TYCDTN
Chapter 32
တစ်လကြာပြီးနောက် ဖန်းကျီ့ချန်က ထူးချွန်စွာ စာမေးပွဲအောင်ခဲ့သည်။ သို့ပေမယ့် နန်းတွင်းစာမေးပွဲမှာ ပထမဆုံးအဆင့်ဖြင့် အောင်တာမဟုတ်ဘဲ တတိယအဆင့်ဖြင့် အောင်ခြင်းဖြစ်သည်။
ဒီနှစ်ရဲ့ထိပ်ဆုံးကျောင်းသားက လင်းနန်က ဖြစ်သည်။ မျိုးရိုးနာမည်က ရှန်ဖြစ်ပြီး နာမည်ကတော့ ယွမ်ချီဖြစ်သည်။ သူ့ရုပ်က ထိပ်ဆုံးကျောင်းသား၃ဦးအနက် အချောဆုံးဖြစ်သည်။ လမ်းမထက် သွားလာတိုင်း လမ်းသွားလမ်းလာတွေက ငေးကြည့် ယူရသည်။ ပိုပြီးအထင်ကြီးစရာကောင်းတာက သူ့ရဲ့ အရည်အချင်းဖြစ်သည်။ သူ့ရဲ့ ထက်မြက်သည့် စကားလုံးတွေ၊ တမူထူးခြားသည့် လျှောက်လဲချက်တွေဖြင့် လက်ရှိကိစ္စကို ကောင်းကင်ကောမြေကြီးရဲ့ သီအိုရီပါ ပါအောင် ရှင်းပြနိုင်ကြောင့် ဘုရင်ကြီးက သူ့ကို အံ့သြနေခဲ့ရသည်။ ထီးနန်းဆက်ခံပြီးကတည်းက ဒီစာကို ဖတ်ရတာ အကောင်းဆုံးစာတစ်ဆောင် ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ချက်ချင်းပင် သူ့ရဲ့ထူးချွန်စာသင်သားတွေကို ခေါ်ကာ ချုံလင်ညစာစားပွဲမှာ သူ့ကိုစမ်းသပ်ခိုင်းခဲ့သည်။
ထိပ်တန်းစာသင်သားက ရိုကျိုးတာမျိုးကော ဗိုလ်ကျလွန်းတာပါ မရှိဘဲ တည်ငြိမ်အေးဆေးသည်။ တော်လွန်းသည့် စာသင်သားတွေ ဆွံ့အသွားအောင် လုပ်နိုင်ခဲ့သည်။ သူက အလွန်တော်ရုံတင်မကဘဲ လူမှုဆက်ဆံရေးလည်း တော်တော်ကောင်းသည်။ စကားလုံးအနည်းငယ်ဖြင့်ပင် ဘုရင်းကြီးရဲ့ ချီးမွမ်းမှုကို ရခဲ့သည်။
ဒုတိယနှင့် တတိယရသည့် စာသင်သားတွေကလည်း ဒီနယ်ပယ်တစ်ဝိုက်မှာ အချောဆုံးတွေ ဖြစ်ပေမယ့် ပထမ စာသင်သားနှင့်ယှဥ်ပါက မှေးမှိန်သွားရသည်။
စားပွဲသောက်ပွဲပြီးသည်နောက်တွင် ဘုရင်ကြီးက ပထမရသည့် စာသင်သားဖြင့် တစ်ညလုံး စကားပြောခဲ့သည်။ နောက်တစ်နေ့မှာပဲ တော်ဝင်ကျောင်းတော်မှာ တော်ဝင်ပညာရှင် အဖြစ် မြှောက်စားခံလိုက်ရသည်။ မထင်မှတ်ထားဘဲ သူက မြို့တော်ရဲ့ နံပါတ်၅အဆင့် အရာရှိ ဖြစ်လာခဲ့သည်။ သူ့ကို အထင်သေးကာ သဘောမကျသည့် မိသားစုကို သက်သေပြနိုင်ခဲ့သည်။
ထိပ်တန်းစာသင်သားကို ဆွဲချချင်သည့် ဖိအားများစွာကလည်း ရှိသေးသည်။ နှစ်ပတ်လည်ပွဲတော်ကို ပိုင်ယွင် ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။ ထိုပွဲက မြို့တော်၏ အရေးကြီးသည့် ပွဲတော်ဖြစ်သည်။ မျိုးရိုးမြင့်တွေနှင့် သာမာန်လူတွေပါ သွားကာ နှစ်သစ်မှာ သီးနှံအထွက်ကောင်းဖို့ ရာသီဥတုကောင်းဖို့ တောက်ဘုန်းကြီးကျောင်းမှာ ရိုးရာဓလေ့ဖြင့် ဖျော်ဖြေဆုတောင်းကြသည်။
ဘုရင်ကြီးနှင့် ဘုရင်မကြီးက လူကိုယ်တိုင် မသွားရောက်နိုင်တာကြောင့် အခြွေအရံတွေလွှတ်ကာ လှူခိုင်းခဲ့သည်။ ပွဲတော်၁၀ရက်ကျင်းပခဲ့ပြီး မြို့တော်ကို လူတွေ စိတ်ဝင်တစားလာခဲ့ကြသည်။
မှူးမတ်စံအိမ်က ယွီရှန်းရဲ့ခြံဝန်းထဲတွင် ဖြစ်သည်။
ရွှေလှောင်အိမ်ရှေ့မှာရပ်နေသည့် အားလုက ချောမောသည့် လူငယ်လေး ခြံထဲလာနေတာ တွေ့လိုက်သည်။ သူက အတောင်ပံတွေခတ်ကာ အော်လေသည်။
“မှူးမတ်ကြီးလာပြီ မှူးမတ်ကြီးလာပြီ”
ယွီဖင်ယန်က ဝင်လာခဲ့ပြီး သူ့ပါးစပ်ထဲ မြေပဲထိုးထည့် ကျွေးခဲ့သည်။ ထောင်ဟုန်နှင့်လျိုလွီ့က အခုမှ သူတို့ရဲ့ သခင်မလေးကို အဝတ်အစားလဲပေးကာ ဒူးထောက်ထိုင်လျက် စကပ်ကို ပြုပြင်ပေးနေသည်။
သူ(မ)က အနီရောင်ပိုးသားဂါဝန်ကို ဝတ်ဆင်ထားပြီး အပေါ်ထပ်က ဖောက်ထွင်းမြင်နေရသည့် မဟော်ဂနီရောင် အစလေး ထပ်မံဝတ်ဆင်ထားသည်။ အပေါ်ထပ်ရဲ့ အရောင်ကြောင့် မှေးမှိန်မသွားဘဲ တစ်မျိုးလေးဆန်းသစ်နေသည်။
သူ(မ)က အစေခံလေး၂ယောက်ကို လက်ခါပြလိုက်ပြီး သားမွေးနုနုဖြင့်လုပ်ထားသည့် စုတ်တံကိုယူကာ မျက်ခုံးမွေးဆွဲလိုက်သည်။ အားလုရဲ့အော်သံကိုကြားတော့ သူ(မ)က ရှေ့ကိုကြည့်ကာ ပျင်းရိစွာပြောလေသည်
“အစ်ကိုကြီး ခဏစောင့်ဦး”
ယွီဖင်ယန်ကတော့ သူ့ညီမ အပြင်သွားခါနီး ပြင်ဆင်ရင် ၁နာရီလောက်ကြာတတ်တာကို ကျင့်သားရနေပြီ ဖြစ်သည်။ သူက ဘေးမှာဝင်ထိုင်ကာ လက်ဖက်ရည် သောက်နေလိုက်သည်။ သူ့မျက်လုံးတွေကတော့ နူးညံ့လှပသည့် မျက်နှာလေးကနေ မခွာနိုင်ခဲ့ပေ။
ယွီရှန်းက စုတ်သံကို မင်ရည်နည်းနည်း ဆွတ်ကာ မျက်ခုံးတစ်လျှောက် ဆွဲလိုက်သည်။ မျက်ခုံးလေးက ထူပြီးမည်းသွားခဲ့သည်။ ထို့နောက် မျက်ခုံးမွေးကို အဆုံးသတ်ဆွဲလိုက်သည်။ လှပထက်မြက်သည့် မျက်နှာလေးက ၁၂ဆလောက်ပို ထက်မြက်လှပသွားခဲ့သည်။
သူ(မ) ကြေးမုံကို ဟိုလှည့်ဒီလှည့်ဖြင့် အပြန်ပြန်အလှန်လှန်ကြည့်ခဲ့သည်။ ထို့နောက် မျက်ခုံးပင့်ကာ အစ်ကိုကြီးကို ကြည့်ပြီး ဂုဏ်ယူစွာပြုံးပြလျက်
“တွေ့လား ဒါက ဓားမြှောင်စတိုင် မျက်ခုံးလေ၊ ရက်စက်တဲ့အသွင် ရစေတယ်မလား ဒါဒီလို ခံစားချက်မျိုးကို ရချင်တာလေ”
သူ(မ)က စုတ်တံယူကာ မျက်လုံးထောင့်ကို တို့ထိနေသည်။ ထို့နောက် လုံးဝိုင်းသည့် မျက်လုံးဝိုင်းကြီးတွေက ပိုတောက်ပသွားကာ အစ်ကိုကြီးကို မျက်လုံးမှေးကျဥ်းကာ ကြည့်လေသည်
“ညီမလေးကိုကြည့်ဦး ထိပ်လန့်သွားတဲ့ ခံစားချက်ရလား စကားတောင် မပြောရဲတော့တဲ့အထိလေ၊ ညီမလေးကို မသန်မစွမ်းဆိုပြီး လှောင်ရယ်တဲ့လူတွေကို ဒီရုပ်ရည်လေးနဲ့ ချိုးဖြတ်ပစ်ပြီး အရှက်ကွဲပြီး လှည့်ပြန်သွားအောင် လုပ်ပစ်မယ်”
ထိုစကားကြားမှ ယွီဖင်ယန်ရဲ့ ဖရိုဖရဲဖြစ်နေသည့် ရင်ခုန်သံက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ဟာသလို ခံစားရပေမယ့် စိတ်သောကလည်း ရောက်ခဲ့ရသည်။ ထို့နောက် သူ(မ)ရဲ့ နှာခေါင်းကို တို့ထိလိုက်ကာ
“ဒီမျက်နှာလေးနဲ့ သတ်ပစ်မလို့လား”
“သူတို့သေရုံတင်မကဘူး ကိုယ့်ဘာသာကိုယ် မှန်ထဲပြန်ကြည့်ရင်တောင် ညီမလေးလည်း သေလောက်တယ်”
ယွီရှန်းက မျက်နှာကို မှန်ဖက်ပြန်လှည့်လိုက်သည်။
ယွီဖင်ယန်က ရယ်ကာ လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး သူ(မ)ရဲ့ပါးကို တို့ထိလိုက်သည်။ ထို့နောက် ယွီဖင်ယန်က စနောက်လေသည်။
“ညီမလေးရဲ့မျက်နှာ ဘယ်လောက်ထိ တင်းမာလဲဆိုတာ ကြည့်ပါရစေဦး၊ စူးရှမနေမှာစိုးလို့လေ”
ယွီရှန်းက ခေါင်းလှည့်ကာ ရှောင်တိမ်းနေပြီး အစ်ကိုဖြစ်သူက လိုက်စနေကာ ဆူညံနေတော့သည်။
၁၅မိနစ်ကြာပြီးနောက် ယွီရှန်းက သူ(မ)အစ်ကိုကြီးရဲ့ လက်ထဲလဲလျောင်းကာ ရယ်ကာ ဒေါသကြီးစွာပြောလေသည်
“ရပ်တော့ အခုမသွားရင် ပွဲမှီမှာမဟုတ်တော့ဘူး၊ ပါးနီလည်း မလိမ်းရသေးဘူး”
ယွီဖင်ယန်က သူ(မ)ရဲ့ ပါးနုနုလေးကို လွှတ်ပေးကာ ပါးနီကူလိမ်းပေးလိုက်သည်။ ယွီရှန်းကို မေးကနေကိုင်ပြီး အကြာကြီးကြည့်ပြီးနောက် ဒူးပေါ်ကနေချပေးကာ ဝှီးချဲပေါ် တင်ပေးလိုက်သည်။
ယွီဖင်ယန်က သူ(မ)ကို တံခါးဆီခေါ်သွားတာမဟုတ်ဘဲ အနောက်ဘက်ကို ခေါ်သွားခဲ့သည်။ သူ(မ)က စိုးရိမ်စွာပြောလေသည်။
“ဘာလုပ်တာလဲ အဖွားစောင့်နေတယ်လေ”
ယွီဖင်ယန်က ပြုံးကာ ဘာမှမပြောခဲ့ပေ။ သူက ပဝါအစိုကို ကိုင်ကာ သူ(မ) ၁နာရီလောက် ပြင်ထားသည့် မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ပြီး အပြုံးဖြင့်ပြောလေသည်
“ကိုယ့်အလှနဲ့ကိုယ်တောင် သေနိုင်တယ်ဆိုတော့ သူများကို အန္တရာယ်ပေးမနေပါနဲ့”
ပွဲတော်မှာ လူတွေများကာ သူ့ညီမလေးကို တခြားသူစိမ်းယောက်ျားတွေ ကြည့်တာကို မခံစေချင်ပေ။
“နဖူးမှာ ဟွားတျန့်လေးတော့ ကပ်ပါရစေ”
ယွီရှန်းကရုန်းကန်နေသည်။
[TN/ 花钿(huā diàn) ရှေးခေတ်မိန်းမပျိုတို့ အသုံးပြုသည့် နဖူးမှာကပ်သည့်ပန်းပုံစံအဆင်တန်ဆာ။ အရောင်အားဖြင့် ဝါ၊စိမ်း၊နီဟူ၍ ၃မျိုးရှိသည်]
ယွီဖင်ယန်က အဆင်တန်ဆာ သေတ္တာထဲက အရိုးရှင်းဆုံး မှဲ့ပုံစံ အဆင်တန်ဆာလေးကိုယူကာ မျက်ခုံး၂ခုကြားမှာ ကပ်ပေးလိုက်ပြီး
“ပြီးပြီ သွားရအောင်”
“ကြာပန်းပုံလေးနဲ့ ပြောင်းပေးလို့ရမလား၊ ဒါက သိပ်ပြီး ဆွဲဆောင်မှုမရှိဘူး”
ယွီရှန်းက သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။
ယွီဖင်ယန်က ပြန်မဖြေခဲ့ပေ။ သူက နဖူးအလယ်က မှဲ့ပုံစံအဆင်တန်ဆာလေးကိုဖြုတ်ဖို့ ငုံ့ကိုင်းလာတော့ ယွီရှန်းက အမြန်လေး သူ့လက်မောင်းထဲ ဝင်ပုန်းကာ အော်လေသည်
“ရပြီ ရပြီ အစ်ကိုကြီး သွားရအောင်”
ယွီဖင်ယန်က သူ(မ) ပုခုံးပေါ်လက်တင်ကာ ရယ်မောလေသည်။
မဒမ်အိုကြီးက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သော်လည်း နှစ်ပတ်လည်ပွဲတော်မှာ သူငယ်ချင်းဟောင်းတွေနှင့် ပတ်လည်ချင်သေးသည်။ ထို့ကြောင့် ပွဲတော်ကို အလွတ်မခံပေ။ သပ်ရပ်စွာဝတ်ဆင်ထားပြီး ခန်းမထဲမှာ လက်ဖက်ရည်သောက်နေသည်။ မြေးမဖြစ်သူရဲ့ မျက်နှာပြောင်ကိုတွေ့တော့ သူ(မ)က ပြုံးကာမေးလေသည်
“အို နင့်အစ်ကိုကြီးက အကုန်ထပ်ဖျက်လိုက်ပြန်ပြီလား”
“ဟုတ်တယ် ပွဲတော်ကြီးတွေ ရှိတဲ့အချိန်ဆိုရင် အမြဲတမ်း အဲလိုလုပ်တာ၊ ဒီလိုကြီးနဲ့ လူတွေကို ဘယ်လိုတွေ့ရမှာလဲ”
ယွီရှန်းက ညည်းညူလေသည်။
မဒမ်အိုကြီးက ပိုရယ်လာကာ သူ(မ)နှာခေါင်းထိပ်ကို လက်ဖြင့်ညှပ်ကာ
“နင်တောင်မှ လူတွေကို ဘယ်လိုတွေ့ရမလဲ မသိရင် မြို့ထဲက တခြားမိန်းကလေးတွေ ဘယ်လိုလုပ်မလဲ၊ တခြားလူတွေအတွက်လည်း ထားပါဦး”
သူ(မ)က ကြွားဝါတာ မဟုတ်ပေမယ့် ဟန်မင်းဆက်မှာ သူ(မ) မြေးမရဲ့ ရုပ်ရည်က အချောဆုံးဖြစ်သည်။ သူ(မ)သာ အောက်ပိုင်းသေမနေပါက မှူးမတ်စံအိမ်တော်ကြီးမှာ လက်ထပ်ဖို့ လာကမ်းလှမ်းသည့် အောင်သွယ်တော်တွေ ပြည့်နေလောက်ပြီ ဖြစ်သည်။
ယွီဖင်ယန်ကလည်း သဘောတူလေသည်။
“အဖွားပြောတာမှန်တယ် ၊ ဒါကြောင့် တခြားလူတွေကို အန္တရာယ်ပေးတာမျိုး မလုပ်ဘဲ ဒီအစ်ကိုကြီးကို အန္တရာယ်များအောင်လုပ်ရရင် တော်ပြီပေါ့”
ထိုစကားက ထူးဆန်းသော်လည်း မာမောမောက စာအိတ်အနီလေးဖြင့်ဝင်လာကာ တင်ပြတော့ မဒမ်ကြီးလည်း နက်နက်နဲနဲ တွေးမနေတော့ပေ။
“မဒမ်ကြီး ဒါက ဖန်းမိသားစုက ပို့ပေးလိုက်တဲ့ ဇာတာခွင်ပါ၊ ကြည့်ကြည့်ဦးမလား”
[TN/ လက်ထပ်ဖို့ကမ်းလှမ်းဖို့အတွက် ကမ်းလှမ်းသည့်အိမ်က ပေးသည့်ယောက်ျားလေး (သို့) မိန်းကလေးရဲ့ ဇာတာခွင်]
မဒမ်အိုကြီးက သာမာန်ကာလျှံကာ လက်ဝေ့ယမ်းပြကာ
“ဘာကြည့်စရာလိုလဲ၊ ငြင်းမှာပဲလေ၊ တောက်ဆရာတော်နဲ့ စစ်ဆေးခိုင်းပြီးပြီလား”
ဖန်းကျီ့ချန်က တတိယအဆင့်ဖြင့် စာမေးပွဲအောင်သွားခဲ့ပြီး ဖေရှီ့က ယွီစီးယွီ့ဖြင့် လက်ထပ်ပေးဖို့ စီစဉ်ကာ ၂ဖက်လုံး ကျေနပ်ပါက မကြာခင် လက်ထပ်တောင်းရန်မည် ဖြစ်သည်။ မဒမ်ကြီးနှင့် ဖေရှီ့ရဲ့အမေက သူငယ်ချင်းအရင်းကြီးတွေ ဖြစ်ကာ တိုက်ရိုက်ငြင်းဖို့ အဆင်မပြေပေ။ ဒါကြောင့် မွေးဖွားဇာတာခွင် အရင်ပို့ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုအခါမှ သူတို့ရဲ့ ဇာတာမကိုက်ဘူးဟုပြောကာ ငြင်းဆိုလို့ရသည်။
“စစ်ပြီးပါပြီ၊ ၂ယောက်လုံးရဲ့ ဇာတာခွင်က မကိုက်ညီပါဘူး၊ ကောင်းမွန်တဲ့ လက်ထပ်ပွဲလေးကို နှမြောစရာပါဘဲ”
မာမောမောက သက်ပြင်းချကာ ဇာတာခွင်ကို အင်္ကျီလက်ထဲ ပြန်ထည့်သိမ်းလိုက်သည်။
၂ယောက်လုံးက ဝေ့လည်ကြောင်ပတ် ပြောနေခြင်း မဟုတ်ပေ။ သူတို့ပြောနေတာတွေက နားလည်ဖို့လွယ်သည်။ မိတ်ကပ်ပြင်လို့ လာတာနောက်ကျသည့် ယွီစီးယွီ့က အကုန်ကြားသွားကာ သူ(မ)မျက်နှာထက်က ပျော်ရွှင်မှုတွေက ပျောက်ကွယ် သွားကုန်တော့သည်။
ဝမ်ချုံက လိုက်ကာစကို အကြာကြီး မထားပေးရကာ သူ(မ)ဝင်မလာသေးတော့ ပြောလေသည်။
“မမကြီး မဒမ်ကြီးစောင့်နေပါတယ်”
ထိုအခါမှ ယွီစီးယွီ့ အိပ်မက်က နိုးလာသလို အသိစိတ်ပြန်ကပ်သွားကာ ညှင်သာသည့် ခြေလှမ်းတွေဖြင့် ဝင်သွားလိုက်သည်။
သူ(မ)အကုန်ကြားသွားတာကို မဒမ်အိုကြီးက သိသော်လည်း အကြောင်းအရင်းကို မရှင်းပြသလို နှစ်လည်း မနှစ်သိမ့်ပေးခဲ့ပေ။ သူ(မ)သာ ဉာဏ်ရှိပါက ဖန်းမိသားစုက ကြွယ်ဝချမ်းသာသည့် မိသားစုမဟုတ်ဘဲ ဝင်ပါလိုက်ပါက အကြောင်းအရင်းမသိ သေသွားနိုင်သည့် ဂူသင်္ချိုင်းဖြစ်ကြောင်း သူ(မ)သိနိုင်သည်။
“အခု အကုန်ရောက်ပြီဆိုတော့ သွားကြစို့”
မဒမ်အိုကြီးက ဖြည်းညင်းစွာ လက်ယမ်းပြခဲ့သည်။
ယွီစီးယွီ့က သဘောတူလက်ခံလိုက်ကာ မျက်နှာထက်က မကျေမနပ်မှုတွေကို ခေါင်းငုံ့ကာ ဖုံးကွယ်လိုက်သည်။
——–
ပိုင်ယွင်တောက်ဘုန်းကြီးကျောင်းက လူတွေပြည့်နက်နေသည်။ ကံကောင်းချင်တော့ ကျောင်းထိုင်ဘုန်းကြီးက ရာထူးကြီးမြင့်သူတွေအတွက် သက်သောင့်သက်သာနေဖို့ နေရာ ကြိုတင် စီစဉ်ပေးခဲ့သည်။ ပွဲတော်အတွက် လုံခြုံရေးတာဝန်ကိုယူထားသည့် ယွီဖင်ယန်က အဖွားနှင့် ညီမဖြစ်သူတွေကို နားခန်းထဲ ပို့ပေးခဲ့ကာ အမြန်ပြန်ထွက်သွားခဲ့သည်။
ခဏလောက် နားပြီးနောက် ၃ယောက်သုံး လှူဖွယ်ပစ္စည်းများကပ်ပြီးနောက် လေ့ကျူ ခန်းမဆောင်ကို သွားလိုက်ကြသည်။
ခန်းမရှေ့မှာ နဂါးကြေးခွံ သံချပ်ကာဝတ် အစောင့်၂တန်းက ဓားတွေလှံတွေ ကိုင်ထားကာ စောင့်ကြပ်နေကြသည်။ နဂါးကြေးခွံသံချပ်ကာဝတ် အစောင့်တွေက သာမာန်အဆင့်အတန်း မဟုတ်သည့် လူကို စောင့်ကြပ်သည့် အစောင့်များဖြစ်သည်။ ၁၀ယောက်မှာ ၈ယောက်၉ယောက်လောက်က တော်ဝင်မိသားစုဝင်က ဖြစ်နိုင်သည်။ မဒမ်အိုကြီးက မထွက်သွားခင် တုံ့ဆိုင်းကာ ရပ်နေသည်။
အစေခံအိုကြီးက အမွှေးတိုင် ၂ချောင်းကို ယူကာ ထွက်လာပြီး ခန်းမတံခါးမှာချထားသည့် ပူဇော်သည့် ကြေးခွက်ထဲ ထည့်ပူဇော်လိုက်သည်။ မဒမ်ကြီးနှင့် မြေးမ ၂ယောက်ကိုတွေ့တော့ သူ(မ)က နှုတ်ဆက်လိုက်သည်။
မဒမ်အိုကြီးလှည့်ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသမီးရဲ့ အထိန်းတော် စုန်ရှီ ဖြစ်နေသည်။ သူ(မ)က အံ့သြသွားကာ
“အို စုန်မောမောကို ဒီမှာ အိမ်ရှေ့စံမင်းသမီး ရှိနေတာလား၊ အရှင့်သားက… “
စုန်မောမောက သူ(မ)ကို အချက်ပြကာ တိတ်တဆိတ်ပြောလေသည်
“စိတ်ငြိမ်းအေးအောင်လို့”
မဒမ်အိုကြီးက နက်နဲစွာတွေးတောပြီး ခေါင်းညိတ်ပြခဲ့သည်။
အိမ်ရှေ့စံမင်းသမီးက အိမ်ရှေ့စံနှင့် လက်ထပ်ထားတာ ၆နှစ်ကြာပြီဖြစ်သော်လည်း ကလေးမမွေးသေးပေ။ ဒီနှစ်မှာတော့ ကိုယ်ဝန်ရှိခဲ့သည်။ သို့ပေမယ့် အမြွှာကိုယ်ဝန်ဆောင် ဖြစ်နေသည်။ ယောက်ျားလေး၂ယောက်မွေးရင် တစ်ယောက်က သေရမည်ဖြစ်သည်။ မဟုတ်ရင် ယောက်ျားလေး၂ယောက်လုံး အမွေဖြတ်ခံရမည်ဖြစ်သည်။ မိန်းကလေး၂ယောက်ဆိုရင်လည်း မွေးဖို့ခက်ခဲကာ မိခင်ကိုပါ အန္တရာယ်ရှိနိုင်လားဆိုတာ မသိနိုင်ပေ။ ဒါထက် အနာဂတ်မှာ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲသွားနိုင်သည်။
နဂါးနဲ့ဖီးနစ် ယောက်ျားလေး၁ယောက်နဲ့ မိန်းကလေးတစ်ယောက်ဖြစ်ရင် အကောင်းဆုံးဖြစ်သည်။ သို့ပေမယ့် ထိုသို့ရဖို့က ခက်သည်။ ၂ယောက်လုံး ဘေးကင်းတာက အဆင်အပြေဆုံးဖြစ်သည်။ မဟုတ်ရင်လည်း နဂါးသေပြီး ဖီးနစ်က အသက်ရှင်ရင် ဘုရင်ကြီးနှင့် အိမ်ရှေ့စံအတွက် ကောင်းသည်။
တကယ့်အစစ်က ထင်ကြေးပေးတာထက် ပိုဆိုးသည်။ အိမ်ရှေ့စံရဲ့ ကိုယ်လုပ်တော်က အိမ်ရှေ့စံသားအကြီးကို ဖွားမြင်ပေးခဲ့ပြီဖြစ်သည်။ ထိုကိုယ်လုပ်တော်က မယ်မယ်မိဖုရား၏ ဆွေမျိုးတော်စပ်သူ မြေးမနှင့်တူမဖြစ်သည်။ ဒါကြောင့် သူ(မ)အဆင့်အတန်းက အိမ်ရှေ့စံမင်းသမီးထက် မနိမ့်ပေ။ အိမ်ရှေ့စံမင်းသမီးက ကျန်းမာသန်စွမ်းသည့် သားလေး မမွေးပေးနိုင်ပါက အနာဂတ်က အားရဖွယ် မရှိပေ။ ကိုယ်ဝန်၇လနှင့် တောက်ဘုန်းတော်ကြီးကျောင်းကို သားဖြစ်သူအတွက် လာဆုတောင်းပေးခြင်း ဖြစ်သည်။
မဒမ်အိုကြီးက ဗိုက်ကိုညွှန်ပြကာ
“အဆင်ပြရဲ့လား”
စုန်ရှီက ခေါင်းညိတ်ပြကာ
“တော်ဝင်သမားတော်ပြောတာတော့ သန္ဓေသားလေးက တည်ငြိမ်တယ်တဲ့၊ ဒါကြောင့် အပြင်သွားပြီး ရှိခိုးပူဇော်တာ ကိစ္စမရှိဘူးလို့ပြောတယ်”
သူတို့စကားပြောနေတုန်း အပြင်က အသံတွေကြောင့် အိမ်ရှေ့စံ မင်းသမီးက ထွက်လာခဲ့သည်။ ယွီရှန်းကိုတွေ့တော့ သူ(မ) မျက်နှာက လင်းလက်သွားကာ
“ယွီရှန်း ဒီကိုလာ”
ထောင်ဟုန်နှင့် လျိုလွီ့က ယွီရှန်းကို တွန်းပို့ပေးလိုက်သည်။ လျစ်လျူရှုခံရသည့် ယွီစီးယွီ့က မကျေမနပ်ဖြစ်ကာ တောင့်တင်းစွာ အရိုအသေပေးလိုက်သည်။
အိမ်ရှေ့စံမင်းသမီးက ယွီရှန်းရဲ့ခါးကိုကိုင်ကာ မဒမ်အိုကြီးကိုပြုံးလျက်
“မဒမ်ကြီးယွီရဲ့မြေးမက စိတ်ဝိညာဉ်ကြီးတယ်လေ၊ သူ့ဆီက ကံကောင်းမှုလေး ယူလို့ရမလား”
“အိမ်ရှေ့စံမင်းသမီးက ချီးကျူးလွန်းနေပါပြီ၊ သူက အိမ်ရှေ့စံမင်းသမီးရဲ့ ကံလောက် သူကတစ်ဝက်တောင် မတန်ပါဘူး”
မဒမ်အိုကြီးက လက်ခါပြလေသည်။
အိမ်ရှေ့စံမင်းသမီးက ပြုံးကာ ဘာမှပြန်မပြောခဲ့ပေ။ သူ(မ)က ယွီရှန်းကို ခန်းမထဲခေါ်ဝင်ကာ ချန်ထွင်ကို ညွှန်ပြပြီး
“ငါဒီအရှေ့မှာရပ်နေတာ နာရီဝက်လောက်ရှိပြီ မရွေးရဲဘူး၊ ယွီရှန်းက တစ်ခုလောက်ရွေးပေးပါ ကောင်းတာဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အပြစ်မတင်ပါဘူး”
ထိုစကားကြားတော့ ယွီရှန်းရဲ့ ဦးရေပြားတွေ ထုံကျင်သွားခဲ့သည်။ စိတ်အေးချမ်းဖို့ တွေးနေတဲ့လူက ကံဆိုးမှာကိုလည်း တွေးမိတုန်းလား။ စိတ်ထဲတော့ အနည်းနဲ့အများတော့ ရှိလောက်သည်။ သို့ပေမယ့် အိမ်ရှေ့စံမင်းသမီးက တော်ဝင်မျိုးရိုးကမလို့ အဓိကကျသည်။ ဒီခေတ်က ဘုရင်ကသေဆိုရင် သေရမည်ဖြစ်သည်။
ယွီရှန်းတွင် ရွေးစရာမရှိတော့ပေ။ သူ(မ)က မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်။ ထို့နောက် သစ်သားချောင်းတစ်ခုကို ရွေးထုတ်ပေးကာ မျှော်လင့်စောင့်စားနေသည့် အိမ်ရှေ့စံမင်းသမီးကို ကမ်းပေးလိုက်သည်။
မဒမ်အိုကြီးရဲ့အမူအရာက အေးတိအေးစက် ဖြစ်နေသော်လည်း ရင်ထဲမှာတော့ ဗလောင်ဆူနေကာ နှလုံးပင် လည်ပင်းက ထွက်ကျမတတ် ခံစားနေရသည်။ မြေးမဖြစ်သူက ကံဆိုးတဲ့တုတ်ချောင်းကို ရွေးမိပြီး အိမ်ရှေ့စံမင်းသမီး စိတ်ထိခိုက် သွားအောင် လုပ်လိုက်မိမှာကို သူ(မ)စိုးရိမ်နေသည်။
#####