အပိုင်း (၅၄) လူ့အရေပြားနှင့် ပိတ်ကား
သူတို့က ထိုပုံရိပ်ကို လုရှီအဖြစ် မှတ်မိလိုက်ခြင်းက ဒီနေ့တွင်ပင် သူမက ထိုဝတ်စုံကို အထူးတလည် ဝတ်ဆင်လာသောကြောင့်လည်း ဖြစ်သည်။
လုရှီက အနည်းငယ် ဝပြီး သူမဒီနေ့ ဝတ်ဆင်လာသော ဝတ်စုံက အလွန်တောက်သည်။ သူမထံမှ သိရသည့်အချက်အလက်အရ သူမ၏ မနှစ်က မွေးနေ့ပွဲ မိသားစုဆိုင်တွင် မိခင်ဖြစ်သူက သီးသန့်ကိုယ်တိုင်းဖြင့် ချုပ်ပေးခဲ့ခြင်း ဖြစ်ပြီး ပိုက်ဆံအများအပြား ပေးခဲ့ရသည်ဟု ဆိုသည်။
ယခုမူ တူညီသော ဝတ်စုံက ပန်းချီကားချပ်ထဲမှ ပုံရိပ်ထံတွင် ရှိနေသည်။ ရုပ်သွင်ကလည်း လုရှီနှင့်တူသည်။ နင်မုန့်က လုရှီကို အကြိမ်အနည်းငယ်သာ တွေ့ရသော်လည်း မှတ်မိနိုင်လေရာ သူမ၏ သူငယ်ချင်းကောင်း ချုံခယ့်ခယ့်ဆိုလျှင် ပို၍ ဆိုးသည်။
နင်မုန့်က အေးစက်နေမှုကို ဦးဆောင်ဖြိုခွင်းလိုက်သည်။
“ငါတို့ သူမကို ဖုန်းဆက်ကြည့်သင့်တယ်”
သူမ၏ စကားမဆုံးခင်မှာတင် ချုံခယ့်ခယ့်၏ ဖုန်းက မြည်လာသည်။
“ဒါ လုလုပဲ”
သူမက တုန်ယင်သောလေသံဖြင့် ဖုန်းကို ပြန်ဖြေလိုက်သည်။
“လုလု နင်အိမ်ရောက်ပြီလား၊ လုရှီနင်နဲ့အတူ ရှိလား”
လုလုက သူမ၏ ငယ်စဉ်ကတည်းက ရင်းနှီးလာသော သူငယ်ချင်း ဖြစ်သည်။ သူမနှင့် လုလုက တစ်လမ်းတည်းတွင် နေသည်။ ကိစ္စများကသာ ချောချောမွေ့မွေ့ဖြစ်သွားလျှင် အိမ်သို့ ပထမဦးဆုံးရောက်မည့်သူက လုရှီဖြစ်သင့်သည်။
ဖုန်းကို စပီကာဖွင့်ထားသောကြောင့် လုရှီ၏ အသံက ကျယ်လောင်စွာ ထွက်လာသည်။
“ခယ်ခယ် လုရှီပျောက်သွားပြီ၊ သူမ ဒီတိုင်း ရုတ်တရက် ပျောက်သွားတာ”
သူမ၏ အသံက အလွန်အထိတ်တလန့် ဖြစ်နေဟန်ရသည်။
နင်မုန့်၏ အကြည့်က ပန်းချီကားထံရောက်သွားသည်။ သံသယဝင်ရန် မလိုလောက်အောင် ထိုပုံရိပ်က လုရှီဖြစ်နေသည်။
နည်းလမ်းအတိုင်းဆိုလျှင် လုရှီက ပန်းချီကားထဲကို ဝင်ပြေးမိသွားတာလား။
ချုံခယ့်ခယ့်က ပင့်သက်ရှိုက်လိုက်မိသည်။
“လုလု အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတာ နင် ငါ့ကို ပြန်ပြောနိုင်လား၊ အသေးစိတ်အချက်အလက်တောင် မလွတ်စေနဲ့ “
ဖုန်း၏ အခြားတစ်ဖက်တွင် တံတွေးကို မြိုချပြီး သူမတစ်ကိုယ်လုံး မယုံကြည်နိုင်မှုက ပြည့်နှက်နေသည်။ ချုံခယ့်ခယ့်၏ စံအိမ်မှ ထွက်လာပြီးနောက် ဒရိုင်ဘာက သူတို့ကို လမ်းထိပ်တွင် ချပေးခဲ့ပြီး နှစ်ယောက်လုံးက ကားပေါ်မှ ဆင်းလိုက်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့နှင့် အခြားသူများက တစ်လမ်းတည်းနေခြင်း မဟုတ်ချေ။ သူတို့ကို အတွင်းထဲထိ လိုက်ပို့မည်ဆိုလျှင် အခြားသူများ၏ အချိန်က ပုပ်နိုင်သဖြင့် သူတို့က ကားပေါ်မှဆင်းပြီး နီးရာတက္ကစီကို ငှားမည်လား သို့မဟုတ် လမ်းလျှောက်သွားခြင်းက ကောင်းမည်ဟု သူတို့တွေးလိုက်ကြသည်။
လုရှီက ကြောက်တတ်လေရာ လုလုက အရှေ့မှ ဦးဆောင်လျှောက်သည်။ နှစ်ယောက်က လမ်းတစ်လမ်းလုံး စကားပြောလာကြသည်။
လမ်းသွယ်သို့ ဆင်းပြီးသည်အထိ မည်သည့်နေရာကမှ ပုံမှန်မဟုတ်မှုကို မခံစားရချေ။ သို့သော် ရုတ်တရက် လုရှီက တိတ်ဆိတ်သွားကြောင်း ခံစားလိုက်ရသည်။ သူတို့က လမ်းကွေ့ရတော့မည်ဖြစ်သည်။ သူတို့က လုရှီ၏ အိမ်သို့ ရောက်တော့မည့်အချိန်တွင် လုလုက ခေါင်းလှည့်လိုက်သောအခါ သူမ၏အနောက်တွင် မှေးမှိန်သော လမ်းမီးအိမ်များနှင့် မှောင်မည်းသော လမ်းကသာ ရှိနေပြီး မည်သည့်အရိပ်ကိုမှ မမြင်ရကြောင်း တွေ့လိုက်ရသည်။ လုရှီက ထိုသို့ဖြင့် ပျောက်သွားသည်။
သူမ၏ နှလုံးသားက ထိုသို့ဖြစ်သွားသောကြောင့် ရင်ဘတ်မှခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမက မူရင်းလမ်းအတိုင်း ပြန်သွားပြီး နာမည်ကို လှမ်းခေါ်ကြည့်သည်။ အခြားသော သူများက သူမ၏ ခေါ်သံကို ကြားပြီး အနားသို့ လာကာ ကူကာ ဝိုင်းရှာပေးသည့်တိုင်အောင် သူမ၏ ဆံပင်တစ်မွှေးကိုမျှ ရှာမတွေ့ခဲ့ကြချေ။
လုရှီက လေထဲတိုးဝင်ကာ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်သွားသည်။
အထိတ်တလန့်ဖြစ်သွားသောကြောင့် သူမက ချုံခယ့်ခယ့်ကို လှမ်းခေါ်ခြင်း ဖြစ်သည်။
လုလု၏ အသံက ငိုသံပေါက်နေလေပြီ။
“ငါ လုရှီဘယ်ထွက်သွားလဲ မသိလိုက်ဘူး၊ ငါ နာမည်ကို ကြိမ်ဖန်များစွာ ခေါ်နေခဲ့တာပဲ၊ ဒါပေမယ့် ဘာတုန့်ပြန်သံမှ မကြားရဘူး၊ လုရှီ ပြန်ပြေးဆွဲခံရတာများ ဖြစ်နေမလား၊ ဒါမှမဟုတ်ရင် “
ချက်ချင်းလိုလို အမျိုးမျိုးသော ဖြစ်ရပ်ဆိုးများက သူမ၏ ခေါင်းအတွင်း ရောက်လာသည်။ ဒီနေ့ခေတ်တွင် နှာဗူးများ၊ လူဆိုးများ၊ လူရမ်းကားများက မိန်းကလေးငယ်များကို ပြန်ပြေးဆွဲလေ့ရှိပြီး အနိုင်ကျင့်ပြီးမှ သတ်ပစ်လေ့ရှိသည်။ ချုံခယ့်ခယ့်ကိုယ်တိုင်လည်း ထိတ်လန့်သွားသည်။ သူမက စားပွဲပေါ်မှ ပန်းချီကားချပ်ကို ကြည့်လိုက်သည်။ ထိုပုံရိပ်က တောအုပ်အနားတွင် ရှိနေသည်။ သို့သော် အမှောင်ထုက ဝန်းရံထားလေရာ ထိုနေရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။
ရှီချီက ရုတ်တရက် ပြောသည်။
“အချိန်တစ်ခုကြာတဲ့အထိ ဒီမှာ ဘာအန္တရာယ်မှ မရှိနိုင်သေးဘူး”
ထိုစကားကို ကြားသောအခါ ချုံခယ့်ခယ့်က နောက်ဆုံးတွင် စိတ်အေးသွားပြီး ပြန်တုန့်ပြန်လိုက်သည်။
“လုလု မစိုးရိမ်နဲ့ နင် အိမ်ကို အရင်ပြန်လိုက်၊ တစ်ပတ်လုံးအပြင်ကို မထွက်နဲ့ လုရှီဘယ်ရောက်သွားလဲ ငါသိတယ်၊ လုရှီက နင်နဲ့ ကစားနေတာ ဖြစ်မှာ”
လုလုက အလွန်ကြောက်လန့်သောကြောင့် ဖြစ်နိုင်သည်။ သူမက ထိုစကားများကြောင့် ချက်ချင်းလိုလို စိတ်အေးသွားသည်။ ချုံခယ့်ခယ့်ကလည်း သူမ၏ မိတ်ဆွေအသိုင်းအဝိုင်းထဲမှ မိန်းကလေးများထဲတွင် လုရှီနှင့် ဟူယွဲ့ဟူသော အခြားသောမိန်းကလေးတစ်ယောက်က ပန်းချီကားချပ်ကို လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း သတိရလိုက်သည်။ သို့ရာတွင် သူမထက်အရင် သူတို့က ပန်းချီကားချပ်ကို လက်ခံရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ထိုအချိန်က ထိုပန်းချီကားချပ်က များများစားစား မထူးခြားနေလေရာ သူတို့က အရေးကြီးသည်ဟု သဘောမထားဘဲ လွှင့်ပစ်ခဲ့ကြသည်။ သို့သော် လုရှီက ဒီလိုအခြေအနေမျိုး ဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။
ချုံခယ့်ခယ့်က ပန်းချီကားကို အလေးထားသောကြောင့်သာလျှင် ပုံမှန်မဟုတ်မှုကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
သူတို့အိမ်မှ ဒေါ်လေးက အိမ်မှ ထွက်ခွာသွားသဖြင့် သူတို့ သုံးယောက်သာ ကျန်ရစ်တော့သည်။ ခယ်ခယ်၏ မိဘများက မနက်မှသာ ပြန်လာမည်ဖြစ်သဖြင့် သူမက ဒီကိစ္စကို ဖြေရှင်းရန် အချိန်ရသေးသည်။ သူမက ဖုန်းယူပြီး လုရှီ၏ ဖုန်းကို ခေါ်ကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း ဖုန်းက လိုင်းမမိသလို မည်သူကမှလည်း ကိုင်မလာခဲ့ချေ။
ချုံခယ့်ခယ့်က အခြားတစ်ယောက်ကို ပြောင်းခေါ်သည်။ ကံကောင်းစွာဖြင့် ဒီတစ်ကြိမ်တွင် ဖုန်းလိုင်းက မိသွားသည်။ ဟူယွဲ့၏ အသံက ကြည်လင်ပြတ်သားစွာဖြင့် ထွက်လာသည်။
“ဘာဖြစ်တာလဲ၊ ငါ အခုမှ အိမ်ရောက်တာ ဒါကြောင့် ငါ ဖုန်းလှမ်းဆက်မလို့ပဲ ရှိသေးတယ်”
“ဘာရယ်မဟုတ်ပါဘူး၊ နင် အိမ်ရောက်သွားရင် အဆင်ပြေပြီ”
ချုံခယ့်ခယ့်က စိတ်အေးသွားသည်။
“ဟူယွဲ့ နင် ပန်းချီကားကို လွှင့်မပစ်ခင်က သွေးတွေ ပေသွားတာမျိုးများ ရှိသလား၊ သတိထားမိလား”
ဟူယွဲ့က ကြောင်သွားပြီးမှ ပြန်ဖြေသည်။
“ငါတော့ မပေဘူးထင်တာပဲ၊ ငါ မှတ်မိတဲ့အတိုင်းဆိုရင် ငါ ပန်းချီကားချပ်ကို ရလာပြီးတာနဲ့ တစ်ချက်ကြည့်ပြီး ချက်ချင်း ပြန်လွှင့်ပစ်လိုက်တာပဲ၊ လမ်းမှာလည်း ဘာမှဖြစ်မသွားဘူး၊ ဒီတော့ သွေးပေစရာလည်း မရှိဘူး”
ထိုအချိန်က သူမကို တစ်စုံတစ်ယောက်က ကြောက်လန့်စရာကောင်းသော အရာတစ်ခုခုဖြင့် စနောက်ချင်သဖြင့် ထိုသို့ လာပို့ခြင်းဖြစ်သည်ဟု တွေးခဲ့သည်။
သူမ၏ ပတ်ဝန်းကျင်မှ လူကလည်း အလားတူပင် တွေးမိကြသဖြင့် သူမက အခန်းထဲမှ အမှိုက်ပုံးထဲသို့ ပန်းချီကားချပ်ကို လွှင့်ပစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့နောက် သူမ စိတ်မအေးနိုင်သောကြောင့် အပြင်ဘက်ရှိ အမှိုက်ပုံးထိ သွား၍ လွှင့်ပစ်ခဲ့သည်။
လှေကားမှ ပြန်တက်ခြင်းက လိုအပ်သော ကိစ္စတစ်ခုဖြစ်သည်။ ချုံခယ့်ခယ့်က မေးသည်။
“ဒါဆိုရင် ကောင်းတယ်၊ အိမ်မှာ ကောင်းကောင်းအနားယူလိုက်ပါဦး၊ ငါ ဖုန်းချလိုက်တော့မယ်”
နောက်တစ်ယောက်က အဆင်ပြေလုံခြုံကြောင်း သူမက အတည်ပြုပြီးနောက်တွင် ပန်းချီကားချပ်ကို တဖန်ပြန်ကိုင်လိုက်ကာ ပန်းချီကားချပ်ထဲရှိ ဖြည်းညင်းစွာ ရွေ့လျားနေသော ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်သည်။
ဒီပန်းချီကားချပ်ကို ပို့လိုက်တာက တကယ်ပဲ ဘယ်သူလဲ။
နင်မုန့်က ပြန်လည်တည်ငြိမ်သွားပြီဖြစ်သည်။ သူမက မေးသည်။
“ငါတို့ ပန်းချီကားချပ်ထဲက လုရှီကို ဘယ်လိုကယ်ကြမလဲ”
သူမအနေဖြင့် ပထမဆုံးအကြိမ် ပန်းချီကားချပ်ထဲသို့ လူတစ်ယောက်က စုပ်ယူခံရခြင်းကို မြင်ဖူးခြင်းဖြစ်သည်။ ချုံခယ့်ခယ့်ကလည်း အနာဂတ်တွင် အလားတူကိစ္စကို ကြုံတွေ့ရနိုင်သည်။ သူမက အပေါ်ယံ မျက်နှာပြင်ကို ထိတွေ့ကြည့်လိုက်သော်လည်း ချောမွေ့နေပြီး ထိ၍ ကောင်းကြောင်း ခံစားလိုက်ရသည်။ လူနှစ်ယောက်၏အကြည့်က ရှီချီထံရောက်သွားသည်။
ရှီချီက နှုတ်ခမ်းကို မဲ့သည်။
“ငါလည်း ဒါမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပဲ၊ ပထမဦးဆုံးအချက်အနေနဲ့ ငါတို့ ဒီနေရာကို ရှာရမယ်၊ လုရှီလွှင့်ပစ်ခဲ့တဲ့ ပန်းချီကိုသာ ပြန်ရနိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့”
လုရှီက တောအုပ်ထဲသို့ အဆွဲခေါ်ခံရကတည်းက ထိုတောအုပ်က အဓိကအချက်ဖြစ်နိုင်သည်။
ချုံခယ့်ခယ့်က ခေါင်းခါပြီးပြောသည်။
“လုရှီက ပန်းချီကားကို လွှင့်ပစ်လိုက်တာကြာပြီ၊ အခု ဘယ်နေရာကို ရောက်နေမှန်းတောင် မသိတော့ဘူး၊ ငါတို့အခု ဘယ်သူ့လက်ကို ရောက်နေတာလဲ မသိတာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီတော့ ဒီတောအုပ်ကိုပဲ ရှာရမယ်”
လုရှီ၏ ပုံရိပ်က တောအုပ်နှင့် နီးကပ်သည်ထက် နီးကပ်လာသည်။ နင်မုန့်က စိုးရိမ်လာပြီး စနစ်ကို မေးသည်။
“ငါတို့ ဘာလုပ်ရမယ်လို့ နင်ထင်လဲ”
စနစ်က ပြန်ဖြေသည်။
“ပထမဦးဆုံးတစ်ချက်အနေနဲ့ ဒီပန်းချီကားချပ်ကို သေချာစူးစမ်းလေ့လာရမယ်၊ အဲ့ဒီနောက်မှာ ပန်းချီကားချပ်က ပုံရိပ်ကို ရှာဖို့ ကြိုးစားရမယ်၊ ဒါက အကောင်းဆုံးနည်းလမ်းပဲ၊ ဒါပေမယ့် တကယ့်အစစ်အမှန်မှာတော့ ဒီပန်းချီကားချပ်က လူကို စုပ်ယူသွားတာမဟုတ်ဘဲ စိတ်ဝိညာဉ်ကို စုပ်ယူသွားတာပဲ”
ထိုဖြစ်ရပ်က သူမတို့ယခင်က ဖြေရှင်းခဲ့သော ကိစ္စနှင့် အနည်းငယ်ဆင်သည်။
နင်မုန့်က ခေါင်းပြန်လှည့်ပြီး မေးသည်။
“ဒီပန်းချီကားချပ်ကို ဘယ်သူက ဆွဲခဲ့သလဲဆိုတာ ငါတို့က မသိဘူး၊ ဘာလို့ ဒီလိုဆိုးယုတ်တဲ့နည်းလမ်းကို အသုံးပြုခဲ့တာလဲ၊ ခယ်ခယ် နင် နင့်ရဲ့ သူငယ်ချင်းတွေနဲ့အတူတူ တစ်ယောက်ယောက်ကိုများ ရန်စမိခဲ့သေးလား”
ချုံခယ့်ခယ့်၏ မျက်နှာက ခါးသီးသွားသည်။
“ငါ ရန်မစပါဘူး၊ ငါ ဘယ်သူ့ကိုမှ ရန်မစမိတာ သေချာပါတယ်၊ ငါ ဘယ်တော့မှ ဒီလို အကြမ်းပတမ်း နည်းလမ်းကို မသုံးဘူး၊ အခြားသူတစ်ယောက်က ငါ့ကို ရန်လာမစသမျှကာလပတ်လုံး ငါက ယင်ကောင်ကိုတောင် နာကျင်အောင် မလုပ်ဘူး၊ ဒါပေမယ့် ငါ ဒီစီနီယာအထက်တန်းကျောင်းက နှစ်တွေအားလုံးမှာ တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးသေးပါဘူး”
သူမက စိုးရိမ်နေသောကြောင့် သူမအရေးကြီးသော အချက်အလက်ကို လွတ်သွားမည်ကို စိုးရိမ်သော ခံစားချက်က ဆိုးရွားလာသည်။
သူမက ပန်းချီကားချပ်ကို လက်ခံရရှိသောအခါ အခြေအနေတစ်ခုကြာ မင်သက်ခဲ့သေးသည်။ ယခင်ကဆိုလျှင် သူမကို လေးစားအားကျသူက ပေးခဲ့သည်ဟု ထင်ခဲ့သည်။ ယခုမူ ဒီလိုဖြစ်လာသည့်အခါ တစ်စုံတစ်ယောက်က သူမကို ဒုက္ခပေးချင်နေမှန်း သေချာသည်။ သို့ရာတွင် ရှီချီကမူ ပန်းချီကားကို လက်ဆန့်တန်းပြီး ထိတွေ့ကြည့်ပြီးနောက်တွင် နှာခေါင်းရှုံ့ကာ အနံ့ခံကြည့်သည်။
နင်မုန့်ကလည်း သူက ပန်းချီကို ဆွဲရာတွင် သုံးထားသော ပစ္စည်းကို သိကောင်းသိရမည်ဟု တွေးလိုက်သည်။ သို့မဟုတ် တစ်ခုခု ပေါင်းစပ်ထားခြင်းကို သိသည်လည်းဖြစ်နိုင်သည်ဟု ထင်လိုက်မိသည်။ မည်သို့ပင်ဆိုစေ သူက ပုံဆွဲသော ပစ္စည်းများဖြင့် ကျွမ်းဝင်လောက်ပေသည်။ သို့ရာတွင် သူမက လှမ်းမေးလိုက်သည်။
“ဒီထဲကို တစ်ခုခုပေါင်းထည့်ထားတာမျိုးရှိနေလို့လား”
ရှီချီက အရင်ပြန်ထိုင်ပြီးနောက် ပြောသည်။
“အညှီနံ့ရတယ်”
သို့ရာတွင် သွေးညှီနံ့မဟုတ်ဘဲ ပုပ်နေသော ပစ္စည်းတစ်ခု၏ အနံ့မျိုးဖြစ်သလို အလောင်းကို ကြာရှည်စွာ ထားလိုက်မိသဖြင့် ထွက်လာသော အနံ့လိုမျိုး တစ်ကြိမ်တစ်ခါက သူ၏ ဦးလေးက သူ့ကို ခေါ်ကာ ပြခဲ့ဖူးသော အရာလိုမျိုး ကြည့်ရဆိုးသည်။
အလောင်းများက မြင်တွေ့ခဲသော အရာမျိုးမဟုတ်ချေ။ သို့သော် သာမန်အလောင်းများနှင့် မတူသည်မှာ ထိုအနံ့က သေချာဂရုတစိုက် ထိန်းသိမ်းထားပြီးမှ ထွက်လာသောအနံ့လိုမျိုးဖြစ်နေသည်။ ဒီကိစ္စတွင် ဖုန်းရွှေတွင် ကျွမ်းကျင်သော လူတစ်ယောက်က ပါဝင်ပတ်သတ်နေလောက်သည်။
ချုံခယ့်ခယ့်က သူ၏ စကားကို နားထောင်ပြီးနောက် ရုတ်တရက် သူမ၏ မြင်ကွင်းက ဝေဝါးသွားသလို ခံစားရသည်။
ထို့နောက် အချိန်ကြာလာလေလေ သူမက မူးဝေလာလေလေ ခံစားရပြီး ကိုယ့်ခြေလှမ်းကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။ သူမက နင်မုန့်၏ လက်ကို လှမ်းကိုင်လိုက်သည်။
“ငါ ခေါင်းမူးလာပြီ”
တစ်စုံတစ်ရာက သူမကို စုပ်ယူသွားသလိုမျိုး ဖြစ်လာသည်။ သူမ၏ ဦးခေါင်းခွံက စူးရှစွာ နာကျင်လာပြီး ပေါက်ကွဲတော့မတတ်ဖြစ်လာသည်။ သူမက ထိုသို့ ပြောလိုက်သည်နှင့် ရှီချီက သူမကို လက်ပတ်တစ်ခု ပေးလာသည်။
ထိုလက်ပတ်က မကြီးချေ။ အနက်ရောင် ပုတီးစေ့များဖြင့် လုပ်ထားပြီး မာကျောကာ မေဘယ်ကျောက် အရွယ်အစားဖြစ်သည်။ ထို့ပြင် နှလုံးသားထဲ ထိုးဝင်သွားစေသည့် ချိုမြိန်တဲ့ အနံ့ကလည်း ရှိနေသည်။
ချုံခယ့်ခယ့်က ထိုအရာပေါ် ကြည့်လိုက်ပြီးနောက် သံသယဝင်စွာဖြင့် မေးလိုက်သည်။
“ဒါက ဘာလဲ”
ဘာလို့ နင်နင်ကို မပေးဘဲ ငါ့ကို လာပေးတာလဲ။
ရှီချီက လိုရင်းကို ပြောသည်။
“စိတ်ဝိညာဉ်ကို တည်ငြိမ်စေတယ်”
သူက ထိုသို့ ပြောသောအခါ ချုံခယ့်ခယ့်က ချက်ချင်းလိုလို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ကောက်ဝတ်လိုက်သည်။ သူမ၏ မူးဝေမှုက ချက်ချင်း ပျောက်ကွယ်သွားပြီး နေရထိုင်ရ ကောင်းသွားသည်။ အထူးသဖြင့် သူမ၏ လက်ကောက်ဝတ်ဝန်းကျင်တွင် ဖြစ်သည်။ ချုံခယ့်ခယ့်က အံ့ဩသွားလေသည်။
“မကိုက်တော့ဘူး၊ ရှီချီ နင်က အံ့ဩဖို့ကောင်းလိုက်တာ၊ အခု ငါတို့ လုရှီကို ဘယ်လိုကယ်မှာလဲ”
ဒီကိစ္စကို နှောင့်နှေးကြန့်ကြာနေမည်ဆိုလျှင် လုရှီ၏ အသက်က အန္တရာယ်များသည်ဟု ခံစားရလေသည်။
ပို၍ဆိုးသည်မှာ တောအုပ်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဘာရှိနေကြောင်း သူတို့ကလည်း မသိထားချေ။ တောအုပ်ကို ကြည့်ရုံဖြင့်ပင် ကျောချမ်းကာ ကြက်သီးထစေသည်။ သူတို့ကသာ နောက်ကျသွားလျှင် မမြင်နိုင်သော အလှည့်အပြောင်းများက ဖြစ်လာနိုင်သေးလေသည်။
ရှီချီက ပန်းချီကားကို ကိုင်ပြီးမေးသည်။
“ဓားမြှောင်ဘယ်မှာလဲ”
နင်မုန့်က တခဏခန့် ကြောင်သွားပြီးမှသာ သူတောင်းသော ဓားမြှောင်ကို သူမ၏အိတ်ထဲမှထုတ်ပေးလိုက်သည်။
“ဒီမှာ”
သူမက ဓားမြှောင်ကို အမြဲတစေ နေရာတိုင်းသို့ သယ်သွားသည်။ တစ်စုံတစ်ရာက ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်လည်းဖြစ်သည်။ သူမ၏ အသက်က အဆုံးသတ်ခါနီးလာသောအခါ စာတိုက်ပုံးထဲတွင် ထားခဲ့ရန်နှင့် သူမကိုယ်သူမ ကာကွယ်ရန်နှင့် မမျှော်လင့်ထားသော ကိစ္စများကို ကာကွယ်ရန်လည်း အမြဲတစေ သယ်ဆောင်သွားခြင်းလည်း ဖြစ်သည်။
သူမက ထိုစာတိုက်ပုံးထဲတွင် အချိန်အတန်ကြာ သိမ်းဆည်းထားပြီး သူမနောက်ထပ် ခန္ဓာကိုယ်သစ်တစ်ခုထဲသို့ ပြန်လည်ဝင်ရောက်ကာ ရှင်သန်နိုင်သည့်အထိ စောင့်ရမည်ဖြစ်သည်။ သူမကသာ လျှို့ဝှက်နံပါတ်ကို မှတ်မိနေသမျှ ကာလပတ်လုံး ကိစ္စများက ချောမွေ့နေပေလိမ့်မည်။ သူမက ထိုနည်းလမ်းကို တွေးမိချိန်က သူမကိုယ်သူမ ပါရမီရှင်ဟုပင် တွေးခဲ့မိသေးလေသည်။
ချုံခယ့်ခယ့်က သူမ၏ အနားတွင်ရှိသည်။
“ဓားက အရမ်းဟောင်းနေတဲ့ ပုံပဲ”
သူမက ထိုကဲ့သို့သော ဓားမြှောင်မျိုးကို ရုပ်ရှင်ထဲတွင်သာ မြင်ဖူးသည်။ ယခုမူ မျက်စိရှေ့တွင် မြင်လိုက်ရပြီ ဖြစ်သည်။ ဓားမြှောင်က ထူးဆန်းနေသော်လည်း နေရာမှ ကွဲထွက်နေခြင်းမရှိချေ။
နင်မုန့်က မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။
ရှီချီ၏ လက်က အလွန်ဖြူသောကြောင့် ဓားမြှောင်ကို ကိုင်လိုက်သောအခါ ဓားမြှောင်က အလွန်မည်းသွားသလို ဖြစ်သွားသည်။ အနှစ်ချုပ်ဆိုရသော် ပုံပန်းသွင်ပြင်အရ သူ၏လှပမှုကို Highlight ထိုးသွားသလို ဖြစ်သွားသည်။ သူ၏ လက်ချောင်းများက ရှည်ကာ သွယ်လျပြီး ဓားကို ကိုင်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်အလား ထင်ရသည်။ သူက ပြီးပြည့်စုံသော ဖန်တီးမှုနတ်ဘုရားတစ်ပါးနှင့် တူသည်။
ရှီချီက ဓားကျိုးကို ကိုင်ထားပြီးနောက် ချက်ချင်းလိုလို ပန်းချီကား၏ အစွန်းကို ဖြတ်လိုက်သည်။
ပိတ်ကားက အလွယ်တကူဖြတ်၍ ရသည်။ ပန်းချီကား၏ အစွန်းက ဘောင်နှင့် ဆက်စပ်နေပြီး ထိုနေရာက လူ့အရေပြားကဲ့သို့ လှီးဖြတ်လိုက်သည်နှင့် သွေးများ ပန်းထွက်လာကာ ပိတ်ကားတစ်ခုလုံးကို နီရဲသွားစေသည်။
ချုံခယ့်ခယ့်က နှာခေါင်းကို ပိတ်သည်။
“ဒါ သွေးနံ့လား၊ ရွံ့စရာကောင်းလိုက်တာ”
နင်မုန့်ကလည်း ထိုအနံ့က သူမ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာသဖြင့် နှာခေါင်းကို ပိတ်လိုက်သည်။
“ဒီပိတ်ကားကို ဘာနဲ့လုပ်ထားတာလဲ၊ တော်တော်လေးကို ကြောက်စရာပဲ၊ လူအသားလိုမျိုး သွေးတွေတောင် ထွက်လာသေးတယ်”
အစွန်းများကို အဖြတ်ခံရပြီးနောက် ပိတ်ကားက စတင်ကာ ကောက်ကွေးလာပြီး ဘောင်အောက်မှ အရာကို မြင်လိုက်ရသည်။ ဘောင်က သူကိုယ်တိုင်က ထူးခြားနေခြင်း မရှိချေ။ သို့သော် ပိတ်ကားထဲမှ သွေးက ထွက်လာသည့်အချက်က ထူးခြားနေသည်။ သွေးက မများသော်လည်း ဆက်တိုက်ထွက်နေခြင်းက သူတို့ကို ကြောက်လာစေသည်။
ထိုစကားကို ကြားသော ရှီချီ၏ လှုပ်ရှားမှုက ရုတ်တရက် တုန့်ဆိုင်းသွားပြီး ခေါင်းမော့ကာ တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
“မင်း တကယ်သိချင်တာလား”
သူက ထိုသို့ပြောလာကြောင်း ကြားသောအခါ နင်မုန့်က နားထောင်ရကောင်းမည့်ကိစ္စမဟုတ်မှန်း သိလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူမက သိချင်နေသေးသည်။ သူမ၏ ခံစားချက်ကို အချိန်အတန်ကြာ ရုန်းကန်ပြီးမှသာ မျက်လုံးကိုပိတ်ပြီး သေဆုံးခြင်းကို လက်ခံလိုက်သူလိုမျိုးပြောလိုက်သည်။
“ငါ့ကို ပြောပါ၊ ငါ့ကို ပြောလိုက်ပါ၊ နင် ငါ့ကို ဘာလို့ မေးနေသေးတာလဲ”
ရှီချီက မျက်လုံးကို ပင့်သည်။
“ဒီပိတ်ကားကို လူ့အရေခွံနဲ့ လုပ်ထားတာ”
နင်မုန့်။ “…”
ဘာလို့ ငါ့ရဲ့ ဒီရူးအတဲ့ပါးစပ်ကို ဖွင့်လိုက်မိသေးတာလဲ။
…
တစ်စုံတစ်ရာကို သိချင်တဲ့ စိတ်ဆန္ဒ။
တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ