အခန်း (၄၄) ငါ့ရဲ့ မျက်နှာမှာ တစ်ခုခုပေနေလို့လား။
ပိတ်ရက်ဖြစ်သင့်သည့်တိုင်အောင် တစ်ရက်က အမျိုးသားနေ့ပိတ်ရက် ဖြစ်နေသည်။ သို့ရာတွင် သူတို့က အထက်တန်းတတိယနှစ်သို့ ရောက်နေသောကြောင့် အားလပ်ရက်ခုနစ်ရက်က ငါးရက်အထိ ချုံ့သွားသည်။ ပို၍ ဆိုးသည်မှာ ကျောင်းသားတစ်ယောက်စီကို တစ်ဘာသာတွင် မေးခွန်းပုံစံနှစ်မျိုးစီ ပေးလိုက်သည်။ ထို့အပြင် ကိုးကားရမည့်စာအုပ်များနှင့် လုပ်စရာအိမ်စာများစွာကလည်း ပါနေသေးပြန်သည်။
အစပိုင်းတွင် နင်မုန့်ကမူ စက္ကူရုပ်လေးကို ဆော့ကစားရင်းဖြင့် အချိန်ကုန်မှန်းမသိ ကုန်နေခဲ့သည်။ သိပ်မကြာမီအချိန်တွင် သူမ၏ အာရုံက အိမ်စာသို့ အပြည့်အဝ ရောက်သွားလေပြီး သူမ၏ ပညာရေးအမှတ်များကို မကြိုက်ရန် ဆုံးဖြတ်လိုက်သည်။
မြို့ဟောင်းလမ်းကို ဖြိုချသော ကိစ္စက နောက်ဆုံးတွင် စတင်ပြီဖြစ်သည်။ လျန်ဖုန်းမိန်က သူတို့၏ ပစ္စည်းများကို ဟိုနေရာမှ ဒီနေရာသို့ ရွှေ့နေရပြီး ကျန်သောအရာများကိုလည်း ပစ်ထုတ်ရသေးသည်။ ထိုကိစ္စကြောင့် သူမက အလွန်အလုပ်များနေပြီး နင်မုန့်ကို စကားပြောရန် အချိန်မရှိတော့ပေ။ ပို၍ ဆိုးသည်မှာ ဒီလိုဖြိုချသည့်အတွက် လျော်ကြေးကို မရသေးချေ။ ထို့ကြောင့် ယာယီအားဖြင့် ဒီနေရာတွင် နေနေရဦးမည် ဖြစ်သည်။ ဒီနေရာက ကျဉ်းမြောင်းသော်လည်း ကျောင်းနှင့် နီးသောကြောင့် နင်မုန့်အနေနှင့် အချိန်ကုန်သက်သာသည်။
အားလပ်ရက် အဆုံးသတ်နေ့မတိုင်ခင်ညတွင် နင်မုန့်က စက္ကူရုပ်ကို ခေါင်းအုံးပေါ် တင်ထားပြီး တို့ထိနေလိုက်သည်။ ထိုအရုပ်ကလေးက အောက်သို့ ကျသွားလိုက် ပြန်တက်လာလိုက်လုပ်ရင်း ခြေထောက်များ တုန်ယင်နေပုံက သနားစရာ ကောင်းလွန်းလှသည်။ သူမက စနစ်ကို မေးလိုက်သည်။
“စက္ကူရုပ်ထဲ ဝင်သွားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ စိတ်ဝိညာဉ်တွေက ပြောရမယ်ဆိုရင် သူတို့က ထိန်းချုပ်မှုအောက်မှာ မရှိသင့်ဘူးမလား၊ ဘာလို့ အဲ့ဒီအမျိုးသားရဲ့ မျက်နှာကို ဆွဲဖြဲခဲ့တာလဲ “
သူမက ထိုအကြောင်းကို ထည့်ပြောလိုက်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူသေသွားသော နည်းလမ်းက ကြောက်စရာ ကောင်းလွန်းသည်။ ရဲများက မေးမြန်းသောအခါ သဘာဝအလျောက်ပင် သူမက ဘာမှမပြောနိုင်ခဲ့ချေ။ စက္ကူအရုပ်က အသားအရေခွံကို အလွယ်တကူ ဆွဲခွာနိုင်ခဲ့ခြင်းက သူမ၏အတွေးကို အေးစက်သွားစေသည်။
စနစ်ကလည်း အကျဉ်းချုပ်ကို လိုတိုရှင်း ရှင်းပြပေးသည်။
“စက္ကူရုပ်တွေက မင်းရဲ့မြေးနဲ့ ဆက်နွယ်မှုပြတ်တောက်သွားတော့ ပိုင်ရှင်မဲ့သွားပြီ၊ စိတ်ဝိညာဉ်တစ်ခုက အလိုအလျောက် အသိစိတ်ရှိဖို့ မဖြစ်နိုင်ဘူး၊ သူ့ရဲ့မသိစိတ်အရ လုပ်တာဖြစ်နိုင်တယ် “
နင်မုန့်က ကြောင်သွားသည်။ အံ့ဩစရာမရှိတော့ပေ။
သူတို့က မူလက လူသားများဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်က ယူဆောင်ခံရပြီး စက္ကူရုပ်ထဲ အထည့်ခံရသည်။ ထို့ကြောင့် မကျေနပ်နိုင်ချေ။ ထို့အပြင် ခိုင်းစေသော အသိစိတ်ကလည်း မရှိသောအခါ ကလဲ့စားချေရန် နားလည်နေခြင်း ဖြစ်လောက်သည်။ ထိုလူက သူလုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်နိုင်သည်။ သူက လမ်းမှန်တွင် မလျှောက်ခဲ့ဘဲ မိစ္ဆာဆန်သော လမ်းဆိုးကို လျှောက်ခဲ့သည့်အတွက် သူ့အသက်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။
အချိန်က နောက်ကျနေပြီဖြစ်သည်။ နင်မုန့်က စက္ကူရုပ်ကို ဘေးတွင် ထားလိုက်ပြီးနောက် ပြောလိုက်သည်။
“အိပ်ယာဝင်ရမယ့် အချိန်ပဲ၊ ညဘက်မှာ လျှောက်ပြေးမနေနဲ့တော့ “
စက္ကူရုပ်လေးက အလွန်တက်ကြွနေသေးသော်လည်း သူက နာခံသည်။ သူမ၏ အမိန့်ကို ကြားသောအခါ နာခံစွာဖြင့် ကုတင်ဘေးရှိ စားပွဲပေါ်တွင် လှဲချလိုက်သည်။ နင်မုန့်ကလည်း လက်ဆန့်တန်းပြီး မီးကို ပိတ်လိုက်သည်။
…
ကျောင်းသို့ ပြန်သွားသောအခါ အိမ်စာထပ်ရမည်ဖြစ်သည်။
သူမက အတန်းထဲသို့ ရောက်သောအခါ ရှီချီက ရောက်နှင့်နေပြီဖြစ်သည်။ သူက စာအုပ်ကို လှန်နေသည်။ သူက ထိုသို့ ဒီတိုင်းထိုင်နေသည့်ပုံစံကလည်း ကြော့ရှင်းကြည့်ကောင်းပြီး လုပ်ဆောင်မှုများကလည်း လှပလွန်းပေသည်။
နင်မုန့်က သူ့ကို ကြည့်နေရင်းမှ သက်ပြင်းချလိုက်သည်။ အမျိုးသားတွေ အရွယ်ရောက်လာတဲ့အခါ ဝိုင်ကောင်းကို သောက်ရသလိုပဲ။ ဆယ်နှစ်ထဲကွာသွားတာတောင် သူက ဒီလို လှပတဲ့ကောင်လေးအဖြစ် ကြီးပြင်းလာတယ်။ သူ့ကို နေ့တိုင်းမြင်နေရတာတောင် ငြီးငွေ့တယ်လို့ မခံစားရဘူး။
ရှီချီက ထိုတခဏတွင် ခေါင်းမော့လာပြီးနောက် သူမနှင့် အကြည့်ဆုံသွားကာ စာအုပ်ကို ပိတ်ပြီး မေးလိုက်သည်။
“မင်းရဲ့ အားလပ်ရက်က ဘယ်လိုလဲ “
နင်မုန့်က လွယ်အိတ်ကို ချသည်။
“ပုံမှန်ပါပဲ၊ ကောင်းပါတယ်”
သူမအနေဖြင့် နေ့တိုင်း မနက်စောစော ထစရာမလိုသလို စက္ကူအရုပ်လေးကလည်း သူမနှင့် ကစားဖော်အဖြစ် ရှိနေသည်။ သူမလုပ်ရမည့်အိမ်စာများကြောင့်သာ မဟုတ်လျှင် ဘဝက ပို၍ လွတ်လပ်နေပေလိမ့်မည်။
သူမက တခဏခန့်တွေးတောပြီးနောက် ပြန်လှည့်လာသည်။
“နင် နင့်ရဲ့ စက္ကူရုပ်လေးကို နာမည်ပေးပြီးသွားပြီလား “
ရှီချီက ပြန်ဖြေသည်။
“မပေးရသေးဘူး”
နင်မုန့်က ပြုံးပြီးနောက် အစိမ်းရောင် စကပ်နှင့် စက္ကူရုပ်လေးကို သူမ၏ ပေါင်ပေါ်တင်ပြီးနောက် ပြောသည်။
“ဒါဆိုရင် သူတို့ကို ရှောင်ဟုန်နဲ့ ရှောင်လွိလို့ ခေါ်ရအောင်”
ထိုသို့ဆိုလျှင် ခွဲခြားရလွယ်ကူပေသည်။
ရှီချီက ခေါင်းကို ငုံ့လာပြီးနောက် သူ့အတန်းဖော်၏ စက္ကူရုပ်လေးကို ကိုင်ထားသော ဖြူဖွေးနေသော လက်ချောင်းလေးများကို ကြည့်လိုက်သည်။ သူမ၏ လက်သည်းများကပင် ရောင်ပြန်ဟပ်သလို ဖြစ်နေသည်။ သူက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ”
မည်သို့ပင်ဆိုစေ အိမ်တွင် ရှောင်ဟွမ်က ရှိပြီးသားဖြစ်သည်။ နောက်ထပ် ရှောင်ဟုန်က ရောက်လာလျှင် ပြဿနာမရှိနိုင်ပေ။
နင်မုန့်က စက္ကူရုပ်လေးကို တို့ပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။
“အခုကစပြီးနင့်ကို ရှောင်လွိလို့ ခေါ်တော့မယ်၊ ငါ နင့်ကို အဲ့ဒီလို ခေါ်တာနဲ့ နင်တုန့်ပြန်ရမယ်နော် ကြားလား “
စက္ကူရုပ်လေးက နာခံစွာဖြင့် ခေါင်းညိတ်ပြသည်။
သူမက လျန်ဖုန်းမိန်က မတော်တဆ တံမြက်စည်းလှည်းပြီး အမှိုက်ပုံးထဲ ထည့်လိုက်မိမည်ကို စိုးရိမ်ပြီး စက္ကူရုပ်လေးကို အိမ်ထဲတွင် မထားခဲ့ချေ။ ထို့ပြင် စက္ကူရုပ်လေးကလည်း သူမမရှိသည့်အချိန်တွင် လျှောက်ပြေးနေပါက လေဖြင့် လွင့်သွားနိုင်လေရာ ပို၍ မထားရဲတော့ချေ။
ထိုသို့ဖြင့် တစ်နေ့လုံး၏ ပြင်းထန်သော စာသင်ချိန်က ကုန်ဆုံးသွားခဲ့သည်။
ညနေခင်း ပြန်လည်လေ့ကျင့်ခန်း လုပ်ချိန်တွင် နင်မုန့်က စက္ကူရုပ်လေးကို စားပွဲ၏ အောက်ဘက်အကန့်ထဲသို့ ထည့်ထားလိုက်သည်။ ထိုနည်းအားဖြင့် အတွင်းတွင် လျှောက်ပြေးခွင့် ပြုထားလိုက်သည်။ သို့သော် အခြားသူများ မြင်မည်စိုးသဖြင့် အပြင်တွင် ထွက်ခွင့်ပြုမထားချေ။
ရှီချီက ဘေးတွင် ရှိနေသောအခါ ပြဿနာမလုပ်ရဲတော့ချေ။
အတန်းပြီးကြောင်း ခေါင်းလောင်းမြည်သောအခါ ချုံခဲ့ခဲ့က နောက်လှည့်လာသည်။
“နင်နင် နင် ရေချိုးခန်းသွားချင်လား”
မိန်းကလေးများက ထိုသို့အတူသွားရင်း လမ်းတွင် စကားပြောရခြင်းကို အလွန်သဘောကျသည်။ သူမက နင်နင်၏ အကျင့်စရိုက်ကို သဘောအကျဆုံးဖြစ်လေရာ သူမ လုပ်သည့် မည်သည့်အရာတွင်မဆို အဖော်အဖြစ် အတူရှိစေချင်သည်။
နင်မုန့်ကလည်း သွားချင်နေသဖြင့် သဘောတူလိုက်သည်။
တတိယတန်းတွင် အိမ်သာက နှစ်မျိုးနှစ်စားရှိပြီး တတိယတန်းကျောင်းဆောင်နှင့် ဒုတိယတန်းကျောင်းဆောင် ဆက်နေသော ကော်ရစ်ဒါတွင် တစ်ခုရှိသည်။ ထိုနေရာတွင် အများသုံး သန့်စင်ခန်းတစ်ခုရှိပြီး တတိယတန်းကျောင်းဆောင်၏အနောက် စာသင်ခန်းဘက်တွင် တစ်ခု ရှိပြန်သည်။ ထိုနေရာက ဓာတ်ခွဲခန်းများနှင့် ပေါင်းသုံးရခြင်း ဖြစ်သည်။ သူတို့က အလယ်တစ်ခုသို့ သွားခြင်း ဖြစ်သည်။
ချုံခဲ့ခဲ့က သူမ၏ လက်မောင်းကို ဆွဲပြီး အထွန့်တက်သည်။
“နင် ဒီညဘာလုပ်မှာလဲ၊ နင့်ကြည့်ရတာ အလုပ်များနေတဲ့ပုံပဲ “
နင်မုန့်က ပြုံးလိုက်သည်။
“ငါတို့အခု အတန်းတွေ ပြန်တက်ရတော့မယ်လေ၊ ငါကတော့ အားလပ်ရက်အကြောင်း တွေးနေမိတုန်းပဲ”
ချုံခဲ့ခဲ့ကလည်း ထိုအကြောင်းကို သံသယမဝင်ချေ။ သူမက နောက်လှည့်သွားပြီး ရေချိုးခန်းအတွင်းသို့ ဝင်သွားသည်။
ညတွင် လူအနည်းငယ်သာ ရှိတော့သည်။ နင်မုန့်က လက်တန်းနားတွင် ရပ်စောင့်နေရင်းမှ ရေချိုးခန်းထဲသို့ မိန်းကလေးတစ်ယောက်က ဝင်လာသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ချုံခဲ့ခဲ့က ထွက်လာသည်။
သူမ စတင်ကာ အထွန့်တက်သည်။
“နင်နင် ငါ နင့်ကို ပြောရဦးမယ်၊ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း နင်က နင့်ရဲ့မေးခွန်းတွေမှာပဲ အာရုံစိုက်နေပြီး ငါ့ကိုတောင် လှည့်မကြည့်ဘူး၊ ဒီအတိုင်းဆိုရင် ငါတို့ရဲ့ ရင်းနှီးမှုကို နင် အလွယ်တကူ ဆုံးရှုံးလိုက်ရလိမ့်မယ် “
နင်မုန့်က သူမ၏ အထွန့်တက်နေမှုကို စောင့်ကြည့်နေရင်းမှ လက်ကို တစ်ချက်နှိပ်လိုက်ပြီး သူမကို မနှောင့်ယှက်ပေ။
မြို့၏ အလယ်တန်းကျောင်းက ဝန်ဆောင်မှုကောင်းသည်။ ရေချိုးခန်းများက အလွန်လှပပြီး အလယ်တွင် တံခါးရှိကာ တစ်ဖက်တစ်ချက်စီတွင်လည်း လက်ဆေးကန်များ ရှိသည်။ တစ်ခန်းလုံးတွင်လည်း မှန်ကြီးက နေရာယူထားသည်။
ပြောရလျှင် အပြင်မှန်များက လူကို ပို၍ ကြည့်ကောင်းသည်ဟု ခံစားရစေသည်။ ဒီနေရာတွင်ရှိသော မှန်များနှင့် ထိန်လင်းနေသော မီးများကြောင့် ထိုသို့ အလားတူသော ခံစားချက်မျိုးကို ရစေသည်။
ချုံခဲ့ခဲ့က သူမ၏ လက်ကို အခြောက်ခံနေရင်းမှ မှန်ရှေ့တွင် ပြင်ဆင်နေရင်း ခေါင်းလှည့်ကာ ပြောလာသည်။
“လာပါ နင်နင်၊ နင် ဒီနှုတ်ခမ်းနီလေး ဆိုးကြည့်လိုက်၊ ဒီလိုဆိုရင် နင် ပိုပြီး လှသွားလိမ့်မယ် “
“ဘာ … “
သူမ၏စကားမဆုံးခင်မှာတင် ကျယ်လောင်စူးရှသည့် အော်သံက သူမတို့နှစ်ယောက်၏ စကားကို ဖြတ်လိုက်သလို ဖြစ်သွားသည်။
ချုံခဲ့ခဲ့ ပါးစပ်ကို လက်ဖြင့် ပိတ်ပြီး တုန်ယင်စွာဖြင့် မေးသည်။ “ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ”
နင်မုန့်က အသံလာရာသို့ ကြည့်လိုက်သောအခါ မျက်နှာချင်းဆိုင် လက်ဆေးကန်တွင် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူမရုပ်ရည်က သာမန်သာဖြစ်ပြီး ဘယ်အတန်းကမှန်းပင် မသေချာချေ။
ထိုအခိုက် ထိုမိန်းကလေးက သူတို့ကို ကျောပေးထားပြီး မှန်ထဲတွင် ဖြူဖျော့သော မျက်နှာထားနှင့် တုန်ယင်သော နှုတ်ခမ်းပါးများကို ထင်ရှားစွာ မြင်နိုင်ပေသည်။
ချုံခဲ့ခဲ့က သံသယဝင်သွားသည်။ သူမက နင်နင့်ထံ အနည်းငယ် တိုးလာပြီးနောက် ထိုမိန်းကလေးကို စိုက်ကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ၊ ဘယ်သူက သွားစလို့လဲ “
နင်မုန့်ကလည်း ခေါင်းခါလိုက်သည်။
“ငါမသိဘူး၊ သူ့ဘာသာ ဒီတိုင်း ရုတ်တရက် ထအော်တာပဲ”
သူမက ခေါင်းလှည့်ပြီးနောက် သတိပေးသည်။
“နင့်ရဲ့ နှုတ်ခမ်းနီက ဘေးဘက်ကို ချော်ထွက်သွားပြီ”
ချုံခဲ့ခဲ့ကလည်း မှန်ကို ပြန်ကြည့်လိုက်ပြီးနောက် ချွန်ထွက်နေသောနေရာများကို သုတ်ပြီး နှုတ်ခမ်းနီကို ပြန်ညှိလိုက်သည်။ မျက်နှာချင်းဆိုင်မှ မိန်းကလေးက မှန်ရှေ့တွင် ရပ်နေပြီး မျက်နှာကို ကိုင်ထားသည်။ သူမက အလွန်ထိတ်လန့်ပြီး ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် အခန်း၏ အလယ်တွင် ရပ်လိုက်သည်။
နင်မုန့်က ရှေ့သို့ သိချင်စိတ်ပြင်းပြစွာဖြင့် တက်ကြည့်လိုက်ပြီး ပခုံးကို တို့ကာ မေးလိုက်သည်။
“အတန်းဖော် နေမကောင်းလို့လား၊ ဆရာမကို သွားခေါ်ပေးရမလား “
ကောင်မလေးက တုန်ယင်စွာဖြင့် မျက်နှာကို လှည့်လာပြီးနောက် တိတ်တဆိတ် မေးလာသည်။ “ငါ့ရဲ့ မျက်နှာပေါ်မှာ တစ်ခုခုရှိနေလား”
နင်မုန့်နှင့် ချုံခဲ့ခဲ့တို့က အတူရပ်နေကြခြင်းဖြစ်သည်။ သူတို့က အတူငုံ့ကိုင်းကာ ကြည့်လိုက်ကြသည်။
“မရှိပါဘူး၊ ဘာမှရှိမနေပါဘူး၊ ငါတို့က ဘာကိုမြင်သင့်တာလဲ”
ပုံမှန်ထွက်သော အဆီဖုများနှင့် ဝက်ခြံများကလွဲပြီး အခြားမရှိချေ။ သူမက ဘာမှားနေမှန်းမသိချေ။ ထိုမိန်းကလေး၏ မျက်နှာက ထိုသို့ အဖုအပိန့်များနေသဖြင့် ရုပ်ရည်အစစ်အမှန်ကို မြင်ရရန် ခက်ခဲသည်။ သို့သော် ခပ်ယေးယေး မြင်နိုင်နေသေးသည်။ သူမ ပထမဆုံး အနေဖြင့် ဒီလို ကိုးရိုးကားရားနိုင်သော အခြေအနေကို ကြုံရခြင်းဖြစ်သည်။။ သူမက လျှို့ဝှက်စွာဖြင့် စနစ်ကို မေးလိုက်သည်။
“သူမရဲ့ မျက်နှာက ဘာဖြစ်နေလို့လဲ”
စနစ်က ပြောသည်။
“အဲ့ဒီကောင်မလေးက မထိသင့်တာကို ထိလိုက်တယ်”
ထိုမြင်ကွင်းနှင့်အတူ နင်မုန့်၏ စိတ်ထဲတွင် အတွေးတစ်ချက်က ဝင်လာသည်။
ဟာဒီကောင်မလေး ဒိတ်လွန်နေတဲ့ အနက်ရောင် mask တွေများ ကပ်လိုက်တာလား။
သူမ၏ စကားကို နားထောင်ပြီးနောက် ကောင်မလေးက စိတ်အေးသွားဟန်ဖြင့် တစ်ကိုယ်လုံးက သက်သောင့်သက်သာ ဖြစ်သွားသည်။ သူမက လျှို့ဝှက်ဆန်းကြယ်သလို မှန်ကို ထိုးပြကာ ပြောသည်။
“မှန်ထဲမှာ နင်တို့ကိုယ်နင်တို့ ပုံမှန်အတိုင်း မြင်ကြလား”
နင်မုန့်နှင့် ချုံခဲ့ခဲ့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ သူတို့က မှန်ကို ကြည့်သည်။ ဘာမှထူးဆန်းမနေချေ။ ပုံမှန်အတိုင်း ဖြစ်သည်။
သူမ၏ ယန်မျက်လုံးကလည်း ထူးထူးခြားခြား မမြင်ရချေ။ အနက်ရောင်မြူထုလက်ကိုပင် မမြင်ရချေ။ မှန်က ပုံမှန်အတိုင်းဖြစ်နေသည်။
နင်မုန့်က ပြောလိုက်သည်။
“ပုံမှန်ပါပဲ”
ချုံခဲ့ခဲ့ကလည်း ပြောလိုက်သည်။
“ပုံမှန်ပါပဲ၊ ငါက လှနေတုန်းပဲ”
ကောင်မလေးက တခဏခန့် ကြောင်သွားပြီးနောက် မှန်ကို ပြန်ကြည့်သည်။ သူမက တစ်ယောက်တည်း စကားတီးတိုး ရေရွတ်နေပြီးနောက် မျက်နှာက မသာမယာ ဖြစ်သွားပြန်ကာ သူတို့ကို စကားမပြောဘဲ ထွက်သွားတော့သည်။
နင်မုန့်က သူမ၏ ခြေလှမ်းများက မငြိမ်ကြောင်း သတိထားမိနေသည်။
ချုံခဲ့ခဲ့ကလည်း ကြောင်သွားသည်။
“အဲ့ဒီကောင်မလေး ဘာဖြစ်တာလဲ၊ တစ်ခုခုဖြစ်နေလို့လား၊ ဟုတ်တော့မဟုတ်နိုင်ပါဘူး၊ ငါ အရင်ဆုံး ဘယ်အတန်းကလဲလို့ သွားမေးရမယ်”
တတိယနှစ် ပထမထပ်တွင် အခန်းငါးခန်းရှိသည်။ သူမက အတန်းတိုင်းရှိ ကောင်မလေးတိုင်းကို မြင်ဖူးသည်။ ထည့်ပြောစရာပင်မလိုအောင် သူမက လူတိုင်းနီးပါးနှင့် ရင်းနှီးသည်။ သို့သော် ထိုမိန်းကလေးကို မမြင်ခဲ့ဖူးသေးချေ။ ထို့ကြောင့် ထိုမိန်းကလေးက ဒုတိယထပ်မှ ဖြစ်မည်ဟု သေချာသွားသည်။
နင်မုန့်ကလည်း သံသယဖြင့် အတန်းထဲသို့ ဝင်လာသည်။
သူမ ယခု မြင်ခဲ့ရသော မြင်ကွင်းက ထူးဆန်းလွန်းသည်ဟု ခံစားလိုက်ရသည်။ ထိုလူ၏ မျက်နှာက အနက်ရောင် အစက်များဖြင့် ပြည့်နေသလိုမျိုး မှောင်မည်းနေသလိုလို ဝေဝါးနေသဖြင့် ရုပ်သွင်ကို သေသေချာချာ မြင်နိုင်ရန် ခက်ခဲသည်။ မည်သို့ပင် တွေးတွေး အခြေအနေက မမှန်ပေ။
ဒီကောင်မလေးက မှန်ကိုပဲ ကြည့်နေတာပဲ။ သူ့ရဲ့ရုပ်ကို မြင်လိုက်တော့ ပြောင်းလဲတာကို မြင်ပြီး အော်လိုက်တာပဲဖြစ်ရမယ်။
နင်မုန့်က သူမမြင်လိုက်သောအရာကို သိချင်သွားသည်။
…
ချုံခဲ့ခဲ့က ထိုကောင်မလေး၏ နောက်ခံကို စုံစမ်းမည်ဟု ကြုံးဝါးသွားကတည်းက လျင်မြန်စွာဖြင့် အဖြေကို ရလာသည်။
နောက်တစ်နေ့ မနက်ခင်းတွင် နင်မုန့်က မနက်ပိုင်းစာဖတ်ချိန် ပြီးသွားသည့်အချိန်တွင် စာအုပ်ကို မပိတ်နိုင်ခင်မှာတင် ချုံခဲ့ခဲ့က စူးရှစွာဖြင့် နောက်သို့ လှည့်လာပြီး သူမရှာတွေ့လာသော အရာကို ပြောပြလိုက်သည်။
သူတို့နှစ်ယောက်က နောက်ဆုံးတန်းတွင် ထိုင်သည်။ ရှီချီက ကျောင်းအုပ်ဆရာက ရုံးခန်းသို့ ခေါ်သွားသဖြင့် ထိုနေရာတွင် မရှိသောကြောင့် သူမအနေဖြင့် စိုးရိမ်စရာ မလိုအပ်ချေ။
ချုံခဲ့ခဲ့က သကြားလုံးဝါးနေရင်း ခပ်တိုးတိုး ပြောပြလိုက်သည်။
“ငါ မနေ့ညက ပြန်သွားတော့ လူနည်းနည်းကို မေးကြည့်လိုက်တာ၊ ဒီမနက်မှာ အထက်တန်းကျောင်း တတိယနှစ်ရဲ့ ဒုတိယနှစ်ဝက်ကလားမသိတဲ့ ကောင်မလေးတစ်ယောက်လို့ သိလိုက်ရတယ်၊ သူမရဲ့ နာမည်က လျိုရွှမ်းတဲ့၊ အတန်းထဲမှာ အရမ်းကို သာမန်ပဲ”
ထိုမိန်းကလေးက လွန်ခဲ့သော နှစ်ရက်ကမှ စတင်ပြီး ထူးထူးဆန်းဆန်း လုပ်လာခြင်း ဖြစ်သည်။
ချုံခဲ့ခဲ့က တခဏခန့် ပြန်တွေးနေသလိုမျိုး ငြိမ်သက်သွားပြီးနောက် ဆက်ပြောလာသည်။
“အချို့လူတွေပြောတာတော့ လျိုရွှမ်းက ဒီရက်တွေမှာ မှန်ခဏခဏ ကြည့်တယ်တဲ့၊ အမြဲတမ်းလည်း သူမရဲ့မျက်နှာမှာ ဘာရှိနေလဲဆိုပြီး လူတိုင်းကို လိုက်မေးတတ်တယ်၊ မနေ့ညကကိုပဲ ဥပမာကြည့်ဦး၊ ငါတို့ နှစ်ယောက်နဲ့ အိမ်သာထဲမှာ တွေ့ခဲ့တာမဟုတ်လား၊ ငါတို့ကိုလည်း တူညီတဲ့မေးခွန်းမေးတယ်လေ “
သူမက စကားကို ရပ်ပြီးနောက် ဆက်ပြောသည်။
“နောက်တော့ ညနေပိုင်း ပြန်လည်လေ့ကျင့်ခန်းလုပ်တဲ့ နောက်ဆုံးအချိန်မှာ သူမရဲ့ အတန်းဖော်က မှန်ထုတ်ကြည့်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို မြင်လိုက်ပြီး ထအော်တယ်တဲ့၊ ဆရာမက အဲ့ဒီကောင်မလေးနဲ့ အတန်းဖော်ကို အပြင်ထွက်မတ်တပ်ရပ်ခိုင်းလိုက်တယ်၊ ဒါပေမယ့် ဆရာမကလည်း ဘာမှရှာမတွေ့ခဲ့သလို လျိုရွှမ်းကလည်း သူမ မြင်ခဲ့တာကို ပြောဖို့ ငြင်းဆန်နေတယ်”
နင်မုန့်က အချိန်အတန်ကြာ နားထောင်ပြီးနောက်တွင် တစ်စုံတစ်ရာ ကြောက်မက်ဖွယ်ကောင်းသောအရာနှင့် ကြုံတွေ့နေရသည်ဟု ခံစားလိုက်ရသည်။ သူမက အတွေးကို စစ်ဆေးပြီးနောက် ခန့်မှန်းလိုက်သည်။
“သူမရဲ့ မှန်ထဲက မျက်နှာမှာ ဘာမြင်လိုက်တယ်လို့ နင်ထင်လဲ”
ဘာများမြင်လိုက်လို့ အခြားသူတွေကို ဆက်တိုက်မေးနေရတာလဲ။
ချုံခဲ့ခဲ့က လက်ကို ကားပြသည်။
“ငါမသိဘူး၊ အဲ့ဒီကောင်မလေး မျက်နှာကို ငါမှမမြင်ရတာ၊ ဒါပေမယ့် မနေ့ညက ရေချိုးခန်းထဲကလိုမျိုး ပြုမူနေခဲ့တယ်ဆိုရင် ဘာမြင်ခဲ့သလဲဆိုတာ ငါသိချင်နေပြီ”
ယခုအချိန်တွင် ရှီချီက အတန်းထဲတွင် မရှိသဖြင့် သူမ၏ အတွေးများကို နင်နင့်ကို ထုတ်ပြောရဲခြင်း ဖြစ်သည်။