TYCDTN အပိုင်း ၃

TYCDTN
Chapter 3

ယွီစီးယွီ့က ပြန်ဆွဲကာ သူ(မ)စိတ်အေးသွားသလိုပြုမူကာ ယွီရှန်းရဲ့ကျောကိုပုတ်ပေးကာ ပြောလေသည်

“ညီမလေးက ဒီလိုတွေးတော့ အစ်မစိတ်အေးသွားပြီ”

သူ(မ)က နူးညံ့စွာဆိုလေသည်

“ယွီရှန်းလေး ဒီလောက်ထိ ကြီးပြင်းလာမယ်လို့ မထင်ခဲ့မိဘူး.. “

ယွီရှန်းက မျက်ရည်တွေကို အင်္ကျီလက်ဖြင့်သုတ်ကာ သရော်လေသည်။

“အစ်မက တကယ်ပဲ စိတ်အေးသွားတာလား ဒါမှမဟုတ် ဟန်ဆောင်တာလား၊ ငါစိတ်ပျက်လက်ပျက် ဖြစ်နေတာကို မတွေ့ရတော့ အစ်မလုံးဝ စိတ်ညစ်နေမှာပဲနော်၊ ဒဏ်ရာရပြီး နောက်တစ်ရက် ပြန်ရောက်လာတော့ အစ်မပဲ ကျေနပ်အားရစွာနဲ့ သူနဲ့တန်တယ် သူ ဘယ်လောက် ကြောက်လန့်နေမလဲဆိုတာ ကြည့်ရအောင်လို့ ပြောခဲ့တယ်မလား၊ အစ်မကို မေးပါဦးမယ် ဘာလို့ ငါ့ကို မနာလိုဝန်တို ဖြစ်နေတာလဲ”

ယွီစီးယွီ့က ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

တံခါးအပြင်ဘက်မှာ ရပ်နေသေးသည့် ယွီဖင်ယန်ကလည်း မျက်မှောင်ကြုတ် နေလေသည်။

“နင် ဘယ်.. ဘယ်လိုသိတာလဲ”

ယွီစီးယွီက သူ့အစေခံ၂ယောက်ကို အမျက်အချောင်းချောင်း ထွက်နေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ အစေခံ၂ယောက်က ခေါင်းခါပြကာ ခြေလှမ်း၂လှမ်း ဆုတ်သွားလေသည်။

သူ ဘယ်လို သိတာလဲ။ သေချာပေါက် ဝတ္ထုဖတ်ထားလို့ သိတာပေါ့။ ထောင်စုနှစ်ကို ဖြတ်ကျော်လာရသော်လည်း ယွီရှန်းရောက်လာတာ နာရီပိုင်းပဲရှိသေးတာမလို့ သူ(မ) ဘယ်လိုမေ့မှာလဲ။

ရုတ်တရက်ကြီး ယွီစီးယွီ့ရဲ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာလေသည်။ သူ(မ)က အလျင်အမြန် လှည့်ကာ အတည်ပြုလေသည်

“နင် နင်အစောကြီးကတည်းက နင့်ခြေထောက်တွေ ထိခိုက်သွားတာကို သိနေတာလား”

အခု ဒီငတုံးမက အစေခံတွေကို လာဘ်ထိုးပြီးတော့တောင် သူလျိုတွေ ထည့်တတ်နေပြီ။ ဘယ်တုန်းကတည်း ဖြစ်တာလဲ။

ယွီရှန်းက စိတ်ပျက်လက်ပျက် ပြုံးလေသည်။

“ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ၊ ၃ရက်ကြာပြီးတဲ့အထိ ခြေချောင်းတောင် လှုပ်လို့မရဘူး၊ ပျက်စီးသွားတာ မဟုတ်လို့ ဘာဖြစ်ရမှာလဲ၊ ဒီကံဆိုးမှုက မှားယွင်းနေတဲ့ အမြင်တွေကို အမြင်မှန် ရစေခဲ့တယ်လေ၊ အစ်မ ငါနင့်ကို ဘယ်လိုများ မှားယွင်းဆက်ဆံခဲ့မိလို့ ငါ့ကို မုန်းတီးနေရတာလဲ၊ မဒမ်အိုကြီး ငါတို့ကိုပေးသမျှ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေကိုလည်း နင့်ကိုပဲ အရင်ရွေးခိုင်းခဲ့တယ်၊ နင့်စားဝတ်နေရေးအတွက်လည်း လတိုင်း ငွေဒင်္ဂါး၅ပြားပေးခဲ့တယ်၊ နင် မဒမ်အိုကြီးရဲ့ အကြိုက်ဆုံး တန်ဖိုးအထားရဆုံး ဂန္ဓမာပန်းအခက် ရိုက်ထားတဲ့ ကျောက်စိမ်းအိုးကို နင်လုပ်ကွဲခဲ့တုန်းကလည်း ငါပဲ ဒူးထောက် အပြစ်ခံယူခဲ့ပြီး ရက်အနည်းငယ်ထိတောင် လမ်းမလျှောက်နိုင်ခဲ့ဘူး၊ နင်ငါ့ကို ကျေးဇူးတွေအရမ်းတင်ပြီး နှစ်သိမ့် ပေးခဲ့သေးတယ်လေ ဒါပေမဲ့ အတွင်းထဲကနေတော့ ငါ့ကို ကြိတ်ရယ်နေခဲ့တယ် မလား၊ ငါ နေ့နေ့ညည တွေးနေတာတောင် ငါနင့်အပေါ် ဘာများ မကောင်းမိခဲ့လဲဆိုတာ တွေးမရဘူး၊ အစ်မ ဒီကိစ္စကို ဒီနေ့ အပြတ်ရှင်းရအောင်”

ယွီစီးယွီ့က ယွီရှန်းရဲ့ မေးခွန်းတွေကြောင့် ဆွံ့အနေလေသည်။ အမေက သူတို့၂ယောက်လုံးကို ဘယ်တော့မှ အသိအမှတ်မပြုခဲ့ပေ။ ‘အပယ်ခံရသူအချင်းချင်း နှစ်သိမ့်ပေးကြတယ်’ဆိုသည့် စကားပုံအတိုင်း ယွီရှန်းကို သူ(မ) နှလုံးသားတစ်ခုလုံးနှင့် အစစ်အမှန် ဆက်ဆံဖို့ ကြိုးစားခဲ့သော်လည်း မဒမ်အိုကြီးကတော့ မတူပေ။ ငယ်ငယ်တုန်းက မဒမ်အိုကြီးက ကိုယ်လုပ်တော်တွေကြောင့် ထိခိုက်ခံစားခဲ့ရသည်။ အခုအသက်ကြီးလာတော့လည်း သူ့သားအရင်း သေသွားတော့ ကိုယ်လုပ်တော်က မွေးသည့်သားတွေက မှူးမတ်ရာထူးကို တပ်မက်ကာ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လက်ဝါးကြီး အုပ်ချင်နေသည်။ ဒါကြောင့် သူက သားသမီးအရင်းနှင့် ကိုယ်လုပ်တော်ကြားရဲ့ သားသမီးကို ခြားနားစွာ ဆက်ဆံသည်။ ကိုယ်လုပ်တော်က မွေးသည့် သမီးတစ်ယောက်အနေဖြင့် ရသင့်ရထိုက်တာ ရပေမယ့် ပိုမရပေ။ တစ်နေ့ပြီး တစ်နေ့ မဒမ်အိုကြီးက သူ့ကို အပြစ်တင်နေပြီး ကိုယ်လုပ်တော်က မွေးသည့်သမီးက မိသားစုကို ကသောင်းကနင်း ဖြစ်အောင် လုပ်မှာကို မဒမ်အိုကြီးက ကြောက်နေသည်။

ယွီရှန်းကတော့ လိုချင်တောင့်တသမျှ အကုန်ရကာ ဘဝကို ခမ်းခမ်းနားနား နေထိုင်ခဲ့ရသည်။ ယွီစီးယွီ့ကတော့ အကြောက်တရားတွေ ရခဲ့သည်။ သူ(မ)က ယွီရှန်းကို မခံချင်စိတ်ဖြင့် ကြီးပြင်းလာခဲ့ပြီး အချိန်တွေကြာလာသည်နှင့်အမျှ ယွီရှန်းကိုမုန်းသည့် အမုန်းတရားတွေက ပိုပိုကြီးထွားလာခဲ့သည်။

ယွီစီးယွီ့က လိုအင်တွေပြည့်ဖို့ အငြိုးကို သိုလှောင်ထားကာ လက်သီးဆုပ် အံကြိတ်ကာ တိတ်တဆိတ်နေခဲ့သည်။

ယွီရှန်းက ယွီစီးယွီ့ကို ဒေါသတကြီး ကြည့်လိုက်သည်။ ချက်ချင်းပင် ယွီရှန်းက ဘေးမှာတင်ထားသည့် အရည်ထည့်ထားသည့်ခွက်ဖြင့် ယွီစီးယွီ့ကို ပေါက်လိုက်သည်။ ထို့နောက် ခွက်ကိုကောက်ကာ ရိုက်ခွဲလိုက်သည်။

“မဖြေဘူးလား ဟမ်”

ယွီရှန်းက စူးစူးဝါးဝါး အော်ဟစ်လေသည်

“ငါ ယွီရှန်းက အစ်မလိုပဲ အကြင်နာမဲ့ပြီး ရိုင်းစိုင်းတဲ့လူပဲ၊ ထွက်သွားစမ်း၊ နောက်ထပ် ဘယ်တော့မှ ငါ့အခန်းထဲဝင်မလာနဲ့”

ယွီစီးယွီ့က ယွီရှန်းကို ငတုံးငအ၊ ငွေထုတ်စက်၊ သဲအိတ်၊ သူ့အစား ကြားဝင်အပြစ်ခံယူသည့် လူအဖြစ်သာ တစ်ချိန်လုံး ဆက်ဆံခဲ့သည်။ အခု ယွီရှန်းက ဒီကို ပြန်ဝင်စားလာပြီဆိုတော့ ဒီလိုလူနှင့် ဆက်ဆံရေးကို ရှင်းအောင်လုပ်ခဲ့သည်။ တစ်လမှာ ငွေဒင်္ဂါး၁၀ပြားရတာကို သူ့ကိုတော့ လစဥ်၅ပြား ထောက်ပံ့မပေးနိုင်ဘူး။

ဆေးရည်က မသောက်ခင် အအေးခံထားခြင်း ဖြစ်သည်။ ယွီစီယွီ့က ဆေးရည်ပူလောင်ကာ ထခုန်ခဲ့လေသည်။ ယွီရှန်းက သူ့နဖူးကို ခွက်ဖြင့်ပေါက်ခဲ့လို့ ဖူးယောင်နေလေသည်။ သူ(မ)က ဒေါသထွက်စွာ အော်ဟစ်လေသည်

“ယွီရှန်း နင့်ကိုနင် ဘာထင်နေလဲ၊ နင်ကများ ဂုဏ်မောက်ပြီး ရိုင်းစိုင်းရဲသေးတယ်ပေါ့၊ ငါပြောပြမယ် နင်က ဘယ်ကမှန်းမသိ မျိုးမ.. “

ယွီရှန်းက ယွီစီးယွီ့ ပါးစပ်ဖွင့်ဟတာကိုကြည့်နေသည်။ ထိုစကားက ယွီရှန်းရဲ့ဘဝကို ငရဲအလားဖြစ်စေမည့် စကားဖြစ်သည်။

ယွီစီးယွီ့ စကားမဆုံးသေးခင်မှာ အပြင်ကနေ တံခါးကို ကန်ဖွင့်ခံရပြီး အေးစက်သည့်လေတွေ ဝင်လာကာ အသံတစ်သံကို ကြားလိုက်ရသည်

“မင်းပါးစပ်ကို ပိတ်ထား”

ချက်ချင်းပင် ယွီစီးယွီ့ အသံတိတ်သွားလေသည်။ ဒီမှူးမတ်အိမ်တော်မှာ သူ အကြောက်ဆုံးလူက ယွီဖင်ယန် ဖြစ်သည်။

မူလဝတ္ထုထဲမှာ ယွီစီးယွီ့က ယွီရှန်းရဲ့ အကြောင်း ထုတ်ဖော်ခဲ့တုန်းက ကြားဝင်သည့်လူ မရှိခဲ့တာကြောင့် ယွီရှန်းကို အခက်အခဲများစွာ ဖြစ်စေခဲ့သည်။ သို့ပေမယ့် အခုတော့ အခြေအနေတွေက မတူတော့ပေ။ အခုတော့ ယွီဖင်ယန်ရဲ့ ကာကွယ်မှုအောက်မှာ သူ(မ)က ဘယ်အမျိုးအနွယ်က ကလေးမှန်း မသိပေမယ့် မှူးမတ်ကြီး၏ တရားဝင်ကလေး ဖြစ်နေသေးသည်။

ဒါတွေက ယွီရှန်းရဲ့ အကြံအစည်တွေ ဖြစ်သော်လည်း ကိုယ့်ဘာသာကိုယ် ကျေနပ်အားရမှု မရှိပေ။ သူ(မ)က တံခါးဝမှာရပ်နေသည့် ရင်းနှီးသည့် ပုံရိပ်လေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ့ပုံရိပ်က အလင်းထင်ဟန်နေသည်။

“အစ်ကိုကြီး.. “

သူ(မ)ပါးစပ်က ထိုစကားထွက်သွားသည်နှင့် မျက်နှာထက်တွင် မျက်ရည်တွေ အလုအယက် ကျဆင်းလာခဲ့သည်။ ဝိဉာဥ်ဆက်သွယ်ချက်က အလွန်ပြင်ထန်နေသေးကာ သေခြင်းရှင်ခြင်း အခြေအနေကို တစ်ခါမှ မကြုံဖူးသလို ခံစားနေရပြီး သူ့အစ်ကိုကြီးနှင့် မကွဲကွာဖူးသလို ခံစားနေရသည်။ တစ်ချိန်လုံး ဆက်သွယ်မှု ငြိမ်သက်နေတယ်လို့ ထင်ခဲ့ပြီး လက်ရှိကာလကို သတိပြုမိအောင် ခဏလောက် အချိန်ယူလိုက်ရသည်။

ကလေးငယ်လေးက ပွေ့ဖက်ခံရဖို့ လက်သေးသေးလေးတွေကို ဆန့်တန်းထားလေသည်။ မျက်လုံးတွေက မျက်ရည်တွေ စိုစွတ်နေကာ သူက သူ(မ)ရဲ့ ကမ္ဘာတစ်ခုကြီးလိုမျိုး ကြည့်နေသည်။ ထိုသနားစဖွယ်ပုံရိပ်လေးက ယွီဖင်ယန်ရဲ့ နှလုံးသားလေးကို ပြင်းထန်စွာထိသွားလေသည်။ သူက တွေးတောမနေဘဲ ရှေ့တိုးကာ ယွီရှန်းကို လက်တွေဖြင့် ထွေးဖက်ထားလိုက်လေသည်။

“ဘာမှကြောက်စရာမလိုဘူး အစ်ကိုကြီးက မင်းကို ကုသပေးဖို့ နည်းလမ်းရှာမှာ”

သူက တတ်စွမ်းသမျှ ကုဖို့ ဆုံဖြတ်ချက်ချခဲ့သည်။

ယွီရှန်းက ခေါင်းမော့ကာ ကြည့်လိုက်သည်။ ပြန်ဖြေရမည့်အစား မျက်ရည်တွေက မထိန်းနိုင်အောင် ပါးပေါ်ကို ကျဆင်းခဲ့သည်။ ထိုလူ အလင်းရောင်ကနေ ဖယ်လိုက်တော့ သူက သူ့ရဲ့အစ်ကိုကြီးနဲ့ ၇၀၊၈၀ ရာခိုင်နှုန်းလောက် ဆင်တူတာဖြစ်ပြီး သူ့အစ်ကိုကြီး မဟုတ်ပေ။ သို့ပေမယ့် ၂ယောက်လုံးက ချောကြသည်။ ယွီဖင်ယန်က အတွင်းရေး ပြဿနာတွေကို ကျော်ဖြတ်ပြီးနောက် အရာရာတိုင်းကို သံသယဝင်ခဲ့သည်။ ပွေ့ဖက်မှုကလည်း စိမ်းကားနေကာ နွေးထွေးမှုကော တွယ်တာမှုပါ မရှိပေ။

သူ(မ)ရဲ့ သေဆုံးခြင်းက ဘာလို့ သူနဲ့ တွဲချည်နေမိတာလဲ။ ဒီလူက သူ့အမြွှာအစ်ကို မဟုတ်တာကို သတိထားမိပေမယ့် သူ(မ)ရဲ့ ရှုပ်ထွေးနေသည့် နှလုံးသားက နှစ်သိမ့်မှု ရနေဆဲဖြစ်သည်။ ခံစားချက်တွေ ပေါက်ထွက်ကာ ယွီရှန်းက ခေါင်းကို သူ့လည်ပင်းနား မြှုပ်နှံကာ မရပ်မနားငိုနေခဲ့သည်။

ယွီစီးယွီ့က တိတ်တိတ်လေး ထောင့်ကို ကပ်သွားလိုက်သည်။ ယွီဖင်ယန်ရဲ့ အမိန့်မပါဘဲ သူ(မ)သဘောအတိုင်း မထွက်သွားရဲပေ။

ယွီဖင်ယန်ရဲ့ ပုခုံးမှာ မျက်ရည်တွေကြောင့် အစိုကွက်ကြီး ဖြစ်သွားလေသည်။ ကို့ရို့ကားယားဖြင့် ယွီဖင်ယန်က လက်မြှောက်ကာ သူ့ညီမလေးရဲ့ ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလေသည်။ သွေးကြောထဲမှာ မတူညီတဲ့သွေးတွေ စီးဆင်းနေရင်တောင် သူ(မ)နှလုံးသားထဲမှာတော့ ယွီဖင်ယန်က သူ့အစ်ကိုအရင်း ဖြစ်သည်။ သူ(မ)အသက်ကို ပေးပြီး ကယ်ခဲ့တဲ့ သူ(မ) ရဲ့အစ်ကိုကြီး။ မျိုးရိုးနာမည်က ဘာဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် ဒါက သူ့ညီမအရင်းပဲ။ အခုကော နောင်ကော ဒီအမှန်တရားက ဘယ်တော့မှ မပြောင်းလဲဘူး။

တဖြည်းဖြည်းနှင့် ကို့ရို့ကားယား ပုတ်ပေးနေမှုက ပျောက်သွားလေသည်။ သူ့ရင်ဘတ်နားက တသိမ့်သိမ့် တုန်နေသည့် ကိုယ်လေး တဖြည်းဖြည်း ငြိမ်သွားတာကို ခံစားလိုက်ရသည်။ ယွီဖင်ယန်က သူ့ညီမလေးရဲ့ မျက်နှာကိုကြည့်ကာ နူးညံ့ကြင်နာမှုများ ဖြစ်သွားလေသည်။ ငိုရတာ မောသွားလို့ သူ့ညီမလေးက သူ့ကိုမှီကာ အိပ်ပျော်သွားပြီ ဖြစ်သည်။ မျက်ရည်တွေဖြင့် မျက်တောင်လေးတွေကို စိုစွတ်နေဆဲဖြစ်သည်။

ယွီဖင်ယန်က မျက်ရည်တွေကို နူးညံ့စွာ သုတ်ပေးလိုက်သည်။ သူ့ညီမ မှီထားသည့် ခေါင်းအုံးလေးကို ဖယ်ကာ အိပ်ရာထက် လဲလျောင်းစေလိုက်ပြီး ကိုယ်ခန္ဓာပေါ် စောင်လေးခြုံပေးလိုက်သည်။ ယွီဖင်ယန်က အိပ်ပျော်နေသည့် သူ့ညီမရဲ့မျက်နှာကို ကြည့်ပြီးနောက် မာကြောစွာ ပြောလေသည်

“အခန်းအပြင်ကို လိုက်ခဲ့”

ယွီစီးယွီ့က ကတိုက်ကရိုက် လိုက်သွားလေသည်။ သူ(မ)ရဲ့ အသွင်အပြင်က လုံးဝပြောင်းလဲနေသည်။

ထောင့်ချိုးနားရောက်တော့ ယွီဖင်ယန်က သူ(မ)မျက်နှာက စီးကျနေသည့် ဆေးရည်ကိုကော ဖူးယောင်နေသည့်နဖူးကိုပါ အာရုံမစိုက်ဘဲ အမူအရာကင်းမဲ့စွာ မေးလေသည်။

“ရှန်းအာရဲ့ကိစ္စကို မင်းဘယ်လိုသိတာလဲ”

ယွီဖင်ယန်က အသက်၁၅သာ ရှိသေးသော်လည်း အရပ်က ၇ပေမြင့်သည်။ နန်းတော်မှာ ၁၀နှစ်နေပြီးနောက် အရွယ်ရောက်သည့်လူတွေလို လိုက်ဖက်ညီအောင် ပါးနပ်မှုကို သင်ယူခဲ့သည်။ မိသားစုရဲ့ ပိုင်ဆိုင်မှုကို အပိုင်ကြံခဲ့သော ဖခင်ဘက်က ဦးလေးတွေကို ပြည်နှင်ဒဏ်ပေး၊ ဖျက်စီးခဲ့ကာ လွတ်ငြိမ်းချမ်းသာခွင့်မရဘဲ တစ်သက်တစ်ကျွန်း ထောင်ကျအောင် လုပ်ခဲ့သည်။ ရှိန်လောက်သော အရှိန်အဝါဖြင့် ယွီဖင်ယန်က မှူးမတ်အိမ်တော်မှာ ခြေကုပ်နေသောလူတွေကို ရှင်းထုတ်ခဲ့ပြီး အိမ်တော်က မိသားစုကို မြို့တော်မှာ မင်းမျိုးစိုးနွယ်ဝင် ဖြစ်လာအောင် လုပ်ခဲ့သည်။

မှူးမတ်အိမ်တော်မှာ သူ့ကို ဘယ်သူကဆန့်ကျင်ရဲမှာလဲ။

ယွီစီးယွီ့က စကပ်ကို လုံးချေကာ အထစ်ထစ်အငေါ့ငေါ့ ပြောလေသည်

“အဖွားကို သွားတွေ့တုန်းက ချောင်းနားထောင်ခဲ့မိတာပါ အစ်ကိုကြီး ကျွန်မ.. ကျွန်မ.. “

ယွီဖင်ယန်က သူ(မ)ပြောပြီးတာကို မစောင့်ဘဲ မေးလေသည်

“တခြားလူကို ပြောလိုက်သေးလား”

ယွီစီယွီ့က ပြောလေသည်

“ကလေးထိန်း၊ ကျူးယွင်နဲ့ကျွမ်းပီ သူတို့တွေ သိပါတယ်”

ယွီဖင်ယန်က ကျူးယွင်၊ ကျွမ်းပီနှင့် အစေခံတချို့ကို အေးစက်စွာကြည့်လိုက်တော့ သူတို့ အသားအရေက သေမတတ် ဖြူဖျော့သွားလေသည်။

ယွီစီးယွီ့က နေရာမှာတင် တောင့်တင်းစွာရပ်နေပြီး မလှုပ်ရဲပေ။ သူ(မ)က နောင်တတရားကို ခံစားနေရသည်။ အရင်လို ယွီရှန်းက အပယ်ခံလေးဆိုရင် အဆင်ပြေပေမယ့် အခုတော့ အစ်ကိုကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာတော့ ထိဖို့ မလွယ်တော့ပေ။ ယွီရှန်းနှင့် စကားအကြီးအကျယ် အော်ဟစ်နေတာကို အစ်ကိုကြီးသိသွားပြီဆိုတော့ အခုကစပြီး ကျန်သည့်ရက်တွေကို ဘယ်လို ဖြတ်သန်းရမလဲဆိုတာ မသိတော့ပေ။

သူ(မ)က အဆိုးဆုံးဖြစ်နိုင်ချေများကို တွေးနေတုန်း ယွီဖင်ယန်က သူ့အခြွေအရံတွေကို လက်ယမ်းပြကာ ပြောတာကို တွေ့လိုက်လေသည်

“သူတို့ကို သော့ပိတ်ထားလိုက်”

သူ(မ)အစေခံတွေ အပြစ်ပေးခံရတော့ ယွီစီးယွီ့က ထိတ်လန့်သွားကာ ပြောလေသည်

“အစ်ကိုကြီး သူတို့က အပြစ်ပေးခံရအောင် ဘာများလုပ်မိလို့လဲ၊ အဲဒီ မျိုးမစစ်အတွက်နဲ့…”

ယွီဖင်ယန်က အေးစက်စွာ ပြောလေသည်။

“သူက ငါ ယွီဖင်ယန်ရဲ့ ညီမငယ်ပဲ၊ မျိုးမစစ်မဟုတ်ဘူး၊ ငါတစ်ခါပဲပြောမယ် အေး ထပ်ပြောလို့ကတော့ ယီနျန်နဲ့ တောကို လိုက်သွားဖို့ ပြင်ထားလိုက်”

အခု သူ(မ)က အသက်၁၂ဖြစ်ကာ လက်ထပ်ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ တောရွာကို နှင်ထုတ်ခံလိုက်ရရင် သူ(မ)ရဲ့ ရှေ့ရေးက ဘယ်လိုဖြစ်သွားမှာလဲ။ ယွီစီးယွီ့က အသံတိတ်ကာ ခေါင်းငုံ့သွားလေသည်။ အစောင့်တွေရဲ့ ဘွတ်ဖိနပ်အမည်း ဟောခန်းမက ထွက်သွားမှ သူ(မ)က သက်ပြင်းချကာ တီးတိုးပြောလေသည်

“အမေ ဖယ်ထုတ်တာ စောင့်နေလိုက်၊ အဲမျိုးမစစ်အတွက် ယွီအိမ်တော်က သစ္စာရှိအစေခံတွေ အသတ်ခံရတာကို အမေက ခွင့်ပြုမှာ မဟုတ်ဘူး၊ အစ်ကိုကြီး သူတို့တွေကို ပြန်လွှတ်ဖို့ စာထုတ်တာကို စောင့်နေမယ်”

ခြံကြီးထဲမှာ မီးခိုးရောင်ဆံပင်နှင့် အမျိုးသမီးကြီးက သလွန်ပေါ် လဲလျောင်းကာ မျက်လုံး မှိတ်ထားလေသည်။ အစေခံ၂ယောက်က ထိုအမျိုးသမီးဘေးမှာ ထိုင်နေသည်။ တစ်ယောက်က ထိုအမျိုးသမီးရဲ့ ခြေထောက်ကို နှိပ်ပေးနေကာ တစ်ယောက်က ပုခုံးကို နှိပ်ပေးနေသည်။ အစိမ်းရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးအစေခံအိုက ဝင်လာကာ တီးတိုးကပ်ပြောလေသည်။

မဒမ်အိုကြီးက မျက်လုံးဖွင့်ကာ မှင်တက်သွားလေသည်

“တကယ်ပဲ သူအဲလိုပြောတာလား”

“နူပီက မလိမ်ဘူး သူ တကယ် အဲလိုပြောတာ”

အစေခံမိန်းမအိုကြီးက တည်ငြိမ်စွာပြောလေသည်။

“သူသာ တကယ်ပဲ အဲလိုခံစားရတယ် ဆိုရင်တော့ လွန်ခဲ့သည့် ၁၀နှစ်က သူ့ကို ပျိုးထောင်ခဲ့တာ ငါတို့ယွီမျိုးနွယ်နဲ့ယှဥ်ရင် တန်သားပဲ”

မဒမ်အိုကြီးက လှောင်ပြုံးပြုံးကာ အစေခံအိုကြီးကို လက်ယက်ခေါ်လေသည်။

“ဖင်ယန်ကို ကယ်တာက မှူးမတ်စံအိမ်တော်ကြီးတစ်ခုလုံးကို ကယ်တာနဲ့အတူတူပဲ၊ ရှေ့လျှောက် သူရဲ့ သမီးအရင်း မဟုတ်တဲ့ ပုံစံအစစ်အမှန်ကို ဘယ်သူမှ ထုတ်ပြောခွင့်မရှိဘူး၊ လင်ရှီကို ခေါ်လာခဲ့၊ ငါ သူ့ကို ပြောစရာရှိတယ်လို့ ပြောလိုက်”

အမျိုးသမီးအစေခံအိုကြီးက နာခံလေသည်။ သူ(မ) တံခါးအပြင် ထွက်လိုက်တော့ မှူးမတ်ငယ်လေး အမူအရာကင်းမဲ့စွာ လာနေတာကို တွေ့လိုက်လေသည်။ သူ(မ)က ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်လေသည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset