RENH အပိုင်း ၃၃

အပိုင်း (၃၃) ဘယ်မိသားစုက သရဲကသူမကို လာခြောက်နေတာလဲ။
ထိုနေ့လည်ခင်း နောက်ဆုံးအတန်းချိန်တွင် အရိပ်ပြစက်အဖွဲ့က ကျောင်းသို့ ရောက်လာခဲ့သည်။
တိုက်ဆိုင်စွာဖြင့် ကိုယ်ပိုင်စာလုပ်ချိန် ပေးထားသည့် အချိန်တွင် စောင့်ကြည့်နေသော ဆရာဆရာမများ ရှိနေခဲ့သည်။ နင်မုန့်က ပြတင်းပေါက်နားတွင် ထိုင်သည်။ ရှီချီဟာ သူမနှင့်ပြတင်းကြားတွင် တစ်ခုံသာ ခြားသော်လည်း သူမက ထင်ထင်ရှားရှား မြင်နိုင်နေသေးသည်။ သို့သော် ရှီချီ အာရုံကို မဆွဲဆောင်မိရန်အတွက် မျက်ဝန်းထောင့်ကသာ လျှို့ဝှက်စွာ ကြည့်နေလိုက်သည်။
တတိယနှစ် အခန်းနံပါတ်တစ်က ပထမထပ်တွင် ရှိနေကတည်းက သူမအနေဖြင့် ထင်ရှားစွာ ပို၍မြင်နိုင်လေသည်။
နင်မုန့်က လူအိုကြီးငါးယောက် အတူတကွ ရပ်နေကြောင်းကို မြင်လိုက်ရသည်။ တစ်ယောက်က ခါးပင်ကိုင်းနေပြီး မုတ်ဆိတ်ဖြူကြီးပဲ ရှိနေသည်။
ထိုလူ၏ အနောက်တွင်မူ ၁၅ ၁၆ခန့်အရွယ်ရှိပြီး အလွန်ငယ်ရွယ်သည့် ကောင်လေးတစ်ယောက် ပါသည်။ သို့ရာတွင် သူ၏မျက်လုံးအောက်မှ အနက်ရောင် လေအိတ်များက အလွန်နက်ရှိုင်းလွန်းနေရာ အိပ်ရေးပျက်ထားသည်မှာ ကြာနေပြီ ဖြစ်ကြောင်း သိနိုင်လေသည်။ ပြတင်းပေါက်နားတွင် ထိုင်သော ကျောင်းသူကျောင်းသား အများစုကလည်း ဒီအခြေအနေကို မြင်ပြီးခပ်တိုးတိုး ဆွေးနွေးနေကြသည်။
“ဒါက ပြဇာက်အဖွဲ့သားတွေလား သူတို့အားလုံးက တော်တော်အသက်ကြီးနေကြပြီဘဲ သူတို့မှာ ဆက်ခံသူတွေ မရှိကြဘူးလား”
“ဒီလို အရိပ်ပြဇာတ်မျိုးကို ဘယ်သူကကြည့်ချင်မှာလဲ ယဉ်ကျေးမှုအမွေအနှစ် အတွက်သာ ရွေးချယ်ထားတာ မဟုတ်ရင် ဘယ်သူကမှ ဆက်မလုပ်ချင်လောက်ဘူး”
“မင်း ဒီလိုပြောမှဘဲ ဝမ်းနည်းစရာကောင်းသွားသလိုဘဲ ဘာပဲဖြစ်ဖြစ် ဒါက အနုပညာဘဲလေ ငါ အိမ်ကိုပြန်ပြီး အဘွားကို မေးကြည့်တုန်းက ငယ်ငယ်တုန်းကဆိုရင် အရိပ်ပြဇာတ်တွေ ကြည့်ရတာကို အကြိုက်ဆုံးလို့ ပြောခဲ့တယ် ဒါက ပျော်စရာ အကောင်းဆုံးတဲ့”
“ဟူး.. အရိပ်ပြဇာတ်တင် မဟုတ်ဘူး အခြားယဉ်ကျေးမှု အမွေအနှစ်တွေက တဖြည်းဖြည်းချင်း ကွယ်ပျောက်ကုန်ကြပြီ”
“…”
နင်မုန့်၏ နားထဲတွင် ခပ်တိုးတိုး ဆွေးနွေးသံများက ထွက်လာသည်။ သူမက ခေါင်းလှည့်ကာ ကြည့်လိုက်ချိန်တွင် ရှီချီကလည်း ထိုလူများကို ကြည့်နေကြောင်း မြင်လိုက်ရသည်။ သူမက အချိန်အတန်ကြာ စိုက်ကြည့်မိ သွားသောကြောင့် ဖြစ်နိုင်သည်။ သူမ၏ထိုင်ခုံပေါ်က ခေါင်းလှည့်ကြည့်လိုက်သည်။
ရှီချီဟာ အချိန်အတန်ကြာ ပြန်စိုက်ကြည့်ပြီးမှ မေးလာသည်။
“မင်းအသက်ဘယ်နနှစ်ရှိသွားပြီလဲ”
နင်မုန့်ဟာ အချိန်တစ်ခဏခန့် ကြာသည်အထိ မတုံ့ပြန်နိုင်ချေ။ ထို့နောက်မှသာ‌ ဖြေလာသည်။
“၁၇နှစ်”
သူမ၏မှတ်ဉာဏ်ထဲတွင် နင်နင်ဟာ ဒီနေ့၁၇နှစ် ပြည့်ပြီဖြစ်ပြီး ယန်ကျင်းမြို့မှ တစ်ကြိမ်တောင်မှ မထွက်ခွာဖူးချေ။ ထို့ကြောင့်(၁၇)နှစ်ဟု ဖြေဆိုသည်ကလည်း မမှားချေ။
သူမ မမျှော်လင့်ထားသည်မှာ သူမက ထိုသို့ပြောပြီးချိန်တွင် ရှီချီကရုတ်တရက် အေးစက်စက် နှာခေါင်းရှုံ့ပြီး ခေါင်းလှည့်သွားကာ စာရွက်ပေါ်တွင် စာများ ဆက်ရေးနေပြီး သူမကို အာရုံမစိုက်တော့ချေ။
နင်မုန့် “…”
ထူးဆန်းလိုက်တာ။
သူမကသတိလက်လွတ် လက်ဆန့်တန်းကာ သူ၏ခေါင်းကို ပုတ်ရန် ကြိုးစားမိပြီးမှ ရုတ်တရက် အဆုံးတွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။ လျင်မြန်စွာဖြင့် လက်ကို ပြန်ရုတ်လိုက်ကာ သတိပေးလိုက်သည်။
“ဒီကောင်စုတ်လေး ဘာတွေဖြစ်နေတာလဲ ငယ်ငယ်တုန်းက တကယ်ကို ငြိမ်သက်အေးဆေးတဲ့ ကလေးလေးပါ အကြောင်းပြချက်ကို မပြောချင်ဘူး ဆိုရင်တောင်မှ စိုးရိမ်စရာ ကောင်းအောင်တော့ မလုပ်တတ်ပါဘူး”
သူမအနေနှင့် သူက အကြောင်းပြချက်ကို ပြောလာစေရန် ကြိုးစားရမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
ရှီချီဟာ သူမကို နှာခေါင်းရှုံ့ပြီးနောက်တွင် နောင်တရသွားသည်။ သူ တကယ်မေးချင်တာက
“မင်းဘာလို့ အခြာခန္ဓာကိုယ်ကို ဝင်ပူးရတာလဲ… ငါ့အဘွားရဲ့ ခန္ဓာကိုယ်ကို အရင်တုန်းက ဝင်ပူးထားခဲ့တာ မင်းမဟုတ်လား …”
“နောက်ပြီး အဲ့ဒီနေ့က ဘာတွေဖြစ်ပျက်ခဲ့တာလဲ…”
အချိန်တစ်ခဏကြာအောင် တွေးတောနေပြီးနောက်တွင် သူ စာရွက်ပေါ်တွင် ဆက်မရေးနိုင်တော့ချေ။ ထို့ကြောင့် ထိုစာအုပ်ကို စားပွဲပေါ်တွင် ထောင်ကာ အကာအကွယ်အဖြစ် ထားလိုက်ပြီး သူမကိုသာ ခိုးကြည့်လိုက်တော့သည်။
သူ ယခင်ကအတိုင်း တစ်ဖန်ပြန်လည်သုံးသပ် ဖြစ်သည်။ သူ့ဒီအတန်းဖော်၏ခန္ဓာကိုယ်က လူငယ်တစ်ယောက် ပုံပုံသဏ္ဌာန်အတိုင်း ဖြစ်နေသော်လည်း သူမ၏စကားလုံးများနှင့် လုပ်ဆောင်မှုများဟာ ယခင်နှင့်ကွာခြားမှု မရှိနေခဲ့သေးချေ။
ငါ့ကိုအဘွားလို့ ခေါ်ဆိုသော စကားလုံးကို သူမပြောလုမတက် ဖြစ်သွားခြင်းကို သူက ထင်ထင်ရှားရှား မှတ်မိနေသေးသည်။ ထို့ကြောင့် သူ၏ ခန့်မှန်းမှုက မမှားနိုင်ချေ။ သူ အတိတ်က သူမ၏မျက်နှာကို ထင်ထင်ရှားရှား မမှတ်မိတော့လျှင်ပင် သူမ၏ပုံပန်းသွင်ပြင် စကားလုံးများ အားလုံးဟာ သူ့ကို အခိုင်အမာ သက်သေပြ ပေးနေသေးသည်။
သူမ လက်ဆန့်တန်းပြီး ပြန်ရုတ်သွားသည့် အခြေအနေကို သူက ထင်ရှားစွာ မြင်လိုက်ရသည်။ ဒါက သူ၏ခေါင်းကို ပုတ်ချင်သည့် ထိုလေလွင့်လမ်းဘေးဝိညာဉ် သဘောအကျဆုံးသော အပြုအမူလဲ ဖြစ်နေသေးသည်။ သူမ လှုပ်ရှားလိုက်သော အပြုအမူတိုင်းက အသေးစိတ်အကျဆုံး အချက်အလက်များတိုင်း ကွက်တိ တူညီနေသည်။ ဒါကို လူတိုင်းက ထိုသို့တစ်ထပ်တည်း တူညီအောင် တူပနိုင်စွမ်း မရှိချေ။
အိမ်တွင်ရှိသော မြွေပါအငယ်လေးကို တွေ့မိသောအခါ သူ၏မျက်လုံးများက မှေးကျဉ်းသွားသည်။ မြွေပါ၏နှာခေါင်းဟာ အခြားသော သားရဲများထက် တိကျသည်။ ထို့အပြင် ထိုရှောင်ဟွမ်ဟာ သာမန်မြွေပါမဟုတ်ဘဲ ကိုယ်ပိုင်ထင်မြင် သုံးသပ်နိုင်စွမ်းကို ထုတ်ပေးနိုင်စွမ်း ရှိသည်။ မြွေပါကိုယ်တိုင် ခေါ်လာနိုင်သည့် အခွင့်အရေးသာ ရှိမည်ဆိုလျှင် သူက စမ်းသပ် စစ်ဆေးကြည့်ချင်သေးသည်။

ထိုညတွင် စာပြန်လည်သုံးသပ်ချိန်က အချိန်ပိုယူမည် ဖြစ်သည်။ ထိုယူမည့် အချိန်ပိုတွင် အရိပ်ပြဇာတ်အဖွဲ့ကို ကြည့်ရမည်ဖြစ်သည်။
ဆရာဆရာမများက အိမ်စာအနည်းငယ်သာ ပေးထားပြီး ပထမည၏ စာပြန်လည် လေ့လာသည့်အချိန်ကို စိတ်ရှည်သည်းခံစွာဖြင့် စောင့်ဆိုင်းသည်။ ဤသို့ရာတွင် အဆုံးတွင် ပြဇာတ်ကို ပယ်ဖျက်လိုက်ပြီဆိုသော အကြောင်းကြားစာကသာ ရောက်လာလေသည်။ ချက်ချင်းဆိုသလို တစ်ခန်းလုံးဟာ ဆူညံပွတ်လော ရိုက်သွားတော့သည်။
“ဘာလို့ဖျက်လိုက်တာလဲ ကျောင်းရဲ့အမှား မဟုတ်လား”
“ငါက ငါ့ရဲ့သူငယ်ချင်းတွေနဲ့ ဝေမျှဖို့ဓာတ်ပုံတောင် ရိုက်ဖို့ပြောထားတာ ငါလုပ်လို့မရတော့ဘူးပဲ”
“နေ့လည်က လူတွေရောက်လာကြတယ် မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ရပ်လိုက်တာလဲ”
ထိုည၏အတန်းက အနည်းငယ် ဆူညံနေသည်။ ချန်းရန်က စင်မြင့်ပေါ်တွင် မျက်နှာသေဖြင့် ရောက်လာပြီး သိပ်မကြာခင်မှာပင် အတန်းမှအသံများက ငြိမ်သက်သွားသည်။ လူတိုင်းက တိတ်ဆိတ်သွားသည်။
ချန်းရန်က စတင်ရှင်းပြသည်။
“ဒါရိုက်တာဆီက သိထားသည့်အတိုင်းဆိုရင် အရိပ်ပြဇာတ်အဖွဲ့ အစမ်းလေ့ကျင့်ချိန်မှာ မတော်တဆ ဖြစ်သွားတယ် သူတို့က ထပ်ခါတလဲလဲ ပြန်လည်လေ့ကျင့်ဖို့ လိုအပ်ပြီး ပြန်ကြိုးစားရမှာ ဖြစ်လို့ ဒီဖျော်ဖြေမှုက လကုန်မှ စတင်လိမ့်မယ် အားလုံးပဲ မစိုးရိမ်ကြပါနဲ့ အခုတော့ သူတို့ကကျောင်းမှာဘဲ ယာယီနေကြလိမ့်မယ် မင်းတို့က ကြည့်ချင်စိတ် ပြင်းပြနေရင် သွားပြီးမင်းတို့ ကိုယ်တိုင်မေးကြည့်နိုင်တယ် ဒါပေမဲ့သူတို့ကို အများကြီးတော့ အနှောင့်အယှက် မပေးကြနဲ့”
နောက်ဆုံးစကားများ ထွက်လာသည့်နောက်တွင် ကျောင်းသားများ၏ မျက်ဝန်းဟာ တောက်ပသွားသည်။
ကျောင်းသားအများစုဟာ အရိပ်ပြဇာတ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝေ့ပေါ်(သို့မဟုတ်) videoထဲတွင်သာ မြင်ဖူးကြလေသည်။ ပုံမှန်အားဖြင့် သူတို့အနေနှင့် ထူးခြားသော အော်ပရာမျိုးကိုသာ ကြည့်ဖူးကြလေသည်။
ကျောင်းကသာ အရိပ်ပြဇာတ်အဖွဲ့ကို ဖျော်ဖြေရန် မဖိတ်ခေါ်ခဲ့လျှင် ကြည့်ရန် စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။ ယခုအခါ တစ်ဖက်လူများက ရောက်လာပြီဖြစ်ပြီး သူတို့ဟာလဲ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ချင်စိတ် ပြင်းပြနေကြတော့သည်။
လက်ရှိအချိန်တွင် လကုန်သည်အထိ သူတို့က စောင့်ဆိုင်ရမည် ဖြစ်လေရာ လူတိုင်းက အတန်ငယ်စိုးရိမ် သွားကြသည်။
နင်မုန့်ဟာ ခပ်ဖျော့ဖျော့ သက်ပြင်းချလိုက်သည်။ သူမဟာလဲ ကြည့်ချင်စိတ် ပြင်းပြနေလေသည်။
ဆရာမ ထွက်သွားပြီးနောက်တွင် သာမန်အတန်းချိန်များက အဆုံးသတ်သွားသည်။ အပြင်ဖက်မှ လူတစ်ယောက်က သူမ၏နာမည်ကို ခေါ်လာသည်။
“နင်နင် လူတစ်ယောက် မင်းကို လာရှာတယ်”
နင်မုန့်က သူမက ကျောင်းရောက်ကာစ ဖြစ်သဖြင့် အခြားလူများနှင့် မသိသေးကြောင်း သေချာနေခဲ့သည်။ သို့ရာတွင် အခြားလူကလည်း မိန်းကလေးတစ်ယောက် ဖြစ်နေကတည်းက များများစားစား မတွေးတော့ချေ။ ထိုမိန်းကလေးဟာ အတန်ငယ် အလောတကြီး နိုင်သည်။
“နင်က နင်နင်မဟုတ်လား ရှီချီရဲ့ဘေးနားမှာ ထိုင်တဲ့တစ်ယောက်”
နင်မုန့်ကခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ပြဿနာရှိလို့လား”
နင်မုန့်ဟာ ရှီချီကျော်ကြားသည်မှာ ပုံမှန်ဟုသာ ထင်သည်။ မည်သို့ပင်ဆိုစေ သူဟာ ကြည့်ကောင်းပြီး မိသားစုနောက်ခံကလည်း သာမန်မဟုတ်ချေ။ ဒါက မိန်းကလေးတိုင်း သဘောကျသင့်သည့် အမျိုးအစားမျိုး ဖြစ်သည်။
ထိုမိန်းကလေးက အလွန်နီးကပ်သည်အထိ ကပ်လာပြီးနောက် လေသံကိုနူးညံ့လိုက်သည်။
“ဒါဆိုရင် ငါနင့်ဆီက အကူအညီတောင်းလို့ ရမလား အကူအညီ သေးသေးလေးပါဘဲ ငါ့ကိုကူညီပြီး သူ့ရဲ့အနီးကပ် ပုံလေးရိုက်ပေးပါ ကျေးဇူးပြုလို့”
“ပုံလား”
နင်မုန့်က လန့်သွားသည်။
ထိုမိန်းကလေးဟာ သူမက သဘောမတူဟု ထင်လိုက်ပြီး ခပ်မြန်မြန် ထပ်ဖြည့်ပြောသည်။
“ဟုတ်တယ် ငါတကယ်တော့ အမှန်အတိုင်းပြောပြီး ခိုင်းတာလုပ်ရတဲ့ ကစားပွဲမှာ ရှုံးသွားတာ ငါဒီတာဝန်ကို ပြီးအောင်မလုပ်နိုင်ဘူး ဆိုရင် အိမ်သာထဲမှာ တစ်ညနေရလိမ့်မယ် ဒါက ကြောက်စရာ ကောင်းလွန်းတာ နင်လည်း သိတာဘဲ ကျေးဇူးပြုပြီး ငါ့ကိုကူညီပါ ငါနင့်အတွက် ပိုက်ဆံပြန်ပေးမှာပါ”
သူမက ပိုက်ဆံအိတ်ကို ချက်ချင်းထုတ်သည်။
တစ်ဖက်က ခိုင်းတာ လုပ်ရသော ကစားပွဲဖြစ်လျှင်ပင် အမှန်အတိုင်း ဆိုရသော် သူမက သူ့အပေါ် ခံစားချက်ရှိနေခြင်း ဖြစ်သည်။ ရှီချီဟာ ကျောင်းရှိမိန်းကလေးတိုင်း လိုချင်သော ကောင်လေးပုံစံ ဖြစ်သည်။ သူတို့အားလုံးဟာ သူနှင့်ဒိတ်လို ကြသည်။ သို့သော် ဘယ်သူကမှ မတတ်နိုင်ခဲ့ကြချေ။ ရှီချီ၏အတန်းထဲမှ မိန်းကလေးများကပင် ထိုမျှလွှမ်းမိုးနိုင်စွမ်းပြည့်သော လူနှင့်အနီးကပ်နေပြီး အကျိုးအမြတ် ရအောင် မလုပ်နိုင်ကြချေ။ ထို့ကြောင့် မိန်းကလေးများက နင်မုန့်ရောက်လာကြောင်း မြင်သောအခါ သူမ၏သေးသွယ်သောကိုယ် လှပသောအမူအယာ တွေကြောင့် ခြိမ်းခြောက်သလို ခံစားရမည့်အစား တက်ကြွစွာ ကြိုဆိုကြခြင်း ဖြစ်သည်။ ရှီချီလိုလူမျိုးက ဒီလိုအခြေအနေမျိုးကိုပင် အာရုံမစိုက်ဟု သူတို့က လက်ခံထားကြသည်။
သူမက ထပ်ဖြည့်ပြောသည်။
“နင်ကျေးဇူးပြုပြီး ငါ့ကို ဒီအကူအညီလေး ပေးနိုင်မလား”
အခြားသူများကသာ ထောင်လွှားသော အမူအယာမျိုးဖြင့် ပြောလာခဲ့ခြင်းဆိုလျှင် သဘောမတူ နိုင်လောက်သော်လည်း ယခုလို အကူအညီတောင်းလာသော မိန်းကလေးက အလွန်ပင်နူးညံ့သော လေသံမျိုးဖြင့် ပြောလာလေရာ စိတ်ရှုပ်သလို ခံစားရရန်ပင် ခက်ခဲနေတော့သည်။
နင်မုန့်ကလည်း ပိုက်ဆံအထပ်လိုက်ကို မြင်သောအခါ စိတ်ထဲတွင် လွန်ဆွဲနေရတော့သည်။ ထိုမိန်းကလေး ငယ်လေးဟာ ကြွယ်ဝသော မိသားစုမှလာခြင်း ဖြစ်လောက်ပြီး ပိုက်ဆံအများအပြား ထုတ်ပေးနိုင်စွမ်းရှိသည်။
လက်ရှိအချိန်တွင် သူမဟာနင်နင်၏ ကိုယ်ထဲသို့ ကူးပြောင်းလာစဖြစ်ပြီး လျန်ဖုန်းမိန်က ကျန်ရှိသောမိသားစု ငွေများကိုသုံးကာ ကျောင်းဂိတ်ရှေ့တွင် အဆာပြေမုန့်များနှင့် အအေးများရောင်းချသည့် စီးပွားရေးငယ်လေးကို လုပ်နေသည်။ သို့ရာတွင် သူတို့တွင် အပိုအလျှံများ မရှိသလောက်ဖြစ်သည်။ သူမ၏မိခင်ကလည်း သူမကို အသုံးပြုနိုင်ရန် ပိုက်ဆံများများစားစား မပေးနိုင်ချေ။ ထို့အပြင် သူမကလည်း သွားတောင်း၍ အဆင်မပြေချေ။ ရှီမိသားစုတွင် သူမစားနေကြ ဖရဲစေ့ကို အလွန်လွမ်းဆွတ် တမ်းတမိလေသည်။ ဝမ်းနည်းစွာဖြင့်ပင် ထိုဖရဲစေ့က အလွန်းဈေးကြီး လွန်းနေသည်။
နင်မုန့်က မေးလိုက်သည်။
“ငါသဘောမတူရင် ဘာဖြစ်မှာလဲ..”
ကောင်မလေးက လက်ကိုဆန့်တန်းလာပြီး ဆက်ပြောသည်။
“ငါအခြားတစ်ယောက်ကိုဘဲ အကူအညီတောင်းရတော့မှာပေါ့ အချို့ကောင်မလေးတွေဆိုရင် ငါ့အတွက် အပုံတစ်ရာလောက် ရိုက်ပေးနိုင်တယ်လို့ ပြောတယ် ဒါပေမဲ့ နင်က သူနဲ့အနီးဆုံးဆိုတော့ ပိုကောင်းမယ်လို့ ထင်လို့”
ထိုစကားဟာ နင်မုန့်ကိုမပျော်မရွှင် ဖြစ်သွားစေသည်။
“ဓာတ်ပုံခိုးရိုက်တာ ဘာဖြစ်လို့လဲ ဒါပေမဲ့ ပိုင်ရှင်မသိဘဲ ခိုးရိုက်ပြီး အခြားလူကို ပေးတာကတော့ မကောင်းဘူးထင်တယ်”
သူမက ဓာတ်ပုံ ခိုးရိုက်ရဲသော်လည်း တစ်ဖက်လူက ယူသွားပြီး မကောင်းသော ကိစ္စမျိုးတွင် အသုံးပြုမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ သူမက လည်ချောင်းကို ရှင်းပြီးနောက် မျက်နှာထားကို လေးနက်လိုက်သည်။
“ဓာတ်ပုံခိုးရိုက်တဲ့ ကိစ္စအတွက် ဆိုရင် ငါအရင်ဆုံး သူ့ရဲ့ထင်မြင်ချက်ကို တောင်းခံရမယ်”
ရှီချီကသာ သဘောတူလျှင် အဆင်ပြေမည် သဘောမတူလျှင်မူ မဖြစ်နိုင်တော့ချေ။
မိန်းကလေးကလည်း သဘောတူသည်။ ချက်ချင်းဆိုသလို သူမကို cameraပေးလိုက်ပြီး ပျော်ရွှင်စွာ ထွက်ခွာ သွားတော့သည်။
သူမက ထိုတန်ကြေးကြီးသော cameraကိုကိုင်ပြီး သူမ၏ထိုင်ခုံသို့ ပြန်လာခဲ့ကာ ထိုမိန်းကလေးဟာ သူမ ထိုcameraကို ရောင်းစားလိုက်မည်ကိုပင် ကြောက်လန့်ခြင်းမရှိ ဟုတွေးလိုက်မိသေးသည်။
ရှီချီက ရုံးခန်းသို့ ဆရာမခေါ်၍ လိုက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် နင်မုန့်ဟာ သူမ၏ခုံတွင် စောင့်နေရသည်။ ပျင်းလာသဖြင့် cameraကို စမ်းကြည့်ရန် မြှောက်လိုက်သည်။
သူမက ခုံလေးတွေမှီပြီး နေရုံတစ်ခဏသာ ရှိသေးသည်။ လူတစ်ယောက်က ရောက်လာပြန်သည်။ ဒီတစ်ကြိမ်တွင် ရှီချီဟာ ထိုင်ခုံတွင် တန်းဝင်ထိုင်လိုက်သည်။ ထို့နောက် သူမက သေးငယ်သော အသံမျိုးဖြင့် မေးလိုက်သည်။
“မြေး အဟမ့်..အဟမ့်… ဒါ..အဟွန့်.. ရှီချီ တစ်ယောက်ယောက်က နင့်ရဲ့ပုံကို လိုချင်နေတယ် နင်သဘောတူလို့ ရမလား”
အစပိုင်းတွင် ရှီချီဟာ အတွေးနက်သွားသည်။ သူမ၏ရုတ်တရက် သူ့ကိုလွှတ်ခနဲ ခေါ်တော့မည့် နာမ်စားကို ပြန်တွေးပြီးနောက်တွင် အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
“လက်မခံဘူး”
သူမက သူ့အရှေ့မှာ ရှိနေတာ ရှင်းရှင်းလင်းလင်းကြီးပါ အရင်ကလည်း သူ့အပေါ် အရမ်းကောင်းကောင်း ဆက်ဆံပေးခဲ့တယ် အဘွားလိုမျိုး ကြောင်တောင်တောင် ဆက်ဆံတာကလွဲရင်ပေါ့ ဒါပေမဲ့ အခု သူ့မှာ ဘာတုံ့ပြန်မှုမှ ပေးစရာမရှိဘူး။
ရှီချီက ရုတ်တရက် တစ်စုံတစ်ရာကို တွေးတောမိပြီး နောက်တွင် သူ၏ကြည်လင်သော မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်များက ထွက်ပေါ်လာသည်။
နင်မုန့်ဟာ ဘာကိုမှ အာရုံမခံမိဘဲ ခေါင်းကိုသာ ညိတ်လိုက်သည်။ အနည်းဆုံး သူမ ထိုမိန်းကလေးကို အကြောင်းပြချက် ရှာပြီးcameraကို ပြန်ပေးရမည် ဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင်လည်း သူ့ကိုသတိ ပေးထားပြီးသားလည်း ဖြစ်သွားသည်။ ယခုလေးတွင် သူမကမြေးဟု ခေါ်တော့မည့်မတတ် ဖြစ်သွားသည်ကို သေလောက်အောင် ချောက်ချားမိသွားစေသည်။ ရှီချီကသာ သိသွားလျှင် သရဲတစ်ကောင်ကို ဖမ်းခေါ်ပြီး သူမကို နှိပ်စက်ခိုင်းလောက်သည်။
လက်ရှိရှီချီဟာ သရဲများအပေါ် မည်မျှထိန်းချုပ်နိုင်သော စွမ်းအားရှိနေသည်ကိုလည်း သူမ မသိသေးချေ။

ညနေပိုင်း စာကျက်ချိန်တွင် နင်မုန့်ဟာ cameraကို ကောင်မလေးကို ပြန်အပ်လိုက်ပြီး ရှီချီ၏တုံ့ပြန်မှုကို ပြန်ပြောလိုက်သည်။
ကောင်မလေးက မပျော်မရွှင် ဖြစ်သွားသလို များများစားစား မတုံ့ပြန်ချေ။
နင်မုန့်ဟာ ပုခုံးတွန့်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမ၏အမှား မဟုတ်ချေ။ သူမက အဆောင်တွင် မနေချေ။ ညပိုင်းစာကျက်ချိန် ပြီးနောက်တွင် လျန်ဖုန်းမိန် သိပ်မကြာခင်က ငှားထားသော ဆိုင်ခန်းငယ်လေးထံသို့ လျင်မြန်စွာ ပြန်သွားလိုက်သည်။
ရိုးရိုးသားသား ပြောရသော် လျန်ဖုန်းမိန်က မိခင်ကောင်းပီသသည်။ သူမသည် တစ်ချိန်က မြို့၏နံပါတ်တစ် အလယ်တန်းကျောင်းသို့ သွားရန်ဆုံးဖြတ်ခဲ့ပြီး ကလေးဖြစ်သူအတွက် အဖော်ပြုပေးရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရက်အနည်းငယ် ကြိုတင်ကာ ဒီဆိုင်ကို ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ သူမက မတားခဲ့လျှင် သူတို့၏မြို့ဟောင်း နေရာမှအိမ်ကိုပင် ရောင်းချရန်ကြိုးစားခဲ့သည်။
ဒီငှားထားသော ဆိုင်ခန်းလေး၏ နောက်တွင်လည်း အိမ်ခန်းနှစ်ခန်း ကပ်ပါသည်။ မီးဖိုခန်းလည်း ပါသည်။ ထို့အပြင် ယခင်အိမ်ထက် သေးငယ်နေသော်လည်း လူနှစ်ယောက်နေရန်အတွက် လုံလောက်သည်။ လက်ရှိအချိန်တွင် သူမကစာလုပ်နေသဖြင့် မိခင်ဖြစ်သူက သူမအတွက် အဆာပြေမုန့်များကို ပြင်ဆင်ပေးထားသည်။
သမီးဖြစ်သူ အဆာပြေမုန့်များကို ပျော်ပျော်ရွှင်ရွှင် စားနေကြောင်းကို မြင်ချိန်တွင် လျန်ဖုန်းမိန်က ပြောလာသည်။
“နင်နင် ဘေးဆိုင်ကို သွားပြီး ကြည့်ကောင်းတဲ့ စာရွက်လေးတွေ ကူးဆွဲလာပေးလို့ ရမလား”
နင်မုန့်က စိတ်ရှုပ်သွားသည်။
“ဘာစာလဲ”
လျန်ဖုန်းမိန်က လက်ကိုရမ်း၍ ပြောလာသည်။
“ဒီလောက်ကြီးတဲ့ ဆိုင်ရောင်းကောင်းအောင် ရေးတဲ့ရောင်စုံ စာရွက်ကြီးတွေလေ”
ဘေးဆိုင်တွင်လည်း သူတို့၏တံခါးဝတွင် ကပ်ထားကြောင်းကို သူမက မြင်ခဲ့ရသေးသည်။ ထို့အပြင် မိန်းမငယ်လေးများကလည်း ထိုဆိုင်က ဘာဆိုင်ဖြစ်ကြောင်း မကြာခဏရပ်ကာ ကြည့်သေးသည်။ ကြည့်ကောင်းသည်ဟု ခံစားရသဖြင့် သူမကိုယ်တိုင်လည်း သူမ၏အိမ်ထဲတွင် ကပ်ထားလိုခြင်းဖြစ်သည်။
နင်မုန့်ကတွေးတောပြီးနောက် ပြောသည်။
“ပိုစတာကို ပြောတာလား”
လျန်ဖုန်းမိန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်.. ဟုတ်တယ် ပိုစတာပဲ သမီးတစ်ခုလောက် လုပ်နိုင်လား”
“ရတာပေါ့”
သူမက ခေါင်းကုတ်လိုက်သည်။ သာမန်ပိုစတာမျိုးလုပ်ခြင်းက ကိစ္စမရှိချေ။ သူမ ကြုံရာ ပိုစတာမျိုးဆွဲပေးနိုင်သည်။
လျန်ဖုန်းမိန်က ချက်ချင်းဆိုသလို သူမကို ထိုတာဝန်ကို ပေးလိုက်သည်။
သူမက ရေချိုးပြီး အခန်းကိုပြန်လာသည့် အချိန်တွင် ၁၁နာရီထိုးသွားပြီ ဖြစ်သည်။ နင်မုန့်က မအိပ်ချင်သေးသဖြင့် လျှို့ဝှက်စွာဖြင့် ထိုပိုစတာကို စဆွဲလိုက်သည်။ ကံကောင်းစွာဖြင့် ယခင်တစ်ခေါက် သူမ၏အခန်းထဲသို့ လိုအပ်သော ဆေးများ ရွှေ့လာခဲ့ခြင်းဖြစ်သည်။
ပိုစတာလုပ်ရခြင်းက လွယ်ကူသည်ဟု သူမ ထင်ထားမိသော်လည်း အမှန်တကယ် လုပ်သည့်အခါ တစ်ခုဆွဲရန်ပင် ခက်ခဲနေကြောင်း ခံစားမိလိုက်သည်။
၁၂နာရီ ထိုးခါနီးလာသည်အထိ သူမ အကြမ်းဖျင်းပုံစံကိုသာ ဆွဲ၍ပြီးသေးသည်။ ထို့နောက် အရောင်ခြယ်ရသည်။ သို့ရာတွင် သူမက ထိပ်တွင် ရေးရမည့် စာသားများကို မရေးရသေးချေ။
နာရီမှလက်တံသံက တိတ်ဆိတ်သော အခန်းထဲတွင် ထင်ရှားစွာ ထွက်နေသည်။
နင်မုန့်က ခါးအကြောဆန့်ပြီးနောက်တွင် မနက်ဖြန်မှ ဆက်ဆွဲရန် ဆုံးဖြတ်လိုက်သည်။ သူမကသာ တစ်ညလုံးနေမည်ဆိုလျှင် မနက်ဖြန်အတန်းတွက် စာသေချာနားထောင်ရန် အားအင်ရှိတော့မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် သူမ၏အဆင့်များ ကျသွားခဲ့ပါက သူမအတွက် ကပ်ဘေးဆိုက်ပေလိမ့်မည်။ ထိုအချိန်တွင် ဆူညံသံက ထွက်လာသည်။
နင်မုန့်က ခုံပေါ်မှထခါစ ရှိသေးသည်။ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို ချက်ချင်းဆိုသလို လှည့်ကာ အသံလာရာ အရပ်မျက်နှာဖက်သို့ ကြည့်လိုက်ပြီး မျက်နှာကဖြူဖျော့ သွားသည်။
နဂိုက သူမ တင်းတင်းကြပ်ကြပ် ပိတ်ထားသော ပြတင်းပေါက်တွင် သေးငယ်သော အဟကြား ရှိနေပြီး မီတာတစ်ဝက်ခန့် ရှိနေသည့် ပုံရိပ်တစ်ဝက်က အထဲသို့ ဝင်လာရန် တိုးနေသည်။ ထိုကိုယ်ကြီးဟာ တွန့်လိမ်ရှုံ့တွ နေတော့သည်။
အခန်း၏တစ်ခုတည်းသော သူမ၏စားပွဲပေါ်မှ မီးရောင်ကြောင့် ထိုပြတင်းနေရာနားဟာ အလွန်မှောင်နေသည်။ ထို့ကြောင့် ဝေဝေဝါးဝါးသာ မြင်နိုင်ခြင်းက လူအများကိုပို၍ပင် ထိတ်လန့်ခြောက်ခြားသလို ခံစားရစေသည်။
သူမအော်လုနီးပါးဖြစ်သွားပြီး ကုတင်ပေါ်သို့ ကုန်းတက်လိုက်ကာ စောင်ကိုသုံးပြီး မျက်နှာကိုအုပ်ထားလိုက်သည်။ ထို့နောက် လျှို့ဝှက်စွာဖြင့် စနစ်ကိုမေးသည်။
“ဒါက လေတိုက်တာမလား ဒါက လေတိုက်တာမလား”
စနစ်ကပြန်ပြောသည်။
“ကန်းချင်ယောင် ဆောင်တာကို ရပ်လိုက်ပါ ဒါက သရဲလေးပါ”
နင်မုန့်ဟာ အိပ်ယာပေါ်တွင် အပြားလိုက်လှဲလိုက်သည်။ သူမက တစ်ဆတ်ဆတ် တုန်ယင်နေတော့သည်။ သူမက လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရောက်နေပြီး ထိုအရာကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။ သံသယဝင်ရန် မလိုလောက်အောင် သရဲလေးဖြစ်သည်။
“ဒါပေမဲ့ ဘယ်သရဲလေးက ဒီလောက်ထိ ရုပ်ဆိုးနေတာလဲ မျက်နှာပေါ်မှာ ကြည့်ပါအုံး ပါးကလည်း နီရဲပြီး နှုတ်ခမ်းကလည်း နီရဲတောက်ပနေတာဘဲ နောက်ပြီး ရောင်စုံဂွမ်း ဂျာကင်ကြီးကိုတောင် အပေါ်ကထပ် ဝတ်ထားသေးတယ်”
“တမင်သပ်သပ် ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို လာခြောက်လှန့်တာ မဟုတ်လား”

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset