TYCDTN
Chapter 5
မူးဝေအားနည်းနေသော ယွီရှန်းက နောက်တစ်ရက် နေ့လည်လောက်မှာ အသိစိတ်ပြန်ကပ်လာခဲ့သည်။ အခန်းက တိတ်ဆိတ်နေကာ စောင့်သည့်လူမရှိပေ။ တံခါးအပြင်မှာတော့ အစေခံတွေ စကားပြောဆိုကာ ရယ်နေသံကို ကြားနေရသည်။
ယွီရှန်းက အော်ပြောလေသည်
“တစ်ယောက်ယောက် ဝင်လာပြီး ရေလာခပ်ပေးဦး”
အပြင်ကရယ်သံတွေက ချက်ချင်းရပ်သွားပြီးနောက် ပြန်ဆူညံလာကာ သူ(မ)ရဲ့ အမိန့်ကို မကြားသလိုပြုမူနေသည်။
ယွီရှန်း မျက်မှောင်ကြုပ်သွားကာ ထပ်အော်ပြောလေသည်
“တစ်ယောက်ယောက် လာပြီး ရေလာခပ်ပေးစမ်းပါ”
“လာပြီ လာပြီ”
အစေခံမလေးက စိတ်အနှောင့်အယှက်ဖြစ်စွာ ဝင်လာလေသည်။
အထဲက လက်ဖက်ရည်အိုးက အခန်းထဲမှာ တစ်ညလုံးထား ထားရတာကြောင့် အေးစက်နေပြီ ဖြစ်သည်။ ဒါက မှူးမတ်စံအိမ်ဖြစ်ပြီး သူနဲ့သူ့အစ်ကိုနေသည့် အိမ်မဟုတ်ကြောင်း ယွီရှန်းက သူ(မ)ဘာသာသူ(မ) ထပ်ခါထပ်ခါ သတိပေးနေသည်။ ထိုအတွေးက သူ(မ)ရဲ့ဒေါသတွေကို ဖိနှိပ်ချနိုင်လိုက်ပြီး ခါးသက်သည့် လက်ဖက်ရည်ကို မြိုချလိုက်သည်။
“မျက်နှာသစ်ပေး”
သူ(မ)က လက်ဖက်ရည်ခွက်ကိုပြန်ချကာ အေးစက်စွာ အမိန့်ပေးလေသည်။
အစေခံမလေးက မျက်လုံးလည်လိုက်လေသည်။ သူ(မ)က အပြင်ထွက်ပြီး အစေခံအသစ်၂ယောက်ကို ယွီရှန်းဆီ လွှတ်လိုက်လေသည်။ သခင်မကြီးနှင့် မဒမ်အိုကြီးကလည်း ယွီရှန်းကို မချစ်ဘဲ သူ(မ) အစ်ကိုကြီးကလည်း သူ(မ)ကို ခပ်တန်းတန်းသာ ဆက်ဆံသည်။ သူ(မ) မှာ မရှိမဖြစ် လိုအပ်တာတွေကို စိုးရိမ်စရာ မလိုသော်လည်း သမီးတစ်ယောက်အနေနှင့် ရသင့်သည့် လေးစားမှုတော့ မရှိခဲ့ပေ။ ယွီစီးယွီ့ရဲ့ ဘဝကမှ သူ(မ)ထက် ပိုအဆင်ပြေသေးကာ ဖခင်ဖြစ်သူထားခဲ့သည့် ကိုယ်လုပ်တော်နှင့် အစေခံတွေကို အလွယ်တကူ အမိန့်ပေးစေခိုင်းလို့ ရသည်။
ယွီစီးယွီ့၏အစေခံတွေနှင့် ယှဥ်ရင် ယွီရှန်းရဲ့ အစေခံ၂ယောက်က ပိုရိုင်းစိုင်းသည်။
အစေခံအသစ်၂ယောက်က ရိုသေးလေးစားသည်။ သူတို့ရဲ့တာဝန်တွေကို သွက်သွက်လက်လက်နှင့် ကျွမ်းကျွင်စွာ လုပ်ဆောင်သွားခဲ့သည်။ သူတို့က ယွီရှန်းကို သန့်စင်ပေးပြီးနောက် သူတို့သခင် သောက်ဖို့ ရေနွေးအပူ အသစ်လဲပေးသွားခဲ့သည်။
ယွီရှန်းက အသက်ပြင်းပြင်း ရှူထုတ်ကာ မှုန်ကုတ်မှုများ အနည်းငယ် ပြေလျော့သွားလေသည်။ တကယ်လို့ သူ့အစ်ကိုကြီးသာရှိပါက သူ့ကို ဒီလိုဆက်ဆံရဲမည် မဟုတ်ပေ။ မတွေးတော့ဘူး တွေးနေရင် မျက်ရည်က ကျနေဦးမယ်။
အရင်ဘဝတုန်းက သူ့အစ်ကိုရဲ့ အလိုလိုက်ခြင်းကို ခံခဲ့ရသည်။ မည်သည့်ဖိနှိပ်မှုကိုမှ မခံစားခဲ့ရပေ။ သူ(မ)ရဲ့စိတ်က နူးညံ့ကာ ငိုလွယ်ပြီး စိတ်ပြောင်းလွယ်သည်။ အခု ဒီရောက်လာတော့ သူ(မ)ဘဝက ဖိနှိပ်ခံနေရပြီ ဖြစ်သည်။ အကုန်လုံးကို သေချာတွေးတောပြီးနောက် စိတ်ကို ချိုးနှိမ်လိုက်သည်။
နှာခေါင်းလေး ချဥ်စူးကာ မျက်ရည်မကျအောင် ခေါင်းမော့ကာ ထိန်းထားလိုက်သည်။ သူငိုရင်တောင် သူ့ကို ဘယ်သူက မျှဝေခံစားပေးမှာလဲ။ ခွန်အားတွေကို ထိန်းသိမ်းထားပြီး သုံးသင့်တဲ့နေရာမှာ သုံးတာ ပိုကောင်းပါတယ်။
သူ(မ)က ဗလာသက်သက် ထိုင်နေတုန်း အစေခံအမျိုးသမီးတစ်ဦးက အစေခံအသစ်၂ယောက်ကို ခေါ်ကာ ဦးဆောင် ဝင်လာလေသည်။ တစ်ယောက်က ဆေးခွက် ကိုင်ထားပြီး တစ်ယောက်က ဆန်ပြုတ်ပန်းကန်ကို ကိုင်လာလေသည်။ သူ(မ)က အချက်ပြကာ ပန်းကန်တွေကို ချခိုင်းလိုက်သည်။ ထို့နောက် အစေခံအမျိုးသမီးက မထီမဲ့မြင် ပြောလေသည်
“သခင်မလေး ဆေးအရင်သောက် ပြီးရင် ဆန်ပြုတ်သောက်”
“မသောက်ချင်ဘူး နင်နေခဲ့ အစေခံအသစ်၂ယောက်ကို ထွက်သွားခိုင်းလိုက်”
ယွီရှန်းက ခေါင်းအုံးပျော့ကိုမှီထိုင်ကာ မျက်လုံးမှိတ်ထားလေသည်။
အစေခံအမျိုးသမီးက အစေခံအသစ်၂ယောက်ကို အချက်ပြကာ ထွက်သွား ခိုင်းလိုက်သည်။ ထို့နောက် သူ(မ)က ရှေ့တိုးလာကာ ထပ်ပြောလေသည်
“သခင်မလေး ဆေးအရင်သောက်လိုက် အေးသွားရင် အာနိသင် မရှိတော့ဘူး”
ယွီရှန်းက မျက်လုံးဖွင့်လိုက်သည်။ တည်ကြည်နေသော မျက်လုံးက အေးစက်မှုတွေ ပြည့်နေကာ တစ်လုံးချင်းပြတ်သားစွာ ပြောလေသည်
“ငါက မသောက်ချင်ဘူးလို့ ပြောရင် မသောက်ချင်လို့လေ၊ ဘာတွေ အာရုံလာစားနေတာလဲ”
သူ(မ)က လင်ဗန်းကို လက်ဖြင့်ထိကာ ဆေးခွက်နှင့် ဆန်ပြုတ်ပန်းကန်ကို တိုက်ချလိုက်သည်။
ရေနွေးပူက အသားကိုပူ လောင်သွားလေသည်။ အစေခံအမျိုးသမီးက ကြောက်လန့်တကြား ရှောင်ကာ ထအော်လိုက်တော့ အပြင်က အစေခံတွေက ပြေးဝင်လာကာ အခြေအနေကို လာကြည့်လေသည်။
တစ်မနက်ခင်းလုံး သုန်မှုန်နေသည့် ယွီရှန်းရဲ့ အမူအရာက တဖြည်းဖြည်း ပျောက်သွားလေသည်။ လက်မှာပေနေသည့် အရာများကို လက်ကိုင်ပဝါဖြင့်သုတ်ကာ ပြောလေသည်
“အစ်ကိုကြီးကို လာဖို့သွားခေါ်လိုက်၊ ငါက ဆေးသောက်ဖို့ ငြင်းနေတယ်လို့ ရှင်းပြပြီး သူ့ကို ဖြေရှင်းခိုင်းလိုက်”
အစေခံအမျိုးသမီးက ထိတ်လန့်စွာ ပြောလေသည်
“ဒီအချိန်ဆိုရင် အမတ်ကြီးက စာဖတ်ခန်းထဲမှာပါ၊ သူ စာကြည့်နေတာကို နှောင့်ယှက်ရင် အပြစ်ပေးခံရလိမ့်မယ်၊ သခင်မလေး ကျွန်မတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့”
အစေခံတွေအားလုံးကလည်း ခေါင်းညိတ်ကာ သဘောတူကြလေသည်။ သို့ပေမယ့် အစေခံမလေး အသစ်က လက်မြှောက်ကာ ပြောလေသည်။
“သခင်မလေး ခဏစောင့်ပါ အမတ်ကြီးကို သွားခေါ်ပေးပါ့မယ်”
ထို့နောက် သူ(မ)က အလျင်အမြန် ထွက်သွားလေသည်။
“ဒါမှ ငါ့ရဲ့လိမ္မာတဲ့ အစေခံလေး”
ယွီရှန်းက ခေါင်းအုံးကို နေရာဖယ်ကာ အစေခံအမျိုးသမီးကို မကျေမနပ်ကြည့်ကာ သီချင်းညည်းလေသည်။
“စူစမ်က ဟုန်ထုံးမြို့က ထွက်သွားပြီး လမ်းမထက်မှာ တစ်ယောက်တည်း သနားစဖွယ်ကောင်းပြီး စကားတောင် မပြောနိုင်ပေ၊ ငါ့စကားကို နားထောင်လိုက်ပါ လူကြီးမင်းရယ်.. “
(ပီကင်းပြဇာတ်မှကဗျာ)
အရင်ဘဝက ယွီရှန်းက မသန်မစွမ်း ဖြစ်သော်လည်း သူ့အစ်ကိုရဲ့ ကာကွယ်ပေးမှုအောက်မှာ လူတိုင်းထက် ဂုဏ်သိက္ခာကြီးစွာ နေထိုင်ခဲ့ရပြီး စိတ်လွတ်ကိုယ်လွတ် နေထိုင်နိုင်သည်။ တခြားလူရဲ့စိတ်ကို ဂရုစိုက်နေစရာ မလိုပေ။ မူလဇာတ်ကြောင်းက ဘယ်လိုပဲဖြစ်နေပါစေ အခု သူက ယွီရှန်းအဖြစ် ပြန်ဝင်စားပြီဆိုတော့ သူနေရမည့်အတိုင်း နေရမည်ဖြစ်သည်။
အစေခံအမျိုးသမီးက စိတ်တိုလိုက် ရယ်လိုက်ဖြင့် လုပ်နေသူကို ကြည့်နေသည်။ သူက တမင်သက်သက် သူများတွေကို ဒုက္ခပေးနေတာ။ သူ(မ)က စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။ ခြေထောက်၂ချောင်းက အကြောသေနေပြီး စိတ်ကတော့ ပိုပြီးကောက်ကျစ်လာတယ် ဒီလိုဆက်လုပ်နေရင် မကြာခင် မှူးမတ်ကြီးက နင့်ကို ရွံသွားလိမ့်မယ်။
ယွီရှန်းရဲ့အထိန်းက ယွီရှန်းက မှူးမတ်မျိုးနွယ် မဟုတ်မှန်းသိတော့ သူ(မ)ကို မထီမဲ့မြင် ဆက်ဆံခဲ့သည်။ သူ(မ)လက်အောက်က အလုပ်သင် အစေခံအမျိုးသမီး ၂ယောက်ကလည်း အတုမြင်အတတ်သင်ကာ လူပါးဝကာ ရိုင်းစိုင်းကြသည်။ ယွီရှန်းက ငယ်ငယ်ကတည်းက ဒီအစေခံအုပ်စုကို မထိန်းနိုင်ပေ။ သူ(မ)က သခင်ဆိုပေမယ့် သူ(မ)ဘဝက အစေခံတွေထက်ပင် ပိုစိတ်ဆင်းရဲနေခဲ့ရသည်။
ထိုအချိန်မှာပဲ အပြင်ထွက်သွားသည့် အစေခံအမျိုးသမီး ချိန်းရှီ ပြန်လာလေသည်။ သူ(မ)က ကြွေထည်အကွဲနှင့် ဆေးရည်၊ ဆန်ပြုတ်တွေ ဖိတ်စင်နေတာကို တွေ့လိုက်လေသည်။ သူ(မ)က တစ်စုံတစ်ယောက်ကို ခေါ်ရှင်းခိုင်းမည့်အချိန်မှာပဲ သူ့ညီမက တားကာ တီးတိုးပြောလေသည်
“သခင်မလေး စိတ်လွတ်အောင် ငါတို့ရန်စလိုက်မိပြီ၊ အခု ငါတို့အမှားအတွက် ခွင့်လွှတ်ပေးဖို့ ဒူးထောက်တောင်းပန်ရမှာ”
အစေခံအမျိုးသမီးက တံခါးအပြင်ဖက်မှာ ဒူးသွားထောက်လေသည်။
ချိန်းရှီနှင့် တခြားအစေခံတွေကလည်း အချင်းချင်း အပြန်အလှန် အချက်ပြကာ ဒူးသွားထောက်ပြီး ကြောက်လန့်နေသည့် အသွင်ကို ဆင်မြန်းလိုက်လေသည်။
ယွီရှန်းက အစေခံအမျိုးသမီး၂ယောက်ကို လျစ်လျူရှုကာ သီချင်းညည်းနေလေသည်။ အစေခံအမျိုးသမီး၂ယောက်က မဒမ်အိုကြီး ခန့်အပ်ထားခြင်း ဖြစ်သည်။ တစ်ချိန်လုံး သူတို့က သူတို့သခင်ထက် ပိုသောင်းကြမ်းသည်။ ယွီရှန်းရဲ့ ပုံစံအမှန်ကိုသာ သိသွားလို့ကတော့ ဒီခွက်တွေက သူတို့ခွဲတာကို ခံရမည်ဖြစ်သည်။
ယွီဖင်ယန်က အာဏာစက်ကြီးသည်။ အသက်ငယ်ငယ်ဖြင့် စံအိမ်ထဲမှာ ပျံ့နေသည့် သတင်းတွေကို ထိန်းချုပ်နိုင်ခဲ့သည်။ ယွီစီးယွီ့မွှေလို့ ဒီကိစ္စတွေ အကုန်သိသွားပြီး ဒီဝတ္ထုရဲ့ အဓိကအမျိုးသမီးဇာတ်ဆောင်က တော်ဝင်မျိုးရိုးမှာ ခြေကုပ်ကာ ဧကရာဇ်၏ မိဖုရား ရာထူးကို ဘယ်လိုရသွားခဲ့လည်းဆိုတာ သူ(မ) မသိပေ။ အမျိုးသမီးဇတ်ဆောင်က အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ အောင်မြင်မှုကို ရခဲ့မှာတော့ သေချာသည်။
တွေးတောပြီးနောက် ယွီရှန်းက ခေါင်းခါယမ်းကာ ရယ်လိုက်သည်။ သူသာ သက်သောင့်သက်သာ နေရမယ်ဆိုရင် ဘာလို့ သူ့ဘာသာသူ ကသိကအောက် ဖြစ်နေရမှာလဲ။ သူ(မ)က ရည်မှန်းချက် မကြီးတာ မဟုတ်ဘဲ ထိပ်တိုက်မတွေ့ချင်တာ ဖြစ်သည်။ ယွီဖင်ယန်ရဲ့ မျက်နှာသာပေးမှုကို ရရုံဖြင့် ပိုက်ဆံတွေ အများကြီး စုဆောင်းမိနိုင်သည်။ အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်လာသည့်အချိန်ကျရင်တော့ ပိုက်ဆံတွေ ပိုက်ကာ ရွာဇနပုဒ်လေးမှာ အေးချမ်းစွာ သွားနေပြီး နေဝင်ချိန်ကို ကြည့်ကာ လရောင်ကို ခံစားမည်။ အရင်ဘဝက အစ်ကိုကြီးရဲ့ ကာကွယ်ပေးမှုအောက်မှာ အိမ်ထောင်ပြုဖို့ကိုတော့ တစ်ခါမှ မတွေးဖူးခဲ့မိပေ။ ဒီဘဝမှာလည်း မဖြစ်နိုင်ပေ။ ရှေးခေတ်က ယောက်ျားတွေက မသန်မစွမ်းအမျိုးသမီးဖြင့် အိမ်ထောင်ပြုကာ ပြုစုယုယချင်မည် မဟုတ်ပေ။ မှူးမတ်စံအိမ်တော်မှာ ယွီရှန်းရဲ့ ပုံစံအမှန် ပေါ်သွားပါက အခြေအနေက ပိုဆိုးနိုင်တာကြောင့် ဒီကိစ္စကို မေ့ထားလိုက်တာ ပိုကောင်းသည်။
သူ(မ) ဆင်ခြင်တွေးတောနေစဥ် တံခါးအပြင်မှာ ခိုက်ခိုက်တုန်အောင် ကြောက်ကာ ဒူးထောက်နေသည့် အစေခံ အမျိုးသမီး၂ယောက်ကို ရိပ်ခနဲ မြင်လိုက်လေသည်။ သူ(မ) နှုတ်ခမ်းထောင့်က အထင်အမြင်သေးစွာ ကော့တက်သွားလေသည်။ အခန်းကို သန့်ရှင်းရေးလုပ်ရမယ့်အစား အခန်းအပြင်မှာ သနားစရာကောင်းအောင် ဒူးထောက်ပြပြီး ပုန်ကန်ထကြွနေသေးတယ်။ ဒီဟန်ဆောင်မှုက ယွီဖင်ယန်ရှေ့မှာ သူ(မ)က တဇွတ်ထိုးတဇောက်ကန်းလူ ဆိုတာကို ပြချင်လို့ ဟန်ဆောင်နေကြတာ ဖြစ်သည်။ မှူးမတ်ကြီးရှင့် ကြည့်ပါဦး သခင်မလေးက ထိန်းမရသိမ်းမရအောင် သောင်းကြမ်းပြီး ဆေးတွေနဲ့ ဆန်ပြုတ်တွေကို သွန်ထုတ်ပြီး အစေခံတွေကို သူ့စိတ်ကြိုက် အပြစ်ပေးနေပါတယ်။
ယွီရှန်းက ခြေထောက်၂ဖက်ကို အဆုံးရှုံးခံကာ ယွီဖင်ယန်ကို ကာကွယ်ခဲ့သည် ဆိုသည့်အချက်ကိုတော့ သူတို့တွေ မေ့နေဟန်တူသည်။ သူ(မ)က အခု ဇွတ်တရွတ် လုပ်ခွင့်ရှိသည်။ မှတ်မိသလောက်ဆိုရင် ယွီဖင်ယန်က ကြမ်းတမ်းရက်စက်သော်လည်း ကြင်နာမှုနဲ့ မုန်းတီးမှုကို သေချာခွဲခြား သိမြင်နိုင်သည်။ အမျိုးသမီးဇာတ်ဆောင်ကို မဆန့်ကျင်သ၍ သူက သူ(မ)ဘဝကို ကာကွယ်ပေးလိမ့်မည်။ ချမ်းသာကြွယ်ဝပြီး ဂုဏ်ကျက်သရေရှိအောင် ထားပေးရုံမက အေးချမ်းသာယာတဲ့ ဘဝကိုပါ ပေးစွမ်းနိုင်သည်။ အမျိုးသမီးဇာတ်ဆောင် မိသားစုရဲ့ အပျိုစင်က မှူးမတ်စံအိမ်တော်မှာ အဆုံးမရှိ ကြီးပွားချမ်းသာအောင် နေနိုင်မယ်မဟုတ်လား။
ခြေထောက် ၂ချောင်းအတွက်ကတော့ မတော်တဆဖြစ်ပြီး ဆေးစစ်ချက်အရ ဘာမျှော်လင့်ချက်မှ မရှိပေ။ အတိတ်ဘဝကတည်းက ဒီအနေအထားနှင့် နေသားကျပြီးထားဖြစ်သည်။
ယွီရှန်းက လောကဒဏ်ကို ကြံ့ကြံ့ခံကာ ဒူးနားက ပတ်တီးတွေကို ပွတ်သပ်လိုက်သည်။
တံခါးအပြင်မှာ ဒူးထောက်နေသည့် အစေခံအမျိုးသမီး၂ယောက်က ယွီရှန်းရဲ့ သီချင်းညည်းသံကို နားထောင်ပြီး စိုးရိမ်မနေဘဲ ပြေရာပြေကြောင်းလည်း တစ်လုံးမှ မပြောပေ။ မနာလိုမုန်းတီးစိတ်က ၁၀ဆတိုးလာခဲ့လေသည်။ တိတ်တခိုးလေး သက်ပြင်းရှိုက်ကာ နီရဲနေသော မျက်လုံးများဖြင့် မှူးမတ်ကြီး ရောက်လာတာကို စောင့်နေကြသည်။
သူ(မ) သီချင်းညည်းနေတုန်း နှလုံးသည်းညှာက ရင်းနှီးသည့် ခံစားချက် ထပ်ရလိုက်လေသည်။ ယွီရှန်းက နှုတ်ခမ်းပိတ်လိုက်ပြီး ပူပင်ကြောင့်ကြမဲ့သည့်အသွင် လျော့သွားကာ မျက်မှောင်အတင်း ကြုပ်ထားလေသည်။ မျက်အိမ်အနက်က မျက်ရည်တွေ ရစ်သိုင်းသွားကာ မကျေနပ်မှုကို ကြိတ်သည်းခံရသည့် ပုံစံလေး ဖြစ်သွားလေသည်။
သူ(မ)ရဲ့ အပြောင်းအလဲမြန်သည့် အမူအရာကြောင့် အပြင်က အစေခံ၂ယောက်က ငြိမ်သွားလေသည်။ သူတို့တွေ ခဏလောက် အံ့သြသွားပေမယ့် မြန်မြန်လေး ပြန်ထိန်းလိုက်သည်။ ထို့နောက် မှူးမတ်ကြီး လာနေတာကို တွေ့လိုက်လေသည်။
အစေခံ၂ယောက်က အမြန်လေး တွားသွားကာ အရိုအသေပေးပြီး တိုင်တန်းလေသည်။ သို့ပေမယ့် မှူးမတ်က စိတ်အနှောင့်အယှက်မဖြစ်ဘဲ အခန်းထဲတန်းဝင်သွားလေသည်။ အစေခံ၂ယောက်က နေရာမှာတင် ဒူးထောက်ကျန်ရစ်ခဲ့လေသည်။
အသက်၁၀နှစ်က ကလေးလည်း မဟုတ်သလို အရွယ်လည်း မရောက်သေးပေ။ ဆံပင်တွေက သခင်မလေးအနေဖြင့် ကောင်းကောင်းပြုစုမခံရတော့ ခြောက်သွေ့ကာ မျက်နှာကလည်း ဖြူဖတ်နေပြီး မျက်လုံးဝိုင်းကြီးတွေကတော့ မင်အနက်လို မည်းနက်နေသည်။ ထိုမျက်လုံးတွေက ကြည်လင်သည့် မျက်ရည်ဖြင့် ပြည့်နက်နေကာ အဆုံးမဲ့ချောက်နှင့် တူနေသည်။
လှပတယ်လို့ မခံစားရဘဲ မြင်သည့်လူတိုင်းကို သနားစေကာ ကြင်နာယုယစေချင်မည့် ပုံစံလေးဖြစ်နေသည်။
ယွီဖင်ယန်က မြန်မြန်လေး ရှေ့တိုးသွားလိုက်သည်။ မျက်မှောင်ကြုပ်ကာ ပြောလေသည်။
“ရှန်းအာ ဘာဖြစ်လို့လဲ”
သူရှေ့တိုးသွားတော့ ကြမ်းပြင်မှာ ဆန်ပြုတ်နှင့် ကြွေထည်အကွဲတွေကို ရှင်းလင်းစွာ မြင်လိုက်လေသည်။
“အစ်ကိုကြီး သမီးခြေထောက်တွေ ကိုက်တယ်”
ယွီရှန်းက လူငယ်လေးဆီ လက်ဆန့်ပေးလေသည်။ သူ(မ) မျက်ခမ်းစပ်မှာ တင်နေသည့် မျက်ရည်တွေက အပြင်ကို လျှံကျလာခဲ့သည်။ ဒီလူက သူ့အစ်ကိုကြီးမဟုတ်ဘဲနဲ့ ဘာလို့ ရင်းနှီးတဲ့ခံစားချက်နဲ့ ပြင်းထန်တဲ့စိတ်ဆက်သွယ်မှု ရှိနေတာလဲ။ ဇဝေဇဝါ ဖြစ်နေပေမယ့် သူ(မ)ကို စိတ်သက်သာသည့် ခံစားချက်ကိုရစေသည်။
ယွီဖင်ယန်က အခန်းထဲက ရှုပ်ပွနေတာတွေကို အာရုံမစိုက်နိုင်ပေ။ သူက အမြန်လေး ရှေ့တိုးသွားကာ သနားစရာ ကလေးမလေးကို ရင်ခွင်ထဲ ထည့်ဖက်ထားလေသည်။ ယွီရှန်းက သူ့ကိုကယ်ဖို့ ခြေထောက်၂ချောင်းပေးဆပ်ခဲ့တာပဲ ပန်းကန်တွေ အများကြီး ရိုက်ခွဲတော့ကော ဘာအရေးလဲ။ တစ်ခန်းလုံးကို ဖျက်ဆီးပစ်ခဲ့ရင်တောင် ယွီရှန်းကို အလိုလိုက်ပြီး ခွင့်လွှတ်ပေးဦးမှာပဲ။ ဒီလိုကံဆိုးမှုနဲ့ ကြုံပြီးတဲ့နောက်မှာ ဘယ်သူက စိတ်ကြည်ပြီး ပျော်ရွှင်နေမှာလဲ။ စိတ်လွတ်ပြီး တဇွတ်ထိုးလုပ်တာမျိုးက ဖြစ်နိုင်တာပဲ။ သူ့ကို အဖော်ပြုပြီး ချော့မော့ရင် ဒီခက်ခဲတဲ့ အခြေအနေကို ကျော်လွှားသွားနိုင်လိမ့်မယ်။
စိတ်ထဲတွေးတောရင်း ယွီဖင်ယန်က တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
“ရက်တွေ အများကြီး ကြာပြီးရင် မနာတော့ဘူး ရှန်းအာလေးက သည်းခံရမယ်နော်”
ယွီဖင်ယန်က သူ့မောင်နှမနှင့် တစ်ခါမှ ရင်းနှီးစွာ မနေဖူးပေ။ သူ့စကားတွေက အနည်းငယ် ကို့ရို့ကားယားဖြစ်နေသည်။ သူက မျက်ရည်တွေကို သုတ်ပေးကာ အနောက်ကို ဖြည်းညှင်းစွာ ပြန်မှီစေလေသည်။
ပြီးခဲ့သည့် တစ်ကြိမ်နှင့်ယှဥ်ရင် ဒီတစ်ခေါက် ပွေ့ဖက်မှုက ပိုနွေးထွေးကာ စိတ်ကျေနပ်မှုကို ရစေသည်။ ယွီရှန်းရဲ့ ပူပန်မှုတွေ ငြိမ်သွားပေမယ့် မျက်ရည်တွေကတော့ အဆက်မပြတ် ကျဆင်းနေဆဲဖြစ်သည်။ သူ(မ)က လက်၂ဖက်ဖြင့် လည်ပင်းကို တင်းကြပ်စွာဖက်ကာ မပီမသ ဝိုးတိုးဝါးတား လည်းပြောနေသေးသည်။ နင်က ငါ့အစ်ကိုကြီး မဟုတ်ဘဲ ဘာလို့ ငါတို့ရဲ့ နှလုံးသားက ဆက်သွယ်နေတာလဲ။ ငါတကယ်ပဲ ပြန်လို့ မရတော့ဘူးလား။
ယွီဖင်ယန်က ခေါင်းငုံ့ကာ သူ့ညီမပြောသည့်စကားကို သေချာလေးနားထောင်ပေမယ့် အစ်ကိုကြီး ဟူသော စကားကိုသာ ပီပီသသ ကြားခဲ့ရသည်။ သူ့နှလုံးသားထဲမှာ ခံစားချက်များ ရစ်ပတ်သွားလေသည်။ ဒီစံအိမ်တော်ကြီးမှာ ယွီရှန်း မှီခိုလို့ရတာ သူတစ်ယောက်ပဲ ရှိတယ်။
အစေခံ၂ယောက်က အပြင်မှာ ဒူးထောက်နေဆဲဖြစ်ကာ သူတို့ရဲ့ ဒေါသက ရှုပ်ထွေးခြင်းကို ပြောင်းလဲသွားပြီးနောက် ထိပ်လန့်သွားလေသည်။
“ဘာကြည့်နေတာလဲ ဆေးဆရာ သွားခေါ်လာခဲ့လေ”
ယွီဖင်ယန်က သူ့ညီမကို ချော့မော့ရင်း အစေခံတွေကို လှည့်ပြောလေသည်။
မှူးမတ်ရဲ့အမိန့်အတိုင်း အစေခံ၂ယောက်က ထွက်သွားဖို့ ထရပ်တော့ မှူးမတ်ကြီး ပြောတာကိုလည်း ကြားလိုက်သေးသည်
“ဒီလောက်ညစ်ပတ်နေတဲ့အခန်းကို ဘယ်သူမှ မရှင်းဘူး၊ ဒီအစေခံအုပ်ကြီး ရှိနေတာ ဘာလုပ်ဖို့လဲ ၊ အကုန်ရောင်းထုတ် ပစ်သင့်တယ်”
အစေခံ၂ယောက်က ချက်ချင်းဒူးထောက်ကာ နောက်ထပ် ဘယ်တော့မှ မလုပ်တော့ကြောင်း အထပ်ထပ်အခါခါ ကတိပေးလေသည်။ ယွီရှန်းကို ချောက်မချနိုင်သည့်အပြင် ယွီဖင်ယန်ကိုပါ ရန်စခဲ့မိလေသည်။ သူတို့ကို ထွက်သွားခိုင်းမှပဲ စိတ်သက်သာရာ ရသွားခဲ့သည်။
ယွီရှန်းက ယွီဖင်ယန်ကို ပစ္စည်းအဖြစ် မသုံးပေ။ ပြီးပြည့်စုံသည့် အကောင်းမြင်ခံရသည့် အဆင့်ကို ရောက်ဖို့ စောင့်ရမည်။ တချို့ကိစ္စတွေက ပြောစရာမလိုဘဲ ယွီဖင်ယန်က သူ(မ)အတွက် ရှင်းပေးလိမ့်မည်။ ဒီအချိန်မှာ သူ(မ)လောဘတက်လို့ မရပေ။ ဒါ့ထက် မဒမ်အိုကြီး သိသွားပါက သူ(မ)ကို ပိုရွံရှာသွားလိမ့်မည်။
#####