RENH အပိုင်း ၄၉

အပိုင်း (၄၉.၁) နောက်ဆုံးတော့ရပြီ (၁)

သူတို့က အိမ်ထဲမှ ထွက်လိုက်သည်နှင့် ခေါင်းလောင်းမြည်သံလိုအသံက ပို၍ ထင်ရှားလာသည်။
လရောင်အောက်တွင် တစ်ရွာလုံးက လှုပ်လှုပ်ရှားရှား အမူအရာများ မရှိဘဲ အမှောင်ထုအတွင်းတွင် တိုးဝင်ပျောက်ကွယ်နေသလို ဖြစ်နေသည်။
ဒီနေရာတွင် ရွာ၏နေထိုင်မှု မရှိသည့်အလား လေထုက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လွန်းနေခြင်း ဖြစ်သည်။
ရွာသားများက အလွန်နှေးကွေးလွန်းသော အရှိန်နှုန်းဖြင့် လမ်းလျှောက်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် အနောက်မှလိုက်သောအခါ လျင်မြန်စွာ မီသွားသည်။
သူတို့က နဂိုအတိုင်း ပုံမှန်ဝတ်စုံများကို ဝတ်ဆင်ထားကြသော်လည်း မျက်နှာရှိမျက်နှာဖုံးကသာ ကွာခြားနေခြင်းဖြစ်သည်။ ကောင်းကင်က အလွန်မှောင်နေသောကြောင့် သူတို့၏ မျက်နှာအမူအရာများကိုလည်း ထင်ထင်ရှားရှား မမြင်နိုင်တော့ပြန်ချေ။ ထို့ကြောင့် ငရဲမှတက်လာသော မိစ္ဆာကောင်များကဲ့သို့ ထင်နေရသည်။
သူတို့က ဦးတည်ရာသို့ ချဉ်းကပ်လာလေလေ၊ ကြားလာရသော မြည်နေသည့်အသံက ပို၍ ထင်ရှားလာလေလေဖြစ်သည်။
လေပြေက အဖော်ပြုလာပြီး တောင်တန်းတစ်လျှောက်ဖြတ်သန်းသွားကာ မရပ်မနားဆက်တိုက် မြည်ဟိန်းနေခြင်း ဖြစ်သည်။ မူလကတည်းက ဒီဝန်းကျင်တွင် တစ်ရွာတည်းသာလျှင် ရှိပြီး အခြားနေရာတိုင်းက ပြောင်ရှင်းနေခြင်း ဖြစ်သည်။ အသံကမူ သဘာဝအလျောက်ပင် အဝေးမှလာနေပြီး မြစ်ကမ်းဘေးအနားသို့ ရောက်သွားပြီး အကွာအဝေးက နီးသွားလေလေ အသံက ပို၍ ကျယ်လာလေလေ ဖြစ်လာသည်။
သူတို့က တောအုပ်ကို ဖြတ်သွားပြီးသည်အထိ လူသုံးယောက်လုံးက မည်သည့်စကားမှ မဆိုဖြစ်ကြပေ။
မြေပြင်တွင် သစ်ပင်၏ အရိပ်များက ဆန့်ထွက်နေပြီး သစ်ကိုင်းများကလည်း ထူးဆန်းစွာ လိမ်တွန့်နေကြသည်မှာ ရုပ်သေးရုပ်များနှင့် တူလာသည်။ သစ်ရွက်များပေါ် ခြေထောက်များ နင်းလိုက်သောကြောင့် ထွက်လာသောအသံများက အနည်းငယ် သိသာထင်ရှားနေသေးသည့်တိုင်အောင် အရှေ့မှရွာသားများကမူ မည်သည့်အသံကိုမှ မကြားရသလိုမျိုး ရှေ့သို့သာ ဆက်လျှောက်သွားကြသည်။
လျိုရွှမ်း၏ နှလုံးသားက ရင်ဘတ်မှ ထွက်ကျတော့မည်ဟုပင် ထင်သည်။ ဒီမြင်ကွင်းက တက်ကြွလွန်းအားကြီးသည်။
သူမအနေဖြင့် ဒီလိုမြင်ကွင်းမျိုးကို အိပ်မက်မက်ခဲ့ဖူးသော်လည်း စိတ်ထဲမထားခဲ့ချေ။ ထိုကာလက သူမရွာမှ ထွက်မသွားခင်တစ်ညတွင် အိပ်မက်မက်ခဲ့ခြင်းဖြစ်သည်။ သူမကလည်း မျက်နှာဖုံးကို ဝတ်ပြီး တူညီသော အမှောင်ထုအတွင်းတွင် တူညီသော လမ်းများပေါ်တွင် လျှောက်နေသည်ဟု မက်ခဲ့သည်။ သို့သော် သူမ၏ ဦးတည်ရာက မည်သည့်နေရာမှန်း မသိခဲ့ပြန်ချေ။ အဆုံးတွင် သူမက အိပ်မက်မှ နိုးထလာခဲ့သည်။
ယခုမူ ကံကောင်းစွာပင် မျက်နှာဖုံးက သူမနှင့်အတူ ရှိမနေခဲ့ပေ။
သူမ၏ အရှေ့ရှိ အရာအားလုံးကလည်း ထိုရွာသားများက ထိုသို့ ရှေ့ဆက်လျှောက်နေရသည်မှာ သူတို့၏ မျက်နှာရှိ မျက်နှာဖုံးကြောင့်မှန်း သေချာနေခြင်းဖြစ်သည်။ သူမကသာ သူတို့နှင့် အတူနေမည်ဆိုလျှင် သူတို့နှင့်အတူ ယခုကဲ့သို့ လမ်းဆက်လျှောက်နေရလောက်ပြီး သူတို့၏ တစ်ဖွဲ့တည်းသား ဖြစ်သွားလောက်သည်။
ထိုသို့ တွေးမိသောအခါ သူမ သေဆုံးခြင်းမှ ပြန်ဆွဲခေါ်ခံရသလိုမျိုး တစ်ကိုယ်လုံး ကျောချမ်းကာ ချွေးများစိုရွှဲသွားတော့သည်။
လျိုရွှမ်းက မနေနိုင်ဘဲ‌ ပြောလိုက်သည်။
“ကျွန်မတို့ ကျောက်တုံးတံတားကို ရောက်ပြီ “
သူတို့က မြစ်ကမ်းဘေးနားတွင် ရပ်နေလိုက်သည့်အချိန်တွင် ရွာသားများကမူ တံတားပေါ်သို့ တစ်ယောက်ချင်းစီ အတန်းလိုက်တက်သည်။ မျက်နှာချင်းဆိုင်ရှိ တောအုပ်ထဲသို့လည်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
ရှီချီက နေရာတွင် ရပ်နေလျက် သူတို့ကို ကြည့်ပြီးမှ ပြောလာသည်။
“ခဏနေရင် မတူတော့တဲ့အရာတစ်ခုခုကို မြင်ရကောင်း မြင်ရနိုင်တယ်၊ ဒီတော့ မအော်ကြနဲ့”
နင်မုန့်က ခေါင်းညိတ်လိုက်သည်။
လျိုရွှမ်းကမူ ပြောစရာစကားမရှိတော့ချေ။ ထိုသူများက အသေခံရန် စစ်ချီတက်သကဲ့သို့ သွားနေကြခြင်းဖြစ်ပြီး ထူးဆန်းသော မျက်နှာဖုံံးများကို ဝတ်လျက် တောင်တန်းထံဦးတည်နေကြသည်။
မျက်နှာချင်းဆိုင်တောင်တွင် ဘာရှိမှန်း သူတို့က မသိထားလောက်ကြသလို အသံကလည်း မည်သည့်နေရာမှလာကြောင်းလည်း မသိထားလောက်ကြချေ။ သို့သော် ဒီကောင်းကင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပြန်သည်။
လရောင်က တိမ်မည်းများအနောက်သို့ အပြည့်အဝ ဝင်ရောက်သွားလေရာ မြစ်က ပို၍ မှောင်မည်းသွားပြီး ကျောက်တုံးတံတားကလည်း အမှောင်ထုထဲ ကျရောက်သွားသည်။
ထိုလူများကမူ မည်သည့်တုန့်ပြန်မှုမှမရှိကြောင်း သေချာသွားသဖြင့် ရှီချီက သူ၏ဖုန်းကို ဖွင့်ပြီး မီးကို ဖွင့်လိုက်သည်။ သို့ရာတွင် သူက လမ်းမြင်ရရုံလောက်သာ ဖွင့်ကာ ထိန်လင်းသွားသည်အထိ မဖွင့်လိုက်ချေ။
နင်မုန့်က အရှေ့မှလူများကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြောလိုက်သည်။
“သူတို့က လမ်းကို မကြည့်တာ သေချာနေတာပဲ၊ ဒါတောင်မှ မယိုင်သွားဘူး၊ ဘယ်လောက်တောင် ထူးခြားတဲ့ ပါရမီလဲ”
ရှီချီက ခေါင်းလှည့်ပြီး မေးလာသည်။
“မင်း အချိန်အတန်ကြာ စိုက်ကြည့်နေပြီးမှ ဒါပဲ သိတာလား”
ရှီချီက သူ၏စကားကြောင့် ရှက်သွားပြီးမှ မျက်နှာကို တည်ရန် ကြိုးစားလိုက်ပြီး မေးလိုက်သည်။
“ဒါဆိုရင် နင်က ဘာရှာတွေ့လဲ”
ရှီချီက မိနစ်ဝက်ခန့်အထိ စိုက်ကြည့်နေပြီးမှသာ ပြန်ဖြေလာသည်။
“မတွေ့ပါဘူး”
နင်မုန့်က ဆွံ့အသွားသည်။
လူယုတ်မာ။ ငါတောင် လှည့်ကွက်ထဲ ကျသွားတော့မလို့။
သူတို့က စကားပြောနေသည့် အချိန်တွင်ပင် လူတန်းရှည်မှ နောက်ဆုံးတစ်ယောက်က တံတားပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။
ရှီချီ၏ အကြည့်က အနည်းငယ် ပို၍ အေးခဲသွားလေသည်။ သူက ပြောလိုက်သည်။
“ငါတို့ သွားလို့ရပြီ”
နင်မုန့်က သူနှင့်အတူ ကျောက်တုံးတံတားပေါ်သို့ တက်သည့်အခါ ညနေက ဒီနေရာပေါ်တွင် ရပ်နေချိန်ကနှင့် ကွာခြားသွားကြောင်း သိလိုက်သည်။ လေအေးများက အရိုးထဲထိစိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ သူမ၏ လက်ရှိခန္ဓာကိုယ်က ယင်သဘာဝစွမ်းရည်အပြည့်ပါသဖြင့် ရက်စက်ကြမ်းကြုတ်သော ရန်ငြိုးကြီး ဝိညာဉ်များ သဘာဝလွန်ဖြစ်တည်မှုများကို ဆွဲဆောင်မှု ပြင်းထန်လေရာ သူမ သာမန်လူထက် အခံစားရဆုံးလည်းဖြစ်သည်။ ကံကောင်းစွာဖြင့် သူမအနေဖြင့် ထိန်းထားနိုင်ခဲ့သည်။
တံတားကို ဖြတ်ပြီးနောက် ခေါင်းလောင်းသံက ပို၍ပင် သိသာထင်ရှားလာပြီး ပြင်းပြင်းထန်ထန် မြည်ဟီးလာကာ နားများကိုပင် ဒုက္ခပေးလာတော့သည်။ အချိန်တစ်ခုကြာပြီးနောက် နာကျင်မှုက ကျင့်သားရသွားသလိုမျိုး ဖျော့သွားသည်။
လျိုရွှမ်းကလည်း နင်မုန့်၏ အနားသို့ တိုးကပ်လာပြီးနောက်တွင် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“စီနီယာ အစ်မ၊ စီနီယာအစ်မ ခေါင်းလောင်းသံကို ကြားလား၊ လက်ကိုင်ခေါင်းလောင်းလို အသံမျိုးလေ“
နင်မုန့်က ခေါင်းညိတ်သည်။
“ငါ ကြားရတယ်၊ ငါတို့အားလုံး ကြားရမယ်လို့ ငါထင်တယ်”
ရှီချီက တိုးလျစွာ ပြောလာသည်။
“ဒီခေါင်းလောင်းသံက သူတို့ကို ဆင့်ခေါ်နေတာ၊ ရပ်သွားတာနဲ့ အားလုံးနိုးလာလိမ့်မယ်”
ထို့အတွက်ကြောင့် ယခုအချိန်ထိ ခေါင်းလောင်းသံက မရပ်သေးခြင်းဖြစ်သည်။ ထို့အစား ပို၍ ကျယ်ပြီး ပို၍ ရှင်းလင်းပြတ်သားလာသည်။
သူတို့က ကျောက်တုံးတံတားကို ဖြတ်ပြီးနောက် လူသုံးယောက်က နောက်ဆုံးလူ၏အနောက်မှ လိုက်လျက် တောအုပ်ထဲသို့ဝင်ပြီး ပို၍အုံ့မှိုင်းသော သစ်ရွက်များအပြည့်ရှိနေသော နေရာကို ကျော်ဖြတ်သွားသည်။ သူတို့က တောအုပ်ထဲသို့ ကျော်ဖြတ်ပြီးနောက် မြင်ကွင်းက ရှင်းလင်းသွားပြန်သည်။
နင်မုန့်၏ အမြင်က စူးရှသည်။ ယင်ယန်မျက်လုံးကို ရရှိပြီးနောက်တွင် သူမက ညအချိန်တွင် ကောင်းကောင်း မြင်နိုင်သဖြင့် သိပ်မဝေးသော‌ နေရာမှ တဲအိမ်လေးကို မြင်လိုက်ရသည်။
သူမက ရှီချီ၏ အင်္ကျီလက်ကို ဆွဲသည်။
“ကြည့်လိုက်ဦး၊ အဲ့ဒီမှာ အိမ်ရှိတယ်”
ဒါက ဝတ္ထုထဲတွင် ညွှန်းထားသော ဂူဘုရားကျောင်း ဖြစ်လောက်သည်။ တောအုပ်၏ တစ်ဖက်ခြမ်း၏ ကျောချမ်းဖွယ်ကောင်းသော အခြေအနေကို ကြည့်ခြင်းအားဖြင့် ဓားမြှောင်ကို ဘယ်သူမှ မယူသွားသေးလောက်ကြောင်း သေချာသွားသည်။
ရှီချီ၏ အမူအရာက လေးနက်သွားသည်။
“ဒါက နောက်ဆုံးနေရာပဲ”
လျိုရွှမ်းကလည်း ဒါက သူတို့၏ အဆုံးအဖြတ်နေရာမှန်း ခံစားနေရသလိုမျိုး ထိုနေရာသို့ သွားရန် တုန့်ဆိုင်းသွားသည်။ သို့သော် သူမက ဒီနေရာတွင်လည်း မကျန်ရစ်နေရဲချေ။
စီနီယာက အရမ်းတော်တာ။ ငါ့ကို ကာကွယ်ပေးနိုင်မှာပါ။ ဟုတ်တယ်မဟုတ်လား။
သူမက ထိုသို့ တွေးလိုက်ပြီးနောက် လျို့ဝှက်စွာဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူမက အနောက်တွင် ကျန်မနေရစ်ရဲသဖြင့် သူနှင့် စီနီယာအစ်မ၏နောက်သို့ ကပ်လိုက်လိုက်သည်။
သူတို့က အိမ်ထံလျှောက်သွားလေလေ သူမ၏ နှလုံးသားထဲမှ သတိက ပို၍ ကြီးလာလေလေ ဖြစ်လာသည်။
နင်မုန့်က မနေနိုင်ဘဲ အမျိုးမျိုးသော သရဲပုံပြင်များကို တွေးကြည့်လိုက်မိရာ သူတို့က သေရမည်ကို မကြောက်ဘဲ ရှာဖွေစူးစမ်းနေသည့် ဇာတ်လိုက်များလို ခံစားလိုက်ရသည်။ သို့ရာတွင် အသက်ရှင်ရန်အလို့ငှာ သူတို့အနေဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ သွားရမည်ဖြစ်သည်။
ရှီချီက ရုတ်တရက် ခေါင်းလှည့်ပြီး မေးလာသည်။
“ဖရဲစေ့က အရသာရှိလား”
“ဟမ်”
နင်မုန့်က ရုတ်တရက် ကြောင်သွားပြီးနောက် ဖြေလိုက်သည်။
“အင်း အရသာရှိတယ်လေ”
ရှီချီ၏ အကြည့်က အမျိုးအမည်ဖော်မရဘဲ ထူးဆန်းသွားသည်။
နင်မုန့်က သူမ၏လက်ကို ပွတ်လိုက်သည်။
“ဘာလို့ ငါ့ကို ဒီလိုလာကြည့်နေတာလဲ”
ရှီချီက စကားမပြောတော့ချေ။ အကြည့်ကိုသာ ပြန်လွှဲသွားသည်။
မျက်နှာဖုံးနှင့် လူများက တောင်ပေါ်သို့ တက်သွားနိုင်သည်။ တောင်က မမတ်စောက်သောကြောင့် သူတို့က အလွယ်တကူ တက်၍ ရသည်။ နောက်မှ လိုက်လာသော သုံးယောက်ကလည်း လျင်မြန်စွာဖြင့် ထိပ်သို့ ရောက်သွားသည်။
လျိုရွှမ်းက မျက်လုံးပြူးသွားသည်။
“သူတို့က ဘာလို့ရုတ်တရက် ပျောက်သွားတာလဲ”
ငါတို့က ကပ်လိုက်နေခဲ့တာပါ။ ဘာလို့ တောင်ပေါ်ရောက်တာနဲ့ လှည့်ကြည့်လိုက်တော့ ပျောက်သွားတာလဲ။ သူတို့ ပြန်လှည့်သွားတာလား။ မယုံနိုင်စရာဘဲ။
လက်ရှိအချိန် သူတို့၏ အရှေ့တွင် ကွင်းပြင်သာလျှင်ရှိနေသည်။
လရောင်က သူတို့၏ မြင်ကွင်းကို ထင်ရှားစွာ မြင်ရ‌အောင် ထောက်ပံ့ပေးထားသဖြင့် ကျောက်သား ကျောက်စာတိုင်များဖြင့် ဝိုင်းနေသော ကျောက်တုံးအိမ်တစ်အိမ်ကိုသာ မြင်လိုက်ရသည်။
ကျောက်တုံးကျောက်စာတိုင်များကလည်း တစ်ခုချင်းစီ တစ်မီတာစီခန့် ဝေးကွာပြီး အပေါ်တွင်လည်း စာများ ရေးသားထားသည်။ သို့သော် ထိုကျောက်စာတိုင်များက အလွန်ခေတ်နောက်ကျနေသောကြောင့် ရေးသားထားသော စာများက ယခုခေတ်သစ် ဘာသာစကားကဲ့သို့ အရိုးရှင်းဆုံးပုံစံဖြင့် ရေးသားထားခြင်းလည်း မဟုတ်ချေ။
နင်မုန့်က ဓားမြှောင်ဖြင့် သရဲကို ဖိနှိပ်ထားသောလူက ဒီအရာများကို ကြံစည်ထားခဲ့ခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ ကျောက်တုံးကျောက်စာတိုင်များက တစ်စုံတစ်ရာပျက်စီး၍ မရချေ။ ထို့သို့ ပျက်စီးသွားသည်နှင့် ဝင်္ကပါက ပျက်စီးသွားပြီး သရဲက လွတ်သွားလောက်သည်။ ထိုသို့ ဆိုလျှင် ကပ်ဘေးက ကျရောက်လာပေလိမ့်မည်။
စနစ်ကလည်း သူမ၏ အတွေးကို ချီးကျူးသည်။
“မှန်လိုက်တာ၊ ဒီကျောက်စာတိုင်တွေက သင်္ကေတတွေ ထည့်သွင်းပြီး ကျမ်းစာနဲ့ပေါင်းထားတာ၊ သွေးတွေလည်း ထည့်ပေါင်းထားသေးတယ်၊ ဒီတော့ အရမ်းကို ရှားပြီး အဆင့်အရမ်းမြင့်တဲ့နည်းလမ်းလို့ ပြောလို့ရတယ်၊ ကျောက်စာတိုင်တစ်ခု ပျက်စီးသွားတာနဲ့ စည်းက ပေါက်သွားပြီပဲ”
နင်မုန့်က ဒီစည်းကို ဖန်တီးခဲ့သည့် မရင်းနှီးသော ဆရာသခင်ကို ကိုးကွယ်ချင်သွားသည်။
ကျောက်စာတိုင်များ၏ အနောက်တွင် အပျက်စီးပုံများကြား ရောက်နေသလိုမျိုး ဂူဘုရားကျောင်းတစ်ခု ရှိသည်။ အထက်တွင် တစ်စုံတစ်ရာက တောင်ပံခတ်နေသလိုမျိုး တဖပ်ဖပ် အသံများကိုလည်း ကြားရသည်။
လျိုရွှမ်း၏ ထိတ်လန့်မှုက နှလုံးသားထဲမှ ပေါက်ထွက်လာပြီး သူမ၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ သူမ၏ မသိစိတ်အရ ထိုနေရာတွင် အလွန်ကြောက်စရာကောင်းလွန်းသော အရာမျိုးရှိနေသည်ဟု ပြောနေသည်။ သူမက မေးလိုက်သည်။
“ကျွန်မတို့ အထဲကို ဝင်ကြမှာလား၊ ဒီလူတွေက ပျောက်သွားတာဆိုတော့ အထဲကို ဝင်သွားတာ ဖြစ်လောက်လား”
ရှီချီက သူမကို မကြည့်ချေ။
“ဒါပေါ့ ငါတို့ အထဲကို ဝင်ရမယ် “
သူတို့က အထဲကို ဝင်လိုက်သည့်အချိန်မှာပင် ဝိုင်းကာထိုင်နေသော လူအုပ်ကို မြင်လိုက်ရသည်။ အားလုံးက အဝိုင်းသုံးဝိုင်းလို ဝိုင်းပတ်ကာ ထိုင်နေကြခြင်း ဖြစ်သည်။ သူတို့အားလုံးက ကြမ်းပြင်တွင် ထိုင်နေကြပြီး လက်ကောက်ဝတ်မှ သွေးများ စီးကျနေသည်။
အလယ်တည့်တည့်တွင် လူလေးယောက်က ကခုန်နေသည်။ သူတို့၏ လှုပ်ရှားမှုများက တောင့်တင်းနေသလို သူတို့၏ စရိုက်ကလည်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားကာ ပို၍ ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး တဖြည်းဖြည်းချင်း ပျက်စီးနေသော အရုပ်တစ်ရုပ်လိုမျိုး တွန့်လိမ်ရှုံ့တွကာ မျက်စိပသာဒ မဖြစ်တော့ချေ။ သို့သော် မရပ်မနားဆက်ကနေသေးပြန်သည်။
သူတို့က ကနေရင်းမှ လူအများ၏ မျက်နှာဖုံးပေါ်ရှိ သင်္ကေတများက ပြောင်းလဲလာပြီး တဖြည်းဖြည်းချင်း ပို၍ သိသာထင်ရှားလာပြီး အဆုံးတွင် တစ်ပုံစံတည်း ဖြစ်သွားသည်။
လျိုရွှမ်းက ဘာကြောင့်ရယ်မသိ ဆက်တိုက် တုန်ယင်လာသည်။ သူမ၏ အရှေ့ရှိအရာအားလုံးကို ကြည့်နေရင်းမှ သူမ၏ အတွေးများက အေးစက်လာပြီး အတွေးများကပင် အေးခဲသွားသည်။
တံခါးဝတွင် ရပ်နေသော သူတို့သုံးယောက်ကို တစ်ဖက်လူများက ရှာမတွေ့သွားလျှင် အကောင်းဆုံးဖြစ်သည်။
###
အပိုင်း (၄၉.၂) နောက်ဆုံးတော့ ရပြီ (၂)

နင်မုန့်က စနစ်ကို လှည့်ကာ အကူအညီတောင်းသည်။
“ဒီအကကို ပျက်သွားအောင် ဘယ်လိုလုပ်ကြမလဲ၊ ဒါက ထူးဆန်းလွန်းတယ်”
စနစ်က အချိန်အတန်ကြာမှသာ အဖြေတစ်ခု ပေးလာသည်။
“မြည်နေတဲ့ခေါင်းလောင်းကို ရပ်အောင် လုပ်လိုက်ပါ”
ရှီချီကလည်း အလားတူအတွေးရှိဟန်ရသည်။ သိပ်မကြာခင်မှာတင် သူတို့က အသံအရင်းအမြစ်ကို ရှာတွေ့သွားကြသည်။ ကျောက်တုံးဖြင့် လုပ်ထားသော ခေါင်းလောင်းတစ်ခု ဖြစ်သည်။
အရွယ်အစားက အလွန်ကြီးပြီး ထိပ်ဆုံးတွင် တွဲလောင်းကျလျက် ရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ပြိုလဲကျခါနီးအနေအထားမျိုးတွင် ရှိနေသော ဂူဘုရားကျောင်း၏ ထိပ်တွင် ရှိနေသောကြောင့် ဂရုတစိုက်သာ မကြည့်လျှင် မြင်နိုင်ရန် ခက်ခဲပေသည်။
လျိုရွှမ်းက ခေါင်းလောင်းကို လက်ညှိုးထိုးပြီး အဆက်စပ်တည့်အောင် မပြောနိုင်တော့ချေ။
“ဒါ ဒါ ဒါက “
သူမ၏ရှေ့ရှိ ခေါင်းလောင်းက သူ့အလိုလို ယမ်းနေခြင်း ဖြစ်သည်။
မမြင်ရသော လက်တစ်ဖက်က ခေါင်းလောင်းကို လှုပ်နေသလိုမျိုး ခေါင်းလောင်းက မရပ်မနား မြည်သံထွက်နေလေပြီး ကြည်လင်ပြတ်သားသည့် လေးလံသည့် အသံကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။
နင်မုန့်က မျက်မှောင်ကြုတ်သည်။ သူမက ဘေးဘက်မှ ကျောက်တုံးလေးများကို ကောက်လိုက်ပြီးနောက် တစ်ခုကို ယူကာ ခေါင်းလောင်းကို ပစ်သည်။ သို့ရာတွင် သူမ၏ လက်ကောက်ဝတ်က လှုပ်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သို့ရာတွင် ရှီချီက ကံကောင်းစွာပင် ထိန်းပေးလိုက်နိုင်သည်။
“မင်း … “
အဆုံးတွင် ရှီချီက စကားကို ဆုံးအောင် မပြောတော့ချေ။ သူမ၏ လက်ထဲမှ ကျောက်တုံးတစ်တုံးကိုသာ ယူပြီးပစ်လိုက်သည်။
လူနှစ်ယောက်လုံးကလည်း ကျောက်တုံး၏မျက်နှာပြင်ပေါ်တွင် ခရက် ဆိုပြီး ကွဲအက်ရာပေါ်လာခြင်းနှင့် အသံက တခဏ ရပ်တန့်သွားပြီးမှ ပြန်လည်မြည်လာခြင်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ အသံက ယခင်ထက် တိုးသွားသည်။
လျိုရွှမ်းက သူတို့ကို လှည့်ကြည့်ပြီးနောက် ပျော်ရွှင်စွာ ပြောသည်။
“အခုလေးတင် သူတို့ရဲ့ လှုပ်ရှားမှုကလည်း ရပ်သွားတယ်၊ တကယ် အလုပ်ဖြစ်တာပဲ”
ရှီချီက မတုန့်ပြန်ဘဲ နောက်ထပ် တစ်တုံးဖြင့် ခေါင်းလောင်းကို ထပ်ပေါက်လိုက်သည်။
ကျောက်တုံးခေါင်းလောင်းက ထိုဒဏ်ကို တောင့်မခံနိုင်တော့ဘဲ နောက်ဆုံးတွင် အစိပ်စိပ်အပိုင်းပိုင်းအဖြစ် ကွဲအက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ကျယ်လောင်သောအသံကို ထွက်ပေါ်လာစေသည်။ လူတိုင်း၏ နားအတွင်းတွင် ဆက်တိုက်မြည်ဟီးနေသော ခေါင်းလောင်းသံကလည်း ရုတ်ချည်း ရပ်တန့်သွားတော့သည်။
နင်မုန့်က သူမ၏ မျက်လုံးပြူးထွက်လာတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူမက ကျောက်တုံးတစ်တုံးကို ပစ်လိုက်သောအခါ တုန့်ပြန်မှုအနည်းငယ်ပင် မရှိခဲ့ချေ။ သို့သော် ရှီချီကမူ နှစ်ကြိမ်ခန့် ပစ်လိုက်ရုံဖြင့် ဖျက်ဆီးလိုက်နိုင်သည်။
အား ဒီလောကက ငါ့ကို မမျှမတ ဆက်ဆံတာပဲ။ နည်းနည်းလေးမှကို မမျှတဘူး။
လျိုရွှမ်းကလည်း ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်တော့ချေ။ သို့သော် ထုတ်မပြောရန် ဉာဏ်ပညာရှိစွာ ရွေးချယ်လိုက်သည်။
ရှီချီက ကျောက်တုံးကို ဘေးဘက်သို့ လွှင့်ပစ်လိုက်ပြီးနောက်တွင် နင်မုန့်ကို ဘုရားကျောင်း၏ အလယ်သို့ ဆွဲခေါ်သွားသည်။ အားလုံးကလည်း ကခုန်နေခြင်းကို ရပ်တန့်လိုက်ကြပြီဖြစ်သည်။
သို့ရာတွင် မြေပြင်တွင် သွေးအိုင်က ရှိနေသေးပြီး ည၏အမှောင်အတွင်းတွင် ရောက်နေလေရာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ပို၍ ဆိုးသည်မှာ အလယ်ကို ဝိုင်းကာ ထိုင်နေကြသလိုမျိုးဖြစ်နေကြခြင်း ဖြစ်သည်။
ရုတ်တရက် စက်ဝိုင်းအလယ်မှ လူတစ်ယောက်က လှုပ်လာသည်။
လျိုရွှမ်းကလည်း သူ့ကို ဂရုတစိုက်ကြည့်လိုက်ပြီးနောက်တွင် ထိုလူက ဒီနေ့ခင်းက ဦးလေးလီဆိုသောသူ ဝတ်ထားသော ဝတ်စုံနှင့် တူညီသော ဝတ်စုံကို ဝတ်ထားကြောင်း သိလိုက်ရသဖြင့် သူဖြစ်မည်ဟု တွေးလိုက်မိပြီး အလျင်အမြန် ခေါ်လိုက်သည်။
“ဦးလေးလီ၊ ဦးလေးလီအသိပြန်ဝင်လာပြီလား”
အချိန်တစ်ခုကြာပြီးနောက် ဦးလေးလီက နောက်ဆုံးတွင် ခေါင်းမော့လာသည်။ သို့သော် သူ၏ ခေါင်းက အောက်က ဆွဲထားသလို ပြန်ငုံ့ကျသွားပြီး မျက်နှာဖုံးအောက်မှ ဝေဝေဝါးဝါး အသံ ထွက်လာသည့်တိုင်အောင် ဘာစကားမှပြောမလာခဲ့သေးချေ။
ရှီချီက ဘေးဘက်တွင် ရပ်လျက် အေးစက်သော မျက်လုံးများဖြင့်သာ ကြည့်နေသည်။
နင်မုန့်ကလည်း သူက မျက်နှာသေဖြင့်သာ ရှိနေသေးကြောင်း မြင်သောအခါ ထိုင်နေသော ဘဲတစ်ကောင်လို နာနာခံခံဖြင့်သာ ဆက်နေလိုက်သည်။ ဒီနေရာ ကျောချမ်းဖွယ်ကောင်းလွန်းလှသည်။ ပေါက်ကရလျှောက်မလုပ်လျှင် အကောင်းဆုံးဖြစ်သည်။ သူမအနေဖြင့် ဓားမြှောင်က မည်သည့်နေရာတွင် ဝှက်ထားကြောင်း မသိနိုင်သေးချေ။
သူမက သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စနစ်ကို မေးလိုက်သည်။
“ငါ တကယ်ပဲ အဲ့ဒီဓားမြှောင်ကို ကိုင်လို့ရမှာလား၊ ငါ ကိုင်နေရင်းနဲ့ အသတ်ခံရတာရော မဖြစ်နိုင်ဘူးလား “
စနစ်က ပြန်ဖြေသည်။
“ဘယ်သူမဆို ဒီလိုအရာမျိုးကို ထိတွေ့ကိုင်တွယ်နိုင်ပါတယ်”
စာအုပ်ထဲတွင် ရေးသားထားသည့်အတိုင်း အံ့ဩစရာကောင်းလွန်းလှပေသည်။ ဓားမြှောင်က နှစ်ရာကျော်တိုင် တစ္ဆေတစ်ကောင်ကို ဖိနှိပ်ထားခဲ့ပြီး ထိုချိပ်ပိတ်ထားခဲ့သော ကျွမ်းကျင်ပညာရှင်၏ အရှိန်အဝါများကလည်း တည်ရှိနေသေးသည်။ အပြည့်အဝပျောက်ကွယ်သွားပြီးသော အခြေအနေမျိုးဖြစ်နေနိုင်သည့်တိုင်အောင် ဓားမြှောင်ထဲတွင် ရှိနေသော အရှိန်အဝါကတင် တခြားသော တစ္ဆေသရဲရိုင်းများကို အနားမကပ်နိုင်အောင် လုပ်နိုင်သည်။ ထို့ကြောင့် အသက်ကို ကာကွယ်နိုင်သော နည်းလမ်းကောင်းတစ်ခုဟု ဆိုနိုင်ပေသည်။
နင်မုန့်ကို သူမကိုယ်သူမ အားနည်းလွန်းသည်ဟု အမြဲတစေ တွေးထင်နေမိသူဖြစ်သည်။ သူမက ရှီချီ၏ အနားသို့သာ အမြဲတစေ ကပ်နေရပြီး သရဲများကို မြင်နေရသော စွမ်းရည်မှတပါး တခြားလုပ်နိုင်သည့်အရာလည်း မရှိချေ။ တခါတရံတွင် သူမ ထိုသို့ ယင်ယန် မျက်လုံးတစ်စုံကို မပိုင်ဆိုင်လျှင် ပို၍ကောင်းမည်ဟုပင် ခံစားမိသည်။ သို့ရာတွင် အသေအချာ စဉ်းစားသုံးသပ်ပြီးနောက် သူမတွင်သာ ထိုမျက်လုံးများ မရှိလျှင် တစ္ဆေအမဲလိုက်သည့်အခါ အခြေအနေများကို မြင်နိုင်တော့မည်မဟုတ်ချေ။ ထိုသို့ဖြစ်လာသည့်အခါ ယခုလိုမြင်နေရခြင်းက ပို၍ ကောင်းသည်ဟု တွေးမိသွားပြန်သည်။
ထို့နောက် သူမက သူမ၏အသက်ကို ကာကွယ်နိုင်မည့် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိပြီး သူမ၏ ကျန်သောဘဝတွင် ကောင်းကောင်း အသုံးပြုသွားလိုက်ပေမည်။ သူမက မသေခင် ဓားမြှောင်ကို မြှုပ်ထားလိုက်ပြီး နောက်ဘဝအသက်ရှင်ပြီးမှသာ ပြန်တူးဖော်၍ အသုံးပြုလို့ရသေးသည်။
နင်မုန့်က မနေနိုင်ဘဲ ခေါင်းညိတ်ကာ ကိုယ့်ကိုယ်ကို အသိအမှတ် ပြုလိုက်သည်။ သူမ၏ ဒီအကြံက တိုတောင်းသော်လည်း ပြောင်မြောက်လွန်းလှသည်။
နင်နင်၏ ခန္ဓာကိုယ်က မေလတွင် ကားမတော်တဆမှုဖြင့် သေဆုံးရမည်ဖြစ်သည်။ သို့သော် အချိန်က အတန်ကြာသေးလေရာ ရှီချီကိုပဲ အားလုံးမှီခိုနေ၍ မရချေ။ ထို့အစား သူမဘာသာ လှုပ်ရှားခြင်းက ပို၍ ကောင်းနိုင်သည်။
ဦးလေးလီကို နိုးအောင် လုပ်ခြင်းမှလွဲပြီး အခြားလူများကလည်း အမူအရာမဲ့စွာဖြင့် ထိုင်နေကြသည်။ သူတို့က ကျောက်ရုပ်များဖြစ်သွားသည့်အလားပင် ထင်ရသည်။
လျိုရွှမ်းက အနီးကပ်မလာရဲဘဲ ဘေးဘက်မှသာ မေးလိုက်သည်။
“ဦးလေးလီ၊ ဦးလေးလီ ဘာတွေဖြစ်နေလဲ သိလား”
သို့သော် ဦးလေးလီက သူမကို ပြန်မဖြေလာဘဲ မျက်နှာဖုံးကိုသာ အတင်းဆွဲခွာရန် ကြိုးစားသည်။ ထို့သို့သော အသားကုန်ခွာနေသဖြင့် အစွန်းများကပင် သွေးများစီးကျလာသည်။
စပြီးကတည်းက ရပ်တန့်ရန် ခက်ခဲသွားပေသည်။ သွေးများက ပို၍ပို၍သာ ထွက်လာခဲ့ပြီး သူ၏ အင်္ကျီကိုပင် စိုရွှဲသွားတိုင်အောင် သူက နဂိုအတိုင်း တည်ငြိမ်နေသေးသည်။
မျက်နှာဖုံးကို အပြည့်အဝ ဆွဲဖြဲပြီးသွားသောအခါ မျက်နှာမှ အရေပြားကပင် ပြဲလျက်ပါသွားသည်။
“အား …”
သူမ၏ ပါးစပ်မှ အသားကုန်အော်ဟစ်သံက အစပိုင်းထွက်သွားပြီးနောက်တွင် လျိုရွှမ်းက သူမ၏ ပါးစပ်ကို လက်ဖြင့် ခပ်မြန်မြန် ပိတ်လိုက်သည်။ သူမက ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အနောက်မှ တိုင်နှင့် ထိမိသွားသည်။ ကျောပြင်မှ အေးစက်သော ခံစားချက်က သူမ၏ ကိုယ်ကို တုန်ယင်လာစေပြီး သူမ၏ အရှေ့ရှိ ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို တုန်ယင်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်မိသည်။
လျိုရွှမ်းအနေဖြင့် သူမ၏ အမြင် မမှားကြောင်း သေချာသည်။ ဦးလေးလီက ကိုယ့်မျက်နှာကိုယ် ဆွဲဖြဲလိုက်ခြင်း ဖြစ်သည်။
နင်မုန့်ကလည်း လေအေးများကို ရှူရှိုက်လိုက်ရသည်။ ရှီချီကမူ နင်မုန့်၏မျက်လုံးကို အချိန်မီ မကာပေးလိုက်နိုင်သည့်အတွက် မပျော်မရွှင် ဖြစ်သွားသည်။
သွေးလွှမ်း‌သော မျက်နှာနှင့် ဦးလေးလီက မျက်နှာဖုံးကို လက်တွင်ကိုင်လျက် ယိုင်တိုင်တိုင်ဖြင့် ထရပ်လာသည်။ သူက ဘုရားကျောင်း၏ ထွက်ပေါက်ထံသို့ မည်သူ့ကိုမှ သတိမထားမိသည့်အလားသာ လျှောက်သွားသည်။ သိပ်မကြာမီအချိန်မှာပင် သူ၏ ပုံရိပ်မှာ ညအမှောင်အတွင်း ပျောက်ကွယ်သွားသည်။
သူက ထွက်ခွာသွားခြင်းက အချက်ပြသလို ဖြစ်သွားပြီး ကျန်သောလူများအားလုံးက မျက်နှာဖုံးများကို ဆွဲခွာကြပြီး ကိုယ့်မျက်နှာကိုယ် ဆွဲဖြဲလိုက်ကြသည်။ ထို့နောက် သူတို့ကလည်း အပြင်သို့ လျှောက်သွားကြသည်။
နင်မုန့်က အသက်ကို အငမ်းမရရှူလျက် ထိုမြင်ကွင်းကို ကြည့်နေရကာ သူမကိုယ်သူမ အသိပြန်ဝင်အောင် လျှာကို ကိုက်လိုက်မိသည်။
ဘာ ဘာတွေ ဖြစ်နေတာလဲ။ သူတို့က ဘာလို့ ရုတ်တရက်ကြီး …
ဒီလူတွေက ဒီအတိုင်း ဆက်ရှင်နိုင်မှာလား။
သူမက မှတ်မိသည်မှာ မှန်ကန်လျှင် မျက်နှာကို ဆွဲဖြဲခံရသော မျက်နှာတွင် အမာရွတ်ရှိသည့်လူဆိုလျှင် နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့သည်။
ဒါကို ဒီလူတွေက ဘာလို့ လမ်းဆက်လျှောက်နိုင်နေတာလဲ။ ရှီချီက သူမ၏ မျက်နှာသို့ လှည့်ကြည့်လာသည်။
“မကြည့်နဲ့တော့၊ ငါတို့က ဒီနေရာကို အခြားကိစ္စကြောင့် ရောက်လာတာလေ “
နင်မုန့်က မျက်တောင် တချက်ခတ်ပြီး ကိုယ့်မျက်နှာကိုယ်ဆွဲဖြဲသွားသော လူအများ၏ပုံရိပ်ကို ဖယ်ရှားနိုင်ရန် အသားကုန်ကြိုးစားသည်။ သူမ၏ နှလုံးခုန်နှုန်းက ဆက်တိုက်မြန်ဆန်လာပြီး တဖြည်းဖြည်းမှ တုန့်ပြန်လိုက်သည်။
“အား”
သူမက လျိုရွှမ်းကို မေးလိုက်သည်။
“နင်အဆင်ပြေရဲ့လား”
လျိုရွှမ်းကလည်း ထိုအခါ အသိပြန်ဝင်လာပြီး ‌တံတွေးမြိုချသည်။
“ဘာ ဘာမှမဖြစ်ပါဘူး”
သူမက မှန်လေးကို ထုတ်ပြီး မျက်နှာကို ကြည့်လိုက်သောအခါ အံ့အားသင့်စရာကောင်းလောက်အောင် သူမ၏ မျက်နှာပေါ်ရှိ မျက်နှာဖုံးမှ သင်္ကေတများက လျော့နည်းသွားကြောင်း တွေ့လိုက်ရသည်။
လျိုရွှမ်းက ဦးလေးလီနှင့် အခြားလူများကဲ့သို့ ပြောင်းလဲသွားပြီး မနေနိုင်တော့ဘဲ ကိုယ့်မျက်နှာမှ မျက်နှာဖုံးကို ဆွဲဖြဲကာ ခွာမိမည့်အရေးကို ကြောက်လန့်စိတ်အား ရပ်တန့်ရန် ကြိုးစားလိုက်သည်။
သူမက ရှီချီကို ကြည့်သည်။
“စီနီယာ ကျွန်မတို့ အခု ဘာလုပ်သင့်လဲ”
ရှီချီက စကားအနည်းငယ်ကို ဖြည်းညင်းစွာ ပြောပြလာသည်။
“မျက်နှာဖုံးကို ရှာ”
နင်မုန့်က အနည်းငယ် စိတ်ရှုပ်သွားသည်။
“ငါတို့က ဘာလို့ မျက်နှာဖုံးကို ရှာရမှာလဲ”
ရှီချီ၏အကြည့်က အနည်းငယ် တွန့်သွားသလိုမျိုး ဖြစ်သွားပြီးနောက် ရှင်းပြပေးလာသည်။
“သူမ ဝတ်ထားတဲ့ မျက်နှာဖုံးက ပျောက်သွားတယ်၊ ဒါပေမယ့် ရွာကလူတိုင်းမှာ မျက်နှာဖုံးတစ်ခုစီရှိတယ်၊ ဆိုလိုတာက သူမကလည်း အဲ့ဒီမျက်နှာဖုံးကို ရထားသင့်ပြီး မပျောက်သွားသင့်ဘူး”
ရှင်းလင်းစွာဖြင့်ပင် ဒီနေရာသို့ လာသည့်လူတိုင်းကို မျက်နှာဖုံးက ခေါ်ဆောင်လာခြင်းဖြစ်ပြီး လျိုရွှမ်းအတွက် ဖြစ်သော ထိုမျက်နှာဖုံးကလည်း သူမဝတ်ဆင်ပြီး ဒီနေရာသို့ ရောက်လာသင့်နေသည်။ သို့ရာတွင် မတော်တဆမှုက အလယ်တွင် ဖြစ်ပျက်လာခဲ့သည်။ ထို့ကြောင့် သူမက မျက်နှာဖုံးကို လွှင့်ပစ်လိုက်မိသည်။
လျိုရွှမ်းကလည်း သူ၏ အဓိပ္ပာယ်ကို နားလည်သဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူမက ကံကောင်းသွားသည်။ သို့မဟုတ်လျှင် သူမ၏ အသက်လေးက လွင့်သွားလောက်ပေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ကျယ်လောင်သော မြည်သံထွက်ပေါ်လာသည်။ သူတို့အဖွဲ့က တံခါးနောက်သို့ သွားပြီး ကြည့်လိုက်သောအခါ ကျောက်စာတိုင် တစ်တိုင်က ကွဲအက်လာသည်ကို မြင်လိုက်ရသည်။
ရှီချီ၏ အကြည့်က မကောင်းတော့ချေ။ ထိုကျောက်စာတိုင်များပေါ်မှ ရှေးဟောင်းကျမ်းစာများက ဘာကိုဆိုလိုကြောင်းနှင့် ယခုလိုမျိုး ကွဲအက်ပျက်စီးသွားလေရာ ဖြစ်လာသော သက်ရောက်မှုက သူတို့လက်သင့်မခံနိုင်လောက်ကြောင်း နားလည်သွားကြသည်။
အသံနှင့်အတူ မြေပြင်ထဲမှ မြူနက်လို အရာမျိုးက စတင်ကာ ထိုးထွက်လာသည်။
ရှီချီက ချက်ချင်း ဆုံးဖြတ်ကာ ပြောသည်။
“အထဲဝင်”
###
အပိုင်း (၄၉.၃) နောက်ဆုံးတော့ ရပြီ (၃)

နင်မုန့်က သူက သူမကို ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။
“နင်က ဘယ်လိုလုပ်မလဲ၊ ကျောက်စာတိုင်က ကွဲအက်သွားပြီ၊ ငါတို့ မြန်မြန် ထွက်မသွားသင့်ဘူးလား”
ထိုရွာသားများ မည်သည့်နေရာသို့ ထွက်သွားကြောင်း သူတို့က မမြင်နိုင်တော့ချေ။ အကြောင်းမူကား သဲလွန်စများ မရှိအောင် ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ကျောက်စာတိုင် တစ်ခုချင်းစီတိုင်းက ဝိညာဉ်လိုလို အရာမျိုးက ထွက်လာရန် ကြိုးစားနေသည်။ အလွန်ပင်နှေးကွေးလွန်းနေသးသည့်တိုင်အောင် သူတို့အပြည့်အဝလွတ်မြောက်သွားရန် အချိန်သိပ်မလိုကြောင်း သိနိုင်သည်။ သို့ရာတွင် လျိုရွှမ်းကမူ မမြင်နိုင်သဖြင့် တစ်စုံတစ်ရာက မှားယွင်းနေကြောင်းကိုသာ ခံစားမိနိုင်သည်။
“စီနီယာအစ်မ၊ စီနီယာအစ်မ ဘာကို မြင်နေရလို့လဲ၊ သရဲတွေ ထွက်လာတာလား”
သူမက နောက်ဆုံးအချက်ကိုသာ အဓိကအာရုံစိုက်သည်။
နင်မုန့်၏ ပတ်ဝန်းကျင်မှလေ၏ တိုက်ခတ်မှုက အေးစိမ့်သည်ထက် အေးစိမ့်လာပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ပင် ဝင်တိုးရန် ကြိုးစားကာ အရိုးထဲသို့ စိမ့်ဝင်လာနေသည်။
ရှီချီက လှည့်ကြည့်ပြီး အလေးအနက်ထားကာ ညွှန်ကြားသည်။
“အထဲကိုဝင် “
ထို့နောက် သူက ကျောက်စာတိုင်များ၏ အလယ်ဗဟိုနေရာသို့ သွားပြီး လျင်မြန်စွာဖြင့် ရေးဆွဲတော့သည်။ နင်မုန့်က အမြင်စူးရှသဖြင့် သူ၏ လက်ချောင်းထိပ်များမှာ အမှုန့်များ ကျသွားကြောင်း မြင်လိုက်ရသည်။ သူက အဆောင်လက်ဖွဲ့ဆွဲနေခြင်းနှင့် တူသည်။
သူ၏ လှုပ်ရှားမှုနှင့်အတူ အပြင်သို့ ထွက်တော့မည့် စိတ်ဝိညာဉ်လိုအရာမျိုးများက လှုပ်ရှားမှုအလွန့်အလွန် နှေးကွေးသွားပြီး နောက်ပြန်ဆွဲထားခံရသလို ဖြစ်သွားကြသည်။ မြူထုက ထွက်နေသေးသော်လည်း အရှိန်က သိသိသာသာ လျော့ကျသွားသည်။
အနက်ရောင်လေထုက အကာအကွယ်အလွှာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရှီချီ၏ ကိုယ်ကို ထိတွေ့ရန် ကြိုးစားသောအခါ ပြင်းထန်စွာ ဆွဲဖြဲခံရသည်။ သူ၏ ပတ်ဝန်းကျင်က ငြိမ်းချမ်းသောနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရသလို ဖြစ်သွားသည်။ အနက်ရောင်လေထုပင် ဖြစ်စေ၊ လိမ်တွန့်နေသော ဝိညာဉ်များပင်ဖြစ်စေ အနားသို့ မကပ်ရဲကြချေ။ သူက ဆက်လက်ပြီးဆွဲနေသည့်အချိန်တွင် အနက်ရောင်အမှုန့်များက အောက်သို့ ကျသည်ထက် ကျနေပြီး အရှိန်ကလည်း ပို၍ နှေးသည်ထက် နှေးသွားစေသည်။
နင်မုန့်က ခါးမတ်လိုက်ပြီးနောက်တွင် လျိုရွှမ်းကို အထဲသို့ ခေါ်သွားကာ ပြောလိုက်သည်။
“လျိုရွှမ်း နင့်ရဲ့ မျက်နှာဖုံးကို သွားရှာရအောင်”
လျိုရွှမ်းက ဝေတိဝေဝါးဖြင့် ခေါင်းညိတ်ပြလာသည်။
ဘုရားကျောင်းက အလွန်မှောင်ကာ အေးစက်နေသည်။ ထို့ကြောင့် ဖုန်းမီးအကူညီအဖြင့်သာ လျိုရွှမ်းနှင့် နင်မုန့်တို့က ဆက်ရှာရသည်။
ဘုရားကျောင်း၏ တစ်ဝက်က ဖျက်ဆီးခံထားရပြီးသားဖြစ်သည့်အတွက် အခြားတစ်ဝက်ကသာ အကောင်းတိုင်းကျန်ရစ်ပြီး ထိုတစ်ဝက်ကလည်း ယခင်လူများက ကခုန်သွားခဲ့သည့် အဓိကခန်းမတစ်ခု ဖြစ်နေခဲ့ပြန်သည်။ မြေပြင်တွင်လည်း သွေးများက ကျန်နေရစ်သေးပြီး မျက်လုံးထဲ ကိုးလို့ကန့်လန့်ဖြစ်နေသည်။
လျိုရွှမ်းက နင်မုန့်၏ဘေး ညာဘက်ခြမ်းတွင် ပြင်းပြင်းထန်ထန် ရှာဖွေနေသည်။ မည်သို့ပင်ဆိုစေ ၎င်းက သူမ၏ အသက်နှင့်ဆက်စပ်နေသည်။
ထိုဘုရားကျောင်းက သိပ်မကြီးသောကြောင့် မိနစ်အနည်းငယ်အတွင်း ရှာ၍ ပြီးသွားသည်။ နင်မုန့်က တဖက်ခြမ်းမှ ပြိုကျနေသော ဘက်သို့ ကြည့်လိုက်သည်။ သို့ရာတွင် လျိုရွှမ်းကမူ ကြောက်လန့်ပြီး တုန့်ဆိုင်းနေသည်။ သူမက တိုးလျသော လေသံဖြင့် သတိပေးလာသည်။
“စီနီယာအစ်မ၊ ကျွန်မတို့ အခြားတစ်ဖက်မှာ ဘာရှိမှန်းမသိသေးဘူးလေ “
တကယ်လို့ အဲ့ဒီကနေ တစ်ခုခု ထွက်လာခဲ့ရင်ရော …
နင်မုန့်ကမူ မည်သည့်နေရာက သတ္တိများ ရောက်လာသည်မသိ သတ္တိရှိလာသည်။ ရှီချီက အပြင်တွင် ရှိနေသေးသဖြင့် သူမက လေးလံသောလေသံဖြင့် ပြောလိုက်သည်။
“နင် မလုပ်ချင်ရင်လည်း ထားလိုက်တော့ “
လျိုရွှမ်းက စိတ်ပြောင်းသွားသည်။
“ကျွန်မ လုပ်မယ်၊ ကျွန်မ ဆန္ဒရှိပါတယ် “
မည်သို့ပင် ဆိုစေကာမူ သူမ၏ မျက်နှာဖုံးက ရှာမတွေ့သေးလေရာ ထိုနေရာတွင် ရှာဖွေရန် လိုအပ်သည်။
လူနှစ်ယောက်က စတင်ပြီး အပျက်အစီးပုံကို ရှင်းလင်းကြပြီး အထဲသို့ ဝင်သထက် ဝင်သွားကြသည်။ ထိုအခိုက် အချိန်အတန်ကြာ ကုန်လွန်သွားပြီ ဖြစ်သည်။
လျိုရွှမ်းက အတွင်းတွင် ရှာဖွေခြင်းကို လက်လျော့လိုက်ချင်သည်။ သို့သော် သူမ၏ မျက်နှာရှိ မျက်နှာဖုံးနှင့်အတူ ရွာသားများက မျက်နှာဖုံးကို ဆွဲဖြဲပြီး မျက်နှာအရေခွံကပါ ကပ်ပါသွားသည်ကို ပြန်တွေးလိုက်မိပြီး သူမကသာ ထိုသို့ လုပ်ရလျှင် ဆိုသော အခြေအနေကို တွေးမိကာ မနှောင့်နှေးရဲတော့ဘဲ အလျင်အမြန် ဆက်ရှာတော့သည်။
သူတို့က ထိုသို့ အသားကုန် ရှာဖွေလုပ်ကိုင်နေခဲ့ကြပြီး ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို မရွှေ့လိုက်ပြီးနောက်တွင် အောက်တွင် ရှိသည့်ပစ္စည်းတစ်ခုကို မြင်လိုက်ရသည်။
နင်မုန့်က နောက်ဆုံးတွင် ဓားမြှောင်ကို ရှာတွေ့သွားသည်။
လက်စသတ်တော့ အပျက်စီးပုံရဲ့ အောက်မှာ ရှိနေတာကိုး။ ရှာမတွေ့တာ မအံ့ဩတော့ပါဘူး။
မျက်နှာဖုံးကလည်း အတွင်းပိုင်းတွင် ရှိနေပြန်သည်။ အပေါ်ရှိ သင်္ကေတများကလည်း နည်းသည်။ လျိုရွှမ်းက အစပိုင်းတွင် ဝတ်ဆင်ခဲ့သော ပုံစံနှင့် အလွန်တူလေသည်။ သို့သော် အချိန်ကြာလေလေ သင်္ကေတများက ပေါ်လာခြင်း ဖြစ်လောက်သည်။
လျိုရွှမ်းကလည်း မျက်နှာဖုံးကို မြင်မှသာ စိတ်အေးသွားသည်။
“ဒါက ကျွန်မ နေ့တိုင်းမြင်နေတဲ့ ပုံစံပဲ၊ တဖြည်းဖြည်းချင်း ဒီလိုသင်္ကေတတွေများသထက်များလာပြီး မျက်နှာတစ်ခုလုံးအပြည့်ဖြစ်သွားတာ “
မျက်နှာဖုံး၏ မျက်ခုံးကြားထဲတွင် ဓားမြှောင်တစ်ချောင်းက စိုက်ဝင်နေသည်။ ဓားမြှောင်က ပါးစပ်ဖြင့် အကိုက်ခံလိုက်ရသလိုမျိုး တစ်ဝက်က ပြုတ်ကျလုမတတ်ဖြစ်နေသော်လည်း ပြုတ်ကျမလာခဲ့ချေ။ အထဲတွင် မြဲမြံစွာဖြင့် စိုက်ဝင်နေခဲ့သည်။
နင်မုန့်၏ အကြည့်က အပေါ်ပိုင်းတွင်သာ ရှိနေသည်။ သူမအနေဖြင့် ဝတ္ထုထဲက ပြောထားသည့်အတိုင်းသာဆိုလျှင် တစ်စုံတစ်ယောက်က ဓားမြှောင်ကို ယူသွားခဲ့သည်မှာ သေချာသည်။ မျက်နှာဖုံးနှင့် ဓားမြှောင်ကို အတူကိုင်တွယ်နိုင်သည် ဆိုကတည်းက ထိုလူက အင်အားကြီးလောက်ပေမည်။
ဒါက အဲ့ဒီကျွမ်းကျင် ပညာရှင်က အစပိုင်းမှာ မျက်နှာဖုံးထဲကို သရဲကို ပိတ်လှောင်ထားခဲ့တာများလား။
စနစ်ကလည်း သူမ၏ သံသယကို အာရုံခံမိသဖြင့် ချက်ချင်းလိုလို ရှင်းပြပေးကာ သံသယကို ဖယ်ရှားပေးသည်။
“ဒါက သူ ဖိနှိပ်ထားတဲ့ပုံစံမဟုတ်ဘူး၊ မတော်တဆဖြစ်သွားရုံပဲ၊ ဒီမျက်နှာဖုံးက တကယ်တော့ ကြားခံပစ္စည်းတစ်ခုပဲ၊ အပြင်က ကျောက်သား ကျောက်စာတိုင်တွေကမှ တကယ်ဖိနှိပ်ထားတဲ့ စည်းတံဆိပ်ပဲ”
နင်မုန့်၏ မျက်ဝန်းက တောက်ပသွားသည်။
“ဒါဆိုရင် ငါ ဆွဲထုတ်လိုက်ရင် အဆင်ပြေမယ်မဟုတ်လား”
စနစ်ကလည်း တုန့်ပြန်သည်။
“ဒါပေ့ါ မင်းဆွဲထုတ်ပြီး တိုက်ခိုက်လို့လည်း ရတယ်”
ထိုစကားက နင်မုန့်ကို ပျော်ရွှင်သွားစေသည်။ သူမက အသုံးဝင်သော ပစ္စည်းကို နောက်ဆုံးတွင် ရှာတွေ့လေပြီ။
သူမက ဓားမြှောင်ကို ဆွဲထုတ်ကြည့်ရန် ကြိုးစားသော်လည်း အချိန်ပြည့်ပြုတ်ကျသွားနိုင်သည်ဟု ထင်ရသည့် ထိုဓားမြှောင်က အနည်းငယ်ပင်‌ ‌ရွေ့မလာခဲ့ချေ။ ရှီချီက အပြင်တွင် ရှိနေသေးသည်။ သူက ဝင်္ကာကို ပြင်ဆင်နေကတည်းက သူမက သွားနှောင့်ယှက်၍ မဖြစ်ချေ။
အတန်ငယ်တွေးတောပြီးနောက် သူမက လျိုရွှမ်းကို ကြည့်လိုက်သည်။
“လာ ငါတို့အတူ ဆွဲထုတ်ရအောင်”
လျိုရွှမ်းက အတန်ငယ် တုန့်ဆိုင်းသွားသည်။
“စီနီယာအစ်မ၊ ညီမတို့ဖယ်လိုက်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
နင်မုန့်က ခေါင်းခါသည်။
“အချိန်တစ်ခုကြာတဲ့အထိတော့ ဘာမှဖြစ်ဦးမှာမဟုတ်ဘူး၊ ငါတို့တွေ သူတို့ပူဇော်ပွဲလုပ်နေတာကိုလည်း နှောင့်ယှက်လိုက်ပြီး ရှီချီကလည်း အခုစည်းတံဆိပ်ကို ပြန်ပြင်နေပြီလေ၊ သူလာနိုင်ဦးမှာမဟုတ်ဘူး “
စနစ်၏ စကားက အမြဲတစေမှန်ကန်သည်။ သို့ရာတွင် ဝတ္ထုထဲတွင် တစ်စုံတစ်ယောက်က ဓားမြှောင်ကို ယူသွားခဲ့သည်။ ထိုလူက အကောင်းအတိုင်း ပြန်ထွက်သွားခဲ့ကတည်းက ကြီးကြီးမားမားကိစ္စ ဖြစ်မလာဟု ဆိုလို၍ ရလေသည်။
သူမက တုန့်ဆိုင်းနေကြောင်း မြင်သောအခါ ဆက်ပြောလိုက်သည်။
“ငါတို့က နင့်ရဲ့မျက်နှာဖုံးကိုလည်း ဆွဲချွတ်ရမှာပဲ”
လျိုရွှမ်းက ထိုအခါမှသာ သိမ်းသွင်း၍ ရသွားပြီး မျက်နှာဖုံးကို ကိုင်လာသည်။ သူမ၏ လက်မှ အေးစက်မှုကို ခံစားရသည်။
နှစ်ယောက်က အားအင်သုံးကာ တိုက်ခိုက်ရသော ကစားပွဲတစ်ခုကို ကစားနေသကဲ့သို့ ထင်ရသည်။
နင်မုန့်က သူမ၏ အင်အားတိုင်းကို သိသည့်တိုင်အောင် အနည်းငယ်သာ အပြင်သို့ထွက်လာသည်။ သူမ ဒေါသတကြီး ဖနောင့်ဆောင့်လုနီးပါး ဖြစ်သွားသည်။
အချိန်အတန်ကြာ ပင်ပန်းနွမ်းနယ်သွားကြပြီးနောက်တွင် နှစ်ယောက်က အောင်မြင်အောင် မဆွဲထုတ်နိုင်‌သေးချေ။ သူတို့က အားအင်အလွန်သုံးလိုက်ပြီးကြလေပြီ။ ထို့ကြောင့် တစ်ယောက်ကိုတစ်ယောက်မှီကာ ‌ဘေးနားတွင် နားနေရသည်။
အချိန်တစ်ခုကြာပြီးနောက် နင်မုန့်က ပြန်အော်သည်။
“နင့်ရဲ့မျက်နှာကို ကြည့်ကြည့်ပါဦး၊ မျက်နှာဖုံးကို မြင်ရသေးလား”
လျိုရွှမ်းက မှန်ကို ထုတ်ကြည့်ပြီးနောက် အနက်ရောင်မျက်နှာဖုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အပြင်ဘက်က မျက်နှာဖုံးနှင့် တထေရာတည်း တူညီသည်။ သူမက ခါးသည်းစွာ ပြောသည်။
“ရှိသေးတယ်”
သူမက ရက်အနည်းငယ်ခန့်က ကိုယ့်ဓာတ်ပုံကိုကြည့်ခဲ့သောကြောင့်သာ မဟုတ်လျှင် သူမရုပ်သွင်အစစ်အမှန်ကို မေ့နေလောက်ပြီဖြစ်သည်။
နင်မုန့်က သက်ပြင်းချပြီး နှစ်သိမ့်ပေးသည်။
“နင် အချိန်တစ်ခုပဲ စောင့်ဖို့လိုအပ်မှာပါ”
လျိုရွှမ်းကလည်း ခေါင်းညိတ်ပြီးနောက် သဘောတူကြောင်း ပြန်ပြောလိုက်သည်။
နှစ်ယောက်က ဓားမြှောင်နှင့် မျက်နှာဖုံးကို ပြန်ခွဲကြပြန်သည်။ အချိန်တစ်ခုကြာပြီးနောက်တွင် ဓားမြှောင်က မျက်နှာဖုံးကြားမှ ကျွတ်ထွက်လာခဲ့ပြီး သေးငယ်သော အစိတ်အပိုင်းကသာ ကျန်ရစ်ခဲ့တော့သည်။
နင်မုန့်ကလည်း ချက်ချင်းလိုလို အားအင်ပြည့်သွားသလိုမျိုး သူမ၏အင်အားတိုင်းကို ပြန်ဆင့်ခေါ်လိုက်သည်။
အဆုံးတွင် ပမာဏ အနည်းငယ်သာ ကျန်တော့သောအခါ နှစ်ယောက်လုံးက အင်အားများများစားစား သုံးစရာမလိုတော့ဘဲ ဆွဲခွာ၍ ရသွားပြီး မျက်နှာဖုံးကလည်း အောက်သို့ ပြုတ်ကျသွားသည်။ မျက်နှာဖုံးပေါ်ရှိ သင်္ကေတများကလည်း ချက်ချင်း ပျောက်ကွယ်သွားကာ အမဲ‌ရောင် ဗြောင်ဖြစ်သွားသည်။
မျက်လုံးနှစ်လုံးနေရာက အမဲရောင်အပေါက်များဖြစ်နေသေးပြီး အတန်ငယ် ကျောချမ်းစရာကောင်းသည်။
နင်မုန့်က တံတွေးမြိုချလိုက်ပြီးနောက် ဓားမြှောင်ကို လှမ်းကိုင်လိုက်သည်။ သူမက နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ သို့ရာတွင် သူမက သတိမထားမိဘဲ သူမ၏လက်က အနည်းငယ် ဓားသွားဖြင့် အနည်းငယ်ရှသွားသည်။
“ဟစ်”
သူမက လေအေးကို ရှူရှိုက်လိုက်မိသည်။
လျိုရွှမ်းက အသံကို ကြားသော်လည်း မှောင်မဲလွန်းနေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသဖြင့် ခပ်မြန်မြန်မေးလိုက်သည်။
“စီနီယာအစ်မ အဆင်ပြေရဲ့လား၊ ထိခိုက်မိသွားတာလား”
ဘာမှတော့မဖြစ်လောက်ပါဘူးနော်။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ငါတို့တော့ သေပြီ။
နင်မုန့်က ဓားမြှောင်ကို ဘယ်ဘက်လက်ဖြင့် ပြောင်းကိုင်လိုက်သည့်အချိန်တွင် ညာဘက်လက် လက်ညှိုးတွင် မျှော်လင့်ထားသည့်အတိုင်း ဒဏ်ရာရှိနေသည်ကို မြင်လိုက်ရသည်။ ကံကောင်းစွာဖြင့် သွေးထွက်မများပေ။
မြေပြင်ပေါ်ရှိ မျက်နှာဖုံးကလည်း အလယ်တွင် အနည်းငယ် ကွဲရာရှိနေသည်။
လျိုရွှမ်းက ဘေးဘက်သို့ လာပြီးမေးသည်။
“စီနီယာအစ်မ ဘာဖြစ်တာလဲ”
နင်မုန့်က သွေးကို အင်္ကျီအဝတ်ဖြင့် သုတ်လိုက်သည်။ သူမ၏လက်ညှိုးပေါ်ရှိ ဒဏ်ရာက မကြီးသော်လည်း နာသေးသည်။ အနည်းငယ်လည်း အေးစက်သလို ခံစားနေရသေးသည့်တိုင်အောင် နာကျင်မှုကို သူမဘာသာ တောင့်ခံထားလိုက်သည်။
သူမက ဘာမှမဖြစ်သလိုမျိုး ပြန်တုန့်ပြန်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ မျက်နှာဖုံးကို နင်လည်း ယူလာခဲ့လိုက်၊ ငါတို့ ဒါကို အသုံးပြုရလိမ့်မယ်”
သို့သော် လျိုရွှမ်း၏ မျက်နှာမှ မျက်နှာဖုံးကို မည်သို့ ဆွဲခွာရမည်မှန်း သူတို့လည်း မသိသေးချေ။
လျှိုရွှမ်းကလည်း ဆက်မမေးတော့ဘဲ မျက်နှာဖုံးကို ကောက်ကိုင်လိုက်သည်။ သူမက လျှို့ဝှက်စွာဖြင့် မှန်ကိုထုတ်ကာ သူမ၏ မျက်နှာကို စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ကြောင်အသွားသည်။
ငါ ငါ့မျက်နှာငါ ပြန်မြင်ရပြီ။

ဖရဲစေ့တွေလား ဟမ့်။
ငါ အနာဂတ်မှာ အများကြီး ဝယ်ပေးမယ်။
ရှီချီရဲ့ လျှို့ဝှက်ဒဏ္ဍာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset