TYCDTN
Chapter 34
ဖန်းကျီ့ချန်က သူနေသည့်အိမ်ကို ပြန်သွားကာ လူတစ်ယောက်ဖြင့် ဖေရှီကို အမြန်လေး အခေါ်လွှတ်လိုက်သည်။
ဖေရှီက စိတ်ဓာတ်ကျနေသော အမူအရာဖြင့်ဝင်လာကာ ပြောလေသည်
“သားရယ် နင်နဲ့ မှူးမတ်စံအိမ်က သမီးကြီးဖြစ်သူနဲ့ လက်ထပ်ပွဲ မဖြစ်မြောက်မှာ အမေစိုးရိမ်လိုက်တာ”
မူလက စိတ်လှုပ်ရှားမှုတွေ ပြည့်နက်နေသည့် ဖန်းကျီ့ချန်က ထိုစကားကိုကြားတော့ ပြုံးကာ ပြောလေသည်
“တစ်ခုခုဖြစ်လို့လား”
“နင်တို့၂ယောက်ရဲ့ မွေးဖွားဇာတာက မကိုက်ညီဘူး၊ တကယ်လို့ ၂ယောက်သား လက်ထပ်မယ်ဆိုရင် ကပ်ဘေးဆိုက်တာတို့ အဲထက်ပိုဆိုးတာတို့ ဖြစ်လိမ့်မယ်၊ အနာဂတ်မှာ ဆင်းသက်လာမယ့် သားသမီးတွေကိုလည်း အန္တရာယ်ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် လက်ထပ်ဖို့ မဖြစ်နိုင်ဘူး ယွီမိသားစုကလည်း မွေးဖွားဇာတာကြီး ပြန်ပို့လာပြီ”
“အမေ သားရဲ့မွေးဖွားဇာတာကို ပို့ပြီး ဘာလို့ ထပ်မစစ်ခိုင်းတာလဲ”
“ဘာစစ်စရာရှိလို့လဲ၊ နင်တို့မွေးဖွားဇာတာကို ပိုင်ယွင်ဘုန်းကြီးကျောင်းက မသေမျိုးဘုန်းကြီးနဲ့ စစ်ခိုင်းပြီး သူ့စစ်ဆေးမှုက မှန်တယ်”
ဖေရှီက ထပ်ခါထပ်ခါ လက်ခါယမ်းပြခဲ့သည်။
“သားရဲ့မွေးဖွားဇာတာနဲ့ ယွီမိသားစုက တရားဝင်သမီးလေးနဲ့ မွေးဖွားဇာတာချင်း ကိုက်ညီလားလို့ စစ်ဆေးခိုင်းတာ”
ဖန်းကျီ့ချန်ရဲ့ နားထိပ်လေးတွေက နီရဲနေသည်။ သူက မသဲမကွဲ ပြောလေသည်>
“သား သူ့ကို ရေကန်ဘေးမှာ တွေ့ခဲ့တာ၊ သား သူ့ကို အရမ်းသဘောကျတာပဲ၊ ဒီသားရဲ့ဆန္ဒကို အမေဖြည့်ဆည်းပေးဖို့ တောင်းဆိုပါရစေ”
ဖေရှီက အစကတော့ ပျော်သွားပြီးနောက် တုံ့ဆိုင်းသွားလေသည်။
“သားရယ် နင်က တရားဝင်သမီးကို လက်ထပ်ချင်တာတော့ ကောင်းပါတယ် ဒါပေမဲ့ သူက လမ်းမှ မလျှောက်နိုင်တာ၊ နင့်ရဲ့အတွင်းရေးကိစ္စတွေကို ဘယ်သူက တာဝန်ယူမှာလဲ၊ ဘယ်သူက နင့်ကို ကလေးမွေးပေးပြီး စောင့်ရှောက်ပေးမှာလဲ၊ ဘယ်သူက နင့်ကိုပြုစုမှာလဲ၊ ပြဿနာတွေ အများကြီးရှိတယ်၊ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး၊ သူ ဘယ်လောက်လှလှ အသုံးမဝင်ဘူး”
ဖန်းကျီ့ချန်က ဘေးကြပ်နံကြပ် ဖြစ်သွားပေမယ့် ယွီရှန်းရဲ့ လှပကာ ဆွဲဆောင်မှုရှိသည့် မျက်နှာလေးကိုလည်း မမေ့နိုင်သေးပေ။ သူက အကြာကြီးစဥ်းစားပြီးနောက် ပြောလေသည်
“အမေ ညီမတစ်ဝမ်းကွဲကို အရင်ယူမယ်လေ၊ သူ့ကိုသားရဲ့ တစ်ကိုယ်ရေတစ်ကာယ အလုပ်တွေကို သူ့ကို လုပ်ခိုင်းမယ်၊ ကလေးမွေးခိုင်းပြီး ပြုစုပျိုးထောင်ခိုင်းမယ်၊ မိန်းကလေးယွီကိုတော့ သားရဲ့ ပထမဇနီးမယားအဖြစ် အေးချမ်းစွာပဲ နေထိုင်ခိုင်းမယ်လေ”
ဆားခွန်စစ်ဆေးသည့် ကိစ္စကြောင့်သာ မဟုတ်ရင် ဖေရှီက သူ(မ)သားကို သူ(မ)ရဲ့ တူမနှင့် လက်ထပ်ခိုင်းပြီးပြီ ဖြစ်ပြီး လက်ထပ်ပွဲကို အကြောင်းပြပြီး စီးပွားရေး လုပ်နေစရာ မလိုပေ။ ထိုစကားကို ကြားတော့ ဖေရှီက အလွန်ပျော်သွားကာ လက်ခုပ်လက်ဝါးတီးလျက် အဆက်မပြတ် ပြောလေသည်။
“ကောင်းတယ် သိပ်ကောင်းတယ် ဒီလိုပဲလုပ်ကြတာပေါ့၊ အစ်မကြီးကို စာပို့ပြီး မြန်မြန် စီစဥ်ခိုင်းထားလိုက်မယ်”
ဖေရှီရဲ့ ခဲအိုက အစောကြီးကတည်းက ကွယ်လွန်သွားခဲ့ကာ ကျန်ခဲ့သည့် အစ်မကြီးနှင့် သူ(မ)ရဲ့ တရားဝင်သမီးဖြစ်သူက အသက်ရှင်ဖို့ ကြိုးစားရုန်းကန်ခဲ့ရသည်။ ဖေရှီနှင့် အစ်မကြီးရဲ့ ရင်းနှီးသည့်ဆက်ဆံရေးကြောင့် စံအိမ်တော်ရဲ့ အနီးအနားမှာ အိမ်ဆောက်ပေးခဲ့ကာ စောင့်ရှောက်ပေးခဲ့သည်။ တူမဖြစ်သူကိုလည်း သမီးအရင်းသဖွယ် ပျိုးထောင်ပေးခဲ့သည်။ ညီမ၂ယောက်က အပွင့်အလင်း မပြောသော်လည်း ကလေး၂ယောက်ကို လက်ထပ်ပေးချင်သည့် ရည်ရွယ်ချက်ရှိသည်။ သူ(မ)က ကိုယ်လုပ်တော်အဖြစ်သာ နေရသော်လည်း ယွီရှန်းကလည်း အလှအပ သက်သက်ဖြစ်သည်။ အစ်မကြီးကို သေချာရှင်းပြပါက သူ(မ) သဘောတူလောက်မည်။
ဖန်းကျီ့ချန်က ခဏလောက်တွေးပြီးနောက် တုံ့ဆိုင်းစွာပြောလေသည်။
“မဖြစ်ဘူး ညီမတစ်ဝမ်းကွဲကို လက်ထပ်မယူခင် မိန်းကလေးယွီကို အရင်လက်ထပ်ရမယ်၊ ဒါမှ ယွီမိသားစုက မကျေမနပ် မဖြစ်မှာလေ”
ဖေရှီက မပျော်မရွှင် ဖြစ်သွားကာ သရော်လေသည်။
“ဘာကို မကျေနပ်စရာရှိလဲ၊ အဲဒီမသန်မစွမ်းကို ငါတို့ယူတာက သူတို့မိသားစုမျိုးဆက်အတွက် ကောင်းချီးမင်္ဂလာပါ၊ နင်က ဘုရင်ကြီးခန့်အပ်ထားတဲ့ တတိယအဆင့် စာသင်သား၊ နင်က ရုပ်ချောပြီး အရည်အချင်းရှိရုံတင် မကဘူး တောက်ပတဲ့ အနာဂတ်လည်း ရှိတယ်၊ လက်ထပ်ချင်တဲ့လူကို ဘာကို လက်ထပ်လို့မရမှာလဲ၊ ငါ့ရဲ့ထူးချွန်ထက်မြက်တဲ့သားက သူတို့အိမ်က မသန်မစွမ်းကိုယူဖို့ ဆန္ဒရှိတာကိုပဲ သူတို့မိသားစုက ဂုဏ်ယူနေရဦးမယ်”
ဖေရှီက သူ(မ)သားရဲ့ ပုခုံးကိုပုတ်ကာ
“သား သူတို့မိသားစု ဘယ်လောက် ကြီးကျယ်ခမ်းနားလည်းဆိုတာ မကြည့်နဲ့၊ ယွီရှန်းရဲ့ ဒီကခန္ဓာကိုယ်နဲ့ဆိုရင် သူ့ကိုဒီဘဝ လိုချင်တဲ့လူတောင် ရှိမှာမဟုတ်ဘူး၊ ငါတို့ဖက်ကပဲ သူ့ကိုကမ်းလှမ်းတာရှိမှာ၊ နင့်အဖေ အကျပ်အတည်းက ထွက်နိုင်ပြီး နင်လည်း ဘဝလမ်းကြောင်း တဟုန်ထိုးတောက်ပသွားတဲ့အချိန်ကျရင် အဲဒီမသန်မစွမ်းကို ဒီအိမ်ရဲ့ သခင်မကြီးရာထူးကို မပေးနိုင်ဘူး၊ သားက မိန်းကလေးတွေကြားမှာ တော်တော် ရေပန်းစားတော့ အမေက မျိုနွယ်စုခေါင်းဆောင်ကြီးကို ချန်အာအတွက် ကိုယ်လုပ်တော်က မွေးတဲ့ကလေးက အမွေဆက်ခံတဲ့ရာထူးရဖို့ တောင်းဆိုပေးလို့ရတယ်၊ သူက ငါတို့လက်ထဲရှိနေရင် ရပြီ”
နားထောင်ပြီးတာတောင် ဖန်းကျီ့ချန်မှာ ယုံကြည်ချက် မရှိပေ။ သူက လက်ယမ်းပြကာ
“မဖြစ်ဘူး မဖြစ်ဘူး မှူးမတ်ကြီးသိသွားရင် ဇာချဲ့ပြီး လည်ပတ်ခွင့်ပါ မပေးဘဲနေဦးမယ်”
“ယွီရှန်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပြီး သူ့တစ်ဘဝလုံး ဘယ်သူမှ လင်မထပ်စေချင်ရင် လုပ်ချင်တာ လုပ်ပါစေလေ၊ ငါတို့က သူ့ကို ဘာကြောက်ရမှာလဲ၊ စိတ်မပူနဲ့ ငါပတ်မေးကြည့်ပြီးပြီ၊ သူက ယွီရှန်းကို အရမ်းအလိုလိုက်ပြီး တော်တော်ချစ်တယ်တဲ့၊ ယွီရှန်းသာ ငါတို့လက်ထဲမှာဆိုရင် သူ့ရဲ့အားနည်းချက်ကို ဆုပ်ကိုင်ထားတာနဲ့ အတူတူပဲ၊ ကြွက်ကိုရှင်းချင်ရင်တောင် ကျောက်စိမ်းပန်းအိုးကြီးကို စိုးရိမ်ရတယ်မလား၊ နင်မြို့တော်တွင်းဖြစ်ဖြစ် မြို့တော်ပြင်ပဖြစ်ဖြစ် ခန့်အပ်ခံခဲ့ရရင် ဒါမှမဟုတ်လည်း အပြောင်းကျခဲ့ရင် သူနဲ့ သွားညှိနှိုင်းကြည့်၊ ယွီရှန်းအတွက်ဆိုရင် သူငြင်းမှာမဟုတ်ဘူး”
ဖေရှီကတော့ ဥမပေါက်ခင်ပင် ကြက်ကလေးတွေကို ကြိုရေတွက်နေကာ ရယ်လိုက်သည်။
ဖန်းကျီ့ချန်ကလည်း တွေးတောပြီးနောက် မှန်သည်ဟု ထင်လိုက်သည်။ လက်ထပ်သွားတဲ့သမီးက မိသားစုအိမ်နှင့် မဆိုင်တော့ပေ။ သမီးဖြစ်သူကို ကောင်းမွန်စွာ နေထိုင်စေလိုပါက သမက်ဖြစ်သူကို ကောင်းကောင်း ဆက်ဆံရမည်။ ယွီရှန်းရဲ့မိသားစုက ဂုဏ်သရေ ကြီးမားသော်လည်း ယွီရှန်းကတော့ ကွာရှင်းဖို့လွယ်ပြီး သူ(မ)က တခြားလူတွေနှင့် ကွာခြားသည်။ သူ(မ)က မသန်မစွမ်းဖြစ်သည်။ ဖန်းမိသားစုရဲ့ ကွာရှင်းမှုကိုသာ ခံလိုက်ရပါက သူ(မ)တစ်ဘဝလုံး အဆုံးသတ်ပြီ ဖြစ်သည်။ ဒါ့အပြင် ယွီဖင်ယန်ကလည်း သူ(မ)ကို အလွန်ဂရုစိုက်တာမလို့ ယွီရှန်း ခံစားရအောင် လုပ်မည်မဟုတ်ပေ။
သူတို့တွေက တွေးလေလေ ဖြစ်နိုင်ချေရှိသည်ဟု ခံစားမိလိုက်ကြသည်။ မဒမ်အိုကြီးဆီ ချက်ချင်း မွေးဖွားဇာတာ ပို့လိုက်ရင် မကောင်းဘူးဟု ခံစားရတာကြောင့် ခဏလောက် သည်းခံနေလိုက်ကြသည်။
တစ်ဖက်မှာလည်း ယွီရှန်းရဲ့ ကံတရားက ကြိုသတ်မှတ်ထားသည့် လက်ထပ်စာချုပ် ရောက်လာတာကို သူ(မ)သိသွားခဲ့သည်။ မဒမ်အိုကြီးကို အရိုးထဲကထိ မုန်းနေကာ အကြံအစည် မထွက်မလာမချင်း အခန်းထဲမှာပဲ ပုန်းနေခဲ့သည်။
ဖေရှီတို့သားအမိက သူ(မ)ကို တွေးလိမ့်မည်ဟု မထင်ခဲ့ဖူးပေ။ လက်ဖက်ရည် သောက်ပြီးနောက် နံပါတ်၉မင်းသမီးနှင့် ဖန့်ကျောင်းကျောင်းကို နှုတ်ဆက်ကာ အစေခံဖြင့် သူ(မ)ကို ပြန်ပို့ခိုင်းလိုက်သည်။
သူ(မ)ရဲ့ခြံထဲကို ရောက်မည့်အချိန်မှာပဲ အနောက်ကနေ နူးညံ့ညှင်သာသည့် အသံကိုကြားလိုက်ရလေသည်
“ရှန်းအာ စကားပြောလို့ရမလား”
ယွီရှန်းက လှည့်ကြည့်ကာ မျက်မှောင်ကြုပ်ပြီး ပြောလေသည်။
“ချန်ယာဖူ”
သူ(မ)ကို မတွေ့တာ ၃နှစ်ကြာပြီဖြစ်သည်။ ချန်ယာဖူရဲ့ရုပ်ရည်က ပိုဆွဲဆောင်မှု ရှိလာသည်။ သို့ပေမယ့်လည်း ယွီရှန်းရှေ့ရောက်ရင်တော့ သူ(မ) ရုပ်ရည်က သာမာန်လောက်သာ ရှိသည်။
ချန်ယာဖူက ဖြစ်ညှစ်ပြုံးကာ ထပ်ပြောလေသည်။
“ရှန်းအာ စကားပြောလို့ရမလား”
ယွီရှန်းက သူ(မ)ပြောမည့် စကားကို အကြမ်းဖျင်းခန့်မှန်းမိတာကြောင့် သူ(မ)ရဲ့ နှုတ်ခမ်းထောင့်ကို လက်ညှိုးဖြင့်ထိကာ ပြောလိုက်သည်။
“အထဲသွားရအောင်”
သခင်ဖြစ်သူနဲ့အစေခံ၂ယောက်နောက်ကနေ ချန်ယာဖူက ခြံထဲလိုက်ဝင်သွားခဲ့သည်။ အခန်းထဲမှာ စကားမပြောခိုင်းဘဲ ခြံထဲပတ်လျှောက်နေပြီး ကျိုင်းကောင်ပင်အောက်မှာ ရပ်လိုက်သည်။ ထို့နောက် သိပ်မဝေးသည့်နေရာက မြူဆိုင်းနေသည့် တောင်တွေကို ကြည့်နေလိုက်သည်။
ယွီရှန်းက စပြီးစကားပြောဖို့ ရည်ရွယ်ချက် မရှိတာကြောင့် ချန်ယာဖူက သိပ်မဝေးသည့်နေရာမှာ ရပ်နေသည့် ယွီရှန်းရဲ့ အစေခံ၂ယောက်ကို မောင်းထုတ်ချင်ဟန်ဖြင့် အချက်ပြလိုက်သည်။
သို့ပေမယ့် ထောင်ဟုန်နှင့်လျိုလွီ့က တစ်စက်မှ မလှုပ်ခဲ့ပေ။
ချန်ယာဖူက ယွီရှန်းကို အသနားခံသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။ ယွီရှန်းက ပျင်းရိပျင်းတွဲ လက်ခါပြလိုက်မှ ခြံရဲ့တံခါးနား ပြန်ဆုတ်သွားခဲ့သည်။ တခြားရဲ့ဘယ်ဖက်နဲ့ညာဖက်မှာ တစ်ယောက်စီရပ်နေပုံက တံခါးစောင့်နတ်နှင့်တူနေကာ သူတိူ့ရဲ့ သခင်ဖြစ်သူကို စောင့်ကြည့်နေကြသည်။
“ပြောစရာရှိရင်ပြော၊ ဝေ့လည်ကြောင်ပတ်လုပ်ပြီး ပြောတာတွေကို နားထောင်ဖို့ အချိန်မရှိဘူး”
ယွီရှန်းက မေးပင့်လိုက်သည်။
အစက ချန်ယာဖူက အဓိက အကြောင်းမပြောခင် စကားစမြည် ပြောချင်ခဲ့သေးသည်။ ထိုစကားကို ကြားတော့ သူ(မ)က ချက်ချင်းပြောလေသည်
“ရှန်းအာ နောက်လကျရင် ငါ ပူဆွေးခြင်း အထိမ်းအမှတ် ဝတ်စုံကို ချွတ်ရတာ့မှာ သိတယ်မလား”
“သိတယ်လေ”
ယွီရှန်းက ခေါင်းငုံ့ကာ နီရဲနေသည့်လက်သည်းတွေကို သဘောကျစွာ ကြည့်နေသည်။
“နင့်အစ်ကိုကြီးဆီကို ဒီစာလေး ပေးပေးလို့ရမလား၊ အဲတုန်းက အစီအစဥ်တွေ အကုန်လုံးက အဖေ့ရဲ့အစီအစဥ်တွေပါ၊ အားနည်းတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သူများရဲ့သက်ညှာမှုအောက်မှာ နေရတာလေ၊ နင့်အစ်ကိုကို အတုအယောင်ချစ်ခဲ့တာ မဟုတ်ပါဘူး၊ အထင်လွဲခဲ့တာတွေကို သူငါ့ကို ရှင်းပြခွင့်လေး ပေးစေချင်တယ်၊ နင်လည်း သိတာပဲ ငါက ဒီနှစ်ဆိုရင် အသက်၁၉လေ၊ အခုအချိန်မှ စေ့စပ်တာကို ဖျက်မယ်ဆိုရင် ငါ့တစ်ဘဝလုံး တခြားလူတွေနဲ့ တွေ့နိုင်တော့မှာ မဟုတ်ဘူး၊ နင်လည်း မိန်းကလေးပဲဆိုတော့ ငါ့ရဲ့နာကျင်မှုတွေကို နင်ခံစားနားလည် ပေးလို့ရပါတယ်၊ အရင်တုန်းက အစ်မကြီး မလုပ်ခဲ့သင့်တဲ့အမှားကိုလည်း နားလည်နေပါပြီ၊ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကူညီပေးပါ”
စကားပြောရင်း ချန်ယာဖူက မျက်ရည်လေးကျနေကာ စာအိတ်အနီကို လက်၂ဖက်ဖြင့် ကမ်းပေးနေသည်။
“တောင်းပန်ပါတယ် ငါက ဒီဘဝ လက်ထပ်ဖို့ မစဥ်းစားထားတော့လေ နင့်နာကျင်မှုတွေကို နားမလည်ပေးနိုင်ဘူးဟယ်”
ယွီရှန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ယွီရှန်းရဲ့ အပြင်ပန်း အမူအရာက မသိသလို အပြစ်ကင်းရိုးသားနေပေမယ့် ရင်ထဲမှာတော့ ဒေါသတွေ အုံကြွနေသည်။
ချန်ယာဖူရဲ့ ဝမ်းနည်းနေသည့် အမူအရာက တောင့်တင်းသွားလေသည်။
ယွီရှန်းက နှုတ်ခမ်းတွေ ကော့တက်အောင် ထေ့ငေါ့စွာပြုံးလျက် ပြောလေသည်
“ကိုယ်ပဲ ထိခိုက်နစ်နာချင်ယောင်ဆောင်ပြီး သူများရဲ့ သနားညှာတာမှုမျိုးကို ယူမယ့် အကွက်တွေ ငါ့အပေါ် လာမသုံးနဲ့၊ နင့်လိုလူက အစ်ကိုကြီးကို လက်ထပ်ချင်တာလား၊ တန်လားမတန်လားဆိုတာ မှန်ထဲလည်း ကိုယ့်ဘာသာ ပြန်ကြည့်လိုက်ဦး၊ တတိယဦးလေးရဲ့ တရားဝင်သမီးဆီ ကပ်ပြီး သူ့ကို ညီမလေးလို့ ခေါ်တာက နင့်အဖေ တွန်းအားပေးခဲ့တာလား၊ သားအမိတွေလို ရင်းနှီးအောင် တတိယအန်တီဆီ ချည်းကပ်ခဲ့တာကော နင့်အဖေ ဖိအားပေးခဲ့တာလား၊ မီးပုံးပွဲမှာ ယွီဖင်ဟုန်နဲ့ ရည်းစားစာ လဲခဲ့တာကော နင့်အဖေ ဖိအားပေးခဲ့တာလား၊ နင်က သူတို့အိမ်တံခါးပေါက်ကို ခြေတစ်လှမ်း လှမ်းခဲ့ပြီးတာတောင် ငါတို့မှူးမတ်စံအိမ်တော်က သတိမထားမိဘူးလို့ နင်ထင်နေတာလား၊ အဖိုးဘာတွေ လုပ်ခဲ့လဲဆိုတာ နင်မတွေးမိဘူးလား၊ ငါ့အစ်ကိုကြီးရဲ့လက်အောက်မှာ ရေရှည်ကိစ္စတွေအများကြီးရှိတယ်၊ အစ်ကိုကြီးက နင့်ရဲ့မကောင်းတဲ့ လုပ်ရပ်မှန်သမျှ အကုန်မှတ်မိတယ်၊ တစ်ဖက်မှာ နင်က ယွီဖင်ဟုန်နဲ့ အီစီကလီ လုပ်နေတယ်၊ တစ်ဖက်မှာလည်း ငါ့အစ်ကိုကြီးကို ဆုပ်ကိုင်ထားပြီး ထွက်သွားခွင့် မပေးခဲ့ဘူး၊ လှေလံ၂ခွနင်ပြီး တန်းလန်းကြီးနဲ့ ပေါင်ပြဲသေမှာ မကြောက်ဘူးလား”
ချန်ယာဖူက မျက်ရည်တွေမျက်လုံးထဲ ပြန်ဝင်သွားသည်အထိ ထိတ်လန့်သွားခဲ့သည်။
ယွီရှန်းက စာကိုင်ထားသည့်လက်ကို ပုတ်ထုတ်လိုက်သည်။ သူ(မ)က မျက်ခုံးပင့်ကာ ပြောလေသည်
“အရင်တုန်းက ငါ့အစ်ကိုကြီးမှာ ဘာမှမရှိခဲ့ပေမယ့် တတိယဦးလေးက ဝန်ကြီးလေ၊ ယွီဖင်ဟုန်ကလည်း ဘုရင်မြှောက်စားတာခံရတဲ့ အရည်အချင်းရှိ စာသင်သားကို၊ သူတို့မိသားစုက မှူးမတ်ကြီး ဖြစ်လာလိမ့်မယ်လို့ နင်တို့ကျင့်ကော်မြို့စားအိမ်က တွေးမိတာလည်း မမှားပါဘူး၊ သူ့ကို နင်သဘောကျ ချစ်ခင်တာကို ငါ မခံစားရဘဲ နင့်အတွက်တော့ ငါရှက်တယ်၊ ဒါတွေက နင့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်လာရတာတွေပဲ၊ ငါ့အစ်ကို အခက်အခဲ ရောက်နေတုန်းက နင်သာ သူ့ကို အားပေးထောက်ပံ့ခဲ့မယ်ဆိုရင် ဒီနေ့လို သူက နင့်ကို ပစ်ပယ်ထားမှာ မဟုတ်ဘူး”
သူ(မ)က ခေါင်းငုံ့ကာ ပိုက်ဆံအိတ်ထဲက ငွေချောင်းကို ထုတ်ကာ ချန်ယာဖူရဲ့ လက်ထဲ ထိုးပေးလိုက်သည်။ သူ(မ)က အလေးအနက် ပြောလေသည်။
“နောက်နှစ်ဆိုရင် မယ်မယ်မိဖုရားကြီးရဲ့ အသက်၇၀ပြည့်မွေးနေ့ရှိတယ်၊ မယ်မယ်မိဖုရားအတွက် ဘုရင်ကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးမှာ၊ ငါ့ရဲ့တတိယဦးလေး မိသားစုလည်း ပြည်နှင်ဒဏ်ကနေ သေချာပေါက် ပြန်လာရလိမ့်မယ်၊ ဒါဆို နင်နဲ့ယွီဖင်ဟုန်ရဲ့ ဆက်ဆံရေးလည်း ရှေ့ဆက်လို့ရပြီ၊ ငါကကြိုပြီး ဂုဏ်ပြုပေးပါတယ်၊ အောင်သွယ်တော်ခအတွက် ငါကူပေးပါ့မယ်၊ ငါ့ကိုအားမနာနဲ့”
ထိုစကားတွေကို ယွီရှန်းက အလွန်ချိုမြနေသော အပြုံးဖြင့် ပြောခဲ့သည်။
အစ်ကိုကြီးက အလွန်ထူးချွန်တာမလို့ သူလိုချင်သည့်မိန်းမကို လက်ထပ်ယူလို့ ရတယ်။ သွေးနားထင်ရောက်ပြီး စိတ်ပြောင်းလွယ်တဲ့ မိန်းမကို ဘာလို့ ယူရမှာလဲ။ နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး မယုံဘူး၊ ခက်ခဲနေချိန်မှာ ခွန်အားမပေးဘူး၊ အချစ်တွေ ပုံအောပြီး ပျော်ရွှင်အောင် မထားနိုင်ရင် တောင်းပန်ပါတယ် လစ်လိုက်တော့။
ကောင်မလေးက လှပစွာ ပြုံးနေခဲ့သည်။ သို့ပေမယ့် ချန်ယာဖူရဲ့မျက်လုံးထဲမှာတော့ နတ်ဆိုးထက်တောင် မုန်းဖို့ကောင်းနေသေးသည်။ သူ(မ)က အကျင့်မကောင်းဘဲ ကိုင်တွယ်ရခက်တာကို သိပေမယ့် ဒီလောက်ကြမ်းတမ်းသည့် စကားလုံးတွေဖြင့် တိုက်ခိုက်လာမည်ဟုတော့ မထင်မိခဲ့ပေ။ သို့ပေမယ့်လည်း သူ(မ)ပြောသည့် စကားတွေက အကုန်အမှန်တွေပဲမလို့ ချန်ယာဖူ ပြန်မငြင်းနိုင်ခဲ့ပေ။ သူ(မ)က လူပုံအလယ်မှာ အဝတ်တွေ အကုန်ပြဲကာ ကိုယ်တုံးလုံးဖြစ်ပြီး အရှက်ကွဲသလို ခံစားနေရသည်။ သို့ပေမယ့် ယွီရှန်းကိုမှ လာမရှာရင် ယွီဖင်ယန်ကို ဘယ်သူက သူ(မ)ပြောတာကို နားထောင်အောင် လုပ်ပေးနိုင်မှာလဲ။ သူ(မ)တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
ချန်ယာဖူက ငွေချောင်း၅ချောင်းကိုင်ကာ ကြောင်အမ်းနေပြီး လက်ချောင်းတွေက တော်တော်လေး တုန်ယင်နေသည်။ ယွီဖင်ယန်က သူ(မ)လုပ်ခဲ့တာတွေနှင့် ဟာသကောင်လို ဆက်ဆံခဲ့တာတွေကို မသိဘူးလို့ ထင်ခဲ့ပေမယ့် သူက အကုန်သိနေခဲ့သည်။
သူ(မ)တစ်ဘဝလုံး ဟာသကောင်လို ဆက်ဆံသွားတာ အဆင်ပြေပေမယ့် ယွီမိသားစုရဲ့ စေ့စပ်မှု ဖျက်သိမ်းတာကိုတော့ ခွင့်ပြုလို့မရပေ။ မဟုတ်ပါက ကျင့်ကော်မြို့စားစံအိမ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကာ လူတွေနှင့် တွေ့ရဲတော့မည်မဟုတ်ပေ။ ဒါ့အပြင် ယွီဖင်ယန်က လက်ရှိမှာ တပ်မှူးကြီးဖြစ်သည်။ သူ့အာဏာက တစ်နိုင်ငံလုံး ပျံ့နေသည်ဟု ပြောလို့ရသည်။ ဒီစေ့စပ်မှု ပျက်သွားပါက ယွီဖင်ယန်လို ယောက်ျားကောင်းကို ဘယ်နေရာမှာ သွားရှာရမည်နည်း။ တစ်နိုင်ငံလုံး သူ(မ)ကို ဟာသလုပ်မှာထက်စာရင် မှူးမတ်စံအိမ်တော်ရဲ့ ဟာသလုပ်တာကိုပဲ ခံမည်။ ဒီနေ့ကြုံရသည့် အရှက်ကွဲမှုတွေ ပြီးဆုံးပါက အနာဂတ်မှာ အခြေခိုင်ပြီ ဖြစ်သည်။
သူ(မ)မျက်လုံးထဲက မလိုလားမှုတွေကို မြင်နေရပေမယ့် ယွီရှန်းက ဂရုမစိုက်ပေ။ သူ(မ) လျိုလွီ့နဲ့ထောင်ဟုန်ကို လက်ဖြင့် အချက်ပြလိုက်သည်။ သို့ပေမယ့် သူတို့အထက်က ပိုးကောင်တွေက ဒလဟောစီးကျကာ မျက်နှာနဲ့ခေါင်းပေါ်ကို ကျရောက်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူ(မ)ရဲ့ ခေါင်းအထက်ကနေ မကျေမနပ် အသံထွက်လာလေသည်။
“ငါ့အစ်မကြီးကိုများ အရှက်ခွဲရဲတယ်ပေါ့၊ ငါ့အစွမ်းကိုသိစေရမယ်”