TYCDTN
Chapter 8
ယွီရှန်း ချွေးတွေစိုကာ တစ္ဆေတစ်ကောင်လို ဖြူဖတ်နေတာကို တွေ့တော့ ယွီဖင်ယန်က အမြန်လေး ရှေ့တိုးသွားကာ မေးလေသည်
“အရမ်းနာနေလား၊ ဆေးဆရာပင့်ပြီးပြီလား”
ယွီရှန်းက သူ့ရဲ့အင်္ကျီလက်အစကို ဆွဲကာ မေးလေသည်
“အစ်ကိုကြီး ဘယ်သွားမလို့လဲ”
ကလေးမလေးက တော်တော်လေး တုန်ယင်နေဟန်တူသည်။ နေ့တိုင်း သူ(မ)ကို အဖော်ပြုပေးပြီးနောက်တော့ ဒီခွဲခွာမှုက သူ(မ)ကို အလွန်ကြောက်ရွံ့စေပုံရသည်။ ယွီဖင်ယန်က အိပ်ရာဘေးတွင်ထိုင်ကာ သေချာလေး နှစ်သိမ့်လေသည်
“အစ်ကိုကြီးက ဘုရင့်အမိန့်အရ တာဝန်သွားထမ်းဆောင်ပြီး မကြာခင် ပြန်လာမှာပါ၊ ရှန်းအာ မကြောက်နဲ့၊ ကိစ္စရှိရင် ဖုန်းမောမောကို ရှာလိုက်၊ သူက ညီမလေးကို ဂရုစိုက်ပေးလိမ့်မယ်”
ယွီရှန်းက သူ့ကို ဘယ်လိုတားရမလဲဆိုတာ စဥ်းစားနေတုန်း လျိုလွီ့က ဆေးဆရာဖြင့် ပြန်ဝင်လာလေသည်။ ယွီရှန်းကလည်း အချိန်ဆွဲဖို့အတွက် လိမ္မာစွာ သွေးခုန်နှုန်း အစမ်းခံလေသည်။
ယွီဖင်ယန်ကလည်း စိတ်ရှည်စွာ စောင့်နေခဲ့သည်။ ဆေးဆရာက ဘာပြဿနာမှ မရှိဘူးလို့ ပြောမှ သူစိတ်အေးသွားပြီး အစေခံတွေကို ဆေးရည် ကျိုခိုင်းလိုက်လေသည်။ ထို့နောက် ယွီရှန်းကို တိုက်လိုက်လေသည်။
ယွီရှန်းကလည်း ဆေးသောက်ရင်း အကြံထုတ်နေခဲ့သည်။ သို့ပေမယ့် ဆေးတစ်ပန်းကန်သာ သောက်လို့ကုန်သွားပေမယ့် ဘာအကြံမှ ထွက်မလာခဲ့ပေ။
ယွီဖင်ယန်က သူ(မ)ရဲ့ အဆင်ပြေလာသည့် အသားအရောင်ကိုကြည့်ကာ သစ်သီးချိုချဥ် ခွံ့ကျွေးလိုက်လေသည်။ ထို့နောက် ခေါင်းအုံးပျော့လေးကို ထုတ်ကာ အိပ်ရာထက် လဲလျောင်းခိုင်းလိုက်သည်။ ထို့နောက် စောင်ခြုံပေးကာ မကြောက်နဲ့ဟူသော နှစ်သိမ့်စကားပြောကာ လှည့်ထွက်သွားလေသည်။
အရင်ဘဝတုန်းက ယွီရှန်းက အစ်ကိုကြီးရဲ့ အသက်ဘေးနဲ့ပတ်သက်ကာ တိကျစွာ ခန့်မှန်းနိုင်ခဲ့သည်။ ဒီဘဝမှာ အစ်ကိုကြီးရဲ့ အသက်က ပြောင်းလဲသွားသော်လည်း ကြိုတင်သိနိုင်သည့်ခံစားချက်က ပျောက်မသွားဘဲ ပိုပြင်းထန်လာဟန်တူသည်။ သေချာတွေးတောပြီးနောက် ဒါက အခွင့်ကောင်း အလှည့်အပြောင်းဟု မှတ်ယူနိုင်သည်။ ယွီဖင်ယန်သာ လုံခြုံဘေးကင်းစွာ ရှိနေမယ်ဆိုရင် သူ(မ) ဘဝက ပိုအဆင်ပြေ ချောမွေ့သွားလိမ့်မည်။ မှူးမတ်စံအိမ်တော်အနေနှင့် ရန်သူများစွာ ရှိနိုင်ပြီး အနာဂတ်မှာလည်း ကပ်ဘေးမျိုးစုံကို ကြုံတွေ့ရနိုင်သည်။
ဝတ္ထုရဲ့ဇာတ်လမ်းကို သူမသိပေ။ စာရေးသူက အမျိုးသမီးဇာတ်ဆောင် ကြံ့ခိုင်ကာ အောင်မြင်မှုအတွက် တိုက်ခိုင်နိုင်အောင်လို့ မှူးမတ်စံအိမ်တော်ကြီးကို ယုတ်လျော့ကျဆင်းအောင် ရေးခဲ့သလားဆိုတာ သူ(မ) မသိပေ။ အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်လာပြီး ဒီစံအိမ်ကို ဦးဆောင်ကာ ထူးချွန်ပြောင်မြောက်လှသော စွမ်းဆောင်ရည်ရှိလာအောင် တွန်းအားပေးသည့် အချိန်ကိုစောင့်ပြီး ဒီအိမ်က မဒမ်အိုကြီးကပါ သူ(မ)ကို ကိုးကွယ်သွားတာမျိုး ဖြစ်နိုင်သည်။
ဇာတ်ကွက်ကို တွေးကြည့်ရင်း ယွီရှန်း စပ်ဖျင်းဖျင်း ခံစားလိုက်ရသည်။ ဂြိုလ်ဆိုး တစ်ယောက်အနေနှင့် မှူးမတ်စံအိမ်တော်မှာ သူက ဘယ်လိုတွေ သည်းခံနေထိုင်ရမလဲဆိုတာ မတွေးရဲတော့ပေ။ အပြစ်တွေ အကုန်လုံးက အမြောက်စာဇာတ်ကောင်လေး သူ(မ)အပေါ်သာ ပုံကျခဲ့ပြီး အမျိုးသမီးဇာတ်ဆောင်ရဲ့ ကျောက်တုံးလို အနင်းခံရမယ့်ဘဝမျိုးဖြစ်သည်။
သို့ပေမယ့် တစ်ဘဝလုံး ဂုဏ်သရေကြီးစွာ နေထိုင်ခဲ့သည့် ယွီရှန်းက သူ့ဘဝကို ကျောက်တုံးတစ်ခုလို့ အနင်းမခံနိုင်ပေ။ သူ(မ)က အဓိကဇာတ်ကောင် မဟုတ်သော်လည်း ခမ်းခမ်းနားနားသာ နေထိုင်လိုတာကြောင့် ယွီဖင်ယန်ကို ဘယ်လို ဒုက္ခနဲ့မှ အထိအခိုက်မခံနိုင်ပေ။
ယွီရှန်းက အံကြိတ်ကာ အလွန်အမင်း နာကျင်နေသည့် အသွင်ဖမ်းပြီး အော်ဟစ်ညည်းတွားလေသည်။
ယွီဖင်ယန်က အမြန်ပြန်လှည့်လာခဲ့သည်။ ထို့နောက် ယွီရှန်းကို စောင်နှင့်လုံးထွေးကာ ပွေ့ဖက်လိုက်ပြီး ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးပြီး ဆေးဆရာကို ထပ်သွားပင့်ခိုင်းလိုက်သည်။ တော်တော်လေး အဝေးကို ရောက်နေပြီဖြစ်သည့် ဆေးဆရာကလည်း အမြန်ပြန်လှည့်ပြေးလာကာ သွေးခုန်နှုန်းကို စမ်းပြီး ဘာမှမဖြစ်နေကြောင်း ပြောလေသည်။
သို့ပေမယ့် ယွီရှန်းက ပိုညည်းတွားလာပြီး လက်၂ဖက်က ယွီဖင်ယန်ရဲ့ လည်တိုင်ကို တင်းကြပ်စွာ ဖက်ထားလေသည်
“အစ်ကိုကြီး သမီး အရမ်းနာနေတယ်”
သူ(မ)က အသနားခံခဲ့လေသည်။
“အစ်ကိုကြီး မသွားပါနဲ့”
ယွီဖင်ယန်က လေပြွန်ပင်ပိတ်လုနီးပါးဖြစ်ကာ အသက်ပင်ကောင်းကောင်းရှူမရတော့ပေ။ သူ့မျက်နှာနား နီးကပ်နေသည့် မလုံမလဲဖြစ်ကာ အကြံတွေနှင့် ပြည့်နေသည့် မျက်လုံး တောက်တောက်တွေကို ကြည့်လိုက်သည်။ အခြေအနေတွေကို တွေးတောပြီးနောက် ရယ်ရမလား ငိုရမလားတောင် မသိတော့ဘဲ မေးလိုက်လေသည်။
“ရှန်းအာ ဟန်ဆောင်ပြီး နေမကောင်းချင်ယောင်ဆောင်နေတာလား၊ အမ်၊ အစ်ကိုကြီးက တော်ဝင်အမိန့်နဲ့ သွားရတာ၊ ပြန်မလာတော့မှာ မဟုတ်ဘူးလေ၊ မကြောက်ပါနဲ့”
သူက ကူကယ်ရာမဲ့သလို ခံစားရသော်လည်း တစ်ယောက်ယောက်က သူ့အပေါ် အလွန်တွယ်တာနေတာကြောင့် ဘဝင်ခိုက်နေသည့် ခံစားချက်ရနေလေသည်။
“အစ်ကိုကြီး ဒီနေ့ မသွားပါနဲ့၊ မနက်ဖြန်မှသွားနော်၊ သမီး အိပ်မက်ဆိုးတွေ မက်ထားတယ်”
ယွီရှန်းက သူ(မ)ရဲ့ စွမ်းရည်တွေကို မကွယ်ဝှက်ထားဘဲ အသေးစိတ်တစ်ခုချင်းဆီ ပြန်ပြောပြလေသည်။
“အိပ်မက်ထဲမှာ အစ်ကိုကြီးကို ဒီအဝတ်အစားတွေနဲ့ပဲ တွေ့လိုက်တာ၊ အစ်ကိုကြီးက မြင်းကိုဒုန်းစိုင်းစီးပြီး အနောက်မှာ စစ်သားတွေနဲ့ လှည်းတွေလည်းပါတယ်၊ ဘယ်ဖက်မှာတောင်တွေနဲ့ ညာဖက်မှာက ချောက်နက်ကြီး ရှိနေတယ်၊ ချောက်နက်ကြီးကို ဖြတ်ပြီး မြစ်က စီးဆင်းနေတာ၊ ရုတ်တရက်ကြီး မိုးတွေက အဆက်မပြတ် ရွာချလာခဲ့တယ်၊ အစ်ကိုကြီးက မြန်မြန်လေး စီးနှင်းသွားခဲ့တာ၊ အကွေ့တစ်ခုကို တွေ့လိုက်တဲ့အချိန် ရွှံ့တွေခဲတွေက တောင်အောင်ကျသွားပြီး လှည်းတွေလည်း မှောက်သွားခဲ့တယ် လှည်းထဲက သေတ္တာတွေလည်း ပြုတ်ကျပြီး အထဲက ငွေချောင်းတွေလည်း မြစ်ထဲပါသွားခဲ့ပြီး ဘယ်တော့မှ ပြန်ရှာမတွေ့တော့ဘူး”
ယွီရှန်းရဲ့ အသေးစိတ်ကို နားထောင်ရင်း ယွီဖင်ယန် ရုတ်တရက် လန့်သွားလေသည်။ ဒီတစ်ခါ မြို့တော်ကထွက်တော့ အိမ်ရှေ့စံက တကယ်ကို ပြန်လည်ထူထောင်ရေးအတွက် ငွေချောင်း၈သန်း သယ်ဆောင်သွားမည် ဖြစ်သည်။ သယ်မည့်ယဥ်တန်းနှင့် ဘုရင်သာ ဒီကိစ္စကို သိထားတာမလို့ ရှန်းအာရဲ့ အိပ်မက်က တကယ်ထူးဆန်းတာပဲ။
ယွီရှန်း သူ့အိပ်မက်အကြောင်း ပြောပြနေတုန်း ချိန်းဖင်က တိတ်တိတ်လေး ထွက်သွာကာ မဒမ်ကြီးရဲ့အဆောင်ဆီ ပြေးသွားလေသည်။
ချိန်းရှီက ပြတင်းပေါက်နားရပ်ကာ ချိန်းဖင်ထွက်သွားတာကို ကြည့်နေခဲ့သည်။ သူ(မ)က စိတ်ထဲက တွေးနေလေသည်။ မှူးမတ်ကြီးကိုပဲ အရူးလုပ်လို့ရမယ် မဒမ်အိုကြီးကိုတော့ အရူးလုပ်လို့မရဘူး။ သူ အိပ်မက်ဆိုးမက်တာနဲ့ဘဲ မှူးမတ်ကြီး တော်ဝင်တာဝန်ကို မထမ်းဆောင်နိုင်အောင် ဟန်ဆောင်ဖျားပြနေသေးတယ်။ မဒမ်အိုကြီး သိလို့ကတော့ အသက်ကိုဖက်နဲ့ထုတ်ထားရမယ်။ ထိုသို့တွေးပြီးနောက် ချိန်းရှီက ပါးစပ်ကို လက်ကိုင်ပဝါဖြင့်အုပ်ကာ ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။
ယွီဖင်ယန် ငြိမ်ကျသွားတာကို ယွီရှန်း တွေ့လိုက်သည်။ သူ(မ) ထပ်ပြောကာ ဆွဲဆောင်မည့်အချိန်မှာပဲ မဒမ်အိုကြီးက တုတ်ကောက်ဖြင့် လူအုပ်ကို ဦးဆောင်ဝင်လာပြီး ခက်ထန်စွာ ပြောလေသည်
“ရှန်းအာ ပြဿနာရှာမနေနဲ့၊ သခင်မလေး အတွက် အိပ်ရာပြင်ပေးလိုက်စမ်း”
မဒမ်အိုကြီးက လက်ဝေ့ယမ်းပြလိုက်တော့ သန်မာတောင့်တင်းသည့် မောမော၂ယောက်က ယွီရှန်း ယွီဖင်ယန်ကို ဖက်ထားတာကို ဆွဲခွာကာ အိပ်ရာပေါ် လဲချစေလိုက်သည်။
“ယန်အာ မြန်မြန်သွားတော့ အိမ်ရှေ့စံမင်းသားရဲ့ ကိစ္စတွေကို မနှောင့်နှေးစေနဲ့”
သူ(မ)ရဲ့မြေးကိုတွေ့တော့ မဒမ်အိုကြီးရဲ့ ခက်ထန်သည့်အသွင်က လျော့ကျသွားလေသည်။
“အဖွား ရှန်းအာက အရှင်း မပျောက်သေးဘူး၊ အဖွား သူ့ကို ဂရုစိုက်ပေးဖို့ မြေးတောင်းဆိုပါရစေ၊ ဒီမြေးရဲ့အသက်က ရှန်းအာ လက်ဆောင်ပေးထားတာပါ၊ ရှန်းအာသာ မရှိရင် မြေးလည်းမရှိနိုင်ဘဲ အဖွားနဲ့လည်း ဒီလိုစကားပြောနေနိုင်မှာ မဟုတ်ဘူး”
ယွီဖင်ယန်က အဖွားဖြစ်သူ ရှန်းအာကို ပြဿနာမရှာဖို့ ဝိုးဝဝါး သတိပေးလိုက်လေသည်။
စိတ်ထဲက သံသယများစွာ ဝင်နေသော်လည်း ယွီဖင်ယန်က သူ့တာဝန်တွေကို မရှောင်ဖယ်ချင်ပေ။ အိမ်ရှေ့စံမင်းသားက ဒီနှစ် အသက်၁၇နှစ်ဖြစ်ပြီး တော်ဝင်ခုံရုံးတက်တာ ၁နှစ်နီးပါးရှိပြီဖြစ်ကာ ဒါက တော်ဝင်အမိန့်ကို ပထမဆုံး ထမ်းဆောင်သည့်အချိန်ဖြစ်ပြီး ရုံးတွင်းကော ရုံးပြင်ပါ စောင့်ကြည့်နေသည့် မရေတွက်နိုင်သည့် မျက်လုံးများစွာ ရှိနေသည်။ သူက သူ့ညီမလေးရဲ့ ခေါင်းကိုပုတ်ခဲ့ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့ပြီး ဒါက သူ့ဂုဏ်သိက္ခာအတွက် တာဝန်တစ်ခုဖြစ်သည်။
ရှန်းအာက တံတောင်ဆစ်ဖြင့် ထောက်ပြီး ကိုယ်ကိုမတ်ကာ အော်ပြောလေသည်
“အစ်ကိုကြီး မိုးရွာလာရင် ချက်ချင်းရပ်နော်၊ ဒီခရီးကို ကတိုက်ကရိုက် လုပ်လို့မရဘူး၊ ဒီခရီးကို ကတိုက်ကရိုက် မြန်မြန်လုပ်လို့မရဘူးဆိုတာ မှတ်ထားနော်”
ယွီဖင်ယန်က လက်ခါယမ်းပြကာ အဝေးကို ထွက်သွားလေသည်။ ယွီရှန်းက ရုန်းကန်နေတာ ငြိမ်သွားပြီး စောင်ထဲပြန်ဝင်သွားလေသည်။ မောမောတွေက ပြန်နောက်ဆုတ်သွားကာ မဒမ်ကြီးရဲ့အမိန့်ကို စောင့်ဆိုင်းနေလေသည်။
ထောင်ဟုန်နှင့် လျိုလွီ့က စိုးရိမ်နေပြီး ချိန်းရှီနှင့်ချိန်းဖင်က သူများ ဒုက္ခရောက်တာကို ပျော်မြူးနေလေသည်။
တုတ်ထောက်အကူအညီဖြင့် မဒမ်အိုကြီးက ရှေ့တိုးလာကာ ခက်ထန်စွာဆိုလေသည်
“အစကတော့ အရင်ကထက် နင်အသိဉာဏ်ရှိသွားပြီလို့ ငါတွေးခဲ့တာ၊ အခုတော့ နင်က အရင်အတိုင်းပဲ၊ နင့်အစ်ကိုကြီး ဖြေရှင်းရမယ့် ကိစ္စက အရေးကြီးတယ်၊ ဘုရင် ဒါမှမဟုတ် အိမ်ရှေ့မင်းသားဆီက အပြစ်တင်ခံရရင် မှူးမတ်စံအိမ်ကြီး ကြိုးစားထားရသမျှ သဲထဲရေသွန်ဖြစ်ကုန်မှာ”
ယွီရှန်းက ခေါင်းငုံ့ထားကာ ပြောလေသည်
“ရှန်းအာ မှားပါတယ် အဖွား”
ယွီဖင်ယန် လုံခြုံစွာ မပြန်မလာမချင်း ဉာဏ်ရှိရှိနေထိုင်တာ ပိုကောင်းသည်။
မဒမ်အိုကြီးက ဖျားချင်သလိုဖြစ်ကာ ချွေးတွေစိုနေသည့် ဖြူဖတ်ဖတ် မျက်နှာကို ကြည့်လိုက်သည်။ သူ(မ)က သူ့မြေး မသွားခင် ပြောခဲ့သည့် စကားတွေကို ပြန်တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ယွီရှန်းက သူ့မြေးအသက်ကို ကယ်ခဲ့ရင်း အောက်ပိုင်း သေသွားတာပဲလေ။ ဇွတ်တရွတ် လုပ်တာကိုတော့ လက်ခံပေးလို့ရပါတယ်။
မဒမ်အိုကြီးက သက်ပြင်းရှိုက်ကာ
“ကိုယ့်အမှားကိုယ်သိတာ ကောင်းတယ်၊ နောက်ဆိုရင် ဒီလိုဇွတ်တရွတ် မလုပ်နဲ့၊ အိပ်တော့ ငါလည်းအခု သွားတော့မယ်”
ယွီရှန်းက ကတိပေးလိုက်ပြီး ချိန်းရှီနှင့်ချိန်းဖင်ကို အဖွားကို လိုက်ပို့ခိုင်းလိုက်လေသည်။
ချိန်းရှီက မဒမ်အိုကြီး စကားတွေအများကြီးပြောပေမယ့် အပြစ်မတင်တာကြောင့် မကျေမနပ် ဖြစ်သွားပြီး စိုးရိမ်သည့်အသွင်ဖမ်းကာ ပြောလေသည်
“မဒမ်ကြီးရှင့် သခင်မလေးပြောတဲ့ အိပ်မက်က ယုံစရာကို မရှိဘူး၊ သူပြောတာ မှူးမတ်ကြီးက ရွှံ့တွေနဲ့လမ်းချော်ပြီး.. “
“ပါးစပ် ပိတ်ထားစမ်း”
မဒမ်အိုကြီးက သူပြောလို့မပြီးသေးခင် ခက်ထန်စွာ ဖြတ်ပြောလေသည်
“ဒီလို ကံဆိုးမိုးမှောင်ကျမယ့်စကားတွေ ရှေ့လျှောက်မပြောနဲ့၊ မဟုတ်ရင် လျှာကိုဖြတ်ပစ်မယ်”
မဒမ်အိုကြီးက ကံဆိုးမိုးမှောင်ကျခြင်း ဟူသော စကားကို ထပ်ခါထပ်ခါရွတ်ပြီး တုတ်ကောက်ဖြင့် ကြမ်းပြင်ကို အရှိန်ပြင်းသွာ ဆောင့်လိုက်လေသည်။ ထို့နောက် ဒီခြံဝန်းက မကောင်းတာတွေ မှီနေသလိုဖြင့် အမြန်ကြီး ထွက်ခွာသွားလေသည်။
ချိန်းရှီနဲ့ချိန်းဖင်က လူအုပ်ကြီး ထွက်ခွာသွားတာကို ကြောက်ရွံ့သလို ဟန်ဆောင်က စောင့်နေပြီး နောက်ကွယ်မှာတော့ လက်သီးလက်မောင်း တန်းနေလေသည်။ ယွီရှန်းရဲ့ ဂြိုလ်ဆိုးဆိုတဲ့ နာမည်က မပျောက်ဘူး ထင်တယ်။ မှူးမတ်ကြီး ထွက်သွားတာကို သူက ဒီလို နိမိတ်မကောင်းတဲ့ စကားတွေပြောရဲသေးတယ် ရူးလိုက်တာ။
ယွီဖင်ယန် စံအိမ်ကနေ ဒုန်းဆိုင်းထွက်ကာ အမြန်သွားလိုက်တော့ အိမ်ရှေ့စံတို့အဖွဲ့ကို မြို့တံတိုင်းရဲ့ အပြင် ၁၀မိုင်အကွာတွင် လိုက်မှီသွားခဲ့သည်။
အိမ်ရှေ့စံက မြင်းကြီးပေါ်တွင် ခန့်ညားစွာ ထိုင်ကာ စီးနှင်းနေသည်။ သူက အရပ်ရှည်ပြီးသန်မာကာ ရုပ်ရည်ချောမောသည်။ သူ့ရုပ်ရည်က ကျက်သရေရှိစွာ ခန့်ညားပြီး အပြုအမူက ယဥ်ကျေးသိမ်မွေ့တာကြောင့် မြင်ရသူကို ကြည်ညိုလေးစား ချစ်ခင်မှုတိုးပွားစေသည်။
“ဘာကိစ္စကြောင့် နှောင့်နှေးနေတာလဲ”
အိမ်ရှေ့စံကလှည့်မေးလေသည်။
ယွီဖင်ယန်က လက်ကိုကွေးကာ ယဥ်ကျေးစွာပြန်ဖြေလေသည်
“ကျွန်တော်မျိုးရဲ့ ညီမ ဒဏ်ရာတွေ ပြန်နာလာလို့ ဆေးဆရာ ကုသပေးတာကို စောင့်နေရလို့ပါ၊ အိမ်ရှေ့စံရဲ့ ခရီးကို နှောင့်နှေးစေခဲ့တဲ့အတွက် ခွင့်လွှတ်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုပါရစေ”
အိမ်ရှေ့စံနှင့် ယွီဖင်ယန်က ကောင်းမွန်သည့် ဆက်ဆံရေးရှိတာကြောင့် ယွီရှန်းက သူ့ဘာသာစွန့်လွှတ်ကာ ယွီဖင်ယန်ကို ကယ်ခဲ့သည့်အတွက် အိမ်ရှေ့စံကလည်း ယွီရှန်းအပေါ် ကြင်နာလေသည်။ ကြင်နာတတ်သည့် အိမ်ရှေ့စံက ဒီကိစ္စလောက်လေးနှင့် ယွီဖင်ယန်ကို အခက်တွေ့အောင် မလုပ်ပေ။ သူက လက်ဝေ့ယမ်းပြကာ ပြောလေသည်
“ပြဿနာမရှိဘူး၊ မောင်မင်းရဲ့ ညီမငယ် ဒဏ်ရာက ပြန်ကောင်းသွားပြီလား၊ ကိုယ်တော်တို့ ပြန်ရောက်တဲ့အခါ ကိုယ်တော့်ရဲ့ သက်သေခံကဒ်ပြားကို ယူပြီး တော်ဝင်ဆေးရုံကိုသွားပြီး သမားတော်ရှဲ့နဲ့ပြလိုက်၊ သူက အရိုးကုသရေးမှာ တော်တော်လေး ကျွမ်းကျင်တယ်”
“ကျွန်တော်မျိုး ပြန်မထွက်လာခင်မှာပဲ ညီမလေးရဲ့ဒဏ်ရာက တော်တော် ကောင်းသွားပါပြီ၊ အရှင့်သားရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးကြီးလှကြောင်းပါ၊ ကျွန်တော်မျိုးတို့ ပြန်ရောက်တဲ့အခါကျရင် အရှင့်သားရဲ့ သက်သေခံကဒ်ပြားကို အရှက်မဲ့စွာ ငှားယူပါရစေ”
ထိုစကားကိုကြားတော့ ယွီဖင်ယန်က ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။ သမားတော်ကြီးရှဲ့နှင့် ပြသရဖို့ ဘယ်သူမှ မတောင်းဆိုနိုင်ဘဲ သူကသာ ဘုရင်နှင့် အိမ်ရှေ့စံရဲ့ မျက်နှာသာပေးခြင်းကို ခံရလေသည်။
ကပ်ဘေးဒဏ်က တော်တော်လေး ပျက်စီးဆုံးရှုံးသွားတာမလို့ သူတို့အချိန်ဆွဲလို့ မဖြစ်ပေ။ စကားခဏလောက်ပြောပြီးနောက် သူတို့၂ယောက်က မြင်းကို ဒုန်းဆိုင်းစီးနှင်းကာ ခရီးဆက်လေသည်။ သူတို့တောင်ပေါ်ရောက်တော့ မိုးတွေမည်းလာကာ မိုးတိမ်အမည်းတွေ ကောင်းကင်ယံမှာ စုဝေးလာလေသည်။ တိမ်တွေကြားမှာ လျှပ်စီးကြောင်းနှင့် မိုးချုန်းသံတွေက တော်တော်လေး ကြောက်ဖို့ကောင်းသည်။
“မကောင်းတော့ဘူး မိုးအကြီးအကျယ် ရွာတော့မယ်ထင်တယ်၊ ဒီကနေ ၇မိုင်၊၈မိုင် အကွာလောက်မှာ ရွာရှိတယ်၊ တောင်သူလယ်သမားတွေ ဆီကနေ ခဏလောက်တောင်းပြီး ခိုနားလို့ရတယ် မြန်မြန်လေးအရှိန်တင်ကြ”
တော်ဝင်အစောင့်ခေါင်းဆောင်က ဦးဆောင်ကာ အော်ပြောလေသည်။
လိုက်ပါလာသည့် ယဥ်တန်းတွေကလည်း မိုးကိုဖြတ်ကျော်ဖို့ အရှိန်တင်ရန် မြင်းဇက်ကြိုးကို တင်းနေအောင်ဆွဲလိုက်ပြီး ရှေ့ဆက်ကြလေသည်။
ယွီဖင်ယန်ကသာ တုံ့ဆိုင်းနေသူ ဖြစ်သည်။ လမ်းကိုကြည့်လေလေ ရှန်းအာပြောသည့်စကားကို ပိုကြားယောင်လာလေသည်။ ဘယ်ဖက်မှာ တောင်ရှိပြီး ညာဖက်မှာ ချောက်နက်ကြီးရှိပြီး ချောက်နက်ကြီးကို ဖြတ်ကာ စီးဆင်းနေသည့် မြစ်တစ်စင်းလည်း ရှိလေသည်။ မြစ်ရေက ပြင်းထန်စွာ စီးဆင်းနေသည်။ ရှန်းအာက အိမ်နဲ့အဝေးကို တစ်ခါမှမသွားဖူးပဲ သူပြောသည့်နေရာက လက်တွေ့နှင့် ထပ်တူကျနေသည်။
အိပ်မက်က အိပ်မက်ပဲလား။ ယွီဖင်ယန်က အံကြိတ်လိုက်လေသည်။
စဥ်းစားနေဖို့ နောက်ကျသွားချေပြီ။ ကောင်းကင်ကနေ မိုးက သည်းထန်စွာ ရွာချလာခဲ့သည်။ တစ်စုံတစ်ယောက်က အိမ်ရှေ့စံကို ရထားလုံးထဲဝင်ခိုင်းသော်လည်း သူက ငြင်းဆန်ကာ မြင်းကိုအရှိန်တင်ကာ အရှေ့ကိုဆက်သွားလေသည်။ ယွီဖင်ယန်က သူ့နောက်ကို ကတိုက်ကရိုက် လိုက်ရင်း ပွတ်တိုက်သံတစ်ခုကို ကြားလိုက်လေသည်။ လှည့်ကြည့်လိုက်တော့ မြေပေါ်ကို ကျောက်တုံးကျလာတာကို တွေ့လိုက်လေသည်။
ယွီဖင်ယန်ရဲ့ မျက်လုံးတွေ မည်းမှောင်သွားလေသည်။ သူက အိမ်ရှေ့စံကို အော်ပြောလေသည်။
“အိမ်ရှေ့စံ ကျေးဇူးပြုပြီး ရပ်တန့်လိုက်ပါ၊ ရှေ့ဆက်သွားလို့ မဖြစ်ဘူး အန္တရာယ်ရှိတယ်”
အိမ်ရှေ့စံက အန္တရာယ်ဟူသော စကားကိုပဲ မပီမပြင် ကြားလိုက်တော့ အရှေ့မှာ ချုံခိုတိုက်ခိုက်မှု ရှိတယ်ဟု ထင်သွားလေသည်။ သူက ချက်ချင်း မြင်းဇက်ကြိုးကိုဆွဲလိုက်တော့ မြင်းက ရှေ့ခြေ၂ချောင်းမြှောက်ကာ မြည်ဟီးလေသည်။ ခဏလောက်နေတော့ ပြန်ငြိမ်သွားခဲ့သည်။
“ဘာဖြစ်လို့လဲ အရှေ့မှာ ဓားပြတွေရှိနေလို့လား”
သူ့စကားတွေက စိတ်လှုပ်ရှားနေလေသည်။
“ဓားပြတွေ မဟုတ်ပါဘူး”
ယွီဖင်ယန်က ခေါင်းခါပြလေသည်။
“မိုးကကြီးလွန်းတယ် မိုးတိတ်တာစောင့်ရင် ပိုကောင်းမယ်၊ အိမ်ရှေ့စံကြည့်ပါဦး မိုးကြောင့် တောင်ပေါ်က ကျောက်ခဲတွေ ပြုတ်ကျလာကုန်ပြီ၊ အဲတာတွေနဲ့ ထိမိရင် ကျွန်တော်မျိုးတို့အတွက် အန္တရာယ်များပါတယ်”
သူ စကားပြောနေတုန်း သခွားမွှေးသီးလုံးကြီး အရွယ်ခန့်ရှိသည့် ကျောက်တုံးက လမ်းပေါ် ပြုတ်ကျလာခဲ့လေသည်။ ဒီထက်ကျောက်တုံးကြီးပါက လူ့အသက်ကို နှုတ်ယူသွားနိုင်သည်။ အိမ်ရှေ့စံက မျက်မှောင်ကြုတ်လိုက်လေသည်။
ဘဏ္ဍာရေးဝန်ကြီး ယွီဝန်ထောင်း က လက်မြှောက်ကာ
“၇မိုင်၈မိုင်လောက်ပဲ ဝေးတာပါ၊ နာရီဝက်လောက်ကြာတဲ့ ခရီးမှာ ကျွန်တော်မျိုးတို့ ဘယ်လိုလုပ် မကောင်းတဲ့ဘေးနဲ့ ကြုံမှာလဲ၊ မိုးရွာနေတဲ့အချိန် ဘယ်မှာခိုမှာလဲ၊ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ”
အိမ်ရှေ့စံကပိုပြီး ဇဝေဇဝါဖြစ်လာလေသည်။
“လုံခြုံအောင်နေတာ ပိုကောင်းပါတယ်၊ ကျွန်တော်မျိုးတို့ ထိခိုက်တာကိစ္စ မရှိပေမယ့် အိမ်ရှေ့စံက ထိခိုက်လို့ မရပါဘူး၊ ဒါ့အပြင် ကျွန်တော်မျိုးတို့က ငွေချောင်း၈သန်း သယ်ဆောင်လာတာပါ၊ ကျောက်တုံးတွေက မြင်းတွေကို ရိုက်မိလိုက်ရင် သေတ္တာတွေ ပြုတ်ကျကုန်ပြီး ငွေခဲတွေလည်း အကုန် မြစ်ထဲပါသွားပါလိမ့်မယ်၊ ဒါဆို ဘယ်သူက လျော်ပေးမှာလဲ၊ သတိထားတော့ ပိုမကောင်းဘူးလား”
ယွီဖင်ယန်က အခိုင်အမာ ပြောလေသည်။
ယွီဝန်ထောင်းက ခေါင်းခါကာ ငြင်းဆန်ချင်ပေမယ့် အိမ်ရှေ့စံက အမိန့်ပေးလာလေသည်။
“အကုန်လုံးဒီမှာရပ်၊ လုံခြုံတဲ့နေရာရှာပြီး နားကြ၊ ဖန်းဝေက တော်ဝင်အစောင့်တွေခေါ်ပြီး လမ်းသွားစစ်ဆေးလိုက်၊ လမ်းအခြေအနေကောင်းမှ ကိုယ်တော်တို့ရှေ့ဆက်သွားမယ်”
ဖန်းဝေက အိမ်ရှေ့စံရဲ့ တော်ဝင်အစောင့်တွေရဲ့ တပ်မှူးကြီးဖြစ်သည်။ သူက အိမ်ရှေ့စံရဲ့ အမိန့်ကိုနာခံက ထွက်သွားလေသည်။ ယွီဖင်ယန်က ယာယီတဲကို ထုတ်ကာ တဲတည်ဆောက်လိုက်သည်။
မိုးစက်တွေက ကျနေပြီး မြေပြင်အနှံ့ ရွှံ့ထနေလေသည်။ တဲက ခေါင်းနှင့်မျက်နှာကိုပဲ ကာပေးနိုင်ပြီး ခြေထောက်တွေက မိုးရေစိုနေလေသည်။ တစ်ယောက်မှ ထိုင်မရ ထမရဖြစ်နေကာ ပေါင်တွေပင် တောင့်နေပြီဖြစ်သည်။
၇မိုင်၈မိုင်အကွာက လယ်သမားတွေရဲ့ တဲထဲမှာ သွားနေတာမှ ဒီထက်ပိုကောင်းဦးမယ်။ အဲမှာဆိုရင် ရေနွေးနဲ့ စောင်နဲ့ အရသာရှိတဲ့ အစားအစာတွေ စားရဦးမယ်။ တစ်ယောက်မှအထွန့်မတက်ရဲပေမယ့် စိတ်ထဲကတော့ ညည်းညူနေကြသည်။
ယွီဝန်ထောင်းက သက်ပြင်းချကာ သူ့ရဲ့ အခြွေအရံကို ပြောလေသည်
“အိမ်ရှေ့စံက အလွန်အကျူး သတိထားနေတာပဲ၊ နာရီဝက်လောက်ကြာမယ့်ခရီးမှာ ဘာကပ်ဘေးကြုံနိုင်မှာလဲ၊ သူက တခြားလူရဲ့ စကားကိုနားမထောင်ဘဲ သူ့စာလုပ်ဖော်ရဲ့ စကားကိုပဲနားထောင်တယ်… “
သူ့အခြွေအရံက ဘေးကတဲကိုညွှန်ပြကာ သူ့သခင်ကို အသံတိုးဖို့ပြောလေသည်။
ယွီဝန်ထောင်းက နှုတ်ခမ်းမွေးသပ်ကာ ခပ်တည်တည်နေ နေလေသည်။
#####