TYCDTN
Chapter 33
သိပ်မကြာခင်က အိမ်ရှေ့စံမင်းသမီးက တကယ်ကို ခက်ခဲသည့်ကာလကို ရင်ဆိုင်ခဲ့ရသည်။ သူ(မ)သာ သာမာန်မိသားစုကလူကို လက်ထပ်ပါက အမြွှာမွေးတာက တကယ့်ကိုကောင်းသည့်အရာ ဖြစ်သည်။ သို့ပေမယ့် သူ(မ)က တော်ဝင်မိသားစုကို လက်ထပ်လိုက်တာမလို့ အခြေအနေက ဆန့်ကျင်ဖက်ဖြစ်စွာ ကွာခြားသည်။
ယောက်ျားလေး၂ယောက် သို့မဟုတ် မိန်းကလေး၂ယောက် မွေးတာက နိမိတ်မကောင်းဘူးဟု ယူဆကြသည်။ ယောက်ျားလေး တစ်ယောက် မိန်းကလေးတစ်ယောက် မွေးတာကလည်း ကောင်းသည့်နိမိတ် ဖြစ်သော်လည်း နောက်ကွယ်မှာ အန္တရာယ်ရှိသည်။ နဂါးနဲ့ သေဆုံးနေသည့်ဖီးနစ်ကို ဖွားမြင်ပါက အတိတ်နိမိတ်မကောင်းဘဲ သေဆုံးနေသည့်နဂါးနှင့် ဖီးနစ်ကို မွေးဖွားပါက ကံမကောင်းဘူးဟု ယူဆကြသည်။ အမြွှာကလေး၂ယောက်လုံး ကျန်းမာစွာ မွေးဖွားမှ သူ(မ)လည်း ခိုင်မြဲသည့် ရာထူးရမည်ဖြစ်သည်။
သူ(မ)ကို ပိုစိတ်လှုပ်ရှားစေတာက အရှေ့နန်းတော်နှင့် လက်ထပ်ပြီး ၆နှစ်ကြာတာတောင် မင်းသားမှာ သားတစ်ယောက်ပဲ ထွန်းပေါက်ခြင်း ဖြစ်သည်။ တခြားမင်းသားတွေနှင့် ယှဥ်ပါက မွေးဖွားမှုက တော်တော်လေး သနားဖွယ်ကောင်းသည်။ ဘုရင်ကြီးက တရားဝင်မယားကြီးက မွေးသည့်ကလေးနှင့် ကိုယ်လုပ်တော်ကမွေးသည့်ကလေးတွေကို ခွဲခြားဆက်ဆံသည်။ သူက အိမ်ရှေ့စံမှာ တရားဝင်ဇနီးမယားက မွေးမည့် တရားဝင်သား မရှိမှာကို အမြဲစိုးရိမ်နေသည်။ ဒါကြောင့် ဒီနှစ်တွေထဲမှာ အိမ်ရှေ့စံကို ပိုပြီး အားမရတာတွေ ဖြစ်လာခဲ့သည်။
တစ်ဖက်က ရွှီကိုယ်လုပ်တော်ရဲ့ ရည်မှန်းချက်က ပြည့်လာခဲ့သည်။ ကိုယ်ဝန်ဆောင်နေစဥ်မှာလည်း သူ(မ)စိတ်ညစ်အောင် မကောင်းသတင်းတွေ မကြာခဏ လွှင့်တတ်သည်။ ယောက်မတွေ များစွာကလည်း သူ(မ) ကိုယ်ဝန်ပျက်ကျအောင် တိတ်တဆိတ် လုပ်ကြံကြသည်။ အန္တရာယ်နဲ့ ခက်ခဲမှုတွေက ပိုကြီးထွားလာခဲ့သည်။
အိမ်ရှေ့စံမင်းသမီးက တည်ငြိမ်ယောင်ဆောင်နေပေမယ့် ဖိအားတွေကို သည်းမခံနိုင်တာကြောင့် တောက်ဘုန်းကြီးကျောင်းကို လာရောက် ဝတ်ပြုဆုတောင်း လေသည်။ လှူဒါန်းပြီးနောက် ချန်ထွင်ရှေ့မှာ နာရီဝက်လောက် ရပ်နေပေမယ့် တုတ်ချောင်း မရွေးရဲသေးပေ။ သူ(မ)က ယွီရှန်းကို ခေါ်ဝင်ခဲ့သည်။ ယွီရှန်းသာ မင်္ဂလာရှိသည့် တုတ်ချောင်းကို ရွေးမိပါက အဆင်ပြေသည်။ တကယ်လို့ မင်္ဂလာမရှိသည့် တုတ်ချောင်းကို ရွေးမိပါကလည်း တခြားလူ ရွေးတဲ့တုတ်မလို့ သူ(မ) ဘာမှမသက်ဆိုင်ဘူးဟု ကိုယ့်ဘာသာ နှစ်သိမ့်လို့ ရသည်။
တုတ်ချောင်း လက်ခံရရှိပြီးနောက် သူ(မ)ရဲ့လက်က အနည်းငယ် တုန်ယင်နေကာ မကြည့်တော့ဘဲ ဘုန်းကြီးကျောင်းက ဘုန်းတော်ကြီးကို ကမ်းပေးလိုက်သည်။
ဘုန်းတော်ကြီးက ဟမ် ဟုရေရွတ်လေသည်။ အိမ်ရှေ့စံမင်းသမီးက ချက်ချင်း ခါးမတ်သွားကာ မေးမြန်းလေသည်
“မင်္ဂလာမရှိတဲ့ တုတ်ချောင်းလား”
မဒမ်အိုကြီးက သူ(မ)ရဲ့ စိပ်ပုတီးကို တင်းကြပ်စွာကိုင်ရင်း အော်မီတော်ဖော ဟုရွတ်ဆိုနေသည်။ ထို့နောက် ဒါက တောက်ဘုန်းကြီးကျောင်း ဖြစ်တာကို ပြန်သတိရသွားပြီး အကန့်အသတ်မဲ့ ကောင်းကင်ဘုံ ဟု ပြန်ရွတ်ဖတ်လိုက်သည်။
ယွီစီးယွီ့ရဲ့ မျက်လုံးတွေက အနည်းငယ် တောက်ပနေသည်။ ယွီရှန်းမှာ မကောင်းတဲ့ကံ ရှိတာကို သူ(မ)က စောင့်မျှော်နေခြင်း ဖြစ်သည်။ ဒီလိုကံမကောင်းတဲ့ အခြေအနေကြားမှာ သူ့ကို ဘယ်သူက ဝင်ပါခိုင်းလို့လဲ။ အဖွားနဲ့ အစ်ကိုကြီး ပြောနေတဲ့ သူက ဉာဏ်ပညာထက်မြက်ပြီး အရည်အချင်းရှိတယ် ဆိုတဲ့စကားက အလွန်အမင်း ဇာချဲ့တာပဲဖြစ်မယ်။
ဘုန်းတော်ကြီးက သေချာကြည့်ပြီးနောက် ရယ်ကာ လက်ခါပြလျက်
“မဟုတ်ပါဘူး အိမ်ရှေ့စံမင်းသမီးကို ဂုဏ်ပြုပေးချင်လို့ပါ၊ ဒီကျောင်းတော်က နဂါးနဲ့ဖီးနစ် တုတ်ချောင်းကို အိမ်ရှေ့စံ မင်းသမီးတစ်ယောက်ပဲ ရွေးယူဖူးသေးတာ၊ ကြည့်ပါဦး”
စကားပြောပြီးနောက် လက်ဆန့်ထုတ်ပေးခဲ့သည်။
အိမ်ရှေ့စံမင်းသမီးက ပီတိဖြာစွာ ပြုံးလျက် ကြည့်လိုက်သည်။ ချန်ရဲ့ထိပ်ဆုံးက နဂါးပုံအမှတ်အသားဖြစ်ပြီး ဖီးနစ်ဖြင့် အဆုံးချင်း ဆက်ထားသည်။ ချန်ထိပ်မှာ ‘ဝါးက နဂါးအဖြစ် ပြောင်းပြီး ဖီးနစ်က ကောင်းကင်ဘုံကို ပျံဝဲတက်မယ်၊ တောက်အလင်းတန်းတွေက နတ်ဆိုးတွေကို ရှင်းထုတ်ပေးလိမ့်မယ်’ ဟု စာ၂ကြောင်းသာ ရေးထားသည်။ သွယ်ဝိုက်ရေးဖွဲ့ထားခြင်းက အလွန်သိသာသည်။
အိမ်ရှေ့စံမင်းသမီးက စိတ်အေးသွားလေသည်။ သူ(မ)က တုတ်ချောင်းရဲ့ထိပ်ကို ကိုင်ကာ ရယ်ခဲ့သည်။ အချိန်အကြာကြီး ခဲဆွဲနေသည့် စိုးရိမ်မှုတွေက ချက်ချင်း ပျောက်သွားခဲ့ပြီး အံ့သြစွာ ပြောလေသည်
“ရှန်းအာက တကယ့်ကိုကောင်းချီးပေးခံရတဲ့လူပဲ”
ယွီရှန်းက လက်ခါပြကာ
“ကျွန်တော်မျိုးမက ကောင်းချီးပေးခံရတာ မဟုတ်ပါဘူး၊ တောက်မသေမျိုးကသာ ကျွန်တော်မျိုးမရဲ့လက်ကို သုံးပြီး အိမ်ရှေ့စံ မင်းသမီးကို ကောင်းချီးပေးခဲ့တာပါ၊ အိမ်ရှေ့စံမင်းသမီးကသာ ကံကောင်းတဲ့လူပါ၊ ကျွန်တော်မျိုးမနဲ့ ဘာမှမဆိုင်ပါဘူး”
စကားကို ကောင်းကောင်း ပြောရသည်။ မဟုတ်ပါက နဂါးနှင့်ဖီးနစ် မမွေးဖွားလာခဲ့ပါက သူ(မ) အပြစ်တင်ခံရနိုင်သည်။ တော်ဝင်မျိုးရိုးတွေက ကျေနပ်ဖို့ခက်သည်။
“ဒီကလေးက စကားအတတ်လေးပဲ၊ ချုံးအာလည်း ပါတယ်၊ ခန်းမဆောင်အနောက်က ဘေးအခန်းမှာ အိပ်နေတာလေ၊ သူ့ကိုခေါ်ပြီး ဒီထဲပတ်သွားပါဦး ဒါမှ တစ်နေ့လုံး မအိပ်မှာ”
အိမ်ရှေ့စံ မင်းသမီးက ရယ်နေခဲ့သည်။
ယွီရှန်းကလည်း သဘောတူလိုက်ကာ နန်းတော်အစေခံ၂ယောက်ရဲ့ လမ်းပြမှုဖြင့် အနောက်ဘက် ခန်းမဆောင်ကို သွားလိုက်သည်။ မဒမ်အိုကြီးက စိတ်သက်သာရာ ရသွားပြီးမှ သက်ပြင်းချလိုက်မိသည်။ ရှန်းအာက တကယ့်ကို ကံကောင်းတဲ့ကြယ်လေးပဲ။ သူ(မ)က တိတ်တဆိတ်လေး တွေးလိုက်သည်။ သူ(မ)က အိမ်ရှေ့စံမင်းသမီးနှင့် ခဏလောက် စကားပြောပြီးနောက် ဟောခန်းက လေ့ကျူကို ရှိခိုးပူဇော်လိုက်သည်။ ထို့နောက် အတွေးများနေသည့် ယွီစီးယွီ့ဖြင့် ထွက်ခွာသွားသည်။
—-
ပိုင်ယွင် တောက်ဘုန်းကြီးကျောင်းက ကျန့်ကောဘုန်းကြီးကျောင်းလောက် မကျယ်ဝန်းသော်လည်း တောင်ထိပ်တစ်ခုလုံးကို ပိုင်စိုးထားသည်။ ထောင်ထိပ်မှာ သဘာဝရေကန်လည်းရှိသည်။ ရေကန်ထဲကရေက ကောင်းကင်အပြာရောင်လေး ဖြစ်ကာ ဘေးမှာ နေရောင်ခြည်များလည်း ကျရောက်နေသည်။ စိတ်ကူးယဥ်တာထက် ပိုလှသည်။ ရေကန်ဘေးက နည်းနည်းချောင်ကျဟန်တူသည်။ တောက်ဘုန်းကြီးကျောင်းက လက်ဖက်ရည်ဆောင်၂ထပ်ဆောက်ထားပြီး ဘေးမှာ တဲသေးသေးလေးတွေရှိသည်။ လက်ဖက်ရည်သောက်တာ ဖြစ်ဖြစ် လှေစီးတာဖြစ်ဖြစ် သင့်လျော်သည့်နေရာ ဖြစ်သည်။
ရှုခင်းလှသည့်ချိန်ဆိုရင် လူတွေလာလည်ကြသည်။ ယွီရှန်းက နံပါတ်၉မင်းသမီးနှင့် ဖန့်ကျောင်းကျောင်းတို့နှင့်အတူ လက်ဖက်ရည်ဆောင်ကို ဝင်လာတော့ ဒုတိယထပ် ပြတင်းပေါက်ဘေးနားက ခုံတွေမှာ လူပြည့်နေပြီး လှေကားအဝင်နားက စားပွဲအသေးလေးသာ နေရာလွတ်နေသည်။
နံပါတ်၉မင်းသမီးလေးက ဒီနှစ်ဆိုရင် အသက်၁၂နှစ်ရှိပြီဖြစ်သည်။ မကြာခင်မှာ အသက်၁၃ရှိတော့မည်။ သူ(မ)က ယွီရှန်းလောက် မလှသော်လည်း လှပြီး ချစ်ဖို့ကောင်းသည်။ သူ(မ)မှာ ထူးခြားသည့် မြင့်မြတ်သည့် အရှိန်အဝါရှိပြီး ပါးစပ်ဟကာ ပေါက်ကရတွေ မပြောပါက လူကိုရှိန်စေသည်။
ဖန့်ကျောင်းကျောင်းလေးက ၃ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် အရပ်အရှည်ဆုံးနှင့် အသန်မာဆုံးဖြစ်သည်။ သူ(မ)က မျက်ခုံးထူထူ မျက်လုံးကြီးကြီးနှင့် မိန်းမသူရဲကောင်း အသွင် ရှိသည်။ သူ(မ)ရဲ့ခါးမှာ မြွေမြီးကြာပွတ်ကို ဝတ်ဆင်ထားသည်။ နံပါတ်၉မင်းသမီးကို တစ်စုံတစ်ယောက်က မလေးမစား လုပ်ပါက ထိုကြာပွတ်ကို ထုတ်ကာ သုံးတတ်သည်။ မြို့ထဲကကောင်မလေးတွေက သူ(မ)ကို ‘လူမိုက်’လို့ နာမည်ပြောင် ပေးတာကိုသိတော့ မရှက်ဘဲ ဂုဏ်တောင်ယူနေသေးသည်။
မျာပြားလွန်းသည့် ဧည့်သည်တွေကြောင့် ဘုန်းတော်ကြီးက အမျိုးသမီးဧည့်သည်တွေကို လက်ဖက်ရည် အဆောင်ပေးပြီး ဘေးက တဲငယ်လေးတွေက အမျိုးသားဧည့်သည်တွေနေပြီး ရေကန်ကြီးက သူတို့ကို စိတ်အပန်းဖြေစေသည်။
အမျိုးသားတစ်ယောက်က စားပွဲကို အဝတ်ဖြင့် သုတ်ပြီး ဧည့်သည်၃ယောက်ကို ဖိတ်ခေါ်ထိုင်လိုက်သည်။
နံပါတ်၉မင်းသမီးလေးက ပြတင်းပေါက်နား ညွှန်ပြကာ
“အဲမှာထိုင်ချင်တယ်”
ဖန့်ကျောင်းကျောင်းက ကြာပွတ်ကို ထုတ်ကာ ထိုဝိုင်းဆီသွားပြီး စားပွဲကိုရိုက်ချကာ
“ကြားလား နံပါတ်၉မင်းသမီးက ဒီမှာထိုင်မလို့တဲ့ ဖယ်စမ်း”
ယွီရှန်းရဲ့သင်ပြမှုအောက်မှာ သူ(မ)က ကြမ်းတမ်းသည့် တကယ့်ကျားမလေး ဖြစ်လာခဲ့သည်။
မိန်းကလေး၄ယောက်က ရှက်ရှက်နှင့် ဖယ်ပေးခဲ့သည်။ ကျန်သည့်လူတွေက မတ်တပ်ရပ်ကာ အရိုအသေပေးခဲ့သည်။ နံပါတ်၉မင်းသမီးက သူတို့ကို မကြည့်ဘဲ ဘယ်သူမှ မထိရသေးသည့် အစာသွပ်မုန့်၄ခုကို ယူလိုက်သည်။ အစာသွပ်မုန့်ရဲ့ အနံ့လေးက အရမ်းမွှေးတာကြောင့် သူ(မ)က လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။
ယွီရှန်းက သူ(မ)ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူ(မ)က ပြတင်းပေါက်က နေရောင်ခြည်ကို လှည့်ကြည့်လိုက်သည်။
“ဘာဖြစ်နေတာလဲ စားလေ”
နံပါတ်၉မင်းသမီးလေးက ဆန်ကိတ်လေးယူကာ ရိုသေစွာ ကမ်းပေးလိုက်သည်။
“ကိုယ့်ဘာသာကိုယ်ပဲစားပါ ထိုင်စား မနင်စေနဲ့၊ နန်းတော်က မထွက်လာခင်က ဘာမှမစားခဲ့ဘူးလား”
“စားခဲ့တယ် သိပ်မကြာခင်က အစားစားချင်စိတ်က ပိုကြီးလာတယ်၊ ယောက်မနဲ့ မေမေမိဖုရားက အများကြီး မစားဖို့ တားမြစ်ထားတယ်၊ ငယ်ငယ်တုန်းကအတိုင်း ဝနေရင် နောက်နှစ်လက်ထပ်လို့ မရဘူးလို့ ပြောနေတယ်”
နံပါတ်၉မင်းသမီးလေးရဲ့ပါးက ဟမ်းစတားလေးလို တလှုပ်လှုပ်ဖြစ်နေသည်။
“သူတို့က ခြောက်နေတာ၊ ဘယ်မှာ ငယ်ငယ်တုန်းကလို ဝလို့လဲ၊ ဒါက ကြည့်လို့လှတဲ့ ဝဝပြည့်ပြည့် ကိုယ်ခန္ဓာလို့ခေါ်တယ်”
ဒီနှစ်တွေထဲ ဖန့်ကျောင်းကျောင်းက မတုံးအတော့ပေ။ သူ(မ)က ကြံစည်ပြောခဲ့ခြင်း မဟုတ်ပေ။ သူ(မ)က တည့်ပြောကာ နံပါတ်၉မင်းသမီးကိုလည်း တကယ်ချစ်ခင်သည်။
ယွီရှန်းကလည်း နားထောင်ကာ အလေးအနက် ခေါင်းညိတ်ပြခဲ့သည်။
ခဏစကားပြောနေပြီးနောက် လက်ဖက်ရည်ခန်းတွင် မိန်းကလေးတစ်ယောက်ရဲ့ အော်ဟစ်သံ ထွက်လာခဲ့သည်။
“အား ထိပ်တန်းစာသင်သား လာတယ်”
လူအုပ်ကြီးက သူ(မ)ညွှန်ပြသည့်နေရာကို ကြည့်လိုက်သည်။ ၃၊ ၄ မီတာအကွာက တဲလေးမှာ စာသင်သားအများစုက ဝိုင်းထိုင်ကာ သောက်စားရင်း စကားပြောနေကြသည်။ ထိုအချိန်မှာပဲ သူတို့က တူကောက်ကိုင်ကာ ပန်းကန်လုံးကို ရိုက်ကာ သီချင်းအကျယ်ကြီး ဆိုကြလေသည်။
မိုးမခပင်စိမ်းလေးတွေက ပတ်ပတ်လည်က လေထဲတွဲလဲကျကာ လေတိုက်တိုင်း ယိမ်းနေသည်။ သူတို့တွေသာ သံစဥ်နှင့်အညီ ကခုန်ပါက တော်တော်လေး နှစ်လိုဖွယ်ကောင်းလိမ့်မည်။
သို့ပေမယ့် ထိပ်တန်းစာသင်သားရဲ့ မျက်နှာက ပိုပြီးနူးညံ့ကာ နှစ်လိုဖွယ်ကောင်းနေသည်။ သူရယ်တာဖြစ်ဖြစ်၊ မျက်မှောင်ကြုတ်တာဖြစ်ဖြစ်၊ ခပ်တည်တည်ကြီးနေတာ ဖြစ်ဖြစ် အကုန်လုံးက ဆွဲဆောင်မှုရှိနေသည်။
နံပါတ်၉မင်းသမီးလေးက သူ့ပါးစပ်ထဲက အစာသွပ်မုန့်ကို မြိုချဖို့တောင်မေ့သွားခဲ့သည်။ သူ(မ)က ရေရွတ်လေသည်။
“အရမ်းဆွဲဆောင်မှုရှိတာပဲ ကြာပန်းကိတ်လေးလို သူက အရမ်းဆွဲဆောင်မှုရှိတယ်”
သူ(မ)က စကားပြောပြီး မတ်တပ်ရပ်ကာ ထကြည့်လေသည်။
သူ(မ)က ဦးဆောင်ကာ ထကြည့်နေတော့ ကျန်သည့် မိန်းကလေးတွေလည်း မတည်ငြိမ်နိုင်တော့ပေ။ လူအုပ်ကြီးက ပြတင်းပေါက်နား စုအုံနေကာ နှစ်လိုအားရဖွယ် အသံကြီးတွေလည်း မကြာခဏ ကြားရသေးသည်။
ယွီရှန်းက လှည့်ကြည့်လိုက်တော့ အံ့သြသွားလေသည်။ နာမည်ကျော်ကြားသည့် ထိပ်တန်းစာသင်သားက မြင်းရထားလုံးရှေ့ လဲကျကာ သေကြောင်းကြံသည့် လူငယ်လေး ဖြစ်နေသည်။ ၂လအတွင်းမှာပဲ တဟုန်ထိုး တိုးတက်အောင်မြင် သွားခဲ့သည်။
သူ့ကို ခဏလောက်ကြည့်ပြီးနောက် ယွီရှန်းရဲ့ အာရုံက လက်ဖက်ရည်ဆောင်ကို ကျောပေးရပ်နေသည့် အရပ်ရှည်ရှည် အမျိုးသားထံ ရောက်သွားခဲ့သည်။ စာသင်သားတွေကို ဝါးပင်ဟု တင်စားရပါက ထိုလူက ထင်းရှူးပင်ဖြစ်လိမ့်မည်။ ဒါ့အပြင် ထိုလူက လင်ယွီစုန်ရဲ့ ကျောက်ကမ်းပါးထိပ်မှာ ရှိနေခြင်း ဖြစ်သည်။ သူ့ထံတွင် ဇွဲကြီးကာ သူရဲကောင်းဆန်သည့် အရှိန်အဝါများရှိနေသည်။ မျက်နှာပင် ပြစရာမလိုပေ။ သူက ယွီရှန်းရဲ့မျက်လုံးထဲမှာ အထူးသီးသန့် အဖြစ်ဆုံးဖြစ်နေသည်။
ကောင်မလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံက ရေကန်နားက လူငယ်လေးတွေကို ဆွဲဆောင်သွားနိုင်ပြီး တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့် လာကြသည်။ သိပ်မသိသာသော်လည်း သူတို့တွေက ဂုဏ်ဆာနေကာ ကဗျာရွတ်သံကို ပိုကျယ်လိုက်သည်။ လူတစ်ယောက်ကတော့ ဆွံ့အနားမကြား လိုနေကာ လှည့်မကြည့်ခဲ့ပေ။ သူ့လက်ကို ခါးနားက ဓားရိုးပေါ် တင်ထားသည်။ သူရဲ့နောက်ကျောပြင်ကြီးက မတ်နေကာ ဝတ်ရုံအောက်က ကြွက်သားတွေက တောင့်တင်းသန်မာနေမှာ သေချာသည်။
ယွီရှန်းက သူ့ကို ခဏလောက် စိုက်ကြည့်နေခဲ့သည်။ ထိုလူက သူ(မ)ကို သတိမထားမိတဲ့အတွက် သူ(မ)က အိတ်ထဲက ပဲနီစေ့လေးတချို့ကို ထုတ်လိုက်ပြီး ထိုလူကို ပစ်လိုက်သည်။ ထို့နောက် ချက်ချင်း ပြတင်းပေါက်အောက်နား ငုံ့ပုန်းလိုက်သည်။
ယွီဖင်ယန်ရဲ့နားက အသံတစ်ခု ကြားလိုက်တော့ ချက်ချင်းရှောင်လိုက်သည်။ ငုံ့ကြည့်လိုက်တော့ ပဲနီစေ့လးတချို့ကို တွေ့လိုက်လေသည်။ လက်ဖက်ရည်ဆောင်ဖက်ကို လှည့်ကြည့်လိုက်တော့ အစာသွပ်မုန့်ကိုင်ကာ ရှန်ယွမ်ချီကို ရူးကြောင်ကြောင် ငေးကြည့်နေသည့် နံပါတ်၉မင်းသမီးကို တွေ့လိုက်ရသည်။ ဖန့်ကျောင်းကျောင်းက တစ်ခုခုကို ပြချင်ဟန်ဖြင့် လက်ယမ်းပြနေသည်။
ယွီဖင်ယန်က မျက်ခုံးပင့်ကာ မသိချင်ယောင်ဆောင် နေလိုက်သည်။ ထို့နောက် တဲထဲက အိမ်ရှေ့စံမင်းသားကို ကြည့်သလိုပဲ ဟန်ဆောင်လိုက်သည်။
ယွီရှန်းက ပါးစပ်ကို အုပ်ကာ ခိုးခိုးခစ်ခစ် ရယ်လေသည်။ ထို့နောက် ပဲနီစေ့လေးထုတ်ကာ ထပ်ပစ်ဖို့လုပ်တော့ သူ(မ)အစ်ကိုကြီးက ချက်ချင်းလှည့်လာကာ ရယ်လျက် ပါးစပ်လှုပ်ကာ ပြောတာကို တွေ့လိုက်ရသည်
“လူဆိုးမလေး”
ယွီရှန်းက ပြတင်းပေါက်ဘောင်ကိုမှီကာ ဘဝင်မြင့်ဟန်ဖြင့် သူ့ဆီ ထပ်ပစ်လိုက်သည်။ နွေဦးရဲ့နေရောင်လေးက သူ(မ)ဆီဖြာကျနေကာ အလွန်လှပသည့် ပန်းချီကားချပ်နှင့် တူနေသည်။ သူ(မ)ရဲ့ မျက်ခုံးကြားမှာ အနီစက်လေး ရှိနေသည်။ သူ(မ)က အရမ်းနှစ်လိုဖွယ် ကောင်းတာကြောင့် တဲထဲကလူတွေက မော့ကြည့်နေကြသည်။ ရှန်ယွမ်ချီနှင့် ဖန်းကျီ့ချန်တောင် အကြည့်မလွှဲနိုင်ပေ။
ယွီဖင်ယန်ရဲ့ ပျော်ရွှင်နေသည့် အမူအရာက ချက်ချင်း ပျောက်သွားခဲ့သည်။ မြေပေါ်က ပဲနီတွေကောက်ကာ ပြတင်းပေါက်ကို ပစ်လိုက်သည်။ ပြတင်းပေါက်ကို ထောက်ပင့်ထားသည့် ဝါးချောင်းလေး ကျိုးသွားကာ ပြတင်းပေါက်ပိတ်သွားခဲ့သည်။
ကံကောင်းချင်တော့ ယွီရှန်းက အစ်ကိုဖြစ်သူရဲ့ ဒေါသကို သတိထားမိခဲ့သည်။ ပဲနီလေး ငုံ့ကောက်နေသည့်အချိန်မှာပဲ နံပါတ်၉မင်းသမီးလေးကို ပြတင်းပေါက်ကနေ ဆွဲလိုက်လေသည်။ မဟုတ်ပါက နှာခေါင်းထိခိုက်သွားမည်ဖြစ်သည်။
“နင့်အစ်ကိုကြီးက ထပ်စိတ်တို နေပြန်ပြီ၊ သူ့ကိုတွေ့တိုင်း အမြဲစိတ်တိုဒေါသ ထွက်နေတာချည်းပဲ”
နံပါတ်၉မင်းသမီးလေးက ခေါင်းခါကာ ပြောလေသည်။
“သခင်လေးယွီက အားများတာပဲ၊ သူက ဟန်မင်းဆက်ရဲ့ နံပါတ်၁ ကျွမ်းကျင်ပညာရှင်လို့ အဖေက ပြောတယ်၊ တကယ်ကြီးမှန်တာပဲ၊ ဒေါသအမြဲထွက်နေတဲ့ ကျွမ်းကျင်ပညာရှင်ကြီး”
ဖန့်ကျောင်းကောင်းက ကပ်ဖားပြန်သည်။
ယွီရှန်းက သူတို့ကို ဂရုမစိုက်ဘဲ ရေကန်နားကလူတွေ မမြင်ရမည့်နေရာကို သွားလိုက်ပြီး ဓားနှင့်လှံတွေ ကိုင်ထားသည့် နဂါးကြေးခွံဝတ်အစောင့်တွေလည်း ပြာယာခတ် သွားခဲ့သည်။
—-
ရှန်ယွမ်ချီက အိမ်ရှေ့စံနှင့် ယွီဖင်ယန်ကို နှုတ်ဆက်လိုက်သည်။ သူက လက်ဖဝါး၂ဖက်ကိုပူးလျက်
“ဒီနိမ့်ကျတဲ့အရာရှိက မှူးမတ်ကြီးကို နှုတ်ဆက်ပါတယ်၊ စောနက ကလေးမလေးက မှူးမတ်ကြီးရဲ့ညီမလား”
ဖန့်ကျီ့ချန်က အစက ထွက်သွားဖို့ ပြင်ခဲ့သည်။ ထိုစကားကြားတော့ မသွားတော့ဘဲ ရပ်ကြည့်နေလိုက်သည်။ သူ့စိတ်ထဲမှာတော့ နေရောင်ထက်တောင် တောက်ပသည့် မိန်းကလေးရဲ့မျက်နှာကို ပြန်မြင်ယောင်နေသည်။ ခဏလောက် ဆွဲဆောင်ခံခဲ့ရသည်။ အောက်ပိုင်းသေနေသည့် မိန်းမငယ်လေးက ဒီလောက်ထိ အသက်ရှူမှားအောင် လှလိမ့်မည်ဟု မထင်ခဲ့ပေ။ မျက်နှာလေးနဲ့တင် ကိုယ်ခန္ဓာချို့ယွင်းမှုကို ဖုံးကွယ်နိုင်ခဲ့သည်။
“သခင်လေးရှန် ဘောင်ကျော်လွန်းနေပါပြီ”
ယွီဖင်ယန်ရဲ့လေသံက မည်းမှောင်နေသည်။ သူ့လက်ကို ခါးနားက ရှုံးချွင် ဓားပေါ်တင်ထားကာ လက်ကိုင်ကို ပွတ်သပ်နေခဲ့သည်။
ရှန်ယွမ်ချီက စိတ်လိုက်မာန်ပါ လုပ်လိုက်မိတာကို သတိထားမိသွားပြီး အရိုအသေပေးကာ အမှားအတွက် တောင်းပန်လိုက်သည်။
ယွီဖင်ယန်က ခေါင်းညိတ်ပြကာ အမူအရာမဲ့စွာ ထွက်သွားခဲ့သည်။
ရှန်ယွမ်ချီက သူ့ရဲ့အေးစက်နေသည့် လည်ပင်းကိုထိကာ စိတ်အေးသည့်ခံစားချက်နဲ့ ဆုံးရှုံးသည့်ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့ရဲ့တစ်ဦးတည်းသော ဆွေမျိုးက အနားမှာရှိပေမယ့် အသိအမှတ်ပြု မခံခဲ့ရပေ။ သူ(မ)က အခု မှူးမတ်စံအိမ်တော်ရဲ့ တရားဝင်သမီးဖြစ်နေပြီ ဖြစ်သည်။ အစ်ကိုကြီးနဲ့အဖွားဖြစ်သူရဲ့ အချစ်ကို ခံနေရသည်။ အဆုံးမရှိသည့် ကြွယ်ဝချမ်းသာမှုတွေကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ(မ)ဆီသွားပြီး ပြောလိုက်ပါက သူ(မ)ကို မကျေမနပ် ခံစားသွားစေမှာစိုးသည်။
ထားပါတော့ စောင့်ကြည့်ရမယ်။ ရှန်မောက်ချီက မကြာခင်က မြို့တော်ကို သွားခဲ့သည်။ မကြာခင် မှူးမတ်စံအိမ်တော်ကို သွားမည်ဟု ယူဆရသည်။ ရှန်မျိုးရိုးနာမည်နှင့် ကုန်သည်မိသားစုကို ရှာဖို့ မှူးမတ်စံအိမ်တော်အတွက် ခက်ခဲနိုင်ပေမယ့် ရှန်အိမ်တော်က မှူးမတ်စံအိမ်တော်ကို ရှာဖို့ မခက်ခဲပေ။ ဒါ့အပြင် မှူးမတ်ကြီးက လွန်ခဲ့သည့်၁၀နှစ်က အလွန်ဒုက္ခရောက်ခဲ့ကြောင်းကို အနည်းငယ် စုံစမ်းရုံဖြင့် သိနိုင်သည်။
ရှန်မောက်ချီရဲ့ စိတ်ဓာတ်အရဆိုရင် သူ(မ)ပိုင်ဆိုင်တာတွေကို အကုန်ပြန်ယူမည် ဖြစ်သည်။ အစီအစဥ်မချခင် သူ(မ)အရင်လှုပ်ရှားတာကို စောင့်ရမည်။
######