အပိုင်း (၅၇.၁) ပန်းပွင့်ဖြူ အမျိုးသမီးဇာတ်လိုက် (၁)
နေရာကလည်း ကျပ်တည်းနေသလိုဖြစ်နေပြီး သူမ၏ နှာခေါင်းထိပ်သို့ မသာမယာ အနံ့ဆိုးကြီးကလည်း ဝင်ရောက်လာနေသည်။
အမှောင်ထဲမှ နိုးထလာသော နင်မုန့်က သူမက မျက်လုံးဖွင့်လိုက်သည်နှင့် မြေပြင်တွင် ထိုင်လျက်သား ရှိနေသည်ကို သတိထားလိုက်မိသည်။ သူမ၏ ခေါင်းအပေါ်ဘက်တွင် ရေချိုးခန်းပိုက်ခေါင်းရှိနေပြီး ဘေးဘက်ခြမ်းတွင်လည်း ဖန်သားအကာကို မြင်ရသည်။ သူမ၏ ပတ်ဝန်းကျင်ကို လိုက်စူးစမ်းကြည့်ပြီးနောက် သူမက ရေချိုးခန်းထဲရောက်နေကြောင်း သိလိုက်ရသည်။
ကြည့်ရသည်မှာ အဆောင်မှ တသီးတခြားရှိသော ရေချိုးခန်းနှင့် တူလောက်သည်။
သူမက မျက်မှောင်ကြုတ်ပြီး နှာခေါင်းကို ပိတ်လိုက်သည်။ ဒီနေရာက အလွန်ဆိုးရွားသည်။ အတွင်းတွင် အညှီနံ့ထွက်နေသလိုမျိုးပင် ထင်ရပြီး ဒီနေရာတွင် နေသောသူများက ကောင်းကောင်း သန့်ရှင်းရကောင်းမှန်း သိဟန်မရချေ။
ကြည့်ရသည်မှာ စနစ်က သူမကို ခန္ဓာကိုယ်တစ်ခု ရှာပေးလိုက်ဟန်ရသည်။
သူမက ထိုသို့ တွေးလိုက်သည့်အချိန်တွင် စနစ်၏ အသံက ထွက်လာသည်။
“ဒီခန္ဓာကိုယ်ရဲ့ အခြေအနေက နင်နင်ထက်ပိုပြီး ကောင်းတယ်၊ ဒါပေမယ့် အဓိအချက်က သူမရဲ့ သေရမယ့်အချိန်ကို မသိရတာပဲ၊ ဒီတော့ မင်းအနေနဲ့ အချိန်တစ်ခုကြာ စိုးရိမ်ဖို့မလိုသေးဘူး”
ထိုစကားကို ကြားပြီးနောက် နင်မုန့်က အခြားအကြောင်းအရာများကို မတွေးတော့ချေ။
ဒီခန္ဓာကိုယ်၏ သေရမယ့်ကိစ္စအတွက်ကမူ သူမသေရမည့်အချိန်နှင့် မတူညီချေ။ သူမ ယခင်သေသောအချိန်ကို ပြန်တွေးကြည့်ရလျှင် မျှော်လင့်ထားသည်ထက် စောနေသေးပေသည်။ ထို့ကြောင့် ထိုခန္ဓာကိုယ်၏ ကျန်ရှိနေသော သက်တမ်းကို သူမ၏ လုပ်ဆောင်မှုများက လွှမ်းမိုးမှုရှိသလိုဟုပင် ထင်ရလောက်အောင် ဖြစ်သွားစေသေးသည်။ ဒီတစ်ကြိမ်တွင် သူမက သတိကြီးကြီးထားပြီး နေရာအနှံ့ လျှောက်မပြေးရန် ဆုံးဖြတ်လိုက်သည်။
နင်မုန့်က အသက်ပြင်းပြင်းရှူပြီးနောက် ပြင်းထန်သည့်အနံ့ကြောင့် သီးမတတ် ဖြစ်သွားရသည်။ သူမက ခပ်မြန်မြန် ထလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က အလွန်ပင်အားနည်းနေသောကြောင့် မတ်တပ်ထရပ်ရန် ကြိုးစားနေရင်း သူမ၏ ရှေ့ရှိ မြင်ကွင်းက အတန်ငယ် မည်းမှောင်သွားလေသည်။ အချိန်တစ်ခုကြာမှသာ ပြန်လည်ကောင်းမွန်သွားသည်။
သူမက အတွင်းထဲမှ ထွက်လာသည်။
သူမက မှန်ရှေ့တွင် သွား၍ ရပ်လိုက်သည်။ မှန်၏ အရှေ့တွင် ကောင်တာတစ်ခုရှိပြီး ခွက်တစ်ခွက်ထဲတွင် သွားပွတ်တံလေးချောင်းကို ထည့်ထာသလို မတူညီသော သဘက်လေးထည်ကိုလည်း မြင်ရသည်။ သူမက မှန်းသည်မှာ မမှားပေ။ ဒါက ကျောင်းနေအဆောင် ဖြစ်လောက်သည်။
မှန်ထဲရှိ မိန်းကလေး၏ မျက်နှာတွင် ခြစ်ရာတစ်ခုပင် ရှိသည်။ သူမ၏ ဆံပင်က အနည်းငယ် ရှုပ်ပွနေပြီး မျက်ခုံးကို အုပ်သည်ထိ ရောက်နေသော ရှေ့ဆံမြိတ် ခပ်ထူထူကလည်း ရှိနေသေးပြန်သည်။ မျက်လုံးကိုပင် ထင်ထင်ရှားရှားမမြင်နိုင်ချေ။
နင်မုန့်က ဆံပင်ကို သပ်တင်လိုက်ပြီး မှန်ထဲရှိလူကို မျက်တောင် တစ်ချက် ခတ်လျက် ကြည့်လိုက်သည်။
နင်နင်၏ ရုပ်သွင်က သူမနှင့် အလွန်ရုပ်တူသော်လည်း အနည်းငယ် မရင့်ကျက်ပုံပေါက်သည်။ ဒီခန္ဓာကိုယ်နှင့် ရုပ်ရည်ကမူ အတန်ငယ် ကွာခြားသည်။ သူမက ဝိညာဉ်ကူးပြောင်းခဲ့သော ခန္ဓာကိုယ်တိုင်းကို ခြုံငုံကာ ပြောလိုက်မည်ဆိုလျှင် ဒီခန္ဓာကိုယ်က ကွာဟချက် အကြီးဆုံးဖြစ်သည်။
ရှေ့ဆံမြိတ်က ချထားသောအခါ ရုပ်သွင် ကွာခြားချက်က အထူးတလည် ထင်ရှားသွားသည်။ သို့ရာတွင် အနီးကပ်ကြည့်လိုက်ပြီးနောက် ရုပ်ရည်မှ တူညီမှုများကို မြင်ရသေးသည်။
သူမ ဝတ်ထားသော အဝတ်များက အလွန်သာမန်ဆန်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူမ၏ မိသားစုအခြေအနေကို သိနိုင်သည်။ သူမ၏ ဖြူဖွေးသော လက်တွင်လည်း အသားမာများကို မြင်ရသည်။ သို့သော် မထူထဲသေးချေ။
နင်မုန့်က များများစားစား မတွေးတော့ဘဲ တံခါးဆီသို့ သွားပြီးနောက် ဖွင့်ရန် လက်လှမ်းလိုက်သည်။
ဒီနေရာက မှတ်ဉာဏ်များကို ရယူရန် ကောင်းသောနေရာမဟုတ်ချေ။ အဆောင်တွင်လည်း တခြားသူများက သေချာပေါက်ရှိနေမည်ဖြစ်ပြီး သူမက မှတ်ဉာဏ်များကို လက်ခံနေခြင်းအလယ်တွင် ရောက်လာခဲ့ပြီဆိုလျှင် ကိစ္စက မကြီးလောက်သော်လည်း ဒုက္ခက များပေလိမ့်မည်။
သို့ရာတွင် သူမ မမျှော်လင့်ထားသည်မှာ တံခါးကို ကြိမ်ဖန်အနည်းငယ် ဖွင့်ရန် ကြိုးစားကြည့်သော်လည်း ပွင့်မလာခဲ့ပေ။
တံခါးကို အပြင်က လော့ချထားသည်။
နင်မုန့်က ခပ်ကြောင်ကြောင်နိုင်သည်ဟု တွေးလိုက်မိသည်။ အတွင်းတွင် တစ်စုံတစ်ယောက် ရှိနေကတည်းက လော့ချစရာ အကြောင်းမရှိချေ။ ထိုသို့လုပ်လိုက်ခြင်းက ဒီအဆောင်မှ သူမ၏အခန်းဖော်များပင် ဖြစ်လောက်သည်။
မတော်တဆလား တမင်လား။
သူမက ဒီခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို မရသေးသည့်အတွက် တံခါးကိုသာ တဒုန်းဒုန်းရိုက်လျက် ဆူညံသံကို လုပ်လိုက်ပြီးနောက် ရပ်တန့်လိုက်ကာ အပြင်မှအသံများကို ဂရုတစိုက် နားထောင်လိုက်သည်။
အပြင်မှ အချင်းချင်း ငြင်းခုန်နေကြဟန်တူသော စကားသံကို ကြားလိုက်ရသည်။
“နင် အထဲမှာ လော့ချထားခဲ့ပြန်ပြီလား”
“ငါ အဲ့ဒီကောင်မကို မြင်တိုင်း ရွံတယ်လို့ ခံစားရတယ်၊ ဒီတစ်ညတော့ အဲ့ဒီထဲမှာပဲ အိပ်ခိုင်းလိုက်ရအောင် ဟွန့်”
“ဒါက လွန်လွန်းတယ်မဟုတ်လား”
“သူမက ဘာနဲ့တူလဲနင်သိလား၊ သူမက ဘယ်သူ့ကိုမှ လိုက်မပြောရဲလို့ နင် စိတ်အေးအေးနဲ့နေလိုက်ပါ၊ သူမကို စိတ်ထဲထားမနေနဲ့ နင် ရေချိုးခန်း သုံးချင်ရင် ဘေးခန်းကိုသွား”
အသံများက ရပ်တန့်သွားသည်။
ထိုစကားများကို နားထောင်နေရင်း နင်မုန့်၏ ဒေါသများက လှိုက်တက်လာသည်။
ဒါက ကျောင်းတွင်း အနိုင်ကျင့်အကြမ်းဖက်တာပေါ့ ဟုတ်လား။
သူတို့က တစ်ဆောင်တည်းနေတာလေ။ ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ။
ထို့အပြင် သူမက ထိုစကားများကို နားထောင်နေရင်းမှ ဒီလိုဖြစ်ပျက်ခြင်းက တစ်ကြိမ်နှစ်ကြိမ်မဟုတ်ကြောင်း သိလိုက်သည်။ သူတို့က ဒီမူလပိုင်ရှင်ကို အလွယ်တကူ အနိုင်ကျင့်၍ ရသော လူတစ်ယောက်လို သတ်မှတ်ထားဟန်ရသည်။
သူမက စနစ်ကို မေးသည်။
“အပြင်မှာ လူဘယ်နယောက်ရှိလဲ”
စနစ်က ပြန်ဖြေသည်။
“နှစ်ယောက်၊ တစ်ယောက်က လက်သည်းနီဆိုးနေတယ်၊ အခြားတစ်ယောက်ကတော့ ဗီဒီယို ကြည့်နေတာ”
နင်မုန့်က သူတို့ တံခါးလာဖွင့်တော့မည် မဟုတ်မှန်း သိလိုက်သည်။ သူမက အားနည်းလွန်းလျက် ကိုယ်တိုင်လည်း မဖွင့်နိုင်ချေ။ ထိုသို့သော အခြေအနေထဲတွင် ရေချိုးခန်းထဲတွင် အကြံသာ ထုတ်ရတော့သည်။ ခြေဖျားထောက်ပြီးနောက် ပြတင်းပေါက်တံခါးကို ဖွင့်ပြီး နောက်ဆုံးတွင် လတ်ဆတ်သောလေများက ဝင်လာသည်။ ဒီနည်းအားဖြင့် ဆိုးရွားသော အနံ့များက ပျံ့လွင့်သွားသည်။ သူမက အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
မော်ဒယ်အသစ်မဟုတ်သလို ဘရန်းကြီးတစ်ခုမှလည်း မဟုတ်ချေ။ သို့သော် စမတ်ဖုန်းဖြစ်နေသေးသည့်အတွက် မဆိုးရွားသေးချေ။ သူမက သူမ၏ တွေးနိုင်စွမ်းဖြင့် အတည်ပြုလုပ်နိုင်ပေသည်။
နင်မုန့်က လက်ဗွေရာဖြင့် ဖွင့်လိုက်ပြီးနောက် ဖုန်းစာအုပ်ကို ဖိနှိပ်ကြည့်လိုက်သည်။ ဆွဲချပြီးနောက် contact အနည်းငယ်ကို တွေ့လိုက်ရသည်။ သူမ၏ အဖေ၊ အမေအပြင် မောင်ငယ်လေးတစ်ယောက် ရှိကြောင်းကို သိလိုက်ရသည်။
ကျန်သောလူများကမူ အစ်ကိုဝမ် သို့မဟုတ် အစ်ကိုလီကဲ့သို့ နာမည်များဖြစ်နေသည်။ သူမက စာများကို ကြည့်ပြီးနောက် ထိုလူများက သူမကို အချိန်ပိုင်းအလုပ်များ မိတ်ဆက်ပေးသော လူများဖြစ်လောက်သည်။ တစ်ခုဆိုလျှင် farming clicks ဖြစ်သည်။
နင်မုန့်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ဒါက ပိုက်ဆံကို လိမ်သော အလုပ်မျိုးမှန်းသိသဖြင့် လျစ်လျူရှုလိုက်သည်။ ထို့နောက် ဒုတိယမြောက် အဆောင်ထိန်းဒေါ်လေးဆိုသော နံပါတ်ကို နှိပ်လိုက်သည်။
အတန်ငယ် တွေးတောပြီးနောက် ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ဒါကို ကျောင်းသူတစ်ယောက်ချင်းစီတိုင်းရဲ့ ဖုန်းနံပါတ်ကို ဒီအဆောင်ထိန်းဒေါ်လေးက ဘယ်လိုလုပ် မှတ်မိနေနိုင်မှာလဲ။ သို့သော် ဖုန်းက ဝင်သွားသည်နှင့် တစ်ဖက်မှ အသံကို ကြားလိုက်ရသည်။
“ဘာဖြစ်တာလဲ မန်နင်၊ နင်တို့လေးယောက်ထပ်ပြီး ရန်ဖြစ်ကြပြန်ပြီလား”
ဒီခန္ဓာကိုယ်၏ နာမည်က မန်နင် ဖြစ်နေသည်။
နင်မုန့်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
“ဒေါ်လေး ကျွန်မရဲ့ ရေချိုးခန်းတံခါးက ပျက်သွားပြီထင်တယ် ကျွန်မ ဂရုမစိုက်လိုက်မိတာနဲ့ အခု ဖွင့်လို့မရတေ့ာဘူး၊ ကျွန်မရဲ့ အခန်းဖော်တွေက အထဲမှာ ကျွန်မရှိမှန်းမသိဘဲ လော့ချသွားကြတယ်၊ ကျွန်မ အခု အပြင်ထွက်လို့မရလို့ ဒေါ်လေးက သော့ပိုနဲ့ လာဖွင့်ပေးနိုင်မလား”
ထိုအဆောင်ထိန်းဒေါ်လေးက ခပ်မြန်မြန် ပြန်ဖြေသည်။
“ခဏစောင့် ငါ အခုပဲ လာခဲ့မယ်”
နင်မုန့်က စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီးနောက် ဖုန်းကို ချလိုက်သည်။ ထို့နောက် ထိုဒေါ်လေးက လာကယ်မည့်အချိန်ကို စောင့်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် အပြင်မှ စကားပြောသံထွက်လာသည်။ အဆောင်ထိန်း ဒေါ်လေး၏ အသံကျယ်ကျယ်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
“နင်တို့က ဒီလေးယောက်ခန်းထဲမှာ တူတူနေနေတာလေ၊ ဘာလို့ ရေချိုးခန်းတံခါးကို မဖွင့်ထားတာလဲ”
သူမက ချက်ချင်း တံခါးကို တွန်းပြီးနောက် အထဲသို့ ဝင်လာကာ အထဲတွင် ကိုယ့်ကိစ္စကိုယ် လုပ်နေကြသော လီကျောင်းနှင့် ယွီရှောင်းလျန်တို့ကို အံ့ဩသွားစေသည်။ လူနှစ်ယောက်က ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်စွာ ကြည့်လိုက်ကြသည်။
လီကျောင်းကလည်း မန်နင်က ရေချိုးခန်းထဲမှ ဖုန်းဆက်လိုက်ခြင်း ဖြစ်ကြောင်း သိလိုက်သဖြင့် ခပ်မြန်မြန် ဖြေလိုက်သည်။
“တံခါးက လော့ကျနေတာလား၊ ကျွန်မ ပြန်လာတော့ အဲ့ဒီနေရာကို မသွားလိုက်မိတာနဲ့ မသိလိုက်ဘူး”
ယွီရှောင်းလျန်က ချက်ချင်းလိုလို တုန့်ပြန်ပြီးနောက် တူညီသောစကားကို ပြောသည်။
ရှင်းပြစရာမလိုအပ်သည့်တိုင်အောင် သံသယမဝင်ရန် ကြိုးစားခြင်းက အကောင်းဆုံးဖြစ်သည်။
ထိုဒေါ်လေးကလည်း သူမကိုယ်သူမ ဂရုစိုက်မနေတော့ဘဲ တံခါးကို သွားဖွင့်ပေးလိုက်သည်။
“မန်နင် ထွက်လာခဲ့၊ နောက်တစ်ခါ သတိလက်လွတ်မနေနဲ့”
မန်နင်က တံခါးတွင် စောင့်နေပြီးနောက် ထွက်လာသည်။ သူမက ချက်ချင်းလိုလို မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒေါ်လေး”
အဆောင်ထိန်းဒေါ်လေးက ခေါင်းညိတ်ပြီး ထွက်သွားသည်။
သူမက ထွက်သွားပြီးနောက် နောက်ဆုံးတွင် ထိုမိန်းကလေးနှစ်ယောက်ရုပ်သွင်ကို ထင်ထင်ရှားရှား မြင်လိုက်သည်။ တစ်ယောက်က မျက်နှာဝိုင်း၍ အခြားတစ်ယောက်က မျက်နှာချွန်သည်။ မျက်လုံးကလည်း မယုံနိုင်စရာကောင်းလောက်အောင် ကြီးသေးသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီး ထိုနှစ်ယောက်ကို လျစ်လျူရှုလျက် အခန်း၏ အခြေအနေကို ကြည့်လိုက်သည်။
အဆောင်က မကြီးချေ။ ခုတင်လေးလုံးရှိပြီး ခုတင်တစ်ခု၏ အောက်ဘက်တွင် စားပွဲတစ်လုံးစီရှိသည်။ စားပွဲများကို ဘိလပ်မြေတိုင်ဖြင့် လုပ်ထားသည်။ ပုံပန်းသွင်ပြင်ကမူ သန့်ရှင်းသပ်ရပ်သည်။ သို့သော် စားပွဲအချို့ကမူ ရှုပ်ပွနေသည်။
အချို့စားပွဲတစ်ခုပေါ်တွင် လက်သည်းနီနှင့် Tablet တစ်လုံးတို့လည်း ရှိသည်။ ထိုနှစ်ယောက်က ထိုနေရာတွင် ထိုင်နေခြင်း ဖြစ်သည်။ သူတို့၏ မိတ်ကပ်ပစ္စည်းများနှင့် အဆာပြေမုန့်များကလည်း ပုံနေသည်။
လီကျောင်းက နှာခေါင်းရှုံ့သည်။
“မန်နင် နင်က တကယ်ရွံစရာကောင်းတာပဲ”
နင်မုန့်ကလည်း တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။
“နင့်လောက်တော့ ရွံစရာမကောင်းဘူး”
သူမက လူအများကို ခြောက်ရာတွင် အကောင်းဆုံး အသုံးပြုနိုင်စေရန် ရှီချီ၏ အမူအရာကိုပင် တုပလိုက်သေးသည်။
သူမ၏ စကားကို ပြောပြီးနောက် သူမက ထိုလူနှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီးနောက် သူမ၏စားပွဲဖြစ်လောက်သော နေရာသို့ သွားလိုက်သည်။ စားပွဲပေါ်ရှိပစ္စည်းများက သာမန်သာဖြစ်ပြီး သူမဝတ်ထားသော တစ်စုံနှင့် တူသည့် အဝတ်တစ်စုံကိုလည်း အပေါ်တွင် ချိတ်ထားသည်။ သံသယဝင်စရာမလိုလောက်အောင် ဒါက သူမ၏ စားပွဲဖြစ်သည်။
ယွီရှောင်းလျန်က မန်နင်၏ ရုပ်သွင်ကို မြင်သောအခါ အနည်းငယ် ပြောင်းလဲနေသည်ဟု ခံစားရပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“နင် ဒီနေ့ ဆေးစားမှားလာတာလား”
လီကျောင်းက နောက်လှည့်ပြီးနောက် ပြန်ဆူပူပြန်သည်။
“ဒီကောင်မက ဘယ်တုန်းက ဆေးစားမမှားလို့လဲ၊ ဒီမိန်းမနဲ့ တစ်ခန်းထဲနေရတာကိုက ငါ့ကို ကြက်သီးစေတယ်၊ ရွံစရာကောင်းတဲ့ လိင်တူကြိုက်နေတဲ့ ကောင်မ”
နင်မုန့်က ထိုစကားကို ကြားလိုက်သောအခါ မှတ်ဉာဏ်များကို ရယူရန် စိတ်မရှည်နိုင်တော့ချေ။ သူမက ထိုလူများကို တချက်ကြည့်ပြီးနောက် ရေချိုးခန်းထဲသို့ ထပ်ဝင်သွားသည်။ တံခါးကို အထဲမှ လော့ချလိုက်လေရာ မည်သူကမှ မဝင်နိုင်တော့လောက်ချေ။
ကြမ်းပြင်ပေါ်သို့ တစ်ရှူးများချပြီးနောက် သူမက ထိုပေါ်တွင် လှဲချလိုက်ကာ ပြောလိုက်သည်။
“ငါ့ကို မှတ်ဉာဏ်တွေ ပေးတော့”
…..
အပိုင်း (၅၇.၂) ပန်းပွင့်ဖြူ အမျိုးသမီးဇာတ်လိုက် (၂)
လျင်မြန်စွာဖြင့်ပင် အဖြူရောင်အလင်းက သူမကို လွှမ်းခြုံလာပြီး သူမ၏ ဦးနှောက်ထဲသို့ တစ်စုံတစ်ရာ အပုံလိုက် ပြုံတိုးဝင်လာသည်။ အလင်းများက ပျောက်ကွယ်သွားသောအခါ သူမ၏ အရှေ့တွင် ဖောက်ထွင်းမြင်ရသော ကြည်လင်သော ဖန်သားပြင်များသာရှိတော့သည်။
ထိုနေရာတွင် သူမနှင့် ရုပ်ရည်တူသော လူတစ်ယောက်ရှိနေသည်။ ခန္ဓာကိုယ်၏ နာမည်က မန်နင်ဟုခေါ်ပြီး အသက်ဆယ့်ကိုးနှစ်ပြည့်မည်ဖြစ်သည်။ မန်နင်က ကြွယ်ဝသော မိသားစုမှ လာသော သူတစ်ယောက် မဟုတ်ဘဲ မိဘတစ်ယောက်သာ ရှိသော အိမ်ထောင်စုမှ လာပြီး အဖေနှင့် မောင်ငယ်လေးနှင့်အတူသာ နေထိုင်နေရခြင်း ဖြစ်သည်။
တင်းတင်းကြပ်ကြပ်ဆိုရသော် သူမက အဖေမန်၏ သမီးအရင်းမဟုတ်ချေ။
မန်နင်၏ မိခင်နှင့် သူမ၏ ယခင်ချစ်သူကောင်လေးက ကွဲသွားသောအခါ သူမက အဖေမန်နှင့် လက်ထပ်ခဲ့သည်။ သို့သော် ထိုအချိန်က သူမ တစ်ချိန်လုံးဖုံးကွယ်ထားသည့်တိုင်အောင် ကိုယ်ဝန်က ရှိနေခဲ့ပြီဖြစ်သည်။ မန်နင်၏ မောင်လေး မန်ရို့မွေးလာပြီးနောက် သူမ မန်မိသားစုမှ ထွက်ခွာသွားခဲ့သည်။ သူမက သူမ၏ ယခင်အချစ်ဦးထံသို့ ပြန်သွားခဲ့သော်လည်း သမီးဖြစ်သူကို မခေါ်သွားချင်ခဲ့ပေ။
မန်နင်က ငယ်စဉ်ကတည်းက သိတတ်လိမ္မာသော သမီးတစ်ယောက်ဖြစ်သည်။ ကျောင်းအားလပ်ချိန်၌ အိမ်သို့ပြန်ကာ ကူညီပေးလေ့ရှိသည်။ အဖေမန်၏ ခန္ဓာကိုယ် အခြေအနေက မကောင်းသည့်တိုင်အောင် သူကလည်း အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားကာ ကလေးနှစ်ယောက်ကို ကျောင်းသို့ ပို့သည်။
သူမ၏ မောင်ငယ်ဖြစ်သူ မန်ရို့က သူမနှင့် အသက်သုံးနှစ်ကွာသည်။ အခု သူကလည်း အလယ်တန်းကျောင်း တတိယနှစ်တွင် ဖြစ်ပြီး ဘွဲ့ယူကာ စီနီယာတန်းသို့ တက်ရတော့မည်ဖြစ်သည်။
ဒီမောင်နှမနှစ်ယောက်လုံးက ငယ်စဉ်ကတည်းက တက်တက်ကြွကြွနှင့် စာကြိုးစားကြသည်။ သို့သော် အချို့သော အခြေအနေကြောင့် သူတို့နှစ်ယောက်က မသင့်မြတ်ကြချေ။ မန်နင်က ကိုယ်တိုင်လည်း ဘာကြောင့်ရယ်မှန်း မသိချေ။
ပညာရေးတွင် အလွန်ထူးချွန်ပြောင်မြောက်သော အမှတ်များ ရရှိထားသောကြောင့် မန်နင်က စီတက္ကသိုလ်သို့ အမှတ်ကောင်းဖြင့် ဝင်ရောက်နိုင်ခဲ့ပြီး ဆရာဖြစ်သင်လေ့ကျင့်တန်း အင်္ဂလိပ်စာဌာနသို့ ဝင်ရောက်နိုင်ခဲ့သည်။ သူမက ဆရာမကောင်းတစ်ယောက်ဖြစ်လာလိုသည်။ ဒီနည်းအားဖြင့် လူငယ်မျိုးဆက်များကို ပြန်လည်သင်ကြားပေးနိုင်မည်ဖြစ်သည်။ သို့ရာတွင် ကိစ္စများက လျင်မြန်စွာဖြင့် ပြောင်းလဲသွားခဲ့သည်။
တက္ကသိုလ်တွင် အမျိုးမျိုးသော လူများရှိသည်။ တစ်ခါက မန်နင်က အချိန်ပိုင်းအလုပ်လုပ်ရင်း ကုနန်ချန်ဟု ခေါ်သော မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့သည်။ ထိုမိန်းကလေးက အလွန်တက်ကြွကာ သန့်ရှင်းစင်ကြယ်ပြီး စရိုက်ကလည်း နူးညံ့သည်။ သို့ရာတွင် သူမ၏ ခန္ဓာကိုယ်က အလွန်အားနည်းလွန်းသည်။ အချိန်အများစုတွင် နင်မုန့်ကသာ သူမကို ကူညီပေးရရင်း မိတ်ဆွေများဖြစ်သွားကြသည်။
မိန်းကလေးနှစ်ယောက်ကြားက ပေါင်းသင်းဆက်ဆံမှုက အမြဲတစေ အလွန်ရင်းနှီးသော အမူအရာများ မပါဝင်ရန် ရှောင်ကြဉ်ရန် ခက်ခဲသည်။
နင်မုန့်ကလည်း ဒုတိယစာသင်နှစ်တက်ပြီး လအနည်းငယ်ကြာလောက်မှသာ သူမ၏ လိင်စိတ်ခံယူမှုအကြောင်းကို သိလိုက်ရသည်။ သူမက ကုနန်ချန်နှင့် ချစ်ကျွမ်းဝင်သွားတော့မလို ခံစားလိုက်ရသည်။ ဒါက ကိုင်တွယ်ရ ခက်ခဲသော ကိစ္စဖြစ်သည်။
ထိုသို့ဖြင့် သူမက ဒိုင်ယာရီထဲတွင် စာသာ ရေးနိုင်ပြီး ကိုယ့်ကိုယ်ကိုသာ ထိန်းသိမ်းထားသည်။ ဒီနည်းအားဖြင့် သူမနှင့် ကုနန်ချန်၏ အကွာအဝေးကို ကွာခြားနိုင်ရန် ကြိုးစားသည်။
မျှော်လင့်ထားစွာဖြင့် သူတို့၏ အခန်းထဲတွင် သန့်ရှင်းရေးလုပ်နေရင်း အပြန်နောက်ကျသည့်အချိန်တွင် သူမ၏ အခန်းဖော်လီကျောင်းက ထိုဒိုင်ယာရီကို ရှာတွေ့သွားပြီး အကြောင်းအရာအားလုံးကို ခိုးဖတ်လိုက်သည်။ ထို့နောက် နင်မုန့်၏ ခံစားချက်များအားလုံးကို သိသွားသည်။
လီကျောင်းက မွေးကတည်းက အလိုလိုက်ခံထားရသူ ဖြစ်ပြီး အစပိုင်းကတည်းက နင်မုန့်က ဆင်းရဲလွန်းသောကြောင့် အထင်သေးသည်။ မကြာခဏပင် သူတို့အခန်းထဲတွင် မှတ်ချက်များချတတ်သေးသည်။
နင်မုန့်၏ စရိုက်က နူးညံ့သည်။ ပြန်လည်း မငြင်းခဲ့ဘူးချေ။ ထို့ကြောင့် အချိန်အများစုတွင် သူမအဖေကို တိုက်ရိုက်ရည်ရွယ်ကာ ပြောသော စကားများပါလျှင်ပင် စိတ်ထဲတွင်သာ ထားထားလေ့ရှိသည်။
သူမက နှစ်တစ်ဝက်လုံးလုံး ဂေးတစ်ယောက်နှင့် အတူနေခဲ့ကြောင်း သိသွားပြီးနောက် လီကျောင်း ပထမဆုံးလုပ်သောကိစ္စက တစ်နာရီလောက်ကြာအောင် အသက်ကောင်းကောင်း ရှူနိုင်ရန် ကြိုးစားရခြင်းဖြစ်သည်။
နင်မုန့်က အခန်းသို့ သူ၏ အချိန်ပိုင်းအလုပ်မှ ပြန်လာသောအခါ လီကျောင်းက ထိုကိစ္စကို ထုတ်ပြောပြီး မျက်နှာကလည်း ရွံရှာလွန်းသောမျက်နှာထားဖြင့် နင်မုန့်ကို ရွံစရာကောင်းသည်ဟု စခေါ်တော့သည်။ ထိုနောက်ပိုင်းတွင်လည်း အဆောင်တစ်ခုလုံးက ထိုအကြောင်းကို သိသွားကြသည်။
သဘာဝကျကျပင် နောက်ရက်အနည်းငယ် ကြာပြီးနောက် နင်မုန့်က လူအရှောင်ခံရသော လူပြောအများဆုံး ကိစ္စဖြစ်လာသည်။ သူမ၏ အတန်းဖော်များကလည်း သူမကို ကပ်ရောဂါတစ်ခုလို ရှောင်ကြပြီး ထိုအကြောင်းအရာများက တဆင့်စကားတဆင့်ဖြင့် တစ်ကျောင်းလုံး ပျံ့သွားသည်။
သူမ ရေချိုးခန်းထဲတွင် အပိတ်ခံရသောကိစ္စက အသေးငယ်ဆုံးသော ကိစ္စဖြစ်သည်။ စာသင်နှစ်အစတွင် စာသင်ကာ စတင်နေလေပြီ။ လီကျောင်းက မန်နင်၏ အိပ်ယာပေါ်ကို ရေအေးများဖြင့် လောင်းချပြီး သူမကို တစ်ညလုံးကောင်းကောင်း မအိပ်ရအောင် လုပ်သည်။ ထို့ကြောင့် နင်မုန့်၏ ဘဝက ချောက်ကမ်းပါးအစွန်းတွင်ဟု ဆိုနိုင်သည်။
ထိုသို့ ဂေးဖြစ်ကြောင်း ရှာတွေ့သွားခြင်းက သူမ၏ အားနည်းချက်ကို ဆုပ်ကိုင်ခံရသကဲ့သို့ ဖြစ်သွားသည်။
တစ်ခုတည်းသော ကံကောင်းသည့် ကိစ္စမှာ လီကျောင်းက သူမ၏ ဒိုင်ယာရီကို ဖတ်ပြီးနောက် ရွံရှာလွန်းသဖြင့် ချက်ချင်း လိုလို ဆွဲဖြဲပစ်ခဲ့သလို ဓာတ်ပုံလည်း ရိုက်မထားမိသည့်အတွက် မှတ်တမ်းက မရှိတော့ချေ။ နင်မုန့်ကလည်း ထို့နောက် ဒိုင်ယာရီကို မီးရှို့ပစ်လိုက်သည်။
သို့သော် ကိစ္စများက သူမ မျှော်လင့်ထားသည်ကို ကျော်လွန်သွားသည်။ အဆုံးသတ်တွင် ကုနန်ချန်၏ နားသို့ ရောက်သွားသည်။
အချိန်ပိုင်းအလုပ်တွင် ကုနန်ချန်နှင့် ပြန်တွေ့သောအခါ ကုနန်ချန်က ထိုအကြောင်းအရာကို ထုတ်ပြောလာပြီး သူတို့က မိတ်ဆွေကောင်းများ ဖြစ်သေးကြောင်း ပြောသည်။ သို့ရာတွင် သူတို့က အကွာအဝေးတစ်ခုခြားကာ နေသင့်ကြောင်း ပြောလာသည်။ ထိုအချိန်က နင်မုန့်ကလည်း သဘောတူခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမ နဂိုကတည်းက အကွာဝေးခြားကာ နေလိုခဲ့သည်။ ကုနန်ချန်၏ စကားက အနည်းဆုံး သူမကို မျှော်လင့်ချက် ပေးလိုက်သလို ဖြစ်သွားသည်။ သူတို့က မိတ်ဆွေ ဆက်ဖြစ်နိုင်သေးလေသည်။
သို့သော် မမျှော်လင့်ထားသည်မှာ ထိုသတင်းက ထပ်ပျံ့သွားပြန်ပြီး မည်သူက စလိုက်သည်မသိ နောက်ပိုင်းတွင် နင်မုန့်က ဌာနတစ်ခုလုံး၏ ပစ်မှတ်ထားခံရသူ ဖြစ်လာသည်။ သူမက မကြာခဏပင် အလှောင်ခံရပြီး သီးသန့်ခွဲခြားခံရသည်။ ပို၍ဆိုးသည်မှာ ရွံစရာကောင်းသော ပုံများကို လက်ခံရရှိပြီး သူမကို ကိုင်တွယ်ရန် ခက်ခဲစေခြင်း ဖြစ်သည်။
ဒီတစ်ကြိမ်တွင် နင်မုန့်၏ အိပ်ယာက ရေစိုသွားသောကြောင့် သူမက ကောင်းကောင်း မအိပ်နိုင်ဘဲ ရေချိုးခန်းထဲတွင် တနေ့လုံး သော့ပိတ်ခံလိုက်ရပြီး နေရခြင်းဖြစ်သည်။ ထိုသို့ဖြင့် ဆာလောင်သွားပြီး သေသွားခဲ့ခြင်း ဖြစ်သည်။
သူမက သေသွားခဲ့ပြီးနောက် နင်မုန့်က ဒီခန္ဓာကိုယ်ကို ယူနိုင်ခဲ့သည်။
စနစ်က သတိပေးသည်။
“မင်းရဲ့ လက်ရှိခန္ဓာကိုယ်က အားနည်းလွန်းတယ်၊ မင်းအနေနဲ့ ကောင်းကောင်းအနားယူသင့်တယ်၊ ကျောင်းမှာလည်း ကိစ္စတွေအများကြီး ကိုင်တွယ်ရဦးမယ်”
သူက ဘာပြောချင်နေမှန်း သေချာသည်။ နင်မုန့်က သက်ပြင်းသာ ချလိုက်သည်။
ဒါကလည်း အဆင်ပြေပါတယ်။ ငါက ကိစ္စအများကြီးကို အတွေ့အကြုံ ရပြီးပြီပဲ။ ဘာကို ကြောက်စရာရှိမှာလဲ။ အကြီးဆုံးကိစ္စက သေစေနိုင်လောက်တဲ့ ကိစ္စမျိုးဖြစ်မလာဖို့ပဲ။ ဘာပဲဖြစ်ဖြစ် နောက်ထပ်နေရဖို့ နှစ်တွေအများကြီး ရှိနေသေးတာပဲ။ ကြောက်စရာ မရှိဘူး။
သို့ရာတွင် မန်နင်၏ နေ့ရက်များက နင်မုန့်၏ နေ့ရက်များထက် ပို၍ ခက်ခဲသည်။ ဒီခေတ် ဒီအသက်အရွယ်တွင် ဂေးဖြစ်ခြင်းက ရွံစရာကောင်းသော ရောဂါတစ်ခုလည်း မဟုတ်ချေ။ သူမ၏ အခန်းဖော်များက တမင်ကျိုးကြောင်းမသင့်လျော်စွာ ဟန်ဆောင်နေကြခြင်းဖြစ်သည်။
ကုနန်ချန်၏ နာမည်က ရင်းနှီးသလို ခံစားရသဖြင့် သူမက ပြန်တွေးလိုက်သည်။
သူမက ခေါင်းထဲရှိ အကြောင်းအရာများကို ပြန်ထိုးထည့်ပြီးနောက်ပိုင်းတွင် မန်နင်က ဆာလောင်ပြီး သေသွားရသည်မှာ သနားစရာကောင်းလွန်းသည်ဟု ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်က လမ်းလျှောက်ရန်ပင် မနည်းရုန်းကန်ရလောက်အောင် အားနည်းလွန်းသည်ဟု ခံစားရသဖြင့် တစ်ခုခုစားရန် ဆုံးဖြတ်လိုက်သည်။
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် ခြေလှမ်းအနည်းငယ် မလှမ်းနိုင်ခင်မှာတင် တစ်စုံတစ်ယောက်က လှမ်းဆွဲသည်။
လီကျောင်းက ထိုင်ခုံမှထလာပြီးနောက် သူမကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီးနောက် ပြန်လွှတ်ပေးသည်။ ရွံရှာသော မျက်နှာထားဖြင့်လည်း ပြောလာသေးသည်။
“ရွံစရာကောင်းလိုက်တာ ငါ့ကို မထိနဲ့”
နင်မုန့်ကမူ ထိုတစ်ယောက်က ခေါင်းတွင် ဝက်အူလှည့်တစ်ချောင်းလိုအပ်နေသည်ဟု ခံစားလိုက်ရသည်။
သူမက ခပ်မတ်မတ်ရပ်ပြီး တစ်ဖက်လူကို အရူးတစ်ယောက်ကို မြင်ရသလို ကြည့်လိုက်သည်။
“နင်က အရင် ငါ့ကို လာထိတာလေ၊ စိတ်လွတ်သွားပြီလား”
နင်မုန့်က သူမကို ပြန်ပြောရဲမည်ဟု မထင်ထားသဖြင့် လီကျောင်း၏ မျက်လုံးက ပြူးကျယ်သွားပြီး အံ့အားတကြီးပြောသည်။
“ငါက နင့်လို ရွံစရာကောင်းတဲ့ ဂေးကို ဘာလို့ထိရမှာလဲ”
ဒီမိန်းမက တမင်သက်သက် ပြဿနာရှာနေတာပဲ။
နင်မုန့်ကလည်း သူမက ထိုမျှအရေထူမည်ဟု မထင်ထားမိသည့်အတွက် ကိုယ့်ကိုယ်ကို ပြန်မထိန်းနိုင်တော့ချေ။ ထို့အပြင် အခုလေးတင် ခံစားခဲ့ရသော ဆိုးဆိုးရွားရွား ခံရသည့် ဆက်ဆံရေးအခြေအနေကို ပြန်တွေးမိပြီး မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ငါက ဂေးဆိုရင်တောင် နင်က ငါ ကြိုက်တဲ့ပုံစံမဟုတ်ဘူး”
သူမက ထိုသို့ ပြောပြီးနောက် အခန်းထဲမှ ထွက်သွားသည်။
လီကျောင်းက အချိန်အတန်ကြာမှသာ တုန့်ပြန်နိုင်သည်။ ထို့နောက် ခြေကို ဆောင့်သည်။
“မန်နင် ငါ နင့်ကို ပြောမယ်၊ နင် ဒီအခန်းထဲက ထွက်သွားတာကောင်းမယ်၊ မဟုတ်ရင် ဒီနေရာမှာနေပြီး လူတွေကို ရွံရှာအောင် လုပ်မနေနဲ့”
နင်မုန့်က သူမကို လျစ်လျူရှုလိုက်ပြီးနောက် စားပွဲထဲမှ ပေါင်မုန့်တစ်ထုပ်ကို ထုတ်လိုက်သည်။ ထို့နောက် ရေအချို့နှင့်အတူ စားလိုက်သည့်အခါမှသာ နေရထိုင်ရကောင်းသွားသည်။
သူမက တဖန် ဝိညာဉ်ကူးပြောင်းလာသည့်တိုင်အောင် မည်သည့်နှစ်သို့ ရောက်လာမှန်း မသိသေးချေ။ ထို့ကြောင့် သူမက ဖုန်းကို ထုတ်ပြီးကြည့်လိုက်သောအခါ သုံးနှစ်ကုန်လွန်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဒါက မအံ့ဩစေချေ။
သူမက နင်နင်၏ အမေအကြောင်းကို သတိရသွားသည်။ ထို့အပြင် ရှီချီနှင့် ခယ့်ခယ့်ကိုလည်း သတိရသွားသည်။
နင်မုန့်က ဘီစကစ်များကို မြိုချရင် ရှီမိသားစုအကြောင်းကို ရှာဖွေလိုက်သည်။ သတင်းများက အချိန်နှင့်အတူ ပြောင်းလဲနေခြင်းဖြစ်ပြီး ရှီချီနှင့် ပတ်သက်သော သတင်းအချက်အလက်တစ်ခုကိုသာ ရှာတွေ့သည်။ သူက ကောလိပ်ဝင်ခွင့်စာမေးပွဲကို အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သော သတင်းဖြစ်သည်။ သို့သော် မည်သည့်ပုံမှ တွဲလျက်မပါချေ။ ထို့အပြင် တခြားသတင်းများလည်း မရှိတော့ချေ။ ကိစ္စများအားလုံးကို ကိုင်တွယ်ထားဟန်ရသည်။
သူမက လျန်ဖုန်းမိန်၏ နံပါတ်ကို မမှတ်မိတော့ချေ။ သို့သော် လိပ်စာကို မှတ်မိသည့်အတွက် နောက်မှ သွားလည်ရန် ဆုံးဖြတ်လိုက်သည်။
လျန်ဖုန်းမိန်နှင့် သူမ၏ ကျောင်းဒါရိုက်တာတို့ လက်ထပ်သွားခြင်း ရှိမရှိကိုပင် သိချင်သွားသည်။
ဘီစကစ်ကို စားပြီးနောက် သူမက အနည်းငယ် ဗိုက်ဆာနေသေးသည်။ ထို့ကြောင့် နင်မုန့်က ထမင်းစားခန်းမသို့ သွားပြီး ကျောင်းတစ်လျှောက် ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သူမက အခန်းထဲတွင် ထာဝရပိတ်မနေနိုင်ချေ။
စီတက္ကသိုလ်က ကျော်ကြားသော ပညာရေးအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားပြီး အဆောက်အဦးများကလည်း မှင်တက်ဖွယ်ကောင်းသလို စိမ်းလန်းနေသည်။ နှစ်ရာကျော်သက်တမ်းမရှိသေးသော်လည်း ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို ဖန်တီးပေးထားခြင်းကမူ ကြွယ်ဝသည်ဟု ဆို၍ ရသည်။
နင်မုန့်က ဒီတက္ကသိုလ်သို့ ဝင်ရောက်ရန် မလွယ်ကူခဲ့ချေ။ ထည့်ပြောရန် မလိုလောက်အောင် ပထမဦးဆုံးစာသင်နှစ်၏ အဆုံးတွင် ပညာသင်ထောက်ပံ့ကြေးငွေကို ရရှိခဲ့သေးသည်။ သို့သော် လမ်းတွင် သူမနှင့်တွေ့သော လူတိုင်းက သူမကို ရှောင်သွားကြသည်။
နင်မုန့်ကလည်း ထူးဆန်းသည်ဟု မခံစားရချေ။ သူတို့အားလုံးက မန်နင်ကို ထိုသို့သာ ဆက်ဆံကြသည်။ ရပ်ကြည့်နေသောသူများကသာလျှင် ခံစားချက် ဆိုးဝါးကြမည်ဖြစ်သည်။
လူအများစုက သူမ၏ လမ်းသို့ လာပိတ်ကာ ပြဿနာရှာရန်ပင် စိတ်မဝင်စားစေလောက်အောင် သာမန်ဆန်လွန်းသော လူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း တိတ်တိတ်ဆိတ်ဆိတ် နေရခြင်းကို သဘောကျသည်။
ဒါပေမယ့် အသက်သေရလောက်အောင် ကျောင်းတွင်းမှာ ဒီလောက်အနိုင်ကျင့်ခံရလောက်အောင် ဘာများလုပ်ခဲ့မိလို့လဲ။
သူတို့က နည်းနည်းလေးတောင်မှ မမျှတကြဘူးပဲ။
နင်မုန့်က ထိုသို့ တွေးနေချိန်တွင် ထမင်းစားခန်းမ၏ ဝင်ပေါက်သို့ ရောက်သွားပြီး လူတစ်ယောက်နှင့် ပက်ပင်းတိုးသည်။
…..
အပိုင်း (၅၇.၃) ရှောင်ပိုင်ဟွာ အမျိုးသမီးဇာတ်လိုက် (၃)
သူမက အရောင်ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်သဘောထားကောင်းမွန်ပြီး ချိုမြိန်သော ပုံပန်းသွင်ပြင်မျိုး ရှိဟန်ရသည်။ သူမ၏ ဆံပင်ရှည်ကလည်း လေလွင့်နေကာ လက်တစ်ဝါးစာမျှသာ ရှိသော မျက်နှာလေးတွင် စိုးရိမ်သော မျက်နှာထားက ရှိနေပြီး ကြည့်ရုံဖြင့်ပင် လူတိုင်းကို ရင်နာလွန်းသဖြင့် စိတ်ဓာတ်ကျသွားစေလောက်ပေသည်။
ထိုလူက မန်နင်၏ မှတ်ဉာဏ်ထဲမှ ကုနန်ချန်ဖြစ်သည်။
“မန်နင် ငါ တမင် ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ မဟုတ်ပါဘူး၊ နင် ငါ့ကို ကြိတ်ကြိုက်နေတယ်ဆိုတဲ့ ကိစ္စ ပျံ့သွားအောင် ငါလုပ်လိုက်တာ မဟုတ်ပါဘူး၊ ဒီလူတွေက တစ်မျိုးထင်မယ်လို့လည်း ငါ မထင်ထားမိဘူး … ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းထဲမှာ လိင်တူချစ်ကြိုက်တာက ဘာများမှားနေလို့လဲ၊ မန်နင် နင် ငါ့ကို ခွင့်လွှတ်ပေးလို့ရမလား”
ကုနန်ချန်၏ မျက်တောင်ဖျားတွင် မျက်ရည်များပင် စိုစွတ်ကုန်သည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကပင် တဆတ်ဆတ် တုန်ယင်လာသည်။
သူမ၏ စကားများကြောင့် နင်မုန့်ကပင် ကြောင်သွားသည်။
သူမက မန်နင်၏ မှတ်ဉာဏ်များအတွင်းမှ မှတ်မိထားသော အခြေအနေများကသာ မှန်ကန်မည်ဆိုလျှင် သိပ်မကြာခင်က သူတို့ သီးသန့်စကားပြောခဲ့သော စကားပြောခန်းအတွင်း ကုနန်ချန်က ထိုလျှို့ဝှက်ချက်ကို သူမကိုယ်စားကာကွယ်ပေးပြီး ဘယ်သောအခါ အခြားသူကို မသိစေရပါကြောင်း အာမခံခဲ့သည်။
မန်နင်ကလည်း ယုံခဲ့သည်။
သို့သော် နောက်တစ်ရက်တွင် ဌာနတစ်ခုလုံးက သူမက လိင်တူချစ်ကြိုက်သူ ဖြစ်ကြောင်း သိသွားသည်။
အမျိုးမျိုးသော ဆွေးနွေးမှုများမှတဆင့် မန်နင်ကလည်း ထိုကိစ္စကို ကုနန်ချန်ကိုယ်တိုင်က ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မေ့မြောသွားခဲ့သေးကြောင်းကိုပင် သိလိုက်ရသည်။ မန်နင်က ဌာန၏ လူအများထံမှ ကျိန်ဆဲခံခဲ့ရသည်။
နင်မုန့်က သူမအရှေ့ရှိ အသားအရည်ဖြူဖျော့ပြီး သေးသွယ်သော ခန္ဓာကိုယ်ပိုင်ရှင် ကောင်မလေးကို စိုက်ကြည့်လိုက်သည်။ သူမ၏ ဆံပင်ရှည်များက ပခုံးပေါ်ဖြာကျနေပြီး မျက်ခုံးလေးကလည်း ဖျော့တော့ပြီး မျက်လုံးကလည်း လုံးဝိုင်းကာ ကြီးမားသည်။ သူမက လူအများကို ဒီအတိုင်းကြည့်ရုံဖြင့်ပင် သူမ၏ ပုံပန်းသွင်ပြင်လေးက သန့်စင်ပြီး အပြစ်ကင်းသယောင်ထင်ရသည်။ ရင်းနှီးကျွမ်းဝင်သောအပြုအမူနှင့်အတူ သူမက တစ်ဖက်သူ၏ နောက်ခံကို သိလိုက်သည်။
လူချမ်းသာတစ္ဆေသခင်လေး၏ အမျိုးသမီးဇာတ်လိုက်ဖြစ်နေသည်။
သူမက ဝတ္ထုကို ဖတ်နေချိန်က စာရေးသူကို မည်သူက အမျိုးသမီးဇာတ်လိုက်ဖြစ်ကြောင်း စာဖတ်သူတစ်ယောက်က မေးမြန်းသော မှတ်ချက်တစ်ခုကို မြင်ခဲ့ရသည်။ ထိုအချိန်က စာရေးသူကလည်း ဖိုရမ်တစ်ခုတွင် တုန့်ပြန်ခဲ့ပြီး အမျိုးသမီးဇာတ်လိုက်က ကုနန်ချန်ဖြစ်ပြီး သူမတွင်လည်း ကာရိုက်တာတစ်ခု ရှိကြောင်း ပြောခဲ့သည်။
ထိုတုန့်ပြန်မှုက ခေါင်းစည်းပိုင်းများတွင်ပင် လျင်မြန်စွာ နေရာယူသွားခဲ့ပြီး စာဖတ်သူများအားလုံးကလည်း အမျိုးသမီးဇာတ်လိုက်၏ နောက်ခံကို နောက်ဆုံးတွင် သိသွားကြသည်။
ထိုကဲ့သို့သော လူမျိုးက ဒီလိုကြမ်းတမ်းသော အမျိုးသားဇာတ်လိုက်ဝတ္ထုမျိုးနှင့် မကိုက်ညီချေ။ ထို့ကြောင့် စာဖတ်သူများအားလုံးက အလွန်မကျေမနပ်ဖြစ်ကြပြီး ဝတ္ထုတစ်ခုကို မကောင်းသော မှတ်ချက်များ ပေးလုနီးပါးဖြစ်ခဲ့သည်။
ထိုအတွက်ကြောင့် သူမက တစ်ပိုင်းချင်းစီဖတ်နေသော အချိန်ကာလအတွင်း အမျိုးသမီးဇာတ်လိုက်ကို ဘယ်သောအခါကမှ မမြင်ခဲ့ရခြင်းလည်း ဖြစ်သည်။
ထိုအခိုက် ကုနန်ချန်က ထူးဆန်းဟန်မရဘဲ သူမ၏ ကာရိုက်တာအတွင်းတွင် အပြည့်အဝ နစ်ဝင်နေသည်။ မည်သို့ပင် ဆိုစေ မန်နင်က အချိန်ပိုင်းအလုပ်လုပ်ချိန်ကတည်းက သူမက အငိုလွယ်ကြောင်း သိခဲ့ရသည်။
သို့ရာတွင် နင်မုန့်ကမူ ထိုသို့ ရှောင်ပိုင်ဟွားမျိုးကို ကောင်းကောင်းနားလည်ပေသည်။
သူမက ရှောင်ပိုင်ဟွား၏ ဆိုလိုရင်းက ဘာဖြစ်ကြောင်းကို ရှာဖွေခဲ့သည်။ အပေါ်ယံတွင် အားနည်းပုံပေါ်ပြီး ပုံပန်းသွင်ပြင်လေးကလည်း ချစ်စရာကောင်းကာ သနားစဖွယ်ဖြစ်လျက် အကြောင်းပြချက်မရှိ မကြာခဏငိုတတ်သော သူများကို လူအများက ခေါ်လေ့ရှိကြောင်း သိခဲ့ရသည်။ ထိုနည်းလမ်းကို သုံးပြီး ရှောင်ပိုင်ဟွားများက သူတို့၏ ရည်မှန်းချက်ပြည့်မီအောင် ကြိုးစားလေ့ရှိကြသည်။
အချို့သော ပိုင်ဟွားများက အဆိပ်မရှိကြချေ။ သို့သော် သူတို့၏အပြုအမူက မကြာခဏ လူအများကို ဒုက္ခရောက်စေတတ်သည်။ အချို့သော မကောင်းသောစိတ်ထားရှိသူများက ဘာမဆိုလုပ်နိုင်သည်။ နင်မုန့်ကိုယ်တိုင်ကလည်း အစစ်အမှန်ကုနန်ချန်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဝတ္ထုက သူမအကြောင်း မဖော်ပြထားခဲ့ချေ။ ထို့ကြောင့် သူမ၏ နောက်ခံကိုလည်း သေချာမရှင်းလင်းချေ။ သူမသိထားသည်မှာ တစ်ဖက်လူ၏ စရိုက်သာလျှင်ဖြစ်ပြီး ကျန်သောအရာအားလုံးကို ခန့်မှန်းရခြင်းဖြစ်သည်။
မန်နင်က သေသွားခဲ့ပြီဖြစ်ပြီး သူမက မန်နင်အဖြစ်ဆက်လက် နေထိုင်သွားရမည်ဖြစ်လေသည်။ ထိုသို့ဖြင့် မန်နင်ဖြစ်သည့် နင်မုန့်က ကုနန်ချန်၏ သနားစဖွယ်ပုံစံလေးကို ကြည့်လိုက်သည်။
နင်မုန့်က မျက်နှာသေဖြင့် ပြောသည်။
“ကောင်းပြီ၊ ငါ နင့်ကို ခွင့်လွှတ်တယ်”
သူမက ထိုရှောင်ပိုင်ဟွားနှင့် ပတ်သက်ဆက်နွယ်လိုခြင်း မရှိချေ။ ထိုကဲ့သို့သော လူမျိုးကို ရှီချီနှင့် တွဲပေးထားကြောင်း တွေးမိရုံဖြင့် ကြောက်လန့်လွန်းသဖြင့် တုန်ယင်သွားမိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူမ၏ မြေးဖြစ်သူ၏ အကြည့်တစ်ချက်ကတင် ထိုမိန်းကလေးကို ငိုသွားစေလောက်သည်။ ကုနန်ချန်၏ မျက်လုံးများက နီပင်နီနေမည်ဟု မထင်ထားမိချေ။
သူမက ပြောလာသည်။
“မန်နင် နင် ငါ့ကို သေချာပေါက် ခွင့်လွှတ်မှာမဟုတ်မှန်း ငါ သိနေပါတယ်၊ ဒီကိစ္စက နင့်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်သွားမှာပဲ၊ နင် နင့်ရဲ့ အချိန်ပိုင်းအလုပ်ကိုတောင် ဆုံးရှုံးလိုက်ရသေးတယ်၊ ငါ့ကို ထပ်ပြီး မလှည့်စားပါနဲ့တော့ ငါ တမင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ မဟုတ်ပါဘူး”
နင်မုန့်ကလည်း အတူယောင်ပြီး ပြောပေးလိုက်သည်။
“ဒါပေါ့ နင် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမဟုတ်ပါဘူး”
မည်သို့ပင်ဆိုစေ မန်နင်က ဘာမှမသိချေ။ ထိုသတင်းကို ပျံ့စေသော ကိစ္စအားလုံး၏ နောက်ကွယ်မှ လူအကြောင်းလည်း မသိသလို သူမက ထိုအကြောင်းအရာကို ဆက်လက်ပြီး လွန်ဆွဲနေလျှင်လည်း အနာဂတ်အတွက် အသုံးမဝင်နိုင်ချေ။
ကုနန်ချန်၏ ခန္ဓာကိုယ်က ပို၍ပင် တုန်ယင်သွားပြီး အနည်းငယ်ပင် ယိုင်သွားသည်။ သူမက တုန်ယင်နေသော လေသံဖြင့် ပြောသည်။
“နင် ပုံမှန်ဆို ဒီလိုမပြောတတ်ပါဘူး၊ နင် ငါ့ကို နားလည်မယ်လို့ ထင်ထားတာ၊ နင် ငါ့ကို မယုံဘဲနေမယ်လို့ ငါမထင်ခဲ့မိဘူး”
နင်မုန့်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက တစ်ဖက်သူနှင့် ဆက်လက်ပြီး ငြင်းခုံ၍ မရတော့ချေ။ အကြောင်းမူ သူမ၏ ခေါင်းက ရုတ်တရက် နာကျင်လာပြီး သူမအရှေ့ရှိ ပုံရိပ်က ဝေဝါးသထက် ဝေဝါးလားသည်။ သို့သော် ကံကောင်းစွာဖြင့် သူမက လဲမကျအောင် ခိုင်မာအောင် ရပ်နေလိုက်နိုင်သည်။
ကုနန်ချန်က သူမကို ကြည့်နေသေးသည်။ သူမက ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှပြောမလာခဲ့ချေ။ သူမ၏ ခေါင်းထဲမှ ပြင်းထန်သော နာကျင်မှုက သူမကို ထိုးနက်လာခဲ့ပြန်သည်။
နင်မုန့်က အခြေအနေကို သိလိုက်သည်။ သူမက ကုနန်ချန်ကို ဆိုးဆိုးရွားရွား စကားပြောတော့မည့်အချိန်တွင် ခေါင်းက နာလာခြင်း ဖြစ်သည်။ သူမက စနစ်ကို မေးသည်။
“ဘာဖြစ်တာလဲ”
စနစ်ကလည်း ထိုအခါမှသာ ပြန်ပေါ်လာပြီး ပြောလာသည်။
“မန်နင်ရဲ့ အတွေးတွေက ကျန်ရှိနေတုန်းပဲ၊ ဒါကြောင့် မင်းအနေနဲ့ အများကြီး မတိုက်ခိုက်သင့်သေးဘူး၊ သူမရဲ့ မှတ်ဉာဏ်တွေအတိုင်း အတွေးတွေအတိုင်းပဲ လုပ်လိုက်ပါ”
နင်မုန့်ကလည်း စကားတစ်ခွန်းသာ ပြောလိုက်နိုင်သည်။
“အမှိုက်လိုစနစ်”
သူမက သက်ပြင်းချပြီး မန်နင်ကိုယ်စား မတန်သလိုခံစားလိုက်ရသည်။
မန်နင်၏ မှတ်ဉာဏ်ထဲမှ ကုနန်ချန်က အလွန်ပင်အားနည်းသည်။ သို့သော် သူမကမူ မတူချေ။ သူမက မိသားစုအခြေအနေများ ဖြေရှင်းပေးနေကြဖြစ်ပြီး ထိုအခြေအနေမျိုးကြောင့် သန်မာစွာ ကြီးပြင်းလာခဲ့သည်။ ထိုအတွက်ကြောင့်လည်း သူမက လူတိုင်းက အထင်သေးနေသည့်တိုင်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကုနန်ချန်က သူမ၏ လရောင်ဖြူဖြစ်သည်။
နင်မုန့်က တခဏခန့်တွေးတောပြီးမှသာ ပေါ့ပါးစွာ ပြောလိုက်သည်။
“ကုနန်ချန် နင်မလုပ်ခဲ့မှန်း ငါတကယ်ကို ယုံပါတယ်၊ နင့်အနေနဲ့ ဆက်လက်ပြီး တောင်းပန်နေဖို့ မလိုအပ်ပါဘူး”
သူမ၏ စကားက သူမ၏ မျက်နှာထားနှင့် မကိုက်ညီချေ။ ကုနန်ချန်က တစ်ချက်ကြည့်ရုံဖြင့်ပင် သိလိုက်သည်။
သူမ၏မျက်နှာတွင် မျက်ရည်များက ပြည့်နှက်သွားပြန်ပြီး သူမ၏ ပုံစံလေးကို ပို၍ပင် သနားစရာကောင်းသွားစေသည်။
“မန်နင် နင် ငါ့ကို ရှီရှီလို့ ခေါ်နေကြပါ၊ နင် ငါ့ကို တကယ်ကို မယုံဘဲနေမယ်လို့ မထင်ထားမိဘူး၊ ဒါပေမယ့် နင်ဒီလိုပြောတော့ ငါ တကယ်ဝမ်းသာမိပါတယ်၊ နင် ငါ့ကို တကယ်ခွင့်မလွှတ်နိုင်တော့ဘူးလား”
နင်မုန့်ကမူ ထိုစကားများကြောင့် သူမ၏ ခေါင်းက ပေါက်ကွဲတော့မည်ဟု ခံစားလိုက်ရသည်။
ကုနန်ချန်က နောက်တစ်နေ့တွင် မတော်တဆလိုလိုနှင့် ထိုအကြောင်းအရာကို ထုတ်ပြောခဲ့သောသူ ဖြစ်သည်။ သူမ၏ ဒိုင်ယာရီကို မြင်ခဲ့သော လီကျောင်းက ဘာမှပင် ပြောရန် မလိုအပ်ခဲ့ချေ။ ကုနန်ချန်က တမင်သက်သက် လုပ်ခြင်းဖြစ်ကြောင်း သူမကပင် သံသယဝင်မိသည်။
သို့ရာတွင် အချက်လက်ကျကျ မမြင်ရသေးလေရာ သူမအနေနှင့် ကုနန်ချန်က ကောင်းမွန်သော ရှောင်ပိုင်ဟွား ဟုတ်မဟုတ် ဆိုးယုတ်သော ရှောင်ပိုင်ဟွာ ဟုတ်မဟုတ် အကဲဖြတ်၍ မရသေးချေ။ ထို့ကြောင့် အကွာအဝေးတစ်ခုခြားကာ နေခြင်းက အကောင်းဆုံးဖြစ်သည်။
သို့ရာတွင် နင်မုန့်က ဒီတစ်ခဏတွင် သူမနှင့် အပိုစကားများပြောပြီး အချိန်ထပ်မဖြုန်းချင်တော့ပေ။ သူမက ခပ်မြန်မြန်သာ စားသောက်ပြီး အနားယူကာ မနက်ဖြန် မြို့နယ်နံပါတ်တစ် အလယ်တန်းကျောင်းသို့ သွားပြီး တစ်ချက်လောက် ကြည့်ချင်သည်။
ကုနန်ချန်က သူမကို ခွင့်လွတ်ခိုင်းနေကတည်းက သူမကလည်း ထိုဆန္ဒကို ဖြည့်ဆည်းပေးရပေမည်။
ဒါကို ဘာလို့ ငါက မယုံကြည်ဘူးဆိုပြီး ဆက်ပြောနေပြီး ငိုတောင် ငိုနေသေးတာလဲ။
သူတို့၏ နောက်ဘက်မှ အသံတစ်သံက ထွက်လာသည်။
“မန်နင် မင်း ဒီလောက်ထိမုန်းဖို့ကောင်းအောင် လုပ်စရာလိုအပ်လို့လား၊ ဒီလိုနည်းလမ်းနဲ့ ကုနန်ချန်ကို ဒုက္ခပေးနေတာ လွန်လွန်းတယ်”
နင်မုန့်က လှည့်ကြည့်လိုက်သောအခါ သူတို့နှင့် တစ်တန်းထဲဖြစ်ဟန်တူသော ကောင်းလေးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုအတန်းဖော်က မန်နင်ကို သဘောမကျဆုံးဖြစ်ပြီး နေ့ဂျူတီ အတူထားခံရချိန်တိုင်း ပေါ်တင်ပင် ဒီလိုရွံစရာကောင်းသော လူတစ်ယောက်နှင့် တံမြက်စည်း အတူမလှည်းနိုင်ကြောင်း ပြောရဲသူဖြစ်သည်။
သူမက သူနှင့် မကြာခဏ ပက်ပင်းတိုးသော အခါတွင်လည်း ဆိုးဆိုးရွားရွား နှာခေါင်းရှုံ့လှောင်ပြောင်သွားလေ့ရှိတတ်သည်။
ထိုကောင်လေးက လျှောက်လာပြီးနောက် သူမနှင့် ကုနန်ချန်၏ အကြားသို့ ဝင်ရပ်ကာ သူမကို စိုက်ကြည့်ပြီးပြောသည်။
“ကုနန်ချန်က တမင်လုပ်ခဲ့တာ မဟုတ်ဘူး၊ မင်းလို လိင်တူကြိုက်တဲ့ သူတစ်ယောက်အနေနဲ့ သူမက မင်းကို မကောင်းပြောခဲ့တာမျိုးတောင် မဟုတ်ဘူး၊ ဒါကို မင်းက ဘာလုပ်ချင်နေတာလဲ”
သူက ထပ်ဖြည့်ပြောသေးသည်။
“မန်နင် မင်းက မင်းရဲ့ မကောင်းတဲ့အတွေးတွေ ပြည့်အောင် ကုနန်ချန်ကို ဖိအားပေးဖို့ ကြိုးစားနေတာပဲ”
နင်မုန့်က မျက်တောင်တဖျပ်ဖျပ်ခတ်ပြီး နားမလည်နိုင်သလို ဖြစ်သွားသည်။ သူမက အခုအချိန်အထိ ထူးထူးခြားခြား ဘာမှပင်မပြောရသေးချေ။ သို့သော် မကောင်းသော အတွေးများရှိသည်ဟု စွပ်စွဲခံလိုက်ရသည်။ ထိုအချက်ကို လက်မခံနိုင်သဖြင့် မေးလိုက်သည်။
“ငါက ဘယ်လိုမကောင်းတဲ့အတွေးရှိနေတာလဲ၊ နင်မြင်လိုက်လို့လား”
မန်နင်ကိုယ်တိုင်ပင် ကုနန်ချန်အပေါ် မကောင်းသော အတွေးမရှိလေရာ တစ်ဖက်လူက ရည်ရွယ်ချက်ရှိရှိ သူမက လိင်တူဖြစ်တိုင်း ထိုသို့ ပြုမူရန် တံဆိပ်ကပ်နေလေသည်။ ထိုသူ၏ ဘက်လိုက်မှုက မြောက်ဝင်ရိုးစွန်းထိတိုင် ရောက်နေလေပြီ။
ကုနန်ချန်က အနောက်မှ မျက်နှာလေးကိုထွက်လာပြီးနောက် ခေါင်းကို ခါကာ ပြောသည်။
“မန်နင်က ငါ့ကို ဘာမှမလုပ်ချင်ပါဘူး၊ ဒေါသမထွက်ပါနဲ့၊ မန်နင် သူက ငါကောင်းဖို့အတွက် ဝင်ပြောတာပါ၊ နင် စိတ်ထဲမထားဖို့ မျှော်လင့်တယ်”
ထို့နောက် သူမက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့လိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ချေ။
နင်မုန့်ကလည်း မကောင်းတော့ဟု ခံစားရပြန်သည်။
တခဏတွင် သူမက ထိုကောင်လေးကို ပြောလိုက်သော စကားကို ကြားလိုက်သည်။
“ဒါတွေအားလုံးက ငါ့အမှားပါ မန်နင့်ကို အပြစ်မတင်ပါနဲ့”
…..