RENH အပိုင်း ၆၀

အပိုင်း (၆၀.၁) ကာကွယ်ပေးခြင်း(၁)

အတန်းဆုံးသွားပြီးနောက် ရှီချီက စင်မြင့်ပေါ်တွင် ရပ်နေသေးသည်။ single မိန်းကလေးအချို့က ကိုယ့်ကိုယ်ကို ဆက်မထိန်းနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ကျောင်းတွင် ဆရာအစားဝင်သောသူ ဖြစ်သည့်တိုင်အောင် ထိုမျှချောမောသော စီနီယာတစ်ယောက်ကို တွေ့ရရန် ရှားပါးလွန်းလှလေသည်။ သူတို့ရှေ့ရှိ အခွင့်အရေးကို အလကားအဖြစ်မခံနိုင်ကြချေ။
သူတို့က သူ့ကို မေးခွန်းများမေးရုံဖြစ်လေရာ ဘာမှဆုံးရှုံးစရာလည်း မရှိချေ။ သူတို့က သူ့ကို အောင်မြင်စွာ လိုက်နိုင်မည်ဆိုလျှင် ကျောင်းထဲရှိ သာမန်လူများနှင့် ယှဉ်သော် ပို၍‌ကောင်းပေလိမ့်မည်။
ထိုသို့ဖြင့် စင်မြင့်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်သွားကာ မေးခွန်းများမေးကြပြီး လူအုပ်က အလွန်များနေသောကြောင့် တိုးပေါက်၍ပင် မရတော့ချေ။
ထိုလူများထဲတွင် လီကျောင်းက စိတ်အလှုပ်ရှားဆုံးဖြစ်သည်။
ထိုစီနီယာနှင့် ယှဉ်သော် အတိတ်က သူမကို လိုက်ပိုးခဲ့သော လူများက အတန်ငယ် နောက်ကျလွန်းသည်။ ပါမောက္ခ၏ အစားထိုးဆိုကတည်းက သူ၏ အဆင့်များက အလွန်ကောင်းပေလိမ့်မည်။ သူက ထိုသို့အခြေအနေကြောင့်သာ ပါမောက္ခ၏ အသိမှတ်ပြုခံရခြင်းဖြစ်လောက်သည်။ သံသယဝင်ရန် မလိုလောက်အောင် သူက ထူးချွန်ပြောင်မြောက်သော အမျိုးသားတစ်ယောက်ဖြစ်သည်။
နင်မုန့်က ကိုယ့်နေရာကိုယ်သာ ထိုင်နေပြီး သူ့ကို ဝိုင်းနေသော လူများကို လျှို့ဝှက်စွာ စောင့်ကြည့်လိုက်သည်။
သူမ တစ်နေရာတွင် လွတ်သွားခြင်းရှိမရှိ သို့မဟုတ် သူမ သတိမထားမိသော တစ်စုံတစ်ရာကို ထုတ်ဖော်ပြသလိုက်ခြင်း ရှိမရှိ ပြန်တွေးနေခြင်း ဖြစ်သည်။
အဲ့ဒီလိုမဖြစ်နိုင်ပါဘူး။ သူမ နင်နင် ဘဝတုန်းကလည်း ဘာမှမပေါ်အောင် ထိန်းသိမ်းနိုင်ခဲ့တာပဲလေ။ မန်နင်ဖြစ်လာတော့ ဘယ်လိုပေါ်သွားတာပါလိမ့်။ သေချာပေါက် မှတ်ဉာဏ်တွေကို အပြည့်အဝ ပြန်မကြည့်ရသေးလို့ ဖြစ်မယ်။ ဒါမှမဟုတ် မန်နင်က ဒီကိစ္စကို မေ့နေတာများလား။
“ဆရာ ဆရာပါမောက္ခရဲ့ အစားထိုးဝင်တာ ဘယ်လောက်ကြာမှာလဲ၊ ပါမောက္ခဝမ်က ဒီသင်ခန်းစာကို ဆက်ပြီး မသင်တော့ဘူးလား၊ ဒီလိုဆိုရင် ဘာလို့ ဆရာ WeChat မထားခဲ့တာလဲ”
“ဆရာ ဆရာအရင်အတန်းတုန်းက သင်ထားတဲ့ အပိုင်းကို ကျွန်မနားမလည်လို့ ကျေးဇူးပြုပြီး ရှင်းပြပေးလို့ရမလား၊ ကျေးဇူးပြုပြီး ဆရာ “
“ဆရာ ဆရာ့ရဲ့နာမည် ဘယ်လိုခေါ်လဲ၊ ဆရာ့မှာ WeChat ရှိလား၊ အနာဂတ်မှာ ဆရာ့ကို မေးချင်တဲ့ မေးခွန်းများရှိခဲ့ရင် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်၊ ဆရာ WeChat အပ်ပေးလို့ရမလား”
လီကျောင်း၏ မေးခွန်းများကို နားထောင်နေရင် နင်မုန့်၏ နားများကပင် နာကျင်လာသည်။
ထိုခဏတွင် ရှီချီ၏ အေးစက်သော ပြန်ဖြေသံကို ကြားလိုက်ရသည်။
“မရှိဘူး၊ မင်းကို မပေးနိုင်ဘူး”
သူက မကြာခဏ သရဲများနှင့် ထိတွေ့ဆက်ဆံနေရလေရာ သရဲများပင် သူ့ကို ကြောက်ပြီး လူသားများဆိုလျှင် ချွင်းချက်မရှိတော့ချေ။ ထိုမိန်းကလေးများက သတိလက်လွတ် တုန်ယင်သွားကြသည်။
ထို့နောက် သူတို့က နောင်တရစွာဖြင့် ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြရသည်။
သူတို့က ယခင်စကားများကို ပြန်တွေးမိသောအခါ သူက နင်မုန့်ကို သူ့ကို ဆက်သွယ်ရန် ပြောခဲ့သည်။ သို့သော် သူတို့က မေးသောအခါတွင်မူ သူ့တွင် WeChat မရှိဘူးဟု ဆိုခဲ့သည်။ ထိုသို့တွေးမိသည့်အခိုက် အားလုံး၏ မနာလိုအကြည့်များက အရှေ့ဆုံးအတန်းသို့ ရောက်လာပြန်သည်။
စင်မြင့်ပတ်ပတ်လည်နေရာက လူရှင်းသွားသည်။ သို့သော် နင်မုန့်က စိုက်ကြည့်နေမိသေးလေရာ ရှီချီနှင့် အကြည့်ချင်း ဆုံသွားလေသည်။ ထိုသို့ဖြင့် ရှက်ရွံ့စွာ ပြုံးပြလိုက်ရသည်။
ငါ လက်ပူးလက်ကြပ်မိသွားပြန်ပြီ။
နင်မုန့်က အကြည့်ငုံ့လိုက်လေရာ ဘေးနားတွင် တိတ်ဆိတ်စွာရှိနေသော ဆွဲကြိုးချသရဲနှင့် မျက်လုံးချင်းဆုံသွားသည်။
ထိုသရဲက မှတ်စုစာအုပ်ကို ကိုင်ထားပြီး သူမ၏ စားပွဲခုံရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသည်။ သူက သူ့ကို မြင်လိုက်ခြင်းကို သိနေသလိုပင် နောက်ဆုံးတွင် မေးလိုက်သည်။
“မင်း ငါ့ကို မြင်နိုင်တာလား”
နင်မုန့်က ခေါင်းခါသည်။
တစ်စက္ကန့်အတွင်း သူမ၏ ရူးကြောင်ကြောင် အပြုအမူကို သိသွားသည်။ သူမက သူ့ကို မမြင်နိုင်ကြောင်း သူ့ကိုပင် မပြောသင့်ချေ။ မည်သို့ပင်ဆိုစေ ဒါက သူမက ကြားသဖြင့် တုန့်ပြန်လိုက်မိသလို ဖြစ်သွားသည်။
သေချာစွာပင် ထိုသရဲက ပို၍ပင် တက်ကြွသွားသည်။ သူမကို တခဏခန့် စိုက်ကြည့်နေပြီးနောက် သူက လက်ဆန့်တန်းလာသည်။ နင်မုန့်က သူ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေလေရာ သူက ထိုသို့ လက်ဆန့်လာကြောင်း မြင်သည်နှင့် ခပ်မြန်မြန် ထိုင်ခုံနောက်သို့ မှီချလိုက်လေသည်။ ထိုအခါ သူက ရှည်လျားသော လျှာကြီးကို ပါးစပ်ထဲ ပြန်သိမ်းသွားကြောင်း မြင်လိုက်သည်။
ဆွဲကြိးချသရဲက ပုံမှန်ပုံပန်းသွင်ပြင် ပြန်ပြောင်းသွားသောအခါ ရုပ်ရည်က သာမန်သာလျှင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ဝိုင်းနေသော အနက်ရောင်လေထုများကြောင့် သူ၏ ယခင်ပုံပန်းသွင်ပြင်ကို သူမ သေချာမမြင်နိုင်သည့်တိုင်အောင် သူက ကျောင်းသားတစ်ယောက် ဖြစ်ကြောင်းကို သူမ ခန့်မှန်းနိုင်သေးလေသည်။
ထိုဆွဲကြိုးချသရဲက ပါးစပ်ကိုဟလျက် ခြိမ်းခြောက်လာသည်။
“နောက်တစ်တန်းမှာ သူ့ရဲ့မေးခွန်းကိုဖြေဖို့ မင်းလက်မမြှောက်ရဲရင် ငါ မင်းကို စားမယ်”
ဆရာက သူ့ကိုပဲ ခေါ်သင့်တာ။ သူကသာ မှန်မှန်ဖြေမယ်ဆိုရင် သေချာပေါက် အမှတ်ရမှာပဲ။ သူသာ အမှတ်ရရင် သူသေချာ‌ပေါက် အဆင့်ကောင်းလိမ့်မယ်။
နင်မုန့်။ “…”
ဘယ်လောက်တောင် စာကြိုးစားတဲ့ ကျောင်းသားလဲ။ ငါ့ကိုတောင် ခြိမ်းခြောက်ဖို့ မမေ့ဘူး။
သူမက သတိလက်လွတ် ခေါင်းညိတ်လိုက်သည်။ သို့သော် စိတ်ထဲတွင်မူ ရှီချီကသာ သူမကို မခေါ်သည့်တိုင်အောင် သူမကို အသေသတ်မည်ဟု ခြိမ်းခြောက်လာလျှင်ပင် သူမက လက်မမြှောက်ရန် တွေးလိုက်သည်။
ဆွဲကြိုးချသရဲက ကိုယ့်ထိုင်ခုံကို ကျေနပ်စွာ ပြန်ထိုင်သွားပြီး စင်မြင့်ကိုသာ စိုက်ကြည့်နေသည်။
ထိုနေရာက ဒဏ္ဍာရီလာ ဆရာအချစ်တော် ထိုင်ခုံမှန်း လူတိုင်းက သိကြသည်။
နင်မုန့်က ဖုန်းကို ထုတ်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် ရှီချီ၏ ဖုန်းနံပါတ်ကို ထည့်သွင်းလိုက်သည်။ ခဏခန့်တွေးတောပြီးနောက် သူမ၏ ဖုန်းကိုသာ အခိုးခံရပြီး တခြားသူများက သူ၏ နံပါတ်ကို တွေ့သွားနိုင်ကြောင်း သိသဖြင့် နာမည်ကို ပြောင်းရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် သူမက တိတ်ဆိတ်စွာဖြင့် မဟာမြေးဟုသာ ရိုက်လိုက်သည်။
ထိုနည်းဖြင့် အခြားသူများက တွေ့သွားတော့မည်မဟုတ်ချေ။ နင်မုန့်က ဖုန်းစာအုပ်ကို စိတ်လှုပ်ရှားစွာဖြင့် ပိတ်လိုက်သည်။ သူမကိုယ်သူမ ဂုဏ်ယူသွားပြီး WeChat ထဲသို့ ဝင်လိုက်သည်။
နင်နင်၏ ခန္ဓာကိုယ်ထဲတွင် ရှိသောအခါ သူမ၏ ဖုန်းတွင် ရှီချီနှင့် ခယ့်ခယ့်၏ WeChat သာလျှင် ရှိခဲ့သည်။ ထိုနှစ်ယောက်ကလည်း သူမနှင့် အရင်းနှီးဆုံးသာလျှင် ဖြစ်သည်။ ဒီအချိန်တွင် သူမက ခယ်ခယ်၏ အခြေအနေကို သိချင်သွားသည်။
နင်မုန့်က သက်ပြင်းချပြီး ရှီချီ၏ နံပါတ်ကို ရှာဖွေလိုက်သည်။ သူ၏ နာမည်ပြောင်က ဂဏန်း တစ် နှင့် ခုနစ် သာလျှင် ဖြစ်ပြီး ပရိုဖိုင်ပုံကလည်း ဗလာဖြစ်သည်။
တကယ်ကို သူ့စရိုက်နဲ့ ကိုက်ညီတာပဲ။
ဒါနဲ့ ဘာလို့ တစ်နဲ့ ခုနစ်လဲ။ ဆယ့်ခုနစ်လား။
နင်မုန့်က သူ့ကို ရှစ်ချီး(၁၇)ဟု ခေါ်သည့် အဘွားတစ်ယောက်အကြောင်းကို သတိရသွားကြောင်း ဖြစ်လောက်သည်ဟု တွေးမိလိုက်သည်။
ရှီချီကလည်း သူ့ရဲ့ နာမည်ကို ဆယ့်ခုနစ်ဆိုတဲ့ စကားလုံးနဲ့ အသံထွက်တူမှန်းသိတာလား။
နင်မုန့်က များများစားစား မတွေးတော့ချေ။ သူ၏ contact ကိုလည်း မအပ်ရဲဘဲ ဒီအတိုင်း ပြန်ထွက်လိုက်သည်။
သူမက ချုံခယ်ခယ်၏ နံပါတ်ကို ရှာလိုက်သည်။ သူမ၏ နာမည်ပြောင်ကို ခယ်ခယ်ဟု ရေးထားသော်လည်း မှင်တက်စရာကောင်းလောက်အောင် ပရိုဖိုင်ပုံက သူမနှင့် ခယ်ခယ်၏ ပုံဖြစ်သည်။ ယခင်က ထိုပုံကို သူတို့နှစ်ယောက် ဓာတ်ပုံအတူ ရိုက်ခဲ့ကြခြင်း ဖြစ်ပြီး ထိုတစ်ပုံတည်းသာလျှင် ရှိသည်။
ခယ်ခယ်က သူမ၏ ပရိုဖိုင်ပုံကို ထိုပုံသုံးထားမည်ဟု မထင်ထားမိချေ။ သို့သော် သူမလက်ရှိနောက်ခံကြောင့်လည်း သူမဘာမှတုန့်ပြန်၍ မရချေ။
ထိုသို့တွေးမိသောအခါ သူမက ထိုအတွေးများကို ခဏသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ သူမအနေနှင့် နင်နင် သေသွားပြီဟု ထင်နေခြင်းက ပို၍ ကောင်းပေသည်။
ဒုတိယအတန်းက ပို၍ပင် ချောမွေ့စွာ ပြီးဆုံးသွားသည်။ ရှီချီက သူ၏ မေးခွန်းကို ဖြေရန် မည်သူ့ကိုမှ မမေးသလို ကျောင်းသူကျောင်းသားများနှင့်လည်း စကားပြောဆိုဆက်ဆံခြင်းမျိုးမလုပ်ဘဲ သာမန်ဆရာတစ်ယောက်လို စာဆက်သင်နေသည်။
ဆွဲကြိုးချသရဲက သူ့ကို အလွန်လေးစားနေသည့်တိုင်အောင် သူက တစ်ချိန်တည်းတွင်ပင် ခံစားနေရသည်။
ဘာလို့ဆရာက မေးခွန်းမမေးတာလဲ။ သူ သေချာပြင်ဆင် ထားပြီးပါပြီ။ အရင်တစ်ခေါက်က ဒီမိန်းကလေးက သူ့ရဲ့ အခွင့်အရေးကို ခိုးသွားတယ်။ အခု ဘာလို့ သနားစရာကောင်းနေတာလဲ။
နင်မုန့်ကမူ နာခံစွာဖြင့် လက်ချာများကို နားထောင်နေလိုက်သည်။
ဆယ်မိနစ်ကျော်ခန့်သာ ကျန်တော့သော အချိန်တွင် သူမက နာမည်ထပ်ခေါ်ခံရပြန်သည်။
သူမက သတိလက်လွတ် စင်မြင့်ပေါ်သို့ ကြည့်လိုက်သောအခါ သေချာစွာပင် ဆွဲကြိုးချသရဲက မုန်းတီးလွန်းသဖြင့် လျှာတစ်လစ်ထုတ်လျက် သူမကို ခက်ထန်စွာ ကြည့်နေသည်။
သူမက မတရားခံရသော မျက်နှာထားမျိုးဖြင့် ကြည့်လိုက်သည်။ ငါလည်း နာမည်အခေါ်မခံချင်ပါဘူး။
ရှီချီက ပြောသည်။
“ကျောင်းသူမန် အရင်တုန်းက အဖြေကို သိပြီလား”
သူက စင်မြင့်၏ အနောက်တွင် ရပ်နေသည်။ ယခင်ပါမောက္ခကမူ အလွန်အမင်း အရပ်ရှည်လန်းသဖြင့် သူက အလွန်သေးငယ်လွန်းသလို ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ကလည်း တောင်ထပ်ပေါ်တွင် ပွင့်သည့် ပန်းလေးလိုမျိုး သေးသွယ်လွန်းပေသည်။
အလင်းများက သူ့ပေါ်ကျနေသေးပြီး သူ၏မျက်နှာကို ပို၍ တောက်ပသွားစေသည်။ သူ၏ ဆွဲဆောင်မှုရှိသော လည်စလုတ်က အနည်းငယ် လှုပ်ရှားသွားသည်။ သူက ရှပ်အင်္ကျီဖြူကိုသာ ဝတ်ထားသည့်တိုင်အောင် အထဲကို အနည်းငယ် မြင်နိုင်နေသေးသည်။
နင်မုန့်က တဖန် သက်ပြင်းချပြန်သည်။ ရှီချီက အလွန်ကြည့်ကောင်းလွန်းသည်။ ရှီချီက သူမ၏ နာမည်ကို ထပ်ခေါ်သည်။
“မန်နင်”
နင်မုန့်က ခပ်မြန်မြန် အသိပြန်ဝင်ပြီး ရှုပ်ရှက်ခတ်နေသော အတွေးများကို ဖိနှိပ်လိုက်ကာ သေးငယ်ပြီး တိုးလျကာ အားနည်းသော လေသံမျိုးဖြင့် ပြောလိုက်သည်။
“ဆရာ ကျွန်မ မသိဘူး”
သူမ၏ မျက်နှာလေးက အပြစ်ပေးခံရသော မူလတန်းကျောင်းသူလေးနှင့်တူသည်။
သူမက ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီးနောက် စိတ်က အလွန်ခြောက်ခြားနေပြီ ဖြစ်သည်။ စီနီယာအထက်တန်းကျောင်း ပထမတန်းတွင် ထိုင်သောအချိန်ကထက် ပို၍ထိတ်လန့်စရာ ကောင်းနေသေးသည်။ အနောက်ရှိလူတိုင်းက သူမကို စောင့်ကြည့်နေကြပြီး သူမက ကိုယ့်ကို အရေးလုပ်နေခြင်းကို အားလုံးက မြင်နေရပြီဖြစ်သည်။
ရှီချီက အမူအရာမဲ့စွာဖြင့် တည်ငြိမ်စွာ ပြောသည်။
“ဒါဆိုရင် အတန်းပြီးရင် ရုံးခန်းကိုလာခဲ့”
ဒီစကားကို ကြားသောအခါ နင်မုန့်က သတိလက်လွတ် ခေါင်းကို မော့လိုက်သည်။
“ဆရာ ကျွန်မကို အလွတ်ပေးလို့ မရဘူးလား”
အတန်းဆုံးသွားချိန်တွင် ရှစ်နာရီကိုးနာရီ ဖြစ်နေပေလိမ့်မည်။ သူမက ရုံးခန်းကိုသွားရမည်ဆိုလျှင် သူမ ပြန်သောအချိန်တွင် မည်မျှနောက်ကျမည်ဖြစ်ကြောင်း မသိနိုင်တော့ချေ။
ငါ ညလယ်‌ခေါင်မှာ မမြင်သင့်တာတွေ မြင်ရရင် ဘယ်လိုလုပ်မလဲ။
သူမ သရဲတွေ ထပ်မတွေ့ချင်ပါဘူးနော်။
ရှီချီက သူမ၏ အမူအရာကို ကြည့်ပြီး တစ်စုံတစ်ရာကို သတိရသွားသလိုမျိုး သူ၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားသည်။ သို့သော် ခပ်ယောင်ယောင် ကော့တက်သွားခြင်း ဖြစ်ပြီး အဝေးမှ တော်တန်ရုံ မမြင်နိုင်ချေ။
သူက ခိုင်မာစွာ ပြောသည်။
“မင်း လာကိုလာရမယ်”
နင်မုန့်။ “…”
သူမက နေရာတွင် နောက်မှီပြန်ထိုင်ချလိုက်သောအခါ ဆွဲကြိုးချသရဲက သူမ၏ ခုံအရှေ့တွင် ဆောင့်ကြောင့်ထိုင်လာပြီး စိုက်ကြည့်လာပြန်သည်။
“မင်း ငါ့ရဲ့ အရင်စကားတွေကို လေလို သဘောထားလိုက်တာလား”
သူက အလွန်ဒေါသထွက်နေပြီဖြစ်သည်။
နင်မုန့်က သူ့ကို မတုန့်ပြန်ဘဲ တုန်ယင်စွာသာ ကြည့်နေလိုက်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ အနက်ရောင်လေထုက တဖြည်းဖြည်း ကွဲထွက်သွားပြီး သူ၏ ပုံရိပ်က သူမ စဦးပိုင်းမြင်သည့် အချိန်ကလို ထောင့်သို့ ပြန်ရောက်သွားသည်။ သူက တိတ်ဆိတ်စွာပင် စာအုပ်ကိုကိုင်ပြီး ချောင်ထဲတွင် ငိုနေပြီဖြစ်သည်။
ကြောက်စရာကောင်းလိုက်တာ။ သူက ဒီကောင်မလေးကို စကားလေးနည်းနည်းပဲ ပြောမိတာပါ။ ဘာလို့ သူ အပနှင်ခံရတော့မလို ခံစားလိုက်ရတာလဲ။
အခုကစပြီး သူ ဒီကောင်မလေးကို အာရုံမစိုက်ရဲတော့ပါဘူး။
နင်မုန့်ကမူ ကြောင်တောင်တောင် နိုင်သည်ဟု တွေးလိုက်သည်။ သို့သော် သူမက ခေါင်းကိုသာ ငုံ့ပြီး ကိုယ့်စာအုပ်ကိုယ်သာ ပြန်ကြည့်နေလိုက်တော့သည်။
…..
အပိုင်း (၆၀.၂) ကာကွယ်ပေးခံရခြင်း(၂)

သူမ၏ အနောက်မှ ကောင်မလေးက ကျောကို လာတို့သဖြင့် သူမက ရှေ့သို့ အနည်းငယ် တိုးလိုက်သည်။ သို့သော် အနောက်မှ ကောင်မလေးက သူမ၏ ပန်းတိုင်မပြည့်မချင်း မရပ်တန့်ဘဲနေမည်ဟု မထင်ထားမိချေ။
ထို့နောက် သူမ၏ အနားသို့ ကပ်လာပြီးနောက် လေသံကို တိုးကာ ပြောလာသည်။
“မန်နင် နင့်မှာ အစားထိုးဆရာရဲ့ ဖုန်းနံပါတ်ရှိလား”
နှိပ်ခလုတ် ဘောပင်အဖုံးဖြင့် ထပ်ခါတလဲလဲ အထိုးခံရပြီးနောက် နင်မုန့်က ခေါင်းကိုလှည့်ကြည့်ပြီး စိုက်ကြည့်လိုက်သည်။
“မရှိဘူး”
ထိုမိန်းကလေး၏ နာမည်က ဆုဟွေးဟွေးဖြစ်ကြောင်း သူမသိသည်။ ယခင်က သူမနှင့် သက်တူရွယ်တူများတွင်လည်း ဆက်ဆံရေးကောင်းရှိနေသည်။ ထို့အပြင် အပြစ်မြင်တတ်လွန်းသော စရိုက်လည်း ရှိသည်။
ဆုဟွေးဟွေးက သူမ၏ ကျောကို စိုက်ကြည့်ပြီးနောက် ဘောပင်အဖုံးဖြင့် ထိုးပြန်သည်။
“နင့်မှာ သေချာပေါက်ရှိပါတယ်၊ နင် ဆရာ့ကို မှတ်မိတာ၊ မန်နင် အဲ့လိုမလုပ်ပါနဲ့၊ နင် ကုနန်ချန်ကို ကြိုက်တာမဟုတ်လား၊ နင်က လိင်တူချစ်ကြိုက်သူ မဟုတ်လား”
ရှီချီက စင်မြင့်နှင့် အနည်းငယ်ဝေးနေသည့်အခွင့်အ‌ရေးကို ယူပြီး နင်မုန့်က ခေါင်းကို အနောက်သို့ လှည့်လိုက်ကာ မေးလိုက်သည်။
“ငါ အရင်ကပဲ သူမကို ကြိုက်တာ၊ နောက်ပြီး ဘာမှလည်း မလုပ်ခဲ့ဘူး၊ ဘာလို့ နင်တို့ အားလုံး ငါ့ကို ဒီလောက်ထိ မုန်းနေကြတာလဲ”
သူမက အလွန်သိချင်နေခြင်း ဖြစ်သည်။
ကုနန်ချန်က သူတို့ကို ဘာပြောလိုက်လို့ ဌာနတစ်ခုလုံးက ဒီလိုပြုမူပြနေတာလဲ။
ဆုဟွေးဟွေးက သူမကို သံသယအကြည့်ဖြင့် ကြည့်လာပြီး လက်ရှိအခြေအနေကို စဉ်းစားဆင်ခြင်နေဟန်ရသည်။ တခဏခန့်ကြာပြီးနောက် သူမက အနားရှိကောင်မလေးနှင့် အကြည့်ချင်းဖလှယ်ကာ သဘောတူညီမှုယူပြီးသလိုမျိုး တစ်ယောက်ချင်းစီ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုကို သိလိုက်ကြသည်။ သူမက ခံစားချက်ကို ထိန်းချုပ်ကာ ညင်သာစွာ မေးသည်။
“ငါတို့က နင့်ကို ပြောပြရင် နင်က သူ့ရဲ့ ဖုန်းနံပါတ်ကို ငါတို့ကို ပေးမှာလား”
မန်နင်တွင် ထိုဖုန်းနံပါတ်မရှိကြောင်း နင်မုန့်က ပြောလိုက်ချင်သည်။ သို့သော် အမှန်တရားကို သိရန်အတွက် သူမက လိမ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုလူနှစ်ယောက်က သူမကို အချိန်အတန်ကြာကြီး အပြစ်တင်ပြောခဲ့ပြီးလေရာ သူတို့ကို တဖန် ပြန်လည်လှည့်စားခြင်းကလည်း ကိစ္စကြီးဟု မသတ်မှတ်သင့်ချေ။
ထို့ကြောင့် သူမက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် သေချာနားထောင်ထား၊ နင် ကုလားထိုင်နောက်ကို မှီထားလိုက်၊ ငါ ပြောမယ်၊ နင် မအော်နဲ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် နင် ဒီကိစ္စတွေကို သေချာရှင်းရှင်းလင်းလင်း ကြားရမှာပဲ၊ ကိစ္စမှမရှိတာ”
ဆုဟွေးဟွေးက သတိပေးသည်။
“ဒါတွေအားလုံးကို နင်လုပ်ခဲ့တာတောင် ဘာလို့ နင်က ငါ့ကို ပြန်မေးနေသေးတာလဲ”
သူမက ထိုသို့ မေးလိုက်သည့်တိုင်အောင် လေသံတိုးတိုးဖြင့် အဖြေကို ပြောပြသည်။ သူမ၏ အဖြေက ဆယ်မိနစ်နီးပါးကြာသည်။
ထိုစကားများကို ကြားပြီးနောက် နင်မုန့်အနေဖြင့် အချိန်အတန်ကြာ‌အောင် အသိဝင်ရန် မနည်းကြိုးစားလိုက်ရသည်။ သူမ၏ မျက်ဝန်းတွင် မယုံကြည်နိုင်မှုက အပြည့်ရှိနေပြီး သတိလက်လွတ် ဘေးတစ်ဘက်ခြမ်းမှ ကုနန်ချန်ကို ကြည့်လိုက်မိသည်။ ကုနန်ချန်က လက်ချာကို သေချာနားထောင်နေပြီး မှတ်စုများပင် ယူနေကာ အလွန်ပင် ရိုးသားကြိုးစားဟန်ရသည်။ ထို့နောက် သူမက မှတ်စုစာအုပ်ထဲတွင် ရေးချထားပြီးနောက် သူမ၏ စာအုပ်ကို ဘေးဘက်ရှိလူထံသို့ ပေးလိုက်ပြီး ကူးစေသည်။ ထို့ပြင် သူမ၏ မျက်နှာတွင် နွေးထွေးကာ ကြင်နာသော အပြုံးက ရှိနေသည်။
သူမ၏ အကြည့်ကို အာရုံခံမိသလိုမျိုး ကုနန်ချန်က တခဏခန့်ကြောင်သွားပြီးမှသာ ပြန်၍ ပြုံးပြလာသည်။ သူမက ယခင်ကအတိုင်း အတူတူသာလျှင် ဖြစ်သည်။
နင်မုန့်က အသိပြန်ဝင်လာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
ဆုဟွေး‌ဟွေး၏ စကားကို နား‌ထောင်ပြီးနောက် မန်နင်၏ သေဆုံးမှုက မတရားခံရမှုများလွန်းသည်ထက် ပိုကြောင်း သိလိုက်ရသည်။ ကုနန်ချန်က သူမကို သေလမ်းသို့ အပြည့်အဝ တွန်းပို့ခဲ့ခြင်းဖြစ်သည်။ သူမက မန်နင်ကို သူမလက်ရှိပြနေသော ဂရုစိုက် ကြင်နာတတ်သည့် အပြုအမူမျိုးနှင့်သင့်တော်သည့် အတွေးမျိုးကို ဘယ်သောအခါမှ မတွေးခဲ့ဖူးချေ။ သူမ ကြင်နာမှုများက ကျေးဇူးမသိတတ်သော ခွေးတစ်ကောင်ကို ကျွေးသလိုသာ ဖြစ်ခဲ့သည်။
မန်နင်က သူမကို ကောင်းကောင်း ဆက်ဆံခဲ့သည်။ သူမက အားနည်းကြောင်းမြင်သောအခါ အချိန်ပိုင်းအလုပ်အတောအတွင်းတွင်လည်း ကူညီပေးခဲ့သည်။ သူမက လိင်တူချစ်ကြိုက်သူ ဖြစ်သည့်တိုင်အောင် တစ်ဖက်သူကို သွား၍ ဒုက္ခမပေးခဲ့ချေ။ အကွာအဝေးတစ်ခုသာ ခြားနေခဲ့ပြီး ကုနန်ချန်ကို ကူညီပေးနိုင်ရန်နှင့် မိတ်ဆွေများဆက်ဖြစ်ရန်သာ မျှော်လင့်ခဲ့သည်။
ဆုဟွေးဟွေးက သူမက မှင်တက်သွားကြောင်း မြင်သောအခါ တဖန် ပြန်တွန်းလာပြီး မကျေမနပ်ပြောသည်။
“ဟဲ့ မန်နင် အခု နင်ကြားချင်တာကို ငါတို့အားလုံး ပြောပြီးပြီ၊ သူ့ရဲ့ ဖုန်းနံပါတ်ပေးတော့”
သူမက ဖုန်းနံပါတ်ကို ရသမျှကာလပတ်လုံး ထိုအစားထိုးဆရာကို အောင်အောင်မြင်မြင် လိုက်နိုင်မည်ဟု ယုံကြည်မှုရှိသည်။ တွေးကြည့်ရုံဖြင့်ပင် သူမမျက်နှာတွင် အပြုံးက ပေါ်လာသည်။
သူမက စာအုပ်ကို ဖွင့်ပြီး ပထမဦးဆုံး စာမျက်နှာကို နင်မုန့်ထံသို့ တွန်းပို့ပေးလိုက်သည်။ ထို့နောက် တက်ကြွစွာ စိုက်ကြည့်နေလိုက်သည်။
နင်မုန့်က တိတ်တဆိတ် ပြန်ပြောလိုက်သည်။
“စိတ်မရှိပါနဲ့၊ ငါ့မှာ သူ့ရဲ့ ဖုန်းနံပါတ်မရှိဘူး”
သူမက ထိုသို့ ပြောပြီးနောက် သူမ၏ ထိုင်ခုံကို ချက်ချင်းလိုလို ပြန်ရွေ့လိုက်ပြီးနောက် ခပ်ဝေးဝေးနေလိုက်သည်။
ဆုဟွေးဟွေးက သူမကို ကြောင်တောင်တောင် ကြည့်ပြီး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်တော့ချေ။ အချိန်တစ်ခုကြာပြီးမှသာ သူမက တုန့်ပြန်လာနိုင်သည်။ သူမ၏ ခေါင်းက ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး ချက်ချင်းလိုလို ဆွဲလိုက်ချင်စိတ်များလာသည်။
ထိုခဏတွင် စင်မြင့်ထက်မှ အေးစက်ပြီး ဩရှသောအသံက ထွက်လာသည်။
“ဒုတိယတန်းက ကောင်မလေး ရူးကြောင်ကြောင် ပြုမူနေတာကို ရပ်သင့်ပြီ”
ဆုဟွေးဟွေး။ “…”
သူ တမင် ဘက်လိုက်နေတာကို ငါ မမြင်ဘူးထင်နေတာလား။
ဒီအစားထိုးဆရာက နင်မုန့်နဲ့ တစ်ခုခုကို ပတ်သက်နေရမယ်။
အတန်းအတောအတွင်းတွင် ရှီချီ၏ အကြည့်က သူမထံမကြာခဏ ရောက်နေသည်။ သို့သော် ချက်ချင်းလိုလို အကြည့်ပြန်လွှဲသွားပြန်သည်။ သူက စကားမပြောချင်သောအခါ သူတို့ကို စာအုပ်ဖွင့်ပြီး စာဖတ်ခိုင်းထားလိုက်သည်။
သူ၏ နှုတ်ခမ်းက တဖြောင့်တည်းဖြစ်သွားပြီး အောက်နှုတ်ခမ်းကို ဖိလိုက်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် နောက်ဆုံးတွင် တူညီသော ပုံရိပ်ကို ပြန်မြင်နိုင်လေပြီ။ သူမက သေဆုံးသွားသည့် အချိန်တိုင်းလိုလို သူမက ခန္ဓာကိုယ်တစ်ခုကို ပြန်ဝင်ပူးလေ့ရှိသည်။
ဒီအချိန်အတောအတွင်း သူမက သူ့ကို မမှတ်မိချင်ယောင်ဆောင်တတ်ပြန်သည်။
သူကသာ သူမကို ဒီနေ့ နာမည်မခေါ်လိုက်လျှင် သူမက ပုံမှန်အတိုင်းသာ အတန်းတက်သွားမည်ဖြစ်ပြီး သူ့ကို လာရှာမည့် အရိပ်အယောင်မရှိသလို ရှင်းပြလာမည်လည်း မဟုတ်ပြန်ချေ။
အချိန်ကုန်ဆုံးခြင်းက မြန်ဆန်သည်။ ယခင်က သူက သူမ၏ ပုံရိပ်ကို ဝေဝါးစွာသာ မြင်ခဲ့ရသော်လည်း ဒီတစ်ကြိမ်တွင်မူ ပို၍ ကြည်လင်ပြတ်သားလာသည်။ သို့ရာတွင် အချိန်ကြာကြာ စိုက်ကြည့်ပြီးနောက် သူမ၏ ပုံရိပ်က တဖန် ဝေဝါးသွားပြန်သည်။
သူက လှည့်ကာ သူမ၏ နူးညံ့ကာ လှပသော မျက်နှာလေးကို တချက်ကြည့်လိုက်သည့်အချိန် စီနီယာအထက်တန်းမှ နင်နင်နှင့် အလွန်တူကြောင်းကို မြင်နိုင်မည်ဖြစ်သည်။
တောက်ပပြီး ရှင်းလင်းသည့် နဖူး၊ ဖျော့တော့ပြီး ချောမွေ့နေတဲ့ အသားအရေက အလင်းရောင်တွင် တလက်လက်တောက်ပနေသည့်နှင့်ပင် တူပြီး ကျောက်စိမ်းတုံးလေးလို သေးငယ်သည့် နှာခေါင်းလေးက တဖြောင့်တည်းရှိနေကာ သူမ၏ ရှည်လျားသော မျက်တောင်လေးများကလည်း အသာအယာကော့တက်ကာ တဆတ်ဆတ် တုန်နေသေးသည်။
သူ့ဘက်မှ ကြည့်လျှင် သူမ၏ ခေါင်းက အနည်းငယ် ငုံ့ထားသောကြောင့် သူမ၏ ဖျော့တော့ပြီး ချောမွေ့သော လည်တံက ကျောက်စိမ်းလို တောက်ပနေကြောင်းကို မြင်နိုင်ပြီဖြစ်သည်။
သူမ၏ နှာခေါင်းလေးက အနည်းငယ် ရှုံ့လိုက်ပြီး သူမ၏ မျက်တောင်များက အနည်းငယ် တုန်ယင်သွားသည်။ သူမက ငယ်ရွယ်လွန်းသည်ဟု ထင်ရသည်။ သို့သော် အလွန်အမင်း နူးညံ့လွန်းဟန်လည်း မရချေ။ သို့သော် သူမက ဒီလောကမှ ကျင်လည်သော ဆိုးရွားသည့်အရာများကို မသိသည်နှင့် တူသည်။
သူမ၏ အပြုအမူက ယခင်နှင့် ကွာခြားခြင်း မရှိချေ။ မည်သို့ပင်ဆိုစေ သူမက အမြဲတစေ ရိုးရှင်းစွာသာ တွေးပြီး မကောင်းသော အတွေးများလည်း မရှိချေ။ သို့သော် အလွန်လည်း ဉာဏ်ကောင်းသေးပြန်သည်။
သူက ဒီည ဒီအတန်းထဲကို ဝင်ဝင်ချင်း သူမ၏ မျက်နှာကို မြင်လိုက်ချိန်မှာတင် ထို‌ပုံရိပ်က မန်နင်၏ ခန္ဓာကိုယ်ကို ဝင်ပူးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ ခံစားလိုက်ရသည့် ပျော်ရွှင်မှုကို ဖော်ပြရန်ပင် ခက်ခဲသွားသည်။ သို့ရာတွင် အတိတ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် သတိရသွားသည်။
ရှီချီ၏ အကြည့်က ချက်ချင်းလိုလို အေးစက်သွားပြီး စိတ်မရှည်သောအကြည့်က ပေါ်လာသည်။
အတန်းဆင်းခေါင်းလောင်းက မြည်လာသည်။ သူက ချက်ချင်းလိုလို အတန်းထဲမှ ထွက်ခွာသွားတော့လေသည်။
သူက ထွက်ခွာသွားသည်နှင့် မူလက တိတ်ဆိတ်နေသော ကျောင်းသားကျောင်းသူများအားလုံးက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ချေ။ အထူးသဖြင့် နင်မုန့်၏ အနောက်တွင် ထိုင်နေသော မိန်းကလေးနှစ်ယောက် ဖြစ်သည်။ သူတို့က ချက်ချင်းလိုလို သူတို့၏ စာအုပ်များကို ဆူညံစွာ သိမ်းဆည်းကြရလေသည်။
“အချို့လူတွေက လိင်တူချစ်ကြိုက်နေတောတောင်မှ အခြားလူကို ရန်စချင်နေကြတုန်းပဲ၊ သူတို့က တစ်နေ့လုံး မကောင်းတဲ့အတွေးတွေ တွေးနေဖို့ပဲသိတယ်၊ ငါသာ ဒီအကြောင်းကို သိရင် အဲ့ဒီလူကို သေချာပေါက် ပြောလိုက်ပါတယ်”
“ဟွာဟန် နင်ပြောတာမှန်တယ်၊ သူတို့က ဖုံးကွယ်ထားချင်ရင် လိင်တူချစ်ကြိုက်တဲ့မိန်းမတွေက အဖြောင့်လူတွေကို လက်ထပ်တာက ဘယ်လောက်တောင် ရွံစရာကောင်းလိုက်ပြီး ဆိုးယုတ်လိုက်သလဲ”
ထိုနှစ်ယောက်က အရှေ့မှကောင်မလေး၏ တုန့်ပြန်မှုကို လျှို့ဝှက်စွာ စောင့်ကြည့်ရင်း ကျယ်လောင်စွာ ပြောနေကြသည်။ နင်မုန့်က နေရာတွင် မင်သေသေဖြင့် ဆက်ထိုင်နေသေးကြောင်း မြင်သောအခါ သူတို့ ဒေါသများက ပေါက်ကွဲသွားသည်။
နင်မုန့်ကလည်း သဘာဝအလျောက်ပင် သူတို့၏ စကားများကို ကြားသည်။ သူမက မျက်လုံးသာ လှန်လိုက်ချင်သည်။ ထိုနှစ်ယောက်က ရှိုးပြလိုလျှင် သူမကို ဆွဲမထည့်ဘဲ ကိုယ်တိုင်ဆက်တိုက် ရှိုးပြနိုင်သည်။
အတန်းထဲမှလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
အခုက အတန်းဆင်းပြီဖြစ်သဖြင့် ရှစ်နာရီထိုးနေလေပြီ။ အပြင်ဘက် ကောင်းကင်က‌ မှောင်နေလေပြီ။
နင်မုန့်က စာအုပ်များကို သိမ်းလိုက်သောအခါ ကြိုးဆွဲချသေထားသော သရဲက သူမကို ဒေါသတကြီး စိုက်ကြည့်နေကြောင်းကို မြင်လိုက်ရသည်။ ရှီချီက သူ၏မေးခွန်းကို ဖြေရန် သူမ၏နာမည်ကို ခေါ်ခဲ့သော ကိစ္စနှင့် ပတ်သက်ပြီး သူက ‌ဒေါသထွက်နေလောက် သေးသည်ဟု သူမက တွေးလိုက်သည်။
ကျောင်းသားကောင်းတွေက ဆရာ့ရဲ့မေးခွန်းကို မှန်မှန်ကန်ကန် ဖြေနိုင်တာကို သာယာကြတာပဲ။
ထိုကြိုးဆွဲချသရဲက အတန်းတက်ချင်သောကြောင့် ကျောင်းတွင် ဆက်နေသေးခြင်းဖြစ်လေရာ သူက စာလေ့လာခြင်းကို အလွန်သဘောကျလောက်သည်။ သူမက အတန်းထဲတွင် အလွန်မင်သေသေ ထိုင်နေခြင်းကို မြင်သောအခါ သူ၏ ဒေါသကို ဆွသလိုဖြစ်လာသည်။
သူမက ထပ်မံပြီး ခြိမ်းခြောက်ရမည်ကို စိုးရိမ်သဖြင့် သူမက အတန်းထဲမှ ခပ်မြန်မြန် ထွက်သွားလိုက်သည်။
ညပိုင်းပြန်လည်သုံးသပ်လေ့ကျင့်ခန်းကလွဲပြီး အခြားအတန်းများများစားစားမရှိလေရာ ကော်ရစ်တာက အလွန်တိတ်ဆိတ်နေသည်။
“မန်နင် နင် ငါ့ရဲ့ အကူအညီမလိုဘူးလား”
ကုနန်ချန်၏ အသံက အနောက်မှ ရုတ်တရက် ထွက်လာသည်။
“နင် အတန်းထဲမှာ အရမ်းစိတ်လွတ်နေတာကို ငါ တွေ့ရတယ်၊ နင် မနေ့ညက ကောင်းကောင်း အနားမယူခဲ့ရဘူးလား”
နင်မုန့်က တိတ်ဆိတ်စွာဖြင့် လမ်းဆက်လျှောက်နေလိုက်သည်။
ထိုအခိုက် သူမ၏ ဘေးဘက်သို့ ကုနန်ချန်က ရောက်လာခဲ့ပြီး သူမနှင့်အတူ လိုက်လျှောက်ပြီး သူမ တစ်ယောက်တည်း ဖြစ်နေမည်ကို စိုးရိမ်ကြောင်း ပြောလာသည်။
နင်မုန့်က ရယ်ချင်သွားသည်။
မန်နင်က သူမကို ဆက်လက်လျစ်လျူရှုနေကြောင်း မြင်သောအခါ ကုနန်ချန်၏ ခံစားချက်က ဆိုးရွားလာသည်။ သူမက ရုတ်တရက် နင်မုန့်၏ လက်ထဲတွင် ကိုင်ထားသော ဖုန်းကို အကြည့်ရောက်သွားပြီးနောက် သူမ၏ မျက်ဝန်းတွင် ထူးဆန်းသောအလင်းက လက်လာတော့သည်။
…..
အပိုင်း (၆၀.၃) ကာကွယ်ပေးခံရခြင်း(၃)

သူမက နူးညံ့သော လေသံဖြင့် ပြောသည်။
“မန်နင် နင်အစားထိုးဆရာရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ၊ နင် နင့်ရဲ့အမှတ်တွေကြောင့်နဲ့ နောင်တရစေမယ့် ကိစ္စတွေ မလုပ်သင့်ဘူးနော်၊ နင် ဘာလုပ်ရမှန်း မသိတော့ဘူးဆိုလည်း နင် ငါ့ကို မေးနိုင်ပါတယ်”
နင်မုန့်က လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူမ၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်က မည်မျှသက်ရောက်မှုရှိကြောင်း သူမကလည်း သိလိုက်သည်။
တခြားသူများက ထိုစကားကို ကြားသွားပြီး အခြေအနေကို သေချာမသိထားလျှင် သူမက အမှတ်အတွက် အလဲအလှယ်အနေဖြင့် ထိုဆရာနှင့် တစ်ခုခုလုပ်ထားသည်ဟု ထင်ကောင်းထင်သွားလောက်သည်။
ကုနန်ချန်တွင် ထိုကဲ့သို့ ဆိုးယုတ်သော အတွေးမျိုးရှိလိမ့်မည်ဟု သူမက မထင်ခဲ့မိချေ။
ထိုသို့ သိလိုက်ပြီးနောက် မန်နင်၏ ဂုဏ်သိက္ခာကို လျှို့ဝှက်စွာဖြင့် ဖျက်ဆီးပြီးသည့်အချိန်တွင်ပင် ကုနန်ချန်က ရိုးရိုးရှင်းရှင်းပင် ထွက်ပြေးမသွားခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမက မန်နင်နှင့် အစပိုင်းတွင် အကောင်းအဆိုး ဆက်ဆံရေးကို ဝေမျှခဲ့သူ ဖြစ်လေရာ သူမကသာ သတိလက်လွတ် စကားလွန်သွားခြင်းဆိုလျှင် လူအများက သူမ၏ စကားကို ယုံကြည်မည်ဟု ထင်မှတ်ထားဟန်ရသည်။ ထိုသို့လည်း ဖြစ်ခဲ့လေသည်။
ဒီနေ့ သူမပေါ်ဆက်ဆံခဲ့သော စာသင်ခန်းထဲမှလူများကို ကြည့်ရုံဖြင့်ပင် သူမက သိနိုင်သည်။ သို့ရာတွင် ထိုအခိုက် နင်မုန့်က ရုတ်တရက် ရယ်လိုက်ပြီးနောက် ပြန်မေးလိုက်သည်။
“ငါ တစ်ခုခုမှတ်မိပြီ၊ နင် အရင်နှစ် စာသင်နှစ်အဆုံးမှာ နင့်ရဲ့အဆင့်က နောက်ဆုံးကရေရင် ငါးယောက်မြောက် မဟုတ်လား”
မန်နင်၏ အမှတ်နှင့်ဆိုလျှင် သူမက ဘာမှမေးစရာမလိုချေ။
ကုနန်ချန်က သူမကို မယုံနိုင်သလို ကြည့်သည်။
“မန်နင် လူတိုင်းမှာလည်း ဘယ်လိုဖြေရမှန်းမသိတဲ့ မေးခွန်းတွေဆိုတာ ရှိတာပဲ၊ မျက်နှာပျက်မှာ စိုးလို့ ဝန်ခံမယ့်အရေးမှာ ငြင်းဖို့မကြိုးစားပါနဲ့၊ ငါ နင့်ကို ဒီအတွက်ကြောင့်နဲ့ မစွန့်ပစ်ပါဘူး”
နင်မုန့်က မနေနိုင်ဘဲ ပြောလိုက်သည်။
“ငါ နင့်ကို တကယ် အထင်သေးမိတယ်”
မျှော်လင့်ထားသည့်အတိုင်း သူမ၏ ခေါင်းက ချက်ချင်း နာကျင်ကိုက်ခဲလာသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် မျက်တောင်တစ်ခတ် အချိန်မျှသာလျှင် ကြာသည်။ သူမ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားလေရာ အနာဂတ်တွင် စကားလုံးဖြင့် တိုက်ရိုက်မတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
မန်နင်၏ နောင်တများ၏ သက်ရောက်မှု အစပိုင်းတွင် ထင်သလောက် သိပ်သက်ရောက်မှု မပြင်းထန်တော့ကြောင့် သူမကလည်း ခံစားလိုက်ရသည်။ သူတို့က အပြည့်အဝ ပျောက်ကွယ်သွားလျှင် သူမက ကုနန်ချန်ကို အများရှေ့တွင် တရားဝင် ပြတ်ပြတ်သားသား အကဲဖြတ်ပေးမည်ဖြစ်သည်။
နင်မုန့်က မုန်းတီးမှုအပြည့်ဖြင့် လောင်ကျွမ်းလျက် တွေးတောလိုက်သည်။ ကုနန်ချန်က သူမ၏ နားကို သူမ မယုံနိုင်တော့ချေ။ ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ရရှိလိုက်သလိုမျိုး စက္ကန့်အနည်းငယ်ထဲနှင့် သူမမျက်လုံးထဲတွင် မျက်ရည်များက ပြည့်နှက်လာသည်။
“မန်နင် နင် အမြဲတမ်း ငါ့ကို ဒီလိုတွေးနေခဲ့တာလား”
သူမက တစ်စုံတစ်ရာ ပြောလိုသော်လည်း တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
“နင် အရင် ပြောတော့ ငါ့ကို သဘောကျတယ်ဆို၊ ငါနင့်ကို အဖြေမပေးနိုင်ဘူးဆိုရင်တောင်မှ ငါ နင့်ကို မမုန်းခဲ့ဘူး၊ ငါတို့က အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲ”
နင်မုန့်။ “…”
သူမ ဒီကုနန်ချန်ကို နည်းနည်းလေးမှတောင် မကြိုက်ပါဘူးနော်။
မန်နင်၏ မျက်လုံးများ၏ ကန်းနေခြင်းသာ ဖြစ်ရပေမည်။
ရုတ်တရက် အနောက်မှအသံတစ်သံက ထွက်လာသည်။
“မန်နင် မင်း ထပ်ပြီး ဘောင်ကျော်လာပြီ၊ လူနည်းနေတဲ့အချိန်မှာ ကုနန်ချန်ကို အနိုင်မကျင့်သင့်ဘူး၊ မင်း ဘယ်လိုတောင် ဆိုးယုတ်လိုက်သလဲ၊ ကုနန်ချန်က မင်းနဲ့ မိတ်ဆွေဆက်ဖြစ်ဖို့တောင် စိတ်ထဲထားတာ မဟုတ်ဘူး၊ ဒါတောင် မင်းက သူမကို ဒီလိုဆက်ဆံစရာလား”
လာပြန်ပြီ အရင်တစ်ခေါက်ကကောင်ပဲ။
နင်မုန့်က ဆိုးရွားသော စကားများပြောလည်း သူမ ပေါ်သက်ရောက်မှု မရှိနိုင်လေရာ သူ့ကို တိုက်ရိုက်အော်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ငါလည်း ကုနန်ချန်ကို ငါနဲ့ သူငယ်ချင်း ဆက်ဖြစ်ဖို့ မပြောပါဘူး၊ ငါ ဒီတိုင်း ငါ့ရဲ့ ကျန်တဲ့နှစ်တွေကို အေးအေးချမ်းချမ်းပဲ ကုန်ဆုံးချင်တာပါ၊ ငါ အဲ့ဒီလိုတောင် ကုန်ဆုံးလို့မရဘူးလား”
သူမက သူတို့ကို ကြည့်နေသော ကုနန်ချန်ကို ကြည့်နေပြီးနောက် အေးစက်စွာ ပြောသည်။
“ငါလည်း ကုနန်ချန်ကို တစ်ခါမှ သူငယ်ချင်းဖြစ်ချင်တယ်လို့ မပြောဆိုခဲ့ဖူးဘူး”
တစ်ဖက်က အကောင်းဆုံးသူငယ်ချင်းများ ထည့်ပြောလာသည့်အချိန်တိုင်းလိုလို သူမက စိတ်ရှုပ်ခြင်းကို ခံစားနေရသည်။
ကောင်လေးက အထင်တ‌သေး ကြည့်လာသည်။
“မင်းပြောတာကို မင်းမှတ်ထားရင် ကောင်းမယ်”
သူက ကုနန်ချန်ကို လှည့်ကြည့်ပြီးနောက် ညင်သာသော လေသံဖြင့် ပြောသည်။
“နန်ချန် မင်း ဒီမိန်းမကို ထပ်ပြီး အာရုံမစိုက်သင့်တော့ဘူး၊ သူမရဲ့ ခေါင်းထဲမှာ မကောင်းတဲ့ အတွေးတွေပဲ ရှိနေတယ်၊ သူမက မင်းကို သိက္ခာကျအောင်တောင် လုပ်ချင်နေသေးတယ်၊ မင်းက ရည်ရွယ်ချက်ကောင်းနဲ့ ပြောတယ်ဆိုတာကို သိပေမယ့်လည်း မင်းဘယ်လောက်အားနည်းလဲ ကြည့်စမ်းပါဦး၊ အခြားလူတွေက မင်းကို ဒုက္ခပေးတာကို ခွင့်မပြုနိုင်ဘူး”
နင်မုန့်က တိတ်တဆိတ် မျက်လုံးလှန်လိုက်သည်။
ကုနန်ချန်က ရုတ်တရက် လက်ဆန့်တန်းပြီး သူမ၏ လက်မောင်းကို ကိုင်ကာ ညင်သာသော လေသံဖြင့် ပြောသည်။
“နင်မုန့် ဒေါသမထွက်ပါနဲ့၊ ငါက ငါတို့ရဲ့ အရင်ဆက်ဆံရေးအတိုင်း ပြန်ဖြစ်ချင်ရုံပါပဲ၊ ငါ နင့်ကို ထူးထူးခြားခြားလည်း ပြောင်းလဲပြီး မကြည့်ပါဘူး”
နင်မုန့်က ဘာမှမလုပ်နိုင်ခင်မှာ လက်တစ်ချက်က ဝင်လာပြီးနောက် သူမကို တစ်ဖက်သို့ ဆွဲလိုက်ကာ လူနှစ်ယောက်ကြားကို ခြားလိုက်သည်။
“ကျောင်းသူမန်”
ရှီချီက သူမ၏ လက်ကောက်ဝတ်ကို ကိုင်ပြီး ငုံ့ကြည့်လာသည်။ ကော်ရစ်တာလျှောက်လမ်း၏ ဖျော့တော့သော မီးရောင်အောက်တွင် သူ၏ အစိမ်းရောင် မျက်ဝန်းများက လေးနက်နေသည်။
“မင်း အဖြေကို သိပြီလား”
နင်မုန့်က မှင်တက်နေသော လူနှစ်ယောက်ကို ကြည့်ပြီး ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
“ဆရာ ကျွန်မ သိပါပြီ၊ လမ်းလျှောက်ရင်းနဲ့ ပြောရအောင်”
မည်သို့ပင်ဆိုစေ သူမက ထိုနေရာမှ ထွက်သွားချင်သည်မှာ ကြာလှချေပြီ။ အဆိုးရွားဆုံးက အဆိုးဆုံးဖြစ်လာလျှင် သူမက နောက်ပိုင်း ဆက်လက်ပြီး အပြောဆိုခံရပေဦးမည်။
ကုနန်ချန်က ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဆရာ ဆရာ စာသင်ခန်းထဲက အစောပိုင်းထဲက ထွက်သွားခဲ့တာ မဟုတ်လား၊ ဘာလို့ ဒီမှာ ခုချိန်ထိ ရှိ…”
သူမက ပါးစပ်ကို အံ့အားတကြီး အုပ်လိုက်သည်။
“ဆရာ ဆရာက မန်နင်ကို ဘယ်လိုမှတ်မိတာလဲ၊ အရင်ကလည်း မန်နင်က ဆရာ့အကြောင်းပြောတာကို မကြားဖူးပါဘူး …”
ကုနန်ချန်က ထိုမေးခွန်းကို မေးချင်ခဲ့သည်မှာ အတန်းတက်ချိန်ကတည်းက ဖြစ်သည်။ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ချေ။
သူမ ယခင်က မမြင်ခဲ့ဖူးသော ဆရာသစ်တစ်ယောက်က သူ၏ ပထမဆုံးအစားထိုးဆရာဟူသော အတန်းတွင် မန်နင်၏ အတန်းကို အထူးတလည် ခေါ်ခဲ့သည်။ သူ၏ စကားအရ သူတို့က ယခင်ကတည်း သိထားပြီးသလိုမျိုး ထင်ရသည်။
သူမနှင့် မန်နင်က နှစ်ဝက်နီးပါး သိထားခဲ့ခြင်းဖြစ်ပြီး မန်နင်က ထိုကိစ္စအကြောင်း ပြောခြင်းကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ထို့ကြောင့် သူမထံမှ တမင်ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားသည်ဟု သိလိုက်သည်။
ကုနန်ချန်၏ အသံက နွေးထွေးပြီး ညင်သာကာ လူအများကို နွေဦးလေပြေက တိုက်ခတ်သွားသလို ခံစားရစေသည်။ သာမန်လူများကသာ ထိုမေးခွန်းအမေးခံရလျှင် ရွံရှာသလိုပင် ခံစားရမည်မဟုတ်ချေ။ သို့သော် ရှီချီကမူ ကွာခြားသည်။
သူ၏ အကြည့်က နင်မုန့်၏ မင်သေသေ မျက်နှာမှ ဘယ်သောအခါမှ မကွာသွားခဲ့ချေ။
“အတန်းဆုံးတာနဲ့ မင်း ကိုယ့်အ‌ဆောင်ခန်းကို ပြန်သင့်တယ်၊ မဟုတ်ရင် ကြောက်စရာကောင်းတာတွေ မြင်ရလိမ့်မယ်”
နင်မုန့်။ “…”
သူ ရည်ရွယ်ချက်ရှိရှိနဲ့ ခြောက်နေတာပဲ။
သူမကမူ ပြဿနာရှိသည်ဟု မထင်ချေ။ သို့ရာတွင် သူမကိုယ်တိုင်အတွက် တွေးကြည့်ပြီးနောက် ရှီချီက လူအများကို မည်သို့ ခြောက်လှန့်သင့်ကြောင်း စတင်လေ့လာနေသည်ဟု တွေးလိုက်သည်။
သူက ကလေးတွေကို အိမ်အပြင်ကို လျှောက်မပြေးနဲ့ မကောင်းဆိုးဝါးတွေ သရဲတွေက ခြောက်ပြီး လူသားတွေကို စားလိမ့်မယ်လို့ ပြောနေသလိုပဲ။
သူမ၏ မေးခွန်းက ပြန်ဖြေခြင်း မခံရကြောင်း မြင်သောအခါ ကုနန်ချန်က နှုတ်ခမ်းကို ကိုက်ပြီး ဝမ်းနည်းသွားသော လေသံတိုးတိုးဖြင့် ပြောသည်။
“ဆရာ အချိန်က နောက်ကျနေပြီ၊ မန်နင်က မိန်းကလေးဆိုတော့ အပြင်ထွက်တာက မကောင်းဘူး …”
နင်မုန့်ကမူ သူမက ထိုကဲ့သို့ စကားလုံးမျိုးကို ပြောမည်ဟု မထင်ဘဲ သူမ၏ မျက်လုံးကပင် ပြူးသွားသည်။
ရှီချီ၏ မျက်လုံးထဲတွင် စိတ်မရှည်မှုက သိသိသာသာ ထင်ထင်ရှားရှား ပေါ်လာပြီးနောက် သူ၏အကြည့်က အေးစက်သွားသည်။
“မင်းမှာ ဘယ်လိုတောင် ဆိုးယုတ်တဲ့ အတွေးတွေ ရှိနေတာလဲ”
နင်မုန့်က ချက်ချင်းလိုလို ခေါင်းလှည့်လိုက်သည်။
အတုံ့အလှည့်ပဲ။
သို့ရာတွင် ဝတ္ထု၏ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို ထိုသို့ အော်လိုက်သည့်အတွက်မူကား …
တင်းတင်းကြပ်ကြပ် ပြောရလျှင် သူမက လက်ရှိ မန်နင်ဖြစ်နေပြီး ရှီချီ၏ အချစ်ပြိုင်ဘက်ဖြစ်သည်။ သို့ရာတွင် ကုနန်ချန်က ရှီချီနှင့် မသင့်တော်လေရာ သူမက ထိုအချက်ကို ထည့်တွက်မနေတော့ချေ။ ကုနန်ချန်နှင့် ရှီချီကသာ အတူရှိသွားမည်ဆိုလျှင် သူမ ရူးသွပ်သွားလောက်သည်။ ရှီချီကဲ့သို့ သန့်စင်သော မြက်ပင်လေးက အညစ်အကြေးများ မပေသင့်ချေ။
သူမက ရှီချီ၏ အင်္ကျီလက်ကို ဆွဲပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“မြန်မြန် သွားရ‌အောင်၊ မဟုတ်ရင် ကျွန်မတို့ပါ ပါသွားပြီး လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး”
သူမ၏ ထိုအပြုအမူက ရှီချီကို ပို၍ ရင်းနှီးကျွမ်းဝင်သလို ခံစားလိုက်ရစေသည်။
ယခင်က သူတို့က စီနီယာအထက်တန်းတွင်လည်း နင်နင်က ထိုသို့ လုပ်တတ်သည်။ သူမလေးကသာ သူ၏ အင်္ကျီလက်ကို မဆွဲလျှင်လည်း သူ၏ အင်္ကျီအနားစကို ထိုသို့ လှမ်းကိုင်တတ်သည်။ အထူးသဖြင့် သူမလေး ကြောက်သွားချိန်တွင် ဖြစ်သည်။ ရှီချီက ကောင်းကောင်းမှတ်မိနေသေးသည်။
ရှီချီက ချက်ချင်း အသိဝင်သွားပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ကောင်းပြီ”
တစ်ချိန်လုံး မတုန့်ပြန်နိုင်ခဲ့သော ကောင်လေးက နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ဘဲ ပြန်လည်ငြင်းကာ အော်ထုတ်လိုက်သည်။
“မင်းက ဆရာတစ်ယောက်ဆိုတာတောင်မှ ဒီလိုဆိုးရွားတဲ့ စကားတွေ မပြောသင့်ဘူး”
ကုနန်ချန်၏ မျက်နှာက ဖြူဖျော့သွားပြီးနောက် ခေါင်းကို ခါယမ်းကာ ကောင်လေးကို ပြောသည်။
“နင် ဆရာ့ကို အထင်မှားနေပြီ၊ ဆရာ့က ငါ့ရဲ့စကားကို နားလည်မှုလွဲသွားတာ ဖြစ်ပါလိမ့်မယ်၊ ငါကလည်း ငါ့ရဲ့စကားတွေက သူ့ကို ဒေါသထွက်စေမယ်လို့ ဘယ်ထင်ထားမှာလဲ၊ ဒါတွေအားလုံးက ငါ့ရဲ့အမှားပါ”
ကောင်လေးက သူမကို ညင်သာသော ခံစားချက်အပြည့်ဖြင့် ကြည့်လိုက်သည်။
“နန်ချန် မင်းက အရမ်းစိတ်ထားကောင်းတာပဲ၊ ဒီနေ့ခေတ်လူမှုအသိုင်းအဝိုင်းမှာ အရမ်းထောင်လွှားတဲ့ ဆရာတွေ အများကြီးပဲ၊ ဒီဆရာကလည်း ထူးခြားတယ်လို့ မထင်ဘူး၊ သူက မေးစေ့ကို အသားကုန်မော့ထားပြီး လူတိုင်းကို ငုံ့ကြည့်နိုင်မယ်လို့ ထင်နေတာ”
ကုနန်ချန်က ခေါင်းကို ခါပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
“အဲ့ဒီလို ဆက်မပြောပါနဲ့တော့၊ ဆရာက အဲ့ဒီလိုလူမျိုးမဟုတ်မှန်း ငါယုံကြည်တယ်၊ ဆရာက သူ့ရဲ့ စကားလုံးတွေကို နှလုံးသားထဲမှာ ဖုံးကွယ်ထားလို့ ငါတို့က သူ့ကို နားလည်ပေးသင့်တာပေါ့”
သူမက ခေါင်းလှည့်ပြီး ဆရာကို ညင်သာစွာ ပြောလိုက်သည်။
“ဆရာ ဆရာ ကျွန်မကို နားလည်မှုလွဲသွားမှန်း ကျွန်မ သိပါတယ်၊ ကျွန်မက မန်နင်ကို စိုးရိမ်ခဲ့တာကြောင့် …”
ထိုအခိုက် လူနှစ်ယောက်က ကြောင်တောင်တောင် ဖြစ်နေကြသည်။ အကြောင်းမူကား သူတို့၏ ဘေးတွင် မည်သူမှ မရှိတော့ချေ။
နင်မုန့်နှင့် ရှီချီက သူတို့စကားပြောနေချိန်မှာတင် ထွက်သွားခဲ့လေပြီ။ သူတို့ကို ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုသွားကြသည်။
ကုနန်ချန်က ဆရာကပြောသွားသော စကားကို ပြန်တွေးမိသောအခါ သူမ၏ အမူအရာက မသိမသာ ပြောင်းလဲသွားသည်။

အားနည်းလွန်းနေတုန်းပဲ။
ဒါပေမယ့်လည်း …
ငါ နောက်ဆုံးတော့ သူမရဲ့ ရုပ်ရည်ကို ထင်ထင်ရှားရှား မြင်လိုက်ရပြီ။
ရှီချီရဲ့ လျှို့ဝှက် ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset