Chapter 1
တရုတ်ပြည်၏နယ်စပ်ဒေသက ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းကြီးတွင် ဘုန်းတော်ကြီး၈ပါးက စကျင်ကျောက် ကြာပန်းပူဇော်စင်ကို ဝိုင်းကာထိုင်နေကြသည်။ သူတို့တွေက လက်ဖြင့် ကောင်းကင်ဘုံချိပ်စည်းကို ပုံဖော်ကာ ကွမ်းရင်မယ်တော်နှင့်ဗုဒ္ဓထံမှ ကောင်းချီအဖြာဖြာနှင့် ကာကွယ်မှုကိုရရှိပြီး ပြန်မွေးဖွားခြင်း မန္တန်ကိုရွတ်ဖတ်ပူဇော်နေကြသည်။
ဗုဒ္ဓ ပိဋိကတ်ကျမ်းကို ရွတ်ဆိုကာ လက်ထဲက သစ်သားတုံးလေးကို တတောက်တောက် ခေါက်ကာ ကြီးမားခမ်းနားလှသော ဟောခန်းကို လှည့်ပတ်နေကြသည်။ အလွန်နူးညံ့သော သံကရိုက်သံက လေနှင့်အုတ်နံရံအထူကြီးကို ဖောက်ထွက်ကာ အပြင်က ကျောပြောလှသောလေထုနှင့် ဟောခန်းမ အပြင်က ကောင်းကင်ပြာကြီးနှင့် ပေါင်းစပ်သွားလေသည်။
ဟောခန်းထဲက ထောင့်နားလေးတွင် အမဲရောင်ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ယောက်က ကြမ်းပြင်က အခင်းလေးမှာ ဒူးထောက်နေလေသည်။ ထိုလူက လက်အုပ်ချီပြီး မျက်လုံးမှိတ်ထားကာ ပိဋိကတ်ကျမ်းကို တည်ကြည်သောအသွင်ဖြင့် ရွတ်ဖတ်ပူဇော်နေသည်။
အသက်၂၀လောက်ရှိမည့် ဘုန်းတော်ကြီးက သူ့ဘေးတွင်ထိုင်ကာ အလင်းမှိန်မှိန်ကိုအားပြုကာ သူ့ကိုကြည့်နေသည်။
ထိုလူရဲ့ ကိုယ်ဟန်အနေအထားက အရပ်တော်တော်မြင့်သည်။ သူ့အသားအရောင်က အလွန်ကျန်းမာပုံပေါ်ပေမယ့် ခရမ်းရောင်သမ်းနေသော နှုတ်ခမ်းက ပြင်းထန်လှသော အဖျားရောဂါမှ ပြန်ပျောက်ကင်းလာကြောင်းကို ဖော်ပြနေသည်။ လွန်ခဲ့သည့် နှစ်ဝက်လောက်က ထိုလူက ပြင်းထန်သောနှလုံးရောဂါဖြင့် သေလုဆဲဆဲဖြစ်နေကြောင်း သတင်းများထွက်ခဲ့သည်။ ထိုလူရဲ့ မိသားစုက မြို့ထဲမှာ သြဇာကြီးသော မိသားစုတွေထဲက တစ်ခုဖြစ်သည်။ အသက်၂၅နှစ်မှာ သူ့ဖခင်နှင့် ဦးလေးတွေကို ကျော်လွန်ကာ အိမ်ရဲ့ခေါင်းဆောင်ရာထူးကို ရခဲ့သည်။ သူက သူ့မိသားစုကို သေတွင်းက ကယ်ထုတ်ခဲ့ကာ ထိပ်ဆုံးကိုရောက်အောင် လုပ်နိုင်ခဲ့သည်။
အားနည်းမှုတွေက ချက်ချင်းအခိုးအငွေ့လို ပျောက်ကွယ်သွားခဲ့သည်။ ထိုလူရဲ့ သေခြင်း၊ ရှင်ခြင်းက မိသားစုရဲ့ ကြွယ်ဝချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကိုဆုံးဖြတ်နေကာ လူအများရဲ့ ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်လိမ့်မည်။ ထိုသတင်းပျံ့သွားတော့ လူအများစုရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ သို့ပေမယ့် ထိုလူက ပျံ့နေသည့်သတင်းတွေကို မငြင်းဆိုခဲ့ပေ။ ထိုအစား လူထုရဲ့အမြင်ကနေ လုံးဝပျောက်ကွယ်သွားခဲ့သည်။
နှစ်ဝက်လောက်ကြာပြီးနောက် ထိုလူသေပြီဟု လူတိုင်းထင်ခဲ့ပြီး သူ့မိသားစုကို ဆန့်ကျင်ဖို့ အကုန်လုံး အဆင်သင့်ဖြစ်နေချိန်မှာ ထိုလူက မကျေနပ်ဖို့ကောင်းအောင် အခြေတကျအခြေအနေဖြင့် လူပုံအလယ်ကို ပြန်ပေါ်လာခဲ့သည်။ ဘာမှလုပ်စရာမလိုဘဲ သတင်းတွေကို ငြင်းဆန်နိုင်ခဲ့သည်။
သို့ပေမယ့် သူ့ဘေးက ဘုန်းကြီးလေးကတော့ ထိုသတင်းတွေက မဟုတ်မမှန် မဟုတ်ကြောင်းသူသိသည်။ ဘုန်းကြီးငယ်လေးက အသက်ငယ်သေးပြီး ကျင့်ကြံစဥ်က ဆရာတော်ကြီး၈ပါးနှင့် မယှဥ်နိုင်သော်လည်း မျက်နှာကိုကြည့်ကာ ဖတ်ရှုသည့်ပညာကတော့ သူ့အတွက် မခက်ပေ။ လွန်ခဲ့သည့် နှစ်ဝက်က ထိုလူက သေခြင်းတရားနှင့် ရင်ဆိုင်နေရပြီး တစ်နှစ်ကြာပြီးသည့်နောက်တွင်တော့ ပျောက်ကွယ်သွားကာ သူ့ရဲ့သက်တမ်းက ပိုရှည်သွားခဲ့သည်။ သို့ပေမယ့် သူ့မျက်ခုံးကြားမှာ နိမိတ်မကောင်းသည့် အမည်းရောင်ဝိညာဉ် ရစ်ဝဲနေသည်။ ထိုအရာက တစ်ပါးလူရဲ့အသက်ကို အပိုင်စီးထားခြင်း သင်္ကေတဖြစ်သည်။
ထိုလူက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာအသက်ကို ခိုးယူထားကာ သူ့ဘဝနဲ့ကံတရားကို ပြောင်းလဲခဲ့သည်။ ဒါကြောင့်ပဲ သူ့မှာ မကောင်းသည့်ဝိညာဉ် စွန်းထင်းနေခြင်း ဖြစ်သည်။ ဘုန်းကြီးငယ်လေးက ရှေ့ကိုကြည့်ကာ ဗုဒ္ဓကျမ်းစာကို ရွတ်ဖတ်နေလိုက်သည်။
လဝက်ကြာပြီးသည့်နောက်တွင် ထိုလူက ဗုဒ္ဓဓာတ်တော် မွေတော်အစစ်ဖြင့် ပြန်လာခဲ့သည်။ ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်က ဗုဒ္ဓဘာသာဝင်တွေအတွက် အဖိုးအတန်ဆုံး အမွေအနှစ်ဖြစ်ကာ သူ့အသက်ကို ချဲ့ပေးခဲ့သူက တခြားလူမဟုတ်ဘဲ သူ့ညီမ ဖြစ်သည်။ ရေထက်ပျစ်သည့်သွေးအရင်း အမြွှာညီမ ဖြစ်သည်။ သူ(မ)က သူ့နှလုံးကို သူ့အစ်ကိုကို ပေးပြီး သေဆုံးသွားခဲ့သည်။
ဘုန်းတော်ကြီးတွေက ဒီဇာတ်ကြောင်းထဲက မကောင်းသည့် ကိစ္စတွေကို မသိချင်ပေ။ ဗုဒ္ဓရဲ့ဓာတ်တော်မွေတော်က ဘုန်းကြီးကျောင်းမှာ အမြင့်မြတ်ဆုံးပစ္စည်းဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀၀လောက်က ပျောက်ဆုံးသွားတာဖြစ်ပြီး နောက်ဆုံးတော့ ပြန်ရောက်လာပြီဖြစ်သည်။ ဘုန်းတော်ကြီးတွေက ထိုလူရဲ့ တောင်းဆိုချက်ကို မငြင်းဆိုနိုင်ခဲ့ပေ။ ထိုလူက ဘုန်းတော်ကြီး၈ပါးရဲ့ အသက်ရှည်ခြင်းကျင့်ကြံစဥ်ကိုသုံးကာ သူ့ညီမကို နောက်ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရသည့်ဘဝမျိုးကို လူပြန်ဝင်စားစေချင်ခြင်း ဖြစ်သည်။
အသက်ရှင်ဖို့အတွက် ဘုန်းတော်ကြီး၈ပါးရဲ့ ကျင့်ကြံစဥ်ကံကြမ္မာနှစ်ပေါင်း ၄၀၀၊ ၅၀၀ လောက်ထည့်ပေါင်းကာ အသုံးပြုချင်နေခြင်း ဖြစ်သည်။ ဘယ်လိုတောင် ရဲတင်းတဲ့အလှူရှင်လဲ။ ဘုန်းကြီးလေးက တွေးကာ မျက်မှောင်ကြုတ်လေသည်။
သစ်သားတီးခတ်သံတွေ ရပ်သွားတော့ နူးညံ့လှသော သံကရိုက်သံက ဟောခန်းထဲမှာ အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။ ပူဇော်စင်အလယ်မှာ တင်ထားသည့် ရေခဲကျောက်စိမ်းသေတ္တာထဲက ဗုဒ္ဓဝါဒရနံ့က သင်းပျံ့ကာ လန်းဆန်းနေသည်။
ဘုန်းတော်ကြီး၈ပါးက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ ကျင့်ကြံစဥ် အများအပြားကို ဆုံးရှုံးထားတာကြောင့် မျက်နှာထက်က အရေအပြားတွေက ပိုတွန့်နေကာ ပိုထင်ရှားလာပြီး ကိုယ်ခန္ဓာအနေအထားက ပျော့ခွေနေသည်။
“အော်မီတော်ဖော် အလှူရှင်ရဲ့ ဆန္ဒအတိုင်းလုပ်နိုင်ခဲ့ပါတယ်”
အသက်အကြီးဆုံးဘုန်းတော်ကြီးက ထရပ်ကာ စင်ပေါ်က ရေခဲကျောက်စိမ်းသေတ္တာကို သွားယူလိုက်သည်။
ထိုလူလည်း မျက်လုံးဖွင့်လာခဲ့ပြီး ဘာမတော့မပြောပေ။ ဦး၃ကြိမ်ချပြီးနောက် အရှေ့ကိုသွားကာ အရိုးတွေကို ယူလိုက်သည်။
ဘုန်းတော်အိုကြီးက အရှေ့ကနေ ဦးဆောင်ပြီးဟောခန်းအပြင်ကို ထွက်လိုက်ပြီး ကျန်သည့်လူတွေက အနောက်က လိုက်လေသည်။ ထို့နောက် ဘုန်းကြီးကျောင်းထဲက ညောင်ပင်ကြီးအောက်တွင် ရပ်လိုက်လေသည်။
“ကြာပန်းစေ့တွေကို ရေထဲထည့်လိုက်”
ဘုန်းတော်အိုကြီးက ညောင်ပင်နှင့် ၅ပေအကွာက ရေကန်ကို ညွှန်ပြလေသည်။
ထိုလူက ဘာမှပြန်မမေးခဲ့ပေ။ သူက သေတ္တာအဖုံးကိုဖွင့်ကာ အထဲက ဗုဒ္ဓဝါဒနံ့တွေထုံနေသော ကြာပန်းစေ့တွေကို လက်ဖဝါးထဲ ဂရုတစိုက်ထုတ်ယူလိုက်သည်။ ထိုလူရဲ့တည်ကြည်ကာ ဖြူစင်သည့်အမူအရာက ကမ္ဘာတစ်ခုလုံးကို ကိုင်မ ထားရသကဲ့သို့ဖြစ်နေသည်။
တကယ်လည်း သူ့ညီမက သူ့ကမ္ဘာကြီးဖြစ်ကာ အသက်ရှင်ဖို့အသက် လက်လွှတ်ဖို့လည်း တွန့်ဆုတ်နေသည်။
နာရီဝက်ကြာသည်အထိ ဘုန်းတော်ကြီးတွေက စိတ်ရှည်ရှည်စောင့်နေပေမယ့် စိတ်မရှည်သည့် ဘုန်းကြီးငယ်လေးက အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလေသည်။
“လက်လွှတ်လိုက်ပါတော့ မစ္စတာယွီ၊ ဘုန်းတော်ကြီး၈ပါးက သူတို့ရဲ့ ကျင့်ကြံစဥ်တွေကို မြှုပ်နှံထားတာပဲ၊ မစ်ယွီက နောက်ဘဝမှာ ပျော်ရွှင်ကောင်းမွန်တဲ့ဘဝကို ရရှိပြီး အရာအားလုံးအဆင်ပြေမှာပါ”
ထိုလူကတော့ နားမကြားသလိုပြုမူကာ ကြာပန်းစေ့တွေကို ရင်ဘတ်နားမှာ တင်းကြပ်စွာ ပွေ့ဖက်ထားလေသည်။ သူ့အမူအရာက ချုပ်တည်းထားဟန်တူသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ထိုလူက ရေကန်နား တစ်လှမ်းဆီလှမ်းသွားကာ ကြည်လင်နေသည့်ရေထဲကို ကြာပန်းစေ့တွေ လွှတ်ချလိုက်လေသည်။ သူနိုးတဲ့အချိန်မှာ သူ့ညီမကို မီးမသင်္ဂြိုလ်ခဲ့ရင် သူ(မ)ကို ပြန်ဝင်စားဖို့ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ။ ကောင်းကင်ကြီးက သူ့ကိုဆန့်ကျင်ရင်တောင် သူ(မ)ကို အသက်ထပ်ရှင်အောင်လုပ်မည်။
ရေမျက်နှာပြင်က အံ့ဖွယ်ဖြစ်ရပ်လို ကွဲထွက်သွားလေသည်။ ကြာပန်းရွက်အစိမ်းလေးတွေက ရေမျက်နှာပင်ကို ကွဲကာ ချက်ချင်းပေါက်လာလေသည်။ ၂စက္ကန့်၃စက္ကန့်အတွင်း စိမ်းလန်းကုန်လေသည်။ ပင်စည်ပိန်ပိန်ရှည်ရှည်ဖြင့် အဖူးအပန်းရောင်လေးက လေထဲယိမ်းထိုးနေသည်။ ရေစက်အကြည်လေးတွေ စွန်းထင်နေပုံကချစ်ဖွယ်ကောင်းလှသည်။
ဘုရားကျောင်းထဲက အမွှေးတိုင်နံ့က ချက်ချင်း ကြာပန်းနံ့ ဖုံးလွှမ်းခံလိုက်ရလေသည်။ ဘုန်းတော်ကြီး၈ပါးက လက်အုပ်ချီကာ အတူကကွရွတ်လေသည်
“အော်မီတော်ဖော်”
အသိဉာဏ်ကြွယ်ဝသည့် ထိုလူက ခဏလောက် မိန်းမောနေပြီးမှ အသိစိတ် ပြန်ကပ်သွားလေသည်။ ပထမဆုံးအကြိမ်အဖြစ် အေးတိအေးစက် သူ့အသွင်ကို နူးညံ့ပျော့ပြောင်းအောင် ပြောင်းကာ ရိုးသားစွာပြောလေသည်
“ဘုန်းတော်ကြီးတွေရဲ့ အသက်ပေါင်းများစွာကို ယူမိလို့ ယွီမုံ ရှက်မိပါတယ်”
“ဗုဒ္ဓက သူ့အသားကိုဖြတ်ပြီး လင်းယုန်ကိုကျွေးခဲ့သလို ကိုယ်ခန္ဓာကို စွန့်လွှတ်ပြီးလည်း ကျားကို ကျွေးခဲ့တယ်၊ လူတစ်ယောက်က တပ်မက်မှုမရှိ သူ့လိုအင်နောက်ကိုလိုက်ခဲ့ရင် ဘယ်သူက ရောင့်ရဲမှာလဲ၊ ဘုန်းကြီးတို့တွေက အတူတူပါပဲ၊ အမျိုးသမီးအလှူရှင်က ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ကံကောင်းတဲ့ကြယ်အောက်မှာ ပြန်ဝင်စားလိမ့်မယ်၊ နောက်လည်းကျနေပြီဆိုတော့ ဒီက ဒကာလေးပြန်လိုက်ပါတော့”
ဘုန်းတော်အိုကြီးက အမူအရာကင်းမဲ့စွာ ပြောခဲ့လေသည်။
ထိုလူက ဘုန်းတော်ကြီးတွေကို ထပ်ပြီးကျေးဇူးတင်ပြီးနောက် ရေကန်ရဲ့အစွန်းနားမှာ အကြာကြီးရပ်နေပြီးနောက် တွန့်ဆုတ်စွာ ထွက်ခွာသွားလေသည်။ သူအပြင်ထွက်လာတော့ သူ့အမေက စိတ်သောကရောက်နေသော အမူအရာဖြင့် သူ့ကိုစောင့်နေသည်။ ထိုလူရဲ့မျက်ခုံးကြားမှာ မကောင်းသည့် နိမိတ်ဝိညာဉ်များ ထပ်ရစ်ဝဲနေသည်။ သူ့ညီမကို နှောင့်ယှက်ကာ အန္တရာယ်ပြုသည့်လူတွေကို ဘယ်တော့မှခွင့်မလွှတ်ပေ။
ဘုန်းတော်ကြီး၈ပါးက ဘုရားထဲဝင်ကာ ဗုဒ္ဓရဲ့ဓာတ်တွေမွေတော်ကို ဝိုင်းထိုင်လိုက်သည်။ မျှော်စင်ခန်းမကြီးရဲ့ လေးလံတဲ့တံခါးက နှစ်ပေါင်းများစွာကြာမှ တစ်ခါထပ်ပွင့်သွားခဲ့သည်။
ဘုန်းကြီးလေးက ဘယ်သူမှ အာရုံစိုက်မနေသည့်အချိန်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ခန်းမထဲ ဝင်သွားလေသည်။ သူက ရတနာ၈မျိုးကြာပန်း ပုလ္လင်ပေါ်သို့တက်ပြီး ကျောက်စိမ်းသေတ္တာထဲက စာအုပ်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် သူ့ဘာသာသူ ပြောလေသည်။
“ဝိညာဉ်ကို ကျင့်ကြံစဥ်နှစ်ပေါင်း ၄၀၀၊၅၀၀လောက်ကို ပြန်ပို့ပြီးနေကြပြီ၊ ဒါ့ထက် သူကံကောင်းဖို့ကိုလည်းအာမခံတယ်လား၊ ဘုန်းတော်ကြီး၈ယောက်ကလည်း အရည်အချင်း ရှိတဲ့လူတွေပဲ၊ သူတို့အကောင်းဆုံး လုပ်ကြမှာပဲ၊ ကောင်းကောင်းမလုပ်ရင်တော့ သူတို့တစ်ယောက်ပြီးတစ်ယောက် သေလိမ့်မယ်၊ ငါ့ဆရာ၈ယောက်ရဲ့အသက်ကို ကယ်ဖို့ ငါလုပ်ရမယ်၊ ခွင့်လွှတ်ပေးပါ ဗုဒ္ဓ”
သူက လက်အုပ်ချီက ဘုရားကျောင်းထဲက ဗုဒ္ဓရုပ်ထုကို ရှိခိုးလိုက်လေသည်။ သူက ကိုယ်ကို ပြန်တည့်မတ်ကာ သူ့ဘာသာသူ နှစ်သိမ့်လိုက်သည်။
“သူ(မ)က လောကီလူသားပဲ၊ ကျင့်ကြံစဥ်ဝိညာဉ်တွေ မလိုဘူး၊ ထောင်ချီနည်းတဲ့လောကဖြစ်ဖြစ် ထောင်ချီများတဲ့လောကဖြစ်ဖြစ် သူ့အတွက်ကိစ္စမရှိဘူးမလား၊ ဒါက ဇာတ်လမ်းလှည့်ကွက်သိပ်မပါတဲ့ အချစ်ဝတ္ထုပဲလေ၊ စာရေးသူကလည်း ဒါက ချိုမြိန်တဲ့ အချစ်ဝတ္ထုလို့ ဖော်ပြထားတာပဲ၊ ဇာတ်သိမ်းလည်းလှတယ် ပြီးတော့ သစ္စာရှိတဲ့ အမျိုးသားဇာတ်ဆောင်လည်းရှိတယ်၊ ကျင့်ကြံစဥ်၄၀၀၊ ၅၀၀နဲ့ဆိုရင် အမျိုးသမီးဇာတ်ဆောင်နေရာကို အသာလေးတက်လို့ရတယ်၊ နာမည်ကြီးအိမ်တော်က သခင်မလေးက ဇာတ်လမ်းဇာတ်ကွက် ခက်ခက်ခဲခဲမပါဘဲ နည်းနည်းဖတ်ရုံနဲ့နားလည်တဲ့ ဝတ္ထုတွေဖတ်မယ်ဆိုတာ မယုံနိုင်ဘူး”
သူက စာရွက်၂ရွက်လောက် လှန်ပြီး သူ့မျက်နှာက စိမ်းလိုက်မည်းလိုက်ဖြင့် ပြောင်းလဲနေသည်။ အချိန်ကြာပြီးနောက် ကြာပန်းစင်မြင့်ထက်တွင် ပြိုလဲကာ မျက်နှာကိုလက်ဖြင့်အုပ်ပြီး သက်ပြင်းချလိုက်သည်။ မဟုတ်ရင် ထောင်စုနှစ်ချီတဲ့ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဘုန်းကြီး အဖြစ် အသက်ငယ်ငယ်နဲ့ ဘယ်လိုဖြစ်လာမှာလဲ၊ စာမျက်နှာ ၄၀၀၊ ၅၀၀ပါတဲ့ဝတ္ထုကို ထမင်းစား၊ ရေသောက်သလို လွယ်လွယ်ကူကူဖြင့် ၃မိနစ်အတွင်း ဖတ်ခဲ့လေသည်။
သို့ပေမယ့် ယခုအချိန်၏ ကောင်းကင်ဘုံရဲ့ အတိတ်နိမိတ်က ယိုင်နဲ့နေခဲ့သည်။ သူက အမျိုးသမီးအလှူရှင်၏ ကျင့်စဥ်ကို မေးမြန်းခဲ့သည်။ ဒီစာအုပ်က ထိုလူယူခဲ့သည့် ပစ္စည်းတွေထဲက တစ်ခုဖြစ်သည်။ သူ စာအုပ်ယူလိုက်တဲ့ အချိန်မှာ ထောင်ချီများတဲ့လောက ကနေ ထောင်ချီနည်းတဲ့လောကကို ပြောင်းဖို့ စိတ်ကူးရလိုက်လေသည်။ သူက ဝတ္ထုရဲ့ အနှစ်ချုပ်ကို ကြည့်ပြီးနောက် ကြားကနေ ဆက်သွယ်ပေးလိုက်လို့လည်း ပြဿနာမရှိဘူးဟု တွေးလိုက်သည်။
သို့ပေမယ့် သူက စာအုပ်ကို ထပ်ကြည့်ရင်း ပူဆွေးနေသည်။
ထိုဝတ္ထုက ချိုအီကာ ဇာတ်သိမ်းလှသည့် အချစ်ဝတ္ထုဖြစ်ပေမယ့် ကံဆိုးချင်တော့ ဒီဝတ္ထုထဲက အမြောက်စာ အမျိုးသမီးနာမည်က အလှူရှင်အမျိုးသမီး ယွီရှန်း ရဲ့နာမည်နှင့် တူနေသည်။ ဒါ့အပြင် ယွီရှန်းက ငယ်ငယ်တုန်းက ခြေထောက်ထိခိုက်ထားတာကြောင့် အောက်ပိုင်းမလှုပ်နိုင်ပေ။ ဒီအမြောက်စာ မိန်းကလေးရဲ့ ကံကြမ္မာက အလှူရှင်မိန်းကလေးနှင့် တူသည်။ ဝိညာဉ်နှင့်ကိုယ်ခန္ဓာက ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် ထပ်တူကျနိုင်သည်။
ဝတ္ထုထဲက ကောင်မလေးရဲ့ကံကြမ္မာကို တွေးပြီးနောက် ဘုန်းကြီးက ပူဆွေးသွားရပြန်သည်။
ဒါက မွေးကတည်းက ကလေးမှားသွားသည့် ခွေးသွေး ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ကုန်သည်အိမ်ထောင်စုနှင့် မျိုးရိုးမြင့်အိမ်ထောင်စုက သူတို့ ဇနီးတွေ ကိုယ်ဝန်ရှိနေသည့်အချိန် တစ်ခုတည်းမှာ အပြင်ထွက်ကြလေသည်။ ကိုယ်ဝန်လကလည်း တော်တော်လေး တူနေသည်။ လမ်းခုလတ်မှာ ဓားပြတွေနဲ့ တွေ့ကြပြီး မိသားစု အစောင့်ကနေလွတ်သွားခဲ့သည်။ သူတို့က ဂူထဲမှာပုန်းနေတုန်း အချိန်စောစွာ မီးဖွားခဲ့ကြသည်။ လူတိုင်းဗျာများနေပြီး ကိစ္စတွေက ကမောက်ကမဖြစ်နေသည့်ကြားမှ မိသားစု ၂ခုလုံးက သမီးလေးမွေးခဲ့လေသည်။ မျိုးရိုးမြင့်အိမ်ရဲ့ ကလေးထိန်းက ကလေးကို မှားခေါ်သွားခဲ့သည်။ အိမ်ပြန်ရောက်မှကြည့်လိုက်တော့ ကလေးရဲ့အဝတ်အစားတွေက အရောင်တူကာ စျေးပေါနေသည်။ ထိုအခါမှပဲ ကလေးထိန်းက ကလေးမှားလာမှန်း သိသွားခဲ့သည်။
အိမ်ရဲ့သခင်ကြီးက ဓားပြရန်ကြောင့် သေသွားခဲ့ရသည်။ သခင်မကြီးက စိတ်နှလုံးကြေကွဲနေကာ သူ(မ)သာ အမှန်တရားကိုဝန်ခံလိုက်ရင် သခင်ကြီးနှင့်အတူ မြှုပ်ခံရမည်ဖြစ်သည်။ ဒါဆိုရင် ကလေးတွေလည်း ထိခိုက်သွားနိုင်သည်။ သေချာလေးတွေးတောပြီးနောက် သူ(မ)က ဒီကိစ္စကို ထပ်အစမဖော်ဖို့ ရွေးချယ်လိုက်သည်။ အချိန်တွေကြာပြီးနောက် သူ(မ)မှာ နှလုံးရောဂါရသွားခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက် ကလေးထိန်းက သေသွားခဲ့သည်။ သူ(မ)မသေခင်မှာ သခင်မကြီးကို အမှန်အတိုင်းပြောပြခဲ့သေးသည်။
ထိုအချိန်ကစပြီး ယွီရှန်းက အိမ်တော်ရဲ့သခင်မလေး ရာထူးကနေ ချခံလိုက်ရကာ တရားမဝင်ကလေးအဖြစ် သတ်မှတ်ခံလိုက်ရသည်။ သူ(မ)က အမြဲအထင်အမြင်သေးခံရကာ အနိုင်ကျင့်ခံခဲ့ရသည်။ သူ(မ)က အောက်ပိုင်း မလှုပ်နိုင်တာကြောင့် သိမ်ငယ်သည့်အသွင်ရှိသည်။ အမျိုးသမီးဇာတ်ဆောင် ပြန်ရောက်လာတော့ ထိုအမျိုးသမီးဇာတ်ဆောင်က အသုံးအဖြုန်းကြီးကာ အလိုလိုက်ခံရပြီး ပျော်ရွှင်နေတာကို တွေ့ခဲ့ရသည်။ သူ(မ)ရဲ့ ရင်ထဲက ခါးသီးသည့် ခံစားချက်တွေ ပေါက်ထွက်လာပြီး အမျိုးသမီးဇာတ်ဆောင်ကို တိုက်ခိုက်ခဲ့လေသည်။ နောက်ဆုံးတော့ အမျိုးသမီးဇာတ်ဆောင် လုပ်ကြံသည့် လူနှင့် လက်ထပ်ခဲ့ရကာ နှိပ်စက်ခံရပြီး သေသွားခဲ့သည်။
အမျိုးသမီးဇာတ်ဆောင်က ကံကောင်းပြီး အကြံသမား ဖြစ်သည်။ သူ(မ)ရဲ့ အကျင့်စရိုက်က အရမ်းရိုင်းစိုင်းသည်။ နောက်ဆုံးကျတော့ သူ့ခင်ပွန်းကို ထီးနန်းရအောင် လုပ်ပေးခဲ့ပြီး ဖီးနပ်ဝတ်စုံကို ဝတ်နိုင်အောင် ထောက်ပံ့ပေးခဲ့သည်။ ထိုအမျိုးသမီးဇာတ်ဆောင်က လူတွေကိုလည်း လှည့်စားခဲ့သည်။ အရည်အချင်းရှိလှသည့် သူ့အစ်ကိုကြီးနှင့် အိမ်ရှေ့စံမင်းသားပါ သူ့ရဲ့ အရူးလုပ်တာကို ခံခဲ့ရသည်။
ငယ်ငယ်ကတည်းက အကြောသေနေပြီး အပြင်ကမ္ဘာနှင့် ထိတွေ့မှုသိပ်မရှိသည့် ယွီရှန်းက ဘယ်လိုလုပ် သူ(မ)ကို ဆန့်ကျင်နိုင်မှာလဲ။
ဘုန်းကြီးလေးက အံကြိတ်လိုက်သည်။ သူက တီးတိုးပြောလေသည်။
“ကျင့်ကြံစဥ်အနှစ်၄၀၀၊ ၅၀၀နဲ့ အမျိုးသမီးအလှူရှင်က အမျိုးသမီးဇာတ်ဆောင်ကို တွန်းလှန်နိုင်မှာပါ၊ သူက ငယ်ငယ်ကတည်းက အကြောသေခဲ့တာ၊ ဒါကြောင့် အကြောသေနေတဲ့ ကိုယ်ခန္ဓာထဲ ပြောင်းသွားတာကို အသားကျမှာပါ၊ ပြဿနာမရှိဘူး၊ အဆင်ပြေလိမ့်မယ်၊ ဗုဒ္ဓဘုရားက သူ့ကို ကောင်းချီးပေးမှာပါ”
ဘုန်းကြီးငယ်ကစဥ်းစားပြီးတော့ ဟောခန်းထဲအမြန်ပြေးသွားကာ အော်ပြောလေသည်။
“မကောင်းတော့ဘူး ကျောင်းထိုင်ဘုန်းဘုန်း၊ ကြာပန်းပင်က ရေထဲမြုပ်သွားပြီ၊ ကိုယ်တော်တို့က ပင်စည်ကိုထိမှာစိုးလို့ ရေတောင်မခပ်ရဲခဲ့ဘူး၊ လာကြည့်ပါဦး”
ဘုန်းတော်ကြီးက ကန်နားပြေးကြည့်တော့ ထောင်နေသည့်ပင်စည်က ရေထဲလဲနေတာကို တွေ့လိုက်သည်။ ကြာဖူးရဲ့ထိပ်လေးပဲ ရေပေါ် ပေါ်နေတော့သည်။ အရွက်များစွာကလည်း ညှိုးနွမ်းနေကာ တော်တော်လေး သနားဖို့ကောင်းသည်။
ဘုန်းတော်ကြီးက ရေကန်ထဲ အမြန်ခုန်ချကာ ပင်စည်ကိုထောက်ဖို့ ဝါးတုတ်ဖြင့် တွဲချည်ခဲ့သည်။ အချိန်အကြာကြီး လုပ်ပြီးနောက် ဖြေရှင်းပြီးသွားလေသည်။
ဘုန်းကြီးငယ်လေးက ခြောက်သွေ့နေသည့် ကြာပန်းကိုကြည့်ကာ ဝမ်းနည်းစွာပြောလေသည်။
“အလှူရှင် မစ္စတာယွီက လတိုင်း ဘုန်းကြီးကျောင်းမှာ ရက်အနည်းငယ်နေဖို့ပြောတယ် ဒီမြင်ကွင်းကို မြင်သွားရင် သူက ဗုဒ္ဓရဲ့ ရွှေရုပ်ထုကို ဆောက်လုပ်ဖို့ မကူညီတော့ရင် ဘယ်လိုလုပ်မလဲ ကျောင်းထိုင်ဘုန်းဘုန်း”
ဘုန်းကြီးက ရေစိုနေသည့်အဝတ်ကို ခါကာ ပြောလေသည်။
“ဘုန်းကြီးရဲ့ ဝိညာဉ်ကျောက်တုံးတွေ အကုန်ယူပြီး ရေကန်ထဲထည့်လိုက်၊ ကြာပန်းက သေသွားရင်တောင် ကျင့်ကြံစဥ်နှစ် ၄၀၀၊ ၅၀၀ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေ ထည့်လိုက်ရင် ပြန်ရှင်သန်လာလိမ့်မယ် မြန်မြန်လုပ်”
ဘုန်းကြီးငယ်လေးက အမြန်ပင် သဘောတူကာ ဆရာကြီး၁၀နှစ်ကျော်လောက် စုထားသည့် ဝိညာဉ်ကျောက်တုံးတွေကို ရေကန်ထဲ အကုန်ထည့်လိုက်လေသည်။ ရေကန်ထဲက ရေအစိမ်းတွေလည်း တဖြည်းဖြည်း ပြန်ကြည်လာပြီး မြူဆိုင်းသွားလေသည်။ ထို့နောက် ထိုမြူထဲကနေ လှပထောင်မတ်သည့် ကြာဖူးလေး ပြန်ဖြစ်ပေါ်လာလေသည်။
ဘုန်းကြီးက စိတ်သက်သာရာရသွားကာ ပြောလေသည်။
“အော်မီတော်ဖော်”
ဗုဒ္ဓကမှန်တယ်။ လူတွေကို လှည့်စားဖို့ မဖြစ်နိုင်ဘူး…
######