TYCDTN
Chapter 25
ဘုရင်ကြီးက ကျင်းမောမောကို အသေးစိတ်မေးမြန်းပြီးနောက် နံပါတ်၉မင်းသမီးလေးကို ဆန်ကိတ်ကြော် လဲပေးသူက တန့်ကိုယ်လုပ်တော်ရဲ့ တူမ တန့်ချိုင်မင်မှန်း သိလိုက်ရသည်။ သူ(မ)က လက်ရှိ နံပါတ်၇မင်းသမီး၏ စာလုပ်ဖော်ဖြစ်သည်။
ဒါက ကြီးမားတဲ့ကိစ္စ မဟုတ်သော်လည်း တန့်ချိုင်မင်ရဲ့ ရဲတင်းမှုနှင့် လောဘကြီးမှုကို ဘုရင်ကြီးက လုံးဝ သဘောကျပေ။ တန့်ကိုယ်လုပ်တော်က နံပါတ်၃မင်းသားကို မွေးဖွားပေးခဲ့ပြီး လက်ရှိ နံပါတ်၃မင်းသားကလည်း ခုံရုံးတက်နေကာ ပေးသမျှတာဝန်ကို အဆင်ပြေ ချောမွတ်အောင် ဆောင်ရွက်နိုင်သည်။ ဘုရင်ကြီးက အလွန် သဘောကျသွားကာ မယ်မယ်ဖုရားကြီး၏ မွေးနေ့ပွဲကျရင် သူ(မ)ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးဖို့ စီစဥ်ခဲ့သည်။ မင်းသားတစ်ယောက်ရဲ့ မိခင်ဖြစ်သူက အနည်းဆုံးတော့ ဘုရင်ကြီး၏ ကြင်ယာတော် ရာထူး ရှိသင့်သည်။
သို့ပေမယ့် ဒီကိစ္စဖြစ်ပြီးသွားသည့်နောက်တွင် ဘုရင်ကြီးက တန့်ကိုယ်လုပ်တော်ကို ရာထူးအဆင့်အတန်း မြင့်ပေးမည့် စာရင်းထဲကနေ နာမည် ဖယ်ထုတ်ခဲ့သည်။ တန့်ချိုင်မင်က နံပါတ်၉မင်းသမီးလေးကို ဒါပထမဆုံးအကြိမ်အဖြစ် လိမ်လည် လှည့်စားတာ မဟုတ်နိုင်ဘဲ နံပါတ်၇မင်းသမီး သတိမထားမိတာလည်း မဖြစ်နိုင်ပေ။ တားမြစ်ရမည့်အစား သူ(မ)က အပြင်ကနေ ပွဲကြည့်နေခဲ့သည်။ နံပါတ်၉မင်းသမီးလေး ပေးသမျှ ပစ္စည်းတွေကို တန့်ချိုင်မင်က နံပါတ်၇မင်းသမီးကို အကုန် ပြန်ပေးတာလား။
၂ယောက်လုံးက နံပါတ်၉မင်းသမီးလေးရဲ့ ရတနာတွေနဲ့ ကစားပြီး နံပါတ်၉ မင်းသမီးလေးကို လှောင်ရယ်နေတာလား။ ဘယ်မှာလဲ လေးစားမှု။ ဘယ်မှာလဲ ညီအစ်မ ဆက်ဆံရေး။ သာမန်မင်းသမီးတစ်ပါးက ဘာလို့ဒီလောက် နိမ့်ပါးရတာလဲ။
ဘုရင်ကြီးရဲ့ အတွေးတွေက လုံးဝ မရပ်တန့်ခဲ့ပေ။ ကလေးကို သေချာ မဆုံးမခဲ့သည့် တန့်ကိုယ်လုပ်တော်ကို ရွံမုန်းသည်။ ဘုရင်ကြီးက သူ(မ)ရဲ့ နန်းဆောင်ကို ရတနာသေတ္တာတစ်သေတ္တာ ပို့ခိုင်းပြီး ဆန်ကိတ်ကြော်နှင့် လဲစားချင်ကြောင်း မှာကြားခဲ့သည်။
ဘာတွေ ဖြစ်နေလဲဆိုတာ တန့်ကိုယ်လုပ်တော်က နားမလည်ပေ။ သူ(မ)က သမီးဖြစ်သူရဲ့ မျက်နှာကို စိုက်ကြည့်လိုက်တော့ သမီးဖြစ်သူရဲ့ မျက်နှာက ရုတ်တရက်ကြီး ဖြူဖျော့သွားခဲ့သည်။ ထို့နောက် သူ(မ)ကို ဆွဲထားကာ မေးခွန်းတွေ မေးခဲ့သည်။ အဆုံးကျတော့ သူ(မ)က အလွန်စိတ်တိုသွားကာ သူ(မ)ရဲ့ လှပသည့် မျက်နှာဟာလည်း ၈ခေါက် ချိုးနေတော့သည်။
ဒီလောက်အရေးကြီးတဲ့အချိန်ကျမှ ဒီလိုဖြစ်လာရတယ်လို့။ ငါပဲ ကံဆိုးရုံတင်မကဘူး ဘုရင့်အမြင်မှာ သားလေးကလည်း အခြေအနေ ဆိုးသွားမှာ။ ဒီအရှုပ်ထုတ်၂ကောင်က အစီအစဥ်တွေကို ဝင်ဖျက်ဆီးပစ်တာပဲ။
နောက်တစ်နေ့မှာပဲ တန့်ချိုင်မင်ကို အစေခံအိုကြီး၂ယောက်က နန်းတော်အပြင်ကို ပို့ဆောင်ပေးခဲ့ကာ သူ(မ)က ဘယ်တော့မှ နန်းတော်ထဲဝင်ခွင့် မရှိတော့ပေ။
အရာအားလုံးက အစီအစဥ်တကျဖြစ်ခဲ့ပြီး မိဖုရားကြီးက ရာထူးတက်မည့် လူစာရင်းကို ဖတ်နေသည်။ နံပါတ်၃မင်းသားရဲ့ ထူးချွန်လှသည့် အရည်အချင်းကြောင့် မကြာခင်က နာမည်ကျော်ကြားခဲ့သည်။ အမေက သားဖြစ်သူကို မှီခိုနေခြင်း ဖြစ်သည်။ နံပါတ်၃မင်းသားကို ဂုဏ်မြှင့်ပေးချင်တာကြောင့် ဘုရင်ကြီးက တန့်ကိုယ်လုပ်တော်ကို ရာထူးမြှင့်ပေးမည့် စာရင်းထဲထည့်ထားတာကို မိဖုရားကြီးက သိပြီးထားဖြစ်သည်။ ထိုသားအမိက အရှေ့ပိုင်း နန်းဆောင်ကို ခြိမ်းခြောက် လာနိုင်သည်။
မိဖုရားကြီးက ထိုကိစ္စကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ တွေးတောနေပေမယ့် သူတို့လုပ်ခဲ့သည့် ဆန်ကိတ်ကြော် အနည်းငယ်ဖြင့် အပြတ်ဖြတ် ချေမှုန်းနိုင်ခဲ့လိမ့်မည် လို့တော့ မထင်မိခဲ့ပေ။ ထိုသို့တွေးတောပြီးနောက် မိဖုရားကြီးက ဟက်ဟက်ပက်ပက်ရယ်ကာ သူ(မ)ယုံကြည်ရသည့် အစေခံကြီးကို အချက်ပြကာ
“ယွီရှန်းက တကယ်ကို ရည်မွန်တဲ့ကောင်မလေးပဲ၊ သူက နန်းတော်ကို လာပြီး နံပါတ်၉မင်းသမီးလေးကို အဖော်ပြုပေးသင့်တယ်”
အစေခံကြီးကလည်း ချက်ချင်း သဘောတူ တုံ့ပြန်ခဲ့လေသည်။
———-
ယွီရှန်းက သူ(မ)ချုံးအာကို သင်ပေးခဲ့သည့် ကိစ္စက နန်းတော်ထဲမှာ မုန်တိုင်း တိုက်သွားလိမ့်မည်မှန်း မသိခဲ့ပေ။ သူ(မ)အိမ်ပြန်ရောက်တော့ မဒမ်အိုကြီးဆီ ချက်ချင်းသွားကာ ကျမ်းစာရွတ်ဖို့ အဖော်ပြုပေးခဲ့သည်။
၂ယောက်လုံး အလွန် စိုးရိမ်သောကရောက်နေကာ ကျမ်းစာရွတ်ဖတ်ပူဇော်ပြီးမှပဲ စိတ်ငြိမ်သွားခဲ့သည်။ အတူတူ စားသောက်ကာ ပျော်ရွှင်သည့် ဘဝကိုရှာဖွေတာက သူတို့အချင်းချင်းရဲ့ ခံစားချက်တွေကို မတည်ဆောက်နိုင်ဘဲ အတူတကွ အခက်အခဲကို ရင်ဆိုင်နေရသည့် အချိန်တွင်တော့ ဘယ်လိုရင်ဝယ်ပိုက်ရမလဲဆိုတာ သင်ယူခဲ့သည်။ ယွီရှန်းက မဒမ်အိုကြီးရဲ့မြေးအပေါ်ကို စိုးရိမ်ကြောင့်ကျ ချစ်ခင်တွယ်တာ တာကြောင့် မဒမ်အိုကြီးက ထိုမြေးမကို ပိုသဘောကျခဲ့သည်။
“ပြန်လာပြီလား”
ဝှီးချဲဘီးသံ ကြားသည်နှင့် မဒမ်အိုကြီးက ဘုရားစာရွတ်ဖတ်တာကို ရပ်ကာ လှည့်ကြည့်ခဲ့သည်။
“ပြန်လာပါပြီ ဒီနေ့ အစ်ကိုကြီး စာပို့သေးလား”
ယွီရှန်းက မေးလေသည်။
“မပို့ပါဘူးအေ”
မဒမ်အိုကြီးက ခေါင်းခါကာ သက်ပြင်းချခဲ့သည်။
ယွီရှန်းရဲ့ မျှော်လင့်ချက်ကြီးက ဘုတ်ကနဲ အောက်ပြုတ်ကျသွားခဲ့သည်။ သူ(မ)က ထောင်ဟုန်နှင့် လျိုလီ့ကို ဘုရားရှိခိုးသည့် ကူရှင်အခင်းပေါ် ခေါ်သွားခိုင်းခဲ့သည်။ ထို့နောက် ဒူးထောက်ထိုင်ကာ သူ(မ)ပိုက်ဆံအိတ်ထဲက သံချေးတက်နေသည့် ရှေးဟောင်းအကြွေစေ့လေး ထုတ်ကာ လက်ဖဝါးထဲထည့်ပြီး ဘုရားကျမ်းစာ ရွတ်ဖတ်ခဲ့သည်။
“ဘာလို့ ကြေးဒင်္ဂါးပြားကို ကိုင်ထားတာလဲ”
မဒမ်အိုကြီးက သူ(မ)ကို ထူးဆန်းသလို ကြည့်လေသည်။
“ရှေးဟောင်း ဒင်္ဂါးပြားက မကောင်းဆိုးဝါးတွေကို နှိမ်နှင်းပေးပြီး ကပ်ဘေးတွေနဲ့ မကြုံအောင်လုပ်ပေးတယ် ပြီးတော့ ငြိမ်းချမ်းစေတယ်၊ ဒါကိုကိုင်ပြီး ၄၉ရက်စာအတွက် ၇ရက်တိုင်း ၇ခါမန္တန်ရွတ်ပြီး အစ်ကိုကြီးကို အနောက်မြောက်အရပ်ကို ယူသွားခိုင်းမှာ၊ အစွမ်းရှိဆေးဆရာဖူ ပို့ပေးတဲ့ ၉၆ပါးရောဂါပျောက်ဆေးတွေလဲ အစ်ကိုကြီးကို အကုန်ယူသွားခိုင်းမှာ”
ယွီရှန်းက နူးညံ့စွာ ရှင်းပြခဲ့သည်။
မဒမ်အိုကြီးက ကျေနပ်သွားကာ ကံကောင်းခြင်း၅မျိုးအိတ်ကို ထုတ်ကာ သူ(မ)ဆီပေးပြီး
“မန္တန်ရွတ်ပြီးရင် ကြေးဒင်္ဂါးပြားကို ဒီအိတ်ထဲ လုံနေအောင် သိမ်းထားလိုက်၊ ၉၆ပါးရောဂါ ပျောက်ဆေးသွားပို့တဲ့လူ ယူသွားပေးလိမ့်မယ်၊ ငါတို့က သူ့အတွက် ဆုတောင်းပေးရုံကလွဲရင် ဘာမှ အများကြီး မလုပ်ပေးနိုင်ဘူး”
[T/N: ကံကောင်းခြင်း၅မျိုးအိတ်= ကျန်းမာ၊ ချမ်းသာ၊ အသက်ရှည်၊ ရာထူးကြီး၊ ကြံသမျှအောင်မြင်မှု စသည်တို့ကို သယ်ဆောင်သည့်အိတ်]
ယွီရှန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ယွီဖင်ယန် အိမ်ကနေ ရုတ်တရက်ထွက်သွားပြီး နွေဦးအစကတည်းက အိမ်ပြန်မလာခဲ့တာဖြစ်သည်။ ယွီရှန်းနဲ့ မဒမ်အိုကြီးက စစ်တပ်ထွက်ခွာသွားပြီး မြင်းခွာသံတွေ နားထောင်ကာ တံခါးနောက်မှာပုန်းပြီး ငိုခဲ့ရသည်။ လင်ရှီကတော့ သူ့ကို ထွက်မတွေ့ဘဲ စာ သို့မဟုတ် ပစ္စည်း တစ်မျိုးမျိုးသာ ပို့ပေးခဲ့သည်။ သူ(မ)မှာ သားမရှိသကဲ့သို့ လုပ်ခဲ့သည်။
နဂိုကတည်းက ဝမ်းနည်းနေသည့် မဒမ်အိုကြီးက သူ(မ)ရဲ့ အကြင်နာမဲ့ လုပ်ရပ်ကြောင့် အလွန်ဒေါသထွက်ခဲ့သည်။ မဒမ်အိုကြီးက လင်ရှီရဲ့ ခြံဝန်းကို လူကိုယ်တိုင်သွားကာ သူ(မ)ရဲ့ သေဆုံးသွားသည့် သားဖြစ်သူ ထားခဲ့သမျှ ပစ္စည်းတွေကို မီးရှို့ပစ်ခဲ့သည်။ သူ(မ)သာ အသိစိတ်ပြန်မကပ်ခဲ့ပါက သားဖြစ်သူရဲ့ ကမ္ပတည်းတိုင်ကိုပါ မီးရှို့ပစ်လောက်ပြီဖြစ်သည်။
လင်ရှီက မဒမ်အိုကြီးရဲ့ ခြံရှေ့မှာ တစ်ညလုံးဒူးထောက်ကာ အော်ဟစ်ငိုယိုခဲ့သည်။ ယွီရှန်းက အဝတ်ထူထူဝတ်ကာ ညတစ်ပိုင်းလုံး စောင့်ကြည့်ခဲ့သည်။ ကျန်တဲ့ညဝက်ကိုတော့ ယွီဖင်ယန်ကို အိပ်မက်မက်ခဲ့သည်။
ဘိုးဘေးတွေက စစ်ပွဲအတွင်းမှာ သေဆုံးခဲ့တာကြောင့် ယွီဖင်ယန်က စစ်ပွဲက အကြင်နာမဲ့ကာ ရက်စက်လွန်းတာကို သိခဲ့ပေမယ့် ဒီလောက် ရက်စက်လိမ့်မည်ဟုတော့ မထင်မိခဲ့ပေ။ ခုံရုံးက လျှို့ဝှက် ကြံစည်မှုနှင့် ကွာခြားလွန်းလှသည်။ ဒီမှာ သွေးတွေမီးတွေ၊ ရှင်ခြင်းနှင့်သေခြင်း၊ ဓားကရောင်ပြန်နှင့် ဓားအရိပ်တွေသာ ရှိသည်။ ကောင်းကင်ကြီးနှင့် မြေပြင်က နီရဲကာ နေတောင်မှ သွေးရောင်စွန်းနေခဲ့သည်။ မဟုတ်ဘူး နဖူးက သွေးက မျက်လုံးထဲစီးကျနေတာဖြစ်မယ်။
အသက်တွေကိုနှုတ်ယူကာ ယွီဖင်ယန် ရှုပ်ထွေးနေသည်။ ရန်သူ့တပ်ရဲ့ ခေါင်းဆောင်က နီးကပ်နေပြီဖြစ်သည်။ မီတာ၃၀၀အကွာ၊ မီတာ၂၀၀အကွာ၊ မီတာ၁၀၀ အကွာ။ ယွီဖင်ယန်ရဲ့ မျက်လုံးတွေက သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နက်နေသည်။ ဓားကိုင်မြှောက်လိုက်သည့် သူ့ပုံစံကို ရန်သူတွေက ထိပ်လန့်နေကြသည်။ ဓားသွားက သူတို့ရဲ့ အသားတွေကို ဖြတ်ဖောက်သွားခဲ့သည်။ ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်ရသည်
“အစ်ကိုကြီး မြန်မြန်ပြေး”
ခေါင်းက ရန်သူရဲ့ လည်ပင်းကနေပြုတ်ကျလာကာ ဇီဇီ ဟူသောအသံဖြင့် သွေးတွေ ဒလဟောစီးကျနေခဲ့သည်။ ယွီဖင်ယန်က လျင်မြန်လှသော မြှားပျံသံတွေ ကြားတော့ မြင်းကိုလှည့်ကာပြေးခဲ့သည်။ လှည့်ပြီး ပြေးမယ့်အချိန်မှာပဲ ရင်ဘတ်ကို မြှားတစ်စင်းထိသွားခဲ့သည်။
“ဗိုလ်ချုပ်ကြီး အပြစ်ခံလိုက်ရပြီ၊ ဗိုလ်ချုပ်ကြီးကို မြန်မြန်ကာကွယ်ကြ”
များစွာသော စစ်သားတွေက ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့ဆီပြေးလာကြသည်။ ချောင်းမြောင်းတိုက်ဖို့ ချောင်းနေသည့် ရန်သူကလည်း အချိန်ကိုက် ရောက်လာသည့် စစ်သားရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
ဗိုလ်ချုပ်ကြီးရဲ့ သံချပ်ကာက သွေးတွေဖြင့် စိုနေကာ မြေပြင်မှာ လဲကျနေပြီး သေလားရှင်လားဆိုတာ မသိပေ။ ထိုမြှားက ဒိုင်းကိုတောင်ဖောက်ထွက်နိုင်တာမလို့ သံချပ်ကာကို ဖောက်ထွက်ဖို့ဆိုတာ လွယ်လွန်းသည်။ စစ်သားတချို့က ရှေ့တိုးလာပြီး ဗိုလ်ချုပ်ကြီးထလို့ရအောင် ဆွဲထူကြပေမယ့် ရင်ဘတ်က မြှားကိုတော့ ဆွဲမထုတ်ရဲကြပေ။ ဗိုလ်ချုပ်ကြီးကို ဆုံးရှုံးလိုက်ရတော့ ခါးသီးသည့် ခံစားချက်တွေ ဝင်လာကာ သွေးနံ့တွေက ဘယ်တော့မှ ဆေးကြောမရတော့မှာနှင့်တူနေသည်။
နေတိုင်းဖြစ်နိုင်သည့် သေခြင်းတရားဖြစ်သည်။
“ဘာလို့ငိုနေတာလဲ၊ ငါမသေပါဘူး”
ယွီဖင်ယန်က သူ့ကိုထူထားပေးသည့် စစ်သားလေးကို တွန်းဖယ်လိုက်သည်။ တုန်ယင်စွာ ရပ်ပြီး ထို့နောက် လက်မြှောက်ကာ ရင်ဘတ်က မြှားကို ဆွဲထုတ်လိုက်သည်။
“ဗိုလ်… ဗိုလ်ချုပ်ကြီး အဆင်ပြေရဲ့လား”
စစ်သားလေးက အံ့သြစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလေသည်။
ယွီဖင်ယန်က မြှားခေါင်းကို တားပေးခဲ့သည့် ကြေးဒင်္ဂါးပြားကို အိတ်ကပ်ထဲက ထုတ်ယူလိုက်သည်။ သူက စကားပြောရင်း မျက်လုံးထဲက သတ်ဖြတ်ချင်စိတ်ကို ထိန်းထားကာ
“အဆင်ပြေတယ် ဒီကြေးဒင်္ဂါးပြားက မြှားကိုကာပေးခဲ့တာ၊ မြင်းပေါ်တက်ပြီး ရန်သူတွေကို ဆက်ချေမှုန်းကြ”
သူက လှည့်ထွက်ကာ မြင်းပေါ်တက်ပြီး ရှေ့ဆက်တိုက်ခဲ့သည်။ ကောင်းကင်နဲ့မြေပြင်ကြားက သွေးနံ့တွေ ပျောက်သွားပြီး ကြောက်လန့်မှုနှင့် ရှုပ်ထွေးမှုတွေလည်း မရှိတော့ဘဲ အသက်ရှင်လျက် ပြန်ရမည်ဟူသော ပြင်းပြသည့် စိတ်သာ ကျန်တော့သည်။ သူသာ အသက်ရှင်ရင် သူချစ်ရသည့်လူတွေလည်း ရှင်သန်နိုင်မည်ဖြစ်ပြီး သူ့လမ်းမှာလာရှုပ်သည့် လူတိုင်းသေရမည်ဖြစ်သည်။ ဒါက စစ်ပွဲဖြစ်တာကြောင့် ကြင်နာမှုတွေ၊ တရားမျှတမှုတွေနဲ့ အကျင့်စာရိတ္တတွေနှင့် ဘာမှ မဆိုင်ပေ။ စစ်ပွဲက သေခြင်းနှင့်ရှင်သန်ခြင်း ၂မျိုးသာရှိသည်။
စစ်သားတွေက စိတ်ကြွသွားခဲ့သည်။ အော်ဟစ်သတ်ဖြတ်ကာ ရန်သူ့တပ်စခန်းဆီ ချီတက်ခဲ့ကြသည်။ သွေးနံ့နှင့် အသားနံ့တွေလှိုင်ထနေခဲ့သည်။ အပေါ်က နေရောင်ကို ဖုံးအုပ်ထားသကဲ့သို့ အော်ဟစ်သံတွေ ထုတ်လွှင့်နေခဲ့သည်။
ကောင်းကင်နှင့်မြေပြင်က နီရဲနေကာ နာကျင်မှုကို သည်းမခံနိုင်တော့ပေ။ ယွီရှန်းက အော်ဟစ်ကာ နိုးလာခဲ့သည်။ ယွီရှန်း ဝေ့ကြည့်လိုက်တော့ ခြေကျိုးလက်ကျိုးတွေ၊ လေထဲမှာ မီးခိုးငွေ့တွေလည်းမရှိဘဲ သူ(မ)က မဒမ်အိုကြီးရဲ့ အိပ်ရာထက်မှာ ဖြစ်နေသည်။
မဒမ်အိုကြီးက အသက်ကြီးပြီဖြစ်တာကြောင့် ခဏလောက်သာ အိပ်သည်။ နေ့လည်ပိုင်း ၁၅မိနစ်လောက် အိပ်ရရင် လုံလောက်ပြီဟု ခံစားရသည်။ သူ(မ)က အပြင်မှာနေရင်း ယွီရှန်းရဲ့ အော်သံကို ကြားလိုက်တော့ သူ(မ)လက်ထဲက စိပ်ပုတီးက ပြုတ်ကျသွားခဲ့သည်။ သူ(မ)နားကြားမမှားပါက ‘အစ်ကိုကြီး မြန်မြန်ပြေး” ဟူသော စကားကို ကြားလိုက်ရတာ ဖြစ်သည်။
မဒမ်အိုကြီးက တုတ်ကောက်ဖြင့် ဝင်လာပြီး
“အိပ်မက်ဆိုး မက်လို့လား၊ အစ်ကိုကြီးကို အိပ်မက် မက်တာလား”
မြေပြိုမှုဖြစ်ပြီးကတည်းက သူ(မ)က ယွီရှန်းရဲ့ အိပ်မက်တွေကို အတည်ယူခဲ့သည်။
“မ မဟုတ်ပါဘူး ဘာမှ မမက်ပါဘူး”
သူတစ်ယောက်တည်း ကြောက်ရရင် လုံလောက်ပြီဖြစ်ကာ မဒမ်အိုကြီးကိုပါ သူ(မ)လို မခံစားစေချင်ပေ။
“မလိမ်နဲ့ ငါကြားလိုက်လိုက်တယ် ယန်အာနဲ့ ပတ်သက်ပြီး အိပ်မက် မက်တာမလား”
မဒမ်အိုကြီးက အမှန်တရားကို အတင်းအကြပ်မေးနေသည်။
“မဟုတ်တာ စစ်ပွဲကို အိပ်မက်မက်တာ သွေးတွေနေရာတိုင်းရှိနေပြီး ကောင်းကင်မှာ လဒတွေ ပျံနေလို့ ကြောက်လို့ ငိုလိုက်မိတာ ဒါက အိပ်မက်ပါပဲ”
ယွီရှန်းက အားတင်းပြုံးလိုက်သည်။ နှလုံးက လည်ပင်းကနေ ထွက်လာတော့မလိုပင် ခံစားနေရသည်။
“သူများတွေက အိပ်မက်ဆိုရင် အိပ်မက်ပဲဆိုပေမယ့် နင်က မတူဘူး”
မဒမ်အိုကြီးက ညောင်စောင်းဘေးမှာထိုင်ကာ သေချာစေ့စေ့စပ်စပ်ကြည့်နေသည်။ ဒီကလေးက အလွန် ဝိညာဉ်သန့်သည်။ ယွီရှန်း ပထမဆုံး မန္တန်ရွတ်တုန်းကလည်း ဗုဒ္ဓဘုရားရှင် ရွတ်ဖတ်နေသလို သူ(မ)ကို ထူးဆန်းသည့် ခံစားချက်လေးရစေပြီး သူ(မ)ရှိနေတာက လူ့ပြည်မှာလား ကောင်းကင်ဘုံမှာလား ဆိုတာတောင် မေ့သွားစေခဲ့သည်။
ယွီရှန်းက အိပ်မက်ထဲက အကြောင်းတွေကို ပြန်မတွေးချင်တော့ပေ။ ယွီဖင်ယန် အသက်ရှင်လား သေလားဆိုတာလည်း မခံစားနိုင်ပေ။ မဒမ်အိုကြီးရဲ့ မေးခွန်းတွေကနေရှောင်ဖို့အတွက် ရင်ဘတ်ကို လက်ဖြင့်အုပ်ကာ နာကျင်စွာ အော်ဟစ်ခဲ့သည်။
“ဘာဖြစ်တာလဲ စောနက အကောင်းကြီးပါ၊ တစ်ယောက်လောက် မြန်မြန်လေး သမားတော်ကိုခေါ်စမ်း”
ယွီရှန်းရဲ့ ဖြူဖတ်ကာချွေးစို့နေသည့် မျက်နှာကို မဒမ်အိုကြီးက သတိထားမိခဲ့သည်။ နာကျင်လွန်းလို့ အိပ်ရာထက်မှာ လူးလွန့်မတတ်ဖြစ်နေသည်။ အိပ်မက်ကို ခဏမေ့ထားကာ အရေးတကြီး ပြေးထွက်ကာအော်ဟစ်ခဲ့ရသည်။
သမားတော်ကြီးက သေချာစွာ နှလုံးခုန်နှုန်းစမ်းသပ်နေသည်။ အကြိမ်များစွာ စစ်ပြီးတာတောင် အကြောင်းအရင်းကို ရှာမတွေ့ခဲ့ပေ။ သူက အကြောတွေနဲ့ချီ တည်ငြိမ်အောင် ဆေးတချို့ ညွှန်းပေးခဲ့သည်။
ယွီရှန်းက ရင်ဘတ်ကို လက်ဖြင့်ဖိထားကာ အိပ်မက်ထဲက နာကျင်မှုက ထင်ယောင်ထင်မှားမဟုတ်ဘဲ အစစ်မှန်းသိခဲ့သည်။ သူ(မ) နာကျင်တာမဟုတ်မှန်း သေချာသိသည်။ ဒါက ယွီဖင်ယန် တစ်ခုခုဖြစ်နေပြီဆိုသော အဓိပ္ပာယ်ဖြစ်သည်။ သူ(မ)က ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ တစ်ညလုံးဒူးထောက်ကာ ရသမျှ ဘုရားစာအကုန် ရွတ်ဖတ်ပူဇော်ခဲ့သည်။
အစတုန်းကတော့ မဒမ်အိုကြီးက သူ(မ)ကို အဖော်ပြုပေးခဲ့သေးသည်။ သို့ပေမယ့် ၃၊၄ နာရီကြာပြီးနောက် သည်းမခံနိုင်တော့ပေ။ မာမောမော ထပ်ခါထပ်ခါပြောမှ အခန်းထဲပြန်နားခဲ့သည်။
“ဒီကလေးက ရိုးသားတယ်၊ သူတို့က မောင်နှမအရင်း မဟုတ်တာတောင် မောင်နှမအရင်းတွေထက် ရင်းနှီးတယ်”
မဒမ်အိုကြီးက သက်ပြင်းချကာ ခေါင်းခါခဲ့သည်။
“မဒမ်ကြီးပြောသလိုပဲ သခင်မလေးရဲ့ရင်ထဲမှာ မှူးမတ်ကြီးက အစ်ကိုကြီးပဲလေ၊ သူတို့က ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာတဲ့ မိသားစု ဆက်ဆံရေးရှိတာပဲ”
“ဒီလောက်နောက်ကျနေပြီ သူဘာလုပ်နေတာလဲ”
မဒမ်အိုကြီးက အရှေ့ဖက်ပင်မဆောင်အခန်းကို ညွှန်ပြခဲ့သည်။
“သခင်မကြီးက ဖဲသားနဲ့ ပန်းထိုးချည်တွေဝယ်ခိုင်းနေတာပါ၊ အပြင်မှာ ရှာမတွေ့သေးတဲ့ သခင်မလေးအတွက် အင်္ကျီလုပ်ပေးဖို့ အရင်မှူးမတ်ကြီးရဲ့ပုံကို ပန်းထိုးပေးချင်လို့တဲ့”
မာမောမောက အသံတိုးကာပြောခဲ့သည်။
မဒမ်အိုကြီးက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဘာခံစားချက်မှ မပါဘဲ ပြောလေသည်။
“ယန်အာက စစ်တိုက်နေတဲ့အချိန် သူက သေဆုံးသွားသူရဲ့ပုံကို ပန်းထိုးဖို့လုပ်နေတယ်၊ ယန်အာ အန္တရာယ်များပြီး မသေမှာစိုးလို့ ကျိန်စာတိုက်နေတာလား”
ရုတ်တရက်ကြီး သူ့နောက်ဆုံးစကားက ကံမကောင်းမှန်း ခံစားလိုက်ရသည်။ အော်မီသော်ဖော်ကို အမြန်လေးရွတ်ကာ ဆက်ပြောလေသည်
“ငါ တွေးကြည့်ပြီးပြီ၊ သွေးသားတော်စပ်တာနဲ့ မတော်စပ်တာက အသွေးနဲ့အသားပဲ ကွာတယ်၊ သူတို့က သူစိမ်းလောက်တောင် မကောင်းဘူး၊ သူက အမေတစ်ယောက်အနေနဲ့ သားဖြစ်သူ ယန်အာကို မချစ်ခင်ဘူး၊ တစ်ဖက်မှာတော့ ရှန်းအာလေးက ငါတို့ မှူးမတ်စံအိမ်ကြီးနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်၊ ဒါတွေက ကောင်းကင်ဘုံရဲ့ အလိုကျပဲ”
ယွီရှန်းက ဘယ်မျိုးရိုးကလဲဆိုတာ မဒမ်အိုကြီးရဲ့ စိတ်ထဲမရှိတော့ပေ။ သူ(မ)က ညောင်စောင်းထက်တွင် ခဏထိုင်လိုက်သည်။ ထို့နောက် စိတ်မရှည်စွာ လက်ခါပြပြီး
“ပန်းထိုးအရုပ်တွေ၊ ပန်းထိုးအပ်ချည်တွေ အကုန် မီးသွားရှို့လိုက်၊ ယန်အာ မပြန်မလာမချင်း ပြဿနာ မရှာနဲ့လို့ ပြောလိုက် မဟုတ်ရင် ကွာရှင်းစာချုပ်နဲ့ နှင်ထုတ်ခံရမယ်လို့ ပြောလိုက်”
မာမောမောက အမြန် အမိန့်နာခံ သဘောတူခဲ့ကာ သခင်မကြီးက သူ့ဘာသာသူ ဒုက္ခရောက်အောင်လုပ်နေတော့ သက်ပြင်းချလိုက်သည်။ မှူးမတ်ကြီးရဲ့ မျက်နှာကိုသာ မထောက်ထားရင် သခင်မကြီးရဲ့ အသိဉာဏ်မဲ့မှုကြောင့် အကြိမ်ပေါင်းရာချီ စွန့်ပစ်ခံရလောက်ပြီးပြီဖြစ်သည်။
#####