အပိုင်း(၃၅)
“ဘာလို့တုန်နေတာလဲ” “ငါကအအေးကြောက်လို့ပါ”
နင်မုန့်က ကို ယ့်ခြေထောက်ကို ထုရန် ကျောက်တုံးတစ်တုံး မမိခဲ့မည်ဟု မတွေးမိခဲ့ချေ။
အစပိုင်းတွင် သူမက အမြဲတမ်း ထုံထိုင်းမနေဘဲ ကိုယ်ရသင့်သောဝေစုကို အရယူသင့်ကြောင်း အမြဲတစေပြော ဖြစ်ခဲ့သည်။ ယခုအခါမှသာ သူမကို ယ့်ရှူးကိုယ် ပက်သလို ဖြစ်လာသည်။
“ဘာလို့ ဒီလောက်နာတာလဲ”
သူမက စာအုပ်ကို ဖွင့်ပြီး တိတ်ဆိတ်စွာဖြင့် သက်ပြင်းချလိုက်သည်။
ရှီချီက အသက်ကြီးလာသည်နှင့် အစပိုင်းကလောက် ချစ်စရာမကောင်းတော့ချေ။
ငါ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကြည့်စမ်းပါဦး။ နည်းနည်းလေး အနားမပေးနိုင်ဘူးလား။
သူမက မျက်လုံးကို တစ်ချက် ပွတ်လိုက်ပြီးနောက် စာအုပ်ထဲတွင် ရေးထားသော ဂန္တဝင်တရုတ်ရေးဟန်များကို သာ မှုန်ကုတ်စွာ ကြည့်နေတော့သည်။
သူမအနေနှင့် မနေ့ညက သရဲလေးက ဘာလာလုပ်ကြောင်း မသိသေးချေ။ ထိုသရဲက ဒီအတိုင်း လျှောက်ပတ်ကြည့်နေခြင်းကတင် သူမကို ထိတ်လန့်လာစေသည်။ ထိုအတွက်ကြောင့် သူမအနေနှင့် ညအလွန်နက်မှသာ အိပ်ပျော်သွားခဲ့သည်။ ယခုအခါ သူမ၏ငိုက်မြည်းချင်စိတ်က နှောင့်ယှက်၍မရသော လှိုင်းလုံးကြီးများအလား အခြေချနေလေပြီ။
ကံကောင်းစွာဖြင့် မနက်ပိုင်းစာဖတ်ချိန်က မကြာရှည်ချေ။ နောက်တစ်တန်းမစခင် လုံလောက်သော အချိန်အပြည့်အဝ ရလိုက်သည်။ နင်မုန့်က ဖတ်စာအုပ်ကို ချပြီးနောက်တွင် စားပွဲခုံပေါ် ခေါင်းမှောက်လျက် တခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင်ပင် သူမက အိပ်မောကျသွားခဲ့သည်။
ရှီချီက မျက်နှာကို လက်ထောက်လျက် အိပ်ပျော်နေသော သူမ၏ပုံရိပ်ကို ကြည့်သည်။
အချိန်တန်ကြာပြီးနောက်တွင် သူက ခပ်မတ်မတ်ပြန်ထိုင်ကာ စာရွက်အပိုင်းအစတစ်ခုကို ဖြည်ကာ ကြည့်လိုက်ပြီးနောက်တွင် အပေါ်တွင် ဆွဲထားသော ရိုးသားသော မျက်နှာထားဖြင့် ထိုစာရွက်ပေါ်တွင် ရေးဆွဲတော့သည်။ သူ၏လှုပ်ရှားမှုတိုင်းက ကြော့ရှင်းကြည့်ကောင်းလွန်းပြီး ဂန္တဝင်မြောက်သလိုပင် ထင်ရသည်။
အတန်းပြီးဆုံးသွားချိန်တွင် နင်မုန့်က အိပ်ချင်စိတ်အပြည့် ရှိနေသေးသည်။ ရုတ်တရက် သူမ၏အရှေ့တွင် စာရွက်တစ်ရွက် ရောက်လာသည်။ သူမက ခေါင်းမော့ ကြည့်လိုက်သည့်အခါ ရှီချီက တည်ငြိမ်သော မျက်နှာထားဖြင့် ဖျော့တော့စွာ ပြောလာခြင်းကို ကြားလိုက်ရသည်။
“ပြီးသွားပြီ”
သူမ၏အိပ်ချင်စိတ်က ချက်ချင်းပျောက်ကွယ်သွားပြီး နင်မုန့်က ချက်ချင်းယူကြည့်လိုက်သည့်အခါ ကြောင်အသွားရသည်။ ရှီချီ ဆွဲပေးထားသော ပိုစတာက လျှို့ဝှက်ရတနာတစ်ခုလိုမျိုး အလွန်အမင်း ခမ်းနားလွန်းနေသည်။ သူမက ချက်ချင်းလိုလို ချီးကျူးသော စကားအတန်းလိုက် ထုတ်ပြောလိုက်သည်။
ရှီချီ၏မျက်နှာက နဂိုအတိုင်း တင်းမာနေသေးသော်လည်း သူ၏စိတ်အတွင်းတွင်မူ အလွန်အမင်း သဘောကျ နှစ်ခြိုက်နေသည်။ သူမက ချီးကျူးစကားများ ဆက်တိုက် အတန်းလိုက်ပြောနေခြင်းကို ပင် ဝင်ကာဖြတ်၍ မပြောချေ။
သူတို့က လက်ရှိအချိန်တွင် စီနီယာတန်း တတိယနှစ်တွင်ဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ ပညာပေးအတန်းများ ထွက်လုပ်ရသည်။ နင်မုန့်က ထိုအခွင့်အရေးကို ယူပြီး ပိုစတာနှင့်အတူ အိမ်သို့ပြန်ကာ လျန်ဖုန်းမိန်ကို နံရံတွင် ကပ်ခိုင်းလိုက်သည်။
မိန်းကလေးများကလည်း တစ်စုံတရာဝယ်ရန် ထွက်လာချိန်တွင် ဘေးဘက်ဆေးဆိုင်သို့သာ သွားလေ့ရှိသည်။ ထို့ကြောင့် သူတို့က ထွက်လာသည်နှင့် သူမ၏လှုပ်ရှားမှုတိုင်းကို မြင်လိုက်ရသည်။ ပိုစတာတွင် ရေးထားသော ရှီချီဆိုသော စကားလုံးက မကြီးသော်လည်း သူတို့က ကြည့်လိုက်မိချိန်တွင် ချက်ချင်း သတိပြုလိုက်မိကြသည်။
အချို့မိန်းကလေးများက သူ၏နာမည်ကို သတိထားမိလိုက်ပြီးနောက်တွင် ရေးထားသောစာကို သေချာပြန်ကြည့်သည်။ အစပိုင်းတွင်မူ သူတို့က စိတ်ရှုပ်ထွေးသွားကြခြင်း ဖြစ်သည်။ ဒီဆိုင်ကို ပိုင်သောလူက သူတို့အတန်းဖော်၏မိသားစုမှ ဖြစ်ကြောင်း သိသွားသောအခါ အားလုံးက ပျော်ရွှင်သွားကြသည်။
အတန်းဖော်ကို ကူညီပေးခြင်းကလည်း သာမန်ကိစ္စတစ်ခုမျှသာ ဖြစ်သည်။
ထိုညီအစ်မ ပရိတ်သတ်တစ်သိုက်က ချက်ချင်းလိုလို မထိန်းချုပ်နိုင်ကြတော့ဘဲ ထိုမုန့်ဆိုင်သို့ ပြေးကာ စားစရာများ ဝယ်ကြသည်။ ထိုသတင်းကလည်း တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့သွားပြီး ထိုမုန့်ဆိုင်၏ စီးပွားရေးက ကောင်းမွန်သထက် ကောင်းမွန်လာသည်။ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာသည်နှင့် ပို၍ပင် ရောင်းကောင်းလာသည်။
အစက သူတို့၏မိသားစုအခြေအနေက သေရေးရှင်ရေး အခြေအနေ၊ ငတ်မွတ်သည့် အခြေအနေသို့ မရောက်ခဲ့သေးချေ။ ထို့အပြင် သူတို့၏ဆိုင်မှ မုန့်များကလည်း ဈေးမကြီးချေ။ ထို့ကြောင့် သိပ်မကြာခင်မှာတင် အတန်းတစ်ချိန်နှင့် တစ်ချိန်ကြားမှာ မုန့်ထွက်ဝယ်လေ့ရှိသော ဆိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် ဒီအခြေအနေကတင် အလွန်ကောင်းနေပြီဖြစ်သည်။
ရှီချီ ရေးဆွဲပေးသော ပိုစတာက သဘောကျစရာ ကောင်းသည်။
“နင်တို့တွေ အပြင်မှာ အသစ်ဖွင့်တဲ့ မုန့်ဆိုင်ကို သိလား ရှီချီကိုယ်တိုင်ကတောင် သူတို့ရဲ့ပိုစတာကို ဆွဲပေးတာ။ အရမ်းကြည့်ကောင်းတာပဲ။ ငါ ဓာတ်ပုံရိုက်ယူထားတယ်”
“သူက ဆွဲနိုင်တာလား ငါဘာလို့ အခုမှသိရတာလဲ။ မဖြစ်သေးဘူး ငါသွားကြည့်ရမယ်”
“ကြည့်ရတာ အဲ့ဒီဆိုင်က သိပ်မကြာသေးခင်ကမှ ပြောင်းလာတဲ့ သူရဲ့ဘေးကပ်လျက် အတန်းဖော်ရဲ့ မိသားစုက ပိုင်တာလေ။ အဲ့ဒီအတန်းဖော်က အဲ့ဒီလောက်ကြီးလှတာ မဟုတ်ပါဘူး။ စိုးရိမ်စရာ ဘာမှမရှိဘူး။ ရှီချီက သူမကို မကြိုက်တာ သေချာတယ်။ ဒီအတိုင်းကူညီတာ ဖြစ်လောက်မှာပါ”
“နင်ပြောမှပဲ ငါတွေးမိတော့တယ်။ ဆင်းရဲတဲ့သူတွေကို ကူညီတာ ပြဿနာမှမရှိဘဲ”
“…”
သူမ၏နောက်ကွယ်မှ ဆွေးနွေးမှုများကို မူ နင်မုန့်က ဂရုမစိုက်ချေ။ အနှစ်ချုပ် ဆိုရသော် အခြားသူများက မမျှော်လင့်ထားလောက်မိသည်မှာ သူမက အိမ်မှ ပိုက်ဆံပမာဏများစွာ ယူခြင်း၊ သို့မဟုတ် မုန့်များစွာယူခြင်းအားဖြင့် ဝေစုကို ခွဲပေးနေရသည့်ကိစ္စကို ဖြစ်သည်။
ရှီချီ၏နာမည်ကို အသုံးပြုခြင်းက ထိုမျှလောက် သက်ရောက်မှုရှိမည်ဟု သူမက မတွေးမိခဲ့ချေ။ ဒီနေ့က မနေ့ကထက် ဈေးဝယ်သူပမာဏ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့၏ဝင်ငွေက သာမန်မျှသာလျှင် ဖြစ်နေသေးသော်လည်း သူတို့၏မိသားစုအတွက် ထိုပမာဏကပင် လုံလောက်နှင့်ပြီ ဖြစ်သည်။
လျန်ဖုန်းမိန်က အကြောင်းပြချက်ကို မသိသော်လည်း အလွန်ပျော်ရွှင်နေသည်။
…
ကိုယ်တိုင် လေ့ကျင့်သင်ခန်းစာများ လုပ်သော ပြန်လှန်သုံးသပ်ချိန်က မစသေးခင် အချိန်မှာတင် အပြင်ဘက် ကောင်းကင်က မဲမှောင်နေပြီ ဖြစ်သည်။ နင်မုန့်က အိမ်မှကျောင်းသို့ ခပ်အေးအေး ပြန်လျှောက်လာသည်။ အပြင်ဘက်မှတဆင့် ကြီးမားသော ကိုယ်စားပြုခန်းမကြီးကို မြင်လိုက်ရသည်။ အထဲသို့ဝင်နေသော လူအရိပ်များကို လည်း မြင်နိုင်လေသည်။
သူတို့၏ အတန်းပိုင်ဆရာမက မေးချင်သမျှကို လွတ်လွတ်လပ်လပ် မေးနိုင်သည်ဟု ပြောထားကတည်းက သူတို့က ဘာမှလုပ်စရာ မရှိသည့်အခါ အတန်းထဲမှ ကောင်လေးတစ်ဖွဲ့က အမြဲတစေ သူတို့၏အခြမ်းဘက်သို့လာကာ စိတ်ပျက်အားငယ်စွာဖြင့် ပြန်သွားလေ့ရှိသည်။
မည်သည့်အတွက်ကြောင့် သူတို့က မဖျော်ဖြေနိုင်သနည်းဟု မေးသောအခါ အဲ့ဒီအဖွဲ့သားများက မတုံ့ပြန်ကြတော့ချေ။
နင်မုန့်ကလည်း နားမလည်သလို ခံစားရသည်။ ယနေ့ခေတ်လူငယ်များက စိတ်ဝင်စားမှု ပြသနေကတည်းက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကောင်းကောင်းကြိုးစားကာ ဖျော်ဖြေပြသလိုက်သင့်သည်။ မည်သည့်အတွက်ကြောင့် ပါးစပ်ပိတ်နေကြောင်း သူမကလည်း နားမလည်တော့ချေ။ သို့သော် သူမက အညှီနံ့ နည်းနည်းရသလို ခံစားနေရသည်။
သို့ရာတွင် သူမက ထိုနေရာသို့သွားကာ မမေးမြန်းချေ။ အချိန်ကို ကြည့်ပြီးနောက်တွင် ခေါင်းလောင်းမမြည်ခင် မိနစ်(၂၀) သာ ကျန်တော့ကြောင်း သိလိုက်ရသဖြင့် ရိုးရှင်းစွာဖြင့်သာ ဦးတည်ရာဘက်ကို ပြောင်းလျက် လုပ်စရာမရှိမည့်အတူတူ စက်ရုံဘက်သို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျောင်းသို့ တက်ရောက်ရသည်မှာ နှစ်ရက်ခန့်ကြာပြီ ဖြစ်သော်လည်း သူမက တစ်ကျောင်းအနှံ့ လျှောက်မကြည့်ရသေးဘဲ တတိယနှစ်အဆောင် ပတ်ဝန်းကျင်တွင်သာ လျှောက်သွားခဲ့ရသေးလေသည်။ ထို့ကြောင့် ဝန်ထမ်းရေးရာဌာန အဆောက်အဦးရှိရာ ကြီးမားသောပြဇာတ်ရုံနေရာ အကြောင်းကို မူ ကြားထားဖူးထားသည်။ ထိုနေရာ၏ပုံစံက လှပပြီး ထူးခြားသောလေထုကို သယ်ဆောင်ထားသည်။
နင်မုန့်က ကြီးမားသောတံခါးကို ကျော်ဖြတ်ပြီးနောက် အထဲတွင် အတန်းလိုက်စီထားသော အနီရောင်ထိုင်ခုံများကို မြင်လိုက်ရသည်။ အလင်းက ထိန်လင်းမနေခဲ့ချေ။ စင်မြင့်ကလည်း ကောင်းမွန်စွာ မီးထွန်းထားခြင်း မရှိသေးချေ။ ယခုလေးတင် ဝင်လာသောအဖွဲ့က မည်သည့်နေရာသို့ ရောက်သွားကြောင်းကို လည်း သူမက မသိတော့ချေ။
စင်အနောက်ဖက်က အရှေ့ဖက်လောက် မကျယ်ချေ။
နင်မုန့်က ဖြည်းညင်းပေါ့ပါးစွာ လျှောက်သွားပြီးနောက်တွင် သူမယခင်က မြင်ဖူးသော ဖျော်ဖြေမှု ပြဇာတ်သုံး ပစ္စည်းအချို့နှင့်အတူ အလုပ်ရှုပ်နေသော လူအရိပ်များစွာကို မြင်လိုက်ရသည်။
သူမက ရှေ့ဆက်သွားတော့မည့်အချိန်တွင်ပင် ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ချထားသော သတင်းစာအရုပ်အချို့ကို မြင်လိုက်ရသည်။
သတင်းစာအရုပ်များက သာမန်သာ ဖြစ်သည်။ မျက်လုံးနှစ်လုံး၊ နှာခေါင်းတစ်ခု၊ ပါးစပ်တစ်ပေါက် ပါသည်။ သို့ရာတွင် သူတို့ရဲ့အဆစ်များကို ဆက်ရန် တစ်စုံတရာဖြင့် ကပ်ထားပြီး သူတို့၏ခန္ဓာကိုယ်ကို လည်း အနီရောင်နှင့် အစိမ်းရောင်ဆေးများဖြင့် သုတ်ထားကာ အရေပြားကို မူ ဖြူစွတ်နေအောင် လုပ်ထားသည်။
နင်မုန့်က ကြမ်းပြင်ပေါ်ရှိ ထိုစက္ကူအရုပ်များကို ကြည့်ပြီး မသက်မသာ ခံစားလိုက်ရသည်။ သူတို့က သူမTVတွင် မြင်ဖူးသော စက္ကူအရုပ်များနှင့် မတူနေချေ။ ထို့အပြင် ဖျော်ဖြေရန် အချိန်ကျသောအခါ ထိုအရုပ်များက ရုပ်သေးရုပ်အရိပ်အဖြစ် အသုံးပြုရန် လိုအပ်သည်။ သို့သော် မည်သည့်အတွက်ကြောင့် တောက်ပစွာ အရောင်ခြယ်ထားကြောင်း နားမလည်တော့ချေ။ သူမက သတိလက်လွတ် မေးလိုက်သည်။
“ဘာလို့ အရောင်ခြယ်ထားတာလဲ”
စနစ်က ဖြေသည်။
“ဒါက အတိတ်က လက်ဆင့်ကမ်းပေးလာတဲ့ ဓလေ့တစ်ခုပဲ။ အမျိုးသားတွေက အနီရောင်ခြယ်၍ အမျိုးသမီးတွေက အစိမ်းရောင်ခြယ်ရတယ်။ ဒါက ဒီအတိုင်း စက္ကူရုပ်တွေပါပဲ။ အရိပ်ပြဇာတ်အဖွဲ့က ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအတိုင်း ဆက်လုပ်တဲ့ပုံစံ ဖြစ်လောက်တယ်”
နင်မုန့်က ဆက်မေးသည်။
“အရိပ်ပြဇာတ်တွေက အခြားပစ္စည်းတွေကို သုံးကြသေးလား”
စနစ်က ရှင်းပြသည်။
“စက္ကူဖြတ်ညှပ်ကပ်အရုပ်တွေက နောက်ပိုင်းမှာ အရမ်းရှားလာတော့ ပုံမှန်အားဖြင့် လူတွေက လည်သာအရုပ်တွေကို သုံးကြတယ်။ ဒါတွေကို ‘ခိရင်’ လို့ခေါ်တယ်”
ပြောရလျှင် ဒီအရုပ်ပြဇာတ်အဖွဲ့က အနည်းငယ်ထက်ပို၍ ထူးခြားသည်ဟု ပြောရမည် ဖြစ်သည်။ တိုက်ဆိုင်စွာဖြင့် အရိပ်ပြဇာတ်အဖွဲ့ထဲမှ လူအိုကြီးကလည်း ကြမ်းပြင်ပေါ်ရှိ စက္ကူအရုပ်များကို သိမ်းရန် လျှောက်လာသည့်အချိန်တွင် သူတို့ကို တွေ့လိုက်သည်။ ထို့နောက် သူက ထိုအရုပ်များကို ယူလိုက်ပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ စက္ကူအရုပ်များက သူမထင်ထားသလောက် ပါးလျမနေဘဲ အတန်ငယ်ထူသည်။ ထို့နောက် ထိုအကြီးအကဲက ခေါင်းလှည့်ပြီး မေးလိုက်သည်။
“မိန်းကလေးက ဘာများ ကိစ္စရှိလို့ပါလဲ”
သူနှင့်နီးကပ်စွာသာ မရှိလျက် သူ၏အသံက ဩရှလွန်းနေသည့်အတွက် ကောင်းကောင်း ရှင်းရှင်းလင်းလင်း ကြားရရန် မဖြစ်နိုင်ချေ။
နင်မုန့်က စက္ကူအရုပ်ကို လက်ညှိုးထိုးပြီး သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
“အဖိုး ဘာလို့ သူတို့ရဲ့မျက်လုံးမှာ တစ်ပေါက်ထဲပဲ ရှိတာလဲ သူတို့ကို ဆက်ဆွဲဖို့ မလိုဘူးလား”
သူတို့ကိုယ်ပေါ်တွင် မျက်လုံးအပေါက် အနက်ရောင်တစ်ပေါက်သာလျှင် ထည့်ထားသည်။ မြင်ရမကောင်းချေ။
လူအိုကြီးက သူမကို သေချာကြည့်ပြီးနောက်တွင် ရယ်လိုက်သည်။
“စက္ကူအရုပ်တွေပေါ်မှာ မျက်လုံးဆွဲလို့မရဘူး။ မဟုတ်ရင် မင်းသူတို့ကို ဆွဲလိုက်တာနဲ့ သူတို့က အသက်ဝင်လာလိမ့်မယ်”
သူက နောက်နေသည့်တိုင်အောင် နင်မုန့်ကမူ ကျောချမ်းသွားသည်။ သူမ၏ကျောမှာ ချွေးများ စိမ့်ထွက်လာသလိုပင် ခံစားရသည်။
သူမက အသိပြန်ဝင်သောအခါ ထိုလူအိုကြီးက စက္ကူအရုပ်များကို အထဲသို့ တဖန်ပြန်ယူသွားပြီးနောက် စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့သည်။
“မင်းသာ ငါတို့နဲ့ ပတ်သတ်စရာ ကိစ္စမရှိဘူးဆိုရင် ဒီနေရာကို မလာပါနဲ့”
နင်မုန့်က ပြဇာတ်ရုံမှ ထွက်လာချိန်တွင် ဦးနှောက်ခြောက်သလိုမျိုး ခံစားစေသည့် ကိစ္စပေါင်းများစွာကို တွေးမိနေသဖြင့် မနေနိုင်တော့ဘဲ စနစ်ကို သာ မေးလိုက်သည်။
“သူက ဘာကို ဆိုလိုတာလဲ ဘာလို့ ငါနားမလည်တာလဲ”
သူမက နားမလည်သည်က ကိစ္စမရှိသေးချေ။ သူမ ပို၍ပင် စိတ်ရှုပ်ထွေးစေသည်က သူမရဲ့ဆံပင်မွှေးများထောင်တတ်တော့မည်ဟုပင် ခံစားနေရခြင်းသည်။ သူမ မည်သည့်အရာကို ကြောက်မှန်းမသိ ကြောက်နေသည်။
စနစ်ကလည်း ပါးစပ်ပိတ်မနေဘဲ ပြန်ဖြေပေးလာသည်။
“အိုက်ယား သူတို့က စက္ကူရုပ်တွေ လုပ်နေတဲ့အချိန်မှာ မင်းကို လာမနှောင့်ယှက်ဖို့ ပြောတာလေ။ အဲ့ဒီကို မသွားဘဲ နေ့တိုင်း တိုးတက်အောင်ပဲ စာကို လေ့လာနေလိုက်ပါလား”
နောက်ဆုံးစကား ထွက်လာသောအခါ နင်မုန့်က သူမ ရှီချီအတွက် ချန်ထားရစ်ခဲ့သော သက်သေအထောက်အထားကို တွေးမိသွားကာ ရယ်ရသည်ဟု ခံစားလိုက်ရသည်။ ထိုအချိန်က သူမ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော အရာများကို သူ့အတွက် ရေးပေးခဲ့ကြောင်း မသိတော့ချေ။
ရှီချီက တနေ့ထက်တနေ့ ဗီလိန်တစ်ယောက်ကဲ့သို့ ဖြစ်လာကြောင်းကို ဝတ္ထုက ဖော်ပြထားသည့် အချက်အလက်များကို ပြန်တွေးမိသောအခါ သူမက ထိုစကားများကို ချန်ထားရစ်ခဲ့ခြင်းအားဖြင့် သူ့အတွက် ဖြောင့်မတ်မှန်ကန်စွာ သမာသမတ်ကျသော လူတစ်ယောက် ဖြစ်လာစေရန် မျှော်လင့်ခဲ့ခြင်းလည်း ဖြစ်သည်။
သူမ ချန်ထားရစ်ခဲ့သော ထိုစကားလုံးများကို မြင်သောအခါ ရှီချီ၏မျက်နှာထားက မည်သို့ဖြစ်သွားမည်နည်းဟု သူမက တွေးမိသွားသည်။
ထိုသို့ဖြင့် သူမက အရိပ်ပြဇာတ်အဖွဲ့ကို ကျောခိုင်းလိုက်ပြီး အတွေးများကို ဖယ်ရှားလိုက်ကာ အတန်းသို့ ပြန်သည်။ ထိုင်ခုံနေရာတွင် ဝင်ချထိုင်လိုက်ချိန်မှာတင် ခေါင်းလောင်းက မြည်လာသည်။
ညနေခင်း ပြန်လှန်လေ့ကျင့်ခန်း လုပ်သောအချိန်က အများအားဖြင့် အစမ်းမေးခွန်းများ ဖြေခြင်းနှင့် အိမ်စာများ လုပ်ခြင်း၊ အခြားသော လေ့ကျင့်ခန်းများ လုပ်ခြင်းတို့သာ ဖြစ်သည်။
ဆရာက စင်မြင့်ပေါ်မှာ အမြဲတစေ သူတို့ကို ညွှန်ကြားကြီးကြပ်နေမည်ဖြစ်ပြီး မကြာခဏဆိုသလို အောက်သို့ဆင်းကာသူတို့ကို လိုက်လံကြည့်ရှုစစ်ဆေးနေမည် ဖြစ်သည်။နင်မုန့်ကလည်း ပျင်းရိနေ၍မရသဖြင့် လေ့လာမှုတွင် အားစိုက်ထုတ်ရတော့သည်။ သူမက အစမ်းဖြေမေးခွန်းတစ်မျက်နှာမပြီးခင်မှာတင် မောပန်းနွမ်းနယ်သလိုခံစားရသည်။
နင်မုန့်က ခဲတံကို ကိုက်ပြီး မိနစ်ဝက်ခန့် ကွက်လပ်များကို ဖြည့်နေရင်းမှာ ရှီချီကို ချောင်းကြည့်လိုက်သည်။
အရည်အချင်း ပြည့်မီသော အဘွားတစ်ယောက်အနေနှင့် မြေးဖြစ်သူ၏ လုပ်ဆောင်မှုကို စောင့်ကြည့်ခြင်းက မှားယွင်းသည်ဟု မထင်ချေ။ ပို၍ဆိုးသည်မှာ သူမက သူ၏အတန်းဖော် ဖြစ်နေသေးသည်။ ထို့ကြောင့် ပို၍ပင် ဂရုစိုက်သင့်သည်။
သူမက သာမန်ကာလျှံကာဟန်ဖြင့် ကြည့်သလိုမျိုး ရှီချီဖက်သို့ ကြည့်လိုက်ပြီး သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာတင် သူမက နေရာတွင်ပင် အေးခဲသွားရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ စကားတစ်ခွန်းမှ မဆိုနိုင်တော့ချေ။ အကြောင်းမူကား ပြတင်းပေါက်ဘောင်တွင် စက္ကူရုပ်တစ်ရုပ် ရှိနေသောကြောင့် ဖြစ်သည်။
ထိုအရုပ်က သူမ ပြဇာတ်ရုံတွင် မြင်ခဲ့သော စက္ကူအရုပ် ဖြစ်သည်။ အနက်ရောင် အပေါက်ထဲတွင် မျက်လုံးရှိပြီး အဆစ်များတွင် ချိတ်ဆက်ထားမှုအရ လှုပ်ရှားနိုင်ဟန်ရသည်။
ထိုစက္ကူအရုပ်က ပြတင်းပေါက်နားတွင် ကပ်နေပြီး သူ၏ဖြူစွတ်နေသော အသားအရေနှင့် ဆန့်ကျင်ဘက် ဖြစ်စေသည့် တောက်ပပြောင်လက်လွန်းသော ဝတ်စုံများကို ဝတ်ထားသည်။ အဖြူရောင်မျက်ဝန်းက အတွင်းရှိ မျက်ရည်အဖြစ် ထင်ရှားစွာ ရှိနေချိန်တွင် မျက်ဆံလုံးကမူ အဆုံးအစမဲ့သော အနက်ရောင်ဖြင့် ဆေးခြယ်ထားခြင်း ဖြစ်သည်။ နည်းလမ်းတကျ ပြောရလျှင် ဒီအတိုင်း ဆေးခြယ်ထားသော အရုပ်ဖြစ်သဖြင့် ဘာမှရောင်ပြန်ဟပ် မနေသင့်ချေ။ သို့သော် ထိုမျက်ဝန်း၏ အနက်ရှိုင်းဆုံးအပိုင်းက တစ်စုံတရာကို ဖော်ပြနေသလို နင်မုန့်က ခံစားလိုက်ရသည်။ ကြည့်ရုံနှင့်တင် ကျောချမ်းစရာ ကောင်းသည်။
အဲ့ဒီအဘိုးကြီးပြောတော့ မျက်လုံးမဆွဲရဘူးဆို။
နင်မုန့်က ပဟေဠိဖြစ်သွားသလို ခံစားလိုက်ရသည်။
မျက်လုံးဆွဲလိုက်လို့ ဒီစက္ကူရုပ်က တကယ် အသက်ဝင်လာတာလား။
ထိုစက္ကူအရုပ်ကလည်း သူ့ကို ကြည့်နေသော သူမကို မြင်သောအခါ အနီရောင်အပ်ချည်မျှင်လို နှုတ်ခမ်းက တဖြည်းဖြည်းချင်း ဆန့်သွားပြီး အားနည်းစွာဖြင့် ကော့တက်သွားကာ ထူးဆန်းစွာ ပြုံးပြလာသည်။
ထိုစက္ကူအရုပ်၏ကိုယ်က ပြတင်းပေါက်နား တရွေ့ရွေ့ ချဉ်းကပ်လာပြီး သိပ်မကြာခင်အချိန်တွင် ဖန်သားပြတင်းက သူ၏ကိုယ်နှင့် ကပ်သွားတော့သည်။ တတိယနှစ်အဆောင်၏ အနောက်တွင် အခြားအဆောင်များမရှိဘဲ ခြုံပုတ်များ၊ ခြံစည်းရိုးများသာ ရှိပြီး ထိုစက္ကူအရုပ်၏အနေအထားမျိုးနှင့် ယှဉ်လိုက်သော် ည၏မြင်ကွင်းက ပို၍ပင်ကြောက်စရာ ကောင်းသွားသလို ဖြစ်သွားသည်။
နင်မုန့်က တံတွေးမြိုချလိုက်ပြီး သူမ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။
လက်ရှိအခြေအနေက မနေ့ညက တစ္ဆေငယ်ကို ရင်ဆိုင်ရခြင်းထက် ပို၍ကြောက်စရာကောင်းသည်။ ထိုစက္ကူအရုပ်နှင့် ပတ်သတ်ပြီး တစ်စုံတရာက မှားယွင်းနေသည်မှာ သေချာနေသည်။ သူ၏ပြားကပ်သော ကိုယ်က ဖန်သားတွင် ကပ်နေပြီး အလင်းရောင်အောက်တွင် အရောင်က ပို၍ပင် ထူးဆန်းသွားသည်။
သူမ မနေနိုင်ဘဲ လေ့ကျင့်ခန်း လုပ်နေသောရှီချီကို လှမ်းတို့လိုက်သည်။
ရှစ်ချီက သူ၏မျက်ဝန်းထောင့်မှတဆင့် ပြတင်းပေါက်ဘောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာကိုမှ သတိမထားမိသလို ဟန်ဆောင်လိုက်သည်။ သူ၏နှုတ်ခမ်းကမူ ကော့တက်သွားလျက် ခပ်တိုးတိုး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
နင်မုန့်က ပြတင်းကို လက်ညှိုးထိုးပြသည်။ သူမက စကားဖြင့် မပြောရဲချေ။
ရှီချီက ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုအခိုက် နင်မုန့်က တွေ့လိုက်ရသည်မှာ ကျောချမ်းဖွယ်ကောင်းသော စက္ကူအရုပ်က သဲလွန်စပင် မရှိအောင် ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ မရှိခဲ့သလို ဖြစ်နေခြင်းကို ဖြစ်သည်။ သူမ လက်သင့်မခံနိုင်တော့ချေ။ သူမ ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်သလို ပွတ်သတ်ကြည့်လိုက်သည်။
သူမအနေနှင့် ယခုလေးတင် မြင်လိုက်ရခြင်းက အမြင်မှားနေခြင်း မဖြစ်နိုင်ချေ။ ထိုစက္ကူအရုပ်က ပြတင်းပေါက်ဖန်သားတွင် သေချာပေါက် ကပ်နေခဲ့ခြင်းဖြစ်ပြီး သူမကို ပြုံးပြနေခဲ့ခြင်းလည်း ဖြစ်သည်။ သူက အပေါ်သို့တောင် ကုတ်တက်လာခဲ့သေးသည်။
ရှီချီက ခေါင်းပြန်လှည့်ကြည့်လာပြီး သူမကို ကြည့်သည်။
နင်မုန့်က ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့ပြီး ရှင်းပြလာသည်။
“ငါ ငါနင့်ကို ပြတင်းပေါက် ဖွင့်ခိုင်းချင်တာ။ ဒါမှ လတ်ဆတ်တဲ့လေတွေ ဝင်မှာလေ”
သူမက ရှက်ရွံ့လွန်းသဖြင့် ထိုသို့အကြောင်းပြချက် ပေးလိုက်သည်။
သို့ရာတွင် ထိုသို့အကြောင်းပြချက် ပေးလိုက်ခြင်းကပင် ပို၍ရှက်ရွံ့သွားရစေသည်။ ရှီချီက ခေါင်းညိတ်ပြီး ပြောလာသည်။
“ဒါပေမဲ့ အခန်းထဲမှာ လေအေးပေးစက်ဖွင့်ထားတယ်လေ”
သို့ပါသော်လည်း သူကသေးငယ်သော အဟကြားတစ်ခုဖြစ်အောင် ဖွင့်ပေးသေးသည်။ သူ၏လက်ညှိုးက ပြတင်းပေါက်ဘောင်ပေါ်တွင် ဆူညံသံထွက်အောင် အနည်းငယ် ဝေ့ဝိုက်နေပြီးမှ ပြန်ရုတ်လာသည်။ လျင်မြန်စွာဖြင့်ပင် အပြင်မှ လေအေးများ ဝင်လာပြီး အခန်းတွင်းသို့ ဝင်တိုးလာသည်။
နင်မုန့်က ယောင်ယောင်ဝါးဝါး ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးပါပဲ”
သူမက နဂိုအတိုင်း ပြန်ထိုင်ပြီး သူမ၏စာရွက်ကို ပြန်ဖြေသလို ဟန်ဆောင်လိုက်ပြီးနောက် စနစ်ကို ခိုးမေးလိုက်သည်။
“ငါ ထင်ယောင်ထင်မှား ဖြစ်တာတော့ မဟုတ်ဘူးမလား ဘာလို့ ရုတ်တရက်ကြီး စက္ကူရုပ်က ပျောက်သွားတာလဲ”
စနစ်ကလည်း တခဏခန့်တွေးတောပြီးမှသာ ပြန်ဖြေသည်။
“ဒါက နင့်ရဲ့မြေးကို ကြောက်ပြီး ထွက်ပြေးသွားတာ ဖြစ်လောက်တယ်”
အဖြေရဲ့ အဖြေကိုက…
နင်မုန့်ကလည်း ဒါကဖြစ်နိုင်ချေရှိသည်ဟု ထင်သည်။ မည်သို့ပင်ဆိုစေ သူမ၏မြေးဖြစ်သူက သရဲသောင်းကျော်ကို အမိန့်ပေးနိုင်လေရာ စက္ကူအရုပ်လောက်က ဘာမှမဟုတ်ချေ။ လွယ်ကူစွာ သူက လုပ်နိုင်သည်။
ယခုကစပြီး သူမအနေဖြင့် မြေးဖြစ်သူအနားတွင် ထိုင်နေခြင်းက ပိုကောင်းသည်။ ထိုသို့ဆိုလျှင် သရဲများက သူမကို လာမရှာနိုင်လောက်တော့ချေ။
ရှစ်ချီက သူ၏လက်ညှိုးထိပ်ကို ကြည့်လိုက်သောအခါ သေးငယ်သောအမှုန့်များကို မြင်လိုက်ရသည်။ သူက လက်ညှိုးနှင့်လက်မကို ပွတ်သတ်လိုက်ပြီးနောက် အေးစက်သော ခံစားချက်က သွေးကြောများအတွင်း ဝင်ရောက်လာသည်။ သို့ရာတွင် လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားသည်။
အပြင်ဘက်တွင် တစ်စုံတရာရှိ နေခဲ့ကြောင်း သူသိထားသည်။ သို့သော် သူ မထင်ထားသည်မှာ ချက်ချင်းလိုလို ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဒီကျောင်းအတွင်းတွင်လည်း ထိုကဲ့သို့အရာများ ပမာဏများစွာ ရှိနေလောက်သေးသည်။ သို့ရာတွင် သူ၏အတန်းဖော်၏ တုံ့ပြန်မှုကမူ သူ့ကို ကျေနပ်စေသည်။
မေးခွန်းများကို ဖြေပြီးနောက်တွင် နင်မုန့်က မနေနိုင်တော့ဘဲ ပြတင်းပေါက် အပြင်ဘက်သို့ ထပ်ကြည့်လိုက်ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်း စက္ကူအရုပ်က ပြန်ပေါ်လာသည်။ ဒီအချိန်တွင် မတူသော အနေအထားမျိုးဖြင့် သူက ဖန်သားပြင်ကို ကပ်နေသည်။ မျက်နှာထားက ပြောင်းလဲနေပြီး ယခင်ထက်ပို၍ပင် ကြောက်စရာကောင်းကာ မျက်နှာချင်းဆိုင် ဖြစ်နေသည်။
ရှီချီက သူမ၏အမူအရာ ပြောင်းလဲမှုတိုင်းကို စောင့်ကြည့်နေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူက သူ၏နှုတ်ခမ်းနားသို့ ဘောပင်ကို ကပ်ထားလိုက်ရင်းမှ ဖျော့တော့စွာ မေးလိုက်သည်။
“မင်းက ဘာလို့ တုန်နေတာလဲ”
နင်မုန့်က ပြတင်းပေါက်ကို စိုက်ကြည့်နေသည့်အချိန်တွင် ထိုစက္ကူအရုပ်ကလည်း သူမကို ပြန်စိုက်ကြည့်နေသည်။ အံကိုပင် ကြိတ်ပြနေသေးသည်။ တစ်ဖက်ကိုက စက္ကူဖြင့် လုပ်ထားသောကြောင့် ပြားကပ်နေသည့်အတွက် သာမန်စက္ကူ အရွက်ကြီးမျှသာ ဖြစ်သင့်သည့်တိုင်အောင် အကြောင်းပြချက်မရှိ ကြောက်စရာကောင်းနေသည်။
ရှီချီက သူမကို စိုက်ကြည့်နေကြောင်း မြင်သောအခါ နင်မုန့်က အနည်းငယ် အေးခဲသွားသည်။ သူမက ခေါင်းကို ဖြည်းညင်းစွာ လှည့်ပြီးနောက်တွင် သူမ၏မျက်နှာထားကို ပြင်ရန် ဆုံးဖြတ်လိုက်သည်။
သူမက ခေါင်းကို လှည့်ပြီး မျက်တောင်ပင်မခတ်ဘဲ ချက်ချင်းတည်ငြိမ်စွာဖြင့် ကြုံးဝါးလိုက်သည်။
“လေအေးပေးစက်က အရမ်းနိမ့်နေတော့ ငါအေးလာလို့ပါ”
ဟိုး ဟိုး ဟိုး ဟိုးအချိန်များစွာ အကြာက …
အဘွားတစ်ယောက်က အရမ်းပူတဲ့နေ့တနေ့မှာ တုန်ရီနေခဲ့တယ်။ အဲ့ဒီနောက်မှာ သူမက အအေးကြောက်တယ်လို့ ပြောပြန်တယ်။
ရှီချီရဲ့လျှို့ဝှက်ဒိုင်ယာရီလေး..