TYCDTN
Chapter 40
ယွီစီးယွီ့ မဒမ်ကြီးရဲ့ခြံထဲက ထွက်သွားပြီးနောက် ဘေးဖက်မှာ ဘယ်သူမှမရှိတာတွေ့မှ သူ(မ)ရဲ့ ဣန္ဒြေမဲ့သော အပြုံးကို လက်ကိုင်ပဝါဖြင့် ဖုံးဖိထားသည်။
“ဘာတွေ ပျော်နေတာလဲ”
ရင်းနှီးနေသည့် အသံက အနောက်ကနေ ထွက်လာခဲ့သည်။ သူ(မ) လှည့်ကြည့်လိုက်တော့ ယွီရှန်းက ပန်းပွင့်ရိုက်ထားသည့် အဝါနုရောင် ဝတ်စုံလေး ဝတ်ထားကာ ဆောင်းစံပယ်ပန်းခြုံနား ထိုင်နေသည်။ သူ(မ)ကိုယ်ပေါ်ကို ရွှေရောင် နေရောင်ခြည် လွှမ်းခြုံထားကာ ပန်းတွေထက် ပိုလှနေသည်။
အောက်ပိုင်းသေနေတဲ့လူက လှနေတော့ကော ဘာအသုံးဝင်မှာလဲ၊ ယွီစီးယွီ့က ရင်ထဲကနေ လှောင်ပြောင် လိုက်သည်။ သူ(မ)က စကားမပြောခင် သူ(မ)ရဲ့ နှုတ်ခမ်းထောင့်စွန်းကို လက်ကိုင်ပဝါဖြင့်သုတ်ပြီး..
“တစ်လကြာပြီးရင် အဖွားက ငါ ဖန်းမိသားစုနဲ့ လက်ထပ်ဖို့ သူကိုယ်တိုင် ဆွေးနွေးပေးမယ် ဆိုလို့ ပျော်နေတာလေ၊ နောက်ဆုံးတော့လည်း သူ့မြေးမအရင်း ဖြစ်တဲ့ ငါ ခံစားနေရတာ မကြည့်ရက်ဘူးလေ”
လက်ထပ် ဟူသောစကား၂လုံးကို လေသံဖိပြောခဲ့သည်။
ယွီရှန်းက ဖွဖွ မရယ်ခင် မျက်လုံးမှေးကျဥ်းကာ ခဏလောက် စဥ်းစားလိုက်ပြီး သူ(မ)ထင်ထားသလို မနာလိုမှုကော အံ့သြခြင်း အမူအရာကော မရှိပေ။
ယွီစီးယွီ့က ဒေါသ အလိပ်လိုက်ထွက်ကာ မေးလေသည်။
“ဘာရယ်တာလဲ၊ မယုံဘူးလား”
“မဟုတ်တာ သေချာပေါက်ယုံတာပေါ့”
ယွီရှန်းက အရယ်ရပ်ကာ လက်မြှောက်ကာ လက်ခုပ်တီးလိုက်သည်။
“အစ်မကြီးကို ငါက ကြိုတင်ဂုဏ်ပြုပါတယ်၊ အနာဂတ်မှာ ဂရုစိုက်နေပါ”
ဘယ်လိုလုပ် မဒမ်ကြီးက ခွင့်ပြုလိုက်တာလဲ။ ယွီစီးယွီ့ ငမ်းငမ်းတက် လိုချင်နေတဲ့ ဖန်းကျီ့ချန်က အနာဂတ်မှာ ပျက်စီးတော့မှာ၊ ပစ္စည်းဥစ္စာတွေလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းခံရပြီး နင်းချေခံရမယ့် လူစားမျိုး မဟုတ်လား။ ဒီတစ်ခါတော့ မဒမ်ကြီး တကယ်စိတ်တို နေပုံရသည်။
ယွီစီးယွီ့က သူ(မ)ရဲ့ အပြုအမူကို အလွန် ဒေါသထွက်နေကာ ဝါဂွမ်းကို ထိုးရသလို လစ်ဟာနေတဲ့ခံစားချက်က ဒေါသထွက်စရာ ကောင်းနေသည်။ သူ(မ)က ထေ့ငေါ့စွာ ပြန်ပြောလေသည်။
“ကျေးဇူးတင်ပါတယ် ညီမလေး၊ နင်လည်း အနာဂတ်မှာ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ဦး၊ အစ်မကြီး ဖူအာကလည်း နောက်လဆိုရင် ပူဆွေးဝမ်းနည်းခြင်း ဝတ်ရုံချွတ်ရပြီဆိုတော့ မကြာခင် လက်ထပ်ရမယ် ထင်တယ်၊ တောက်ဘုန်းကြီးကျောင်းမှာ နင် သူ့မောင်လေးနဲ့ စကားများ ရန်ဖြစ်ခဲ့တယ်ဆို၊ သူသာ ယွီစံအိမ်ကို လက်လွှဲယူသွားရင် နင် ဘယ်လိုလုပ်မလဲ၊ အခုလိုမျိုး အစ်ကိုကြီးက နင့်ကို ကာကွယ်ပေးလိမ့်မယ်လို့ တွေးမနေနဲ့ သူ့မိန်းမ သူ့ကလေးတွေ ရှိလာရင် နင့်ကို ဂရုမစိုက်ပေးနိုင်တော့ဘူး၊ ယွီစံအိမ်မှာ နင်တစ်သက်လုံး နေလို့ရမယ် ထင်နေတာလား၊ အစ်ကိုကြီးနဲ့ ယောက်မကြီးရဲ့ မုန်းတီမှုကို မခံရအောင် အိမ်အသေးလေးရှာပြီး ဘာလို့မပြောင်းနေတာလဲ”
ယွီရှန်း မောင်းထုတ်ခံရမှာကို တွေးမိတာနဲ့တင် ယွီစီးယွီ့က ပါးစပ်ကို လက်ဖြင့် အုပ်ကာရယ်လျက် အလွန်ပျော်မြူးနေသည်။
ထိုစကားကြားတော့ ယွီရှန်းက လက်ထဲမှာ ကိုင်ထားသည့် စံပယ်ပန်းကို ချေပစ်လိုက်မိသည်။ ပန်းဝတ်ရည်က လက်ကြားထဲက စီးကျလာကာ အင်္ကျီလက်ကို စိုသွားစေခဲ့သည်။ လျိုလွီ့လက်ထဲက ပန်းထိုးထားသည့် လက်ကိုင်ပဝါကို မယူခင် စိတ်ထဲက အသက်ပြင်းပြင်းရှူကာ ပြုံးလျက် ပြောလေသည်။
“အစ်မကြီး ကျွန်မကို စိတ်ပူစရာမလိုပါဘူး၊ အစ်မကြီး မသိသေးဘူးလား၊ ချန်ယာဖူနဲ့ အစ်ကိုကြီးရဲ့ လက်ထပ်ပွဲက ဖြစ်လာမှာ မဟုတ်ဘူး၊ ဒီဘဝမှာ ချန်ယာဖူ ယွီစံအိမ်တော်ကို ခြေတစ်လှမ်းတောင် မဝင်စေရဘူးလို့ ပြောခဲ့တယ်”
“ဘယ်လို ဖြစ်တာလဲ”
ယွီစီးယွီ့ ကြက်သေသေ သွားခဲ့သည်။ ဒီနှစ်ထဲမှာ အစ်ကိုကြီးက အသက်၂၀ရှိပြီ။ ကျင့်ကော်မြို့စားစံအိမ်နဲ့ လက်ထပ်ပွဲကို ရပ်စဲလိုက်တာလား။ အဖွားကလည်း သဘောတူတယ်ပေါ့။
ယွီရှန်းက ဘာမှမပြောတော့ပေ။ သူ(မ)က ထောင်ဟုန်နဲ့လျိုလွီ့ကို အချက်ပြကာ ဝှီးချဲတွန်းကာ ပြန်ပို့ခိုင်းခဲ့သည်။
ယွီစီးယွီ့က နောက်ကွယ်ကနေ သူ(မ)ကို ကျိန်ဆဲပြီးနောက် ထွက်သွားခဲ့သည်။ သူ(မ)ခြံထဲပြန်ရောက်တော့ ချုံရှီက အစေခံ၂ယောက်ကို အမိန့်ပေးကာ ချန်ယာကို သေအောင် ရိုက်ခိုင်းနေတာကို တွ့လိုက်ရသည်။
မင်္ဂလာပွဲဖြစ်အောင် ခက်ခက်ခဲခဲ လုပ်ထားရတာမလို့ ယွီစီးယွီ့က ပြဿနာမရှာရဲပေ။ သူ(မ)က ဟန့်တားသည့် စကားတစ်လုံးမှ မပြောဘဲ ဘေးကို မြန်မြန်ရှောင်လိုက်သည်။ အကုန်လုံးထွက်သွားမှ ပြန်သွားခဲ့သည်။ သူ(မ)က ပြတင်းပေါက်နားက ညောင်စောင်းမှာ လဲနေကာ မနေ့ညက အရဲစွန့်ကာ ကြိုးစားခဲ့ရပြီး ဒီနေ့မနက်တော့ ပျော်ရွှင်နေရသည်။
စိုးရိမ်စရာမရှိတော့လို့ သူ(မ)က ခဏလောက် အိပ်လိုက်သည်။ တစ်ခုခုကို တွေးပြီးနောက် သူ(မ) ထလာကာ ချုံရှီကို မေးလေသည်။
“အစ်မဖူအာနဲ့ အစ်ကိုကြီးရဲ့ လက်ထပ်ပွဲက မဖြစ်တော့ဘူးလို့ ယွီရှန်းပြောတယ် နင်သိလား”
ချုံရှီက သူ(မ)ခြံထဲက အစေခံတွေထဲမှာ သတင်းအစုံဆုံးလူဖြစ်သည်။ ယွီစီးယွီက သူ(မ)ကို သိပ်ခိုင်းလေ့ မရှိပေမယ့် ထိုကိစ္စမျိုးဆိုရင် သူ(မ)ကိုသာ တွေးမိသည်။ ချုံရှီကို မောင်းထုတ်ပစ်ချင်ပေမယ့် သူ(မ)တွင် လုပ်နိုင်စွမ်းမရှိပေ။ ချုံရှီတင်မကဘဲ မှူးမတ်စံအိမ်က အစေခံတွေအကုန်လုံးက ယွီရှန်း အမိန့်သာ နာခံကြသည်။
ယွီရှန်းက အိမ်တော်ရဲ့ စီမံခံခွဲမှုကို အလွန်တင်းကြပ်သည်။ စည်းမျဥ်း စည်းကမ်းတွေ များကာ အစေခံတွေကို လိုက်နာစေသည်။ ပထမစည်းကမ်းက သခင်ဖြစ်သူကို အနိုင်မကျင့်ရပေ။ ယွီစီးယွီ့ကို ဘယ်လောက်ပဲ သဘောမကျပါစေ အစေခံတွေကို အနိုင်မကျင့်ခိုင်းပေ။ ယွီစီးယွီ့ရဲ့ စားဝတ်နေရေးက သက်သောင့်သက်သာ ရှိလှသော်လည်း သူ(မ)က မရောင့်ရဲနိုင်ပေ။
ချုံရှီရဲ့တာဝန်က ယွီစီးယွီ့ကို စောင့်ကြည့်ရန် ဖြစ်ပြီး ယွီစံအိမ်ကို ထိခိုက်မည့်ကိစ္စများ မလုပ်စေရန် ဖြစ်သည်။ တစ်ဖက်မှာလည်း အမိန့်အရ လုပ်ရကာ ယွီရှန်းရဲ့ စည်းကမ်းကို မချိုးဖောက်ရဲပေ။ သူ(မ)က အမှန်အတိုင်း ပြောလေသည်။
“ဒီအစေခံ နည်းနည်းတော့ သိပါတယ် အဲအကြောင်းက အမှန်ပါပဲ”
“ဘာလို့လဲ၊ ဒီလောက်ကောင်းတဲ့ လက်ထပ်ပွဲကို ဘာလို့ရပ်စဲလိုက်တာလဲ အစ်မဖူအာက ဒီနှစ်ဆိုရင် အသက်၁၉ရှိပြီ”
အချစ်နဲ့ဆင်းရဲဒုက္ခက ဒွန်တွဲနေကြောင်း ယွီစီးယွီ့ တွေးလိုက်မိသည်။
“အဲတာ သူကိုယ်တိုင် လုပ်တာပဲလေ၊ သခင်မလေးရဲ့ ကိုယ်မှာ အရည်ကြည်ဖုတွေ ထအောင် သူ့မောင်လေးနဲ့ ပိုးကောင်တွေ လောင်းချခိုင်းခဲ့တာ၊ အဲတုန်းက မှူးမတ်ကြီးက အရမ်းစိတ်တို သွားခဲ့တာ၊ သူက နဂါးကြေးခွံဝတ် တပ်သားတွေနဲ့ မြွေတစ်ခြင်း ရှာခိုင်းပြီး အဲကောင်လေးပေါ် ပြန်လောင်းချခိုင်းခဲ့တယ်၊ သခင်မလေး ချောင်းဆိုးရင်တောင် မှူးမတ်ကြီးက တအားစိတ်ဆင်းရဲ နေရတာလေ အပြင်လူ အနိုင်ကျင့်တာကို ခွင့်ပြုပေးပါ့မလား၊ ချန်မိသားစုက မိန်းကလေးက လက်မထပ်ရသေးတာတောင် ဒီလောက် အနိုင်ကျင့်မှတော့ လက်ထပ်ပြီးရင် သေအောင် လုပ်လိမ့်မယ်၊ မှူးမတ်ကြီးက ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး”
နားထောင်နေရင်း ယွီစီးယွီ့က မကျေမနပ်ဖြစ်ကာ မျက်ရည်တွေဖြင့် ပြောလေသည်။
“အမျိုးမစစ်က ဘာတွေကောင်းနေလို့လဲ၊ ဘာလို့ ငါနဲ့နှိုင်းယှဥ်ရတာလဲ၊ ငါက အစ်ကိုကြီးရဲ့ သွေးသားတော်စပ်တဲ့ညီမပါ ဘာလို့ ငါ့ကို အလိုမလိုက်ဘဲ အဲမျိုးမစစ်ကိုပဲ အလိုလိုက်တာလဲ၊ အဖွားကလည်း အိုလာတော့ အပြင်လူနဲ့ ဆွေမျိုးကို မခွဲခြားနိုင်တော့ဘူး… “
သူ(မ) တကယ်ငိုတာ မြင်တော့ ချုံရှီက နှစ်သိမ့်ဖို့ စိတ်မရှည်ပေ။ သူ(မ)က ခေါင်းခါကာ လိုက်ကာမပြီး ထွက်သွားကာ စိတ်ထဲကတွေးလေသည်၊ နင်က အမြဲတမ်း သခင်မလေးကို စိတ်ရှုပ်စရာလို့ တွေးနေတာကို၊ သခင်မလေးကို အငြိုးထားတယ်၊ သူက ဘယ်တုန်းက နင့်ကို မမျှမတ ဆက်ဆံခဲ့လဲ၊ သူသာ လက်တုံ့ပြန်ချင်လို့ စကား၁လုံး၂လုံးလောက် ပြောလိုက်ရင် နင် စားစရာတောင် ရှိမှာမဟုတ်ဘူး၊ တစ်ယောက်က ကောက်ကျစ်ပြီး စံအိမ်တော်ကို ဒုက္ခပေးနေချိန်မှာ တစ်ယောက်က ငယ်ငယ်လေးနဲ့ မဒမ်ကြီးကို ကူပြီး အိမ်တော်ကို စီမံခန့်ခွဲပေးနေတယ်၊ ဘယ်သူကောင်းလဲ ဘယ်သူက မကောင်းလဲဆိုတာ လူတိုင်းသိနိုင်တယ်၊ နင်ကပဲ ကိုယ့်ဘာသာကိုယ် မသိတာ၊ ချစ်ခင်ကြင်နာဖို့ဆိုတာ တန်းတူဆက်ဆံရတယ် နင်ကမှ မကောင်းတာ သူများတွေက နင့်အပေါ် ဘာလို့ကောင်းရမှာလဲ။
ယွီစီးယွီ့က သူ(မ)ဆန္ဒ ပြည့်ဝသွားချိန်မှာ ဖန်းကျီ့ချန်ကတော့ တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ဖေရှီ ပြန်လာတာ တွေ့တော့ အထုတ်မြန်မြန် သိမ်းခိုင်းကာ မှူးမတ်စံအိမ်တော်က အမြန်ပြန်ဖို့ လုပ်လေသည်။ ဖေရှီက အိမ်ရှေ့စံမင်းသမီး ကလေးစောမွေးကြောင်း ကောင်းကင်ကြီးက အတိတ်နိမိတ်ကောင်းပြကြောင်း ပြောနေပေမယ့် သူက နားထောင်ဖို့ စိတ်ရှည်မနေပေ။
“သား ဘာလို့ပြန်ဖို့ဒီလောက် လောနေတာလဲ၊ ဘာဖြစ်တာလဲ နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး ရုပ်ပျက်ဆင်းပျက်နဲ့”
ဖေရှီက မသက်မသာမေးလေသည်။
“အမေ မေးမနေပါနဲ့တော့ သားတို့ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမယ်”
မနေ့ညက ကိစ္စတွေကို ဖန်းကျီ့ချန် ပြန်မပြောနိုင်ပေ။ စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်လုံးတွေ နီရဲနေခဲ့သည်။ ငယ်ငယ်ကတည်းက ဒီလို အရှက်ကွဲအကျိုးနည်းမှုကို တစ်ခါမှ မခံစားဖူးခဲ့ပေ။ ယန်ကျုံးမှာ နေတုန်းကဆိုရင် သူသွားသည့်နေရာတိုင်းက လူတွေက သူ့ကို လေးစားအားကျ သဘောကျကြသည်။ မြို့တော်ကိုရောက်မှ ဘယ်လိုလုပ် သူများရဲ့ဖိနပ်ကို ချီဖို့တောင် အရည်အချင်း မပြည့်မှီတော့တာလဲ။ သူက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ချီးမြင့်ထားသည့် တတိယအဆင့် စာသင်သားဖြစ်သည်။ မျိုးရိုးမြင့် အမျိုးသမီးများစွာရဲ့ နှစ်သက်မှုကိုခံရသည့် တတိယ စာသင်သားဖြစ်သည်။ ယွီရှန်းက သူ့ဘာသာသူ ဘာထင်နေတာလဲ။ အောက်ပိုင်းသေနေတဲ့ ကောင်မကများ။
စဥ်းစားလေလေ ယွီရှန်းကို သဘောကျခဲ့ရသည့် ခံစားချက်က မကျေမနပ်မှုအဖြစ် ပြောင်းသွားခဲ့သည်။
ဖေရှီက စိတ်ပူလာပြီး ဆက်တိုက်မေးမှ မနေ့ညက ယွီစီးယွီနှင့် တွေ့တာကို ယွီရှန်း တွေ့သွားကြောင်း ဗလုံးဗထွေးဖြင့် မျက်ရည်ကျလု နီးနီး ပြန်ပြောပြခဲ့သည်။
ဖေရှီက စိတ်ရှုပ်စွာ ဆူလေသည်။
“သား နင်က တော်တော် မပြတ်သားတာပဲ၊ သူက လာဆိုတာနဲ့ပဲ သွားရလား၊ မြို့တော်က မှူးမတ်စံအိမ်က နင်နေတဲ့အိမ်လို မဟုတ်ဘူးဆိုတာကို ဘာလို့ နင့်ဦးနှောက်နဲ့ မတွေးတာလဲ၊ အတွင်းခြံတွေက နင်ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး၊ အခု ဘာလုပ်ကြမလဲ၊ နင်နဲ့သခင်မလေးကြားက လက်ထပ်ပွဲမှာ မဖြစ်တော့မှာ စိုးရတယ်၊ မဟုတ်သေးပါဘူးဟယ်.. မဒမ်ကြီးကို မြန်မြန်ခွင့်လွှတ်မှု တောင်းခံရမယ်”
သူ(မ)က စကားပြောပြီးနောက် အဝတ်သေတ္တာထဲက အဖိုးတန် လက်ဆောင်ပစ္စည်းကို လှန်လှောရှာဖွေလေသည်။
“မဖြစ်ချင်လည်း မဖြစ်နဲ့ပေါ့ သား သူ့ကို မယူချင်တော့ဘူး”
“အခု နင်က မမကြီးရဲ့ ဂုဏ်သတင်းကို ပျက်စီးမိခဲ့ပြီလေ တခြားဘယ်သူ့ကို လက်ထပ်ချင် သေးတာလဲ၊ ဒီကိစ္စမှာ နင်မှားတယ်၊ မလိုမုန်းထားစိတ် ပြောင်းမသွားအောင် လက်ထပ်ပွဲ မဖြစ်တော့ရင်တောင် မဒမ်အိုကြီးကို ကျေနပ်အောင် တောင်းပန်ရမယ်”
ဖေရှီက တန်ဖိုးကြီး ကျောက်စိမ်းအဆင်တန်ဆာကို တွေ့ပြီးနောက် ပိုးထည်လေးဖြင့် ထုတ်ပိုးလိုက်သည်။
“လူတစ်ယောက်ကို တစ်ချက်ကြည့်ပြီး ဆုံဖြတ်လို့မရဘူး၊ မှူးမတ်စံအိမ်က သခင်မလေး၂ယောက်လုံးကို တကယ်လက်မထပ်ရဲဘူး”
ဖန်းကျီ့ချန်က မကျေမနပ်မှုကို မထိန်းထားနိုင်ဘဲ ပြောလေသည်။
“အမေ သခင်မလေးက သားက သူ့ဖိနပ်ချီဖို့တောင် မတန်ဘူးလို့ပြောတယ်၊ တကယ်ကို စိတ်မသက်မသာ ဖြစ်လိုက်တာ”
“ဘာ၊ တကယ်ပဲ အဲလိုပြောတာလား”
“ဖေနိလင်ရဲ့သားကို သူများဝေဖန်တာ မခံနိုင်ဘူး”
သူ(မ)က စားပွဲကိုရိုက်ချကာ ဒေါသထွက်စွာပြောလေသည်။
“ဒီအောက်ပိုင်းသေနေတဲ့ မျိုးမစစ်မက ကောင်းကင်ဘုံနဲ့မြေပြင်ရဲ့ ကျယ်ပြန့်မှုကို နားမလည်ဘူးပဲ၊ သူက မသန်မစွမ်းပဲ မဟုတ်လို့ကတော့… “
“ဘာကို မဟုတ်လို့ကတော့လဲ၊ ငါတို့ မှူးမတ်စံအိမ်မှာ နေထိုင် စားသောက်ပြီး ငါတို့မှူးမတ်စံအိမ်ကို ရှုတ်ချတယ်၊ မဒမ်ဖန်းတို့လို လူတွေ လက်မခံထားနိုင်လို့ မြန်မြန် ထွက်သွားပေးပါ”
မာမောမောက အစေခံ တစ်သိုက်ဖြင့်ဝင်လာကာ ယဥ်ကျေးစွာ ပြောမနေနိုင်တော့ပေ။
“ပစ္စည်းတွေပြပေးပါ ဒီအစေခံတွေက သိမ်းကူလိမ့်မယ်၊ ရထားလုံးက တံခါးဘေးမှာ စောင့်နေတယ်၊ သူများကို အချိန်မဖြုန်းနဲ့”
“ငါ မဒမ်ကြီးကိုတွေ့ချင်တယ်”
ဖေရှီက အခု စိတ်လှုပ်ရှားနေသည်။ လွန်ခဲ့တဲ့ရက် အနည်းငယ်ကပဲ သခင်ကြီဖန်းဆီက ယွီမိသားစုက သမီးနဲ့လက်ထပ်တာ ပိုကောင်းပြီး တရားဝင်သမီးဖြစ်ပါက ပိုအဆင်ပြေကြောင်း စာရခဲ့သည်။ ယွီရှန်းက အနစ်နာခံကာ အစ်ကိုဖြစ်သူကို ကယ်ခဲ့ကြောင်း လူတိုင်းသိကာ အစ်ကိုဖြစ်သူ ယွီဖင်ယန်ကလည်း ယွီရှန်းကို အလွန်အလိုလိုက်ပြီး ယွီရှန်းကို ရယူနိုင်ပါက ယွီဖင်ယန်ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်နိုင်တာနှင့်တူသည်။
ယွီဖင်ယန်က ဘယ်သူလဲ။ နယ်မြေ၃ခုကို အာဏာစိုးမိုးနေသည့် တပ်မှူးကြီးဖြစ်ကာ ဘုရင့်အမိန့်ကိုသာ နာခံသည့်လူ ဖြစ်သည်။ သူ့အထောက်အပံ့က ဦးနှောက်များစွာ ရှိတာနှင့် ညီမျှသည်။ ယွီရှန်း လမ်းမလျှောက် နိုင်လောက်တာကို မပြောနှင့် တစ်ကိုယ်လုံး အကြောသေ နေရင်တောင် ပွေ့ချီကာ သတို့သားရဲ့အခန်းထဲ ခေါ်သွားပေးမည် ဖြစ်သည်။
သူ(မ)ယောက်ျား ပေးသည့်အမိန့်ကို ပြီးအောင် မလုပ်နိုင်ပါက ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ သူ(မ)က မာမောမောနှင့် အစေခံတွေကို တွန်းဖယ်ကာ မဒမ်အိုကြီးရဲ့ခြံထဲ အပြေးသွားခဲ့သည်။
ယွီဖင်ယန် တော်ဝင်တရားရုံးက ပြန်လာတော့ ခရီးဆောင်အိတ်များစွာဖြင့် လူတွေ ဆူညံနေတာကို တွေ့လိုက်သည်။ ဖေရှီက ဘေးတံခါးကနေ အစေခံတွေရဲ့ တွန်းထုတ်ခြင်းကို ခံနေရကာ ဘေးမှာ ကသိကအောက်ဖြစ်စွာ ရပ်နေသည့် ဖန်းကျီ့ချန်က မျက်ကွင်းညိုနေသည်။
“ဘာဖြစ်တာလဲ”
ယွီဖင်ယန်က ဂိတ်စောင့်ကိုကြည့်လိုက်သည်။
ယွီရှန်းက မနေ့ညက ကိစ္စကို ဖုံးဖိထားတာကြောင့် ဂိတ်စောင့်တွေက မသိပေ။ သူတို့က ခေါင်းခါကာ ပြောလေသည်။
“ဒီအစေခံမသိပါဘူး မဒမ်ကြီးကို တစ်ခုခု ကျူးလွန်မိလို့ ဖြစ်လိမ့်မယ်”
ယွီဖင်ယန်က ခေါင်းညိတ်ပြကာ အနောက်ဆောင်ကို သွားလိုက်သည်။ သို့ပေမယ့် ဖေရှီရဲ့ အော်သံကို ကြားလိုက်ရသည်။
“ငါ့သားက မနေ့ညက သခင်မလေးနဲ့ တိတ်တိတ်လေး အခန်းထဲမှာ ခိုးတွေ့ခဲ့တာလေ၊ ငါ့ကို မဒမ်ကြီးနဲ့ ပေးမတွေ့ရင် ဒီသိက္ခာကျဖို့ကောင်းတဲ့ သတင်းကို ဖြန့်ပစ်မယ် ဘယ်သူ အရှက်ကွဲမလဲ ကြည့်တာပေါ့”
သူ့သားက ယွီရှန်းရဲ့ ဖိနပ်ကို သယ်ဖို့တောင် မတန်ဘူး ဟုတ်လား။ သူ့ရဲ့ဂုဏ်သိက္ခာကို ပျက်စီးပစ်ရင် သူ့ကို ဘယ်သူလက်ထပ်ဦးမလဲဆိုတာ ကြည့်တာပေါ့။ အချိန်တန်ရင် မဒမ်ကြီး ငိုယိုပြီး ငါ့ကို လာတောင်းပန်ရမယ်။
ယွီဖင်ယန်ရဲ့ ခြေလှမ်းတွေက ရပ်သွားခဲ့သည်။ သူက လူအုပ်ကြီးဆီ ဦးတည်သွားလိုက်ကာ လက်ထဲက ဓားအိမ်ထဲက ရှုံးချွင် ဓားကို ထုတ်လိုက်သည်။
ဓားထုတ်သံက အလွန်ညက်ညောကာ လူတွေရဲ့နားထဲမှာ မိုးချုန်းသံလို ကြားလိုက်ရသည်။ သူ့ဘေးတွင် သတ်ဖြတ်လိုစိတ် လေထုတွေ ပြည့်နေသည်။
ဖေရှီက ချက်ချင်း ပါးစပ်ပိတ်သွားကာ သူ့ကို ကြောက်လန့်စွာ ကြည့်နေသည်။
…..