TYCDTN
Chapter 22
လျိုလွီ့ မသွားခင် သူ(မ)က သူ(မ)ရဲ့ သခင်မလေးကို စိတ်မချလို့ ခဏလောက် စောင့်ရှောက်ထားပေးဖို့ မာမောမောကို ပြောခဲ့ခြင်းဖြစ်သည်။ ခြံထဲမှာ အစေခံအပြည့်ရှိတာကို သူတို့၅ယောက်ထွက်သွားရင် ဘယ်သူ့ကိုမှ အမိန့်ပေးလို့ မရတော့ဘူးလား။ အပြင်လူကို အားကိုးနေရတာလား။ မာမောမောက လျိုလွီ့ရဲ့ ဆောင်းပါးရိပ်ခြည်စကားကို သတိထားမိခဲ့သည်။
မှူးမတ်ကြီးက စံအိမ်ရဲ့ ကိစ္စကို စိတ်မဝင်စားပေ။ မဒမ်အိုကြီးကလည်း အသက်ကြီးပြီဖြစ်ဖို့ သိပ်အပင်ပန်းမခံနိုင်တာကြောင့် စီမံမခန့်ခွဲနိုင်ပေ။ မဒမ်အိုကြီးရဲ့ဘေးမှာ အယုံကြည်ရဆုံး အစေခံရှိတာကြောင့် ယွီရှန်းရဲ့ အခြေအနေကို သိနိုင်သည်။
ယွီရှန်းရဲ့ အထိန်းတော် သေသွားပြီးသည့်နောက်တွင် ချိန်းဖင်နှင့်ချိန်းရှီက သခင်ဖြစ်လာခဲ့သည်။ ယွီရှန်းက အစေခံလို တွန်းအားပေးခံခဲ့ရသည်။ အစတုန်းကတော့ ယွီရှန်းက မှူးမတ်စံအိမ်တော်နှင့် သွေးသား မတော်စပ်တာကြောင့် မာမောမောက ဒီတိုင်းသာ လွတ်ထားခဲ့ပေမယ့် အခုမှ သူ(မ) ဖြေရှင်းချင်ပေမယ့် နည်းလမ်း ရှာမတွေ့ပေ။
သခင်ဖြစ်သူက ဘာမှမပြောရင် နင်လည်း မသိသလိုပဲ နေရမယ်။ အရမ်း ဝင်မစွက်ဖက်ရဘူး။ အခု ယွီရှန်းဆီမှာ အစီအစဥ်ရှိကြောင်း မှတ်ယူနိုင်သည်။
မာမောမောက ဝင်ပါရမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ဒီနေ့ လျိုလွီ့က သူ(မ)ရဲ့ အကူအညီကို တောင်းခဲ့သည်။ ဒုတိယသခင်မလေးက ထိုရွံစရာကောင်းသည့် အစေခံတွေကို ရှင်းထုတ်ချင်နေမှန်း သူ(မ)သဘောပေါက်သွားခဲ့သည်။ အလုပ်မလုပ်ဘဲ အချောင်ခိုတတ်တဲ့ အစေခံတွေ ဒီမှူးမတ်စံအိမ်တော်ကြီးကနေ ချက်ချင်း ထွက်သွားရဖို့ မတွေးနဲ့တော့။
သူ(မ)က တည်ကြည်စွာ ခြံဝန်းထဲဝင်သွားတော့ မှူးမတ်ကြီးရဲ့ အခြွေအရံ ကျန်းရွှင်ကျန် ခြံထဲမှာ ယောက်ယက်ခတ်နေတာကို တွေ့လိုက်တော့ သူ(မ)က ထိတ်လန့်သွားကာ
“မှူးမတ်ကြီး ပြန်ရောက်ပြီလား”
ကျန်းရွှင်ကျန် အသံတိတ်ဖြင့် အခန်းဖက် ညွှန်ပြခဲ့သည်။
အင်း ဒီနေ့တော့ အစေခံတွေ ကံကောင်းမယ်လို့ ထင်ခဲ့ပေမယ့် တော်တော် ကံဆိုးနေကြတာပဲ။ သခင်မလေးကို တစ်ယောက်တည်း ထားခဲ့မှပဲ မှူးမတ်ကြီး ပြန်လာတာနဲ့ ကြုံသွားရတယ်လို့။ သူ(မ)က ဆံပင်တွေကို သပ်ရပ်အောင်ပြင်ကာ ဝင်သွားခဲ့သည်။
ငိုယိုနေသည့် သခင်မလေးကို မှူးမတ်ကြီးက ညောင်စောင်းထက်မှာ ပွေ့ဖက်ကာ ထိုင်နေတာကို တွေ့လိုက်ရလေသည်။ မှူးမတ်ကြီးက သခင်မလေးကို မျက်နှာလေးပဲ ဖော်ပေးပြီး တစ်ကိုယ်လုံးကို သူရဲ့ခြုံထည်ဖြင့် ခြုံထားပေးကာ တင်းကြပ်နေအောင် ဖက်ထားလေသည်။ မျက်ရည်တွေ သုတ်ပေးကာ ဆေးကို စိတ်ရှည်လက်ရှည် တိုက်နေလေသည်။ မျက်လုံးတွေက နူးညံ့နေပေမယ့် တင်းမာသည့် မျက်နှာက မကြာခင် ပြင်းထန်သည့် မုန်တိုင်းကျရောက်တော့မှာကို ညွှန်ပြနေလေသည်။
“ဒီအစေခံက မှူးမတ်ကြီးကို အရိုအသေပေးပါတယ်”
မာမောမောက ဂရုတစိုက်အရိုအသေပေးခဲ့သည်။
“ဒီကို ဘာလာလုပ်တာလဲ”
ယွီဖင်ယန်ရဲ့အသံက အလွန်အမင်း အေးစက်ခက်ထန်နေသည်။
“ဒီအစေခံက စိုးရိမ်လို့ သခင်မလေးကို လာကြည့်ရှုတာပါ”
ထိုစကားကြားမှ ယွီဖင်ယန်ရဲ့ မျက်နှာကြောက အနည်းငယ် ပြေလျော့သွားခဲ့သည်။ ယွီဖင်ယန်က သူ(မ)ကို စိုက်ကြည့်ကာ
“မင်းက ကြင်နာတွေးတော တတ်သားပဲ၊ ဒါဆို အစေခံအုပ်စုကို စောင့်နေလိုက် ပြီးရင် အဲဒီကောက်ကျစ်တဲ့ အစေခံတွေကို ကိုင်တွယ်ဖြေရှင်းလိုက်”
မာမောမောက ကောင်းပါပြီ ဟူသောစကားကို ထပ်ခါထပ်ခါ ပြောခဲ့ပြီး ထောင့်နားကို ဆုတ်သွားလိုက်ပြီး သစ်သားရုပ်လို နေနေလေသည်။
ယွီရှန်းရဲ့ ကိုယ်ခန္ဓာက တဖြည်းဖြည်း နွေးလာခဲ့သည်။ ယွီရှန်းရဲ့ လက်၂ဖက်လုံးက ယွီဖင်ယန်ရဲ့ ရင်ဘတ်ပေါ်က အင်္ကျီလေးထဲ ထည့်ထားလေသည်။ အစ်ကိုကြီးရဲ့ ရင်အုပ်က ကျယ်ပြန့်ကာ ရင်ဘတ်ကြွက်သားတွေက သန်မာတောင့်တင်းသည်။ ယွီရှန်းက ၂ကြိမ်လောက် တို့ထိကြည့်လိုက်မိသည်။ အစ်ကိုကြီးက ငုံ့ကြည့်လာတော့ ယွီရှန်းက အပြစ်ကင်းသည့် ပုံစံလေးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြလေသည်။ ထို့နောက် ပုလဲလို မျက်ရည်ဥကြီးတွေ စီးကျလာခဲ့သည်။
“ဘာလို့ ငိုပြန်တာလဲ၊ ကိုယ့်ကိုယ်ကိုယ် ပြန့်ကြည့်ပါဦး ယွီစီးယွီ့ကမှ ပိုလိမ္မာသေးတယ်”
ယွီဖင်ယန်ရဲ့စကားတွေက အပြစ်တင်ဟန်ရှိနေပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေက နူးညံ့နေသည်။ သူက ယွီရှန်းရဲ့ လက်ကိုထုတ်ကာ ပါးစပ်နားကပ်ပြီး အာငွေ့ဖြင့် နွေးအောင် လုပ်ပေးနေသည်။
အပြေးအလွှား ပြန်လာခဲ့တာကြောင့် မုတ်ဆိတ်မွေး ငုတ်တိုလေးတွေပင် ထွက်နေပြီဖြစ်သည်။ ထိုမုတ်ဆိတ်မွေး ငုတ်တိုလေးတွေက သူ(မ)လက်ကို ထိနေတော့ ရယ်ချင်နေလေသည်။ ယွီရှန်းက ဟန်ဆောင်ထားတာ မပေါ်အောင် အမြန်လေး လက်မောင်းထဲ ခိုဝင်လိုက်ပေမယ့် ယွီဖင်ယန်က ယွီရှန်း မသက်မသာ ခံစားနေရတယ် ထင်ပြီး ပါးစပ်ဟလိုက်ပေမယ့် ဘာမှမပြောခဲ့ပေ။
မီးသွေး ထည့်လိုက်တော့ အိမ်က နွေဦးလေးလို နွေးထွေး သွားပေမယ့် ပြန်အခေါ်ခံလာရသည့် အစေခံတွေကတော့ ကြောက်လန့်အေးစက် နေလေသည်။ သူတို့ထဲက တစ်ယောက်နှစ်ယောက်က ခေါင်းလေးငုံ့ကာ တုန်ယင်နေသည်။ ဒီနေ့ သေအောင် အရိုက်ခံရမယ်ဆိုရင်တောင် မှူးမတ်ကြီး ဒီနေ့ပြန်ရောက်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။ အခုတော့ ဘယ်လိုလုပ်ကြမလဲ။
ချိန်းဖင်နှင့်ချိန်းရှီက ငိုယိုနေသည်။ မှူးမတ်ကြီးကို မကြာခဏ ကြည့်နေကြသည်။
ယွီဖင်ယန်က သူ့ညီမရဲ့လက်ကလေးကို ဆော့ကစားကာ ပါးချိုင့်လေးကို လက်တစ်ဖက်က လက်ချောင်းလေးဖြင့် သွားတို့ထိနေသည်။ ထိုကဲ့သို့ တို့ထိရတာကို စွဲလမ်းနေပြီ ဖြစ်သည်။ နောက်ထပ်လက်တစ်ဖက်ကတော့ လက်ကိုင်ပဝါလေးကိုင်ကာ ညီမ ဖြစ်သူရဲ့မျက်ရည်တွေကို သုတ်ပေးနေသည်။
အခန်းထဲမှာ တိတ်ဆိတ်နေလေသည်။ လေထုက အလွန်အေးစက်နေသည်။ ၁၅မိနစ်လောက်နေပြီးနောက် ယွီဖင်ယန်ကမေးလေသည်
“သူတို့ကို ဘယ်ကနေ ရှာတွေ့လာတာလဲ၊ သူတို့ဘာလုပ်နေတာလဲ”
“သူတို့တွေက ခြံရဲ့မြောက်ဘက်က အခန်းထဲမှာနေပြီး ဖဲကစားနေကြတာပါ၊ ဒီလူကတော့ ခြံနောက်မှာ နေပူဆာလုံရင်း ဖရဲစေ့စားနေတာပါ၊ သူကတော့ အခန်းထဲမှာ အိပ်နေတာပါ၊ ဒီလူက မီးဖိုခန်းထဲမှာ အစာစားနေတာပါ၊ လူ၅ယောက် ကျန်ပါသေးတယ်၊ သူတို့ကို လူလွှတ်ပြီး ရှာခိုင်းထားပါတယ်”
အစေခံကြီးက တစ်ခုချင်းဆီ တင်ပြခဲ့သည်။
“အဲ၅ယောက်ကို ထားလိုက်”
ယွီဖင်ယန်က လက်ဝေ့ယမ်း ပြခဲ့သည်။ သူ့အကြည့်တွေက ဓားတစ်ချောင်းလို ထက်နေသည်။
အကုန်လုံး ခိုက်ခိုက်တုန်နေသည်။ သူတို့ဦးရေပြားကို ထိုးဖောက်မတတ် အေးစက်သည့် လေထုကို ခံစားနေမိပြီး ထိုအေးစက်သည့်လေထုက ဝိဉာဥ်ပင် အပိုင်းပိုင်း ကျိုးတော့မတတ် ခံစားနေရသည်။ သက်ညှာပေးဖို့ အော်ဟစ်ငိုယိုကာ ထွက်ပြေးချင်ပေမယ့် ကိုယ်ခန္ဓာက တောင့်ခဲနေသည်။ လည်ပင်းကလည်း မီးသွေးခဲ ဆို့နေသလို ခံစားနေရသည်။ တတိယမိသားစုဝင်တွေကို မှူးမတ်စံအိမ်တော်ရဲ့ တံခါးမှာ သူ့တို့ဘာသာ ကြိုးကွင်းစွပ် စေချင်ခဲ့ပုံကို ပြန်မြင်ယောင်လာခဲ့သည်။ တတိယမိသားစုဝင်တွေ သေခြင်းတရားကို တောင်းခံခဲ့သည်အထိ လုပ်ခဲ့သည့် ထိုတုန်းကအကြည့်နှင့် ဆင်တူနေသည်။
အခု မှူးမတ်ကြီးရဲ့လက်ထဲကို ရောက်နေတဲ့ သူတို့တွေ ရှင်သန်နိုင်ဦးမှာလား။ ဟုတ်သားပဲ သခင်မလေးက စိတ်ထားနူးညံ့တယ်လေ သူ့ကိုတောင်းပန်ရမယ်။
လူအများအပြားက ယွီရှန်းကို မျှော်လင့်တကြီး မျက်ဝန်းတွေဖြင့် ကြည့်လိုက်သည်။
ယွီရှန်းက သူ(မ)ရဲ့ခေါင်းကို အစ်ကိုဖြစ်သူရဲ့ ရင်ခွင်ထဲ တိုးဝှေ့ကာ ဝှက်လိုက်လေသည်။
“သူတို့ကို ကြည့်လိုက်”
ယွီဖင်ယန်က ထိုသို့ လုပ်ခွင့်မပြုခဲ့ပေ။ ယွီဖင်ယန်က သူ(မ)ရဲ့ မေးစေ့ကိုမော့ကာ သူ့ကိုကြည့်စေပြီး ခက်ထန်စွာပြောလေသည်
“သူတို့ကိုကြည့်ထား အကြည့်မလွှဲနဲ့၊ ဒါကိုယူလိုက်”
ယွီဖင်ယန်က သူ့ခါးနားက ကြာပွတ်ကိုထုတ်ကာ သူ့ညီမလက်ထဲ ထည့်ပေးလိုက်သည်။
ယွီရှန်းက ရှုပ်ထွေးသွားလေသည်။ ဒါကြီးက ဘာလုပ်ဖို့ပေးတာလဲ။
“သူတို့ကို ရိုက်ပစ်လိုက်”
သူ့ရဲ့အတက်အကျမရှိသည့် လေသံက မုန်းတီးမှုတွေ ပြည့်နက်နေသည်။
ယွီရှန်းက ဆွံ့အသွားခဲ့သည်။ ၁၀နှစ်အရွယ်ကလေးကို လူတွေကို ကြာပွတ်ရဲ့ရိုက်နည်း သင်ခိုင်းနေတာလား။ ဒါကို နင်ဖြေရှင်းရမှာ မဟုတ်ဘူးလား။ သူတို့က ပျဥ်ပြားနဲ့ အရိုက်ခံပြီး နှင်ထုတ်ခံရသင့်တာလေ။ ဒီလိုလုပ်ခိုင်းတာက ကလေးကို အမှားတွေ သင်ယူစေတာ မဟုတ်ဘူးလား။
ယွီရှန်းက စိတ်လှုပ်ရှားကာ လက်တွေ တုန်ယင်နေပြီး သူ(မ)ရဲ့ တောက်ပနေသည့် မျက်လုံးတွေကို မြင်သွားမှာစိုးလို့ မျက်လွှာချလိုက်လေသည်။
ယွီဖင်ယန်က ယွီရှန်း ကြောက်နေတယ်လို့ ထင်သွားခဲ့သည်။ ကြာပွတ်ကိုင်ထားသည့် ယွီရှန်းရဲ့လက်ကို သူက ဆုပ်ကိုင်ကာ နား နားကပ်ပြီးပြောလေသည်
“သူတို့ကို ရိုက်လိုက်၊ အနာဂတ်မှာ ရှန်းအာကို မလေးမစား လုပ်ရဲတဲ့လူကို ဒီကြာပွတ်နဲ့ ရိုက်ပစ်၊ ကိုယ်ခန္ဓာမှာ ကြာပွတ်ရာထင်အောင် ရိုက်ပြီးတာနဲ့ ပျဥ်ပြားနဲ့ ချက်ချင်း အကြိမ်၅၀ရိုက်ပြီး ရောင်းစားပစ်လိုက်၊ ရှန်းအာက ခြေထောက်ကျိုးနေရင်တောင် အသုံးမကျတဲ့လူ မဟုတ်ဘူး၊ မင်းက ငါ ယွီဖင်ယန်ရဲ့ ညီမငယ် မလို့ ဂုဏ်ယူပြီး နေထိုင်ရမယ်၊ ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဂုဏ်ယူစွာ နေထိုင်ရမယ်၊ နားလည်လား၊ လက်မြှောက်ပြီး သူတို့ကို ရိုက်လိုက်”
ယွီရှန်းက သူ့ကို ရိပ်ကနဲ တစ်ချက်ကြည့်လိုက်သည်။ ခဏနေပြီးနောက် ချိန်းရှီရဲ့ မျက်နှာမှာ အရာထင်သွားအောင် လက်မြှောက်ကာ ရိုက်ပစ်လိုက်သည်။ ချိန်းရှီက ချက်ချင်း မျက်ရည်တွေကျလာကာ ငိုလေသည်
“သခင်မလေး ကျွန်မကို သက်ညှာပေးပါ၊ မှူးမတ်ကြီး ဒီလိုနောက်ထပ် မလုပ်တော့ပါဘူး”
“ပါးစပ်ပိတ်ထားစမ်း”
ယွီဖင်ယန်က သူ(မ)ကို အေးစက်စွာ ကြည့်ခဲ့သည်။ သူ့ညီမကို ကြည့်ကာ ဆိုဆုံးမလေသည်
“အားများများထည့်၊ သူတို့တွေ ဘယ်လိုဆက်ဆံခဲ့လည်းဆိုတာ ပြန်တွေးလိုက်၊ အားနည်းပြီး အယုံလွယ်တဲ့ ညီမမျိုးကို ငါမလိုချင်ဘူး၊ ငါသာ မင်းဘေးမှာမရှိရင် ငါ့အစေခံတွေ သတ်တာကို မင်းခံမလို့လား၊ ဟမ် “
ယွီရှန်းက နှုတ်ခမ်းကို ပိတ်ထားကာ ချိန်းဖင်ကို ကြာပွတ်ဖြင့် လွှဲရိုက်လိုက်သည်။ ချိန်းဖင်က ပါးကို အုပ်ကိုင်ထားကာ အော်ဟစ်နေသည်။ လက်ချောင်းကနေ သွေးတွေစီးကျလာကာ ပါးတွင် အမာရွတ်ထင်သွားခဲ့သည်။
ယွီဖင်ယန်က ပြုံးပြီးနောက် ယွီရှန်းရဲ့ခေါင်းလေးကို ပွတ်ပေးကာ ချီးကျူးလေသည်
“အရမ်းတော်တယ် အဲလိုဆက်ရိုက်”
မာမောမောက တံတွေးမြိုချကာ ခေါင်းငုံ့ပြီး သူ(မ)ဘာသာ တွေးနေသည်။ မှူးမတ်ကြီး သခင်မလေးကို ဒီလိုသင်ပေးဖို့က မသင့်လျော်ဘူးမလား၊ ဒီလို ကြာပွတ်နဲ့ရိုက်တာကို လူတွေမြင်ပြီး အနာဂတ်မှာ သတင်းပျံ့သွားရင်…. သူ(မ)က ခေါင်းခါပြီး သက်ပြင်းချကာ အင်း သခင်မလေးက ဒီလိုပဲလေ ကောင်းတဲ့ဂုဏ်သတင်းပဲဖြစ်ဖြစ် မကောင်းတဲ့ဂုဏ်သတင်းပဲဖြစ်ဖြစ် မထူးဘူး သန်မာအောင် သင်ပေးတာ ပိုကောင်းပါတယ် မဟုတ်ရင် လူတွေက သူ့ကို အနိုင်ကျင့်နေဦးမယ်။
ယွီရှန်းက ချိန်းရှီနှင့်ချိန်းဖင် အော်ဟစ် ငိုယိုသည်အထိ ရိုက်ခဲ့ပြီး နောက်ဆုံးတော့ သူ(မ)ရင်ထဲက ခါးသီးမှုတွေ ပြေလျော့သွားခဲ့သည်။ ရိုက်ချက်တိုင်းမှာလည်း ယွီရှန်းက ပြောဆိုနေသည်။
“ငါ့ရဲ့လစဥ် ရငွေကိုလည်း တပ်မက်သေးတယ်၊ ငါ့သိုလှောင်ခန်းက ပစ္စည်းတွေကိုလည်း ခိုးသေးတယ်၊ ငါ့စားစရာတွေကိုလည်းခိုးတယ်၊ ငါ့အစ်ကိုကြီးရှေ့မှာ ငါ့ကို ရိုသေပြပြီး နောက်ကွယ်မှာတော့ ငါ့ကိုနင်းချေတယ်၊ ရှေ့မှာဆိုရင် သခင်မလေး လို့ခေါ်ပြီး နောက်ကွယ်မှာဆိုရင် ငါ့ကို မသန်မစွမ်းလို့ခေါ်တယ်၊ ငါ့ကို…”
ပြေလျော့သွားပြီဖြစ်သည့် ယွီဖင်ယန်ရဲ့ မျက်ခုံးတန်းက ယွီရှန်း ပြောသည့်စကားတွေကို ကြားပြီးနောက် မျက်လုံးတွေက ထပ်မည်းမှောင်လာခဲ့သည်။ ယွီရှန်းလက်ထဲက ကြာပွတ်ကို လွှဲယူလိုက်ပြီး နူးညံ့စွာ ပြောလေသည်။
“ရှန်းအာ ရပြီ”
ယွီရှန်းကို ဘေးဖက်ကိုချပေးပြီး ပြေလျော့နေသည့် ဆံပင်တွေကို သပ်တင်ပေးကာ နှုတ်ခမ်းနီနီလေးကို ပွတ်ပေးပြီး နူးညံ့စွာပြုံးလျက်
“နားလိုက်ဦး အစ်ကိုကြီး လုပ်လိုက်မယ်”
ဒါတွေကိုသာ မသိခဲ့ပါက ဒီအစေခံတွေက သူ့ညီမကို ကောင်းကောင်းမွန်မွန် ဂရုစိုက်သည်ဟု ထင်ခဲ့မိသည်။ ခပ်တိုးတိုးရယ်ကာ လက်မြှောက်ပြီး ချိန်းဖင်ကို မြေပေါ်လဲကျအောင် ရိုက်ပစ်လိုက်သည်။ ဆောင်းဦးရာသီဝတ် ချည်အင်္ကျီက ပြဲသွားခဲ့သည်။ သွေးစက်တွေက တခြားလူတွေရဲ့ မျက်နှာ၊ ကိုယ်ခန္ဓာနှင့် မြေကြီးကိုပါ သွားစင်ပြီး တစ်ခန်းလုံး သွေးနံ့လှိုင်လှိုင်ထနေခဲ့သည်။
ချိန်းဖင်က အော်ဟစ်ကာ မြေပေါ်လူးလိမ့်နေခဲ့သည်။ ထိုမြင်ကွင်းကို မြင်ပြီးနောက် ချိန်းရှီရဲ့ စကပ်အောက်ကနေ နံဟောင်သည့် အရည်တွေစီးကျလာခဲ့သည်။ သူ(မ)က အရိုအသေပေးကာ တောင်းပန်မည့်အချိန်မှာပဲ ကြာပွတ်ဖြင့် အရိုက်ခံခဲ့ရသည်။
ယွီဖင်ယန်က အလွန်ချောမောသည်။ နှာတံမြင့်မြင့်၊ တိကျပြတ်သားသည့် မျက်ခုံးတစ်စုံ၊ ရှည်သွယ်သည့် ဖီးနစ်မျက်လုံးတွေနဲ့ လှပသည့် နှုတ်ခမ်းတစ်စုံရှိသည်။ သူ(မ)သာ ဒေါသမထွက်ပါက တခြားလူတွေ ချီးမွမ်းပြောဆိုခြင်းကို ခံရလောက်သည်။ အမြင့်ဆုံးက အလှဆုံးကျောက်စိမ်းလို ထိုလူရဲ့ချောမောမှုက ဒီကမ္ဘာကြီးတွင် ပြိုင်ဘက်ကင်းသည်။ သူ့ရဲ့ ရည်မွန်မှုက ဒီလူ့ကမ္ဘာတွင် အတုမရှိပေ။
သို့ပေမယ့် ဒေါသထွက်လာရင်လည်း ရက်စက်ကြမ်းတမ်းမှုက ဘယ်သူမှ လိုက်မမှီပေ။ အခန်းထဲမှာ အော်ဟစ်ငိုကြွေးသံတွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး သွေးနံ့တွေကလည်း ပိုသိပ်သည်းလာခဲ့သည်။ နာရီဝက်လောက်ကြာပြီးနောက် ဒေါသတွေကို ချုပ်ထိန်းကာ ညီမ ဖြစ်သူကိုလှည့်ကြည့်ပြီး
“ကြောက်နေပြီလား”
ယွီရှန်းက ကြက်သေသေကာ ခေါင်းခါပြခဲ့သည်။
မနက်စောစောနေထွက်လာလို့ နှင်းတွေ အရည်ပျော်ကျသွားသလို ယွီဖင်ယန်ရဲ့ ရက်စက်ကြမ်းတမ်းမှုတွေက ချက်ချင်း ပျောက်ကွယ်သွားပြီး အဆုံးမရှိသည့် နူးညံ့မှုတွေက အစားထိုး ဝင်ရောက်ခဲ့သည်။ ညီမဖြစ်သူရဲ့ ကြည်ရှင်းနေသည့် မျက်လုံးတွေကို သေချာကြည့်လိုက်သည်။ လေးစားနေသလို ထိုမျက်လုံးထဲမှာ ခံစားချက်တချို့ တောက်လောင်နေသည်။ သူအခုတော့ နားမလည်ပေမယ့် သူ့ညီမက သူ့ကို တကယ်မကြောက်နေတာ မှန်သည်။
ယွီရှန်းက ယွီဖင်ယန်ရဲ့ ရင်ခွင်ထဲဝင်ကာ လည်ပင်းကို လက်တွေဖြင့်သိုင်းဖက်ပြီး တုန်ယင်စွာ ပြောလေသည်။
“အစ်ကိုကြီးက သမီးရဲ့အစ်ကိုအရင်းလား”
တစ်ခါတုန်းက လူတစ်ယောက်ကပြောတယ် မင်းက ငါ့ညီမ မလို့ ခေါင်းမော့ရင်ကော့ပြီး ဂုဏ်ယူစွာ နေထိုင်ရမယ်၊ သို့ပေမယ့် ထိုလူကို ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့တယ်။ ဒီတစ်ခါပြန်တွေ့တဲ့အခါကျရင် တစ်သက်လုံးအတူတူနေကြမယ်။ ငါအသက်ရှင်နေရင် နင်လည်း အသက်ရှင်နေရပြီး ငါသေသွားမယ်ဆိုရင် ကောင်းကင်ဘုံဖြစ်ဖြစ် ငရဲပြည်ကိုပဲဖြစ်ဖြစ် အဖော်ပြုပေးရမယ်။
သွေးစွန်းနေသလို သူ့ရဲ့ နှုတ်ခမ်းထောင့်က နီနေကာ ကသိကအောက်ဖြစ်သွားပေမယ့် နူးညံ့စွာ ပြုံးလိုက်သည်။
ယွီဖင်ယန်က သူ(မ)ရဲ့ ကျောကိုပုတ်ပေးကာ
“ဘာတွေ အရူးထပြီးမေးနေတာလဲ၊ ဘာလို့ အစ်ကိုအရင်း မဟုတ်ရမှာလဲ”
သွေးသားတော်စပ်သည်ဖြစ်စေ မတော်စပ်သည်ဖြစ်စေ ကိစ္စမရှိဘူး။ ရှန်းအာက ညီမအရင်းလို့ သူသတ်မှတ်ထားရင် ဘယ်သူ ငြင်းဆိုရဲလဲ။
ယွီရှန်းက ပြုံးကာ ဘာမှမပြောခဲ့ပေ။ ဒီလူငယ်လေးကို သူ(မ) နှလုံးသားထဲ လုံးဝ ထည့်ထားပြီးပြီဖြစ်သည်။
မာမောမောက သေအံ့ဆဲဆံအစေခံတွေကို ဆွဲထုတ်သွားခိုင်းပြီး မဒမ်အိုကြီးကို တင်ပြခဲ့လေသည်။ မဒမ်အိုကြီးက သူတို့တစ်ယောက်စီကို ပျဥ်ပြားဖြင့် အချက်၃၀ဆီ ရိုက်ခိုင်းခဲ့ပြီး သူတို့ပါမက တစ်မိသားစုလုံးကို အပျော်မယ်အိမ်မှာ ရောင်းခိုင်းခဲ့သည်။ မှူးမတ်စံအိမ်တော်က ဒီလိုယုတ်မာတဲ့ အစေခံတွေကို မပျိုးထောင်နိုင်ဘူး။
ရုံရှိအချိန် (5pm-7pm) မှာ ထောင်ဟုန်၊ လျိုလွီ့နဲ့ တခြားလူတွေပြန်လာခဲ့ပြီး ခြံထဲမှာ မရင်းနှီးသည့် လူတွေကိုတွေ့ခဲ့လေသည်။ အစေခံအသစ်တွေက သူတို့ ပြန်လာတာကိုလည်း တွေ့ရော ရိုသေလေးစားစွာ လာနှုတ်ဆက်ကြပြီး သခင်မလေးက ပြတင်းပေါက်နားက ညောင်စောင်းမှာ ထိုင်ကာ ကြာပွတ်တစ်ချောင်းဖြင့် တခစ်ခစ် ရယ်နေလေသည်။
#####