TYCDTN
Chapter 21
ရက်ပေါင်းများစွာ စဥ်းစားပြီးတာတောင်မှ မဒမ်အိုကြီးက စိတ်မဆုံးဖြတ်နိုင်တာကြောင့် ကျင့်ကော်မြို့စားစံအိမ်နှင့် လက်ထပ်ဖို့ကိစ္စကို မြေးဖြစ်သူရဲ့ဆန္ဒကိုသာ မေးဖို့ ဆုံးဖြတ်လိုက်လေသည်။
ယွီဖင်ယန်က လက်ဖက်ရည်ခွက်ကို လှုပ်ခတ်ကစားကာ အေးတိအေးစက်ဖြင့် ပြောလေသည်
“အဖွား ဒီမြေး ငယ်ငယ်တုန်းက ချန်ယာဖူကို လက်ထပ်ခွင့််တောင်းခဲ့တာကို သတိမထားမိဘူးလား”
မဒမ်အိုကြီးက ရှေ့တိုးလာကာ မေးလေသည်
“သူက ဘာပြန်ပြောလဲ”
“မှူးမတ်ကြီးထပ်ဖြစ်လာမှ သူ့ကိုထပ်ပြီး လက်ထပ်ခွင့်တောင်းဖို့ပြောတယ်”
အကြံအစည်ကို ရှာတွေ့သွားခဲ့သလိုမျိုး ယွီဖင်ယန်က ရယ်လေသည်။
မဒမ်အိုကြီးကတော့ မရယ်နိုင်ခဲ့ပေ။ ဒီလောက် တစ်ကိုယ်ကောင်းဆန်တဲ့စကားကိုကြားခဲ့တုန်းက မြေးလေး ဘယ်လောက်တောင် ခံစားခဲ့ရမလဲ။ အဖေဖြစ်သူကသေသွားပြီး အမေဖြစ်သူကလည်း ပစ်ပယ်ထားကာ ဆွေးမျိုးတွေကပါ သူ့အသက်ကို လိုချင်နေတဲ့အချိန်ကြီးမှာ အေးအတူပူအမျှ ကျော်ဖြတ်ရမယ့်စေ့စပ်ထားတဲ့မိန်းမကလည်း အေးစက်စွာ ပစ်ပယ်ထားကာ နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ တစ်ကိုယ်တည်း ကူးခတ်စေခဲ့တယ်။
ဒီနေ့ ဒီအချိန် ဒီနေရာထိရောက်အောင် သူဘာတွေပေးဆပ်ခဲ့ရလဲ။
မဒမ်အိုကြီးက သူ(မ)နှလုံးသားကိုဓားဖြင့်အကြိမ်များစွာ ထိုးနက်နေသလို နာကျင်မှုက တစ်ကိုယ်လုံး လွှမ်းမိုးနေသလို ခံစားနေရသည်။
“အဖွား ဘာဖြစ်တာလဲ၊ ကျွန်တော် အဆင်ပြေပါတယ်”
ယွီဖင်ယန်က လက်ဖက်ရည်ခွက်ကို ချလိုက်လေသည်။ သူက အဖွားဖြစ်သူရဲ့ တုန်ယင်နေသည့် ပုခုံးကိုပုတ်ကာ ပြုံးလျက်ပြောလေသည်
“အခု ကျွန်တော် မှူးမတ်ကြီးဖြစ်နေပြီ ဒီလိုကိစ္စကို ထပ်တောင်းဆိုဖို့လည်း ဆန္ဒမရှိဘူး၊ အဖွား စိတ်တိုင်းကျသာ လုပ်လိုက်ပါတော့”
“ကောင်းပြီ ၃ရက်အတွင်း စာရင်းရှင်းပေးမယ်”
မဒမ်အိုကြီးက မျက်နှာမကောင်းစွာ ခေါင်းညိတ်ပြခဲ့သည်။
သို့ပေမယ့် မထင်မှတ်ထားစွာပင် နောက်တစ်ရက်တွင် ကျင့်ကော်မြို့စားဟောင်းက အရေးပေါ်ဖြစ်ကာ တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။ မဒမ်အိုကြီးကလည်း သောကတွေနှင့်ပူလောင်နေသည့်အိမ်ကို တစ်ပူပေါ်နှစ်ပူ မဆင့်စေချင်လို့ စေ့စပ်ပွဲဖျက်သိမ်းကြောင်း ကိစ္စကိုမပြောခဲ့ပေ။
ရက်ပေါင်းများစွာကြာပြီးနောက် ကျင့်ကော်မြို့စားဟောင်းရဲ့ ကျန်းမာရေးက ကောင်းမလာသည့်အပြင် ပိုဆိုးလာခဲ့သည်။ နောက်တစ်နေ့ညမှာပဲ နှလုံးခုန် ရပ်သွားခဲ့သည်။ ကျင့်ကော်မြို့စားမင်းစံအိမ်တော်တွင် အလံဖြူချိတ်ဆွဲထားလေသည်။ အခုတော့ စေ့စပ်ပွဲဖျက်သိမ်းကြောင်း ကိစ္စကိုပြောဖို့ ပိုခက်သွားပြီဖြစ်သည်။
ချန်ယာဖူက ၃နှစ်လုံးသတို့သမီးလောင်းဖြစ်ခဲ့ကာ စေ့စပ်ပွဲက မဖျက်သိမ်းရသေးပေ။ နောက်၃နှစ်ကြာရင် မြေးဖြစ်သူက အသက်၁၉ရှိပြီဖြစ်သည်။ တခြားမိသားစုက မြေးအကြီးတွေနှင့် ဆုံတွေပါက လက်ထပ်ပွဲကိစ္စတွေပြောဆိုကြလိမ့်မည်။ ဒီကိစ္စက သူ(မ)ရဲ့ မြေးကို ဟန့်တားထားခြင်းဖြစ်သည်။ မဒမ်အိုကြီးက အလွန်အမင်း မသက်မသာခံစားနေရကာ သူ(မ)မြေးအတွက် ကိုယ်လုပ်တော် ချက်ချင်းရှာပေးခဲ့သည်။
ဟိုးတုန်းက ယွီဖင်ယန်က အစေခံအမျိုးသမီးရဲ့ နောက်ကျောကိုဓားထိုးခြင်းခံခဲ့ရပြီးနောက် စေ့စပ်ထားသူရဲ့ လှည့်စားခြင်းကို ခံခဲ့ရသည်။ ယွီဖင်ယန်က အမျိုးသမီးတွေကို ရွံရှာခဲ့သည်။ မဒမ်အိုကြီး ပို့ပေးသည့် အမျိုးသမီးကိုလည်း ခြံထဲမှာသာ ဒီတိုင်းပစ်ထားခဲ့သည်။ နောက်တော့ ဘုရင့်အမိန့်ဖြင့် တာဝန်တစ်ခုရကာ တခြားနယ်ကို ထွက်သွားပြီး လဝက်လောက် အိမ်ပြန်မလာခဲ့ပေ။
ဒီနေ့မှာတော့ ယွီရှန်းက အစောကြီးနိုးလာခဲ့သည်။ ယွီရှန်းက သီချင်းလေးညည်းကာ ကြေးနီမှန်ကိုကိုင်ပြီး နဖူးထက်တွင် ပေါင်ဒါလိမ်းနေသည်။ မူလက ယွီရှန်းက လှပြီးသားဖြစ်သည်။ လအနည်းငယ်ကြာပြီးနောက် မျက်နှာအသွင်အပြင်လေးက တစ်နေ့တခြား ပိုလှလာခဲ့သည်။ သူ(မ)ပုံစံက အရင်ဘဝက ယွီရှန်းနှင့် တဖြည်းဖြည်း တူလာခဲ့သည်။ မဟုတ်ပါက မှန်ကြည့်တိုင်းမရင်းနှီးသည့်လူကို တွေ့ရတာကြောင့် လန့်နေတတ်ပြီး အခုလို ပုံစံလေးဆင်တူသွားတော့ အဆင်ပြေသည်ဟု သူ(မ) ခံစားနေရသည်။
ထောင်ဟုန်က နံနက်စာယူကာ ဝင်လာခဲ့သည်။ သူ(မ)က မေးလေသည်
“သခင်မလေး ဒီနေ့ စိတ်ရွှင်လန်းစရာရှိလို့လား”
မှူးမတ်ကြီး ထွက်သွားကနဲက သခင်မလေးက သိပ်မပြုံးတော့တာ ဖြစ်သည်။
“အင်း အစ်ကိုကြီး ပြန်လာတယ်လို့ အိပ်မက် မက်တယ်”
ယွီရှန်းက လျိုလွီ့ကို အချက်ပြကာ မနက်စာ စားဖို့ ဝှီးချဲတွန်းခိုင်းလေသည်။ သူ(မ)က ပျော်ရွှင်စွာ ပြောလေသည်။
“ဒီနေ့ ငါနင်တို့၂ယောက်လုံးကို နားရက်ပေးမယ်၊ အိမ်ပြန်လိုက်၊ ဟုတ်သား တံမြက်စည်းလှဲတဲ့တာဝန်ခံ ရှီချုံ၊ အဝတ်လျှော်တဲ့တာဝန်ခံ ရုံမာ၊ ရေသယ်ထင်းသယ်တဲ့တာဝန်ခံ ပန်ဖူ သူတို့တွေကိုကော အိမ်ပြန်ဖို့ပြောလိုက် ပြီးရင် ရုံရှီအချိန်(ညနေ5နာရီ-7နာရီ) မတိုင်ခင် ပြန်လာဖို့ပြောလိုက်။
သခင်မလေးရဲ့စကားကိုကြားတော့ ထောင်ဟုန်က ပျော်ရွှင်သွားလေသည်။ ထို့နောက် စိုးရိမ်စွာ မေးလေသည်
“သခင်မလေး ကျွန်မတို့မရှိရင် သခင်မလေးကို ဘယ်သူက ပြုစုမှာလဲ”
သူ့တာဝန်နှင့်သူ ကျန်ခဲ့သည့် အစေခံတွေသာ ကျန်ခဲ့သည်။ တခြားအစေခံတွေကလည်း ချိန်းဖင်နှင့် ချိန်းရှီရဲ့ လှည့်ကွက်ထဲကျကာ အလုပ်တွေမလုပ်ဘဲ ပျောက်နေကာ လစာထုတ်သည့်ရက်မှ ပေါ်လာတတ်သည်။
လွန်ခဲ့သည့် လအနည်းငယ်ကစပြီး သူတို့က ပိုဆိုးသွမ်းလာခဲ့သည်။ သခင်မလေးကို တွေ့ရင်တောင် မတွေ့ချင်ယောင်ဆောင်တတ်သည်။ ထိုကိစ္စကြောင့် ထောင်ဟုန်နှင့်လျိုလွီ့က အလွန်ဒေါသထွက်ပေမယ့် သခင်မလေးက ဂရုမစိုက်ပေ။
ယွီရှန်းက ဆန်ပြုတ်သောက်ကာ ပြန်ဖြေလေသည်
“ခဏကျရင် ငါ့ကို ခြံထဲတွန်းပို့ခဲ့၊ ဒီနေ့ ငါစီမံလိုက်မယ်၊ နင်တို့ပြန်လာတဲ့အခါကျရင် တစ်ခြံလုံး ငြိမ်သက်နေစေရမယ်”
ထောင်ဟုန်က ထပ်ပြောကြည့်ချင်ပေမယ့် လျိုလွီ့က တားလိုက်တာကြောင့် စိတ်မပါစွာ သဘောတူလိုက်လေသည်။
မနက်စာစားပြီးနောက် ယွီရှန်းကို ခြံထဲပို့ပေးခဲ့လေသည်။
“လေတိုက်တယ် ဒါလေးခြုံထား”
ယွီရှန်းက ခြုံထည်ကိုဖယ်ကာ ပြုံးလျက်ပြောလေသည်
“မလိုဘူး ဖယ်ထားလိုက်”
အခုက ဆောင်းဦးနှောင်းပိုင်းကို ရောက်နေပြီမလို့ အသက်ရှူထုတ်ပါက အဖြူငွေ့လေးတွေပင် ထွက်သည်။ ခြုံထည်မခြုံဘဲ ဒီတိုင်းထိုင်ပါက အအေးမိကာ ဖျားနိုင်သည်။ ထောင်ဟုန်က တွန်းအားပေးကာ ယွီရှန်းကို ခြုံစေချင်နေသည်။
လျိုလွီ့က သူ(မ)ရဲ့ အစီအစဥ်ကို သိတာကြောင့် ခြုံထည်ကိုခေါက်ကာ အခန်းထဲ ပြန်သွားထားပေးလိုက်သည်။ ထို့နောက် ဆေးပုလင်းထုတ်လာကာ ဆောင့်ကြောင့်ထိုင်ကာ ပြောလေသည်
“သခင်မလေး အအေးမမိတဲ့ဆေး တစ်လုံးလောက်သောက်ထားလိုက်၊ ကျွန်မတို့ အခုသွားတော့မယ်၊ ဒါလေးသောက်လိုက်နော်”
ယွီရှန်းက ဆေးတစ်လုံးထုတ်ကာ သောက်လိုက်လေသည်။ သူ(မ)က ဆေးပုလင်းပြန်ပေးကာ ပြုံးလျက်
“မာမောမောကို ပြောခိုင်းထားတာကို ပြောဖို့မမေ့နဲ့”
ထောင်ဟုန်က ခန့်မှန်းရလွယ်တာကြောင့် သူ(မ)က မပြောပြထားဘဲ လျိုလွီ့က ယုံကြည်စိတ်ချရသည်။
လျိုလွီ့က ခေါင်းညိတ်ပြခဲ့သည်။ ထောင်ဟုန်ကတော့ ဒီအခြေအနေကို နားမလည်ပေ။ ထို့နောက် ၂ယောက်လုံး လေးတိလေးကန်ဖြင့် ထွက်ခွာသွားခဲ့သည်။
သိပ်မကြာခင်မှာပဲ တစ်ခြံလုံး တိတ်ဆိတ်သွားကာ လေတိုက်လို့ သစ်ရွက် ပွတ်တိုက်သံတွေသာ ကျန်တော့သည်။
ယွီရှန်းက မျက်လုံးမှိတ်ကာ အနားယူနေသည်။ နာရီဝက်လောက်ကြာပြီးနောက် သူ(မ)က သူ(မ)ပုခုံးကို ထွေးပိုက်ကာ
“တစ်ယောက်လောက်လာဦး အေးလို့ အင်္ကျီယူပေးဦး”
သူ(မ)ရဲ့ ဘေးပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေသည်။ သူ(မ)က ခဏလောက် စောင့်ဆိုင်းပြီးမှ ထပ်အော်လေသည်။ အာခေါင်ခြောက်အောင် အော်တာတောင်မှ တုံ့ပြန်မှုမရှိပေ။ ချိန်းဖင်နှင့်ချိန်းရှီက အရှေ့ဖက်က အခန်းထဲနေကာ တခြားမိန်းကလေးတွေနှင့် ဖဲကစားနေပြီး အော်သံကြားတော့ ရယ်နေကြလေသည်။
“ဘယ်သူမှမဖြေနဲ့ အအေးမိသွားအောင်ပစ်ထားလိုက်”
ချိန်းဖင်က ဖရဲသီးစေ့ကို ထွေးထုတ်လိုက်လေသည်။
အစေခံတွေအများကြီးကလည်း ခေါင်းညိတ်သဘောတူခဲ့သည်။ ယွီရှန်းက အောက်ပိုင်းသေနေတာကြောင့် အနိုင်ကျင့်ဖို့လွယ်သည်။ လပေါင်းများစွာ သူ(မ)ကို သခင်ဖြစ်သူလို့မသတ်မှတ်ခဲ့ဘဲ မှူးမတ်စံအိမ်ရဲ့တရားဝင်သမီးကို အနိုင်ကျင့်ရတာ စိတ်ကိုရွှင်လန်းစေသည်။ အနိုင်ကျင့်ခံရတယ်ဆိုတာ လူတွေက ကိုယ့်ထက်နှိမ့်ကျလို့ဟု ယူဆလို့ရသည်။
အစေခံမလေးတစ်ယောက်က စိုးရိမ်စွာ မေးလေသည်
“သူအရမ်းအော်နေတယ်၊ အပြင်က တစ်ယောက်ယောက်ကြားသွားရင် ဘယ်လိုလုပ်မလဲ၊ မှူးမတ်ကြီးသိသွားရင် ငါတို့တော့ အဆုံးသတ်ပြီပဲ”
“ဘာမှမဖြစ်ဘူး”
ချိန်းရှီက စိတ်မရှည်စွာ လက်ခါပြရင်း
“အဓိကခြံမကြီးနဲ့အဝေးကြီးပဲ ဘယ်သူမှဝင်မလာဘူး၊ သခင်မကြီးက သူ သေသေရှင်ရှင် ဂရုကိုမစိုက်တာ၊ အခုချိန်ဆို မဒမ်အိုကြီးက ဘုရားခန်းထဲမှာ တရားနာနေလောက်ပြီ၊ သူ့ကိုစိတ်ပူဖို့ အချိန်ကိုမရှိဘူး၊ အဆင်ပြေတယ်၊ သူကလေ အပြင်ပန်းကသာ သန်မာသလိုနဲ့ တကယ်တန်းကျတော့ အားနည်းတယ်၊ သူကစကားပြောကောင်းတယ်၊ ငါတို့အနိုင်ကျင့်ရင်တောင် သူကကြောက်လို့ မှူးမတ်ကြီးကို ပြန်မပြောရဲဘူး၊ သူက ချိန်းဖင်နဲ့ ငါ့ကိုကြောက်တယ်”
သူ(မ)က စကားပြောပြီး ကိုယ့်ဘာသာကိုယ် အထင်ကြီးစွာ ရယ်လေသည်။
အစေခံမလေးက ထိုစကားက အဓိပ္ပာယ်ရှိကြောင်းတွေးလိုက်ကာ အေးအေးလူလူဖြင့် ဖဲကစားနေလိုက်သည်။
ယွီရှန်းက စိတ်တိုနေသလို အဆက်မပြတ်အော်နေခဲ့သည်။ ထင်းခုတ်ခြင်းနှင့် ရေသယ်ခြင်းကို တာဝန်ယူထားသည့် အနောက်ခြံက ကလေး၂ယောက်က ထိုအချင်းအရာကို မြင်တော့ ချိန်းဖင်ဆီ အပြေးအလွှားသွားကာ ဘာလုပ်ရမလဲဆိုတာ သွားမေးလေသည်။
“ဆက်ကစားကြ သူ့ကိုလျစ်လျူရှုထားလိုက် တစ်ခုခုဖြစ်ခဲ့ရင် ငါတာဝန်ယူတယ်”
ချိန်းဖင်က အကုန်လုံးကို သူ(မ)တာဝန်ယူကြောင်း လက်ခါပြလေသည်။
ကလေး၂ယောက်ကလည်း လှည့်စားခံခဲ့ရလေသည်။ သူတို့တာဝန်တွေကို ပန်ဖူဆီ ပစ်ပေးခဲ့လေသည်။ ပန်ဖူအနားမှာမရှိတော့ ရေသွားခပ်သည်ဟု ထင်လိုက်လေသည်။ သူတို့လည်း ဘာမှထပ်မတွေးပဲ ချိန်းဖင်ပြောသည့်အတိုင်း ကစားဖို့ပြေးထွက်သွားကြလေသည်။ ချိန်းဖင်တို့အုပ်စုက ဆက်ပြီးဖဲရိုက်နေကာ အပြင်ကအသံက မရပ်ခဲ့ပေ။ တစ်ယောက်နှင့်တစ်ယောက်ယှဥ်ပြိုင်နေတာနှင့်တူသည်။ နာရီဝက်ကြာပြီးနောက် ယွီရှန်းရဲ့အသံက သစ်ကိုင်းခြောက်လို ခြောက်ကပ်လာကာ နားထဲစူးနေသည်။
ချိန်းဖင်က ဖဲချပ်ကို စားပွဲပေါ်ပစ်ချပြီး အော်လေသည်။
“သည်းမခံနိုင်တော့ဘူး၊ တခြားတိတ်ဆိတ်တဲ့နေရာကိုသွားရအောင် သူဘာသာသူ ကြိုက်သလောက်အော်နေပါစေ”
“အင်း ဖဲတွေကို ငါအိတ်ထဲထည့်သိမ်းခဲ့မယ်”
အစေခံတစ်ယောက်က သဘောတူခဲ့လေသည်။
“ငါတို့ထွက်သွားပြီးမှ တစ်ယောက်ယောက် ခြံထဲဝင်လာရင် ဘယ်လိုလုပ်မလဲ”
အစေခံမလေးတစ်ယောက်က မျက်မှောင်ကြုပ်ကာ မေးလေသည်။
“မှူးမတ်ကြီးက ဒီမှာမရှိဘဲ မဒမ်အိုကြီးက မနက်ပိုင်းတရားနာနေတာလေ ဘယ်သူလာမှာလဲ၊ နင်ကိုက အရမ်းကြောက်နေတာ၊ ငါလျိုလွီ့ကို မေးပြီးပြီ၊ သူနဲ့ထောင်ဟုန်က အဲမသန်မစွမ်းအတွက် ချွမ်ဖူကျီးမှာ ဆန်ကိတ်သွားဝယ်ပေးမလို့တဲ့၊ ဒါပဲ သူတို့မကြာခင်ပြန်လာလိမ့်မယ်၊ ပြီးရင် အဲမသန်မစွမ်းကို ဂရုစိုက်ပေးလိမ့်မယ်၊ သွားမယ် သွားမယ်”
ချိန်းရှီက နှိုးဆော်လေသည်။
သူတို့တွေလည်း တုံ့ဆိုင်းမနေတော့ပေ။ ယွီရှန်းရှိသည့် တံခါးနားကို သွားလိုက်သည်။ ချိန်းဖင်နှင့်ချိန်းရှီက သူ(မ)ရှိရာကို လာနေတာတောင် မကြားချင်ယောင်ဆောင်နေသည်။ ယွီရှန်းရဲ့ ပြာနှမ်းသည့်မျက်နှာနှင့် ဒေါသထွက်နေတာကိုတွေ့တော့ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ လှောင်ရယ်လေသည်။ လအနည်းငယ်လောက် ဇိမ်ခံလိုက်ရတော့ သူတို့နာမည်တွေကို ဘယ်သူပေးထားလဲဆိုတာ မေ့သွားဟန်တူသည်။
“အခုပြန်လာခဲ့ အခုပြန်လာစမ်း”
ယွီရှန်းက အော်ဟစ်နေပေမယ့် လူအုပ်ကြီးက တဖြည်းဖြည်းထွက်ခွာသွားလေသည်။ လေအေးလေးတွေတိုက်ခတ်နေကာ သစ်ရွက်အဝါတွေက ကြွေကျနေလေသည်။
ယွီရှန်းရဲ့ စိတ်တိုသည့်အမူအရာက ချက်ချင်းပျောက်သွားကာ ယုတ်မာသည့်အပြုံးကြီး ပေါ်လာခဲ့လေသည်။ သူ(မ)က ဝေဖန်ပြောဆိုလေသည်။
“ဘုရားသခင်က သူတို့ကို ရှင်းထုတ်ချင်ရင်တောင် အရင်ဆုံး ပြင်းထန်တဲ့အပြစ်ပေးလိမ့်မယ်၊ သူတို့က အစေခံစာချုပ် ချုပ်ဆိုခဲ့တာကိုမေ့နေပုံပဲ၊ ငါ ယွီရှန်းက သူတို့ရဲ့ ဘုရားသခင်ပဲ”
ယွီရှန်းက သူ့ရဲ့အစေခံလေးထုတ်ပေးခဲ့သည့် စက္ကူပတ်ဆန်ကိတ်ကို ထုတ်စားလိုက်သည်။ လေကပြင်းထန်စွာ တိုက်ခတ်နေရင်း သူ(မ)က စကပ်ကိုမတင်လိုက်သည်။ အသားအရေကို လေအေးအေးတွေထိသွားတော့ သွေးရောင်ပင်ပျောက်သွားခဲ့သည်။ နောက်ထပ်နာရီဝက်ကြာပြီးနောက် တိမ်ထဲကနေ နေထွက်လာခဲ့သည်။ နေရောက်ထွက်လာပေမယ့် ပြန်ပျောက်သွားပြီး အလွန်အေးနေဆဲဖြစ်သည်။
သူ(မ)ရဲ့အိပ်မက်ထဲကအတိုင်း ကျေးငှက်၂ကောင်က သစ်ကိုင်းနားခိုနားကာ တကျီကျီအော်နေကြသည်။ သူ(မ)က လက်ထဲက မုန့်ပတ်စက္ကူကို အလုံးလေးလိုလုံးချေ ပစ်ထုတ်လိုက်သည်။ ထို့နောက် ထပ်အော်လေသည်။
“တစ်ယောက်လောက် လာပါဦး၊ ငါအေးနေပြီ တစ်ယောက်လောက် မြန်မြန်လာခဲ့ပါ”
သူ(မ)ရဲ့အသံက လုံးဝ အက်ရှနေသည်။
ယွီဖင်ယန်က အလုပ်ကို ရက်အနည်းငယ်စောပြီးသွားခဲ့သည်။ မြင်းပေါ်ကဆင်းပြီးနောက် အနောက်ဖက်အဆောင်ကို တန်းသွားလိုက်သည်။ အိမ်မှာဆိုရင်တော့ ဘာမှမခံစားရပေမယ့် အပြင်ရောက်နေရင်တော့ ရှန်းအာ ဘာလုပ်နေမလဲ စားပြီးပြီလား၊ အခန်းထဲထည့်ပေးခဲ့တဲ့ မီးသွေးနဲ့ကော မီးလှုံရဲ့လား၊ ဝယ်ပေးထားသည့် အဝတ်ထူထူကော ဝတ်ရဲ့လား ဟူ၍ တွေးတောနေမိသည်။
အလုပ်တွေရှုပ်နေပေမယ့် နှလုံးသားကတော့ ရှန်းအာရဲ့ အကြောင်းကိုပဲ တွေးနေမိခဲ့သည်။
အခု ငါဘာမြင်လိုက်တာလဲ။ ငါ့ညီမက ခြံထဲမှာ အဝတ်အပါးလေးနဲ့ထိုင်နေတယ်။ အသားအရောင်က စက္ကူလို ဖြူဖတ်ပြီး နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး အသံကလည်း အက်ရှနေတယ်။ သူမရှိတဲ့ အချိန်ကျရင် အစေခံတွေက ညီမလေးကို ဒီလိုဆက်ဆံကြတာလား။ တစ်ချက်မှဂရုမစိုက်ဘဲ လေတိုက်ကြီးထဲမှာ သေအောင် ပစ်ထားတာလား။
ပြီးပြီ။
မျက်လုံးတွေက မည်းမှောင်နေလေသည်။ ယွီဖင်ယန်က အမြန်လေးသွားကာ သူ့ညီမကို ပွေ့ဖက်လိုက်တော့ ရှန်းအာလေးက စငိုတော့သည်။ ယွီဖင်ယန်က ခြုံထည်ကိုချွတ်ကာ ယွီရှန်းကိုခြုံပေးပြီး ဖက်ထားပေးလေသည်။ ထို့နောက် လူကိုချီမပြီး ဝှီးချဲကို ကန်ထုတ်ကာ အခန်းထဲခေါ်သွားခဲ့သည်။
ယွီရှန်းကို ပွေ့ချီကာ ညောင်စောင်းထက်တွင် ထိုင်စေခဲ့သည်။ ယွီဖင်ယန်က တံခါးအပြင်က အစေခံတွေကို အော်ဟစ်လေသည်။
“မီးသွေးမီးလှုံဖို့ မြန်မြန်လုပ်၊ နာရီဝက်အတွင်း ခြံထဲကလူတွေကို မြန်မြန်ရှာစမ်း”
“အစ်ကိုကြီး ထောင်ဟုန်၊ လျိုလွီ့၊ ရှီချုံ၊ ရုံမာနဲ့ ပန်ဖူ တို့က ကောင်းပါတယ်၊ ဒီရက်ထဲ သူတို့တွေ အလုပ်အရမ်း လုပ်ရတယ်ထင်လို့ ညီမလေးက နားရက် ပေးလိုက်တာပါ၊ သူတို့ထွက်သွားတာနဲ့ ခြံထဲမှာ ဘယ်သူမှ မရှိတော့ဘူး၊ အစ်ကိုကြီး သူတို့ကို အပြစ်မတင်ပါနဲ့”
ယွီရှန်းက အားနည်းစွာ ပြောလေသည်။
“သိပြီ စိတ်မပူနဲ့နော်”
ယွီဖင်ယန်က ယွီရှန်းရဲ့အေးစက်နေသည့်လက်ကို သူ့အင်္ကျီထဲထည့်ပေးကာ ဖြူဖျော့နေသည့် နှုတ်ခမ်းကို ပွတ်ပေးလိုက်သည်။
ယွီရှန်းက ယွီဖင်ယန်ရဲ့ ရင်ခွင်ထဲ ခေါင်းမှီကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ကောက်ကျစ်စွာ ပြုံးလိုက်သည်။ လမ်းမလျှောက်နိုင်ဘူးဆိုပေမယ့် အကျင့်မကောင်းသည့် အစေခံတွေကို မထိန်းနိုင်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပေ။ လအနည်းငယ်လောက် အလိုလိုက်ပြီးနောက် ဘယ်သူက သစ္စာရှိလဲ ဘယ်သူက သစ္စာမဲ့လည်းဆိုတာကို သိနိုင်သည်။ သင်ခန်းစာရအောင် တစ်ယောက်ယောက်ကို သတ်ပစ်လိုက်တာမျိုး လုပ်ရမှာ အရမ်းပျင်းပြီး ထိုနည်းက ခဏတာကြောက်စေကာ တစ်သက်လုံး ကြောက်ရွံ့နေမည် မဟုတ်ပေ။ ချိန်းဖင်နှင့်ချိန်းရှီ နောက်ကို အကုန်လုံး လိုက်သွားတာ ပိုကောင်းသည်။ ဘယ်သူမှ ကံကောင်းပြီး ဒီကနေလွတ်မှာ မဟုတ်ဘူး။
သူ(မ)အိပ်မက် မက်ထားသည့်အတိုင်း ယွီဖင်ယန် ရောက်မလာပါက လျိုလွီ့မသွားခင် နှုတ်ဆက်သွားသည့် မာမောမောက မကြာခင် ရောက်လာလိမ့်မည် ဖြစ်သည်။
#####