိမ်လို့ တစ်ညလုံး မအိပ်သေးတာလား၊ အစာစားပြီးပြီလား ဆေးကော သောက်ပြီးပြီလား”
ယွီရှန်းက ခေါင်းခါလိုက်ပြီး၊
“အစ်ကိုကြီးရဲ့ ဘေးကင်းလုံခြုံမှုကို မသိရဘဲ ဆေးလည်းမသောက်ချင်သလို စားလည်းမစားချင်ပါဘူး”
“လိမ္မာလိုက်တဲ့ကလေးလေး လိမ္မာလိုက်တဲ့ကလေးလေး… “
မဒမ်အိုကြီးရဲ့ စိတ်တွေက ပြောင်းလဲသွားခဲ့လေသည်။ သူ(မ)က ယွီရှန်းရဲ့ ခေါင်းလေးကို အကြိမ်ကြိမ်ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလေသည်
“ဆေးသောက် အစာစားလိုက် ပြီးရင်အိပ်တော့၊ မြေးလေး ပင်ပန်းနေရောပေါ့”
မာမောမောက ကိုယ်တိုင် မီးဖိုချောင်ဝင်ကာ ဆေးကျိုပြီး ထမင်းဟင်းတွေကို သခင်မလေးအတွက် ပြင်ပေးလေသည်။
ယွီရှန်း စားသောက်ပြီးသည်အထိ မဒမ်အိုကြီးက စောင့်ပေးခဲ့သည်။ ယွီရှန်း သမ်းဝေတာမြင်မှ ထကာ ထွက်သွားဖို့ပြင်လိုကိသည်။ တံခါးနားရောက်ခါနီးမှ ပြန်လှည့်ကာ တိုက်တွန်းလေသည်။
“ရှန်းအာ နောက်တစ်ခါ အဲလို အိပ်မက်တွေမက်ရင် အဖွားကိုပြောရမယ်နော် တစ်ယောက်တည်း သိမ်းမထားရဘူး”
ယွီရှန်းက ခေါင်းညိတ်ပြခဲ့သည်။ ယွီဖင်ယန်က သူ(မ)ရဲ့ ကာကွယ်ခြင်း အဆောင်မန္တန်မလို့ ဒီလိုကိစ္စတွေကို သူ(မ) တစ်ယောက်တည်း သိမ်းထားမည်မဟုတ်ပေ။
မဒမ်အိုကြီးက ကျေနပ်စွာဖြင့် အခန်းထဲက ထွက်သွားလေသည်။ သူ(မ)နောက်မှာ ရပ်နေသည့် ချိန်းဖင်နှင့် ချိန်းရှီကို မြင်လိုက်တော့ သူတို့ကို ပြောလေသည်
“သခင်မလေးကို ကောင်းကောင်းဂရုစိုက်၊ လိုအပ်တာရှိရင် မာမောမောကို ရှာလိုက်၊ သခင်မလေးက ဆေးသောက်ဖို့ အစားစားဖို့ ငြင်းရင်လည်း သေချာလေး ချော့မော့ကျွေး၊ သူ ဒီနေ့လိုမျိုး အခြေအနေ မကောင်းလို့ကတော့ နင်တို့တွေ ဒီစံအိမ်မှာ ဆက်ရှိနေဖို့ မလိုဘူး”
ချိန်းဖင်နှင့်ချိန်းရှီက တိုးလျစွာ တုံ့ပြန်ခဲ့လေသည်။ မဒမ်အိုကြီးတို့တွေ အဝေးရောက်သွားမှ နဖူးကချွေးတွေကို သုတ်ပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လေသည်။ မဒမ်ကြီးရဲ့စိတ်က တစ်ညတည်းနဲ့ ဘယ်လိုလုပ် ပြောင်းလဲသွားတာလဲ။
မဒမ်အိုကြီး သူ့ခြံဝန်းကို ပြန်ရောက်တော့ ဗုဒ္ဓရုပ်ထုရှေ့တွင်ဒူးထောက်ကာ စိတ်ငြိမ်အောင် ဗုဒ္ဓကျမ်းစာကို ရွတ်ဖတ်ပူဇော်နေလေသည်။
မာမောမောက မဒမ်အိုကြီးကို ထဖို့ကူပေးကာ လက်ဖက်ရည်ပူပူလေးတစ်ခွက် ယူပေးလေသည်။ မဒမ်အိုကြီးထိုင်ပြီးသွားတော့ မာမောမောက အနားကပ်ကာ မေးလေသည်
“မဒမ်ကြီး သခင်မလေးက ဘာအကြောင်း အိပ်မက်မက်တာလဲ”
“ဒါဗုဒ္ဓဘုရားရှင်က ရှန်းအာကို သတိပေးတာပဲ”
မဒမ်အိုကြီးက လက်ဖက်ရည်ခွက် နှုတ်ခမ်းနားက လက်ဖက်ရည်ကို သာမာန်ကာလျှံကာဖြင့် သောက်ကာ
“ယန်အာ.. ယန်အာသာ မရပ်ခဲ့ဘဲ ရှေ့ဆက်သွားရင် အိပ်မက်ထဲကအတိုင်း တကယ်ဖြစ်လာလိမ့်မယ်၊ အိမ်ရှေ့စံသယ်သွားတဲ့ ငွေချောင်းတွေလဲ အကုန် ရေထဲမြောပါသွားလိမ့်မယ်၊ အနည်းဆုံးပမာဏကတော့… “
သူ(မ)ကလက်ဖဝါးဖြန့်ပြလေသည်။
“ငွေချောင်း၅သောင်းလား”
မာမောမော အောက်မေးရိုးပြုတ်သွားလေသည်။
“ငွေချောင်း၅သန်း အဲထက်တောင်ပိုနိုင်တယ်”
မဒမ်အိုကြီးက ပြောကာ နဖူးမှာ ချွေးစို့နေလေသည်။ သက်ပြင်းချကာ ဆက်ပြောလေသည်။
“ကံကောင်းချင်တော့ ရှန်းအာက သတိပေးခဲ့တော့ ယန်အာက ရှေ့မဆက်ခဲ့ဘူး၊ မဟုတ်ရင်တော့ သူ့အသက် ဆုံးရှုံးရုံတင်မကဘဲ မှူးမတ်စံအိမ်တော်တစ်ခုလုံး မီးရှို့ခံရမယ်၊ တစ်အိမ်လုံး နိုင်ငံတော်ပိုင်အဖြစ် သိမ်းခံရရင်တောင် အဲဒီ ငွေချောင်း၅သန်းကို မလျော်ပေးနိုင်ဘူး”
ယွီရှန်းက ဘာမှမသိသည့် သာမာန်ကလေးမလေး ဖြစ်သည်။ ယန်အာရဲ့ တာဝန်နှင့် အိမ်ရှေ့စံသယ်ဆောင်သွားသည့် ငွေချောင်း၅သန်းကို သူဘယ်လိုသိမှာလဲ။ သူအိပ်မက် မက်ခဲ့ပြီး အိပ်မက်ထဲမှာ သိခဲ့တာဖြစ်သည်။ ဒီတစ်ခါတော့ မဒမ်အိုကြီးက သူ(မ)စကားတွေကို သံသယ မဝင်ခဲ့ပေ။
မာမောမောက ထိပ်လန့်နေလေသည်။
“ငွေချောင်း ၅.. ၅သန်း”
သူ(မ)က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောခဲ့သည်။
“အို အမေရယ် ဗုဒ္ဓရဲ့ကောင်းချီးကြောင့်သာပေါ့ အမလေး ကျေးဇူးတင်လိုက်တာ”
မှူးမတ်ကြီးသေပြီး စံအိမ်တော်က နိုင်ငံတော်ဘဏ္ဍာအဖြစ် အသိမ်းခံလိုက်ရရင် သူတို့လို အစေခံတွေ ရှင်သန်နိုင်မည် မဟုတ်ပေ။ ကပ်သီလေး လွတ်သွားခဲ့တာ။ ကပ်သီလေး လွတ်သွားခဲ့တာ။
မာမောမောက ဗုဒ္ဓရုပ်ထုရှေ့သွားကာ ရှိခိုးလိုက်သည်။ ထို့နောက် တတွတ်တွတ် ရွတ်လေသည်။
“မှူးမတ်ကြီးမှန်တယ်၊ သခင်မလေးက ဂြိုလ်ဆိုးမဟုတ်ဘူး ကံကောင်းခြင်းကြယ်ပဲ၊ ဒီတစ်လအတွင်း မှူးမတ်ကြီးကို သေဘေးကနေ ၂ခါကယ်ခဲ့တယ်၊ အရမ်းဆန်းကြယ်တယ်၊ လေးမြတ်တဲ့ ကံကြမ္မာသာမရှိရင် ဘုရားရှင်က ဘာလို့ အိပ်မက်ထဲမှာ သတိပေးမှာလဲ..”
မဒမ်အိုကြီးက တိတ်ဆိတ်နေပြီးမှ လက်ဖြင့်အချက်ပြကာ
“ပိုးခြည်တွေနဲ့ သိုလှောင်ခန်းထဲက နှစ်ပေါင်းရာချီတဲ့ ဂျင်ဆင်းမြစ်ကို ရှန်းအာဆီပို့လိုက်၊ သူက လိမ္မာတဲ့ကလေးမလေးပဲ”
သူ(မ)က စိတ်ကောင်းရှိသည်။ ဒီကိစ္စက ထူးဆန်းသည်။ ဒါက ကောင်းချီးမင်္ဂလာဖြစ်ဖြစ် ကံဆိုးခြင်းပဲဖြစ်ဖြစ် သူတို့ အချိန်ကိုသာ စောင့်ကြည့်ရမည်။
“ဒီအစေခံ သွားလိုက်ပါ့မယ်”
မာမောမောက ဘယ်သူ့ကိုမှ မခိုင်းဘဲ သူ(မ)ကိုယ်တိုင် သွားလေသည်။ ဒီပစ္စည်းတွေက အင်ပါယာက ချီးမြှင့်ထားတာဖြစ်ပြီး တန်ကြေးကြီးလှသည်။ မဒမ်ကြီးက သူ့ဘာသာသုံးဖို့တောင်တွန့်ဆုတ်နေပြီး အခုတော့ သခင်မလေးကို လက်ဆောင်ပေးပစ်ခဲ့သည်။ ဒီတစ်ခါတော့ တကယ်လန့်သွားပုံပေါ်သည်။
ချိန်းဖင်နှင့် ချိန်းရှီက မဒမ်အိုကြီး ယွီရှန်းကို အလွန်အလေးပေးနေတာကို သတိထားမိခဲ့သည်။ သူတို့တွေက မခံမရပ်နိုင် ဖြစ်နေသော်လည်း အရင်လို မရဲတင်းရဲပေ။
****
ဝတ္ထုရဲ့ မူလဇာတ်ကြောင်း
အိမ်ရှေ့စံက ကပ်ဘေးကြုံခဲ့သည့် စန်မင်မြို့ကို စေလွှတ်ခံခဲ့ရသည်။ သို့သော်လည်း လမ်းတစ်ဝက်မှာ မြေပြိုမှုနှင့် ကြုံခဲ့ရသည်။ သူက ကံကောင်းလို့ အသက်ဘေးက လွတ်ခဲ့ပေမယ့် ငွေချောင်း၈သန်းကို ဆုံးရှုံးခဲ့ပြီး နန်းတော်ကို ပြန်ခဲ့သည်။ အိမ်ရှေ့စံက ကောင်းချီး မပေးခံရတာကြောင့် ရေလွှမ်းခြင်းနှင့် ကပ်ဘေးကို အပြစ်ပေးခံရကြောင်း မှတ်ယူခဲ့သည်။ ရှင်ဘုရင်က အိမ်ရှေ့စံကို အပြစ်အတွက် မင်းမျိုးနွယ်ဝင်ဂူဗိမာန်ကို ပို့ပြီး တော်ဝင်ခုံရုံးတက်ခွင့် ပိတ်လိုက်သည်။ ထို့နောက် စတုတ္ထမင်းသားကို ငွေချောင်းတွေ အများအပြားထည့်ပေးကာ စန်မင်ကို စေလွှတ်ခဲ့သည်။ စတုတ္ထမင်းသားက အမှားအယွင်းမရှိ ကိစ္စများကို ချောမွေ့အောင် လုပ်နိုင်ခဲ့သည်။ ၉လကြာပြီးနောက် စတုတ္ထမင်းသားက လူရိုသေရှင်ရိုသေခံရပြီး ဂုဏ်သတင်းကျော်ဇော မွှေးပျံ့ခဲ့ကာ အိမ်ရှေ့စံကတော့ ဆိတ်ငြိမ်စွာ နေ့ရက်တွေကို ဖြတ်သန်းခဲ့ရသည်။
မှူးမတ်ကြီးက မြေပြိုမှုကြောင့် ဒဏ်ရာများစွာ ရခဲ့ကာ အိမ်မှာ လပေါင်းများစွာ ကုသခဲ့ရသည်။ ရှင်ဘုရင်က ဒေါသတွေကို မှူးမတ်ကြီးပေါ် ပုံချခဲ့သည်။ မှူးမတ်မျိုးနွယ်ကို မဖယ်ချခဲ့သော်လည်း မှူးမတ်တာဝန်တွေနှင့် ရာထူးကို ဖြုတ်ချခဲ့သည်။ မဒမ်အိုကြီးက ပိုင်ဆိုင်သမျှကို ရောင်းချခဲ့ရပြီး အရင်လို ဂုဏ်သိက္ခာ ပြန်ကြီးအောင် မစွမ်းနိုင်တော့ပေ။ မှူးမတ်ကြီးလည်း ရွေးချယ်စရာမရှိဘဲ စစ်ထဲဝင်ကာ စစ်မှုထမ်းခဲ့ရပြီး အသက်ကိုရင်းကာ အခွင့်အရေးအရယူလို့ ကြိုးပမ်းခဲ့ရတော့သည်။
#####