TYCDTN အပိုင်း ၃၉

TYCDTN
Chapter 39

အိမ်ရှေ့စံမင်းသမီးက တစ်ညလုံးမီးဖွားနေကာ ဝမ်းဆွဲသည်က ဂျင်ဆင်းပြားကို သူ(မ)ပါးစပ်ထဲ ၅ကြိမ်မြောက်ထည့်ပေးပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလေသည်။
“အားနည်းနည်း သုံးဦး၊ အိမ်ရှေ့စံမင်းသမီး ညှစ်ထား၊ နည်းနည်းလောက်ထပ်ညှစ်ဦး”

အိမ်ရှေ့စံမင်းသမီးက အသိစိတ်တွေ ဝေဝါးနေကာ အော်ပင် မအော်နိုင်တော့ပေ။ သူ(မ)ရဲ့ခေါင်းက အနည်းငယ် ခါယမ်းနေကာ သတိမေ့တော့မည့်ဟန် ဖြစ်နေသည်။
သူ(မ)သာ တကယ် သတိလစ်သွားပါက ကလေး၂ယောက်လည်း ရေမွမ်းသေကာ မိခင်ဖြစ်သူလည်း အန္တရာယ်ရှိသည်။ ဝမ်းဆွဲသည်က အလွန်စိတ်သောက ရောက်နေကာ ဘာမှမပြောရဲပေ။ သူ(မ)က အိမ်ရှေ့စံမင်းသမီးရဲ့ ဗိုက်ကို အားသုံးကာ ဖိပေးနေရင်း စုန်မောမောကို ကြည့်လိုက်သည်။

“နင့်သခင် ဖြစ်သူ နိုးလာအောင် တစ်ခုခုလာပြောပါဦး၊ သူသာ သတိလစ်သွားရင် ဒီအခန်းထဲကလူတွေ အကုန်လုံး..”
သူ(မ)က လည်ပင်းဖြတ်သည့်ပုံစံ လုပ်ပြခဲ့သည်။

စုန်မောမောက ချက်ချင်း ရှေ့တိုးလာကာ သခင်ဖြစ်သူရဲ့ချွေးတွေကို သုတ်ပေးလိုက်သည်။ သူ(မ)က ဘာပြောရမလဲဆိုတာ စဥ်းစားပြီးနောက်..
‘အိမ်ရှေ့စံမင်းသမီး အိမ်ရှေ့စံမင်းသားက အပြင်မှာ စောင့်နေပါတယ်’၊ ‘အရှင်မင်းကြီးကလည်း အချိန်အကြာကြီး စောင့်မျှော်တော် မူနေတာပါ’၊ ‘အိမ်ရှေ့စံမင်းသမီး ဒီလိုဖြစ်သွားရင် ချစ်ခင်တဲ့လူတွေက နာကျင်ရပြီး ရန်သူတွေက ပျော်ကုန်လိမ့်မယ် မဟုတ်လား’ စသည့် စကားများ ပြောခဲ့သော်လည်း အိမ်ရှေ့စံမင်းသမီးက တုံ့ပြန်မှုမရှိပေ။

စုန်မောမောက ရုတ်တရက်စိတ်ကူးရသွားကာ အော်ဟစ်ခဲ့သည်
“အိမ်ရှေ့စံမင်းသမီး မိန်းကလေးရှန်းအာ ရွေးယူခဲ့တဲ့ နဂါးနဲ့ဖီးနစ် တုတ်ချောင်းကို မှတ်မိလား၊ နတ်ဘုရားတွေက သူ့လက်ကို သုံးပြီး အိမ်ရှေ့စံမင်းသမီးကို ကောင်းချီး ပေးခဲ့တာလို့ သူ ပြောခဲ့တယ်လေ၊ ကျွန်တော်မျိုးမတို့က အခု ပိုင်ယွင် ဘုန်းကြီးကျောင်းမှာပါ၊ တောက်ဘိုးဘေးတွေက ကျွန်တော်မျိုးမတို့ကို စောင့်ရှောက် ပေးနေတာ ဖြစ်မယ်၊ ဝါးက ဖီးနစ်အဖြစ် ပြောင်းပြီး ဖီးနစ်က ကောင်းကင်တခွင်မှာ ပျံဝဲပြီး တောက်ရောင်ခြည်တွေက နတ်ဆိုးတွေကို နှိမ်နှင်းပစ်လိမ့်မယ်၊ တောက်ဘေးဘိုးတွေရဲ့ စောင့်ရှောက်မှုကြောင့် အိမ်ရှေ့စံမင်းသမီးကော ကလေး၂ယောက်ပါ အန္တရာယ်ကင်းလိမ့်မယ်၊ ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်ကျပဲ၊ အိမ်ရှေ့စံမင်းသမီး အားနည်းနည်းလောက် စိုက်လိုက်ရင် ခဏအတွင်း ကလေး၂ယောက် ထွက်လာပါလိမ့်မယ်”

အစတုန်းကတော့ အိမ်ရှေ့စံမင်းသမီးရဲ့ မျက်ခွံတွေက မှိတ်ကျနေဆဲ ဖြစ်သည်။ သို့ပေမယ့် နောက်ဆုံးစကားကို ကြားပြီးနောက် ချက်ချင်း မျက်လုံးပွင့်လာကာ ပါးစပ်ထဲက ဂျင်ဆင်းပြားကို ဝါးပြီး အရည်ကို မြိုချကာ အော်ဟစ်ကာ ညှစ်ထုတ်လေသည်။ တစ်ဖက်မှာလည်း လူတွေက သူတို့ယုံကြည်ရာ နတ်ဘုရားတွေ၊ ဘုရားတွေကို ရှိခိုးပူဇော်ကာ အိမ်ရှေ့စံမင်းသမီး အလွဲအမှား မရှိစေဖို့ ဆုတောင်း ပေးနေကြသည်။ ဝါးတုတ်ချောင်းလေးကြောင့် သူ(မ)မှာ အဆုံးမဲ့မျှော်လင့်ချက်တွေ ပြန်ရှိလာကာ သေအံ့ဆဲဆဲ အခြေအနေကနေ ပြန်ရှင်လာပြီး သူ(မ)အနာဂတ်အတွက် အားစိုက်ခဲ့သည်။

အာရုဏ်တက်ချိန် ရောက်နေပြီဖြစ်ကာ အိမ်ရှေ့စံမင်းသားက တစ်ညလုံး ဆင်ဝင်အောက်မှာ ရပ်နေခဲ့သည်။

မိုးဖွဲဖွဲလေး တိတ်သွားပြီ ဖြစ်ကာ တောင်ထိပ်တစ်ခုလုံးကို မိုးပြာရောင် အငွေ့လေးတွေ ဖုံးအုပ်နေသည်။ အသရေတင့်တယ်သည့် မတ်စောက်သည့် တောင်ထိပ်ကို မြူတွေတိမ်တွေ ကြားက ဝိုးတဝါး မြင်နေရသည်။ ရှုခင်းက အလွန်တရာကို လှပလွန်းသည်။

ရုတ်တရက်ကြီး တိမ်က ကွဲထွက်လာကာ ရွှေရောင်ခြည်က တောက်ထိပ်မှာ ဖြာကျနေသည်။ ရောင်ခြည်စက်ဝန်းက အလွှာလေးတွေကို ပျော်ကျစေခဲ့ကာ မိုးပြာရောင်တောင်ကြီးကို အသက်ဝင်စေခဲ့သည်။

တလက်လက် တောက်နေသည့် အရောင်က နဂါးကြေးခွံဝတ် တပ်သားတွေပါ နှစ်သက်သဘောကျစွာ ကြည့်နေရပြီး အကုန်လုံး ကြက်သေသေ နေကြသည်။

ထိုအချိန်မှာပဲ မွေးခန်းထဲက ကလေးငိုသံ၂ခုနှင့် အော်သံအကျယ်ကြီး တစ်ခု ကြားလိုက်ရသည်။ မွေးပြီ မွေးပြီဟု အဆက်မပြတ် အော်သံကြားနေရပြီး သူတို့အသံတွေက စိတ်လှုပ်ရှားမှုတွေပြည့်နေကာ ပျော်လို့ မျက်ရည်တွေကျနေသည်။

အိမ်ရှေ့စံမင်းသားက တံခါးပေါက်ဆီ ဝင်သွားတော့ တဘက်ဖြင့် ထုတ်ထားသည့် ကလေး၂ယောက်ကို တစ်ဖက်ဆီ ပွေ့ထားသည့် စုန်မောမောကို တွေ့လိုက်ရသည်။ သူ(မ)က တစ်ချိန်တည်းမှာပဲ ငိုကာ ပြုံးရယ်လျက်..
“ဂုဏ်ယူပါတယ် အရှင့်သား ဒါက မင်းသားလေးနဲ့မင်းသမီးလေးပါ၊ အရှင့်သား ကြည့်ကြည့်ပါဦး၊ အိမ်ရှေ့စံမင်းသမီးလည်း အကုန်အဆင်ပြေတာမလို့ စိတ်ချတော်မူပါ”

သူ(မ)က ရှေ့တိုးလာကာ နီတာရဲမျက်နှာလေး၂ခုကို ဟပြခဲ့သည်။

အိမ်ရှေ့စံမင်းသားက လက်ဆန့်ထုတ်လိုက်ကာ ဘယ်တစ်ယောက်ကို အရင်ချီရမလဲ မသိဖြစ်နေသည်။ အချိန်အကြာကြီး ရင်ထဲမှာ လေးလံနေသည့် ခံစားချက် ပျောက်သွားတော့ မူးမော်နေလေသည်။

ထိုအချိန်မှာပဲ မရေတွက်နိုင်တဲ့ ရောင်ခြည်တွေ ပိုင်ယွင်တောင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ နဂါးကြေးခွံဝတ်တပ်သားတွေက ဘေးပတ်လည်က သက်တန့်ကို ညွှန်ပြကာ အော်ကြလေသည်။

“တောက်ရောင်ခြည်တော်တွေက နေရာတိုင်း တောက်ပနေပြီး ကောင်းကင်က မင်္ဂလာရှိတဲ့ နိမိတ်ကို ပြနေတာပဲ၊ ဒါရွေးချယ်ခံရတဲ့ ဆင်းသက်လာသူပဲ”

လူတိုင်းကလည်း မော့ကြည့်ကာ လှပသည့် အလင်းရောင်ရဲ့ ညှို့ယူဖမ်းစားတာကို ခံရပြီး ပြောကြလေသည်။

“တောက်ရောင်ခြည်တော်က နေရာတိုင်းက ပဲ့တင်မှုတွေကို အလင်းပေးပြီ”

စုန်မောမောက ကလေး၂ယောက်ကိုချီလျက် ဒူးထောက်ကာ
“ကလေး၂ယောက်နဲ့ အိမ်ရှေ့စံမင်းသမီးကို ကောင်းချီးပေးလို့ ကျေးဇူးတင်ပါတယ် တောက်ဘိုးဘေးများ ကျေးဇူးတင်ပါတယ်ရှင်”

ထိုစကားတွေကို သူ ပြောခဲ့တုန်းက အိမ်ရှေ့စံမင်းသမီးကို အားပေးတာဖြစ်ပြီး သူ(မ)ကိုယ်တိုင်တော့ အလွန်ရင်တုန် နေခဲ့ရသည်။ သို့ပေမယ့် အခု ကျက်သရေရှိလှသော တောက်ရောင်ခြည်တော်တွေကို မြင်တော့ ငိုချမတတ် ဖြစ်နေသည်။ ဒီကလေး၂ယောက်က တောက်ဘိုးဘေးတွေ ကောင်းချီးပေးထားတဲ့ ဝိဉာဥ်တော်တွေ ဖြစ်ကာ အနာဂတ်မှာ သေချာပေါက် တမူထူးခြားလိမ့်မည်။

အိမ်ရှေ့စံမင်းသားက ငုံ့ကိုင်းကာ ကလေးတွေကို ချီလိုက်သည်။ သူက တံစက်မြိတ်အောက်က ဖြည်းဖြည်းလေး ထွက်သွားကာ ကလေး၂ယောက်ကို တောက်ရောင်ခြည်တော် ခံယူစေခဲ့သည်။ နတ်ဘုရား ရောင်ခြည်ဖြင့် ကင်ပွန်းတပ်ပါက ဘေးဒုက္ခမျိုးစုံက ကင်းဝေးလိမ့်မည် ဖြစ်သည်။

နဂါးကြေးခွံဝတ်တပ်သားတွေက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ အော်ဟစ်လေသည်။
“ဂုဏ်ပြုပါတယ် အရှင့်သား ကောင်းကင်ဘုံက မင်္ဂလာရှိတဲ့ နိမိတ်ကို ပြသနေတာပါ”

တောက်ရောင်ခြည်တော်ဆိုတာက တကယ်တော့ တိမ်နှင့်မြူတွေ အလင်းပြန်ကာ ပျံ့သွားပြီး အလင်းယိုင်သည့် သက်တန့်စက်ဝန်းကြီးသာ ဖြစ်သည်။ သို့ပေမယ့်လည်း ပညာမဲ့သည့် ရှေးလူတွေရဲ့အမြင်မှာတော့ အလွန်တရာ ဆန်းကြယ်နေလေသည်။

မွေးခန်းထဲမှာတော့ ဝမ်းဆွဲသည်က ပြတင်းပေါက်ကို နည်းနည်းဟပေးကာ ဖြစ်တောင့်ဖြစ်ခဲ ရှုခင်းကို ကြည့်ဖို့ အိမ်ရှေ့စံမင်းသမီးကို ကူထူပေးကာ ကြည့်စေခဲ့သည်။ သူ(မ)က တီးတိုးပြောလေသည်။

“အိမ်ရှေ့စံမင်းသမီး တောက်ရောင်ခြည်တော်တွေက နတ်ဆိုးတွေကို ဖယ်ရှားပေးတယ်၊ အခု ပြစ်မှုရဲ့ နောက်ကွယ်ကလူက ခါးမှာ ချွေးတွေ စိုနေလောက်ပြီ အိမ်ရှေ့စံမင်းသမီး စိတ်ချလက်ချ အိပ်လို့ရပါပြီ”

အိမ်ရှေ့စံမင်းသမီးက ပြုံးရယ်ကာ မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။ အောက်ပိုင်းတစ်ခုလုံး ပြတ်ထွက်မတတ် နာနေသော်လည်း ကိုယ်ဝန်ရှိစဥ်ကတည်းက အခုမှ ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ တောက်ဘိုးဘေးတွေရဲ့ကောင်းချီးကြောင့် နောက်ဆုံးတာ့ သူ(မ) ဘေးကင်းခဲ့သည်။

မြို့တော်ကို ထိုသတင်း တင်ပြလိုက်တော့ ဧကရာဇ်က အလွန်ပျော်နေခဲ့သည်။ သူက အိမ်ရှေ့စံမင်းသား၊ အိမ်ရှေ့စံမင်းသမီးနှင့် မြေး၂ယောက်ကို မြို့တော်ကို ဘေးကင်းစွာ ပြန်ခေါ်လာဖို့ မိန့်ကြားခဲ့သည်။ အခု သူ့ပျော်ရွှင်မှုက ပြစ်မှုနောက်ကွယ်ကလူကို မုန်းတီးနေမှုနှုန်းဖြင့် ညီမျှနေသည်။ တရားခံကို လွတ်သွားပြီး လူမှားသတ်မိမှာစိုးလို့ ယွီဖင်ယန်ကို တိတ်တဆိတ် သေချာစုံစမ်းခိုင်းခဲ့သည်။ ယွီဖင်ယန်ကလည်း အခုလို မင်္ဂလာရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ ရှန်မောက်ချီနှင့် မှူးမတ်စံအိမ်က သွေးသားတော်စပ်မှု အကြောင်းကို တင်ပြခဲ့သည်။ ထင်သည့်အတိုင်းပင် ဧကရာဇ်က ဂရုမစိုက်ဘဲ သံသယအားလုံး ရှင်းသွားပါက သူ(မ)ကို အိမ်ပြန်ခေါ်သွားနိုင်ပြီး ဘာမှမဖြစ်ခဲ့သလို မသိချင်ယောင် ဆောင်ပေးမည်ဟု ပြောခဲ့လေသည်။

ယွီဖင်ယန်က ပျော်ရွှင်စွာ အမိန့်နာခံခဲ့လေသည်။

အိမ်ရှေ့စံမင်းသမီး နိုးလာသည့်အချိန်အထိ ပိုင်ယွင် ဘုန်းကြီးကျောင်းကို ပိတ်ထားဆဲဖြစ်ကာ ဘုန်းကြီးကျောင်းအတွင်းက လူတွေကိုလည်း ထိန်းသိမ်းထားကာ စစ်ဆေးနေဆဲ ဖြစ်သည်။ ဧကရာဇ်ရဲ့ အမိန့်ကြောင့် အိမ်ရှေ့စံမင်းသားက နွေးထွေးသည့် ရထားလုံးကို ပြင်ဆင်ရကာ မြင်းရထားလှည်းသမားကို ဖြည်းဖြည်းလေး မြို့တော်ကို ပြန်ရန် အမိန့်ပေးခဲ့သည်။

အိမ်ရှေ့စံမင်းသမီး ပြန်တော့ မဒမ်ကြီးယွီကို ခေါ်ပြန်ဖို့လည်း မမေ့ခဲ့ပေ။ မဒမ်အိုကြီးကို မှူးမတ်စံအိမ်တော်ကို အိမ်တိုင်ရာအရောက် လူကိုယ်တိုင် ပို့ပေးဖို့ စုန်မောမောကိုတောင် အမိန့်ပေးခဲ့သည်။

၄နာရီလောက် ကြာပြီးတာတောင် စုန်မောမောက စိတ်ခံစားချက် ပြင်းထန်နေဆဲ ဖြစ်သည်။ ခရီးတစ်လျှောက်လုံး သူ(မ)က မဒမ်အိုကြီးရဲ့ လက်ကိုကိုင်ကာ တောက်ရောင်ခြည်တော်ရဲ့ မျက်စိကျိန်းဖွယ် အကြောင်းကို ပြောပြနေခဲ့သည်။ သူ(မ)က ထပ်ခါထပ်ခါ အံ့သြစွာ ပြောလေသည်။

“မိန်းကလေးရှန်းအာက တကယ်ကို မင်္ဂလာရှိတဲ့ မိန်းကလေးပဲ၊ တုတ်ချောင်းတွေ အများကြီးထဲမှာမှ နဂါးနဲ့ဖီးနစ် တုတ်ချောင်းကို ရွေးယူနိုင်ခဲ့ပြီး တကယ်လည်း မှန်တယ်၊ ကျွန်မ မျက်လုံးနဲ့မြင်ရတာသာ မဟုတ်ရင် အိပ်မက် မက်နေတယ်လို့ ထင်နေမိမှာ၊ မိန်းကလေးရှန်းအာက အရင်ပြန်သွားပြီး မတွေ့လိုက်ရတာ နှမြောစရာပဲ၊ နံပါတ်၉ မင်းသမီးလေးဆိုရင်လေ ကြက်သေသေ နေပြီးမှ စိတ်လှုပ်ရှားလို့ ခြံထဲခုန်ပေါက်နေတာ…”

မဒမ်အိုကြီးကလည်း သူ(မ)နဲ့ စိတ်ဝင်တစား အပြန်အလှန် စကားပြောနေခဲ့သည်။ ကံဆိုးချင်တော့ သူ(မ)က အိပ်ရာထ နောက်ကျတာကြောင့် မပျာက်ကွယ်ခင် ကျန်သည့် အလင်းနည်းနည်းလေးသာ မြင်လိုက်ရသည်။

အချိန်တွေကုန်မြန်ကာ သူတို့တွေ မှူးမတ်စံအိမ်တော်ကို ရောက်ခါနီးပြီဖြစ်သည်။ စုန်မောမောက မဒမ်အိုကြီးကို မှူးမတ်စံအိမ်ထဲရောက်အောင် ကူပို့ပေးခဲ့သည်။ သူ(မ)က လူတချို့ကို အမိန့်ပေးကာ မိန်းကလေးရှန်းအာအတွက် အိမ်ရှေ့စံမင်းသမီး လက်ဆောင်ထည့်ပေးလိုက်သည့် အဖိုးတန်သေတ္တာတွေကို သယ်ခိုင်းလိုက်သည်။

ဖေရှီက မဒမ်အိုကြီး ဆင်းသွားတော့ နောက်ထပ် ရထားလုံးတစ်စီးဖြင့် အမြန်လိုက်ဆင်းခဲ့သည်။ မဟုတ်ပါက နဂါးကြေးခွံဝတ် တပ်သားတွေရဲ့ စောင့်ကြပ်မှုကို တစ်နေကုန် ခံနေရမည်ကို သူ(မ) ကြောက်လန့်နေသည်။

သူတို့လမ်းခွဲလိုက်ပြီး ဖေရှီက အခန်းကို မြန်မြန်ပြန်ကာ သန့်ရှင်းရေးလုပ်လိုက်ပြီး မဒမ်အိုကြီးက အနောက်ဆောင်ကိုသွားကာ မြေးမလေးကို သွားတွေ့ခဲ့သည်။

“အဖွား ပြန်လာပြီလား”
ယွီရှန်းက ခေါင်းထောင်ကာ အိပ်ချင်မူးတူး မေးလေသည်။

စီရှီအချိန် ၄၅မိနစ် (9:45am) ကျော်နေပြီ ဖြစ်သော်လည်း သူ(မ)က အိပ်ရာထဲ လဲနေဆဲ ဖြစ်သည်။ အပေါ်ပိုင်းကို ဘာမှဝတ်မထားဘဲ အောက်ပိုင်းမှာ ခေါင်းလောင်း ဘောင်းဘီတစ်ထည်သာ ဝတ်ထားသည်။ စောင်က အနည်းငယ် လျှောကျနေကာ ဖြူဖွေးသည့် လက်မောင်းသားတွေ လစ်ဟနေသည်။ အခန်းထဲသို့ ပြတင်းပေါက်က ဖောက်ဝင်သည့် နေရောင်ကြောင့် အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေပုံက ညှို့ဓာတ်အပြည့် ရှိနေသည်။

မဒမ်အိုကြီးက ရှေ့တိုးသွားပြီး သူ(မ)ရဲ့ ကိုယ်လုံးကို စောင်လုံအောင် ခြုံပေးပြီး ရှုပ်ပွနေသည့် ဆံပင်တွေကို သပ်တင်ပေးကာ ဆူလေသည်။

“အပျင်းလေး ဘယ်အချိန် ရှိနေပြီတုန်း အခုထိ အိပ်နေတုန်း၊ မြန်မြန်ထ နင် မသိသေးဘူးမလား၊ အိမ်ရှေ့စံမင်းသမီးက ကလေးစောမွေးခဲ့တယ်”

ယွီရှန်းက ချက်ချင်း နိုးကြားလာကာ ကိုယ်အပေါ်ပိုင်းကိုမတ်ပြီး မေးလေသည်။

“မွေးပြီလား၊ ယောက်ျားလေးလား၊ မိန်းကလေးလား”

“ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် အမြွှာလေး၊ မွေးဖွားဇာတာက အရမ်းကောင်းပြီး ကောင်းကင်ကြီးကလည်း မင်္ဂလာရှိတဲ့ အတိတ်နိမိတ်ပြခဲ့တယ်…”

မဒမ်အိုကြီးက စုန်မောမောဆီက ကြားခဲ့သည့် တောက်ရောင်ခြည် အကြောင်း ပြောပြခဲ့သည်။ သူ(မ)က မြေးမရဲ့ နှာခေါင်းထိပ်လေးကို တို့ကာ ပြုံးလျက် ပြောလေသည်။

“ငါ့မြေးမလေးက တကယ့်ကိုကံကောင်းခြင်းကြယ်ပဲ၊ အရည်ကြည်ဖုတွေ ပျောက်ကုန်ပြီလားလို့ ကြည့်ပါရစေဦး”

ယွီရှန်းက သူ(မ)ရဲ့ ဆံပင်အရှည်ကြီးကို ပင့်မကာ ပြောလေသည်။

“ဆေးလိမ်းလိုက်တော့ အများကြီး သက်သာသွားပါပြီ၊ အဖွား မပျော်သေးနဲ့ဦး အဖွားကို စိတ်တိုစရာကောင်းတဲ့ကိစ္စ ပြောစရာရှိသေးတယ်… “

မဒမ်အိုကြီးက အစက ပြုံးရွှင်နေသော်လည်း ယွီရှန်းဆီက ကိစ္စတွေကြားပြီးတော့ သူ(မ)မျက်နှာက မည်းမှောင်သွားခဲ့သည်။

ယွီရှန်းက သူ(မ)ရဲ့ မျက်လုံးထောင့်ကို ပွတ်ကာ ရှိုက်ငင်ကာ ပြောလေသည်။

“အဲဒီဖန်းမိသားစုက သမီးကို အရမ်းစော်ကားတာပဲ၊ သမီးအတွက် တရားမျှတမှု ယူပေးပါ အဖွား”

သူ(မ)က စကားပြောပြီးနောက် မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်တော့ သနားစဖွယ်ကောင်းသည့် မျက်ရည်တွေ ဗူးသီးလုံးလောက် စီးကျလာခဲ့သည်။

မဒမ်အိုကြီးက ရယ်ရမလား ငိုရမလား မသိဖြစ်နေကာ သူ(မ)ရဲ့ နဖူးကို တို့ကာ ပြောလေသည်။

“မျက်ရည်တွေသုတ်ပစ်၊ နင့်စိတ်ကို အဖွားမသိဘူးထင်နေလား၊ အဲဒီဖန်းမိသားစုက ကောင်လေးကို သေတဲ့အထိ ဒေါသတကြီး မပြောခဲ့ရင် ကံကောင်းနေပြီ”

ယွီရှန်းက မျက်ရည်တွေသုတ်ကာ ရှက်ရွံ့စွာရယ်လျက်..
“သူ့ကိုသေတဲ့အထိ မဆဲရရင် ကျေနပ်မှာ မဟုတ်ဘူး၊ အဖွား သူတို့ကို မြန်မြန် ကန်ထုတ်ပစ်လိုက်၊ သူတို့နဲ့ မှူးမတ်စံအိမ်ကြီးမှာ နေရတာ ရွံဖို့ကောင်းတယ်”

“ဟုတ်ပါပြီ အဖွား သူတို့ကို ကန်ထုတ်ပစ်မယ်နော်”

မဒမ်အိုကြီးက သူ(မ)ရဲ့ ဆံပင်ကို သပ်တင်ပေးကာ ပူဆွေးစွာ ပြောလေသည်။

“ယောက်ျားတွေ အကြောက်ဆုံးက စီးပွားရေးလမ်းကြောင်း မှားယွင်းသွားမှာ ကြောက်ပြီး မိန်းမတွေ အကြောက်ဆုံးက အိမ်ထောင်ဖက်ရွေးမှားမှာကို အကြောက်ဆုံးပဲ၊ ဖေရှီက အိမ်ထောင်ဖက် ရွေးမှားခဲ့တာ၊ ဆားကုန်သည်တွေက ဧကရာဇ်ရဲ့ ငွေတွေကို ခိုးယူပြီး ဧကရာဇ်ထက် ကြွယ်ဝချမ်းသာစွာ နေထိုင်ကြတာလေ၊ ဆားသယ်ယူပို့ဆောင်ရေးရဲ့ အရာရှိတွေက ခိုးလေလေ လိုချင်လေလေ ဖြစ်လာပြီး ချမ်းသာလာလေလေ သေဖို့ နီးလာလေလေကို သူတို့ သတိမထားမိကြဘူး၊ အဲအချိန်မှာပဲ အိမ်ရှေ့စံမင်းသမီးနဲ့ ကလေး၂ယောက်ကလည်း အခြေအနေ မကောင်းတော့ ဧကရာဇ်က စိတ်တိုပြီး ဒေါသပုံချစရာမရှိ ဖြစ်နေခဲ့တော့ သူတို့အပေါ် ဒေါသပုံချခဲ့တာပဲ၊ အဖွားက ဖေရှီ ကြီးပြင်းလာတာကို တွေ့ခဲ့ရတဲ့လူလေ၊ သူ ငယ်ငယ်တုန်းကဆိုရင် တော်တော်လေး သဘောထားကြီးတာ၊ လေလုံးကြွားပြီး ဟိတ်ဟန်ကြီးတဲ့ ယန်ကျုံးမြို့မှာ နှစ်အနည်းငယ် နေထိုင် နစ်မြုပ်နေခဲ့ပြီး ကောက်ကျစ်တဲ့ ဆားကုန်သည်ရဲ့ဇနီး ဖြစ်လာခဲ့တာပဲ အင်း..”

မဒမ်အိုကြီးက ခေါင်းခါကာ သက်ပြင်းအရှည်ကြီး ချခဲ့သည်။ နောက်ကျနေပြီမလို့ မြေးမဖြစ်သူကို ထခိုင်းလိုက်သည်။ ထို့နောက် မဒမ်အိုကြီးက အခန်းပြန်သွားကာ မာမောမောဖြင့် ယွီစီးယွီ့ကို ခေါ်ခိုင်းလိုက်သည်။

ယွီစီးယွီ့က ရင်တဒိတ်ဒိတ်တုန်ကာ ဒူးထောက်ပြီး အထွန့်တက်မည့်အချိန်မှာပဲ မဒမ်အိုကြီး သြရှသည့်အသံဖြင့် မေးခွန်းမေးတာကို ကြားလိုက်လေသည်။

“နင်က သိပ်တော်တာပဲ၊ နင်က အရွယ်ရောက် နေတာတောင် ယောက်ျားတစ်ယောက်ကို အခန်းထဲ တိတ်တဆိတ် ခေါ်တွေ့ပြီး လူတွေ ကဲ့ရဲ့ပြစ်တင်ခံရမယ့် အလုပ်ကို လုပ်ခဲ့တယ်၊ နင့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေရလောက်တဲ့အထိ ဖန်းမိသားစုကကောင်နဲ့ လက်ထပ်ချင်နေတာလား”

ယွီစီးယွီ့က အံကြိတ်ကာ အရိုအသေ ပေးကာ ပြောလေသည်။

“ဖန်းမိသားစုက ကောင်းကောင်းမကောင်းကောင်း ဒီမြေးမ ဂရုမစိုက်ပါဘူး၊ ဒီမြေးမက ဖန်းမိသားစုက သားကို ချစ်မိနေပါတယ်၊ မြေးမရဲ့ ဂုဏ်သိက္ခာ ပျက်စီးသွားပြီ ဆိုမှတော့ ဒီမြေးမရဲ့ ဆန္ဒကို အဖွား ဖြည့်ဆည်းပေးပါတော့”

ဖေရှီပြောခဲ့သည့် သူ(မ)မိသားစု အကြောင်းကို ယွီစီးယွီ့ ကြားခဲ့သည်။ သူ(မ)ဝတ်ဆင်ထားသည့် အဆင်တန်ဆာ အဝတ်အစားတွေက အဖိုးတန်ရုံမကဘဲ အစားအစာတွေကလည်း စျေးကြီးသည်။ ကြက်ဥထမင်းကြော် ရိုးရိုးတောင် ငွေဒင်္ဂါးပြား ၅၀တန်သည်။ ဥ ဥသည့် ကြက်မတွေ စားသည့် အစားအစာတောင် ဂျင်ဆင်းတို့ တခြားအဖိုးတန် ဆေးဖတ်ဝင်တွေဖြင့် ပြုလုပ်ထားသည်။ သူတို့မိသားစုက အလွန်အမင်း ချမ်းသာကြွယ်ဝသည်။ ဖန်းကျီ့ချီကလည်း အနာဂတ်မှာ လှပစွာ ဖူးပွင့်မည့် သစ်ခွပန်းပင်နှင့် တူသည်။ ဒါက အကြိမ်များစွာ သူ(မ)စိတ်ကူးယဥ်ခဲ့ရသည့် အမျိုးသား ပုံစံမျိုး ဖြစ်သည်။

ဖန်းမိသားစုကိုသာ လက်လွှတ်လိုက်ရပါက ဒီထက်ကောင်းသည့်လူ ရှာမတွေ့မှာ ကြောက်ရသည်။

မဒမ်အိုကြီးက ဒေါသကြီးစွာ ရယ်လျက် ဖြည်းဖြည်းလေး ပြောလေသည်
“နင့်ဂုဏ်သိက္ခာ ပျက်စီးသွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ချင်ယာကို နောက်မှ ငါ ရှင်းထုတ်ပစ်မယ်၊ ချုံရှီ၊ ထောင်ဟုန်နဲ့ လျိုလွီ့က ဒီကိစ္စကို ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး၊ နင့်ဂုဏ်သိက္ခာက ဘယ်လိုလုပ် ပျက်စီးမှာလဲ၊ နင်ကသာ ပျက်စီးစေချင်နေတဲ့ လူမလား ဟမ်”

သူ(မ)က လက်ဖက်ရည်ခွက်ဖြင့် ပစ်ပေါက်ကာ အပြစ်ဆိုလေသည်။

“ငါ့ရဲ့ ယွီစံအိမ်က ဘာလို့ နင့်လို အရှက်မရှိတဲ့ ကောင်မကို မွေးထုတ်ခဲ့တာလဲ”

ယွီစီးယွီ့ရဲ့ နဖူးက ယောင်ကိုင်းနေပေမယ့် သူ(မ)က နောင်တမရပေ။ သူ(မ)က ဆက်တိုက် ခယတောင်းပန်လေသည်
“အဖွားက ကူညီပြီး ဒီမြေးမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ၊ မြေးမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းပန်ပါတယ်၊ သမီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းပန်ပါတယ်၊ အဖွားရဲ့ ကြင်နာမှာကို တစ်သက်လုံး အမှတ်ရနေပါ့မယ်… “

မဒမ်အိုကြီးက အချိန်အကြာကြီး ဆွံ့အနေပြီးနောက် အေးတိအေးစက် လေသံနှင့် ပြောလေသည်။
“နင်က စိတ်ဆုံးဖြတ်ပြီးမှတော့ ငါက ကူညီရတော့မှာပေါ့၊ ဖေရှီကို လူကိုယ်တိုင်ဖိတ်ပြီး မင်္ဂလာကိစ္စ ဆွေးနွေးပေးမယ်၊ ငါ့ကြင်နာမှုတွေကို နင် မှတ်ထားစရာ မလိုပါဘူး၊ နောက်ဆုံးအချိန်အထိ နင့်စကားကို နင် ပြန်မရုတ်သိမ်းဖို့ ငါမျှော်လင့်တယ်”

“ဒီမြေးမ ဘယ်တော့မှ စကားကို ပြန်မရုတ်သိမ်းပါဘူး”

ယွီစီးယွီ့ ချက်ချင်း ပြန်ချေပခဲ့သည်။

မဒမ်အိုကြီးက သူ(မ)ကို အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် လက်ဝေ့ယမ်းပြကာ ထွက်သွားခိုင်းလိုက်သည်။

မာမောမောက စိတ်လှုပ်ရှားစွာ မေးလေသည်။
“မဒမ်ကြီး တကယ်ပဲ မမကြီးကို ဖန်းမိသားစုနဲ့ လက်ထပ်ခွင့်ပြုတော့မှာလား၊ ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဧကရာဇ်က သူ့မြေးတွေ အန္တရာယ်ပေးခံရမှတော့ ဒေါသပုံချတဲ့အနေနဲ့ တော်ဝင်ခုံရုံးကို ရှင်းထုတ်လိမ့်မယ်၊ နောက်၃လကြာရင် ဆားအခွန်ကိစ္စ ဖြေရှင်းပြီးလို့ ဖန်းမိသားစုလည်း လွတ်မှာ မဟုတ်ဘူး၊ ဖန်းကျီ့ချန်ရဲ့ စာသင်သားရာထူး အသစ်လေးလည်း သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြောင့် ရုတ်သိမ်းခံရမှာ စိုးရတယ်၊ သူက သာမာန်အရပ်သား ဖြစ်လာပြီး သူ့ရဲ့ တရားဝင် အသက်မွေးလမ်းကြောင်း ပျက်စီးလိမ့်မယ်၊ ဧကရာဇ်က ငါတို့မှူးမတ်စံအိမ်ကို သံသယဝင်မှာ စိုးရိမ်စရာ မလိုဘူး၊ ယွီစီးယွီ့ကို လက်ထပ်ခွင့်ပေးလို့ ရတယ်၊ သူပဲ ငိုယိုပြီး တောင်းပန်ခဲ့တာ မဟုတ်လား၊ ငါက ကူညီပြီး ဖြည့်ဆည်းပေးတာပဲ”

မာမောမောက အချိန်အကြာကြီး ဆွံ့အနေခဲ့သည်။ ယွီစီးယွီ့က သနားစရာကောင်းကာ မုန်းဖို့ကောင်းသည်ဟု သူ(မ)ခံစားရသည်။ ထိုသို့ စိတ်လိုက်မာန်ပါ မလုပ်ပါက သင့်လျော်တဲ့မိသားစုနှင့် လက်ထပ်ကာ အေးချမ်းတဲ့ဘဝကို ရနိုင်သည်။ မဒမ်ကြီးသာ သူ(မ)ကို ဖန်းမိသားစုနှင့် တကယ် လက်ထပ်ခွင့်ပြုလိုက်ပါက သူ(မ) ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။
…..

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset