TYCDTN
Chapter 28
အဓိကခန်းမထဲမှာ အစေခံတွေက ဖွယ်ဖွယ်လျာလျာ စားသောက်ပွဲကြီးကို ပြင်ဆင်ပေးထားပြီးပြီ ဖြစ်သည်။ သူတို့ဝင်သွားတော့ အစားအသောက်က ပူနွေးနေကာ မွှေးပျံ့နေခဲ့သည်။
“လာခဲ့ အနောက်မြောက်ပိုင်းမှာ ခက်ခဲတဲ့ဒဏ်တွေ ခံခဲ့ရတော့ အစားကောင်း အသောက်ကောင်းတွေ မစားခဲ့ရဘူးမလား၊ ဒါတွေအကုန်လုံး ငါ့မြေးအကြိုက်တွေချည်းပဲ၊ ညီမလေးကို ခုံပေါ်ချပေးလိုက်ပြီး ၂ယောက်လုံးစားကြ”
မဒမ်အိုကြီးက အချက်ပြခဲ့သည်။
ယွီရှန်းကလည်း အောက်ဆင်းဖို့ ရုန်းကန်နေခဲ့သည်။
ယွီဖင်ယန်က သူ့ညီမလေးကို တွန့်ဆုတ်စွာဖြင့် ဝှီးချဲပေါ် ချပေးလိုက်ပြီး မဒမ်အိုကြီးကို တစ်ခွက်ထည့်ပေးကာ သြရှသည့် အသံဖြင့်ပြောလေသည်။
“ဒီနှစ်တွေထဲ ဒီမြေးက အဖွားတို့ကို ခက်ခဲအောင် လုပ်ခဲ့မိပြီ၊ ကိုယ်ဘာသာ အပြစ်ပေးတဲ့အနေနဲ့ ဒီမြေးက တစ်ခွက်သောက်ပါ့မယ်”
ထိုစကားကြားတော့ မဒမ်အိုကြီးက ထပ်ပြီး မျက်ရည်ကျခဲ့သည်။ ထို့နောက် ယွီရှန်းရဲ့ စကားကို ကြားလိုက်လေသည်။
“အစ်ကိုကြီး သမီးတို့က မိသားစုတွေလေ၊ အစ်ကိုကြီးက အပြင်မှာ ကြိုးစားနေတဲ့ အချိန်မှာ သမီးတို့က မိသားစုဘဝလေး ပိုကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ လူတိုင်း ကိုယ့်တာဝန်ကို ကျေအောင်လုပ်ပြီး ဘဝတွေ ပိုကောင်းမွန်အောင် လုပ်တာလေ၊ အစာမရှိဘဲ သောက်ရင် အစာအိမ်နာလိမ့်မယ် မြန်မြန်စား”
စကားပြောပြီးနောက် သူ(မ)က ဖန်ခွက်ကိုဆွဲကာ ပုဇွန်ဖက်ထုပ် ခွံ့ကျွေးလိုက်သည်။
ယွီဖင်ယန်က အမြန်လေးမြိုချကာ ညီမဖြစ်သူရဲ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးခဲ့သည်။
မဒမ်အိုကြီးကလည်း သဘောတူစွာ ပြောလေသည်။
“ရှန်းအာပြောတာမှန်တယ်၊ ကိုယ့်တာဝန်ကိုယ်ယူပြီး မိသားစုဘဝလေး ပိုကောင်းအောင် လုပ်ကြရအောင်၊ ဒီလိုစကားတွေ ပြောနေစရာ မလိုပါဘူး၊ နှစ်အနည်းငယ်လောက် ဝေးကွားသွားတာနဲ့ ဒီအဖွားကို စိမ်းကားနေတာပဲ”
“အရိုက်ခံရသင့်တယ်”
ယွီရှန်းက ဝှီးချဲမှာ ချိတ်ဆွဲထားသည့် ကြာပွတ်အသေးလေးကို ယူထုတ်ကာ ညှင်သာစွာ ရိုက်ခဲ့လေသည်။
“ဒီကလေးမလေးက ပိုပိုပြီး ကြမ်းတမ်းလာတာပဲ အစ်ကိုကြီးရဲ့ ညီမလေး ဖြစ်ထိုက်ပါတယ်”
ယွီဖင်ယန်က ရွှင်ပျစွာ ရယ်နေခဲ့သည်။ လှပပြီး ချစ်ဖို့ကောင်းသည့် ညီမလေးကို ကြည့်လေလေ ယွီဖင်ယန်က ပိုသဘောကျလာခဲ့သည်။ ထို့နောက် သူ့ဖက်ရောက်အောင် ဆွဲပွေ့ခေါ်ပြီး နှာခေါင်းလေးကို တို့ထိလိုက်သည်။
ယွီရှန်းက ပုဇွန်ကို တိတ်တိတ်လေးယူကာ ယွီဖင်ယန်ရဲ့ ပါးစပ်ထဲ ထည့်ပေးခဲ့ပြီး မောင်နှမ ၂ယောက်လုံး ဆူညံနေခဲ့သည်။
“ထိုင်ပြီး စားကြပါတော့၊ စားပြီမှပဲ နင်တို့တွေ ကြိုက်သလောက် အလွမ်းသယ်ကြပါ၊ ၂ယောက်လုံး ကလေးတွေ ကျနေတာပဲ”
မဒမ်အိုကြီးက ဆူလိုက်ပေမယ့် မျက်နှာက ပြုံးရွှင်နေသည်။
ယွီဖင်ယန်က ပုဇွန်ဖက်ထုပ်ကို မြိုချပြီးနောက် ယွီရှန်းရဲ့ နဖူးကိုထိကာ
“ဒီကဒဏ်ရာက ဘာဖြစ်တာလဲ”
မဒမ်အိုကြီးက ပြောတော့မည့်အချိန်မှာပဲ ယွီရှန်းက ဖြတ်ပြောလေသည်
“အစ်ကိုကြီး ပြန်လာမယ်ကြားတော့ အရမ်းပျော်သွားပြီး တံခါးဘောင်ကို တိုက်မိခဲ့တာလေ၊ အဲဒါတွေက အစ်ကိုကြီးရဲ့ အမှားတွေပဲ”
အခုမြေးလေးပြန်လာပြီဆိုတော့ အပြင်းအထန် ရှိခိုးပူဇော်ခဲ့တာကို သူ့ကိုပြောပြစရာ မလိုတော့ဘူး။ မဒမ်အိုကြီးက တိတ်တဆိတ် တွေးလိုက်လေသည်။ ယွီဖင်ယန်ကလည်း ယုံသွားခဲ့သည်။ ယွီဖင်ယန်က ရယ်ကာ ပြောလေသည်
“ဟုတ်ပါပြီ အစ်ကိုကြီးရဲ့အမှားပါ၊ အနာဂတ်မှာ ရှန်းအာလေး အမှားလုပ်မိရင်လည်း အဲဒါလည်း အစ်ကိုကြီးရဲ့အမှားပဲ အပြစ်တွေအကုန်လုံးကို အစ်ကိုကြီးပဲ ခံယူမယ်”
လေထုက အလွန်မွှေးပျံ့နေတုန်း မာမောမောက တုန်လှုပ်သည့်အသွင်ဖြင့် ဝင်လာခဲ့သည်။ ထို့နောက် နူးညံ့သည့်အသံဖြင့် ပြောလေသည်။
“မဒမ်ကြီး သခင်မကြီး လာပါတယ်”
“သူက ဒီကို ဘာလာလုပ်တာလဲ”
မဒမ်အိုကြီးရဲ့ မျက်နှာထက်က အပြုံးတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ဒီလိုနေ့ကောင်းရက်မြတ်မှာ ဂြိုလ်ဆိုးမ လင်ရှီကို တကယ်မတွေ့ချင်ဘူး။
ယွီဖင်ယန်ကတော့ အမူအရာ မပြောင်းလဲစွာ ရှိနေသေးပေမယ့် သူ့မျက်လုံးတွေက အေးစက်နေသည်။ မာမောမောသာ မပြောပါက အမေဖြစ်သူရဲ့အကြောင်းကို သူ မေ့တောင်မေ့နေပြီ ဖြစ်သည်။ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ထည့်ပေးရင်း ယွီရှန်းနှင့် အဖွားဖြစ်သူက ၁၀ရက်တစ်ခါ သူ့ဆီစာပို့လေ့ရှိသည်။ အစာခြောက်တွေလည်း စခန်းမှာ မပြတ်လပ်ရအောင် ဒါဇင်ချီပို့ပေးခဲ့သည်။ ချိုငန်သည့် အရသာ အစားအသောက်ကလည်း သူ့ကို မျက်ရည်တွေဖြင့် ပြုံးစေခဲ့သည်။ သို့ပေမယ့် လင်ရှီကတော့ သူ(မ)တွင် သားမရှိသလို ပြုမူခဲ့သည်။ စာရွက်တစ်ရွက် မဆိုထားနှင့် အပ်ချည်တစ်မျှင်တောင် သူ့ကို မပို့ပေးခဲ့ပေ။
လင်ရှီက သူ့ကို ရှန်းအာလို သွေးသားမတော်စပ်ဘဲ မွေးခဲ့တာလားဟုပင် ထင်ခဲ့မိသည်။ သို့ပေမယ့် အခုတော့ သူ့အတွက်ထိုကိစ္စက ပြဿနာကြီး မဟုတ်တော့ပေ။
မင်္ဂလာရှိသော လေထုနှင့် ကိုက်ညီမှုရှိစေရန် လင်ရှီက သူ(မ)သိပ်ဝတ်လေ့မရှိသည့် အပန်းရောင်ဝတ်စုံလေးကို ဝတ်ထားပြီး လိပ်ပြာ ဆံထိုးလေး ထိုးထားခဲ့သည်။ သူ(မ)က ဖြည်းညင်စွာလျှောက်လာပြီး ပြုံးကာ ပြောလေသည်
“အမေမပါလို့ ဘယ်ဖြစ်မလဲ ယန်အာလေးက တိုက်ပွဲကို အနိုင်ယူပြီး မြို့တော်ကို ပြန်လာလို့ ဂုဏ်ပြုပေးရမှာပေါ့”
ယွီဖင်ယန်ရဲ့ လက်မောင်းတွေထဲ ပွေ့ဖက်ထားခံရသည့် ယွီရှန်းကိုတွေ့တော့ သူ(မ)က အေးစက်စွာပြုံးလျက် ဆူလေသည်။
“အစ်ကိုကြီးရဲ့ အပေါ်မှာထိုင်နေတာ မသင့်လျော်ပါဘူး မြန်မြန်အောက်ဆင်း”
ယွီရှန်းကတော့ ထိုသို့မထင်ပေမယ့် ယွီဖင်ယန်ရဲ့ အင်္ကျီလက်ကိုဆွဲကာ အောက်ချပေးခိုင်းခဲ့သည်။
နွေးထွေးနေသည့် လေထုက စကားလုံး အနည်းငယ်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ မဒမ်အိုကြီးက စိတ်တိုစွာရယ်ပြီး အေးစက်စွာ ပြောလေသည်
“ယန်အာက နင့်သားဆိုတာ နင်သတိရတာ ရှားသားပဲ၊ သူ စစ်တိုက်နေတုန်းက နင်ဘာလုပ်နေခဲ့လဲ၊ ကျွင်းကျဲပုံကို ချည်ပန်းထိုးနေတာ မလား၊ ယန်အာ သေသွားတဲ့အခါလည်း ချည်ပန်းထိုးကူမလို့လား”
ထိုစကားပြောပြီးနောက် မဒမ်အိုကြီးက သူ(မ)နှုတ်ခမ်းကို လက်ဖြင့်ပြန်ရိုက်ကာ
“အရှင်ဘုရား တပည့်တော်မကို အပြစ်မယူပါနဲ့၊ စိတ်တိုလို့ ဒီလိုစကားတွေ ပြောဆိုမိတာပါ၊ အတည်မယူပါနဲ့ဘုရား တပည့်တော်မကို အပြစ်မယူပါနဲ့ဘုရား”
လင်ရှီက ထိုင်ကာ ဆောင့်ကြီးအောင့်ကြီး ပြောလေသည်
“အမေက ကျွန်မ ယောက်ျားပိုင်တဲ့ ပစ္စည်းတွေအကုန် မီးရှို့ပစ်တာလေ၊ ဒီချွေးမမှာ အတိတ်ကို ပြန်လွမ်းဆွေးစရာ ဘာပစ္စည်းမှမရှိတော့ ယောက်ျားဖြစ်သူရဲ့ပုံကို ချည်ပန်း ထိုးမိတာပေါ့၊ လက်တလောလည်း အမေ့စကားကို နားထောင်ပြီး အပ်ချည်တောင် မထိကြည့်ဘူးလေ၊ ယန်အာ အနောက်မြောက်ဘက်မှာ နေတုန်းက ထိခိုက်ဒဏ်ရာ ရခဲ့သေးလား”
ယွီဖင်ယန်က ဘေးက ရှဥ့်ကြွက်လေးလို ပန်းကန်ထဲ အစာတွေ ကောက်ထည့်နေသည့် ယွီရှန်းကို ကြည့်ပြီး ပြုံးကာ
“ဒီသားက အမေ့ကို စိတ်ပူစေမိခဲ့ပြီ၊ သား အကုန်အဆင်ပြေပါတယ်”
ယွီရှန်းက ပါးကို လက်ဖြင့်အုပ်ကာ ပြောလေသည်။
“မြန်မြန်စား ပေါက်ကရတွေ ပြောမနေနဲ့”
ယွီဖင်ယန်က ရယ်ကာ သူ(မ)ရဲ့ နှုတ်ခမ်းကို ချစ်မြတ်နိုးစွာ ပွတ်သပ်ပေးပြီး ခေါင်းငုံ့ကာ စားသောက်နေလိုက်သည်။
လင်ရှီက သူ့အတွက် အသီးအရွက်တွေ ထည့်ပေးကာ
“ဖြည်းဖြည်းစား မနင်စေနဲ့၊ ဗိုလ်ချုပ်ကြီး ကွမ်ဝေး ရာထူးရသွားတယ်ဆို ပြီးနောက် လက်အောက်မှာလဲ စစ်သည် 180000 ရှိတယ်ဆို”
ယွီဖင်ယန်က ပြန်မဖြေခဲ့ပေ။ သူ့ညီမလေးရဲ့ စိန်ပုံစံ နှုတ်ခမ်းလေးထဲကို ကြက်ဥဟင်းရည် ခပ်တိုက်ကာ သူ့ညီမလေး မြိုချတာကို ပြုံးလျက် ကြည့်နေခဲ့သည်။ ယွီရှန်းကလည်း သူ့ကို ပြန်ခွံ့ကျွေးခဲ့သည်။ မောင်နှမ၂ယောက် တစ်ယောက်တစ်လှည့် ခွံ့ကျွေးကာ ပျော်ရွှင်စွာ စားသောက်နေကြသည်။
မဒမ်အိုကြီးက ကျေနပ်နေကာ အစေခံကိုခေါ်ပြီး နောက်ထပ် ကြက်ဥဟင်းရည် တစ်ပန်းကန် ထည့်ခိုင်းခဲ့သည်။ သူ(မ)ရဲ့ သား ပထမဆုံးစစ်ပွဲက ပြန်လာတုန်းကဆိုရင် အသားတွေမြင်ရင် အန်နေကာ ၃လလောက် အစား မစားနိုင်ခဲ့ပေ။ တစ်နေ့တစ်ခြား ပိုပိန်လာကာ လူနဲ့ပင် မတူတော့ပေ။ ပထမဆုံး စစ်ပွဲက ပြန်လာသည့်လူတိုင်း ထိုအတိုင်းပဲလို့ ကြားခဲ့ပြီး ဆေးတွေနှင့် ကုသလို့မရဘဲ သူတို့ဘာသာ စိတ်ဆောင်မှ ပြန်စားသောက်နိုင်မှာ ဖြစ်ကြောင်း ကြားခဲ့သည်။ မဒမ်အိုကြီးက မြေးဖြစ်သူလည်း သူ့ဖအေဖြစ်သူလို ထူးဆန်းသည့် ရောဂါကြီး ခံစားနေရမှာကို စိုးရိမ်ခဲ့သည်။
အခုတော့ တော်သေးတာပေါ့။ မြေးလေးက အားအင်ပြည့်ဝပြီး စားနိုင်သောက်နိုင်လို့။ တစ်နှစ်ခွဲလောက် ခဲဆွဲနေသည့် နှလုံးသားက နောက်ဆုံးတော့ ဘေးကင်းစွာ အောက်ကျသွားပြီဖြစ်သည်။
ဘယ်သူမှ သူ(မ)ကို အရေးစိုက်မနေတော့ လင်ရှီက ကသိကအောက် ဖြစ်သွားခဲ့သည်။ ကံကောင်းချင်တော့ သူ(မ)ကလည်း ခင်ပွန်းဖြစ်သူကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။ သူ(မ)က လိုက်လျောညီထွေမှု ဖြစ်အောင် ပြုပြင်ပြီး စကားပြောလေသည်
“နင့်မှာ လူအင်အား အလုံအလောက်ရှိနေတာပဲ အရှိန်တိုးမြင့်ပြီး နင့်ညီမလေးကိုရှာ… “
ယွီဖင်ယန်က သူ့ပန်းကန်ကို စားပွဲပေါ် ဆောင့်ချကာ အေးစက်စွာကြည့်ကာ
“အမေ ထမင်းစားနေတဲ့အချိန် စကားအများကြီးမပြောနဲ့”
ထို့နောက် ယွီရှန်းကို ငုံ့ကြည့်တော့ သူ(မ)ရဲ့ ရှုပ်ထွေးနေသည့် အမူအရာလေးကို မြင်ပြီးနောက် သူ့မျက်လုံးထဲက မြူတွေက ချက်ချင်း အရည်ပျော်သွားခဲ့သည်။
ဒီကိစ္စကြောင့် ဒီကိုလာတာလား။ သူ့မျက်စိရှေ့မှာတင် အရွယ်ရောက်လာတဲ့သားနဲ့ တစ်ခါမှ မတွေ့ဖူးတဲ့သမီး ဘယ်ဟာက ပိုအရေးကြီးလဲ။ မဒမ်အိုကြီးက ဒေါသကြောင့် တုန်ယင်လာခဲ့သည်။ လင်ရှီ ပါးစပ်ကနေ သမီး ဆိုတဲ့စကားထွက်လာတိုင်း အမြဲတမ်း ဒီလိုအချိန်ကိုမှ ရွေးပြောသည်။ ထိုအချိန်မှာ မြေးမအရင်းကို မျှော်လင့်နေသည့် မဒမ်အိုကြီးရဲ့ မျှော်လင့်ချက်က ပိုဆိုးလာကာ ပိုပြီး အေးတိအေးစက် ဖြစ်လာခဲ့သည်။
မြေးမလေး ပြန်လာမှာကို မလိုချင်တာမဟုတ်ဘဲ မြေးဖြစ်သူကို ရက်အနည်းငယ်လောက် အနားယူခိုင်းလိုက်လို့ မရဘူးလား။ အခုမှ ယမ်းငွေ့တွေကြားက စစ်ပွဲကနေ ပြန်လာခဲ့တာလေ။ တခြားလူကို ရှာခိုင်းလို့ မရဘူးလား။ သူ့ကို ဘယ်လိုထင်နေတာလဲ။ ခံစားချက်မရှိတဲ့ ကျောက်တုံးလို့ ထင်နေတာလား။
မဒမ်အိုကြီးက ဒေါသတွေကို ဖိနှိပ်ကာ ယွီရှန်းကို ကြည့်လိုက်သည်။ ထို့နောက် နူးညံ့စွာ ပြောလေသည်
“ရှန်းအာ အဖွား နင့်အမေနဲ့ ပြောစရာစကားရှိလို့ အရင်ပြန်နှင့်လိုက်တော့”
စကားပြောပြီးနောက် မာမောမောကို စားကောင်းသောက်ဖွယ်တွေ ထည့်ခိုင်းကာ လျိုလွီ့နှင့် ထောင်ဟုန်ကို သယ်ပြန်ခိုင်းလိုက်သည်။
ယွီရှန်းက အခု သူ(မ)ရဲ့ မျိုးရိုးအကြောင်းကို မသိချင်သေးတာကြောင့် နာခံစွာဖြင့် သဘောတူခဲ့သည်။ ယွီဖင်ယန်က သူ(မ)ကို ချီပြန်ကာ နဖူးကို ဆေးလိမ်းပေးခဲ့သည်။ ချော့မော့ကာ အစာကိုပြီးအောင် စားခိုင်းပြီး အဓိကခန်းမကို ပြန်သွားခဲ့သည်။
ပုံမှန်အတိုင်း လင်ရှီက လက်ကိုင်ပဝါဖြင့် မျက်ရည်သုတ်လိုက်သည်။ ယွီဖင်ယန် ပြန်လာတာတွေ့တော့ သူ(မ)က ဆို့နင်စွာ ပြောလေသည်
“စစ်ပွဲက အန္တရာယ်များတာသိပါတယ်၊ ဒါပေမဲ့ လမ်းမှာ ပတ်သွားနေရတဲ့ ကျွန်မ သမီးကကော အန္တရာယ်မများဘူးလား၊ ကမ္ဘာကြီးက ကမောက်ကမဖြစ်နေပြီး ရှန်မိသားစုကလည်း စီးပွားရေးလုပ်တာ၊ ချမ်းသာမလား ဆင်းရဲမွဲတေမလားဆိုတာ အချိန်ခဏပဲ လိုတာ၊ အဲမိသားစုမှာ ကျွန်မ သမီးက ဘယ်လိုနေထိုင်နေမှာလဲ၊ အမေ့လို ရာထူးမြင့်ပြီး ချမ်းသာနေတဲ့လူနဲ့ ယှဥ်လို့တောင် မရပါဘူး…”
“ပါးစပ် ပိတ်ထားစမ်း၊ ငါတို့ချမ်းသာကြွယ်ဝတာတွေက လေနဲ့ပါလာတယ်လို့ ထင်နေတာလား၊ အကုန်လုံးက ယန်အာ ရှာဖွေထားတာ၊ နင့်ရင်ထဲမှာ နင့်သမီးပဲရှိပြီး ယန်အာအတွက် နေရာရှိလို့လား၊ သူက နင်နဲ့ကော သွေးသားတော်စပ်ရဲ့လား”
မဒမ်အိုကြီးက ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ချပစ်လိုက်သည်။
ယွီဖင်ယန်က အဖွားရဲ့ခါးကိုဆွဲကာ တားခဲ့သည်။ ထို့နောက် လင်ရှီကို အေးစက်စွာကြည့်ပြီး
“အမေ ကျွန်တော် လူလွတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်၊ သူ့ကို တွေ့အောင်ရှာပေးပါ့မယ်၊ သူ့ကို ရှာတွေ့တဲ့အခါကျရင် အမေ သူနဲ့ပဲနေပါတော့”
ကျွန်တော့်ကို ပြဿနာမရှာပါနဲ့တော့၊ ဒီကိစ္စလုပ်ပေးပြီးရင် အမေ့ကို ဂရုမစိုက်တော့ဘူး။
ယွီဖင်ယန်ပြောသည့် စကားကို လင်ရှီ နားမလည်ပေမယ့် မဒမ်အိုကြီးက နားလည်သည်။ သူ(မ)ရဲ့ မြေးကိုကြည့်ကာ ပုတီးကို ပတ်ချာလည်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထားပါတော့ ဒီလိုအမေမျိုး ရှိမှတော့ ဘယ်သူက ဆက်သည်းခံနိုင်မှာလဲ။ ဒီလိုတွေဖြစ်အောင် လင်ရှီ ကိုယ်တိုင် လုပ်တာပဲ။
လင်ရှိက အငိုရပ်ကာ ထွက်သွားခဲ့သည်။
၁၅မိနစ်လောက်ကြာပြီးနောက် မဒမ်အိုကြီးက လေသံတိုးတိုးဖြင့် မေးလေသည်
“ရှန်းအာ အိပ်ပြီလား”
“အင်း”
ယွီဖင်ယန်က ခေါင်းညိတ်ပြခဲ့သည်။
မဒမ်အိုကြီးက သက်ပြင်းချကာ အခန်းထဲက နေရောင်ခြည်ကိုကြည့်လျက်
“နင့်အမေကတော့ ဂရုမစိုက်ပေမယ့် နင့်ညီမလေးကတော့ အရမ်းဂရုစိုက်တာ၊ သွေးသားမတော်စပ်ပေမယ့် နင့်ကိုချစ်တာကတော့ ဟန်ဆောင်တာမဟုတ်ဘူး၊ သူ့နဖူးက ဒဏ်ရာက တံခါးဘောင်ကို တိုက်မိလို့ ရတယ်လို့ ထင်နေတာလား၊ သူက တစ်နေကုန် နင့်အတွက် ဆုတောင်းပေးနေတာ၊ ဒီနေ့ပြီးသွားရင် နောက်နေ့တွေလည်း သူ့အတွက်သူ ဂရုမစိုက်ဘဲ ရှိခိုးဆုတောင်းပေးတာ၊ ငါတောင် မကြည့်ရက်ပါဘူးဟယ်”
မျက်လုံးထောင့်က မျက်ရည်ကိုသုတ်ကာ သူ(မ)က ဆက်ပြောလေသည်။
“နင့်ညီမလေး အရင်း ပြန်လာတဲ့အခါ ရှန်းအာကို ပစ်ပယ်ပြီး ဂရုမစိုက်ဘဲ မနေပါနဲ့”
ယွီဖင်ယန်က လည်ပင်းထဲ တင်းကြပ်သွားလေသည်။ သူက လက်မြှောက်ပြီး အရက်တစ်ခွက် ငှဲ့သောက်လိုက်သည်။ ထို့နောက် သြရှသည့် အသံဖြင့်ပြန်ဖြေလေသည်။
“အဖွားပြောတာကိုလည်း ကြည့်ပါဦး မြေးက ဘာလို့ ရှန်းအာကို တစ်ယောက်တည်း ထားခဲ့ရမှာလဲ၊ သူက မြေးရဲ့ သွေးသားတော်စပ်တဲ့ ညီမ မဟုတ်ပေမယ့် ချစ်ခင်ကြင်နာရတဲ့ ညီမလေးပါ၊ စိတ်မပူပါနဲ့အဖွား မြေးက လူတိုင်းကို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံနိုင်ရင်တောင် ရှန်းအာလေးကိုတော့ မဆက်ဆံနိုင်ပါဘူး၊ စကားမစပ် ရှန်းအာ ကျန်းမာရေးကောင်းရဲ့လား”
“အခုတလောတော့ ကောင်းပါတယ်၊ နင်ထွက်သွားပြီး တစ်လကြာတော့ နှလုံးတွေ အောင့်လို့တဲ့ သမားတော်ကလည်း အကြောင်းအရင်း ရှာမတွေ့ဘူးတဲ့လေ၊ အိပ်မက်ဆိုးတွေလည်း မက်ပြီး အစ်ကိုကြီး မြန်မြန်ပြေး လို့လည်း အော်တယ်”
မဒမ်အိုကြီးက မြေးဖြစ်သူရဲ့ မျက်လုံးကိုကြည့်ကာ သေချာစူးစမ်းနေသည်။
ယွီဖင်ယန်ရဲ့ မျက်လုံးက အနည်းငယ် လက်သွားခဲ့သည်။ ထို့နောက် သူ့အိတ်ကပ်ထဲက ကြေးဒင်္ဂါးပြားကိုထုတ်ကာ ပြုံးလျက်ပြောလေသည်။
“ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ ဝိညာဉ်ဆက်သွယ်ချက်ရှိတာပဲ၊ အဲတုန်းက မြေးက ရန်သူသတ်တာ ခံခဲ့ရတာ၊ အဲအချိန်မှာ ရှန်းအာပြောတဲ့ မြန်မြန်ပြေးဆိုတဲ့ စကားကြားပြီး လှည့်ထွက်ခဲ့တာ၊ ကြေးဒင်္ဂါးပြားက နှလုံးကိုမထိအောင် မြှားဒဏ်ကို ကာကွယ်ပေးခဲ့တယ်၊ လဝက်လောက် ရင်ဘတ်နာပေမယ့် အသားမှာ ဒဏ်ရာမရခဲ့ဘူး၊ စစ်ပြေပြင်မှာ ရန်သူတွေကို သတ်နေတုန်း ရှန်းအာက နာကျင်ခံစားနေရတယ်၊ ဗုဒ္ဓဘုရားရှင် လုပ်တာလား၊ အသက်တွေကို သတ်ဖြတ်လို့ ဒီမြေးကို အပြစ်ပေးတာလား”
ယွီဖင်ယန်က ဗုဒ္ဓဘာသာကို ယုံကြည်ခြင်းမရှိပေမယ့် ဒီကိစ္စကိုတော့ ယုံကြည်နေသည်။
အချိန် ကြာသည်အထိ မဒမ်အိုကြီးက ကြက်သေသေနေကာ အသိစိတ်ပြန်ကပ်လာမှ
“ဗုဒ္ဓဘုရားရှင်ကို ဘယ်လို အပြစ်ကျူးလွန်နေတာလဲ၊ ဒါ ဗုဒ္ဓဘုရားရဲ့ ကာကွယ်ပေးခြင်းပဲ၊ ကြည့်ဦး ဒီကမ္ဘာမှာ နင့်လောက်ဘယ်သူ ကံကောင်းလို့လဲ၊ သေဘေးကနေတောင် လွတ်ခဲ့သေးတယ်၊ အဲလိုတွေးမနေနဲ့ နင်အသက်ရှင်လျက် ပြန်လာတာပဲ ကံကောင်းနေပြီ”
စကားပြောပြီးနောက် သူ(မ)က ကြေးဒင်္ဂါးပြားကို ယူကာ ကိုင်လိုက်သည်။ ထိုအချိန်ကစပြီး ယွီရှန်းက ထိုက်ယီကျူရန် ဆိုတာကို ယုံသွားခဲ့သည်။
ယွီဖင်ယန်က မဒမ်အိုကြီးကို နှုတ်ဆက်ကာ ယွီရှန်းရဲ့ ခြံထဲကို ပြန်သွားခဲ့သည်။ ယွီရှန်းက နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ပါးစပ်လေး နည်းနည်းဟကာ အသက်ရှူနေပြီး ကြာပန်းနံ့လေး သင်းနေသည်။ ယွီဖင်ယန်က အနားကပ်လာကာ နဖူးက အညိုကွက်ကို ထိကာ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို နူးညံ့စွာ ထိတွေ့နေခဲ့သည်။ သူ(မ)ရဲ့အေးစက်သည့် နှလုံးသား တစ်ခုလုံးက နူးညံ့နေခဲ့တာကို သူ အသွေးအသားထဲကနေ ခံစားမိခဲ့သည်။
ယွီဖင်ယန်က ဖိနပ်နှင့် တိုက်ပွဲဝတ်ရုံကို ချွတ်ကာ ယွီရှန်းရဲ့ဘေးမှာ လဲလျောင်းပြီး အေးချမ်းစွာ မျက်လုံး မှိတ်လိုက်သည်။
ထောင်ဟုန်နှင့် လျိုလွီ့က သူ့ကိုနှိုးရမလား မနှိုးရဘူလားဆိုတာ မသိဘဲ မာမောမောကို သွားရှာလိုက်သည်။
မာမောမောက အခန်းထဲကြည့်ကာ လက်ဝေ့ယမ်းပြပြီး ပြုံးလျက်ပြောလေသည်
“မှူးမတ်ကြီး အိပ်ပါစေ၊ မောင်နှမတွေကြားထဲမှာ ဘာလို့စည်းမျဥ်းတွေ သိပ်များတာလဲ”
သခင်မလေးရဲ့ကံကောင်းခြင်းတွေ မှူးမတ်ကြီး ယူရမယ့်အချိန်ပဲ။ မင်္ဂလာရှိတဲ့နေ့လေးကို သခင်မကြီးက ဖျက်ဆီးပစ်ခဲ့တာပဲ။
#####