TYCDTN
Chapter 6
ဆေးဆရာက ဆေးအိတ်တွေဖြင့်လာကာ ယွီရှန်းကို သွေးခုန်နှုန်းစမ်းပြီးနောက် အကိုက်အခဲပျောက်ဆေးတွေ ထပ်ညွှန်းပေးလေသည်။
အစေခံအမျိုးသမီး၂ယောက်က ကလန်ကဆန် မလုပ်ရဲဘဲ ဆေးတွေကျိုချက်လေသည်။ ရိုရိုသေသေဖြင့် သူတို့ရဲ့သခင်မလေးရဲ့ဘေးကို ဆေးပန်းကန် ယူလာပြီး ဇွန်းဖြင့်ခပ်ကာ အအေးခံပြီး နူးညံ့စွာပြောလေသည်
“သခင်မလေး ဆေးသောက်လိုက်ပါဦးရှင့်”
ယွီဖင်ယန်က ခေါင်းအုံးကို သူ(မ)နောက်ကျောမှာခံကာ မှီထိုင်စေပြီး လက်ကိုင်ပဝါကို ဖြန့်ပြီး ရင်ဘတ်နားမှာ ကာထားပေးလေသည်။
ယွီရှန်းက ခေါင်းကိုလှည့်ကာ မျက်မှောင်ကြုပ်ထားလေသည်။
အစေခံအမျိုးသမီးက ကြောက်လန့်စိတ်လှုပ်ရှားစွာ ဆေးတစ်ဇွန်းကို ထပ်ခပ်ပေးလေသည်။
ယွီရှန်းက ခေါင်းကို ဟိုရှောင်ဒီရှောင်ဖြင့် လှည့်ကာ ခေါင်းမာစွာ ငြင်းဆိုနေလေသည်။ အစေခံအမျိုးသမီးက စိတ်ရှုပ်လာပြီး မေးစေ့ကိုကိုင်ကာ ပါးစပ်ထဲ လောင်းထည့် ပစ်လိုက်ချင်သလို ခံစားနေရသည်။ မှူးမတ်ကြီးက ဘေးမှာ စောင့်ကြည့်နေတာကြောင့် ပမာမခန့်သည့် အမူအရာကို မပြရဲပေ။
“ရှန်းအာ မကြောက်နဲ့ ဆေးသောက်ပြီးရင် ခြေထောက်တွေ မကိုက်ခဲတော့ဘူးလေ”
ယွီဖင်ယန်က သူ(မ)ခေါင်းခါယမ်းနေတာကို တားရင်း ရယ်ရမလား ငိုရမလား မသိတော့ပေ။
“အစ်ကိုကြီး တိုက်မှပဲသောက်မှာ”
ယွီရှန်းက သူရဲ့လက်ဖဝါးကြီးကို ဆုပ်ကိုင်ကာ သနားစဖွယ် ပြောလေသည်။
ယွီဖင်ယန်က အကူအညီမဲ့စွာ ပြုံးပြီး ဆေးပန်းကန်ကို ယူလိုက်လေသည်။ အစေခံတွေကို ဖယ်ခိုင်းကာ ဆေးကို အအေးခံပြီး ထိုဖြူဖတ်နေသည့် နှုတ်ခမ်းထဲဝင်အောင် တိုက်ခဲ့လေသည်။
ဒီတစ်ခါတော့ ကလေးမလေးက မရှောင်ဘဲ လိမ္မာစွာ သောက်လေသည်။ ဆေးခါးသည့် အရသာကြောင့် သူ(မ)မျက်နှာက ရှုံ့မဲ့သွားလေသည်။ ထိုအမူအရာ ဖြစ်ရုံကလွဲလို့ ဆေးကို ကုန်သည်အထိတော့ ဆက်သောက်ခဲ့လေသည်။
ဒီဒဏ်ရာတွေကြောင့်တော့ မကျေမချမ်းဖြစ်တာ စိတ်ဓာတ်ပြိုလဲနေတာမျိုးတော့ သူ(မ) မပြခဲ့ပေ။ ကလေးဆန်ဆန် ဒေါသထွက်ခြင်းလောက်သာ ရှိသည်။ ဒီညီမလေးက သူ ထင်ထားသည်ထက် ပိုသန်မာပြီး အလွန်သတ္တိရှိသည်။
လူငယ်လေးရဲ့ အေးစက်သည့် မျက်လုံးတွေက တဖြည်းဖြည်း နူးညံ့သွားလေသည်။ ဆေးတွေအကုန်သောက်ပြီးသွားတော့ ဘေးက ပန်းကန်ထဲက သစ်သီးယိုတွေကို သူ့ညီမလေးကို ခွံ့ကျွေးလေသည်။ အချိုဓာတ်ကြောင့် သူ(မ)ရဲ့ မျက်ခုံးတန်းတွေ လုံးဝ ပြေလျော့သွားတာတွေ့တော့ ယွီဖင်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်သွားခဲ့လေသည်။
“အစ်ကိုကြီး သမီးခြေထောက်တွေ မကိုက်တော့ဘူး”
ယွီရှန်းက အခိုင်အမာ ပြောဆိုလေသည်။
သူ့မျက်လုံးထဲက ရယ်ချင်စိတ်တွေက ပိုထင်းလာလေသည်။ ဘယ်လိုလုပ် ဆေးရဲ့အာနိသင်အစွမ်းပြတာ ဒီလောက်မြန်မှာလဲ။ ဒီကလေးမလေးက သူ့ကို ချွေးသိပ်ဖို့ ကြိုးစားနေတာပဲ။
“အစ်ကိုကြီး သမီးကို နေ့တိုင်း ဆေးလာတိုက်ပေးလို့ ရမလားဟင်၊ အစ်ကိုကြီး ဒီမှာ မရှိတဲ့အချိန်ဆိုရင် ဘယ်သူမှ သမီးနဲ့ စကားမပြောကြဘူး”
ယွီရှန်းရဲ့တောက်ပနေသည့် မျက်နှာလေးက မှေးမှိန်သွားလေသည်။
“ရတာပေါ့”
ယွီဖင်ယန်က ယွီရှန်းရဲ့ နဖူးမှာ ဖရိုဖရဲဖြစ်နေသည့် ဆံပင်တွေကို နားအနောက်ဖက်ကို သပ်တင်ပေးလိုက်ပြီး သူ့အတွေးတွေက ရှုပ်ထွေးနေလေသည်။ ရှေ့လျှောက် ဒီစံအိမ်တော်ကြီးမှာ ယွီရှန်း မှီခိုလို့ရတာ သူတစ်ယောက်ပဲရှိတယ်။
“လက်သန်းချိတ်ပြီး ကတိပေး”
ယွီရှန်းက သူ(မ)ရဲ့ လက်သန်းပိစိလေးကို ထုတ်ကာ ခါယမ်းပြလေသည်။ သူတို့တွေက သွေးသားမတော်လည်း အချိန်အကြာကြီး စောင့်ရှောက်ပြီးသည့်အခါ ကျရင်တော့ သံယောဇဥ်ကတော့ ရှိနေလိမ့်မည်။ ဒါက အရေးအကြီးဆုံးဖြစ်ပြီး ဒီမှူးမတ်စံအိမ်တော်ကြီးမှာ ယွီဖင်ယန်ကပဲ သူ့ကို ကာကွယ်ပေးနိုင်မှာ။
“ကတိပေးတယ်”
ယွီဖင်ယန်ကလည်း သူ့လက်သန်းကို ထုတ်ပေးခဲ့လေသည်။
ယွီရှန်းက ယွီဖင်ယန်ရဲ့ လက်သန်းကို ချိတ်လိုက်ကာ လွှတ်မပေးတော့ပေ။ ပူပန်မှုတွေ မရှိတော့သည့်အခါကျတော့ ယွီရှန်း အိပ်ပျော်သွားခဲ့လေသည်။ ယွီဖင်ယန်က သူ(မ)ဘေးမှာ တိတ်တိတ်လေး စောင့်ပေးနေခဲ့သည်။ သူ(မ)နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာတွေ့မှ သူ့လက်သန်းကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်လေသည်။ သို့ပေမယ့် ယွီရှန်းက ကြောက်လန့်တကြား ချက်ချင်း မျက်လုံးဖွင့်လာခဲ့လေသည်။ ယွီဖင်ယန် သူ(မ)ရဲ့ အိပ်ရာဘေးမှာ ရှိနေတာတွေ့မှ စိတ်ပြန်ငြိမ်သွားလေသည်။
ကြောက်ဖို့ကောင်းသည့် ကပ်ဘေးကို ကျော်ဖြတ်ပြီးရင်တောင် ကြောက်စိတ်က စွဲထင်နေဆဲဖြစ်သည်။ ယွီဖင်ယန်က ခါးကိုင်းကာ သူ(မ)ကို ပုတ်ပေးကာ ချော့မြူလေသည်
“မကြောက်နဲ့ မကြောက်နဲ့ အစ်ကိုကြီး ဒီမှာရှိတယ် အကုန်လုံး အဆင်ပြေသွားလိမ့်မယ်”
ယွီရှန်းက တီးတိုးလေး တအီအီညည်းပြီးနောက် မျက်လုံးကို ဖြည်းညှင်းစွာပိတ်ပြီး ထပ်ဖွင့်လာကာ ပြောလေသည်
“အစ်ကိုကြီး သမီးရဲ့ ပစ္စည်းတွေ အကုန်ပြန်ရအောင် ကူညီပေးပါ”
သူ(မ)က မသဲမကွဲပြောခဲ့လေသည်။
“သူက အရမ်းရက်စက်တယ် သူ့ဆီကို အကုန်ပေးခဲ့ရပြီး စွန့်ပစ်ခံခဲ့ရတယ်”
အမျိုးသမီးဇာတ်ဆောင် ဘယ်အချိန် ပြန်လာမလဲဆိုတာ သူ(မ)မသေချာပေ။ နှစ်ပေါင်းများစွာ ကြာပြီးမှလည်း ဖြစ်နိုင်သလို ရက်ပေါင်းများစွာ ကြာပြီးမှလည်းဖြစ်နိုင်သည်။ ဒါကြောင့် ရှေ့ရေးအတွက် ယွီရှန်း ပိုက်ဆံစစုဖို့လိုသည်။ သူ(မ) ယွီစီးယွီ့ကို ပေးခဲ့သည့် ပိုက်ဆံတွေနှင့် လက်ဆောင်တွေက အလွန်အဖိုးတန်သည်။ တစ်လကို ငွေဒင်္ဂါးပြား ၅ပြားကို ၆နှစ်လောက်ပေးခဲ့တာကြောင့် ငွေပမာဏကို ပေါင်းလိုက်ပါက ငွေဒင်္ဂါး ၃၆၀ပြားရှိသည်။ ဒီမှူးမတ်နှင့်သူ(မ)က သွေးသားမတော်စပ်ဘဲ ဒီငွေတွေကလည်း သူ့ခြေထောက်ကို ပြန်မပျောက်ကင်း စေနိုင်တာကြောင့် ပြန်ယူဖို့တော့ စိတ်မထင့်ပေ။
ယွီဖင်ယန်ကတော့ သူ(မ)ဘာတွေ တီးတိုးပြောနေလဲဆိုတာ နားမလည်ပေ။ သို့ပေမယ့် သူပြန်ဖြေတာကို မျက်လုံးကြီး အတင်းဖွင့်ကာ စောင့်နေတာကိုတွေ့တော့ ထပ်ခါထပ်ခါ ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ယွီရှန်း အိပ်ပျော်အောင် ချော့သိပ်ပြီးနောက် စဥ်းစားတွေးတောကာ ခေါင်းခါယမ်းပြီး ရယ်လိုက်လေသည်။
အခန်းထဲကနေ ညှင်သာစွာ ထွက်သွားကာ အဆောင်ကူး စင်္ကြံလမ်းမှာ ရပ်နေသည့် အမျိုးသမီးအစေခံ၂ယောက်ကိုကြည့်ပြီး
“ယွီစီးယွီ့ ဘာပစ္စည်းတွေ ယူသွားလဲဆိုတာ မှတ်မိလား”
ဒီအစေခံအမျိုးသမီး၂ယောက်ကလည်း မလွယ်ပေ။ လစဥ်ငွေကြေးထောက်ပံ့မှုကို ယွီရှန်းအတွက် မချန်ဘဲ သူတို့အတွက် သုံးပစ်ခဲ့သည်။ သူတို့က အလိုရှိသလို ယွီရှန်းရဲ့ ငွေတိုက်ကနေ ထုတ်ယူသုံးခဲ့သည်။ ယွီစီးယွီ့ ယွီရှန်းအပေါ် အမြတ်ထုတ်နေတာက သူတို့အပေါ် အမြတ်ထုတ်နေတာနဲ့ အတူတူပဲလို့ သူတို့ထင်မြင်ကြသည်။ ကံဆိုးချင်တော့ ယွီရှန်းက ငတုံးလေးဖြစ်ကာ တောင်းဆိုသမျှ လိုက်လျောခဲ့သည်။ ယွီစီးယွီ့ရဲ့ အထိန်းတော်က သူတို့တွေကို ချုပ်ကိုင်ထားတာကြောင့် မဒမ်အိုကြီးဆီကို အတိုင်ခံရမှာလဲ ကြောက်ရသည်။ ရွေးချယ်စရာမရှိတာကြောင့် သူတို့မှာ သဘောထားကြီး ချင်ယောင်ဆောင်ခဲ့ရပေမယ့် တကယ်တမ်းတော့ အလွန်အမင်း ဒေါသထွက်နေခဲ့ရသည်။
ယွီစီးယွီ့ ယူသွားတာတွေကို သူတို့ ဘယ်လိုမေ့မှာလဲ။ သူတို့တွေက ပစ္စည်းတွေကို တင်ပြလိုက်ပြီးနောက် ယွီဖင်ယန် ယွီရှန်းရဲ့ ဘဏ္ဍာတိုက်ကို သွားစစ်ဆေးမှာကိုလည်း ကြောက်နေရသည်။
ယွီဖင်ယန်က စံအိမ်ရဲ့အတွင်းကိစ္စတွေကို ဂရုမစိုက်ပေ။ ပစ္စည်းတွေအကုန် ချမှတ်ပြီးနောက် လူတစ်ယောက်ကို အမိန့်ပေးကာ ရသင့်ရထိုက်တာတွေကို ပြန်ယူခိုင်းလိုက်သည်။ ထို့နောက် စာဖတ်ခန်းကို ပြန်လာခဲ့လေသည်။ ရှန်းအာက သူ့အတွက် ခြေထောက်တွေ ပေးဆပ်ခဲ့ပြီး တစ်ဘဝလုံးအတွက် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူ(မ)အတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးရမည် ဖြစ်သည်။ ယွီစီးယွီ့ကတော့ ရွေးချယ်စရာလေး ရှိသေးပေမယ့် သူ(မ)ရသင့်ရထိုက်တာကို ရရှိခဲ့သည်။ ယွီရှန်း သေခြင်းရှင်ခြင်းကို မသိနိုင်ရင်တောင် ယွီစီးယွီ့က မှူးမတ်အိမ်တော်ရဲ့ တရားဝင်သမီးနေရာကို ဘယ်တော့မှ ရမည်မဟုတ်ပေ။
ယွီစီးယွီ့က ဟိုနေ့ကကိစ္စအတွက် ကြောက်လန့်နေဆဲဖြစ်သည်။ အခုက နေ့လည်ရောက်ခါနီးပြီ ဖြစ်သော်လည်း အိပ်ရာထဲတွင် အဖျားကြောင့် သုန်မှုန်စွာ လဲလျောင်းနေပြီး နဖူးတွင်လည်း ရေစိုဝတ်ကပ်ထားရသည်။
အစေခံအမျိုးသမီးက ရေဇလုံယူကာ ဝင်လာရင်း နူးညံ့စွာ ပြောလေသည်။
“မမကြီး ထဖို့အချိန်ကျပါပြီ”
ယွီစီးယွီ့က ဟိုဖက်လှည့်ကာ အစေခံမလေးကို လျစ်လျူရှူထားလေသည်။ သို့ပေမယ့် ကြေးဇလုံပြုတ်ကျသံနှင့် အစေခံမလေးရဲ့ အံ့သြသံကို ကြားလိုက်ရလေသည်။
“ဖုန်းမောမော ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”
ဖုန်းမောမောက ယွီစီးယွီ့ကို ထိန်းသိမ်းစောင့်ရှောက်ပေးသူဖြစ်ကာ သူ(မ)ကို မှူးမတ်အိမ်တော်က အစေခံ အများအပြား လေးစာအောင် ပြုလုပ်ပေးသူလည်းဖြစ်သည်။ ယွီစီးယွီ့က ဒီမောမောကို မခုခံနိုင်တာကြောင့် သူ(မ)ကို ကြိုဆိုလိုက်လေသည်။
“မမကြီးရဲ့ အသားအရောင်က တော်တော်လေး အဆင်မပြေဖြစ်နေတာပဲ ဖျားနေတာလား၊ ဘာလို့ဆေးဆရာ သွားမပင့်တာလဲ”
ဖုန်းမောမောက ပြုံးကာ ဖော်ရွေစွာပြောလေသည်။
ယွီစီးယွီ့က ခေါင်းငုံ့ကာ မျက်ရည်တွေဖြင့်ပြောလေသည်
“ဆေးဆရာက ညီမလေးဆီ သွားတယ်၊ မနေ့က လူလွှတ်ပြီး သွားခေါ်တာတောင် မလာဘူး၊ ရပါတယ် ရေစိုဝတ်ကပ်ပြီး အဖျားကျအောင် လုပ်လို့ရပါတယ်”
ဖုန်းမောမောရဲ့ မျက်နှာထက်က အပြုံးတွေ မှေးမှိန်သွားကာ ခေါင်းခါယမ်းလေသည်။ ဒီအခြေအနေမှာတောင် သခင်မလေးကို ဇာတ်လမ်းထွင် ပြောနေသေးတယ် ရူးနှမ်းလိုက်တာ။ သခင်မလေးက မှူးမတ်စံအိမ်ရဲ့သွေးသားအရင်း မဟုတ်သော်လည်း တရားဝင်သမီးနေရာကို ရထားဆဲဖြစ်သည်။ ဒီတရားမဝင်သမီးက တရားဝင်သမီးကို ဖိနှိပ်ဖို့ ကြိုးစားခဲ့သည်။ မဒမ်အိုကြီးက ဘယ်လိုသည်းခံမည်နည်း။ သခင်မလေးက မှူးမတ်ကြီးကို ကယ်ကာ အောက်ပိုင်းချို့တဲ့သွားခဲ့သည်။ မှူးမတ်ကြီးက သူ(မ)ကို ဘယ်လိုလုပ် ရက်စက်တော့မှာလဲ။ သခင်မလေးကို ရန်စတာက မှူးမတ်ကြီးကို ရန်စတာနှင့် တူညီသည်။ မမကြီး ဘာတွေ တွေးနေလဲဆိုတာ မသိတော့ပေ။
ဖုန်းမောမောက တွေးတောကာ ဒီစကားတွေ ဆက်မပြောဖို့ ဆန္ဒရှိလေသည်။ သူ(မ)က လိုရင်းကိုသာ တည့်ပြောလေသည်
“မမကြီး မမလေးရဲ့ကိုယ်စား အစေခံကြီးကိုလွှတ်ပြီး မမလေးရဲ့ ပိုင်ဆိုင်မှာတွေကို ပြန်လာတောင်းခိုင်းပါတယ်၊ မမကြီး ကိစ္စတွေကို ခက်အောင်မလုပ်ပါနဲ့”
“သူ့ပိုင်ဆိုင်မှုတွေ ပြန်လာသိမ်းတာ”
အားနည်းနေသည့် ယွီစီးယွီ့က အသံမြင့်ကာ ပြောလေသည်
“ဘာပိုင်ဆိုင်မှုကို ပြန်လာသိမ်းတာလဲ”
“အရင်တုန်းက မမကြီး သခင်မလေးဆီက ယူထားတဲ့ပစ္စည်းတွေပါ၊ ဒါက အသေးစိတ်စာရင်းပါ၊ မမကြီး ကြည့်ကြည့်ပါဦး”
ဖုန်းမောမောက သူ(မ) အင်္ကျီလက်ထဲက စာရွက်ကို ထုတ်ပေးလေသည်။
ယွီစီးယွီ့က စာရွက်ကိုယူကာ စေ့စေ့စပ်စပ်ကြည့်လေသည်။ သူ(မ)ရဲ့ လှပတဲ့မျက်နှာလေးက ရှုံ့တွကာ မေးလေသည်
“ဒီပစ္စည်းတွေက သူ လက်ဆောင်ပေးထားတာလေ ဘာလို့ ပြန်သိမ်းချင်တာလဲ၊ ဒီလောက် အကျိုးသင့်အကြောင်းသင့် မရှိတဲ့ကိစ္စကို အစ်ကိုကြီးက ဘာလို့ အလိုလိုက်နေတာလဲ”
ယူခဲ့သည့် ပစ္စည်းတွေထဲမှာ တချို့ကို အခန်းထဲထားပြီး တချို့ကို အစေခံတွေကို လာဘ်ထိုးခဲ့ကာ တချို့ကိုတော့ ယီနျန်ကို ပိုက်ဆံပေးဖို့ ပေါင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာရင်တောင် ယွီရှန်းရဲ့ စိတ်တွေ ပြောင်းလဲသွားလိမ့်မည်ဟု မတွေးခဲ့မိပေမယ့် ခြေထောက်ကျိုးပြီးမှ စိတ်ဖောက်ကာ အခု သူကတော့ ဒုက္ခတွေရောက်နေပြီဖြစ်သည်။
“သခင်မလေးက မှူမတ်ကြီးကို ခြေထောက်၂ချောင်း အဆုံးရှုံးခံကာ ကယ်ခဲ့ပြီး သူ့တစ်ဘဝလုံး ပျက်စီးသွားပြီ၊ သူက သူ့ပစ္စည်းကို ပြန်လိုချင်ရုံတင်မကဘူး ကောင်းကင်က ကြယ်နဲ့ပင်လယ်ထဲက ပုလဲတွေကို လိုချင်ရင်တောင် မှူးမတ်ကြီးက ရအောင် ယူပေးလိမ့်မယ်၊ သခင်မလေးက ဒဏ်ရာကြောင့် စိတ်အတက်အကျ ဖြစ်နေတာကြောင့် အစေခံကြီးက မမကြီး ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်၊ မှူးမတ်ကြီးကလည်း ပစ္စည်းတွေ ပြန်လာအပ်တာကို စောင့်နေပါတယ်၊ သခင်မကြီး လူတစ်ယောက်နဲ့ ပစ္စည်းတွေ ပြန်ပို့ခိုင်းလိုက်ပါ”
ဖုန်းမောမောက ခေါင်းလေး အနည်းငယ်ငုံ့ထားပေမယ့် သူ(မ)ရဲ့တောင်းဆိုချက်ထဲတွင် ငြင်းဆန်လို့ မရသည့် လေသံပါနေသည်။
ယွီဖင်ယန်က အမိန့်ပေးမှတော့ ယွီစီးယွီ့လည်း ကလန်ကဆန် မလုပ်ရဲဘဲ လူလွှတ်ကာ ပစ္စည်းစုခိုင်းလိုက်လေသည်။ တစ်နာရီကြာပြီးနောက် ၁၀ရာခိုင်နှုန်းလောက်သာ ပြန်စုဆောင်းနိုင်ခဲ့ပြီး ကျန်သည့် ၈၀၊၉၀ရာခိုင်နှုန်းက ဘယ်မှာမှ ရှာမတွေ့တော့ပေ။ ယွီစီးယွီ့က အိမ်မှာနေထိုင်သည့် သခင်မလေးဖြစ်ကာ အခြေခံလိုအပ်ချက်တွေ လိုလေသေးမရှိ ဖြည့်ဆည်းပေးထားခံရတာကြောင့် တစ်နှစ်ကို ငွေဒင်္ဂါးပြား ၃၀၀၊၄၀၀ သုံးစရာမလိုပေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာဖွယ်ရာ မရှိကြောင်းကို ဖုန်းမောမော မယုံပေ။
ဖုန်းမောမော ထွက်သွားမှ ယွီစီးယွီ့ သလွန်ထက် မူးဝေစွာ လဲကျသွားလေသည်။ နေ့ဝက်လောက် ကြာပြီးနောက် ဗလာဖြစ်နေသည့် အခန်းကိုကြည့်ကာ အနိုင်ကျင့်ခံရသည့် ခံစားချက်ကြီး ခံစားနေရလေသည်။ ဒီပစ္စည်းတွေက စံအိမ်ရဲ့ပစ္စည်းတွေ ဖြစ်ပြီး မျိုးမစစ်မ ယွီရှန်းက ဘာကိစ္စကြောင့် ပြန်ယူရတာလဲ။ သူကမှ ဒီစံအိမ်ရဲ့ သခင်မလေးဖြစ်ပြီး ဘာလို့ မျိုးမစစ်မရဲ့ အနိုင်ကျင့်တာကို ခံရမှာလဲ။
သခင်မကြီးနဲ့ အစ်ကိုကြီးတို့၂ယောက်လုံး ဇဝေဇဝါဖြစ်နေတာဖြစ်မယ်။ မဒမ်ကြီးကပါ ဇဝေဇဝါဖြစ်နေတာတော့ မယုံဘူး ဒီမျိုးမစစ်မကို စံအိမ်မှာ ဘာလို့ နိုင်ထက်စီးနင်း လုပ်ခွင့်ပြုနေတာလဲ။
ယွီစီးယွီ့က တွေးတောပြီးနောက် အဝတ်အစားလဲကာ မဒမ်အိုကြီးဆီကို နီရဲနေသော မျက်လုံးများဖြင့် သွားလိုက်လေသည်။
မဒမ်အိုကြီးက သလွန်ထက်မှာ လဲလျောင်းနေကာ ဘေးမှာ ကျမ်းစာအုပ် ချထားလေသည်။ မျက်လုံးမှိတ်ကာ လက်တစ်ဖက်က စိပ်ပုတီးကိုင်ကာ ပုတီးစိပ်နေသည်။ သူ(မ)ရဲ့ အစေခံ မာမောမောက အမြန်ဝင်လာကာ တီးတိုးပြောလေသည်
“မဒမ်ကြီး မမကြီးက ခြံပြင်မှာ ဒူးထောက်ငိုနေပြီး မဒမ်ကြီးနဲ့ တွေ့ချင်တယ်လို့ ပြောနေပါတယ်”
“ဒူးထောက်ပြီး ငိုနေတယ် ဘာလို့လဲ”
မဒမ်အိုကြီးက မျက်လုံးပင်မဖွင့်ပေ။
ယွီရှန်းက ပစ္စည်းတွေ အကုန်ပြန်သိမ်းကြောင်း မာမောမော ပြောတာကြားမှ သူ(မ)က မျက်လုံး ဖွင့်လာပြီး
“ယွီရှန်းက နောက်ဆုံးတော့ ဉာဏ်အလင်း ပွင့်သွားရှာပြီကို၊ ငါသူ့ကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့တာ၊ နောက်ဆုံးတော့ သူက တရားဝင်သမီးတစ်ယောက်လို ဖြစ်လာပြီပဲ…”
သူ(မ)က ပြောနေရင်းမှ ဆင်းရဲကာ ပျောက်ဆုံးနေသည့် မြေးအရင်းကို တွေးပြီးနောက် တိတ်ဆိတ်သွားလေသည်။
မာမောမောက မနှောင့်ယှက်ရဲဘဲ ဘေးမှာစောင့်နေလေသည်။
ခဏကြာပြီးနောက် မဒမ်အိုကြီးက လက်ဖြင့် အချက်ပြကာ
“ငါသူ့ကို မတွေ့ချင်ဘူး၊ စကားပါးလိုက်စမ်းပါ ယွီရှန်းကို သပုတ်လေလွင့်ပြောတာက ယွီရှန်းကို ဖျက်ဆီးတာပဲ၊ တရားဝင်သမီးနဲ့ တရားမဝင်သမီးကြားက တန်းကို မညှိနဲ့ စံအိမ်တော်ကို ကမောက်ကမဖြစ်အောင် လုပ်လို့ကတော့ ဗုဒ္ဓအဆုံးအမကို လိုက်နာပြီး နှစ်ပေါင်းများစွာ သက်သတ်လွတ်စားလာတဲ့ငါက အညှာအတာမမဲ့ဘဲနေမှာ မဟုတ်ဘူးလို့ ပြောလိုက်”
မာမောမောက တာဝန်ကိုထမ်းဆောင်ဖို့ အရိုအသေပေးကာ ထွက်သွားလေသည်။ ထို့နောက် ယွီစီးယွီ့ကို သတိပေးစကားတွေ တစ်လုံးမကျန် ပြန်ပြောပြလိုက်လေသည်။
ယွီစီးယွီ့က သူ(မ)အခန်းကို မိန်းမောစွာ ပြန်သွားလေသည်။ သူ(မ)က တွေးတောပြီးနောက် ညနေကျတော့ မဒမ်ကြီးရဲ့ ဆိုလိုရင်း စကားကို သဘောပေါက် သွားလေသည်။ ယွီရှန်းအစစ်က သေလားရှင်လားမသိ ပျောက်ဆုံးနေသည်။ ပူပန်စရာမရှိ ကောင်းမွန်စွာ နေထိုင်နိုင်တာမျိုး ဖြစ်နိုင်ပြီး ကျွန် သို့မဟုတ် ပြည့်တန်ဆာ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်သည်။ သူ(မ)သာ ပြန်ရောက်လာလို့ကတော့ အတိတ်ကို အေးဆေးစွာ ရှင်းထုတ်ပြီး မှူးမတ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ကာ ကောင်းမွန်စွာ နေထိုင်နိုင်အောင် သူတို့လုပ်ပေးနိုင်သည်။ ယွီစီးယွီ့သာ ယွီရှန်း၂ယောက်လုံးကို ပြဿနာရှာလို့ကတော့ ဒါက မှူးမတ်စံအိမ်ကို တစ်ဖက်လှည့်နှင့် တိုက်ခိုက်တာဖြစ်သည်။ ဒီလိုဖြစ်လာရင် မဒမ်အိုကြီးကော အစ်ကိုကြီးပါ သူ့ကို သက်ညှာပေးမှာ မဟုတ်ဘူး။ မဒမ်ကြီးပြောသည့် ရက်စက်မှုက သူ့ကို တောရွာကို ပို့ပစ်မည့် ကိစ္စလောက်နှင့် ပြီးမည်မဟုတ်ပေ။
ယွီစီးယွီ့က ကြောက်လန့်သွားကာ ချွေးဇောတွေပင် ပျံလာလေသည်။ သူ(မ)က ထိုညနေကပဲ ဖျားသွားကာ ၂ပတ်ကြာမှ အဖျားပျောက်ခဲ့လေသည်။
######