TYCDTN
Chapter 27
မျိုးရိုးမြင့်က မဒမ်ကြီးတွေက အပြင်မှာရပ်ကာ လည်ပင်းတွေဆန့်ပြီး စပ်စုနေကြသည်။ မဒမ်အိုကြီးထွက်လာတော့ သူတို့တွေက မဒမ်အိုကြီးဆီ ဝိုင်းအုံနေကြသည်။
အိမ်ရှေ့စံမင်းသမီးက မဒမ်အိုကြီးကို သူ(မ)ဘေးက ခုံမှာထိုင်ခိုင်းပြီး ယွီရှန်းအတွက် မုန့်တွေပြင်ခိုင်းလိုက်သည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလေသည်
“မဒမ်ကြီး ဘုန်းတော်ကြီး ခူဟိုင်ဆီကနေ ကျေနပ်တဲ့အဖြေရခဲ့လား”
မဒမ်အိုကြီး မေးခဲ့သည့် မေးခွန်းတွေကိုတော့ သူ(မ) စပ်စုလိုစိတ်မရှိပေ။ သူ(မ)က မင်းမျိုးမင်းနွယ်မိသားစုကဖြစ်ကာ ဤကဲ့သို့ ပျိုးထောင်ခံခဲ့ရသည်။
မဒမ်အိုကြီးကပြုံးကာ
“ကျေနပ်ပါတယ် အရမ်းကျေနပ်ရပါတယ်၊ ဒီအချိန်အနေမှာ တခြားဘာမေးခွန်းမှ လျှောက်မမေးရဲလို့ ယန်အာရဲ့ ဘေးကင်းလုံခြုံရေးကို မေးခဲ့တာ၊ သေဘေးကနေ ကပ်သီလေးလွတ်ခဲ့ပြီး ဘေးကင်းစွာနဲ့အိမ်ပြန်ရောက်မယ်လို့ ပြောပါတယ်”
ယွီဖင်ယန်က စစ်ပွဲမှာ ကံကောင်းတာက အိမ်ရှေ့စံရဲ့စွမ်းအားတွေ ထပ်တိုးလာတာနှင့် ညီမျှသည်။ ထိုစကားကိုကြားတော့ အိမ်ရှေ့စံ မင်းသမီးက ရယ်လိုက်သည်။ မဒမ်အိုကြီးက သူ(မ)မြေးကို အလွန်တန်ဖိုးထားတာ မျိုးရိုးမြင့်အသိုင်းအဝိုင်း တစ်ခုလုံးသိသည်။ စစ်မြေပြင်မှာ အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် မြေးဖြစ်သူအတွက် ဘာမှမမေးမြန်းပါက အံ့သြဖွယ်ကောင်းနေလိမ့်မည် ဖြစ်သည်။
ဒါကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း မေးမြန်းစုံမြန်းကြသည်။
ယွီရှန်းက ခဏလောက် မတားမြစ်နိုင်ပေမယ့် ထပ်မထိုင်နိုင်တော့ပေ။ သူ(မ)က မဒမ်အိုကြီးရဲ့ မဒမ်အိုကြီးရဲ့ အဝတ်စကိုဆွဲကာ တီးတိုးပြောလေသည်
“အဖွား သမီး ဘုရားခန်းကိုသွားပြီး အစ်ကိုကြီးအတွက် သွားဆုတောင်းပေးချင်တယ် အရင်သွားနှင့်လို့ရမလား”
“ကောင်းပြီ သွားနှင့်လိုက် ခဏနေ အဖွားလိုက်ခဲ့မယ်”
မဒမ်အိုကြီးက သူ(မ)ရဲ့ ခေါင်းကို ချစ်စဖွယ် ထိုးဖွလိုက်သည်။
ယွီရှန်း ထွက်သွားပြီးနောက် ဘုရားခန်းမသွားခင် မဒမ်အိုကြီးက အိမ်ရှေ့စံမင်းသမီးနဲ့ ခဏလောက် စကားပြော နေလိုက်သည်။ ကလေးမလေးက ဘုရားရှိခိုးသည့် ကူရှင်လေးပေါ်တွင် ဒူးထောက်ထိုင်ကာ ရှိခိုးနေတာကို တွေ့လိုက်သည်။ ဘုရားစာ ရွတ်ဖတ်သည့်အချိန်တိုင်း ရိုသေကိုင်းရှိုင်းစွာ ရှိခိုးတတ်သည်။ နာရီဝက်လောက် ကြာပြီးနောက် သူ(မ)ရဲ့ နဖူးက ဖောင်းကာ နီရဲနေသည်။ ဗုဒ္ဓရုပ်ပွားတော်ကို ကြည့်ကာ အစ်ကိုဖြစ်သူ ဘေးကင်းစွာ ပြန်လာအောင် အာရုံစိုက် ဆုတောင်းနေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်သည့် မဒမ်အိုကြီးက ပါးပေါ်မျက်ရည်တွေ ကျလာပြီး လက်ကိုင်ပဝါကို ကိုင်ကာ မျက်ရည်တွေကို သုတ်လိုက်သည်။
အိမ်ရှေ့စံမင်းသမီးက သက်ပြင်းချကာ ပြောလေသည်
“မဒမ်ကြီးယွီမှာ ဒီလိုမြေးလေးရှိတာ သိပ်ကံကောင်းတယ်၊ မောင်နှမတွေ ဒီလို ချစ်ခင်တာမျိုး သိပ်ရှားတယ်”
မဒမ်အိုကြီးက ပြုံးလိုက်သည်။ သူ(မ)လေသံထဲက ဂုဏ်ယူမှုတွေပါနေပြီး
“အိမ်ရှေ့စံမင်းသမီးပြောတာ တကယ်မှန်ပါတယ်၊ ရှန်းအာက မိသားစုထဲမှာ သိပ်အရေးပါတယ်၊ သူက သိတတ်တယ်၊ ယဥ်ကျေးတယ်၊ ဉာဏ်လည်းကောင်းတယ်”
အိမ်ရှေ့စံမင်းသမီးက တခစ်ခစ်ရယ်ကာ မြေးဖွား၂ယောက် ရှိခိုးပူဇော်နေသည့် ဘုရားခန်းထဲကနေ ထွက်သွားခဲ့သည်။
မြေးဖွား၂ယောက် တစ်နေကုန် ဘုရားစာရွတ်ဖတ် ပူဇော်ပြီး နှမ်းဆီ ပေါင်၅၀၀ လှူဒါန်းပြီးနောက် နေဝင်ချိန်လောက်မှာ တောင်အောက် ပြန်ဆင်းလာခဲ့သည်။ မဒမ်အိုကြီးနဲ့ မာမောမောက ရှေ့က ရထားလုံးထဲ ဝင်ကာ ယွီရှန်းနဲ့သူ(မ)အစေခံက အနောက်က ရထားလုံးထဲ လိုက်ပါခဲ့သည်။
နေဝက်လောက် နေပူပြီးနောက် လမ်းပေါ်က ရွှံ့တွေ ခြောက်သွားပြီဖြစ်သည်။ အပြန်လမ်းက ပိုအဆင်ပြေသော်လည်း မဒမ်အိုကြီးက စိုးရိမ်ပူပန်နေသည်။ ဘုန်းတော်ကြီး ခူဟိုင်ပြောခဲ့သည့် စကားကို ပြန်ကြားယောင်နေကာ မေ့ပျောက်လို့ မရဖြစ်နေသည်။ စကားတွေကို တစ်လုံးချင်းတွေးလိုက် ချေဖျက်လိုက် လုပ်နေခဲ့သည်။ လျစ်လျူရှုလို့မရအောင်ကို စကားလုံးတွေက သူ(မ)ကို လွှမ်းမိုးနေသည်။
တကယ်ကြီး သူ(မ)ရဲ့ မြေးအရင်းက ဂြိုလ်ဆိုးပေါ့။
မာမောမောကလည်း တွေးတောနေသည်။ အချိန်တစ်ခုလောက်ထိ တုံ့ဆိုင်းနေပြီးနောက် သူ(မ)က နူးညံ့စွာပြောလေသည်
“မဒမ်ကြီး သခင်မလေးနဲ့ မှူးမတ်ကြီးရဲ့ ကံတရားက ဆန့်ကျင်နေတယ်လို့ ဘုန်းတော်ကြီး ခူဟိုင်က ပြောတယ်၊ သူတို့တွေက မောင်နှမတွေဆိုရင် ရန်ဖြစ်ပြီး အတူယှဥ်တွဲ နေထိုင်လို့မရဘူးလို့ ပြောတယ်၊ ဘယ်လို လုပ်မယ်လို့ တွေးထားလဲ”
သူ့ကိုရှာပြီး ပြန်ခေါ်လာသင့်လား။ မှူးမတ်စံအိမ်တော်အတွက် ဂြိုလ်ဆိုး ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။
ရန်ဖြစ်ပြီး အတူတူ ယှဥ်တွဲနေထိုင်လို့ မရဘူး။ ဆိုလိုရင်းက မြေးမရဲ့ ကံကြမ္မာက မြေးဖြစ်သူရဲ့ ကံကြမ္မာကို ယှဥ်ပြိုင်နေခြင်း ဖြစ်သည်။ မြေးမဖြစ်သူက သန်မာတဲ့ မွေးဖွားဇာတာ ပါလာပါက မြေးဖြစ်သူက ကောင်းတဲ့ အဆုံးသတ်ရှိမည် မဟုတ်ပေ။ မဒမ်အိုကြီးက သူ(မ)ရဲ့ အတွေးကြောင့် ကြောက်လန့်ကာ တုန်ယင်သွားလေသည်။
သူ(မ)က လင်ရှီလို နှလုံးသားမမဲ့သလို မအေးစက်ပေ။ မြေးမ ဖြစ်သူကို အပြင်မှာ ပတ်သွားကာ ကိုယ့်ဝမ်းကိုယ် မကျောင်းစေချင်ပေ။ သူ(မ)စိတ်ငြိမ်သွားမှ စကားကိုကြိုးစား ပြောလေသည်
“ငါတို့ သူ့ကိုရှာရမယ်၊ သူ ပြန်ရောက်လာတဲ့အခါကျရင် မောင်နှမ၂ယောက်ကို ခွဲထားရမယ်၊ ပြီးရင် သူ မြန်မြန်လက်ထပ်ပြီး အဝေးကို ထွက်သွားလို့ရတယ်”
“သခင်မလေးရဲ့ ကံတရားကြောင့် ခင်ပွန်းကောင်း ရှာတွေ့ဖို့က… “
မာမောမောက ထပ်မပြောရဲတော့ပေ။ တခြားမိသားစုဆီကို ဂြိုလ်ဆိုးတစ်ယောက် ထည့်ပေးတာက ကံကောင်းခြင်း ထည့်ပေးတာမဟုတ်ဘဲ ရန်သူထည့်ပေးတာဖြစ်သည်။
မဒမ်အိုကြီးက တွေးတောပြီးနောက်
“သူများကို ငါတို့ ဒုက္ခရောက်အောင် လုပ်လို့မရဘူး၊ သန်မာတဲ့မွေးဖွားဇာတာ ပါတဲ့လူကို ရှာရမှာ၊ မိထွေးနဲ့ပဲနေနေ ဆင်းရဲတဲ့မိသားစုပဲဖြစ်ပါစေ ရတယ်၊ မိသားစု၂ဖက်လုံး ဘေးကင်းလုံခြုံသရွေ့ အဆင်ပြေတယ် ငါတို့မှူးမတ်စံအိမ်တော်က သူတို့ကြီးပွားချမ်းသာအောင် သတို့သမီးဖက်က ပေးရတဲ့ ပစ္စည်းတွေ အများကြီး ပေးနိုင်တယ်”
သူ(မ)စကားပြောပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
“မဒမ်ကြီးပြောတဲ့ သန်မာတဲ့မွေးဇာတာ ပါတဲ့လူအချင်းချင်းဆိုရင် ငါလည်း ဂြိုလ်ဆိုးဖြစ်ပြီး နင်လည်း ဂြိုလ်ဆိုးဖြစ်လို့ အချင်းချင်း အန္တရာယ်ပြုလို့မရဘူးဆိုတဲ့ သဘောလား”
မဒမ်အိုကြီး စိတ်သောက ရောက်နေတာကြောင့် မာမောမောက စနောက်လေသည်။
“စိတ်မပူပါနဲ့ မိသားစုထဲမှာ ရတနာလေး ရှိသေးတယ်မလား၊ မမလေးရှန်း ရှိသေးတယ်လေ၊ မှူးမတ်စံအိမ်တော်ကြီးက ဘာမှဖြစ်မှာ မဟုတ်ဘူး၊ မမလေးရှန်းစိုက်တဲ့ အပင်တိုင်းက ရှင်တယ်၊ သူသာ ခရီးဝေးဝေး သွားချင်ရင်လည်း ဘုရားက စောင့်ရှောက်မှာပဲ၊ လူပေါင်းထောင်ချီတောင် မရတဲ့ ဧကရာဇ်တုတ်ချောင်း ကိုတောင် ရခဲ့တာပဲ သူက အရမ်းကို ကံကောင်းတာပဲ”
ထိုစကားကြားတော့ မဒမ်အိုကြီးက စိတ်ခံစားချက် ပြန်ကောင်းသွားခဲ့သည်။ သူ(မ)က ခေါင်းညိတ်ပြကာ အပြုံးဖြင့် ပြောလေသည်
“ရှန်မိသားစုကတော့ အကြီးအကျယ် ဆုံးရှုံးသွားတာပဲ၊ ကံကောင်းတဲ့ကြယ်လေးကို မှူးမတ်စံအိမ်ကို ခေါ်လာနိုင်ခဲ့တယ် တကယ်ကို… “
သူ(မ)က စကားတစ်ဝက်နှင့် ရပ်လိုက်သည်။ ကံကောင်းတဲ့ကလေးကို မှူးမတ်စံအိမ်တော်က ရသွားပြီး ရှန်မိသားစုက ဂြိုလ်ဆိုးကို ရသွားတော့ အခု ဘယ်လိုတွေ ဖြစ်နေမှာလဲ။ ကပ်ဘေးဒုက္ခတွေ ဆက်တိုက်ကြုံနေရမှာလား။ သူ(မ)ထပ်တောင် မတွေးနိုင်တော့ပေ။ တွေးလေလေ ပိုပြီး အပြစ်မကင်းစိတ် ဝင်လာခဲ့ရသည်။
မဒမ်အိုကြီးက ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးလိုက်သည်။
မာမောမောက တွေးတောပြီးနောက် ကသိကအောက် ဖြစ်သွားလေသည်။ စိတ်ထဲကနေ တွေးနေလိုက်သည်။ သခင်မကြီးက ရှန်မိသားစုကြောင့် သူတို့တွေ ဒုက္ခရောက်တယ်လို့ ပြောပေမယ့် တကယ်တော့ မှူးမတ်စံအိမ်ကြောင့်သာ ရှန်မိသားစုက ဒုက္ခရောက်တာပါ၊ ဗုဒ္ဓဘုရားက မှူးမတ်စံအိမ်ကို မျက်နှာသာပေးတယ်၊ အော်မီတော်ဖော် တကယ်ကို ကောင်းတာပဲ။
ယွီရှန်းက ယွီဖင်ယန်ကို သူ(မ)ရဲ့ နှလုံးသားထဲမှာ လက်ခံပြီးနောက် မှူးမတ်စံအိမ်တော်မှာ နေရသည့် သူ(မ)ရဲ့စိတ်က ရောထွေး မနေတော့ပေ။ မဒမ်အိုကြီး ခေါင်းကိုက်ပါက သူ(မ)က အဖော်ပြုပေးခဲ့သည်။ မန္တန်ကျမ်းစာတွေ အတူတူရွတ်ဖတ်ကာ အတူတူ ပန်းထိုးကြသည်။ သူတို့၂ယောက်ရဲ့ ဆက်ဆံရေးက တစ်နေ့ပြီးတစ်နေ့ ပိုတိုးတက်လာခဲ့သည်။ နှစ်ဝက်လောက် ကြာပြီးနောက် မဒမ်အိုကြီးက ယွီရှန်းကို အိမ်မှုတာဝန်များကို စီမံခန့်ခွဲခိုင်းခဲ့သည်။
အရင်ဘဝတုန်းက ပိုက်ဆံရှာမရသည့် ကုမ္ပဏီအသေးလေးတွေကို စီမံခန့်ခွဲခဲ့ပြီး အချိန်တွေ ကုန်သွားသည်နှင့် အကုန်လုံးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သည်။ လူ၂၀၀၊ ၃၀၀လောက်သာရှိသည့် မှူးမတ်စံအိမ်တော်ကို ခန့်ခွဲဖို့က သူ(မ)အတွက်တော့ အလွန်လွယ်ကူသည်။
အစတုန်းကတော့ မဒမ်အိုကြီးက ယွီရှန်းက အိမ်ကအစေခံကြီးတွေရဲ့ လှည့်စားတာနှင့် ထိန်းချုပ်တာကို ခံရမှာကို စိုးရိမ်နေခဲ့သည်။ မကြာခဏ သူ(မ)ကိုယ်တိုင် စစ်ဆေးလေ့ရှိသည်။ ယွီရှန်းက ကြိုးစားရုန်းကန်နေရတာ မဟုတ်ဘဲ အစေခံကြီးတွေကို ပိုနာခံလာအောင် လုပ်နိုင်တာတွေ့တော့ ကျေနပ်သွားခဲ့သည်။
ပိုအရေးကြီးတာက ယွီရှန်းက သူက သမီးအရင်း မဟုတ်တာကို သိလို့ တစ်နေ့ကျရင် ထွက်သွားရမှာကိုလည်း သိသည်။ ဒါကြောင့် သေချာစေ့စပ်စွာ ငွေစာရင်းစာအုပ်ကို သေချာလုပ်ထားခဲ့သည်။ ကြေးဒင်္ဂါးပြားလေး နည်းနည်းကအစ အသုံးစရိတ်တွေ အကုန် သိသာမြင်သာလွယ်အောင် အသေးစိတ် မှတ်ထားခဲ့သည်။
ဒါမှ တစ်နေ့ကျရင် ဒီအာဏာကို တခြားလူကို လွှဲပေးရပါက ဒါကိုအကြောင်းပြပြီး သူ့ကို ဘယ်သူမှ ပြဿနာရှာလို့မရမှာ ဖြစ်သည်။
ကောင်မလေးရဲ့အတွေးကို မဒမ်အိုကြီးက မသိပေ။ ထိုအစား ယွီရှန်းရဲ့ အရည်အချင်းတွေကိုသာ မြင်ခဲ့သည်။ သူ(မ)က ယွီရှန်းကို ပိုချစ်ခင်လာပြီး တာဝန်တွေများစွာကို လွှဲပြောင်းပေးခဲ့ကာ သူ(မ)ကတော့ ပန်းစိုက်လိုက် ငါးလေးတွေကို အစာကျွေးလိုက်ဖြင့် ဘဝကို ဇိမ်ခံနေလိုက်တော့သည်။ သူ(မ)ကိုယ်ခန္ဓာကနေ မောပန်းမှုတွေ ပျောက်သွားပြီး နားထင်က ဆံပင်ဖြူတွေပင် မည်းလာခဲ့သည်။
နှစ်ဝက်ကြာပြီးနောက် အိမ်ရှေ့စံနှင့် ယွီဖင်ယန်က သူပုန်တွေကို နှိမ်နင်းနိုင်ခဲ့ပြီး စစ်ပွဲကိုအနိုင်ယူကာ မြို့တော်ကို ပြန်လာခဲ့သည်။ ယွီဖင်ယန်က အဆင့်၄ ဗိုလ်ချုပ်ပြီး ကွမ်ဝေး အဖြစ် ဂုဏ်ပုဒ် ချီးမြှင့်ခံခဲ့ရပြီး စစ်သည်180000ရဲ့ တာဝန်ခံ ဖြစ်လာခဲ့သည်။ အသက်၁၇နှစ်ဖြင့် ကြွယ်ဝမှုနှင့် ရဲရင့်မှုတွေပြည့်စုံကာ အနာဂတ်တက်လမ်းက အကန့်အသတ် မရှိပေ။
စစ်တပ်တွေ မြို့တော်ထဲဝင်လာတော့ ယွီရှန်းရဲ့ ခြေထောက်ဖြင့် အဆင်မပြေမှာစိုးလို့ မဒမ်အိုကြီးက မြို့တော်ရဲ့ဂိတ်မှာ ယွီဖင်ယန်ကို သွားမတွေ့ခဲ့ပေ။ မြေးဖွား၂ယောက်လုံး နံရံနောက်မှာနေကာ မြို့ထဲဝင်လာသည့် မြင်းခွာသံတွေသာ နားထောင်နေခဲ့ပြီး သူတို့ရဲ့ မျက်လုံးတွေက တောက်ပနေခဲ့သည်။
ယွီဖင်ယန် အပေါက်ထဲဝင်လိုက်သည်နှင့် ညီမ ဖြစ်သူက ဝှီးချဲထက်မှာ ထိုင်နေတာကို တွေ့လိုက်ရသည်။ မဒမ်အိုကြီးက သူ(မ)ရဲ့ဘေးတွင် ရပ်နေကာ မျက်နှာက အပြုံးတွေ ပြည့်နေပေမယ့် မျက်ရည်များလည်း ဝဲနေခဲ့သည်။ ခံစားချက်တွေ မထိန်းနိုင်ဘဲ မျက်ရည်တွေကျလာမှာ ကြောက်တာကြောင့် မဒမ်အိုကြီးက မျက်ရည်တွေကို မြန်မြန်သုတ်ပစ်လိုက်သည်။
လူငယ်လေးက အရပ်ပိုရှည်ကာ ကိုယ်ခန္ဓာပို တောင့်တင်းသန်မာ လာခဲ့သည်။ သူ့မျက်နှာလေးက အရင်လို လှပနေဆဲဖြစ်ပေမယ့် ပိုရင့်ကျက်ပြီး တိကျပြတ်သား နေသည်။ သူ့မျက်လုံးတွေက ကြမ်းတမ်းမှုနှင့် သတ်ဖြတ်လိုစိတ်တွေ ပြည့်နဆဲဖြစ်သည်။ သူက မြို့တော်ထဲမှာ နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ဒီနေ့တွေ့လိုက်မှပဲ သူပုန်စစ်တပ်က ယွီဖင်ယန်ကို ငရဲဘုရင် အလှလေး ဟု ဘာကြောင့်ခေါ်မှန်း မဒမ်အိုကြီး နားလည်သွားခဲ့သည်။
အမူအရာမဲ့စွာ ရပ်နေပါက စစ်ပွဲက သွေးတွေဖြင့် သွေးထားသည့် အသွားထက်သည့် ဓားတစ်ချောင်းနှင့်တူကာ ဘေးကလူတွေ ကြောက်လန့်ပြီး ချည်းကပ်ရဲမည်မဟုတ်ပေ။
မဒမ်အိုကြီးက သူ့ကို ကြည့်နေခဲ့သည်။ မြေးလေးက အဖိုးထက်ပိုပြီး ရဲရင့်သန်မာ လာတာပဲ။
ယွီရှန်းကလည်း အစ်ကိုဖြစ်သူရဲ့ ပြောင်းလဲမှုကို သတိထားမိဟန်တူသည်။ သူ(မ)က လက်ဆန့်တန်းပေးကာ”အစ်ကိုကြီး”ဟု အကျယ်ကြီးအော်ခေါ်ခဲ့သည်။ သူ(မ)သာ ခြေထောက်ကောင်းပါက ပြေးပြီး လက်မောင်းတွေထဲ ခိုဝင်ပစ်ပြီးပြီဖြစ်သည်။
ယွီဖင်ယန်က ရယ်လိုက်ပြီး သူ့အသံက အရင်ကထက် ပိုသြရှကာ ဆွဲဆောင်မှုရှိနေသည်။ သူ့မျက်လုံးထဲက သတ်ဖြတ်လိုစိတ်တွေက ပျောက်ကွယ်သွားခဲ့သည်။ သူက ငုံ့ကိုင်းကာ ချစ်ဖို့ကောင်းလွန်းသည့် ညီမဖြစ်သူကို ချီမ ဝေ့ယမ်းလိုက်သည်။ ထို့နောက် မကျေမနပ် ပြောလေသည်။
“ပိုပိန်သွားတယ်”
အသက်၁၁နှစ်ဆိုရင် ဟန်မင်းဆက်ခေတ်မှာ အရွယ်ရောက်သည့် မိန်းမပျိုဖြစ်ကာ အစ်ကို့လက်ထဲ ချွဲရမည့်အရွယ် မဟုတ်တော့ပေ။ သို့ပေမယ့် ယွီရှန်းကတော့ ဂရုမစိုက်ပေ။ ယွီဖင်ယန်ရဲ့ လည်ပင်းကို လက်၂ဖက်ဖြင့် သိုင်းဖက်ကာ ပြောလေသည်
“အစ်ကိုကြီးက အိမ်ကို ဘေးကင်းစွာ မပြန်မလာမချင်း အဖွားနဲ့ သမီးက ကောင်းကောင်း အိပ်မပျော်ဘူးလေ စားလို့လည်း မဝင်ဘူး၊ အဲတော့ မပိန်ဘဲ နေမလား၊ အစ်ကိုကြီးက လတိုင်း စာပို့ရမယ်ဆိုတာ မသိဘူး၊ စာပို့တဲ့စစ်သားလေးကို အဖွားနဲ့သမီးက တမျှော်မျှော်နဲ့ အပေါက်ကနေ စောင့်ပြီး လူလွှတ်ပြီးလည်း မေးခိုင်း ရသေးတယ်၊ သမီးတို့လည်ပင်းတွေကို ကြည့်ဦး အရင်ကထက် ၃စင်တီမီတာလောက် ပိုရှည်နေပြီ.. “
မကျေမနပ်ချက်တွေကို တစ်ခုပြီး တစ်ခုပြောပြီးနောက် ယွီဖင်ယန်က ခေါင်းကိုဝှက်ကာ နှပ်ချေးတွေ မျက်ရည်တွေကျအောင် ငိုပြီး ဒေါသတွေကို ယွီဖင်ယန်ဆီ ပုံချခဲ့သည်။
မဒမ်အိုကြီးက ရယ်ရမလား ငိုရမလားဆိုတာ မသိတော့ပေ။
ယွီဖင်ယန်ကတော့ မရယ်နိုင်ပေ။ မျက်ရည်လုံးကြီးတွေက ရင်ဘတ်က အင်္ကျီကို ဖောက်ကာ ပူပြင်းလွန်းကာ အသားကိုထိသွားပြီး သူ့ကို တုန်ယင်သွားစေခဲ့သည်။ စောနကအထိ သူ့နားထဲမှာ စစ်ပွဲက အော်ဟစ်သံတွေ၊ တိုက်ခိုက်သံတွေသာ ကြားခဲ့ရပြီး အခုတော့ ထိုအသံတွေအစား မကျေမနပ် ပြောဆိုသံလေးတွေက အစားထိုး ဝင်ရောက်သွားခဲ့သည်။
ထို့နောက် နှလုံးသားမဲ့သည့် ဓားကနေ အသွေးအသား ရှိသည့်လူအဖြစ် ပြန်ပြောင်းသွားခဲ့သည်။
“မငိုနဲ့တော့”
သြရှသည့်အသံဖြင့်ပြောကာ ဆံပင်လေးကို ပွတ်သပ်ပေးပြီး
“အစ်ကိုကြီးပြန်လာပြီလေ အစ်ကိုကြီး အသက်ရှင်လျက် ပြန်ရောက်လာပါပြီကွာ”
ယွီရှန်းက တဖြည်းဖြည်း အငိုရပ်သွားကာ သူ(မ)ရဲ့ အင်္ကျီလက်ဖြင့် မျက်ရည်တွေ သုတ်လိုက်သည်။ သူ(မ)က မျက်နှာကို အစ်ကိုကြီးရဲ့မျက်နှာ နားကပ်ထားကာ ရယ်လေသည်။ သူ(မ)ရဲ့ အစ်ကိုဖြစ်သူရဲ့ နှာခေါင်းထိပ်ကို သူ(မ)ရဲ့ နှာခေါင်းထိပ်ဖြင့် ပွတ်သပ်ပြီး လေတစ်ခုထဲကို အတူတူ ရှူရှိုက်နေကြသည်။
“အရူးမလေး မသင့်လျော်ပါဘူး အောက်ဆင်းတော့ နင့်အစ်ကိုကို အခန်းထဲမှာ ခဏနားခိုင်းလိုက်ဦး”
မဒမ်အိုကြီးက ယွီရှန်းကို ဆူနေပေမယ့် မျက်လုံးတွေက ပျော်ရွှင်နေသည်။ သူ(မ)က ယွီဖင်ယန်ရဲ့ လက်မောင်းကို နှိပ်ကာ
“သန်မာလိုက်တာ နင့်အဖိုးထက်တောင် အရပ်ရှည်သေးတယ်”
ယွီဖင်ယန်က မဒမ်အိုကြီးရဲ့ နားထင်ကိုကြည့်ကာ အံ့သြသွားပြီး
“အဖွားက အရင်ကထက် ပိုနုပျိုသွားတယ်”
“မသိဘူးလား ငါတို့ရှန်းအာလေးက နင့်အတွက် ငါတို့စံအိမ်ကြီးကို ကူညီပြီး စီမံခန့်ခွဲပေးနေတာလေ၊ စံအိမ်ကြီးရဲ့ စီမံခန့်ခွဲရေးမှာ သူက နောက်ဆုံး ပြောရေးဆိုခွင့် ရှိတဲ့လူပဲ၊ အဖွားမှာ စိုးရိမ်စရာတွေ မရှိတော့ဘူး၊ သက်သတ်လွတ်လည်း နေ့တိုင်းစားရပြီး ဘုရားစာလေးရွတ်၊ အပင်လေးစိုက်လိုက်နဲ့ အေးအေးဆေးဆေး နေနေရတယ်လေ၊ မနုပျိုဘဲနေပါ့မလား.. “
၃ယောက်သား အပြန်လမ်းမှာရယ်မောနေခဲ့ကြသည်။
#####