TYCDTN အပိုင်း ၂၃

TYCDTN
Chapter 23

ထောင်ဟုန်၊ လျိုလွီ့နှင့် တခြားအစေခံ၃ယောက်ကလွဲရင် ကျန်သည့်အစေခံအားလုံးကို ယွီဖင်ယန်က အသစ်တွေဖြင့် အစားထိုးခဲ့သည်။ အစေခံစာချုပ်ကိုလည်း ယွီရှန်းထံကို လွှဲပြောင်းပေးလိုက်ပြီး အုပ်ချုပ်ခွင့်ပေးလိုက်သည်။

အရင်ကထက်စာရင် ယွီရှန်းက ယွီဖင်ယန်ကို ပိုကပ်လာခဲ့သည်။ ယွီဖင်ယန်ကို တစ်ရက်၃ကြိမ်တွေ့ရသည်။ သူ(မ)က ယွီဖင်ယန်ကို တစ်ရက်၃ကြိမ် မတွေ့ရပါက မစားနိုင်၊ မအိပ်နိုင်နှင့် စိတ်ဆိုးနေတတ်သည်။ ယွီဖင်ယန်ကလည်း သူ့ညီမလေးရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြည်းဆည်းပေးကာ ကျေနပ်အောင် လုပ်ပေးခဲ့သည်။ ယွီဖင်ယန်ဆီမှာ ပစ္စည်းကောင်းတွေရှိပါကလည်း ယွီရှန်းရဲ့ အဆောင်တော်ကို ပို့ပေးတတ်သည်။

ယွီဖင်ယန်က အသက်ငယ်ငယ်လေးနဲ့ရင့်ကျက်ခဲ့ကာ ဘဝရဲ့အတက်အကျ အခြေအနေမျိုးစုံကိုလည်း ကြုံခဲ့ပြီး ထပ်ခါထပ်ခါ လုပ်ကြံခံရခြင်းများ၊ အကွက်ချခံရခြင်းများ၊ နိုင်ငံရေး ပဋိပက္ခများကြောင့် သူ့ရဲ့နှလုံးသားက အေးခဲသွားခဲ့သည်။ စံအိမ်တော်တွင် လူပေါင်းများစွာရှိသည်။ ယွီဖင်ယန်က အရင်တုန်းက မဒမ်အိုကြီးကိုပဲ ဂရုစိုက်ခဲ့ပေမယ့် အခုတော့ ယွီရှန်းကိုပါ အလွန်ဂရုစိုက်နေပြီဖြစ်ကာ လင်ရှီ၊ ယွီစီးယွီနှင့် ပျောက်ဆုံးနေသည့် ညီမအရင်းကိုတော့ အပြင်လူအဖြစ်ကဲ့သို့သာ ပြုမူဆက်ဆံသည်။

ထိုအချက်တွေကြောင့် အပြင်က လူတွေက ယွီဖင်ယန်ကို ရက်စက်ပြီး နှလုံးသားမဲ့သည့်လူဟု ထင်ကြေးပေးကြသည်။

သို့ပေမယ့် အပြင်လူတွေ ဘယ်လောက်ပဲ ဝေဖန်ပါစေ ယွီရှန်းက ထိုကဲ့သို့သော ယွီဖင်ယန်ကို အလွန်သဘောကျသည်။ ယွီရှန်းက လုပ်စရာမရှိပါက ယွီဖင်ယန် သူ(မ)ကို ပေးခဲ့သည့်ကြာပွတ်ကိုထုတ်ကာ ပြုံးပြီး ငြင်သာသွာ ဝေ့ယမ်းနေတတ်သည်။

ထိုနေ့က ယွီဖင်ယန် ညနေပိုင်း မလာခဲ့ပေ။ ယွီရှန်းက စောင့်နေရင်းဖြင့် ပိုစိတ်လှုပ်ရှားလာခဲ့သည်။ သူ(မ)က စားပွဲကို ကြာပွတ်ဖြင့်ရိုက်ကာ အော်ဟစ်လေသည်

“ထောင်ဟုန် အရှေ့ဆောင်ကိုသွားပြီး အစ်ကိုကြီး ပြန်လာပြီလားဆိုတာ သွားကြည့်စမ်း”

“အခုပဲ ဒီအစေခံ သွားလိုက်ပါ့မယ်”

ထောင်ဟုန်က အမိန့်အတိုင်း ထွက်သွားခဲ့သည်။ သူ(မ)ထွက်သွားသည်နှင့် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မာမောမောလာနေတာဖြင့် ဆုံလိုက်လေသည်။ မာမောမောက အသက်ကို အမောတကောရှူကာ ပြောလေသည်

“ထောင်ဟုန်နဲ့လျိုလွီ့ နင်တို့သခင်မလေးကို အမြန်လေး မဒမ်ကြီးရဲ့ အဆောင်ခြံထဲ ပို့ပေးလိုက်၊ မဒမ်ကြီးမှာ အရေးကြီးကိစ္စရှိနေတယ်၊ မြန်မြန် မြန်မြန်”

မာမောမောက အမြဲလိုလို အိန္ဒြေသိက္ခာကြီးစွာ နေထိုင်လေ့ရှိသည်။ မာမောမော ဒီလောက် အလျင်စလို စိတ်လှုပ်ရှားနေသည့် ပုံကို ထောင်ဟုန် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ(မ)က အမြန်လေး အခန်းထဲပြန်သွားကာ စိတ်မရှည်ဖြစ်နေသည့် သခင်မလေးကို တွန်းခေါ်လာခဲ့သည်။

“ဘာကိစ္စလဲ”

ယွီရှန်းက ပိုပြီး စိတ်ရှုပ်လာခဲ့သည်။

“သခင်မလေး မှူးမတ်ကြီးကို ဖျောင်းဖျပေးပါဦး”

လျိုလွီ့က တွန်းဖို့အားမရှိဘူးလို့ မာမောမောထင်တာကြောင့် လျိုလွီ့ဖက် ဝင်တွန်းကူကာ နူးညံ့စွာ ရှင်းပြလေသည်

“မှူးမတ်ကြီး ဘာတွေ စိတ်ညှို့ခံနေရလဲ မသိပါဘူး၊ စစ်တပ်ထဲဝင်မလို့တဲ့လေ၊ သူက အထုတ်တွေတောင်သိမ်းပြီးလို့ ဒီညပဲ ဟွေးရှီတပ်စခန်းကို သွားမလို့တဲ့၊ ဟွေးရှီတပ်စခန်းက စစ်ဖြစ်နေတဲ့ ရှေ့ပိုင်းစစ်စခန်းပဲ၊ ဟိုးတုန်းက မှူးမတ်အိုကြီးက မြင်းတပ်ရဲ့ ဗိုလ်မှူးကြီးလေ စစ်ပွဲအတွင်းမှာပဲ ဆုံးသွားခဲ့တာ၊ မင်းသားယွီကိုလည်း ဘုရင်ကြီးက နောက်နှစ်နွေဦးအစမှာ ဒဏ်ခတ်မယ်လို့လည်း ပြောတယ်၊ မှူးမတ်ကြီးက အခု အနောက်မြောက်အရပ်ကို သွားဖို့ပြင်နေတယ်၊ မှူးမတ်ကြီးက သခင်မလေးရဲ့ စကားကို နားထောင်ပါတယ် သူ့ကို တားပေးပါဦး”

ထိုစကားတွေကြားပြီးနောက် ယွီရှန်းရဲ့ မျက်နှာက ပိုမည်းမှောင် လာခဲ့သည်။ သူ(မ)က ကြာပွတ်ကိုပဲ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားခဲ့သည်။

ယွီရှန်း အခန်းထဲဝင်လိုက်တော့ မဒမ်အိုကြီးက ရင်ဘတ်ကိုလက်တစ်ဖက်ဖြင့် ဖိကာ နောက်လက်တစ်ဖက်က အမူအရာကင်းမဲ့နေသည့် ယွီဖင်ယန်ကို လက်ညိုးထိုးထားလေသည်။ မဒမ်အိုကြီးရဲ့ နှုတ်ခမ်းတွေက တုန်ယင်နေကာ ဒေါသတကြီး ပြောဆိုနေသည်။ ယွီရှန်း ဝင်လာတာတွေ့တော့ သူ(မ)က အလောတကြီးပြောလေသည်

“ရှန်းအာ အချိန်ကိုက်ရောက်လာတာပဲ၊ သူက စစ်ထဲဝင်ချင်နေတယ်၊ စစ်ထဲကို အပျော်ဝင်တယ်များထင်နေလား မသိဘူး”

ယွီဖင်ယန်ကလည်း ဆက်ငြိမ်မနေနိုင်တော့ပေ။ သူက မျက်မှောင်ကြုပ်ကာ ပြောလေသည်

“အဖွား ဘာလို့ ရှန်းအာကို ခေါ်လိုက်တာလဲ၊ ဒီကိစ္စတွေသိဖို့ သူအရမ်းငယ်သေးတယ်”

“ဘာလို့ မသိစေချင်တာလဲ”

ယွီရှန်းက မာမောမောကို ယွီဖင်ယန်ဆီ တွန်းပို့ခိုင်းခဲ့သည်။ သူ(မ)က ယွီဖင်ယန်ရဲ့ လက်မောင်းကို တွယ်ဖက်ကာ

“မသွားပါနဲ့၊ အစ်ကိုကြီးသွားရင် သမီးနဲ့အဖွားက ဘယ်လိုလုပ်မလဲဟင်”

သူ(မ)က စကားပြောပြီးနောက် မျက်ရည်တွေ ကျဆင်းလာခဲ့သည်။

သူ(မ)ငိုတာကိုမြင်ရတာက ယွီဖင်ယန် မခံနိုင်ဆုံး ကိစ္စဖြစ်သည်။ ယွီရှန်းကို ဝှီးချဲထဲကနေသယ်ထုတ်ကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းထားလိုက်ပြီး မျက်ရည်တွေကို နူးညံ့စွာ သုတ်ပေးခဲ့သည်။ ယွီရှန်း စိတ်ငြိမ်သွားမှ သေချာလေးရှင်းပြလေသည်

“အင်ပါယာ အကယ်ဒမီကို ကျော်ဖြတ်နိုင်ပြီး အရာရှိဖြစ်ခဲ့ရင် ၃နှစ်အတွင်း အထွေထွေအုပ်ချုပ်ရေးရဲ့အတွင်းရေးမှူး ဖြစ်လာနိုင်တယ်၊ ၅နှစ်အတွင်း ဝန်ကြီးအဖွဲ့ရဲ့တပ်မတော်မှာ ပညာသင်ခွင့်ရမယ်၊ ၁၀နှစ်အတွင်းမှာ အထွေထွေအုပ်ချုပ်ရေးမှာ လက်ထောက် အတွင်းရေးမှူး ဖြစ်လာနိုင်တယ်၊ နောက်ထပ်၃နှစ်အတွင်းဆိုရင် အထွေထွေအုပ်ချုပ်ရေးရဲ့ အထွေထွေလက်ထောက် ဖြစ်လာနိုင်တယ်၊ ထိပ်ဆုံးရာထူး၃ခုကို ရောက်ဖို့ နှစ်၂၀လောက် ကြာမယ်၊ ၂၁နှစ်ကြာပြီးရင် ရှန်းအာက အသက်၃၁လောက်ရှိပြီ၊ အစ်ကိုကြီးက ရှန်းအာလေးကို မကာကွယ်နိုင်သေးသလို မှူးမတ်စံအိမ်တော်ကြီးကလည်း အဖွားရှိတုန်းကလောက် မခမ်းနားသေးဘူး၊ ဒီလို အဖြစ်မခံနိုင်ဘူး”

တုန်ယင်နေသည့် မဒမ်အိုကြီးရဲ့ လက်တွေ ရပ်သွားခဲ့သည်။ မျက်လုံးမှိတ်ကာ ပုတီးစိပ်လိုက်သည်။ နောက်ဆုံး စကားကြောင့် သူ(မ) ဆွံ့အသွားခဲ့သည်။

“ဒါပေမဲ့ အခု အစ်ကိုကြီးက မှူးမတ်ကြီးလေ”

ယွီရှန်းက နှာရှုပ်လေသည်။

“အရူးမလေး အရာရှိအနေနဲ့ ရာထူးခေါင်းစဥ်က ကွာတယ်လေ၊ စွမ်းအားမရှိရင် တက်နင်းခံရမှာပဲ”

ယွီဖင်ယန်က ယွီရှန်းရဲ့ မျက်လုံးနှင့် နှာခေါင်းကို တို့ထိကာ

“၂၁နှစ်လုံး မပြီးနိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို စစ်ပွဲကို အကြိမ်အနည်းငယ်လောက် သွားလိုက်တာနဲ့ ရနိုင်တယ်၊ ရှန်းအာ အဖွားနဲ့မင်းကို အခု ဘဝထက် ပိုကောင်းမွန်အောင် နေထိုင်စေချင်တယ်”

ချင်းဟယ်ကျွင်းကျူ အနိုင်ယူလို့ရသည့် ဒီဘဝမှာတင် သူ(မ)ကို မနေထိုင်စေချင်ပေ။

အထက်စီးကနေ သူ့ကိုကော သူ့မိသားစုကိုပါ ဘယ်သူမှ တက်နင်းခွင့်မပြုနိုင်ပေ။ သူ ငယ်ငယ်တုန်းက အခက်အခဲတွေကို ခံစားခဲ့ရပြီးပြီဖြစ်သည်။ အမြင့်ဆုံးမှာရပ်ပြီး လှပသည့် ရှုခင်းကိုသာ ကြည့်လိုသည်။ ၂၁နှစ်ကြာပြီးရင် ဘာတွေဘယ်လိုဖြစ်နေမှာလဲ။ ၂၁နှစ်ကြာအောင် သူ မစောင့်နိုင်သလို အဖွားနှင့် ရှန်းအာလည်း မစောင့်နိုင်ပေ။

တွေးတောပြီးနောက် သူရဲ့နူးညံ့သည့် မျက်လုံးတွေက ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာလာခဲ့သည်။

မဒမ်အိုကြီးက မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လိုက်သည်။ ထို့နောက် မျက်လုံး ထပ်ပိတ်လိုက်သည်။ လက်ထဲက စိပ်ပုတီးကို အမြန်လေးလှည့်ပတ်နေလိုက်သည်။ သူ(မ)မြေးကလည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး အဖိုးဖြစ်သူထက် ပိုသန်မာရဲရင့်သည့် မြေးမလို့ ဆုံးဖြတ်ချက်ချပြီးပါက ဘယ်သူမှ တားမရတာကို သူ(မ)သိသည်။

မဒမ်ကြီးလောက် ယွီဖင်ယန်ကို နားလည်သည့် ယွီရှန်းကလည်း မတောင်းဆိုတော့ပေ။ လူငယ်လေးရဲ့ မျက်လုံးထဲက ရည်မှန်းချက်ကြီးနေသည့် အမြင်တွေကိုမြင်လိုက်ရတော့ မတားမိတော့ပေ။ ဒီလူက အတောင်ကိုဖြန့်ကာ ကောင်းကင်တခွင်ပျံဝဲနေမည့် သိမ်းငှက်ဖြစ်ပြီး အလှကြည့်ဖို့ ရွှေလှောင်အိမ်ထဲမှာ သော့ခတ်ကာ သိမ်းထားရမည့် ကြက်တူရွေး မဟုတ်ပေ။ ဖျောင်းဖျနေရင် အမောဆို့တာပဲ အဖတ်တင်မည်။

ဒါက အဆုံးသတ် ဆုံးဖြတ်ချက်ပဲဆိုတာ သူ(မ)သိလိုက်တာကြောင့် မျက်လုံး မှိတ်ထားလိုက်သည်။ သူ(မ)က မှာလေသည်။

“အစ်ကိုကြီးသာ စစ်ပွဲမှာ မတော်တဆဖြစ်သွားခဲ့ရင် သမီးနဲ့ အဖွား ဘယ်လိုဖြစ်သွားမလဲ ဆိုတာ သိလား၊ ဆွေမျိုးတွေက အစ်ကိုကြီး သင်ခန်းစာပေးထားလို့ ကြောက်နေပေမယ့် ရင်ထဲကနေတော့ အငြိုးတွေ ထားနေမှာ၊ အဲအချိန်ကျရင် သမီးတို့ကို အရှင်လတ်လတ် ဝါးမြိုသွားလိမ့်မယ်၊ အဖွားကလည်း အသက်ကြီးနေလို့ လှုပ်နိုင်မှာ မဟုတ်သလို သမီးကလည်း အောက်ပိုင်းသေနေလို့ အားကိုးလို့ မရဘူး၊ အစ်ကိုကြီးကသာ သမီးတို့ရဲ့ နောက်ခံပဲ၊ အစ်ကိုကြီးမရှိရင် သမီးတို့တွေလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

မဒမ်အိုကြီးလည်း ရင်ထဲထိသွားကာ မျက်ရည်စို့သွားခဲ့သည်။ မြေးမလေးက စိတ်ထိခိုက်ကာ မြေးဖြစ်သူက မလွှတ်ဘူးဟု ထင်ခဲ့မိပေမယ့် မြေးမလေးက အမိန့်တစ်ခု ပေးလေသည်။

“အစ်ကိုကြီး အသက်ရှင်လျက် ပြန်လာရမယ်၊ အစ်ကိုကြီး တစ်ခုခုဖြစ်ရင် သမီးလည်း သေပစ်မယ်၊ သမီးက နဂိုကတည်းက အောက်ပိုင်းသေနေတဲ့လူပဲ အသက်ရှင်စရာ အကြောင်း မရှိဘူး”

သူ(မ)က စကားပြောရင်းပြုံးကာ မျက်ရည်တွေလည်း ပိုဝဲခဲ့သည်။

ယွီဖင်ယန်က သူ(မ)ကို လက်မောင်းထဲ ပွေ့ဖက်ထားခဲ့သည်။ ခဏလောက်နေပြီးမှ သြရှသည့် အသံဖြင့် ပြောလေသည်။

“အစ်ကိုကြီးက ဘေးကင်းစွာ ပြန်လာမယ်ဆိုတာ စိတ်ချလိုက်၊ သေမယ် ရှင်မယ် ဆိုတာ ဘာတွေပြောနေတာလဲ၊ နောက်တစ်ခါကျရင် ဒီလိုတွေပြောခွင့်မပြုဘူးနော်”

“ဟုတ်ကဲ့ပါ မပြောတော့ပါဘူး”

ယွီရှန်းက ယွီဖင်ယန်ရဲ့ ရင်ဘတ်က အဝတ်ဖြင့် မျက်ရည်တွေ ပွတ်သုတ်ပစ်ကာ သူ့လက်မောင်းကို ကြာပွတ်ဖြင့် ဖြည်းညင်းစွာ ရိုက်ပြီး အပြစ်တင်လေသည်

“ဆုံးဖြတ်ချက်ချပြီးမှ အဖွားနဲ့သမီးကို အသိပေးတယ်၊ ဘယ်သူက ကိုယ့်စိတ်တိုင်းကျ လုပ်ခိုင်းလို့လဲ”

သူ(မ)က ၂ချက်လောက်ရိုက်ပြီး ရင်ခွင်ထဲဝင်ကာ မျက်ရည်ထပ်သုတ်ခဲ့သည်။ ဒါက လက်စားချေတာဖြစ်သည်။

ကြာပွတ်က ကိုယ်ခန္ဓာကိုရိုက်မိတာ မဟုတ်ဘဲ ယွီဖင်ယန်ရဲ့ နှလုံးကို ထိသွားခဲ့တာ ဖြစ်သည်။ နှလုံးသားလေး နာကျင်သွားပေမယ့် ပျော်ရွှင်နေရသည်။ ယွီဖင်ယန်ရဲ့ ဝမ်းနည်းမှုတွေက ချက်ချင်း ပျောက်ကွယ်သွားခဲ့ကာ ညီမလေးကို ပွေ့ဖက်ထားခဲ့သည်။ ညစ်ပတ်တယ်လို့ မပြောဘဲ မျက်ရည်တွေနှင့် နှပ်ချေးတွေကိုလည်း လက်ဖြင့် သုတ်ပေးခဲ့သည်။ ထို့နောက် သူ(မ)လက်ထဲက ကြာပွတ်ကို ယူကာ အဖွားကို ကမ်းပေးပြီး

“အဖွား ဒီမြေးကို ရိုက်လိုက်ပါ၊ အဖွားဘေးမှာ မနေနိုင်တာ ဒီမြေးရဲ့အပြစ်ပါ”

မဒမ်အိုကြီးကတော့ အမူအရာ မပြောင်းလဲစွာ နေနေသည်။ သူ(မ)က ကြာပွတ်ကိုယူကာ ရိုက်လိုက်သည်။ သို့ပေမယ့် အဝတ်အစားကိုသာ ဖွဖွလေးထိပြီး ကလိထိုးနေသလို ဖြစ်နေသည်။ သူ(မ)ရဲ့ မြေးက မျက်မှောင်ကြုတ်ကာ နာချင်ယောင်ဆောင်တာတွေ့တော့ ရပ်လိုက်လေသည်။ သူ(မ)က သုန်မှုန်စွာ ပြောလေသည်

“အေး ဟန်ဆောင်မနေနဲ့ သွားပြီး အထုတ်သိမ်းတော့ ဘေးကင်းအောင် ပြန်လာခဲ့”

ယွီဖင်ယန်က ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် ယွီရှန်းကို ချီကာ ထွက်သွားပြီး တံခါးနားရောက်တော့ အဖွားဖြစ်သူရဲ့စကားကို ကြားလိုက်လေသည်

“နင့်အမေဆီ သွားလည်ဦး၊ သူက အားမကိုးရပေမယ့်လည်း အမေပဲလေ၊ သူများတွေ မကောင်းပြောတာ မခံရစေနဲ့”

ယွီဖင်ယန်က ခေါင်းညိတ်ကာ ဝင်ပေါက်ဆီ လျှောက်သွားလိုက်သည်။ သူ့လက်ထဲက ညီမဖြစ်သူကိုကြည့်ကာ

“ရှန်းအာ အမေနဲ့တွေ့ချင်လား”

“သူက သမီးကို မတွေ့ချင်သလို သမီးကလည်း သူ့ကို မတွေ့ချင်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် မပတ်သက်တာပဲ ကောင်းပါတယ်၊ အစ်ကိုကြီးပဲ သွားလိုက်တော့”

ယွီရှန်းက မတုံ့မဆိုင်း ငြင်းခဲ့သည်။ အရင်ဘဝကတည်းက မိခင်မေတ္တာကို မမျှော်လင့်ခဲ့တာကြောင့် ဒီဘဝလည်း ထွေထွေထူးထူး ခံစားမနေရပေ။ လင်ရှီက သူ(မ)အတွက်တော့ သူစိမ်းသာဖြစ်သည်။ အနာဂတ်မှာ ဒီကိုယ်ခန္ဓာရဲ့မူလပိုင်ရှင်ရဲ့ မိဘတွေကို ရှာတွေ့ခဲ့ရင်တောင် ရင်းနှီးသည့် ဆက်ဆံရေးရှိမည် မဟုတ်ပေ။

အေးတိအေးစက် ပြောလာတာကို ယွီဖင်ယန်က ရယ်လေသည်။ သူ(မ)ကို ဝှီးချဲပေါ် တင်ပေးပြီးနောက် ဆံပင်ကို ထိုးဖွလိုက်သည်။ ထို့နောက် မိခင်ဖြစ်သူရဲ့ ခြံထဲ ဝင်သွားလိုက်သည်။ ယွီရှန်းက ဘာလို့ သူ့ညီမအရင်း မဟုတ်ရမှာလဲ။ စိတ်ဓာတ်ကအစ သူနဲ့ လာတူနေတယ်လေ။ တည့်တိုးဆန်တယ်၊ ကြိုက်တာမကြိုက်တာကို တည့်ပြောတယ်၊ အရင်းနှီးဆုံး ဆွေမျိုးတွေကို မိသားစုဝင်အဖြစ် မသတ်မှတ်ဘူး စတာတွေက သူနဲ့တူတာ ဖြစ်သည်။

မဟုတ်ဘူး အရင်းနှီးဆုံးဆွေမျိုးတွေကို မိသားစုဝင်အဖြစ် သတ်မှတ်မခံရတာ မဟုတ်ဘဲ သူ(မ)သိတဲ့လူ အရမ်းနည်းတာဖြစ်သည်။ သူ့အပြင် အဖွားကိုတောင် နှလုံးသားထဲ ထည့်ပုံမပေါ်ပေ။ စိတ်သဘောထားက အရမ်းအေးစက်ကာ နှလုံးသားမဲ့သည်။

ထိုသို့တွေးပေမယ့် ယွီဖင်ယန်က မှားယွင်းတယ်လို့တော့ မခံစားရပေ။ သိမ်မွေ့သည့် ကျေနပ်ခြင်းကိုသာ ခံစားနေရသည်။

မာမောမောက သံသယရှိတာတွေ အကုန်မီးရှို့ပစ်ပြီးနောက် လင်ရှီရဲ့ခြံဝန်းက အလွန်ကျယ်ဝန်းနေပြီး မီးမှိန်နေသည်။ လေထုထဲမှာ ပူဇော်ထားသည့် ဖယောင်းဆီနံ့တွေထွက်နေပြီး လူကို မသက်မသာဖြစ်စေသည်။

ဟောခန်းထဲက စားပွဲအလယ်မှာ မှူးမတ်ကြီး ယွီကျွင်းကျဲ ဆိုသည့် ကမ္ပည်းတိုင်ရှိသည်။ နှစ်တိုင်းတိုက်ထားတာကြောင့် ပြောင်လက်နေသည်။ သေဆုံးသွားသည့်ခင်ပွန်း ဟူသောစာသား အနီလေးကလည်း ဒီနေ့ထိ တောက်ပြောင်နေဆဲဖြစ်သည်။

ယွီဖင်ယန်က တစ်ချက်ကြည့်ပြီး အကြည့်လွှဲကာ မြေပြင်ကို စိုက်ကြည့်လိုက်သည်။

လင်ရှီက ပန်းစာရွက်အထပ်က စာတွေကိုသာ အာရုံစိုက်ဖတ်နေသည်။ သူ(မ)က တစ်ခုခုကို တွေးတောမိပြီးနောက် ပြုံးနေခဲ့သည်။ သူ(မ)က မရုန်းထွက်နိုင်သည့် အတိတ်က အမှတ်တရဟောင်းလေးတွေမှာသာ နစ်မြှုပ်နေခဲ့သည်။ ယွီဖင်ယန်ကတော့ စကားတွေ အကြာကြီး ပြောနေခဲ့ပြီးမှ သူ(မ)က အသိဝင်လာကာ လက်ဝေ့ယမ်းပြကာ

“သွားတော့ ကိုယ့်ဘာသာကိုယ် ဂရုစိုက်”

ထင်ထားသည့်အဖြေကိုသာ ရခဲ့သည်။ ယွီဖင်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားခဲ့သည်။ ရှန်းအာရဲ့ ကြောင်ကလေးလိုငိုနေသည့်ပုံစံ အဖွားရဲ့ ဒေါသထွက်နေသည့် ပုံစံလေးကို ပြန်တွေးလိုက်ပြီးနောက် အေးစက်စွာ ပြုံးလိုက်သည်။ အဆင်ပြေပါတယ် ကာကွယ်ပေးချင်တဲ့လူတွေကိုပဲ ဂရုစိုက်တယ်။ အပိုလူတွေကို စိတ်ထဲမထားပေ။

သူက ဘာမှမပြောလဲ ထထွက်သွားခဲ့သည်။ သို့ပေမယ့် လင်ရှီရဲ့ တားမြစ်တာကို ခံလိုက်ရသည်။

“နင့်ညီမကို ရှာတွေ့ပြီလား၊ နှစ်ဝက်လောက်ကြာတာတောင် ဘာသတင်းမှ မကြားရသေဘူး၊ သေချာကော ရှာရဲ့လား”

လင်ရှီကို ကျောပေးရပ်နေကာ ယွီဖင်ယန်ရဲ့ လှပသည့် မျက်နှာက မြူဆိုင်းနေပြီး သြရှသည့်အသံဖြင့် ပြောလေသည်

“သေချာအားစိုက်ရှာပါတယ် ဒါပေမဲ့ လူတွေက အများကြီးလေ၊ ဟန်မင်းဆက်ရဲ့ နယ်မြေမှာ လအနည်းငယ်လောက်နဲ့ ရှာတွေ့ဖို့ဆိုတာ မလွယ်ဘူး၊ ဒီကိစ္စကို စိတ်မပူပါနဲ့ အမေ သူအသက်ရှင်နေသ၍ တစ်နေ့ကျရင် သူ့ကိုရှာတွေ့မှာပါ”

စကားပြောလို့ မဆုံးခင်မှာဘဲ အင်္ကျီလက်ကို ခါယမ်းကို ထွက်သွားခဲ့သည်။

#####

TYCDTN
Author: TYCDTN
ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်

ค่ำคืนนั้นลมวสันต์มาเยือน, 忽如一夜病娇来
Score 9
Status: Ongoing Type: Author: , , , Artist: , Released: 2014 Native Language: Chinese
ဇာတ်အညွှန်းမိသားစုနှစ်ခုက ကလေးတွေက အလဲခံလိုက်ရတယ်။ မိသားစုတစ်ခုက စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပြီးတော့ တစ်ခုကတော့ မင်းမှုထမ်း နယ်စား မြို့စားမိသားစု ဖြစ်တယ်။ သူတို့အနေအထားက ခြားနားချက် ကြီးမားမား ရှိ တယ်။ကံဆိုးစွာနဲ့ ယွီရှန်းက မူလစီးပွားရေးမိသားစုက လူအဖြစ် ကူးပြောင်းသွားပြီး မြို့စားအိမ်တော်မှာ ကြီးပြင်းလာခဲ့ရတယ်။ သူမ ရောက်ရှိပြီး မကြာခင်မှာ အမှန် တရားက ပေါ်ထွက်လာပြီး သူမခြေထောက်တွေ မသန်မစွမ်းဖြစ်သွားကာ "ကံဆိုးတဲ့ကြယ်" လို့ ခေါ်တွင်ခံခဲ့ရတယ်။ စိတ်ဓာတ်ကျကာ သူမက သူမအစ်ကို ကြီးရဲ့ ခြေထောက်ကို ဖက်တွယ်ပြီး နေ့ရက်တိုင်းကို ရှင်သန်ဖို့ ကြိုးစားခဲ့တယ်။ မြို့စားအိမ်တော်က သမီးအစစ် ပြန်လာတဲ့အခါ ယွီရှန်းက ထိုနေရာကို ပြန်ပေး မှာ ဖြစ်တယ်။နှစ်နည်းနည်း ကြာပြီးတဲ့နောက် သမီးအရင်း ပြန်လာပြီးတော့ ယွီရှန်းက ထွက် သွားဖို့ ပြင်ဆင်တဲ့အခါ သူမရဲ့ခြေထောက်ဖက်တဲ့နည်းလမ်းက ပြောင်မြောက် လွန်းသွားလို့ သူမအစ်ကိုကြီးက ထွက်သွားခွင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်။မြို့စားက သူ့အပြုံးကို ဝိုင်ခွက်ဖြင့် ကွယ်ထားလိုက်တယ်။ သူနဲ့အတူ ကြီးပြင်း I လာတဲ့ သူ့ဇနီးကို သူက ဘာလို့ ထွက်သွားခွင့် ပြုရမှာလဲ။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset