RENH အပိုင်း ၄၈

အခန်း (၄၈.၁) သူမက တကယ် ချစ်စရာကောင်းတယ် (၁)
သိပ်မဝေးသော နေရာတွင် ရွာမှ လူများ အလုပ်လုပ်နေကြောင်းကို မြင်နေရသည့်အခါ လျိုရွှမ်းက နောက်ဆုံးတွင် စိတ်အေးသွားသည်။
သူမ လွန်ခဲ့သည့်လက လာခဲ့သောအခါ ဒီရွာတွင် နှစ်ရက်နေသွားခဲ့ပြီး မည်သည့် မတော်တဆ ဖြစ်ရပ်မှ ဖြစ်မသွားခဲ့သလို ရွာသားများကလည်း စားစရာအများအပြား စီစဉ်ပေးကြသည်။ သူတို့က ပိုက်ဆံဖြင့် ပေးဝယ်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
သူမက ခေါင်းလှန်ပြီး ပြောလိုက်သည်။
“စီနီယာ ဒီရွာပဲ၊ ဒီရွာက လူတွေက အရမ်းသဘောကောင်းကြတယ်”
ရှီချီက ပြောသည်။
“အဲ့ဒီတော့..”
ထိုစကားက လျိုရွှမ်းကို ကြောင်အသွားစေသည်။ သူမက သူမ၏ စိတ်ရှုပ်ထွေးမှုကို အတည်ပြုလိုသောကြောင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့သော် သူကမူ တစ်ဖက်သို့ပင် လှည့်ကာ စီနီယာအစ်မဖြစ်သူကို စကားလှည့်ပြောနေပြီဖြစ်သည်။
သူတို့သုံးယောက်တည်းသာလျှင် လာခဲ့ကြပြီး သူတို့ အတန်းဖော်က မလာခဲ့သလို အနက်ရောင်ဝတ်စုံဖြင့် လူများကလည်း ရှေ့ဆက်ပြီး လိုက်မလာခဲ့ကြချေ။
လျိုရွှမ်းသည် သူမ၏ ခံစားချက်ကို မပြောနိုင်ချေ။ မည်သူကမှလည်း သူမကို ကူညီရန် တာဝန် ရှိမနေချေ။ ဒီနေရာထိ ကူညီပေးခြင်းကတင် လုံလောက်နေပြီဖြစ်ပြီး သူမ ဒီနေ့ ဆက်လက်၍ တောင်းဆိုရန် မသင့်တော့ချေ။ အနောက်မှ လူနှစ်ယောက်က တီးတိုး စကားပြောနေကြသေးသည်။
နင်မုန့်က ခြေဆောင့်ပြီးနောက် ခပ်တိုးတိုး ပြောသည်။
“ပိုးကောင်တွေ ရှိတယ်”
သူမ၏ အင်္ကျီထဲမှ ယားယံသလို ခံစားရပြီး တွေးကြည့်ရုံနှင့်ပင် လက်သင့်မခံနိုင်တော့ချေ။ သူမက ဖိနပ်ကို တိုက်ရိုက်ချွတ်လိုက်ချင်သော်လည်း ကြည့်ကောင်းသော ပုံရိပ်မရှိနိုင်သဖြင့် လုပ်၍ မသင့်တော်ချေ။
ရှီချီက ပြောသည်။
“ဒါဆိုလည်း ဖိနပ်ကို ချွတ်လိုက်”
နင်မုန့်က တခဏခန့် ရုန်းကန်ကြည့်သေးသည်။ နောက်ဆုံးတွင်မူ မြေးဖြစ်သူ၏ ထိန်းထားပေးမှုနှင့်အတူ ဖိနပ်ကို ချွတ်လိုက်သည်။ သူမ၏ ခြေထောက်ကို လှန်ကြည့်ပြီးနောက်တွင် ပိုးကောင်ငယ်လေးများ ကျသွားခြင်းကို မြင်လိုက်ရသည်။
သူမက ရွံရှာသလို မျက်မှောင်ကြုတ်လိုက်သည်။ သူမက ခြေကျင်းဝတ်ထိရောက်သော ခြေအိတ်ကို ဝတ်ထားခြင်း ဖြစ်သည်။ သို့သော် ထိုပိုးကောင်များ မည်သို့ ဝင်လာကြောင်းကို မသိနိုင်ချေ။
ခြေထောက်နှစ်ဖက်လုံးက ခြေအိတ်ဝတ်ထားသော အနေအထားမျိုးဖြင့် မြေကြီးပေါ်တွင် ချထားသည်။ သူမ၏ ခြေချောင်းလေးများက ကွေးနေပြီး အလွန်သေးငယ်သလိုလေးဖြစ်နေသည်။ ပေါ်နေသော ခြေထောက်၏ အပိုင်းကလည်း ဖြူဖွေးကာ ရွှန်းစိုနေပြီး တောင်တန်း၏ အကြမ်းထည်ဆန်မှုနှင့် ယှဉ်သော ဆန့်ကျင်ဘက်ဖြစ်နေသည်။
ရှီချီက တခဏမျှ စိုက်ကြည့်ပြီးမှသာ အကြည့်ကို လွှဲသွားသည်။ သူက သူမ၏လက်ထဲမှ ဖိနပ်ကို ယူပြီးနောက် အရှေ့တွင် ဆောင့်ကြောင့် ထိုင်လိုက်သည်။
“တက်”
“ရှီချီ နင်က တအားသဘောကောင်းတာပဲ”
နင်မုန့်က ချီးကျူးလိုက်သည်။
သူမက သူ၏ ကျောပေါ်သို့ တက်ပြီးနောက် ပခုံးပေါ်ပုတ်လိုက်သည်။ ကျယ်ပြောသော ပခုံးက သူမ ယခင်က သိထားသော ခုနစ်နစ်အရွယ်ကလေးလေး မဟုတ်တော့ကြောင်း သတိရသွားစေသည်။
သူမ၏ မြေးဖြစ်သူက အခြားသူအတွက် စဉ်းစားတွေးတောပေးတတ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ပီတိဖြာသလို ခံစားလိုက်ရသည်။ ဒါက ငါ ကောင်းကောင်း သင်ထားတဲ့ ရလာဒ်ပဲ။
သူက ဝတ္ထုထဲကလို အမြဲတစေ မည်းမှောင်သော ဆိုးရွားသည့် ကလေးလေး မဟုတ်တော့ချေ။
ရှီချီက စကားမပြောချေ။ သို့သော် သူ၏ မျက်နှာကမူ နူးညံ့သွားသည်။
ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရသော လျိုရွှမ်းက နှုတ်ခမ်းကို ကိုက်ပြီး စကားမဆိုတော့ချေ။ သူမက ဖျစ်ညှစ်ကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“စီနီယာ ဒီတစ်ကြိမ် လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရှီချီက မေးကို ခပ်ယောင်ယောင် မော့လိုက်ပြီးနောက် သူမကို ကျော်ကာ ရွာထဲသို့ သွားသည်။
သူတို့က သွားလေလေ၊ ပို၍ စည်ကားလာလေလေ ဖြစ်လာသည်။ အိမ်ဘေးရွှံ့ထဲတွင် ကလေးများ ကစားနေသည်။ကို မြင်ရသည်။ ကလေးများ၏ မျက်နှာတွင် ရွှံ့ခြောက်များသာ ကပ်နေသည်။
လျိုရွှမ်းက ပြေးသွားသည်။ သူမက ဒီနေရာတွင် နှစ်ရက်နေခဲ့သဖြင့် လူတိုင်းကလည်း သူမနှင့် ရင်းနှီးနေသည်။ သူမနှင့် တစ်အိမ်တည်းနေခဲ့သော ဦးလေးတစ်ယောက်ကို မြင်သောအခါ သူမက အလျင်စလို ပြေးသွားလိုက်သည်။
“ဦးလေးလီ”
ထိုလူက တခဏခန့် အေးခဲသွားပြီးနောက် ပေါက်တူးကို ချကာ သူမကို တခဏခန့် စိုက်ကြည့်ပြီးမှ ပြောလာသည်။
“လွန်ခဲ့တဲ့လက ကောင်မလေးပဲ၊ ဒီနေ့လည်း လာပြီး ဆော့ကစားကြပြန်ပြီလား”
သူ၏ အကြည့်က ရှီချီ၏ အနောက်မှ အရပ်ရှည်မြင့်မားသော လူသန်မာနှစ်ယောက်ထံရောက်သွားပြီးနောက် အနည်းငယ် တုန့်ဆိုင်းသွားသည်။ သူတို့က သာမန်ဝတ်စုံများကို ဝတ်ဆင်ထားကြသည့်တိုင်အောင် ပုံမှန်မဟုတ်သော ခံစားချက်မျိုးကို ရနေသည်။
နောက်ပြီး ကလေးမလေးကို သယ်ထားတဲ့ အရုပ်နဲ့တူတဲ့ ကောင်လေးက ခံစားချက် မကောင်းစေဘူး။
လျိုရွှမ်းက ခေါင်းသာညိတ်ပြသည်။
“ဟုတ်တယ်၊ ကျွန်မကို တစ်စုံတစ်ရာ ကူညီဖို့ သူငယ်ချင်းနည်းနည်းလည်း ခေါ်လာခဲ့တယ်၊ အရင်တစ်ခေါက်ကအတွက် ကျေးဇူးတင်ပါတယ် ဦးလေးလီ၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်မ မနက်ဖြန်မှာ ထွက်သွားရလောက်တယ်”
ဦးလေးလီ၏မျက်နှာက တခဏခန့် အေးခဲသွားပြီးနောက်မှသာ ပြန်ပြုံး၏။ သူက ရယ်ပြီး ပြောသည်။
“မနက်ဖြန် မနက်ဖြန်က ကောင်းတယ်၊ ငါ မင်းတို့အတွက် အခန်းပြင်ပေးမယ်၊ ငါ့ရဲ့အိမ်မှာ နောက်ဆုံးတစ်ကြိမ်က မင်းနေသွားခဲ့တာပဲ၊ ဒီတစ်ကြိမ်မှာတော့ …”
ဦးလေးလီက စကားပြောပြီးနောက် ဦးစွာ ထွက်သွားသည်။ လျိုရွှမ်းက နောက်မှလိုက်သွားသည်။
နင်မုန့်က ရှီချီ၏ ကျောပေါ်မှ ဆင်းပြီးနောက် ဖိနပ်ပြန်ဝတ်သည်။
သူမကလည်း ထိုနေရာက မကောင်းသလို ခံစားနေရသည်။ လျိုရွှမ်းက မနက်ဖြန်ဟူ‌သော စကားကို ပြောသောအခါ ထိုဦးလေးလီ၏ မျက်နှာက ပြောင်းသွားခဲ့သည်မှာ သေချာသည်။ ဒါက ပုံမှန်မဟုတ်ချေ။
မနက်ဖြန်က ထူးခြားတဲ့အချိန်တစ်ခုခု ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီရွာက လူတွေက တစ်ခုခုလုပ်ဖို့ လိုအပ်နေသလား။ ဒါမှမဟုတ် ဒီဦးလေးလီက တစ်ခုခု လုပ်စရာ ရှိနေလို့လား။
သူက ရွာ၏ တစ်ခုတည်းသော ကွန်ကရစ်အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။
ဦးလေးလီက နောက်လှည့်ပြီး ပြောသည်။
“ဒါက အသစ်ဆောက်ထားတဲ့အိမ်ပဲ၊ မူလကတော့ ငါ့ရဲ့သား လက်ထပ်ရင် နေမယ့်အိမ်‌ပေါ့၊ နောက်ဆုံးတစ်ကြိမ် မင်းတို့လာတုန်းက မပြီးသေးဘူး၊ အခုတော့ ပြီးသွားပြီ၊ မင်းတို့တွေ မြို့မှာနေတာ ကျင့်သားရလာခဲ့ကြတော့ ဒီမှာ ဒီကွန်ကရစ်အိမ်က အကောင်းဆုံးပဲ”
နင်မုန့်က ရှစ်ချီနားသို့ ကပ်သွားပြီး လျှို့ဝှက်စွာ မေးလိုက်သည်။
“ငါတို့ ဒီည ဒီမှာ နေမှာလား”
ရှီချီက အနားသို့ ကပ်လာပြီး ခပ်တိုးတိုး ဖြေသည်။
“မနေဘူး”
နင်မုန့်က တွေးကြည့်သည်။ သူတို့မောင်းလာခဲ့သော ကားက အလွန်ကြီးဟန်ရသည်။ သူတို့ထိုနေရာတွင် နေ၍လည်း ရသည်။ ထိုသို့ဆိုလျှင် မရင်းနှီးသောရွာတွင် နေခြင်းထက် ပို၍ ကောင်းသည်။
ထိုသို့ တွေးတောနေစဉ်မှာတင် လျိုရွှမ်းက ဦးလေးလီကို ပြန်ပို့လိုက်ပြီဖြစ်သည်။
သူမက အရှေ့မှ လမ်းကို ညွှန်ပြပြီးပြောသည်။
“မြစ်က ဒီရှေ့တည့်တည့်ကို လျှောက်သွားပြီး မကြာခင်မှာ တွေ့ရလိမ့်မယ်၊ မိနစ်အနည်းငယ်တော့ လျှောက်ရတယ်၊ မြစ်တစ်လျှောက်လိုက်သွားပြီးရင် တံတားကို တွေ့ရမှာပဲ”
ဦးတည်ရာသို့ ရောက်လာသည့်အချိန်မျိုးတွင် သူမက စိတ်မရှည်တော့ချေ။
လွန်ခဲ့သော တစ်လလုံးလုံးသူမအနေဖြင့် မျက်နှာဖုံးကို နေ့တိုင်းလိုလို မြင်နေခဲ့ရသည်။ သူမ၏ နှလုံးသားထဲရှိ ကြောက်လန့်မှုက တုန်လှုပ်ခြောက်ခြားမှု သက်သက် မဟုတ်ချေ။ မည်သူကမှ သူမ၏ နာကျင်မှုကို နားမလည်နိုင်လောက်ချေ။
သူမက အပျော်သဘောဖြင့် မျက်နှာဖုံးကို ကောက်ယူကာ ကြည့်ရုံမျှသာဖြစ်ခဲ့ပြီး ဒီလိုကြောက်စရာကောင်းသော အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသည်။ ကံကောင်းစွာပင် တစ်စုံတစ်ယောက်က သူမကို ကယ်နိုင်နေသည်။
လျိုရွှမ်းက သူမ၏ရှေ့ရှိ ရှီချီကို တိတ်တဆိတ် ကြည့်လိုက်ပြီး သူမ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုက အပျက်စီးနယ်မြေမှ ပေါင်းပင်များကဲ့သို့ မြေပြင်တွင် ထောက်လှမ်းနိုင်သလိုမျိုး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းချင်လောက်အောင် ပြည့်နှက်လာသည်။
ထို့နောက် သူမက သူ၏ဘေးမှ နူးညံ့ပြီး ချစ်စရာကောင်းသည့် စီနီယာအစ်မကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ တွေးလိုက်သည်။
ဘာလို့ စီနီယာက ဒီစီနီယာအစ်မကို အရမ်း အလိုလိုက်နေတာလဲ။ သူမက အဲ့ဒီလောက်လည်းပဲ မလှဘဲနဲ့။
နင်မုန့်က သူမ၏ အကြည့်ကို သတိထားမိဟန်ဖြင့် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
ရှီချီက သူမ၏ခေါင်းကို ပြန်လှည့်သည်။
“မကြည့်နဲ့”
နင်မုန့်က သူ့ကို ကြည့်သည်။
ငါက ကောင်မလေးကို တစ်ချက်လောက် ကြည့်ရုံလေးကြည့်တာပါ။ နောက်လှည့်ကြည့်တာ ဘယ်ဟုတ်မှာလဲ။
လျိုရွှမ်းက အမူအရာကို ထိန်းလိုက်သည်။ အရေးကြီးဆုံးကိစ္စက ထိုကြောင်တောင်တောင်မျက်နှာဖုံးကို ရှာရန် ဖြစ်သည်။ သူမက ပြောသည်။
“စီနီယာ ကျွန်မတို့ အခု မြစ်ကို သွားကြတော့မလား”
ရှီချီက ပြန်ဖြေသည်။
“အင်း”
လျိုရွှမ်းက လမ်းကို ဦးဆောင်သွားသည်။ သူတို့က နောက်မှ လိုက်ကြသည်။
နင်မုန့်က ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက် လေသံတိုးတိုးဖြင့် မေးသည်။
“နင် ဖုန်းနဲ့ တကယ်မပတ်သတ်တာ သေချာလား”
သူမ‌ဘေးရှိလူက ထပ်ငြင်းပြန်သည်။
သူမက တခဏခန့် အင်းလိုက်ပြီးနောက် ဖုန်းကြည့်လိုက်ရာ ဒီနေရာတွင် တိုင်မမိကြောင်း သိလိုက်ရသည်။
“သေချာပေါက် နင်လုပ်မှန်း ငါသိနေတယ်၊ နင့်ရဲ့အမေရဲ ကံက တကယ်ဆိုးတာ”
သူမ၏ ကံကလည်း ဆိုးသည်။
ရှီချီက ခေါင်းလှည့်ပြီး ကြည့်လာကာ စကားမပြောပေ။ သို့သော် နှုတ်ခမ်းထောင့်စွန်းများကမူ ကော့တက်သွားသည်။
ခပ်ဝေးဝေးမှ လိုက်လာသော လူနှစ်ယောက်ကလည်း သာမန်အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကြသည်။ ပေါ့ပါးစွာ လျှောက်နေကြပြီး ခြေသံအနည်းငယ်ကိုမှ မထွက်စေချေ။ သူတို့က တစ်လမ်းလုံးလည်း စကားမပြောကြချေ။ သူတို့ကို မြင်နေရသောကြောင့်သာ မဟုတ်လျှင် သူတို့ကို သတိထားမိမည်မဟုတ်ချေ။
အချိန်ကြာလာသောအခါ သူတို့က အကွာအဝေးတစ်ခုကြာ လျှောက်ခဲ့ပြီဖြစ်သည်။
ရွာက နောက်တွင် ကျန်ရစ်ခဲ့ပြီဖြစ်ပြီး သူတို့ရောက်ရှိနေသည့် နေရာကလည်း အလွန်သိပ်သည်းသော တောအုပ် ဖြစ်နေသည်။
နိုဝင်ဘာလဖြစ်နေပြီ ဖြစ်သော်လည်း သစ်ရွက်အများအပြား ကျနေသေးသည်။
ရွာ၏ ဝင်ပေါက်နှင့် ရွာ၏အဆုံးက အလွန်ကျယ်သည်။ဟု ပြော၍ ရသည်။ လျိုရွှမ်းက တစ်ခဏကြာ ကြည့်နေပြီးနောက် ပြောလိုက်သည်။
“နောက်ဆုံးတစ်ကြိမ် ကျွန်မတို့ စခန်းချတာက တောအုပ်အနောက်က ရှင်းလင်းတဲ့နေရာမှာပဲ၊ အဲ့ဒီနေရာက အရမ်းပူပြီး အပင်တွေကတောင် စိမ်းနေခဲ့သေးတာ”
ရွာ၏ ဝင်ပေါက်မှ အပင်များအားလုံးက စိမ်းလန်းနေသည်။ ထို့အပြင် ရွှန်းစိုနေသလိုမျိုး ဖြစ်နေသေးသည်။ သို့ရာတွင် လယ်ကွင်းများတွင်မူ ရွှေရောင်နှင့် အစိမ်းရောင် ရောနှောနေကာ ရင့်မှည့်ချိန်က နီးကပ်နေပြီဖြစ်ကြောင်း ပြသနေခဲ့သည်။ သိပ်မကြာခင် အချိန်တွင် တောအုပ်ငယ်လေး၏ အဆုံးသို့ ရောက်လာသည်။
ကျယ်ပြောသော မြစ်က မြင်ကွင်းထဲသို့ ရောက်လာသည်။ မြစ်က ဆယ်မီတာခန့် ကျယ်နိုင်သည်။ ရေ၏ အရည်အသွေးက ပုံမှန်ဖြစ်ပြီး ရေမျက်နှာပြင်ကလည်း ငြိမ်နေသည်။ အောက်သို့ ငုံ့ကြည့်လိုက်လျှင်မူ အနက်ကို မမြင်နိုင်ပေ။ အပေါ်ပိုင်းသို့ ကြည့်လျှင်မူ ကျောက်တုံးတံတားတစ်ခုကို ခပ်ရေးရေး မြင်နိုင်ပေသည်။
လျိုရွှမ်းက အံ့ဩသွားပြီး ပြောလိုက်သည်။
“အဲ့ဒီတံတားပဲ၊ ဒါက ကျွန်မ မျက်နှာဖုံးတွေ့ခဲ့တဲ့ တံတားပဲ”
သူမက မနေနိုင်တော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားပြီး အရှိန်နှုန်းကို မြှင့်လိုက်သည်။
နင်မုန့်က ရင်တုန်သွားသည်။ သူမက တံတွေးကို မြိုချပြီးနောက် ရှီချီ၏ အင်္ကျီလက်ကို လှမ်းကိုင်ကာ ပြောလိုက်သည်။

“ရှီချီ သွားရအောင်”
ရှီချီ၏ နှုတ်ခမ်းထောင့်က ကော့တက်သွားပြန်ကာ တုန့်ပြန်သည်။
“ကောင်းပြီ သွားစို့”
နင်မုန့်ကမူ သူ၏ အပြုအမူပေါ် စစ်ဆေးနေရန် အချိန်မရှိပေ။ သူမက သူနှင့်အတူ ရှေ့သို့ ဆက်သွားပြီး သူမ ကြုံတွေ့ရမည့် အကြောင်းအရာကိုသာ တွေးတောနေတော့သည်။

အခန်း (၄၈.၂) သူမက တကယ် ချစ်စရာကောင်းတယ် (၂)

သူတို့၏ အရှေ့တွင် မြစ်က ထင်ရှားစွာ ပေါ်လာသဖြင့် အလွယ်တကူ အနီးကပ်မြင်နိုင်သည်။
ဆယ်မီတာခန့်ရှည်ပြီး နှစ်ဖက်ကို သွယ်ဆက်ထားသည်။ နှစ်ဖက်လုံးတွင်လည်း တောအုပ်များ ရှိသော်လည်း မျက်နှာချင်းဆိုင်ကန်၏ တစ်ဖက်မှ တောအုပ်တွင်မူ သိပ်မမြင့်သော တောင်ကို မြင်နိုင်သည်။ ကျန်သော အရာတိုင်းက တူသည်။
လျိုရွှမ်း၏ အသက်ရှူနှုန်းက မြန်လာပြီး မနေနိုင်ဘဲ ပြေးလိုက်မိသည်။ သူမက ထိုမြစ်ဟောင်းပေါ်တွင် မျက်နှာဖုံးကို ရှာတွေ့ခဲ့သည်။
သူမက သူမနှင့်အတူ အမြဲသယ်သွားလေ့ရှိသော သေးငယ်သော မှန်အဝိုင်းလေးကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီးနောက် မျက်နှာကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မျက်နှာဖုံးတွင် သင်္ကေတများကို မြင်နိုင်ပေသည်။
မူလတွင် မျက်နှာဖုံးက အနက်ရောင်ပြောင်ဖြစ်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကဲ့သို့ နေရာများတွင် အပေါက်ဖြစ်နေသည်။ သို့သော် ယခုမူ နေရာတိုင်းက ရောင်စုံဖြစ်နေပြီး သင်္ကေတများကိုပင် ကျော်ဖြတ်လျက် အနက်ရောင်ကို မြင်နိုင်နေသည်။
ပုံစံက ပေကျင်းရဲ့ အော်ပရာမျက်နှာဖုံးနဲ့ တူတယ်။
မြစ်က တည်ငြိမ်နေသည်။ လျိုရွှမ်းကမူ အနောက်မှလူနှစ်ယောက်ကို မေ့သွားပြီး ‌ရှေးဟောင်း တံတားထံ အပြေးသွားလိုက်ကာ သူမတွေ့ခဲ့ရသော ထိုမျက်နှာဖုံးကို လိုက်ရှာလေသည်။
ရှီချီ၏ဘေးတွင် လျှောက်နေသော နင်မုန့်ကလည်း အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။
ဝတ္ထုက ပြောထားတဲ့အတိုင်းဆိုရင် ဂူဘုရားကျောင်းပါ။ ဒါပေမယ့် ဘယ်နေရာလဲဆိုတာကို သေချာပြောမထားဘူး။ ပတ်ဝန်းကျင်ကို ကြည့်ရတာ မျက်နှာချင်းဆိုင်တောင်ပေါ်ကို တက်တဲ့ လမ်းတစ်ဝက်မှာ ဖြစ်လောက်တယ်။ ဒါပေမယ့် အခုတောအုပ်က ပိတ်နေတော့ သေချာမမြင်နိုင်ဘူး။
သို့သော် ဒီနေရာမှ လှမ်းကြည့်လိုက်သည့်အခါ တစ်ဖက်ခြမ်းက မည်းမှောင်ကာ အုပ်ဆိုင်းနေသည်။
ရှီချီက မြစ်ကမ်းဘေးသို့ လျှောက်သွားသောအခါ သူက ရေထဲသို့ လက်တစ်ချောင်း နှစ်ကြည့်လိုက်ပြီးနောက် လျှာဖြင့် တို့ကြည့်ကာ မျက်မှောင်ကြုတ်သည်။
“ရေသေပဲ”
နင်မုန့်က ထိုအခါမှသာ တုန့်ပြန်လိုက်သည်။
“ဒီလောက်မြစ်အရှည်ကြီးက ရေသေရှိတာလား”
ရှီချီက ခေါင်းညိတ်သည်။
“ဒီမြစ်က ပုံမှန်မဟုတ်ဘူး၊ တံတားကို တစ်ချက်သွားကြည့်ရအောင် “
ရေသေနှင့် ရေရှင်တွင် ကွာခြားချက်က ကြီးသည်။ ရေရှင်က ရေအရင်းအမြစ်အဖြစ် သတ်မှတ်၍ ရပြီး တိရစ္ဆာန်များကလည်း ရှင်သန်နိုင်သည်။ အထဲတွင် လူများ သောက်သုံးရန်အတွက် ဘက်တီးရီးယားပိုးပေါင်းများစွာ ရှိနေသည့်တိုင်အောင် သောက်ချင်လျှင် အဆင်ပြေနိုင်သေးသည်။ သို့ရာတွင် ရေသေကို သောက်သုံးလိုက်မိလျှင်မူ ထိုပိုးများကြောင့် သေသွားနိုင်သေးသည်။
ဒီမြစ်ကလည်း မြေပုံတွင် မပါသည့်အတွက် မည်မျှရှည်ကြောင်း သူတို့က မသိနိုင်ပေ။
လျိုရွှမ်းက ကျောက်တုံးတံတား၏ သုံးပုံတစ်ပုံခန့်တွင် ရပ်နေသည်။ ကျောက်တုံးတံတားကြီးက နှစ်မီတာခန့် ကျယ်သည်။ နေရာတိုင်းတွင်လည်း ကျနေသော ရွက်ကြွေများနှင့် ကျောက်စရစ်များက ရှိနေပြီး အချို့သော အကြွင်းအကျန်များကိုလည်း မြင်နိုင်သည်။
“အလို ဘယ်လိုဖြစ်ပြီး မရှိတော့လဲ “
သူမက ရေရွတ်ပြီး မျက်လုံးအပြူးသားဖြင့် တံတားပေါ်တွင် လိုက်ရှာနေသည်။
အချိန်တစ်ခုကြာပြီးနောက် သူမက ထိတ်လန့်သော မျက်နှာဖြင့် ထရပ်ကာ ယခုမှ ရောက်လာသော လူနှစ်ယောက်ကို ကြည့်ကာ နှုတ်ခမ်းကိုသပ်လျက်ပြောသည်။
“မျက်နှာဖုံးက ပျောက်သွားပြီ”
လျိုရွှမ်းကလည်း သူမ၏အတန်းဖော်များနှင့် ဆော့နောက်ခဲ့ခြင်းကို ရှင်းရှင်းလင်းလင်း မှတ်မိပေသည်။ သူမက မျက်နှာဖုံးကို ဒီနေရာတွင် ပစ်ချထားခဲ့သည်။ တစ်စုံတစ်ယောက်က မယူသွားသမျှကာလပတ်လုံး ပျောက်သွားစရာအကြောင်းမရှိပေ။
အဲ့ဒီမျက်နှာဖုံးက။
သူမက တံတားအောက်ဘက်ပိုင်းသို့ လိုက်ကြည့်သော်လည်း မတွေ့ရပြန်ချေ။
နင်မုန့်က သူမ၏ မျက်နှာပေါ်တွင် ရှိသော အုံ့ဆိုင်းနေသည့် အမှောင်ထုကို ကြည့်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“အရင်က ရွာသားတစ်ယောက်က ယူသွားတာ ဖြစ်မှာပါ၊ ဒါမှမဟုတ် ကလေးတွေ ယူသွားတာလဲ ဖြစ်နိုင်တာပဲ”
လျိုရွှမ်းက ခေါင်းညိတ်ရုံသာတတ်နိုင်သည်။
တံတားပေါ်တွင် ရပ်နေပြီး မြစ်ကို စိုက်ကြည့်ရခြင်းက ကမ်းစပ်မှ ကြည့်ခြင်းနှင့် ကွာခြားသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် အဆုံးသတ်ကို မမြင်နိုင်ပေ။ မြစ်က ငြိမ်နေပြီး ရွက်ကြွေများက မကြာခဏ ကျလာလေ့ရှိသည်။
ရှီချီက သာမန်ကာ လျှံကာ ပြောလာသည်။
“မရှိတော့ဘူးဆိုမှတော့ အရင် ပြန်ကြစို့ “
လျိုရွှမ်းက ရွေးချယ်စရာမရှိဘဲ လက်လျော့လိုက်ရသည်။ ရွာသားများ ယူသွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ ထို့ကြောင့် ပြန်ပြီးမေးကြည့်ရပေမည်။
ညနေလေးနာရီကျော်နေပြီဖြစ်သဖြင့် သူတို့က ဒီနေရာသို့ လာရန် အချိန် သုံးနာရီကျော်ခန့် သုံးထားရသေးလေရာ မြစ်တွင် နေသောအချိန်ကို ပေါင်းထည့်လိုက်သောအခါ အချိန်အလွန်ကုန်နေပြီဖြစ်သည်။
ထိုနေရာက ဆောင်းတွင်းတွင် ပုံမှန်ထက် စောစော မှောင်လေ့ရှိသည်။ ထို့ကြောင့် ရွာရှိလူများကလည်း ညစာပြင်ဆင်နေကြပြီဖြစ်သည်။ တောအုပ်ထဲမှပင် ထွက်လာသော မီးခိုးများကို မြင်နိုင်ပေသည်။ အပြင်သို့ ထွက်သွားသော လူများကလည်း ပြန်ရောက်လာကြပြီး အတူတကွ စုစည်းနေကြပြီဖြစ်သည်။
ထိုအခြေအနေကို မြင်သောအခါ ရွာတွင် လူအလွန်များကြောင်း မြင်လိုက်ရသည်။ မိသားစု ဆယ်စုကျော်လောက်သည် မိသားစုတစ်စုတွင် နှစ်ယောက် သုံးယောက်ခန့်ရှိပြီး အားလုံးပေါင်းလိုက်သော် လူအယောက်တစ်ရာကျော်နိုင်သည်။
ရွာတွင် ရှိသော လူအရေအတွက်အရ သေးငယ်သည်ဟု သတ်မှတ်၍ မရချေ။
ဦးလေးလီဟု ခေါ်သော သက်လတ်ပိုင်းလူက သူတို့ကို ရွာသူကြီးနှင့် တွေ့ရန် ခေါ်သွားပေသည်။
လမ်းတွင် လျိုရွမ်းက သာမန်ပုံစံဖြင့် မေးသလို ဟန်ဆောင်၍ မေးလိုက်သည်။
“ဦးလေးလီ ကျွန်မ အရင်တစ်ခေါက် မြစ်ကမ်းဘေးမှာ စခန်းချသွားသေးတယ်၊ မြစ်က သက်တမ်းကြာနေပြီ မဟုတ်လား”
ဦးလေးလီက ခေါင်းညိတ်သည်။ “ငါ ငယ်ငယ်ကတည်းက ဒီမြစ်ကို မြင်ခဲ့ရတာပဲ၊ ကြည့်ရတာ အစောပိုင်းထဲက တည်ရှိနေတဲ့ပုံပါ၊ နှစ်တွေ ဘယ်လောက်ကြာမှန်းတောင် မသိတော့ဘူး၊ ဒါပေမယ့် ရေအနီးအနားကို တစ်ခါမှ မသွားဖူးဘူး”
လျိုရွှမ်းက မေးသည်။
“ဘာလို့လဲ၊ ရွာနဲ့ သိပ်ဝေးတာမှမဟုတ်တာ”
“ဘာလို့လဲဆိုတော့ မြစ်က ရေသေပဲ ရှိတာလေ၊ ရေသေက သောက်လို့မရဘူး၊ ငါတို့မှာလည်း ရေသောက်ဖို့အတွက် ကိုယ်ပိုင်ရေတွင်းတွေရှိတယ်၊ ဘယ်သူကမှလည်း မြစ်ကမ်းနားမှာ သွားပြီး မဆော့ကြဘူး”
ဦးလေးလီက ထူးမခြားနားသလို ဆက်ပြောလာသည်။
“ဘာလို့ မင်းက မေးတာလဲ၊ အရင်တစ်ခေါက်က မင်းကို သတိပေးဖို့ မေ့သွားခဲ့တာ “
လျိုရွှမ်းက မည်သို့ တုန့်ပြန်ရမည်ဖြစ်ကြောင်း မသိတော့ချေ။ သူမ၏ ခေါင်းထဲတွင် အတွေးများက အလုံးကြီးတစ်လုံးလိုပင် စုပုံနေပြီဖြစ်သည်။
နင်မုန့်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဒါဆိုရင်ကျောက်တုံးတံတားအကြောင်းကရော “
ဦးလေးလီက ကြောင်သွားပြီးနောက် တွေးတောကာ ဖြေသည်။
“ကျောက်တုံးတံတားလား၊ အဲ့ဒါက ရှိနေတာကြာပါပြီ၊ ဘယ်ချိန်ထဲက ရှိသလဲတော့ မသိတော့ဘူး၊ မျက်နှာချင်းဆိုင် ဘက်ခြမ်းမှာ သားရဲတွေရှိလို့ ငါတို့ဖြတ်ခဲတယ်၊ လူတစ်ယောက်တော့ အဲ့ဒီဘက်ကို သွားဖူးပေမယ့် တစ်ခါမှ ပြန်မလာတော့ဘူး “
ထိုသို့ဖြင့် သူက နောင်တရသော မျက်နှာထားမျိုးဖြစ်သွားသည်။ သို့ရာတွင် ရှီချီကမူ အတွေးနက်နေဟန်ဖြင့် တည်ငြိမ်သောရွာကို ဂရုတစိုက်ကြည့်သည်။
ဦးလေးလီက အကြောင်းအရာ ပြောင်းလိုက်သည်။
“ရောက်ပြီ”
ရွာရှိ အကောင်းဆုံးအိမ်က ဦးလေးလီ၏ သားဖြစ်သူ လက်ထပ်ပြီးလျှင် နေမည်ဟူသော အိမ်ဖြစ်ပြီး နောက်တစ်အိမ်ကမူ ရွာလူကြီး၏ အိမ်ဖြစ်သည်။ ထိုအိမ်ကိုလည်း ဘိလပ်မြေဖြင့် ဆောက်ထားသည်။
ရွာလူကြီးကလည်း သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ဦးလေးလီနှင့် အသက်တူသည်။ သို့သော် သူကပိုပြီး ဉာဏ်ကောင်းဟန် ရသည်။
“မင်းတို့ လူငယ်တွေ ရွာတွေကို ခရီးသွားရတာ တကယ်ကြိုက်တာပဲ၊ ငါတို့ရဲ့ ရွာကို ဘယ်သူမှ မလာသလောက်နီးပါးပဲ၊ အခုတော့ ဆန့်ကျင်ဘက်ဖြစ်နေပြီ”
သူတို့၏ ရွာမှ လူငယ်များက ရွာမှထွက်သွားကြပြီး လူကြီးများကမူ ကျန်နေရစ်ခဲ့ကာ လယ်ယာ အလုပ်လုပ်ကြသည်။
လျိုရွမ်းက ရှီချီက စကားမပြောချင်ကြောင်း မြင်သောအခါ သူမက ဘာသာသာ သူတို့နှင့် စကားပြောနေလိုက်ပြီး သတင်းအချက်အလက်ရအောင် စုဆောင်းလိုက်သည်။ အဆုံးတွင် သူမက မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ရွာသူကြီး အနက်ရောင်မျက်နှာဖုံးကို မြင်ဖူးလား”
ရွာသူကြီးက စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
“မျက်နှာဖုံး ဟုတ်လား “
လျိုရွှမ်းက သူမ၏ အိတ်ထဲမှ ပုံကို ထုတ်လိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ကာ ဖော်ပြလိုက်သည်။
“အရမ်းကို သာမန်ကျတဲ့ မျက်နှာဖုံးပဲ၊ တစ်ခုလုံး မည်းနေတာ”
ရွာသူကြီးက အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် စကားအနည်းငယ် ပြောလိုက်သည်။
“ငါ တစ်ခါမှမမြင်ဖူးဘူး”
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဦးလေးလီ၏ အမူအရာက မကောင်းဘဲ ကျယ်လောင်စွာ မေးသည်။
“မင်းတို့က ဒီနေရာကို ရတနာရှာဖို့ လာတာလား၊ ခရီးသွားအနေနဲ့ လာတာမဟုတ်ဘူးလား”
အစောပိုင်းနှစ်များတွင်လည်း ရတနာရှာရတာ သဘောကျသည့် လူအချို့အကြောင်းကို ကြားခဲ့ဖူးသည်။ ညအချိန်တွင် လူအများ၏အိမ်သို့ပင် ဝင်ကာ သူတို့၏ ပစ္စည်းများကို ယူဆောင်သွားလေ့ရှိသည်။
နင်မုန့်က လျိုရွှမ်းက ကြောင်သွားကြောင်း မြင်သောအခါ အလျင်အမြန် ဝင်ပြောလိုက်သည်။
“မဟုတ်ပါဘူး၊ ဦးလေးလီရဲ့၊ ဦးလေး နားလည်မှုလွဲနေပြီ၊ လျိုရွှမ်းက အရင်တစ်ခေါက်က မျက်နှာဖုံးတစ်ခု ကျပျောက်ခဲ့တာလေ၊ ဒါပေမယ့် အခု မြစ်ကမ်းဘေးကို သွားရှာတော့ မတွေ့တော့လို့ လာမေးတာပေါ့ “
ထိုသို့ ရှင်းပြလိုက်သောအခါ လူနှစ်ယောက်၏ မျက်နှာထားက ပြန်ကောင်းသွားကြသည်။
လျိုရွှမ်းက အပြင်းအထန် ခေါင်းညိတ်သည်။
“ဟုတ်ပါတယ်”
ရှီချီကမူ စိုးရိမ်ဟန်မရဘဲ နင်မုန့်၏ နားနားတွင် ခပ်ဖြည်းဖြည်း ဝင်ပြောသည်။
“အဆင်ပြေတယ်၊ ဝင်ဖြတ်မပြောနဲ့ “
နင်မုန့်က လက်ကာပြပြီး ပြန်ဖြေသည်။
“နင် ငါတို့ကို အကန်ထုတ်ခံချင်နေတာလား “
သူတို့ကို ဖျောင်းဖျပြီးနောက်တွင် ရွာသူကြီးနှင့် ဦးလေးလီတို့က သံသယမဝင်တော့ချေ။ အကြီးမားဆုံးသော အကြောင်းပြချက်ကမူ သူတို့က ငယ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
ဦးလေးလီက သူတို့အတွက် ညစာပြင်ပေးသည်။ သို့သော် နင်မုန့်နှင့် ရှီချီကမူ မစားချေ။
ဒီရွာက ကြောင်တောင်တောင်နိုင်သောကြောင့် သို့မဟုတ် သူတို့က ကျောက်တုံးတံတားပေါ်က ပျောက်သွားသော မျက်နှာဖုံးကိစ္စကို ကြုံတွေ့ခဲ့ရသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထို့အစား သူတို့က သူတို့ပြင်ဆင်လာသောအစားအစာများကို ကားထဲတွင်သာ စားကြသည်။ အားလုံးက နင်မုန့်ကြိုက်သော စားစရာများဖြစ်နေသည်။ သူမက ဖရဲစေ့အိတ်တစ်အိတ်ပင် မြင်ခဲ့ရသေးသည်။
ငါ့ရဲ့ ကြာရှည်စွာ ပျောက်ဆုံးပြီး သက်မဲ့နေရတဲ့ ဖရဲစေ့တွေ။
သူမက နင်နင်၏ အိမ်တွင် ထိုအကြောင်း အချိန်တန်ကြာ ပြောဖြစ်သော်လည်း မဝယ်ရဲခဲ့ချေ။ မည်သို့ပင်ဆိုစေ ဒါက အဆာပြေမုန့်မျှသာဖြစ်ပြီး စျေးက အလွန်မြင့်သည်။
လျိုရွှမ်းက သူတို့က အခြားလုပ်စရာကိစ္စရှိသည်ဟု ထင်ပြီး မလိုက်ခဲ့ချေ။
နင်မုန့်က ဖရဲစေ့စားနေရင်းမှ စနစ်ကို ပြောလိုက်သည်။
“ငါ တကယ် ဒီဖရဲစေ့ကို လွမ်းနေတာ၊ ငါထွက်သွားတော့ စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ တစ်ထုပ်ကိုတောင် ကုန်အောင် မစားခဲ့ရဘူး”
စနစ်က မေးသည်။
“ဒါက အဓိကစိုးရိမ်စရာကိစ္စလား “
####
အခန်း (၄၈.၃) သူမက တကယ်ချစ်စရာကောင်းတယ် (၃)

ရှီချီက အသီးလှီးဓားကို ယူပြီး အသီးကို ဖြည်းညင်းစွာဖြင့် အခွံနွှာနေသည်။ သူ၏ လုပ်‌ဆောင်မှုက ကြော့ရှင်းကြည့်ကောင်းပြီး သွက်လက်ကာ မျက်စိအေးစေသည်။
နင်မုန့်က သူ၏ လက်ကို မင်သက်စွာ စိုက်ကြည့်နေလိုက်သည်။
သူမ၏မြေးဖြစ်သူက သာမန်ရုပ်ရည်ကြည့်ကောင်းသည့် အဆင့်မဟုတ်တော့ချေ။ သူ၏လက်များကပင် အလွန်အမင်း ကြည့်ကောင်းနေပြန်သည်။ ဓားကို ကိုင်ထားချိန်တွင် အေးစက်ပြီး ပျော်ရွှင်တက်ကြွမှုမဲ့နေသေးစေကာမူ သူက ပိုပြီး သဘောကျဖွယ်ကောင်းလာသည့်အပြင် သူ၏ အနည်းငယ်ကွေးထားသော လက်ဆစ်များကပင် ဆွဲဆောင်မှုရှိနေသည်။
ရှီချီက မော့ကြည့်လိုက်သောအခါ သူ၏လက်ကို စိုက်ကြည့်နေသော သူမကို မြင်လိုက်ရသဖြင့် ပန်းသီးကို ကမ်းပေးလိုက်သည်။
“စားချင်လို့လား”
နင်မုန့်က ခေါင်းခါသည်။
“မဟုတ်ပါဘူး”
သူမက သူ၏လက်ကို ကြည့်ရုံသာ ဖြစ်သည်။
ရှီချီက ဆက်မပြောတော့ဘဲ သူမ၏ ပုံရိပ်ကို စက္ကန့်အနည်းငယ်ခန့် အထိ စိုက်ကြည့်နေလိုက်သည်။
အခု သူမရဲ့ ပုံရိပ်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ။ မျက်နှာ သွင်ပြင်ကတော့ ဝေဝါးနေတုန်းပဲ။ ဒါပေမယ့် အရင်ကဆို မျက်နှာကိုတောင် မမြင်နိုင်တာ။ ဒါထက်စာရင် အများကြီးကောင်းတာပေါ့။

ညမှောင်လာသောအခါ ရွာထဲရှိလူတိုင်းက တံခါးကို ပိတ်သွားကြသည်။
လျိုရွှမ်းက ဦးလေးလီဆီမှ ရသော ရေနံဆီမီးအိမ်ကို ယူလာရသည်။ သူတို့၏ ရွာက ခေတ်နောက်ကျသဖြင့် လျှပ်စစ်မီးမရှိလေရာ ရေနံဆီမီးအိမ်ကိုသာ အားကိုးရသည်။
သူက တည်ငြိမ်စွာပြောပြသည်။
“ညဘက်မှာ အပြင်မထွက်နဲ့ အပြင်မှာ သားရဲတွေရှိတယ်၊ မင်းကိုသာ ဆွဲခေါ်သွားမယ်ဆိုရင် ပြန်လာနိုင်တော့မှာ မဟုတ်ဘူး”
လျိုရွှမ်းကလည်း အံ့ဩသွားသည်။
“ဦးလေးလီ အရင်လ ကျွန်မလာတုန်းက ဘာလို့အဲ့ဒီလိုမပြောတာလဲ”
ဦးလေးလီက ပြောပြသည်။
“ဒါက ဆောင်းတွင်းလေ၊ ရိတ်သိမ်းရာသီက အခြားရာသီတွေနဲ့ ကွာခြားတယ်၊ အများကြီး မေးမနေပါနဲ့၊ ညမှာ အိပ်ယာစောစောဝင်ပြီး အပြင်မထွက်ရင် အကောင်းဆုံးပဲ”
“ဟုတ်ကဲ့ပါ”
လျိုရွှမ်းကလည်း ထူးဆန်းသည်ဟု ခံစားရသည့်တိုင်အောင် နာခံစွာသာ တုန့်ပြန်လိုက်သည်။
အသစ်ဆောက်ထားသော ထိုအိမ်တွင် အခန်းတစ်ခန်းသာလျှင် ရှိသဖြင့် နေရာခွဲခြားရန် ပြဿနာြဖစ်လာသည်။ ထို့ကြောင့် သူမက စီနီယာအစ်မနှင့် စီနီယာက အတူအိပ်ရန် မဖြစ်နိုင်ဟု တွေးလိုက်မိပြီး မေးလိုက်သည်။
“စီနီယာအစ်မ ကျွန်မနဲ့ အတူအိပ်မလား၊ ဒီအဝတ်အစားအတိုင်း အိပ်တာလည်း အဆင်ပြေတာပဲ၊ စီနီယာကတော့ … “
ရှီချီက စကားကို ဖြတ်ပြောလိုက်သည်။
“မလိုဘူး၊ ဒီည အိပ်ဖို့မလိုဘူး”
လျိုရွှမ်း၏ စကားက လည်ချောင်းတွင် ပြန်တစ်သွားပြီး သူမက လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။
ငါ ဘာလို့ စီနီယာအစ်မနဲ့ စကားကို အလွယ်တကူ ပြောလို့မရနိုင်တာလဲ။
နင်မုန့်က ခေါင်းလှည့်လာပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“နင် ဘာကို ရှာတွေ့ထားလို့လဲ”
စနစ်က ပြောသော စကားအရ ရေစွမ်းအင်ပိုကဲသော ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူများက သာမန်မဟုတ်ဘဲ ထူးခြားသော အခြေအနေ ဖြစ်လာအောင် ဆင့်ခေါ်နိုင်သလိုမျိုး လုပ်နိုင်သည့် အခွင့်အရေးပိုများလေသည်။ အခြားစကားဖြင့် ဆိုရသော် သူမ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် တုန့်ပြန်သည့်အနေဖြင့် ပုံမှန်ထက်လွန်ကဲသော တစ်စုံတစ်ရာ ဖြစ်လာလောက်ပေသည်။
ရွာက မှောင်သွားသောအခါ မည်သည့်အသံမှ မရှိတော့ချေ။ ခွေးဟောင်သံပင် မကြားရဘဲ အလွန်တိတ်ဆိတ်လွန်းနေသည်။ ပို၍ဆိုးသည်မှာ ရွာ၏အပူချိန်က ဒီဂရီများစွာ ကျသွားသည်ဟု ခံစားနေရသည်။ သို့ရာတွင် သူမ၏ဘေးမှ လျိုရွှမ်းကမူ တုန့်ပြန်မှုမရှိချေ။
ပြောရရင် ဒီလိုခံစားချက်ကို သူတစ်ယောက်တည်း ရနေတာပဲ။
အခြားစကားနှင့်ဆိုရသော် သူမက ပတ်ဝန်းကျင်ရှိ ရေ၊လေအေးများကို ခံစားမိသောကြောင့် အေးစက်သည်ဟုခံစားရခြင်း ဖြစ်လောက်သည်။
ထိုရွာက သူမခန့်မှန်းထားသည့်အတိုင်း ပုံမှန်မဟုတ်သောအရာ ရှိနေသည်။ ဒီရွာတွင် ဒီနေရာတစ်ခုတည်းသာ ရှိနေသော်လည်း ဂူဘုရားကျောင်းကို တည်ဆောက်ထားခြင်းက မေးခွန်းတစ်ခု ဖြစ်လာသည်။
လျိုရွှမ်းကမူ တိတ်ဆိတ်၍သာ နေပြီး အခန်းထဲသို့ ရေနံဆီမီးအိမ်ကို ယူသွားသည်။ အိပ်ခန်းပြတင်းကို ဖွင့်လိုက်သောအခါ အပြင်မှလေအေးများတိုက်လာသဖြင့် လိုက်ကာက လွင့်နေသည်။ ထို့ကြောင့် သူမက ပြတင်းပေါက်ကို သွားပိတ်ရန် ပြင်ဆင်လိုက်သော်လည်း မမျှော်လင့်စွာပင် အရှေ့အပြင်ဘက်ရှိ မြင်ကွင်းကြောင့် အံ့ဩသွားပြီး အသံတစ်ခုကြားမှသာ အသိပြန်ဝင်လာသည်။
သူမ၏ ကျောကုန်းတွင် ချွေးစေးများရွှဲသွားသည်။ ကြက်သီးများကလည်း ထလာသည်။
လျိုရွှမ်းက မျက်တောင်တစ်ချက်ခတ်ပြီးနောက်တွင် သူမြင်သည့် မြင်ကွင်းက ရှိနေသေးလေရာ အိပ်ခန်းထဲသို့ ပြန်ပြေးလာသည်။
နင်မုန့်က အထိတ်တလန့်ဖြစ်နေသော သူမကို ကြည့်သည်။
“ဘာဖြစ်တာလဲ”
လျိုရွှမ်းက အိပ်ခန်းဘက်သို့ လက်ညှိုးထိုးပြီးပြောပြသည်။
“ပြတင်းပေါက်အပြင်ဘက်မှာ လူတွေ အများကြီးပဲ”
အိပ်ခန်းက ရွာ၏အနောက်ဘက်ကို မျက်နှာမူထားခြင်း ဖြစ်ပြီး မြစ်ဘက်သို့ မူတည်သည်။
ရှီချီနှင့် နင်မုန့်တို့က ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သောအခါ အမှောင်ထဲတွင် လျှောက်သွားနေသော ပုံရိပ်များစွာကို မြင်လိုက်ရပြီး အသံများကလည်း ပဲ့တင်ထပ်သလိုမျိုး ထွက်လာသည်။
နင်မုန့်က ထခုန်မိမတတ်ဖြစ်သွားသည်။
“ညလယ်ခေါင်မှာ လူတစ်စုပါလား၊ သူတို့က လူလား သရဲလား၊ သူတို့အဲ့ဒီကို ဘာသွားလုပ်နေကြတာလဲ”
ထိုမြင်ကွင်းက ကြောင်တောင်တောင် နိုင်သည်။ အနက်ရောင်တိမ်စိုင်များက ဖုံးလွှမ်းထားသောကြောင့် လက တစ်ဝက်သာလျှင် မြင်ရသည့်တိုင်အောင် အလင်းရောင်အနည်းငယ်တော့ ကျနေသေးသည်။
ထိုနည်းဖြင့် တစ်ဖက်မှ မြင်ကွင်းကို လှလှပပ ရောင်ပြန်ဟပ်နေစေသဖြင့် ပုံရိပ်ရှည်များကို မြင်နိုင်သည်။
တစ်ယောက်ပြီးတစ်ယောက် အကွာအဝေးတစ်ခုခြားလျက် အရပ်မြင့်သူက မြင့်၊ ပုသူက ပု၊ အရပ်မမညီညာသော အနေအထားမျိုးဖြင့် သွားလာနေကြခြင်း ဖြစ်သည်။ အမှောင်ထဲတွင် ထိုလူတန်းရှည်ကြီး၏အဆုံးကိုပင် သေချာမမြင်နိုင်ချေ။
“ဒါက ရိုးရာဓလေ့ပွဲတော်ကို လုပ်နေသလိုမျိုးပဲ”
လျိုရွှမ်းက အနောက်မှ လျှောက်လာနှင့်ပြီဖြစ်သည်။ သူမက မျက်နှာဖြူဖျော့နေသည်။
“အရင်တစ်ခေါက် ကျွန်မလာတုန်းက ဒီလိုမျိုးမရှိပါဘူး၊ သူတို့က ဘာတွေ လုပ်နေကြတာလဲ”
ရှီချီက ရုတ်တရက် ပြောသည်။
“ရွာက လူတိုင်းအဲ့ဒီမှာ ရှိနေလောက်တယ်”
သူ၏စကားကို ပြောပြီးနောက်တွင် ဧည့်ခန်းမျက်နှာချင်းဆိုင်ရှိ တံခါးက ကွဲအက်သံထွက်လာပြီး တွန်းဖွင့်ခံလိုက်ရသည်။ အသံကလည်း သူတို့ထံရောက်လာသည်။
ရှီချီက ဝင်လာခြင်း ဖြစ်သည်။
နင်မုန့်က ရုတ်တရက် ခန့်မှန်းမိသွားသည်။
“သူတို့က မြစ်ဆီကို သွားတာလား၊ တံတားကို ကျော်ဖြတ်ပြီး တောင်တစ်ဖက်ခြမ်းကို သွားတာဖြစ်လောက်တယ်”
ထိုသို့ဆိုလျှင် ထိုတောင်ပေါ်တွင် ဂူဘုရားကျောင်းရှိနေလေရာ အရာအားလုံး၏ အရင်းအမြစ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ထိုနေရာတွင် ဖိနှိပ်ခံထားရသော သရဲရှိသည့်အပြင် ဓားမြှောင်လည်း ရှိသည်။ ထို့ကြောင့် တွေးရန်ပင်မလိုလောက်အောင် ဒါက ဒီရွာမှလူများနှင့် ပတ်သတ်နေလောက်သည်။
ဒီဘုရားကျောင်းကိုတောင် ဒီရွာကလူတွေ တည်ဆောက်ထားတာ ဖြစ်ရမယ်။
ရှီချီက အိပ်ခန်းထဲသို့ ပြန်သွားပြီးနောက် အိပ်ခန်းထဲရှိ လိုက်ကာများအားလုံးကို အားဖြင့် ဆွဲဖွင့်လိုက်သည့်အခါ အပြင်ဘက်ရှိ မြင်ကွင်းက သူတို့ထံရောက်လာသည်။
ပြတင်းပေါက်က ရွာ၏လမ်းနှင့် မျက်နှာမူနေခြင်းဖြစ်သဖြင့် တစ်ဖက်၏ မျက်နှာများကို မြင်နိုင်လိုက်သည်။
မျက်နှာချင်းဆိုင် တံခါးကို ဖွင့်လိုက်သောအခါ ထောင့်ချိုးအရ မျက်နှာချင်းဆိုင်ကဲ့သို့ ဖြစ်သွားသဖြင့် လမ်းတွင် ရပ်နေသောလူများက တူညီသောပုံစံဖြင့် လျှောက်နေကြောင်းကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုမြင်ကွင်းက လူတိုင်းကို ကြက်သီးထစေလောက်သည်။
နင်မုန့်က အားနည်းဖျော့တော့စွာ ပြောသည်။
“သူတို့ သူတို့ ဘာတွေလုပ်နေကြတာလဲ”
သူမက ရှီချီ၏ အနားသို့ တိုးသွားပြီးနောက် သူ၏အရပ်သုံးကာ သူမ၏ ခန္ဓာကိုယ်လေးကို ကွယ်ထားလိုက်ပြီး နှလုံးခုန်နှုန်းကပင် မြန်ဆန်လာသည်။ သူမက လျိုရွှမ်း၏ အသံကို ကြားလိုက်ရသည်။
“အိပ်နေရင်း လမ်းထလျှောက်တာများလား”
သူမက ဖြစ်သင့်သော အဖြေတစ်ခုကို ပေးလိုက်သည့်တိုင်အောင် သူမကိုယ်တိုင်ပင် ယုံကြည်ခြင်းမရှိပေ။
တိမ်မည်းများက လွင့်ပြယ်သွားပြီး လရောင်က ကျဆင်းလာသည့်အခါ လူတိုင်း၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ပို၍ ပီသလာသည်။
လျိုရွှမ်းက မျက်လုံးပြူးသွားပြီး အော်လိုက်သည်။
“သူ့ရဲ့ မျက်နှာမှာ မျက်နှာဖုံးရှိတယ်”
ဒါက သူမရှာနေသော အနက်ရောင်မျက်နှာဖုံးဖြစ်ပြီး ရွာသားတစ်ယောက်က သူမ၏ မျက်နှာနှင့် တစ်ထေရာထဲ တူသော သင်္ကေတပါသည့် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
သူမက မှန်ထုတ်ပြီး ကြည့်လိုက်သည်။ သူမခန္ဓာကိုယ်က တုန်ယင်နေတော့သည်။ လျိုရွှမ်း၏ နှုတ်ခမ်းကလည်း တဆတ်ဆတ် တုန်ယင်လာသည်။
“ကျွန်မ ကျွန်မ သူတို့လို ဖြစ်လာမှာလား၊ အသေကောင်လိုမျိုး လမ်းလျှောက်နေရမှာလေ”
တစ်ယောက်ပြီးတစ်ယောက်ဖြတ်သွားနေခြင်းကို နင်မုန့်ကလည်း မြင်လိုက်သည်။
အားလုံး၏ မျက်နှာတွင် မျက်နှာဖုံးများရှိနေသည်။ မျက်နှာဖုံးရှိ သင်္ကေတများက ပုံမှန်မဟုတ်ပေ။ သို့သော် အခြေခံအားဖြင့် လျိုရွှမ်းက ဆွဲပြဖူးသော ပုံစံနှင့် တူညီနေသည်။ သူတို့က ရောင်စုံမျက်နှာဖုံးများကို ဝတ်ဆင်ထားကြခြင်းဖြစ်ပြီး အလွန်အမင်း ကြောက်လန့်စရာကောင်းကာ လရောင်အောက်တွင် ခြောက်ခြားဖွယ် ထူးဆန်းနေတော့သည်။
မျက်နှာဖုံးအောက်မှ သူတို့၏ မျက်နှာထားကို မမြင်နိုင်ချေ။ သူတို့က မျက်နှာဖုံးများကို တပ်လျက် စက်ရုပ်များလို လမ်းလျှောက်နေခြင်းကိုသာ မြင်နိုင်သည်။ အချိန်က တဖြည်းဖြည်း ကုန်လာသောအခါ နောက်ဆုံး တစ်ယောက်က ကျော်ဖြတ်သွားပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
ရှီချီက လိုက်ကာကို ပိတ်ပြီးနောက် တည်ငြိမ်စွာ ပြောသည်။
“နောက်ကလိုက်ရအောင်”
သူက နောက်သို့ လှည့်လိုက်သည်နှင့် သဘာဝအလျောက်ပင် သူ၏ အနောက်တွင် ပုန်းနေသော နင်မုန့်ကို မြင်လိုက်ရသော်လည်း သူမကို ရှက်မသွားစေရန် ထုတ်မပြောလိုက်ဘဲ လေသံတိုးတိုးဖြင့်သာ ပြောလိုက်ခြင်း ဖြစ်သည်။
သူက ကလေးဘဝကတည်းက သူ၏ အဘွားကိုယ်ထဲ ဝင်ပူးသွားသော ထိုဝိညာဉ်ရိုင်းက အခြားသော လေလွင့်ဝိညာဉ်များကို မြင်နိုင်ကြောင်း သိခဲ့သည်။ သို့သော် သူမက ထိုအတွက်ကြောင့်သာမဟုတ်လျှင် ထိုမျှ ကြောက်နေလိမ့်မည်မဟုတ်ချေ။
သို့ရာတွင် ဒါကလည်း ကြောင်တောင်တောင်နိုင်သလို သူက ခံစားရသည်။
သူမ ကိုယ်တိုင်ကလည်း ဝိညာဉ်တစ်ကောင်ပဲလေ။ ဘာလို့ အခြားဝိညာဉ်တွေကို ကြောက်နေတာလဲ။ ဒါက ဆန့်ကျင်ဘက်ဖြစ်နေသလိုပဲ။
သူက သူမကို ကြည့်လာကြောင်း မြင်သောအခါ နင်မုန့်က ကျောမတ်မတ် ရပ်လိုက်ပြီးနောက် လည်ချောင်းကို ရှင်းကာ ဖြောင့်မတ်မှန်ကန်သလို ပြောလိုက်သည်။
“ကောင်းပြီလေ၊ သူတို့ရဲ့နောက်က လိုက်သွားရ‌အောင် “
လျိုရွှမ်းကလည်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီဖြစ်သဖြင့် သဘာဝအလျောက်ပင် သူတို့၏နောက်မှလိုက်ရန် သဘောတူလိုက်သည်။

ချစ်စရာကောင်းလွန်းတယ်။
ငါ့ရဲ့ အင်္ကျီကိုဆုပ်ထားတဲ့ လက်ကိုသာ ဖြေလျော့ပေးမယ်ဆိုရင်ပေါ့။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset