TYCDTN
Chapter 31
ယွီရှန်းက ခဏလောက် အိပ်လိုက်သည်။ နိုးလာတော့ လက်သည်းဆိုးဆေးတွေ ပျက်နေပြီမလို့ ထောင်ဟုန်ကို ဖုန့်ရှန်းပန်းရည် ပြင်ဆင်ခိုင်းလိုက်ပြီး
“လက်သည်းဆေးဆိုတဲ့အခါ အနံ့လေးမွှေးနေအောင်လို့ နှင်းဆီ ဆီလေးများများ ထည့်လိုက်၊ ဒါမှ အင်္ကျီလက်လေးဝေ့ယမ်းပြီး ဖြည်းဖြည်းလေး လက်ခါလိုက်ရင် နှစ်လိုဖွယ်ကောင်းနေမှာ”
ထောင်ဟုန်ကလည်း အမိန့်နာခံစွာဖြင့် မြေပန်ကန်းလေးထဲမှာ ဖုန့်ရှန်းပန်းနှင့် ကျောက်ချဥ်လေးထည့်ကာ ရောကြိတ်လိုက်သည်။
လျိုလွီ့က ပန်းထိုးပိုးထည် သေတ္တာကြီးသယ်ကာ ဝင်လာခဲ့သည်။ သူ(မ)က လိုက်ကာမကာ တင်ပြေလေသည်
“သခင်မလေး ဆိုင်ရှင်က နွေဦးဝတ်စုံတွေနဲ့ ခေါင်းအဆင်တန်ဆာတွေ ယူလာပါတယ်၊ အရင်ဆုံး ရွေးဦးမလား ဒါမှမဟုတ် မမကြီးကို ပို့ပေးလိုက်ရမလား”
“သူ့ဆီပဲပို့လိုက် ဒီအချိန်ဆို ပြတင်းပေါက်မှာ လည်ပင်းရှည်နေလောက်ပြီ”
ယွီရှန်းက ကုတင်ထက်တွင် ကိုယ်တစ်ဝက်မှီကာထိုင်နေပြီး အပေါ်ထပ်လက်ရှည်လေးက လျှောကျနေကာ ဖြူဖွေးသည့်ပုခုံးလေးက လစ်ဟာနေသည်။
“နွေဦးရဲ့လေက အေးစိမ့်စိမ့်ကြီး၊ အနွေးဖက်ကနေ အအေးဖက်ကို ရုတ်တရက်ကြီး ကူးပြောင်းတဲ့ကာလမလို့ သခင်မလေး အဝတ်ထူထူဝတ်ထားပါဦး”
လျိုလွီ့က ပိုးထည်သေတ္တာကိုချပြီး သူ(မ)ရဲ့ ဝတ်ရုံကို သေချာပြန်ဝတ်ပေးလိုက်သည်။ ထို့နောက် နားထင်နားက ကျနေသည့် ဆံပင်တွေကို သပ်တင်ပေးကာ သေချာစည်းပေးလိုက်သည်။ လျိုလွီ့က အစေခံလေး၂ယောက်ကို ခေါ်ပြီး သူ(မ)ရဲ့ သခင်မလေးကို မှန်တက်ခုံက ထိုင်ခုံပေါ် တင်ခိုင်းခဲ့သည်။
ယွီရှန်းက စားပွဲပေါ်မှာ ပျင်းရိပျင်းတွဲ လဲချလေသည်။ သူ(မ)ရဲ့ လက်ချောင်းတွေက ပိုးထည်သေတ္တာက ပန်းဖွားအနီကို ဆော့ကစားနေသည်။ ထို့နောက် ဖြည်းညှင်းစွာ ပြောလေသည်
“ချုံရှီကို ယွီစီးယွီ့ကို စောင့်ကြည့်ဖို့ သွားပြောလိုက်၊ ယွီစီးယွီ့ ဘောင်ကျော်တာတွေ လုပ်လာရင် သူ့အဆင့်အတန်းတွေကို အရေးထားမနေဘဲ ချည်ထားလိုက်၊ ငါသူ့ကို သံဆူးသင်းပုတ်နဲ့ ရိုက်ရင်တောင် သူက ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး၊ ငါက သူကောင်းစားတာကို မနာလိုလို့ ပြောတယ်ဘဲ ထင်နေမှာ၊ သူ့မှာ မကောင်းတဲ့အကြံရှိပြီး ဒီလမ်းကို ဆက်သွားရင်တော့ သေမှာပဲ၊ ငါ့အစ်ကိုကြီးကို ထိခိုက်စေမှာ မကြောက်ရင် သူသေသေ ရှင်ရှင် ငါဂရုမစိုက်ဘူး၊ အဲဒီမီးတွင်းထဲကို ခုန်ချခိုင်းလိုက်မှာ”
လျိုလွီ့က နားထောင်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူ(မ) သခင်ရဲ့ ဆံပင်က အလွန်နူးညံ့တာကြောင့် ဆီလေးလိမ်းပေးကာ ငွေကလစ်တွေ အများကြီးသုံးပြီး လိပ်ပြာပုံလေး ဖော်ပေးလိုက်သည်။
ယွီရှန်းက ကြေးမှန်ကိုကြည့်ပြီး အလွန်ကျေနပ်သွားကာ လက်ဝေ့ယမ်းပြီး ပြောလေသည်
“ကောင်းပြီ မြန်မြန်သွားတော့”
ထောင်ဟုန်က ဖုန့်ရှန်းပန်းတွေ ကြိတ်လို့ပြီးသွားပြီ ဖြစ်သည်။ ထို့နောက် ပန်းကန်လုံးလေးထဲမှာ ပန်းရည်၊ ကျောက်ချဥ်နဲ့ နှင်းဆီ ဆီလေးဖြင့်ရောကာ ဂွမ်းလေးဖြင့် တို့လိုက်သည်။ သခင်မလေးက ပျင်းနေတာကြောင့် သူ(မ)က စကားရှာပြောလေသည်
“သခင်မလေး ဖန်းမိသားစုရဲ့သားက တကယ်ဆွဲဆောင်မှုရှိတယ်”
“အမ် ဘယ်လိုဆွဲဆောင်မှုရှိတာလဲ”
ယွီရှန်းက သူ(မ)ကို လှည့်ကြည့်ခဲ့သည်။
“သူ့အသားအရေက ဖြူဖွေးပြီး ကြည်ရှင်းနေတာ၊ မျက်ခုံးဆို ထူထဲမည်းနက်ပြီး နှာခေါင်းက… “
ထောင်ဟုန်က စကားပြောရင်း ဇာဂနာဖြင့် ပန်းရေစိမ်ထားသည့်ဂွမ်းလုံးလေးကိုယူပြီး သခင်မလေးရဲ့ လက်သည်းကို ကပ်ပြီး ဂွမ်းတဘက်လေးယူကာ သုတ်ပးလိုက်သည်။
သူတို့တွေ စိတ်အားထက်သန်စွာ စကားပြောနေကြတုန်း လျှောက်လမ်းမှာ ချိတ်ထားသည့် ကြက်တူရွေးကြီး အားလုက အသံကျယ်ကျယ်ဖြင့် အော်လေသည်
“မှူးမတ်ကြီးလာပြီ မှူးမတ်ကြီးလာပြီ”
ထောင်ဟုန်က ချက်ချင်း ပါးစပ်ပိတ်သွားပေမယ့် နောက်ကျသွားခဲ့သည်။ ယွီဖင်ယန်က အမူအရာ ကင်းမဲ့သည့် မျက်နှာထားဖြင့် ဝင်လာကာ သြရှသည့်အသံဖြင့်ပြောလေသည်
“ဒီတစ်လလုံး ဒီခြံထဲကို ဘယ်သူစိမ်းမှ ဝင်ခွင့်မပြုဘူး၊ စည်းကမ်းဖောက်ဖျက်ရင် ပျဥ်ချပ်နဲ့အချက်၃၀ အရိုက်ခံရမယ်”
ထောင်ဟုန်က အမိန့်နာခံလိုက်ပြီး ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။
ယွီရှန်းက ပြုံးကာ
“အစ်ကိုကြီး ဖန်းမိသားစုက သားက တကယ်ပဲ ဆွဲဆောင်မှုရှိတာလား”
“ရွက်ကြမ်းရေကျိုပါပဲ”
ယွီဖင်ယန်ရဲ့ အေးစက်သည့်မျက်နှာက ပိုပြီး ယိုယွင်းလာခဲ့သည်။ သူက ညီမဖြစ်သူရဲ့ အနောက်ဖက်ကိုသွားပြီး ပုခုံးကိုကိုင်ကာ နားနားကပ်ပြောခဲ့သည်
“ဒီနေ့ သူ့အမေ ဘာပြောခဲ့တာလဲ”
“ဒီလိုပါပဲ သူ့ကိုကြည့်ရတာ ယွီစီးယွီ့ကို ချွေးမတော်ချင်နေပုံပဲ၊ ဖန်းမိသားစုက ကျိကျိတက် ချမ်းသာတာကို အစ်ကိုကြီးလည်း သိတာပဲ၊ အခုဆိုရင် ယွီစီးယွီ့ တော်တော်လေး ပျော်နေလောက်ပြီ”
ယွီရှန်းက လက်သည်းခြောက်အောင် ဖြည်းဖြည်းလေး မှုတ်နေသည်။ တမူထူးခြားသည့် အနံ့လေးက လေထဲမှာ သင်းပျံ့နေသည်။
ယွီဖင်ယန်က သူ့ညီမဘေးမှာ မထိုင်ခင် သူ့ညီမရဲ့ လည်ပင်းနားခေါင်းငုံ့ကာ ဇက်ပိုးနားမှာ အနံ့မွှေးကြည့်လိုက်သည်။ သူက ထောင်ဟုန်ဆီကနေ ဇာဂနာလေး၂ခုကိုယူပြီး သူ့ညီမရဲ့ လက်သည်းတွေကို ကျွမ်းကျင်စွာ ဆိုးပေးခဲ့သည်။ မမြင်တွေ့ရပါက မြင်းတပ်ရဲ့ဗိုလ်မှူးကြီး စစ်ပွဲမှာရက်စက်ကြမ်းတမ်းသည့်လူက ဒီကို နုနုရွရွလေး ပြုမူတတ်တာကို ဘယ်သူမှ ယုံနိုင်မည်မဟုတ်ပေ။
“အခုကြည့်ရင်တော့ ဖန်းမိသားစုက ကြီးကျယ်ခမ်းနားတာပေါ့၊ တကယ်တော့ သူတို့က မီးတောက်ထဲကို လောင်စာဆီ ဖြည့်နေတာ၊ မကြာခင် ကုန်ဆုံးတော့မှာ၊ ယွီစီးယွီ့ကို စောင့်ကြည့်ထား အစ်ကိုကြီးတို့ မှူးမတ်စံအိမ်တော်ကို ဆွဲမချစေနဲ့၊ မင်းကောပဲ သူများတွေ ပြောတဲ့စကားကို သိပ်နားမထောင်နဲ့ သူက ချောတာတို့ဘာတို့.. “
သူ(မ)အစ်ကိုကြီးက တဖျစ်တောက်တောက် ပြောတော့မှာကိုသိလို့ ယွီရှန်းက သူ(မ)ရဲ့ အားနေသည့်လက်ဖြင့် သူ့လည်ပင်းကိုဖက်ကာ
“သိပါတယ် သူက အစ်ကိုကြီးလောက် ချောပါ့မလား၊ အမြင့်ဆုံးက အလှဆုံးကျောက်စိမ်းလို အစ်ကိုကြီးက ဒီကမ္ဘာမှာ ပြိုင်စံရှား အချောဆုံးပဲ၊ ငါ့အစ်ကိုကြီးလောက် ချောတဲ့ယောက်ျားဆိုတာ မရှိဘူး၊ ဒါ့အပြင် အစ်ကိုကြီးက ဟန်မင်းဆက်ရဲ့ သူရဲကောင်းကြီးလေ၊ တကယ်လို့ ညီမလေးက လက်ထပ်ရင်တောင် အစ်ကိုကြီးလိုလူနဲ့ပဲ လက်ထပ်မှာ သာမာန်လူတွေကို စိတ်ထဲမထားဘူး”
သူ(မ)က မျက်လုံးဝိုင်းကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရယ်ပြီး
“ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အစ်ကိုကြီးလောက် ကောင်းတဲ့လူမရှိမှာစိုးလို့ ဒီဘဝတော့ လက်မထပ်ဖို့ ဆုံးဖြတ်ထားတယ်၊ အစ်ကိုကြီးက ညီမလေးကို ထောက်ပံ့ကျွေးမွေးရမှာ”
သူ(မ)က အနားကပ်သွားကာ ယွီဖင်ယန်ရဲ့နှာခေါင်းထိပ်လေးကို သူ(မ)ရဲ့ နှာခေါင်းထိပ်ဖြင့် ပွတ်လိုက်သည်။ အသံရှူသံလေးက နွေးထွေးနေကာ ကြာပန်းနံ့ သင်းသင်းလေးက လူကို ယစ်မူးစေသည်။
ယွီဖင်ယန်က ခဏလောက် မိန်းမောသွားခဲ့သည်။ သူ့ရဲ့အေးစက်သည့်မျက်နှာက ပိုနူးညံ့သွားကာ လေသံတိုးတိုးဖြင့် ပြောလေသည်
“ညီမလေး ပြောစရာတောင် မလိုပါဘူး ညီမလေးရဲ့ တစ်ဘဝလုံးကို ဒီအစ်ကိုကြီးက ထောက်ပံ့သွားမယ်၊ ညစာကို ဘာနဲ့စားထားလဲ”
“ကြက်သားဟင်း၊ ငါးလိပ်၊ ဟင်းသီးဟင်းရွက်၄မျိုးပါတဲ့ ဂေါ်ရခါးရွက်၊ တရုတ်ငါးပေါင်း.. “
ယွီရှန်းက တစ်ခုပြီးတစ်ခု ရွတ်ပြခဲ့သည်။
“ဒါပဲလား၊ ပျားရည်တွေ စည်ပိုင်းကြီးနဲ့ တစ်ပိုင်းသောက်ထားတယ် ထင်နေတာ ဒီလောက်ထိ ချိုမြနေအောင် ပြောတတ်တော့လေ”
ယွီဖင်ယန်က ပြုံးကာ ယွီရှန်းရဲ့ နှုတ်ခမ်းကို ပွတ်လိုက်သည်။
“ပျားရည်တော့ မစားထားပေမယ့် ဒါလေးတော့ စားထားတယ်”
ထို့နောက် ယွီရှန်းက စားပွဲပေါ်က ဘူးလေးတစ်ခုကို ဖွင့်လိုက်ပြီး လက်ချောင်းဖြင့် အထဲက ပျားရည်လို အနီရောင် အရည်ကိုယူကာ အောက်နှုတ်ခမ်းထက်တွင် လိမ်းလိုက်သည်။ ထို့နောက် လျှာလေးထုတ်ကာ လျက်လိုက်သည်။ သူ(မ)က ပြုံးကာ ပြောလေသည်
“ဒီဟာကို ကိုယ်တိုင်လုပ်ထားတာ၊ နှင်းဆီပန်းအဖတ်၊ ပျားရည်နဲ့ ဆီထည့်ကြိတ်ထားတာ၊ ခြောက်သွားရင် သုံးလို့ရပြီ၊ အနံ့ရလား၊ အရမ်းမွှေးတယ်မလား”
သူ(မ)က ရယ်လျက် ယွီဖင်ယန် ရှူဖို့ နှာခေါင်းထိပ်နား နည်းနည်းသုတ်ပေးခဲ့သည်။ ထို့နောက် နှုတ်ခမ်းကို လိမ်းပေးလိုက်သည်။
ယွီဖင်ယန်က အသက်၁၆ကတည်းက စစ်တိုက်ခဲ့သူဖြစ်သည်။ ဒီကလေးမရဲ့ နောက်ပြောင်ကျီစယ်မှုကို မသိဘဲမနေပေ။ သို့ပေမယ့် သူ(မ)ကို လုပ်ချင်တာ လုပ်ခွင့်ပေးထားခဲ့သည်။ သူ့နှုတ်ခမ်းကို နီနေအောင် လုပ်ပြီးနောက် မျက်လုံးလေး မှေးကျည်းသည်အထိ ရယ်မောနေသည်။
“အစ်ကိုကြီး ချိုပြီး မွှေးတယ်မလား”
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးနေသည်။
ယွီဖင်ယန်က လျှာထုတ်ကာ လျက်ကြည့်လိုက်သည်။ အချိုဓာတ်လေး စွဲကျန်နေသည်။ နီရဲနေသည့် နှုတ်ခမ်းက သူ့ကို ရက်စက်သည့် နတ်ဆိုးအသွင်ဖြင့် ပိုချောသွားစေခဲ့သည်။
ယွီရှန်းက ကြောင်အမ်းအမ်း ဖြစ်နေသည်။
ထိုအချိန်မှာပဲ ယွီဖင်ယန်က ယွီရှန်းရဲ့ ချယ်ရီသီးအမှည့်လို ရဲနေသည့် နှုတ်ခမ်းကနေ အကြည့်မခွာနိုင်ခဲ့ပေ။ အနားကပ်လိုက်တော့ နှင်းဆီနှင့် ကြာပန်းနံ့က သူ့နှာခေါင်းထဲ ပိုတိုးဝင်လာသည်။ ရုတ်တရက်ကြီး ဒွိဟဖြစ်နေသည့် ကဗျာက ခေါင်းထဲ ပေါ်လာခဲ့သည်။ ‘မျက်နှာချေမှုန့်တွေပါတဲ့ ရောင်စုံမိတ်ကပ်လေးတွေလေထဲပျံ့နေတယ်’။
ရုတ်တရက်ကြီး ရေဆာလာသလို ခံစားလိုက်ရသည်။ စိန်ပုံစံ နှုတ်ခမ်းလေးကို မြိုချပစ်ချင်စိတ်တွေ ပေါ်လာခဲ့ရသည်။
ရင်ထဲမှာ အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။ အမြန်လေး နောက်ဆုတ်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။ ဂွမ်းလုံးလေးကို ယူကာ သူ့ညီမကို လက်သည်း ဆက်ဆိုးပေးနေလိုက်သည်။ တဘက်ဖြင့် သုတ်ပေးပြီးနောက် ဆင်ခြေရှာကာ အမြန်ထွက်သွားခဲ့သည်။
ယွီရှန်းကတော့ သတိမထားမိဘဲ ထောင်ဟုန်ကို လက်သည်းဆက်ဆိုး ခိုင်းလိုက်သည်။
တျယ်ချိန်ဥယျာဥ်ထဲမှာ ဖေရှီ့က အရက်သောက်ပြန်လာမည့် သားဖြစ်သူကိုစောင့်နေကာ သားဖြစ်သူပြန်လာတော့ သွားကူပေးဖို့ အမြန်လေး ရှေ့တိုးသွားခဲ့သည်။
“မျက်နှာကို မြန်မြန်သုတ်လိုက်”
သူ(မ)က သားဖြစ်သူရဲ့ မျက်နှာဆီ တဘက်ပစ်ပေးကာ စိတ်အားထက်သန်စွာ မေးလေသည်
“မှူးမတ်ကြီးနဲ့ မိတ်ဆွေဖြစ်ပြီလား”
ဖန်းကျီ့ချန်က ညောင်စောင်းထက်မှာ ခဏလဲနေသည်။ ခေါင်းမမူးတော့မှ တုန်လှုပ်ချောက်ချားစွာ ပြောလေသည်
“သူက သတင်းတွေထဲကအတိုင်း အေးစက်တယ်၊ သူ့ကို ချည်းကပ်ဖို့ ခက်တယ်၊ အရက်သောက်ဖို့ ကမ်းလှမ်းခဲ့တော့လည်း ချက်ချင်း ငြင်းပစ်တာ၊ သူ့ကို စကားပြောတော့လည်း အေးတိအေးစက်ပဲ ဆက်ဆံတာ၊ မှူးမတ်စံအိမ်တော်ကြီးထဲမှာ လျှောက်မသွားဖို့လည်း တားမြစ်ခဲ့တယ်၊ ကို့ရို့ကားယား အခြေအနေကြီးကို ရှောင်ဖို့အတွက် သားလည်း အရက်တွေပဲ ငှဲ့သောက်လိုက်ရတာပဲ၊ ဒီလိုနဲ့ မတော်တဆ သောက်တာ များသွားတယ်”
“ချည်းကပ်ဖို့ခက်တယ်”
ထိုစကားကြားတော့ ဖေရှီ့က ဒေါသထွက်သွားပေမယ့် မှူးမတ်စံအိမ်တော်မှာ နေရဖို့က မလွယ်ပေ။ ဓားကိုင်ဆောင်ထားသည့် စစ်သားတွေက တံခါးအပြင်မှာ စောင့်ကြပ် နေကြသည်။ တည်ကြည်သည့်မျက်နှာထားနှင့် အစောင့်တွေကလည်း ခြံထဲပတ်ပြီး ကြည့်ရှုနေတာကြောင့် သူ(မ)ကို ကြောက်လန့်စေကာ ခြေလက်တွေကိုပင် အားနည်းသွားစေသည်။
သူ(မ)ခင်ပွန်းရဲ့မိသားစုက ချမ်းသာသည်ဟု ထင်ခဲ့သည်။ ယွီမိသားစုနဲ့ ယှဥ်ကြည့်မှပဲ ကြွယ်ဝမှုက လှည့်စားထားသည့်မှန်လို တစ်ချက်ထိရုံဖြင့် ပြိုလဲသွားမယ့်အရာမှန်း သိခဲ့ရသည်။ ယွီမိသားစုကမှ ဂုဏ်သရေကြီးကာ တကယ့် မင်းမျိုးစိုးနွယ် မိသားစုဖြစ်သည်။
ခဏလောက်တွေးတောနေပြီးမှ သူ့သားကို အမူးပြေဟင်းရည် တိုက်ဖို့ သတိရလေသည်။ ထို့နောက် သူ(မ)သားကို သတိပေးခဲ့သည်။
“သူက တပ်မှူးကြီးဖြစ်ပြီး ငရဲဘုရင်ပဲ သူ့ကို ဘယ်သူမှ ထိလို့မရဘူး၊ ဒီလိုစိတ်ထားရှိတာ ပုံမှန်ပဲ သူ့ကို သည်းခံရမယ်”
သူ(မ)က သားဖြစ်သူ ထလို့ရအောင်ကူပေးပြီး ဆက်ပြောလေသည်
“ဒီနေ့ မှူးမတ်စံအိမ်တော်က သမီး၂ယောက်နဲ့တွေ့ခဲ့တယ်၊ နင့်ကို ကိုယ်လုပ်တော်က မွေးတဲ့သမီးနဲ့ စေ့စပ်စေချင်တယ် ဘယ်လိုသဘောရလဲ”
ဖန်းကျီ့ချန်က ချက်ချင်းအမူးပြေသွားကာ မေးလေသည်
“ဘာလို့ ကိုယ်လုပ်တော်ကမွေးတဲ့သမီးလဲ၊ ထိပ်တန်း စာသင်သားတစ်ယောက်အနေနဲ့ မင်းမျိုးစိုးနွယ်က တရားဝင်သမီး မပြောနဲ့ ဘုရင်မင်းမြတ်ရဲ့ သမီးနဲ့တောင် လက်ထပ်လို့ရတယ်၊ ဘာလို့ ကိုယ်လုပ်တော်ရဲ့သမီးနဲ့ လက်ထပ်ရမှာလဲ အမေ သားကို အရှက်ခွဲတာလား”
“အမေ့မှာ ဘာရွေးချယ်စရာရှိလို့လဲ”
ဖေရှီ့ရဲ့မျက်နှာက ခါးသက်နေသည်။
“ဘုရင်ကြီးက အခု သယ်ယူပို့ဆောင်ရေးရဲ့ အခွန်တွေစစ်ဆေးနေပြီး အထူးသဖြင့် ဆားသယ်ယူပို့ဆောင်ရေးရဲ့အခွန်ကို စစ်ဆေးနေတယ်၊ ဘယ်လိုမုန်တိုင်းတွေ နီးကပ်လာပြီလဲဆိုတာ ငါမသိဘူး၊ နင့်အဖေကလည်း နောက်ဆက်တွဲအတွက် ပြင်ဆင်ပြီးထား၊ ဒီမြို့ထဲက မရေတွက်နိုင်တဲ့လူတွေထဲမှာ တပ်မှူးကြီးကပဲ ငါတို့ကို ကယ်နိုင်မှာ၊ နင့်လက်ထပ်ပွဲကို အကြောင်းပြုပြီးတော့ပဲ နင့်အဖေ အသက်ရှင်နိုင်မှာ”
“ဒါဆိုလည်း တရားဝင်သမီး ရှိတယ်မလား”
ဖန်းကျီ့ချန်က မကျေမနပ်မေးလေသည်။
“နင်က အဲဒါပဲသိပြီး ကျန်တာမသိဘူး၊ တရားဝင်သမီးရှိတာ မှန်ပေမယ့် သူက မသန်မစွမ်းလေ၊ အောက်ပိုင်းသေနေတာ၊ သူနဲ့လက်ထပ်ပြီးရင် ဘယ်သူက ငါတို့အိမ်တော်ကို တာဝန်ယူပြီး ဘယ်သူက နင်နဲ့လူရှေ့သူရှေ့ ထွက်ပေးမှာလဲ၊ အမွေဆက်ခံဖို့ ကလေးရဖို့လည်း ခက်ဦးမယ်၊ ဒါကြောင့် ဒုတိယရွေးချယ်မှုအနေနဲ့ ကိုယ်လုပ်တော်ရဲ့သမီးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပေးခဲ့တာ”
ဖေရှီ့က သနားစဖွယ် ပြောနေပေမယ့် မြို့ထဲက သူ(မ)မိသားစုရဲ့ အဆင့်ကို မတွေးမိဘဲ မနေနိုင်ခဲ့ပေ။။ ယန်ကျုံးက ဟိတ်ဟန်များကာ လူများသည့်နေရာက သူ(မ)ကို မျက်စိကျိန်းစေကာ ဆားကုန်သည်တွေက မြှောက်ပင့် ပေးခဲ့သည်။ မြို့တော်ကို သွားတော့လည်း ခေါင်းမော့ရင်ကော့ကာ မျက်နှာမငယ်ခဲ့ပေ။ သူ(မ)သားက လူပေါင်းသန်းချီထဲက အရည်အချင်းရှိ လူတစ်ယောက်ဟု ထင်ခဲ့သည်။ ဒါကြောင့် မိသားစုတိုင်းက မိန်းမငယ်လေးတွေကို ရွေးခဲ့သည်။
ဖန်းကျီ့ချန်က သူ့အဖေရဲ့ ပြဿနာတွေကို ပြန်တွေးလိုက်သည်။ နေရာ၃ခုရဲ့တာဝန်ခံ တပ်မှူးကြီးကသာ သူတို့ကို ကယ်တင်နိုင်သည်။ သိမ်ငယ်မှုတွေကို မြိုချကာ ခေါင်းညိတ်ပြပြီး
“အမေ့စကားကို နားထောင်ပါ့မယ်၊ ဒါပေမဲ့ မစေ့စပ်ခင်တော့ မှူးမတ်စံအိမ်တော်က သမီးကြီးနဲ့ တွေ့ဖို့တောင်းဆိုချင်တယ်”
ဖေရှီ့က သူ(မ)သားရဲ့ ခေါင်းကိုပွတ်သပ်ပေးကာ ပြုံးလျက်
“ဒါပေါ့ သူက ကိုယ်လုပ်တော်ရဲ့သမီးဆိုပေမယ့် ငယ်ငယ်ကတည်းက တရားဝင်ဇနီးမယားကြီးနဲ့ပဲ ကြီးပြင်းလာတာ၊ ရုပ်ရည်လေးကလည်း မဆိုးဘူး၊ သားသဘောကျမှာပါ”
သားမိ၂ယောက် ခဏလောက်စကားပြောပြီးနောက် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ တော်ဝင်စာမေးပွဲကို ပထမအဆင့်နှင့်အောင်ဖို့ စောင့်ပြီးမှ ကျင်းပဖို့ စီစဉ်လိုက်သည်။ ဒါပြီးမှ ကြီးကျယ်ခမ်းနားစွာ မှူးမတ်စံအိမ်တော်ကို တင်တောင်းမည်ဖြစ်သည်။
#####