TYCDTN
Chapter 29
၂နှစ်ကြာပြီးနောက်
ရထားလုံးလေးက လမ်းမထက်တွင် ပြေးလွှားနေပြီး မြင်းဟီးသံတောင် တုန်ခါနေသည်။ မြင်းရထားသမားက ကြာပွတ်ကိုဝေ့ယမ်းကာ ဆဲဆိုလေသည်
“ဘယ်ကစောက်ကန်းလဲ၊ အကောင်းကြီးကနေ ငါ့မြင်းလှည်းဘီးအောက်ကို ဝင်လာနေတယ်၊ ငွေညှစ်ချင်တာလား၊ ဒါဘယ်သူ့ ရထားလုံးလဲဆိုတာ ကြည့်ဦး ဝင်မရှုပ်သင့်တဲ့လူနော်”
တစ်ဖက်ကလူက မြေပြင်တွင် လဲလျောင်းနေဆဲဖြစ်ကာ မတုံ့ပြန်ခဲ့ပေ။ သူ့ရဲ့ဘယ်ဖက်လက်ကိုမြှောက်ကာ နဖူးထက်တင်ပြီး နေရောင်ခြည်ကို ကာထားလိုက်သည်။
မြင်းရထားသမားက အော်ဟစ်လေသည်
“ဘာလို့ ဆက်လဲနေသေးတာလဲ၊ မြန်မြန်ထစမ်း မဟုတ်ရင် မြင်းတက်နင်းတာ ခံရလိမ့်မယ်”
လူတွေက ကြမ်းတမ်းသည့် မြင်းရထားသမားကို ရပ်ကြည့်နေကြသည်။
ရုတ်တရက်ကြီး ရထားလုံးရဲ့လိုက်ကာ ပွင့်လာပြီး လှပသည့် မိန်းမပျိုလေးက ငွေချောင်းတစ်ချောင်း ကိုင်ထားကာ
“ဒီမှာငွေချောင်း ဒါကိုယူပြီး မြန်မြန်ထွက်သွားလိုက်တော့၊ အချိန်တွေ လာဖြုန်းမနေနဲ့”
ထို့နောက် တစ်ဖက်က လူက ယိုင်တိုင်တင်ထလာကော ချောမောသည့် မျက်နှာကို ပင့်ချီလိုက်သည်။ တိကျပြတ်သားသည့် မျက်ခုံးတစ်စုံ၊ ဖီးနစ်လိုမျက်ဝန်းရှည်ရှည်လေးနှင့် နက်မှောင်သည့် မျက်အိမ်က လူတွေရဲ့ စိတ်ဝိဉာဥ်ကို ဆွဲဆောင်နိုင်သည်။ အနာအဆာ ကင်းမဲ့သည့် မျက်နှာထားက တူမတူအောင် ချောမောသည်။ သူက ခါးငုံ့ကိုင်းကာ နွေးထွေးသည့်အသံဖြင့် ပြောလေသည်
“ဒီဖက်က သခင်မလေး ကျွန်တော်က ငွေညှစ်တာမဟုတ်ပါဘူး.. “
မိန်းမပျိုလေးက နှာမှုတ်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြတ်ပြောလေသည်
“မဟုတ်ဘူးလား ငွေညှစ်တာ မဟုတ်ဘူးဆိုတော့ သေကြောင်းကြံတာလား၊ ဘာကြောင့်လဲ၊ ဒီပိုက်ဆံကိုယူလိုက် ဒါဆိုရင် အခက်အခဲတွေကို ဖြေရှင်းလို့ရတယ် သဘောပေါက်လား”
ဒီတစ်ခေါက် လေသံက ဂရုဏာကြီးမားသည့်လေသံလေး ဖြစ်နေကာ စောနက အေးတိအေးစက်လေသံနှင့် မတူပေ။
လူငယ်လေးက တစ်ခုခုကို ရှင်းပြချင်ဟန်ဖြင့် လက်ခါပြခဲ့သည်။ ထို့နောက် ပြတင်းပေါက်ကနေ ခေါင်းလေးပြူထွက်လာတာကို တွေ့လိုက်ရသည်။ မျက်နှာလေးက ပိုနူးညံ့ကာ တော်တော်လေး ပြီးပြည့်စုံသည့် မျက်နှာလေးဖြစ်သည်။ အသားအရည်က နေရောင်အောက်မှာ ကြည်လင်လက်ထနေကာ မျက်လုံးဝိုင်းကြီးတွေနှင့်ဖြစ်သည်။ သူ့ပုံစံက အရှိန်အဝါအပြည့်နှင့် ထည်ဝါလွန်းလှသည်။ သူ(မ)ရဲ့ ပန်းရောင်သန်းသည့် နှုတ်ခမ်း၂လွှာက ပွင့်အာသွားကာ စိတ်မရှည်စွာပြောလေသည်။
“ဘာပေါက်ကရတွေပြောနေတာလဲ၊ သေရမှာကိုမကြောက်ဘဲ အသက်ရှင်ရမှာကို ကြောက်နေတာလား၊ ယူထားလိုက်”
သူ(မ)က လက်မြှောက်ကာ ငွေချောင်းကို လူငယ်လေးရဲ့မျက်နှာထံ ပစ်ပေးလိုက်သည်။ လူငယ်လေးရဲ့ နဖူးကို မှန်သွားပြီး နာကျင်မှုကြောင့် အသံပင် ထွက်သွားခဲ့သည်။
မိန်းကလေးငယ်လေးက မျက်နှာကို လက်ဖြင့်အုပ်ကာ ကတိကအောက် ခံစားသွားခဲ့ရသည်။
“မိန်းကလေး မင်းရဲ့ ပိုက်ဆံကို လက်မခံနိုင်ဘူး၊ ကျွန်တော်က သေချင်လို့မဟုတ်ပါဘူး ဒါပေမဲ့.. “
လူငယ်လေးက ငွေချောင်းကို ကောက်ကာ ပြန်ပေးခဲ့သည်။ သို့ပေမယ့် မိန်းမငယ်လေးက မေးကိုပင့်ကာ မောက်မာစွာပြောလေသည်
“သေကြောင်းကြံပြီး ဝန်မခံရဲတာ သိသာနေတာပဲ တော်တော် သတ္တိကြောင်တဲ့လူ၊ သေဖို့ဆန္ဒ မရှိရင်လည်း လူပီသအောင် နေထိုင်လေ၊ ဒီငွေချောင်းကို ယူပြီး ထွက်သွားလိုက်တော့၊ အနာဂတ်မှာ နင်အောင်မြင်လာရင် ငါ့မျက်နှာကို ပြန်ပစ်ပေါက်လို့ ရတယ်၊ နင့်မှာ အဲလို အရည်အချင်းရှိလား ကြည့်ပါရစေ”
သူ(မ)က လိုက်ကာပြန်ချကာ လှပဝင်းလက်သည့် မျက်နှာကို ကာလိုက်ရင်း ပြောလေသည်။
“ဘာစောင့်နေတာလဲ သွားမယ်”
မြင်းရထားသမားက မြန်မြန်လေး သဘောတူကို မြင်းရထားလှည်းကို ဖြည်းညှင်းစွာ မောင်းသွားခဲ့သည်။
လူငယ်လေးက ရထားလှည်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေခဲ့သည်။ သူ(မ)က ကြင်နာတတ်သည့် မိန်းကလေးမှန်း သိသာသည်။ သူ(မ)ရဲ့ ကြင်နာမှုတွေကို စကားလုံးကြမ်းတွေဖြင့် ဖုံးကွယ်ချင်ခြင်း ဖြစ်သည်။ သူ(မ)ရဲ့ ကြင်နာမှုကို မသိသည့်လူဆိုပါက မခံချင်စိတ်ဖြစ်ကာ စိတ်တိုလောက်မည် ဖြစ်သည်။
ပင်ကိုယ်စရိုက်က တော်တော်လေး ကို့ရို့ကားယားနိုင်ပေမယ့် ချစ်ဖို့ကောင်းသည်။
လူငယ်လေးက လမ်းလျှောက်သွားကာ သန့်ရှင်းသည့်နေရာတစ်ခုကိုရှာပြီး ထိုင်လိုက်သည်။ သူက ငွေညှစ်ချင်လို့မဟုတ်ဘဲ သေကြောင်းကြံတာလည်း မဟုတ်ပေ။ ငယ်ငယ်ကတည်းက သူ့ကျန်းမာရေးကြောင့် ရုတ်တရက် ထလိုက်ပါက သို့မဟုတ် အစာမစားရတာ ကြာလာပါက မူးမော်တတ်သည်။ မူးနောက်လာကာ ခြေလက်တွေ ပျော့ခွေပြီး လှည်းရှေ့ကို လဲကျသွားခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် သခင်ဖြစ်သူနှင့် အစေခံက သူရှင်းပြတာကို နားမထောင်ခဲ့ပေ။ သူ့ရဲ့အားနည်းလွန်းသည့် ရောဂါကိုလည်း ဘယ်လိုကုသရမလဲဆိုတာ မသိပေ။
လူငယ်လေးက ခေါင်းငုံ့ကြည့်လိုက်တော့ မြေပေါ်လဲကျထားလို့ သူ့အင်္ကျီတွေက မြေကြီးတွေ ပေနေတာ တွေ့လိုက်ရသည်။ အဝတ်အစားမှာလည်း အပေါက်အကြီးကြီး ရှိနေတာကြောင့် သူ့ပုံစံလေးက ပိုသနားစဖွယ်လေးဖြစ်နေသည်။
မအံ့သြတော့ပါဘူး။ သူက ရယ်လျက် ခေါင်းခါခဲ့ပြီး တီးတိုးပြောလေသည်။
“မင်းမျက်နှာကို ငွေနဲ့ပစ်ပေါက်စေချင်ရင် အနည်းဆုံးတော့ နာမည်ပြောပြခဲ့ရမှာပေါ့”
သို့ပေမယ့် ပထမဆုံး စတွေ့သည့်အချိန်မှာ ဘယ်မိန်းကလေးမှ နာမည်မပြောကြောင်းကို ရုတ်တရက် သတိရသွားခဲ့သည်။ တစ်ဖက်လူက သူကို ပြန်မဆပ်ခိုင်းဘဲ ဘဝကို ကောင်းမွန်စွာ နေထိုင်ဖို့ပြောသွားခဲ့သည်။
လူငယ်လေးက ထရပ်ကာ ကုန်စုံဆိုင်တစ်ခုကို ဝင်၍ မေးလေသည်
“ဆိုင်ရှင် စောနက ရထားလုံးက ဘယ်သူ့ဟာလဲ သိလား”
“ရထားလုံးပေါ်မှာ မြေခွေးပြေးနေတဲ့တံဆိပ်လေး တွေ့လိုက်လား အဲတာ ယွီမိသားစုရဲ့ သင်္ကေတပဲ”
လူငယ်လေးရဲ့ မျက်လုံးက အနည်းငယ် လက်ထသွားကာ ဆက်မေးလေသည်
“ယွီမိသားစုလား”
ဆိုင်ရှင်က ခေါင်းညိတ်ပြကာ
“ပြီးတော့ မှူးမတ်ကြီးရဲ့ ညီမလေ အရမ်းရက်စက်တာ၊ သူက ဘာပဲဖြစ်ဖြစ် မကြောက်တတ်ဘူး၊ မမလေးက ရက်စက်ကြမ်းကြုတ်တဲ့လူလို့ ပြောကြတယ်၊ သူ့ကို မကောင်းပြောရင် ကြာပွတ်နဲ့ အရိုက်ခံရတယ်၊ အရာရှိကြီးနဲ့ မြင်းတပ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ သူ့အစ်ကိုကြောင့် သူ့ကို ဘယ်သူမှရန်မစရဲဘူး၊ သူ့အစ်ကိုလည်း သူ့ကိုတုန်နေအောင် ချစ်တာ၊ သူ့ကို ဆန့်ကျင်တဲ့လူကတော့ သေအောင် အရိုက်ခံရတာ”
ထိုစကားပြောပြီးနောက် ဆိုင်ရှင်က ကြောက်လန့်တကြား ခေါင်းထပ်ခါထပ်ခါ ခါယမ်းလိုက်သည်။
လူငယ်လေးက သူ့ကို အသံတိုးတိုးဖြင့် ကျေးဇူးတင်လိုက်ကာ ဆန်ကိတ် ဝယ်ပြီး အပေါ်မှာစားနေလိုက်သည်။ သူ့အမူအရာက အနည်းငယ် ဘဝင်ခိုက်နေသည်။ ဒီကလေးမလေးက သူ့ညီမအရင်းဖြစ်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။ ကြမ်းတမ်းပြီး ရက်စက်သည်ဟူသော စကားတွေက သပုတ်လေလွင့် စကားတွေဖြစ်ပြီး သူ(မ)ကိုယ် သူ(မ) ကာကွယ်သည့် အခွံဖြစ်သည်။ အသက် ၁၀နှစ်မှာ ခြေထောက်တွေ ဆုံးရှုံးသွားခဲ့ပြီး ဘဝကြီး ပျက်ဆီးသွားခဲ့သည်။ မသန်မာရင် ဘယ်လိုရှင်သန်နေထိုင်ရမှာလဲ။
တွေးတောပြီးနောက် လူငယ်လေးက စားချင်စိတ်မရှိတော့တာကြောင့် ဆန်ကိတ်ကို မျှော်နေသည့် သူဖုန်းစားလေးကို ပေးလိုက်ကာ လေးလံသည့် ခြေလှမ်းများဖြင့် ထွက်သွားခဲ့သည်။
မှူးမတ်စံအိမ်တော်၏ အဓိက ခန်းမဆောင်တွင်ဖြစ်သည်။
မဒမ်အိုကြီးက ဝတ်ကောင်းစားလှ ဝတ်ထားသည့် အမျိုးသမီးဖြင့် စကားပြောနေကာ မကြာခဏ မာမောမောကို လှည့်ကြည့်ကာ မေးလေသည်
“သခင်မလေး ဘယ်တော့ပြန်လာမှာလဲ”
“နောက်ကျနေပြီဆိုတော့ မကြာခင် ပြန်လာတော့မယ် ထင်ပါတယ်”
မာမောမောက တံခါးပေါက်ဆီသွားကာ ကောင်းကင်ကို ကြည့်လိုက်သည်။
မဒမ်အိုကြီးက အမျိုးသမီးကြီး၏ လက်ကိုကိုင်ထားကာ အပြုံးဖြင့် ပြောလေသည်
“အမှန်တိုင်းပြောရရင် စံအိမ်ရဲ့ ကိစ္စအဝဝကို မြေးမလေးကို လွှဲထားလိုက်ပြီလေ၊ ဝင်မပါတာ ၂နှစ်၃နှစ်လောက်ရှိပြီ၊ အကြောင်းမကြား ဘာမကြားနဲ့ရောက်ချလာတော့ စားစရာ၊ အဝတ်အစား၊ နေရာထိုင်ခင်းနဲ့ ပို့ဆောင်ရေးတွေအတွက်တောင် မပြင်ထားရဘူး၊ မြေးမလေး မပြန်လာသရွေ့ ငါကလည်း ဘာလုပ်ရမှန်း မသိဘူး၊ အသက်ကြီးပြီး အသုံးလည်းမဝင်တော့ဘူးလေ”
ထိုအမျိုးသမီးက ပြုံးကာ
“မဒမ်ကြီး ဘာတွေပြောနေတာလဲ၊ ဒီလိုမြေးမလေးရတာ ကောင်းချီးပေးခံရတာပဲ သိလား၊ အခုကြည့်ပါဦး မဒမ်ကြီးက ကျွန်မ အမေထက် ၁၀နှစ်တောင်ငယ်တယ်လေ သူသာ အခုလူကိုယ်တိုင်လာရင် မနာလိုဖြစ်နေမှာသေချာတယ်”
မဒမ်အိုကြီးနဲ့ ထိုအမျိုးသမီးက မဒမ်အိုကြီးရဲ့ သူငယ်ချင်းဟောင်းရဲ့ မကြာသေးခင်က အကြောင်းတွေ စကားစမြည်ပြောနေခဲ့ကြသည်။ စကားပြောလိုက် ရယ်လိုက် လုပ်နေကြသည်။ ယွီရှန်းပြန်လာတော့ ဝှီးချဲဘီးသံကြားလိုက်ပြီး မဒမ်အိုကြီးက လှည့်ကြည့်ကာ အပြုံးဖြင့် ပြောလေသည်
“ပြောရင်းဆိုရင်း ရောက်လာပါပြီ ယွီရှန်း နင့်ဒေါ်လေးဖေကို လာနှုတ်ဆက်လိုက်ဦး၊ သူ့အမေက အဖွားလက်မထပ်ခင်တုန်းက သူငယ်ချင်းကောင်းလေ”
ထိုအမျိုးသမီးက ယွီရှန်းရဲ့ခြေထောက်ကို စောင်ဖြင့် အုပ်ထားတာတွေ့တော့ အနည်းငယ် အံ့သြသွားခဲ့သည်။ အစတုန်းက မဒမ်အိုကြီးပြောသည့် ဉာဏ်ကောင်းကာ သိတတ်သည့် မြေးမလေးက ယွီစီးယွီ့ကို ပြောတယ်လို့ ထင်ခဲ့သည်။ ခြေထောက်ကျိုးကာ လမ်းမလျှောက်နိုင်သည့် ယွီရှန်း ဖြစ်လိမ့်မယ်ဟု မထင်မိခဲ့ပေ။
ယွီရှန်းက သူ့ဘာသာ စွန့်လွှတ်ကာ အစ်ကိုဖြစ်သူကို ကယ်ခဲ့သည့် သတင်းက ကျော်ကြားပေမယ့် သူ့ဂုဏ်သတင်းကတော့ မကောင်းပေ။ သတင်းစကားတွေက သူ(မ)ရှေ့က မိန်းကလေးနှင့် အက်စပ်မှုရှိမနေပေ။ သူ(မ)က အပြင်က ရွှေရောင်သမ်းသည့် နေရောင်ခြည်ထက် ပိုတောက်ပကာ နူးညံ့လှပသည်။ သူ(မ)ရဲ့ နက်မှောင်သည့် မျက်လုံးဝိုင်းကြီးတွေက အားသာချက်ဖြစ်သည်။ သေချာစိုက်သည့်ပါက နှလုံးသားထဲ ဖောက်ဝင်တတ်သည့် အပ်ချိတ်လေးတွေ ပါဟန်တူသည်။
သူ(မ)က ၁၄နှစ်လောက်သာ ရှိသေးပြီး လက်မထပ်ရသေးသော်လည်း အရပ်ရှည်ကာ ဂုဏ်ကျက်သရေ ကြီးမားလှသည်။ အသက်၁၀နှစ်မှာ ခြေထောက်တွေ ဆုံးရှုံးခဲ့ပြီး အောက်ပိုင်းသေခဲ့သည်။ သို့ပေမယ့် သူ(မ) မျက်နှာထက်တွင် ဂုဏ်ငယ်ခြင်းတွေ စိတ်ပျက်အားငယ်မှုတွေ မရှိပေ။ ခန်းမထဲဝင်လိုက်သည်နှင့် သူ(မ)က နူးညံ့သည့်အသံဖြင့် နှုတ်ဆက်ခဲ့သည်။ သတင်းတွေပျံ့နေသလောက်လည်း မဆိုးပေ။
အမျိုးသမီးကြီး ထင်ထားသည်နှင့် လုံးဝကွာခြားသည်။ အသိစိတ် ပြန်မကပ်ခင်အထိ အကြာကြီး ကြက်သေသေနေခဲ့သည်။ သူ(မ)က ကောင်မလေးရဲ့ လက်ကောက်ဝတ် ဖြူဖြူလေးကိုကိုင်ကာ
“ဒါက ရှန်းအာလေးလား၊ မတွေ့တာကြာတော့ အရမ်းထွားလာတာပဲ၊ သမီး ၁လလောက်တုန်းကပဲ ဒေါ်လေးချီဖူးတာ”
သူ(မ)က လက်မြှောက်ကာ လက်ဟန်ပြခဲ့သည်။
ယွီရှန်းက ပါးစပ်အုပ်ကာ ရယ်နေခဲ့သည်။ သူ(မ)မျက်လုံးက ညှို့ဓာတ်တွေက အမျိုးသမီးကြီးကို ခဏလောက် မှိန်းမောစေခဲ့သည်။ အမျိုးသမီးကြီးက ရင်ထဲကနေ သက်ပြင်းချကာ
“ဒီထူးခြားတဲ့ကိုယ်ဟန်က ဘုရင်ရဲ့ အရေးပေးခံအရဆုံး ကိုယ်လုပ်တော်ဖြစ်မယ့်ပုံလေး၊ ဒီခြေထောက်တွေနဲ့ သနားစရာလေး…”
မဒမ်အိုကြီးက ရယ်ခဲ့သည်။ သူ(မ)က လက်မြှောက်ကာ မြေးမလေးကို နူးညံ့စွာ ထိတွေ့ပြီး
“နင်ဒေါ်လေးက နင့်အစ်ကိုဝမ်းကွဲ မြို့တော်မှာ စာမေးပွဲဖြေဖို့ အဖော်လိုက်လာပေးတာ၊ ပြီးခဲ့တဲ့လက သူက စာမေးပွဲရဲ့ ထိပ်ဆုံး၁၀ စာရင်းဝင်တယ်လေ၊ တစ်လကြာပြီးရင် စာမေးပွဲဝင်ဖြေရမှာ၊ သူငှားထားတဲ့ ခြံက ခြအုံကြီးတွေ့လို့ မလုံခြုံလို့ ဒီမှာ ခဏနေမလို့လေ”
“ကောင်းတာပေါ့ တစ်လကြာပြီးရင် ဝန်ကြီးဌာနက သမီးတို့အိမ်က ထူးချွန်တဲ့နံပါတ်၁ လူကို ရွေးမှာပေါ့၊ သူတို့ဆီကနေ မင်္ဂလာရှိတဲ့ စွမ်းအာတွေ ယူရတာပေါ့”
ယွီရှန်းက ဒေါ်လေးဖေကို ရယ်အောင်လုပ်ကာ သူ(မ)မှာ စိတ်စွမ်းအားရှိကြောင်းလည်း ထပ်ခါထပ်ခါ ပြောခဲ့သည်။
ယွီရှန်းက ခဏလောက် စနောက်ပြီးနောက် အတည်ပြောလေသည်
“အရှေ့ဖက်က တျယ်ချိန် ဥယျာဥ်ကို သန့်ရှင်းခိုင်းလိုက်မယ်၊ နည်းနည်းတော့ဝေးပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်တယ်၊ သွားကြည့်လိုက်ပါဦး၊ လိုတာရှိရင်ပြော ဖြည့်ခိုင်းလိုက်မယ်၊ ခရီးနှင်လာရလို့ ၂ယောက်လုံး ခရီးပန်းနေကောပေါ့၊ ခြံထဲမှာ အစားအသောက် ပြင်ခိုင်းလိုက်ပါ့မယ်၊ နားလိုက်ပါဦး”
စကားပြောပြီးနောက် သူ(မ)က ခြံကို ရှင်းလင်းခိုင်းကာ အစားအသောက်တွေ ပြင်ခိုင်းလိုက်သည်။
မဒမ်အိုကြီးက ညောင်စောင်းထက်မှာ မျက်လုံးလေးမှေးကျည်းကာ လက်ဖက်ရည် သောက်နေပြီး အလွန်ဇိမ်ကျနေသည်။
မဒမ်အိုကြီးက မသန်မစွမ်းသည့် လူရဲ့ အရည်အချင်းကို ကြွားဝါနေသည်ဟု ဒေါ်လေးဖေက တွေးလိုက်သည်။ သို့ပေမယ့် ယွီရှန်းက ကိစ္စမျိုးစုံကို ကိုင်တွယ်နိုင်သည်။ ဟာသဉာဏ်လည်း ရွှင်သည်။
သူ(မ)က တိတ်တဆိတ် ကြောင်အနေမိခဲ့သည်။ ယွီရှန်း အဝတ်လဲဖို့ထွက်သွားမှ သူ(မ)က ပြောလေသည်
“မဒမ်အိုကြီးမှာ နောက်ထပ်မြေးမ ရှိသေးတယ်မလား၊ ဘာလို့ သူနဲ့ ပေးမတွေ့သေးတာလဲ၊ ဒီမှာ တစ်လလောက် နေမှာဆိုတော့ ရင်းနှီးထားတော့ ပိုကောင်းတာပေါ့”
ယွီစီးယွီ့ရဲ့ အကြောင်းကြားတော့ မဒမ်အိုကြီးက ကြောင်အသွားခဲ့သည်။ သူ(မ)က ဒေါ်လေးဖေ ကိုကြည့်ကာ
“ငါ့မြေးမကိုတွေ့ဖို့ တော်တော်စိတ်လှုပ်ရှားနေတာပဲ ဧကန္တ…”
ဖေရှီ့ကလည်း မငြင်းဘဲ ခေါင်းညိတ်ပြကာ
“မဒမ်ကြီးသိတဲ့အတိုင်းပဲ ကျီ့ချန်က ဒီနှစ်ဆိုရင် အရွယ်ရောက်ပြီလေ စေ့စပ်သင့်ပြီ၊ ကျွန်မအမေနဲ့ မဒမ်ကြီးက ညီအစ်မလိုပါပဲ၊ မိသားစု၂ခုက ကလေးတွေအချင်းချင်း လက်ထပ်တော့ မကောင်းဘူးလား”
ဖေရှီ့ရဲ့ခင်ပွန်းက ဆားသယ်ယူပို့ဆောင်ရေးရဲ့ အတွင်းရေးမှူးဖြစ်သည်။ သူက မြို့တော်ပြင်ပမှာ တာဝန်ထမ်းဆောင်သည့် အဆင့်၄အရာရှိ ဖြစ်သော်လည်း မြို့တော်ရဲ့ ဆားသယ်ယူပို့ဆောင်ရေးရဲ့ တာဝန်ခံ ဖြစ်သည်။ သူတို့ မိသားစုက ချမ်းသာကြွယ်ဝသည်။ ယွီစီးယွီ့သာ ထိုမိသားစုက သားဖြင့် လက်ထပ်ပါက အဆုံးမရှိ ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ အဖွားတစ်ယောက်အနေနှင့်တော့ ပျော်ရွှင်ရသည်။ သို့ပေမယ့် မကြာခင်က ဘုရင်မင်းမြတ်ရဲ့ အခွန်ဘဏ္ဍာရေး စစ်ဆေးမှုကြောင့် မဒမ်ကြီး တုံ့ဆိုင်းနေရခြင်း ဖြစ်သည်။ ဆားသယ်ယူပို့ဆောင်ရေးရဲ့ တမန်တော် စီးယွင်ထုံက ဆားချက်လုပ်သည့်နယ်ပယ်ကို တာဝန်ယူကြီးကြပ်သူ ဖြစ်သည်။ ထိုရာထူးမှာ ထိုင်နေသည့် လူတွေက သမာတမတ် မကျတာကြောင့် ယန်အာကို ထိခိုက်သွားမှာ စိုးသည်။ ဘာ လက်ထပ်စရာလိုလဲ။ သူ စာမေးပွဲပြီးသွားရင် ဒီဆက်ဆံရေးကို မြန်မြန် ရှင်းထုတ်ပစ်လို့ရတာပဲ။
မဒမ်အိုကြီးက တွေးတောပြီးနောက် ဖေရှီ့ကို တိုက်ရိုက်ငြင်းရင်လည်း မကောင်းဘူးဟု တွေးလိုက်သည်။ သူ(မ)က ယွီစီးယွီ့ကို သွားခေါ်ဖို့ တစ်ယောက်ယောက်ကို အချက်ပြလိုက်ပြီး သူ(မ)ရင်ထဲမှာ တခြားအစီအစဥ်ရှိပြီးသား ဖြစ်သည်။
#####