TYCDTN အပိုင်း ၃၀

TYCDTN
Chapter 30

ယွီစီးယွီ့က မဒမ်အိုကြီးအတွက် ဗုဒ္ဓကျမ်းစာ စာအုပ်ကို ပြင်ဆင်ပေးနေတုန်း အစေခံလေး ၂ယောက်ပြောနေတာကို ကြားလိုက်သည်။

“ဒီနေ့ စံအိမ်ကို လာလည်တဲ့ ဧည့်သည်၂ယောက်ကိုတွေ့လား သူတို့အဝတ်အစားတွေက ဝတ်ကောင်းစားလှတွေချည်းပဲ”

“သူက မဒမ်အိုကြီးရဲ့ သူငယ်ချင်းရဲ့သမီးတဲ့၊ သူ့ခင်ပွန်းရဲ့မိသားစုက ဆားသယ်ယူပို့ဆောင်ရေးရဲ့တမန် စီးယွင်ထုံတဲ့၊ သူက သူ့သား နန်းတော်မှာ စာမေးပွဲဖြေဖို့ လိုက်လာပေးတာတဲ့လေ”

“အရမ်းတော်တာလား”

“ဒါပေါ့ ထိပ်ဆုံး၁၀ယောက်ထဲမှာ ပါတယ်တဲ့၊ မဟုတ်ရင် ဘာလို့ စာမေးပွဲဖြေဖို့ မြို့တော်မှာ စောင့်နေမှာလဲ၊ မှူးမတ်ကြီးက ဘုရင်ကြီးရဲ့ မျက်နှာသာပေးခံရတဲ့လူပဲလေ၊ မှူးမတ်စံအိမ်မှာ နေထိုင်နိုင်တဲ့ သူ့အဆင့်အတန်းကို တခြားလူတွေမြင်ရင် သူ့မိသားစုရဲ့ဆက်ဆံရေးနဲ့ အာဏာကို လူတိုင်း ရှင်းရှင်းလေး သိနိုင်တာပဲ”

“ဒါကို သူက အခွင့်ကောင်းယူဖို့ ဒီမှာနေတာပေါ့၊ သူတို့ မှူးမတ်ကြီးကို အကူအညီတောင်းလောက်တယ်”

“ဘာတွေပြောနေတာလဲ၊ သူတို့က ကြွယ်ဝချမ်းသာတဲ့ အရာရှိတွေပဲ၊ ဆားသယ်ယူပို့ဆောင်းရေးတမန်က ဟန်မင်းဆက်မှာ အကြော်ကြားဆုံးအလုပ်ပဲ၊ မိသားစု ပိုင်ဆိုင်မှုဆိုရင်လည်း မှူးမတ်စံအိမ်တော်ကြီး ၂ခုပေါင်းတောင် သူတို့ရဲ့ ပိုင်ဆိုင်မှု တစ်ဝက်လောက်တောင် မညီမျှဘူး၊ ပြီးတော့ သူ့သားက အရမ်းချောတာနော်၊ တောက်ပတဲ့ အနာဂတ်ရှိပြီး ရည်မွန်မှုကလည်း မှူးမတ်ကြီးထက် မနိမ့်ပါဘူး”

“ကောင်မရယ် ညည်းက သိလှချည်လား”

“ငါအရှေ့ခြံက ဖြတ်သွားတုန်းက ခြံထဲက ကန်ရှေ့မှာ မှူးမတ်ကြီးနဲ့ သောက်နေတာကို တွေ့လိုက်တာ၊ သူ့အပြုအမူတိုင်းက စတိုင်ကျချက်ပဲ”

ထိုအကြောင်းပြောပြီး အစေခံလေး၂ယောက်က တခစ်ခစ်ရယ်လေသည်။

ယွီစီးယွီ့က သတိမမူမိဘဲ နားထောင်နေမိခဲ့သည်။ ထိုအချိန်မှာပဲ မဒမ်အိုကြီးရဲ့ အစေခံခေါင်းဆောင် ဝမ်ချုံက ရောက်လာပြီး လိုက်ကာကို ပင့်မကာ

“မမကြီး အိမ်မှာ အထူးဧည့်သည်ရောက်နေလို့ မဒမ်ကြီးက အခေါ်လွှတ်လိုက်ပါတယ်”

ထိုစကားက ယွီစီးယွီ့ရဲ့ဝိဉာဥ်ကို လုံးဝ နိုးထသွားစေခဲ့သည်။ ချက်ချင်းပဲ လက်ထဲက ပစ္စည်းကိုပစ်ထုတ်ကာ ဝတ်စုံအသစ်လဲလိုက်သည်။ ထို့နောက် မဒမ်အိုကြီးရဲ့ခြံထဲကို ယွီရှန်းရှေ့ကနေ အလျင်အမြန်ဝင်သွားလိုက်သည်။

ယွီစီးယွီ့ရဲ့ ရုပ်ရည်က ယွီရှန်းလောက် မတောက်ပသော်လည်း ရည်မွန်လှပသည်။ ယွီရှန်းရဲ့ ဝင့်ဝါလှပသည့် ညှို့ဓာတ်ရှိသည်နှင့်ယှဥ်ရင် ယွီစီးယွီ့က ပိုနူးညံ့ကာ စိတ်ထားကောင်းပုံ ပေါ်သည်။ သို့ပေမယ့် ဒါက ကိုယ်လုပ်တော်က မွေးသည့်သမီး ဖြစ်တာကြောင့် မိသားစုနောက်ခံကတော့ ကွာခြားသည်။ သို့ပေမယ့် မှူးမတ်ကြီးက ရာထူးကြီးသူဖြစ်ကာ ဘုရင်မင်းမြတ်၏ အမြှောက်စားခံဖြစ်သည်။ အိမ်ရှေ့စံနှင့် မှူးမတ်ကြီးက အတူတူကြီးပြင်းလာတာကြောင့် မှူးမတ်စံအိမ်တော်ကြီးက နှစ်ပေါင်းရာချီအောင် ခမ်းနာထည်ဝါကြွယ်ဝချမ်းသာနေမည်မှာ အမှန်ဖြစ်သည်။

ဖန်းမိသားစုက မှူးမတ်စံအိမ်တော်က ကိုယ်လုပ်တော်ရဲ့ သမီးဖြစ်သူနှင့် လက်ထပ်လိုက်ရင်တောင် လူမှုရေးနယ်ပယ်မှာ အဆင့်မြင့်သည့်ရာထူးက လူနှင့် လက်ထပ်လိုက်တာဟု မှတ်ယူလို့ရသည်။ အခု လှုပ်ခတ်နေသည့် ဖန်းမိသားစုကို တပ်မှူးကြီးရာထူးကို ရထားကာ ရာထူးကြီးကိုလည်း ပိုင်ဆိုင်ထားသည့် မှူးမတ်ကြီးကလွဲရင် ဘယ်သူမှ ကယ်နိုင်မည် မဟုတ်ပေ။

တွေးတောပြီးနောက် ဖေရှီ့က ရေလိုကြည်နေသည့် ကျောက်စိမ်းလက်ကောက်ကို ထုတ်ကာ ယွီရှန်းနှင့် ယွီစီးယွီကို ဝတ်ပေးလိုက်သည်။ ထို့နောက် ပျူငှာစွာဖြင့် ယွီစီးယွီ့ကို မေးခွန်းတွေ မေးခဲ့သည်။

စိတ်လှုပ်ရှားမှုကြောင့် ယွီစီးယွီ့ရဲ့ လက်ချောင်းလေးတွေက တုန်ယင်နေသည်။ သူ(မ)က လက်ဖက်ရည်ကို အေးဆေးသောက်နေသည့် ယွီရှန်းကို ကြည့်လိုက်သည်။ သူ(မ)ရဲ့ မျက်လုံးတွေက အားရကျေနပ်မှုတွေဖြင့် ပြည့်နေသည်။ သူ(မ)သာ ဖန်းမိသားစုနှင့် လက်ထပ်လိုက်ပါက မှူးမတ်စံအိမ်တော်ထက် မလျော့နည်းသည့် ကြွယ်ဝချမ်းသာမှု တွေက စောင့်ကြိုနေမည် ဖြစ်သည်။ ဖန်းမိသားစုရဲ့ တရားဝင်သားက ရုပ်ချောရုံတင်မကဘူး အရည်အချင်းရှိကာ သာမာန်မဟုတ်ပေ။ သူက ထောင်ချီတဲ့ အမျိုးသမီးတွေရဲ့ စိတ်ကူးထဲက အမျိုးသားဖြစ်သည်။

ယွီရှန်းက မသန်မစွမ်းဖြစ်ပြီး သမီးအရင်း မဟုတ်လို့ ဂုဏ်ယူနိုင်စရာ မရှိဘူး။ ဖေရှီ့ကြောင့် သူ(မ)ရင်ထဲက ကျေနပ်မှုတွေက တိုးထွက်လာခဲ့သည်။

မဒမ်အိုကြီးက သူ(မ)ရဲ့ အတွေးတွေကို မသိနိုင်စရာ မရှိပေ။ ယွီစီးယွီ့ရဲ့ ဂုဏ်ဆာနေသည့် အမူအရာကြောင့် မဒမ်အိုကြီးက အလွန်ဒေါသထွက်နေပေမယ့် သိသာအောင် မဖော်ပြခဲ့ပေ။ သူ(မ)က ခြံထဲက မြေးဖြစ်သူနှင့် ဖန်းကျီ့ချန် အတွက် အရက်နှင့် အမြည်းတွေ ပြင်ခိုင်းလိုက်သည်။

တစ်ခါသောက်ပြီးသွားတော့ ဖေရှီ့က မဒမ်အိုကြီးကို နှုတ်ဆက်ကာ တျယ်ချိန်ခြံကို အနားယူဖို့ ပြန်သွားခဲ့သည်။ မဒမ်အိုကြီးက အစေခံတစ်ယောက်ဖြင့် လမ်းပြပေးခိုင်းခဲ့သည်။ မဒမ်အိုကြီးက ယွီစီးယွီ့ဖက်ကြည့်ကာ တည်ကြည်စွာ ပြောလေသည်။

“နင်က အသက်၁၆ရှိပြီဆိုတော့ သင့်လျော်တဲ့ မင်္ဂလာအဝတ်အစား ရွေးဖို့ပြင်ထား၊ မဒမ်ဖေ ဒီနေ့လာတွေ့ရတဲ့အကြောင်းကို နင်သိမှာပါ၊ ငါဘာမှတော့ မပြောချင်ဘူး၊ လက်တွဲဖော်ကို စျေးဝယ်ရောင်းသလို အလျင်စလို ရှာလို့မရဘူး၊ မျက်လုံးဖွင့်ပြီး သေချာကြည့်၊ ချောက်နက်ထဲကို ကိုယ့်ဘာသာခုန်ချပြီး မှူးမတ်စံအိမ်တော်ကိုပါ နင်နဲ့အတူ ဆွဲမချနဲ့”

ယွီစီးယွီ့ရဲ့ မျက်နှာက သိမ်ငယ်သွားခဲ့သည်။ သူ(မ)က ခေါင်းငုံ့ထားကာ မပြတ်မသား ပြောလေသည်။

“အဖွားရဲ့ သင်ပြမှုတွေကို ဒီမြေးမ နားလည်ပါပြီ”

“ကောင်းပြီ သွားလို့ရပြီ”

မဒမ်အိုကြီးက ယွီရှန်းကို ကြည့်လိုက်တော့ သူ(မ) မျက်နှာက ပိုနူးညံ့သွားကာ

“ရှန်းအာလည်း ကျန့်ကော်ဘုရားကျောင်းက ရှိခိုးပူဇော်ပြီး ပြန်လာတာဆိုတော့ ပင်ပန်းရောပေါ့၊ သွားနားတော့လေ”

ယွီရှန်း လိမ္မာစွာ နာခံခဲ့သည်။ သူ(မ)ခြံထဲက မထွက်ခင် အဝတ်အစားနှင့် လက်ဝတ်ရတနာဝယ်သည့် တာဝန်ခံ အစေခံ ပြန်လာတာကိုတွေ့လိုက်သည်။

“သခင်မလေး နွေဦးဝတ်စုံဖို့ အထည်တွေရောက်ပါပြီ၊ ကျင်းချွယ်က ဆိုင်ရှင်က ပို့ထားပေးပြီးပါပြီ သခင်မလေး သွားစစ်ကြည့်ပါဦး”

“အဲကိုပို့ပေး”

ယွီရှန်းက ပျင်းရိစွာ လက်ဝေ့ယမ်းပြခဲ့သည်။ နွေဦးရောက်တော့မှာ ဖြစ်ပြီး အပင်တွေက ထူးပိန်းနေသည်။ အရက်အပျော့စားလေး အနည်းငယ် သောက်ပြီးနောက် ပန်းနံ့လေးတွေ ခံစားနေမိသည်။ နေရောင်အောက်က ညောင်စောင်းထက်မှာပင် အိပ်ချင်နေသည်။

ယွီစီးယွီ့က အလွန်ရွှင်ပျနေသည်။ ထိုစကားကြားတော့ အနောက်ကနေ တိတ်ဆိတ်စွာ လိုက်သွားခဲ့သည်။

ဆိုင်ရှင်က အကြာကြီး စောင့်နေခဲ့သည်။ ယွီရှန်းလာတာ တွေ့တော့ သူက ရှေ့တိုးလာကာ အရိုအသေပေးလိုက်သည်။ ယွီရှန်း အထည်တွေ စစ်နေတုန်းမှာလည်း ယွီရှန်းက အမြင်စူးရှတာကြောင့် သူက ဘာမှဝင်မပြောရဲပေ။ ယွီရှန်းက တစ်ခါကြည့်ရုံဖြင့် အဝတ်တွေက အရည်အသွေးကောင်းလား အရောင်အသွေး ပြည့်မှီလားဆိုတာ သိနိုင်သည်။ ယွီရှန်း စစ်ဆေးနေတုန်း ဝင်ပြောပါက သူက အေးစက်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ရင် မြေကြီးမှာ တွင်းတူကာ ဝင်ပုန်းသွားချင်သည့်အထိ ခံစားသွားရနိုင်သည်။

ဒါကြောင့် မှူးမတ်စံအိမ်တော်ကို အရည်အသွေးမြင့် အထည်တွေသာ ပို့ပေးရဲပြီး အတုတွေဖြင့် ရောမချရဲပေ။

စစ်ဆေးပြီးနောက် ယွီရှန်းက ဆိုင်ရှင်ဆီ သစ်သားပြားလေးပစ်ပေးပါ ပြောလေသည်

“စာရင်းကိုင်ရုံးကိုသွားပြီး ငွေထုတ်လိုက်၊ ရတနာအသစ်တွေရှိရင်လည်း လူလွှတ်ပြီး လာပြလိုက်၊ စျေးအတွက် စိတ်မပူနဲ့ မနစ်နာစေရပါဘူး၊ နောက်ဆုံးပေါ်နဲ့ အသစ်တွေပဲလိုချင်တယ်၊ ငါ ယွီရှန်းက သူများဝတ်ပြီးထားတွေ မဝတ်ချင်ဘူးဆိုတာ မှတ်ထားလိုက်”

ဆိုင်ရှင်က သစ်သားပြားကို ကောက်ယူကာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ဆိုင်ရှင် အမြန်ထွက်သွားသည့် အချိန်ကျမှ ယွီစီးယွီ့က နူးညံ့သည့် အသံဖြင့်ပြောလေသည်။

“ရှန်းအာ အစ်မက အခု သင့်လျော်တဲ့သတို့သမီးဝတ်စုံပြင်ရမှာလေ သိတယ်မလား၊ အဝတ်အစားအသစ်တွေနဲ့ အဆင်တန်ဆာတွေလိုတယ်၊ အစ်မကို နည်းနည်းလောက် ကူညီပေးလို့ရမလား၊ ရှန်းအာလေးရဲ့ အကူအညီကို အစ်မ မမေ့ပါဘူး”

ထိုစကားပြောနေထျိန်မှာ သူ(မ)က မချိသာမခံသာနဲ့ ခါးသီးနေသော်လည်း ကြွယ်ဝချမ်းသာမှုတွေနှင့် အနာဂတ်မှာ ဇိမ်ခံနိုင်ဖို့ တောက်ပသည့် အနာဂတ်အတွက် သည်းခံဖို့လိုသည်။ ဒီမျိုးမစစ်လေးက အစ်ကိုကြီးနှင့် အဖွားကို ဘာတွေပြုစားပြီး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို စီမံအုပ်စိုးနေလဲဆိုတာ မသိတော့ပေ။ တကယ့် ယွီရှန်းအစစ် ပြန်ရောက်လာသည့်အခါကျရင် ဒီမျိုးမစစ်လေး ဘယ်လိုတွေ ထိခိုက်နစ်နာ သွားမလဲဆိုတာ သိချင်သေးသည်။

ကံဆိုးချင်တော့ လက်ထပ်ပြီးပါက သူ(မ)က ချန်ကျုံးမှာသာ နေတော့မှာမလို့ အမြင့်ပေါ်ကကျသည့် အထိနာမယ့် ကြက်ကလေးကို ကြည့်ခွင့်မရတော့ပေ။ ထိုသို့တွေးလိုက်ပြီး ယွီစီးယွီ့က လှောင်ပြုံး ပြုံးလိုက်သည်။

ယွီရှန်းက အဝတ်အစား တချို့ထုတ်ကာ နေရောင်အောက်မှာ စီခင်းလိုက်သည်။ ယွီစီးယွီ့ရဲ့ စကားကို ကြားတော့ သူ(မ)က တစ်ချက်ပြုံးကာ

“အဝတ်အစားအနည်းငယ်နဲ့ အဆင်တန်ဆာ အနည်းငယ်လေးနဲ့ ဘာလုပ်မှာလဲ၊ နင်ကလေ ရုပ်လေးက လှပေမယ့် ငတုံးပဲ၊ မင်းမျိုးမင်းနွယ်နဲ့ လက်ထပ်ပြီးရင်တောင် သိပ်မကြာခင်မှာ နင်က အိမ်မှာတစ်ယောက်တည်း နေရမှာ၊ အားလပ်ချိန်မှာ စံအိမ်ကို စီမံခန့်ခွဲဖို့ သင်ယူဖို့ ငါပြောခဲ့သားပဲ၊ တာဝန်တွေ ခွဲပေးတုန်းကလည်း အာရုံမစိုက်ဘဲ လူလွှတ်ပြီး ငါ့ကို ပြဿနာရှာခဲ့သေးတယ်၊ ကိုယ့်အရည်အချင်းကို မသိဘူး၊ နင်က ငါနဲ့ကစားဖို့ ဝါနုလွန်းတယ်၊ နင်ငါ့ကို လိုက်ပြိုင်နေလို့ကတော့ တစ်သက်သာ ကြာသွားလိမ့်မယ်နော်၊ အဲလောက် လက်ထပ်ချင်နေရင်လည်း သေတွင်းထဲ ခုန်မချခင် ဖန်းမိသားစုရဲ့အခြေအနေကို တစ်ချက် စုံစမ်းကြည့်လိုက်ဦး၊ ဆားသယ်ယူပို့ဆောင်ရေးကို ဘယ်လိုလူက ကျင့်ဝတ်နဲ့အညီ အုပ်ချုပ်မှာလဲ၊ ဘုရင်ကြီးက အခွန်ပိုင်းနဲ့ ပတ်သက်ပြီး မကြာခင်က စုံစမ်းနေတယ်၊ ဆားသယ်ယူပို့ဆောင်ရေးက သိပ်အရေးပါတယ်၊ သူများတွေက ပြေးရှောင်နေချိန်မှာ နင်ကတော့ သေတွင်းထဲခုန်ချဖို့ မအောင့်အီးနိုင်ဘူး ဖြစ်နေတယ်၊ ငါ့အစ်ကိုကြီးကို ဆွဲချလို့တော့ နင့်ကို အမျိုးအဖြစ် မသတ်မှတ်တဲ့ ငါ့ကို အပြစ်မတင်နဲ့နော်”

ယွီရှန်းက လက်ဖက်ရည်ပူ တစ်ငုံသောက်ကာ အပြစ်တင်လေသည်။

“သင်ယူသင့်တာကျတော့မသင်ယူဘူး၊ သိသင့်တာကျတော့လည်း မသိဘူး၊ မေးသင့်တဲ့ မေးခွန်းကျတော့ မမေးဘူး၊ ကလိမ်ကကျစ်ကျဖို့ပဲ နင်သိတယ်၊ မျက်နှာကိုပဲ အမွှန်းတင်မနေနဲ့ ဦးနှောက်လေးနဲ့လည်း စဥ်းစားဦး”

ယွီစီးယွီ့ကတော့ ခေါင်းမမော့နိုင်တော့အောင်ကို ပြင်းထန်စွာ သင်ခန်းစွာ ပို့ချခံခဲ့ရသည်။ ဘေးက အစေခံလေးတွေရဲ့ တီးတိုး ရယ်သံကြားတော့ ထိုပါးစပ်တွေကို ဆွဲဖြဲချင်စိတ် တဖွားဖွား ပေါ်လာခဲ့သည်။ ယွီရှန်းပြောသမျှကို ရင်ထဲမှတ်မထားဘဲ မနာလိုလို့ ပြောတယ်လို့သာ ယူဆလိုက်လေသည်။

သခင်မလေးရဲ့စကားတွေက ကြမ်းတမ်းပေမယ့် အကုန် အမှန်တွေပဲ။ မမကြီးသာ ဒါကို သတိထားမိရင် သူ့ဘဝအတွက် အကျိုးရှိလိမ့်မယ်။ ကံဆိုးချင်တော့ မမကြီးက ဦးနှောက်မရှိဘဲ လုပ်သင့်လုပ်ထိုက်တာကို မသိပေ။ ညီမ၂ယောက်ကြားက ဉာဏ်ပညာကို ယှဥ်ကြည့်ပါက ကောင်းကင်နှင့်မြေပြင်လို ကွာခြားလှသည်။

ယွီစီးယွီ့ရဲ့ အနီးကပ်အစေခံက စိတ်ဆတ်သည့်လူစာမျိုး ဖြစ်သည်။ သူ(မ)က ခေါင်းမော့ကာ ယွီရှန်းကို မကျေမချမ်း မျက်စောင်းထိုး ကြည့်လိုက်သည်။

လက်ဖက်ရည်ခွက် ကိုင်ထားသည့် ယွီရှန့်က ရပ်တန့်သွားခဲ့သည်။ သူ(မ)က ကြာပွတ်ကိုကောက်ယူကာ အစေခံမရဲ့ မေးရိုးကို ဖြတ်ရိုက်ပစ်ပြီး မျက်လုံးပင့်ကြည့်ကာ ပြောလေသည်

“ဘာအကြည့်နဲ့ ကြည့်နေတာလဲ၊ သိပ်သတ္တိကောင်းနေတာလား”

မှူးမတ်စံအိမ်တော်က သခင်မလေးကို ဘယ်သူရန်စရဲတာလဲ။ သခင်မလေးဆီက အရိုက်ခံရရင် အမှားလုပ်လုပ် မလုပ်လုပ် မှူးမတ်ကြီးဆီက ပျဥ်နဲ့အချက်၅၀ အရိုက်ခံရမှာ။

အစေခံမလေးက တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ကာ အမှားအတွက် တောင်းပန်ခဲ့သည်။

ယွီရှန်းက သူ(မ)ကို လျစ်လျူရှုကာ ယွီစီးယွီ့ကို သတိပေးလေသည်။

“နွေဦးအဝတ်အစားတွေနဲ့ ခေါင်းအဆင်တန်ဆာပေးမယ်၊ ဘယ်လောက်စျေးကြီးကြီး ကိစ္စမရှိဘူး၊ တစ်ခုပဲ တောင်းဆိုမယ် ငါ့အစ်ကိုကြီးကို မဆွဲချနဲ့ မဟုတ်ရင် နင့်တစ်ဘဝလုံး အေးစက်ဆာလောင် ငတ်မွတ်အောင် ထားပစ်မယ်၊ ယုံတယ်မလား”

ယွီရှန်းက မေးပင့်ကာ စူးရှသည့်မျက်လုံးတွေဖြင့် သူ့ဆန့်ကျင်ဖက်က ကောင်မလေးကို ကြည့်လိုက်သည်။ မျက်လုံးတွေက အပြစ်ကင်းပေမယ့် နောက်ကွယ်မှာတော့ ရက်စက်မှုတွေ ပုန်းကွယ်နေသည်။

ယွီစီးယွီ့က ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်မိပြီး တုန်ယင်စွာပြောလေသည်

“ညီမလေးရဲ့ စကားတွေက တော်တော်ကြမ်းတမ်းတာပဲ၊ ဒီလက်ထပ်ပွဲကို အစ်မ မဆုံးဖြတ်ပါဘူး အဖွားကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ့မယ်”

“သဘောပေါက်သွားလို့ ဝမ်းသာပါတယ်၊ သူတို့တွေရဲ့ ရေညစ်ကြီးထဲကို မစဥ်းစား မတွေးခေါ်ဘဲ ခုန်ဆင်းသွားမယ်လို့ ထင်နေခဲ့တာ”

သူ(မ)က မျက်လုံးပင့်ကာ ပြောခဲ့သည်။ သူ(မ)ရဲ့ အပြုံးက ရှင်းလင်းလှပကာ ချစ်စရာကောင်းနေသည်

“ကောင်းပြီ သွားလို့ရပြီ၊ အဝတ်အစားတွေနဲ့ ရတနာတွေ ပို့ပေးလိုက်မယ်၊ ငါ့ပစ္စည်းတွေကို ယူရင်တော့ ငါ့အမိန့်ကို နာခံရမယ်နော်”

ယွီစီးယွီ့က ခေါင်းညိတ်ပြကာ ထွက်သွားခဲ့သည်။

အစေခံကြီးရဲ့ ပြန်ပြောချက်အရ ထိုစကားဝိုင်းအကြောင်းကို မဒမ်အိုကြီးက သိသွားခဲ့သည်။ မဒမ်အိုကြီးက ပန်းအိုးတွေကို ရေလောင်းကာ ရယ်လျက်

“ငါတို့မိသားစုမှာ ရှန်းအာရှိနေမှတော့ ငါ ဘာစိုးရိမ်စရာလိုလဲ၊ ယွီစီးယွီ့သာ ရှန်းအာလောက် နည်းနည်း ဉာဏ်ကောင်းမယ်ဆိုရင် သူ့ကို အိမ်တော်မှာပဲ ပိတ်မထားဘူး၊ မျိုးရိုးမြင့်နဲ့ လက်ထပ်ချင်တယ်လား၊ သူက ဘုရင့်ခုံရုံးက ယန်အာရဲ့ အခြေအနေကို ထည့်မတွက်ဘူး၊ ဘုရင်ကြီးက မှူးမတ်ကြီးကိုမြင်မယ့်အမြင်တွေ အထက်တန်းလွှာက မြင်မယ့်အမြင်တွေကို ထည့်မတွေးတတ်ဘူး၊ သူသာ အထက်တန်းလွှာကို ထိုးတက်ချင်ရင် တစ်ဘဝလုံး လုပ်နိုင်မှာမဟုတ်ဘူး”

—-

ယွီဖင်ယန်နှင့် ဖန်းကျီ့ချန်က အရှေ့ဘက်ခြံဝန်းမှာထိုင်နေကြသည်။ ရေကန်နားမှာ မျက်နှာချင်းဆိုင်ထိုင်ကာ အလယ်က စားပွဲပုလေးပေါ်မှာ စားကောင်းသောက်ဖွယ် အစုံခင်းကျင်းထားသည်။ နွေဦးရဲ့တိုက်ခတ်လာသည့်လေက ပန်းရနံ့တွေကို သယ်ဆောင်လာခဲ့သည်။ တော်တော်လေးကို မူးယစ်စေသည်။

ဖန်းကျီ့ချန်က မှူးမတ်ကြီးရဲ့ လှပသည့် မျက်နှာကို တိတ်တခိုးကြည့်လိုက်သည်။ တစ်ခွက်လောက်သောက်ဖို့ ဖိတ်ခေါ်ချင်ပေမယ့် မှူးမတ်ကြီးရဲ့ အေးစက်နေသည့် အရှိန်အဝါကြောင့် မလှုပ်ရှားရဲပေ။

အစေခံငယ်လေးတွေက ကန်ဘေးကနေ ဖြတ်သွားချင်ယောင်ဆောင်ပြီး ကျောက်တုံးတွေ ပုံကာထားသည့်နောက် ဝင်ပုန်းနေကြသည်။ ကျောက်တုံး ကြားလေးကနေ ဖန်းကျီ့ချန်ရဲ့ ချောမောသည့် မျက်နှာလေးကို ခိုးကြည့်ကာ တစ်ခါတစ်ရံ တခစ်ခစ်ရယ်ကြသေးသည်။

ဖန်းကျီ့ချန်က နုနယ်သည့် စာသင်သားလေးဖြစ်ကာ သူတို့အသံတွေကို မကြားပေမယ့် ယွီဖင်ယန်ကတော့ ရှင်းလင်းစွာကြားနေရသည်။ ဖြတ်လတ်သည့် မျက်လုံးတစ်စုံဖြင့် သူ့ကိုကြည့်ကာ သြရှသည့် အသံဖြင့်ပြောလေသည်။

“ဒီကို စာမေးပွဲပြင်ဆင်ဖို့အတွက် လာတယ်ဆိုတော့ အခန်းထဲမှာပဲနေပြီး စာလုပ်သင့်တယ်၊ ခြံထဲမှာ လျှောက်သွားမနေနဲ့”

ရှန်းအာနဲ့ မတော်တဆ တွေ့လို့ကတော့ သားအမိ၂ယောက်လုံးကို ခြံထဲကနေ ကန်ထုတ်ပစ်မယ်။

“မဒမ်ကြီးကို နေ့တိုင်း သွားနှုတ်ဆက်ဖို့ မလိုဘူးလား”

ဖန်ကျီ့ချန်ရဲ့ မျက်နှာလေးက ဖြူဖျော့နေကာ မှူးမတ်ကြီးကို ဘာများမကျေနပ်အောင် လုပ်မိခဲ့လည်းဆိုတာ စဥ်းစားနေခဲ့သည်။

“မလိုဘူး မဒမ်ကြီးက နေ့တိုင်းဘုရားရှိခိုးပြီး ကျမ်းစာရွတ်ဖတ်တယ် သူ့ရဲ့ငြိမ်းချမ်းမှုကို သွားရှုပ်မနေနဲ့၊ တစ်ခုခုလိုတာရှိရင် တစ်ယောက်ယောက်နဲ့ လွှတ်ပြီး အကြောင်းကြားခိုင်းလိုက်၊ တစ်ယောက်ယောက်က ကူညီပေးလိမ့်မယ်”

ဖန်းကျီ့ချန်က သဘောတူပြီးနောက် သတင်းတွေက မှန်ကြောင်းတွေးလိုက်သည်။ မှူးမတ်ကြီးက တကယ့်ကို ငရဲဘုရင်လို အမူအရာဟန်ပန်ရှိတာပဲ။ သူ့ရှေ့မှာထိုင်ရတာ ရေခဲတုံးနှင့် နှင်းပြင်ရှေ့လိုထိုင်နေရတာနှင့်တူကာ လူနဲ့တူတယ်လို့ တစ်စက်ကလေးမှ မခံစားရပေ။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset