အခန်း ၈။ မတော်တဆ သေဆုံးမှု
စားပွဲပေါ်က အဖြူရောင်စာရွက်မှာ သူတို့ လက်ရေးတွေနဲ့ စာတွေရေးလို့ထားသည်။
အာရပ်နံပါတ်တွေ တချို့ အသေးစိတ်ရေးထားတဲ့ အမျိုးမျိုးသောစကားတွေနဲ့ အရေးကြီးဆုံးစကားကတော့ ယောကျာ်းလားမိန်းမလား။ သို့မဟုတ် ဟုတ်လား မဟုတ်လား ဆိုလေသည်။
သုံးယောက်သား ဘောပင်ကို တူတူကိုင်ထားကြသည်။
လေးယောက်သားက စာရွက်ကို ရင်တုန်စွာ ကြည့်လို့နေသည်။ ဟွမ်လီလို့ခေါ်တဲ့ တစ်ယောက်က ဂိမ်းကို အဆော့ချင်ဆုံးပင်။ ဒီတစ်ခါလည်း သူမကပဲ ဂိမ်းဆော့ဖို့ အကြံပြုလေသည်။
တခြားနှစ်ယောက်ဖြစ်တဲ့ တုလီနဲ့ စုရွှဲက ဘာမှလုပ်စရာမရှိလို့ ဝင်ဆော့ကြလေသည်။ ဂိမ်းအကြောင်းကြားပြီး စိတ်လှုပ်ရှားစရာ ရှာနေတာနဲ့ ပါကြတာဖြစ်ပြီး သူတို့က သဘာဝလွန်ဖြစ်ရပ်တွေကို မယုံကြည်ပေ။
တုလီက သမ်းကာ “ဒီဂိမ်းက အလကားလျှောက်ပြောနေတာနေမှာ…”
သူမပြောလို့တောင် မဆုံးသေး သူမ လက်ထဲက ဘောပင်က ရုတ်တရက် ရွေ့လာသလို လူသုံးယောက်လက်ကိုသယ်ပြီး စက်ဝိုင်းတစ်ခု ဆွဲလိုက်သည်။
“အဲဒါ…အဲဒါ…အဲဒါ” စုရွှဲက အ ထစ် အ ထစ် နဲ့ပြောလာခဲ့သည်။
စုချင်းချင်းကလည်း ကြောက်လန့်ပြီး ထအော်တော့သည်။
ဒါပေမဲ့ ဟွမ်လီကတော့ စိတ်လှုပ်ရှားနေသလို သူမကိုဆူတော့သည်။ “ကလောင်နတ်သမီး ရောက်လာပြီ မအော်နဲ့!”
တုန်ယင်နေတဲ့ လေသံနဲ့ သူမ စိတ်ကိုတောင် သေချာ မထိန်းနိုင်တော့ဘဲ “ကလောင်နတ်သမီး ကလောင်နတ်သမီး ကျွန်မ ဒီတစ်ခါ အလုပ်သင်အောင်မှာလား”
ကျောင်းက ဘွဲ့ရပြီး အလုပ်ရှာဖို့အတွက် အလုပ်သင်ကာလတစ်ခု စီစဉ်ပေးထားသည်။ သူမက အလုပ်အများကြီး ပြောင်းထားရပြီးတော့ အကြာကြီး မခံဘဲ ထွက်ရတာ များသည်။
တောက်ပတဲ့ အနီရောင်ဘောပင်လေးက မရွေ့ပေ။
တုလီက မနေနိုင်ဘဲ “သေချာတယ် နင်တို့နှစ်ယောက်ထဲကတစ်ယောက် ဘောပင်ကို ရွှေ့ပစ်တာပဲနေမှာ ကလောင်နတ်သမီးက အလကား လျှောက်လိမ်နေတာ”
သူမ လက်ပြန်ရုတ်တော့မလို့ရှိသေး ဘောပင်က ဖြည်းဖြည်းချင်း စရွေ့လို့နေသည်။
ဘောပင်က “ဟုတ်တယ်” ဆိုတဲ့ စကားပေါ်မှာ စက်ဝိုင်းတစ်ခု ဝိုင်းလိုက်သည်။
ဟွမ်လီက ချက်ချင်းထရယ်တော့သည်။ “ဟဟဟဟ”
သူမ တအားပျော်ပြီး လက်က ဘောပင်ကို လွှတ်လိုက်မိသလို ရုတ်တရက် အပေါက်တစ်ခုဖြစ်သွားပြီး သူမဘက်က အားမရှိတော့ ဘောပင်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားတော့သည်။
လူလေးယောက်လုံး သူတို့လည်ပင်းထက်မှာ အေးစက်မှုကို ခံစားလိုက်ရသည်။
တစ်ယောက်ယောက်က လေအေးနဲ့မှုတ်လိုက်သလိုမျိုး..
အစက လူတိုင်း သူတို့ကောလိပ်ဘဝ နောက်ဆုံးမှတ်ဉာဏ်အဖြစ် ကျန်အောင် တစ်ခုခုလုပ်ချင်ခဲ့တာ ဒီလိုဖြစ်မယ်လို့ ဘယ်သူမှမထင်ထားကြပေ။
ခုနက ဘောပင်က သူ့သာသူ လှုပ်သွားတာက အမှန်တရားဖြစ်သလို ဘယ်သူမှငြင်းမရချေ။
တုလီက တံတွေးမျိုချပြီး တုန်ယင်နေတဲ့လက်တွေနဲ့ “ဘာ ကလောင်နတ်သမီးလဲ ဒါက အလကားလျှောက်ပြောနေတာ ငါ အရင် အိပ်နှင့်တော့မယ် မနက်ဖန် စောစောအိမ်ပြန်ရမှာ”
သူမ အရင်စထွက်တော့ စုရွှဲကလည်း နောက်က လိုက်ကာ သူမ အိပ်ရာပေါ်ပြန်တက်လိုက်သည်။
စုချင်းချင်းက နဂိုကတည်းက တအားကြောက်တတ်တဲ့သူမို့ နှစ်ယောက်လုံး အိပ်ရာဝင်တာမြင်တဲ့ချိန် သူမကကော နေရဲမတဲ့လား သူမ အပေါ်ထပ်က အိပ်ရာကို တက်လိုက်တော့သည်။
သူမ မျက်နှာသစ်ပြီးလား မသစ်ပြီးလားတောင် ဂရုမစိုက်တော့ပေ။
မျက်စိတမှိတ်အတွင်းမှာ ဟွမ်လီသာ ကျန်ခဲ့တော့သည်။
ဟွမ်လီလည်း ရင်တွေ တအားတုန်နေတာမှ သူမနှလုံးသားတောင် ခုန်ထွက်တော့မလိုပင်။
သူမက ဒီကမ္ဘာမှာ လူမျက်စိနဲ့မြင်နိုင်တာထက် ကျော်လွန်တဲ့အရာတွေအများကြီး ရှိတယ်လို့ယုံကြည်ထားတဲ့သူပင်။ အခု သူမကိုယ်တိုင် ကြုံတွေ့လိုက်ရတော့ တကယ့်ကို အဆင်မပြေတော့ပေ။
တခြားလူတွေ အိပ်ရာ ကို တန်းဝင်သွားတာမြင်တော့ ဟွမ်လီနှုတ်ခမ်းစူလိုက်မိသည်။
‘လူတိုင်းတအားပိုတာပဲ သူတို့ကလောင်နတ်သမီးဆော့ဖို့ သဘောတူပြီး ကြောက်ဖို့တောင်မကောင်းတာကို တအားကြောက်နေကြမယ် မထင်ထားဘူး’
ဖယောင်းတိုင်ကလည်း ရုတ်ချည်း မီးငြိမ်းသွားတော့သည်။
အမှောင်ထုက အိပ်ခန်းထဲ ကြီးစိုးသွား၏။
ဟွမ်လီက “စုချင်းချင်း နင်ပြတင်းပေါက်ကို ထပ်ပြီး သေချာမပိတ်ပြန်ဘူးလား အသုံးကိုမကျဘူး နင်”
ခြေထောက်မကာ ပြတင်းပေါက်ကို သွားလိုက်တော့သည်။ ပြီးတော့ သူမက လေးနှစ်လုံး ဒီအဆောင်မှာနေလာတာမို့ တည်ဆောက်ပုံကို သူမ ရင်းနှီးနေပြီပင်။
နွေဖြစ်တာတောင် စုချင်းချင်းက ခေါင်းကနေ ခြေဖျားအထိ စောင်ခြုံထားသည်။
သူမ ပြတင်းပါက်ကို သေချာပိတ်ထားတယ်ဆိုတာကို သေချာမှတ်မိနေသလို လိုက်ကာလည်း ချခဲ့တာလေ ပြီးတော့ လိုက်ကာမှာ အပေါက်တောင် ဖြစ်ကျန်ခဲ့တာ ဘယ်လိုလုပ် ဖယောင်းတိုင်ငြိမ်းရတဲ့ထိ လေကပြင်းမှာတုန်း။
အဆောင်က တအားတိတ်ဆိတ်နေသလို ဟွမ်လီရဲ့ခြေသံနဲ့ သူမ ရေရွတ်သံတွေကိုသာ ကြားနေရသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အဆောင်က တဖန်ပြန် တိတ်ဆိတ်သွားတော့သည်။
တော်တော်လေးကြာသွားတော့ စုချင်းချင်း မနေနိုင်တော့ဘဲ “ဟွမ်လီ နင်အောက်မှာ ရှိနေတုန်းလား” လို့မေးလိုက်တော့သည်။
ဘယ်သူမှပြန်မဖြေပေ။
စုချင်းချင်း တအားခြောက်ချားလာကာ “တုလီ စုရွှဲ”
သူမ အော်ပြောပြီးတာနဲ့ သူမ စောင်ကိုဆွဲကာ ဟွမ်လီက မီးသီးနဲ့ သူမမေးကိုထိုးပြီး ထိုင်ခုံတစ်ခုမှာရပ်ကာ သူမ အိပ်ရာဘေး ပေါ်လာတော့သည်။
“အား”
ဟွမ်လီ မျက်စောင်းထိုးကာ “စုချင်းချင်း ငကြောက်မ နင့်ကိုစရတာ ပျော်ဖို့ကိုမကောင်းဘူး ဒီလိုဟာလေးနဲ့တောင် နင်ကြောက်နေရလား”
စုချင်းချင်းက စောင်အောက်ပြန်ဝင်ပြီး တုန်နေတော့သည်။
သူမ နှုတ်ခမ်းကလည်းဖြူဖျော့ပြီး ကျောမှာလည်းချွေးအေးတွေ ထွက်လာသည်။
သူမ မှားမြင်တာများလား။ ဘာလို့ ဟွမ်လီနောက်ကျောမှာ အနီရောင် မှုန်ဝါးဝါး ပုံရိပ်ကြီး ရုတ်တရက်ပေါ်လာရတာလဲ… သူမ မှားမြင်တာပဲ ဖြစ်ရမယ်။
တံခါးအပြင်ကနေ ခြေသံတွေ ရုတ်တရက် ကြားလိုက်ရသလို ပိုပိုပြီး သူတို့အဆောင်နဲ့ နီးလာတော့သည်။
ထို့နောက် သူတို့တံခါးအပြင်မှာ ရပ်သွားတော့သည်။
တံခါးခေါက်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာတော့သည်။
စုချင်းချင်း နှလုံးသား ချက်ချင်း ခုန်ထွက်တော့မလိုပင်။ ဘာလို့ ညလယ်ကြီး ဘယ်သူက တံခါးလာခေါက်မှာလဲ သူမ ချက်ချင်းအရင်က သူမ အွန်လိုင်းမှာ ကြည့်ဖူးတဲ့ သရဲပုံပြင်တွေကို သတိရလိုက်သလို အသက်ရှုသံတွေလည်း ချက်ချင်း လေးလံလာတော့သည်။
တံခါးဖွင့်ပြီး ဟွမ်လီက “ဘယ်သူလဲ” လို့မေးလိုက်သည်။
“ခုနက ဘယ်သူအော်လိုက်တာလဲ” အဆောင်မှူး အဒေါ်ကြီးအသံပင်။
သူတို့က ပထမထပ်မှာနေတာမို့ အန်တီက သူတို့နဲ့ မဝေးပင်။ ပြီးတော့ အဆောင်ရဲ့ အသံလုံစနစ်က တော်တော်လေး ဆိုးတာမို့ သူတို့လုပ်တဲ့ဆူညံသံတွေကြားရတာ သဘာဝပင်။
ဟွမ်လီက မျက်လုံးကိုအုပ်ကာ “ပိုးဟပ်မြင်လိုက်လို့ လန့်ပြီးအော်လိုက်တာ”
အဆောင်အဒေါ်ကြီးက သံသယမဝင် စကားတချို့ ပြောပြီးတော့ သူမ ထွက်သွားကာ ကော်ရစ်တာမှာ ပျောက်သွားတော့သည်။
စုချင်းချင်းက ဒီကိစ္စဒီလိုနဲ့ပဲ ပြီးသွားပြီလို့ထင်ခဲ့သည်။
ဒါပေမဲ့ နောက်ရက်တွေဖြစ်ပျက်ခဲ့တာက သူမကို လုံးဝ အကြောက်တရားထဲ တွန်းပို့လိုက်လေသည်။
–
“ဆိုတော့ အဲတုန်းက သမီးမြင်တဲ့ အနီရောင် အရိပ်ကဘာလဲ”
နင်မုန့်က မေးလိုက်သည်။ “အနီရောင်အမျိုးသမီး”
သူမက ဒီတိုင်း အဘွားအို တစ်ယောက်သာသာဆိုပေမဲ့ စုချင်းချင်းကို အနည်းငယ်ကြောက်အောင် လုပ်လို့နေသည်။ သူမ ခေါင်းခါပြကာ “မသိဘူး”ျ
သူမ အဲတုန်းက ဟွမ်လီကြောင့် လန့်သွားတာမို့ သေချာလည်းမကြည့်ရဲဘူးလေ။ သူမ ဒီတိုင်း မှုန်ဝါးဝါး မြင်လိုက်ရတာ နောက်ပိုင်းကျ ဘာမှလည်း မမြင်တော့
ရှီရှန်းကျင်းက စားပွဲကိုခေါက်ကာ “ဆက်ပြောပါဦး”
စုချင်းချင်းက စုကျန်းဟွ လက်ကိုကိုင်ထားပြီး ထိန်းချုပ်လို့ မရအောင် တုန်ယင်လာတော့သည်။ သူမ အသံကလည်း တုန်ယင်လာကာ “နောင်ပိုင်း ကျောင်းက ခေါ်လို့သွားတော့ ပြောတာက… ဟွမ်လီက… အဆောင်ရေချိုးခန်းထဲမှာ သေသွားပြီလို့”
ရဲတွေက သူမ အလောင်းကို ချက်ချင်း ယူသွားကြလေသည်။ ကြမ်းပြင်ပေါ်မှာလည်း မြေဖြူတွေ ခြစ်ထားသလို နံရံမှာလည်း သွေးကွက်တွေနဲ့ပင်။
အဖြူရောင် ပေါ်မှာသွေးကွက်တွေ ပေနေတာက မြင်တဲ့သူကို ခေါင်းကျိန်းသွားစေနိုင်သည်။
ဟွမ်လီသေတဲ့ပုံတွေကို ရဲတွေဆီက မြင်ရဖို့ သိပ်တောင်မကြာလိုက်ပင်။ ဘယ်လောက်တောင် ဆိုးဝါးလဲဆိုတဲ့ ပုံတွေလဲ ဆိုတာကိုပေါ့။
သူတို့ အိမ်သာလေးက တအားသေးပြီးတော့ စတုရန်း ၂ ပေ ပတ်လည်လောက်သာ ရှိလေသည်။ တအားကို ကျဉ်းပြီးတော့ မျက်နှာသစ်ဖို့စင်လေးနဲ့ ရေချိုးခန်းဆိုပြီး နှစ်ခုခွဲထားလေသည်။
ပြီးတော့ ဟွမ်လီက ရေချိုးခန်းလေးထဲမှာ သေခဲ့တာ။
အဲစတုရန်း ရေချိုးခန်းလေးထဲမှာ သူမ ခြေလက်အဆစ်တွေကလည်း လိမ်ချိုးခံထားရသလို ကမောက်ကမ ဖြစ်နေပြီး ဇက်ကလည်း ကျိုးနေသည်။ ခေါင်းကလည်း တဖက်ကို လှည့်လို့ ပုံထဲမှာ သူမက ရုပ်သေးရုပ်လိုပင်။
ကြောက်စရာအကောင်းဆုံးကတော့ သူမမျက်နှာက အပြုံးပင်။
တအားကိုပျော်နေသလို အပြုံးမျိုး ဖြစ်သည်။
စုချင်းချင်း ကြောက်သွားမိသည်။
ဒါပေမဲ့ ရဲတွေ ပြောတဲ့အဖြေက ဟွမ်လီက မတော်တဆသေတာ ဖြစ်ပြီး တခြားလူရှိတဲ့အရိပ်အယောင်လည်း မရှိဘူးလို့ပင်။ ပြီးတော့ သူမ သေရတာက အဝတ်ချိတ်တဲ့ ဝိုင်ယာကြိုးကြောင့်ဟု ဆိုသည်။
အဲဝိုင်ယာတွေက သူမ လည်ပင်းကို တိုက်ရိုက်ဖြတ်ချပစ်လိုက်တာ။
နင်မုန့် တော်တော်ကြာနားထောင်ပြီး သူမရင်ထဲအေးစက်လာတော့သည်။
ကလောင်နတ်သမီးလို့ခေါ်တဲ့ သရဲလုပ်လိုက်တာပဲဖြစ်မယ် သူတို့က ကလောင်နတ်သမီးကို ပြန်မပို့ခဲ့ကြဘူး ကြားထဲမှာ ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့တာတွေကိုလည်း သတိမထားခဲ့ကြဘူး။
ရှီရှန်းကျင်း ပုံတစ်ပုံထုတ်ပြီးနင်မုန့်ရှေ့ချကာ “ဒါပါ”
လို့ပြတော့ နင်မုန့် သေချာ အနီးကပ်ကြည့်လိုက်မိသလို သူမကြောက်လွန်းလို့ သေတော့မတတ်ပင်။
ဒါပေမဲ့လည်း အဘွားအိုရဲ့ သိက္ခာကို ထိန်းတဲ့အနေနဲ့ သူမ ပုံကို မျက်နှာသေနဲ့သာ စိုက်ကြည့်လိုက်သည်။ ကံကောင်းလို့ သူမမြင်ကွင်းက မှုန်ဝါးဝါးဖြစ်နေတာ။
သူမ ခေါင်းလှည့်ကာ “၁၇ မြေးဘယ်လိုထင်လဲ”
လို့မေးလိုက်သည်။ ရှီချီကြောင်သွားကာ သူ့ အဘွားက သူ့ကိုမေးမယ် မထင်ထားပေ။ တော်တော်ကြာမှ သူခေါင်းလေး ခါပြလိုက်သည်။
နင်မုန့် သူ့ခေါင်းကို ပုတ်လိုက်သည်။ သူသာ ယင်ယန် မျက်လုံးပွင့်မယ်ဆို သူမလို ခပ်ဝါးဝါးမြင်ရတာထက် အများကြီး ကြည်လင်နေမှာပင်။
စုချင်းချင်းက ဆက်ပြောသည်။ “တုလီက ဟွမ်လီသေပြီး နောက်နေ့သေတာပဲ ကျောင်းထဲမှာပဲသေတာ ဒါပေမဲ့ ဒီတစ်ခါတော့ သူက ကျောင်းအဆောက်အဦးရဲ့ကြီးမားတဲ့ စာသင်ခန်းတစ်ခုထဲမှာ သေတာ”
ဒီနေ့ထိ သူမ ထိုပုံကို ခုထိ သေချာမှတ်မိနေသလို မတုန်ယင်ဘဲလည်း မနေနိုင်တော့ချေ။
“တုလီက… စင်ပေါ်က အပေါ်မှာ တွဲလွဲချပြီး သေတာ…” စုချင်းချင်း သူမ ပါးစပ်လေးကိုအုပ်ကာ “ကြိုးတစ်ချောင်းနဲ့ အတန်းထိပ်မှာ”
ထိုကိုယ်ပိုင်စာကြည့်ခန်းက ဘွဲ့ယူတဲ့အခမ်းအနားတွေ ကျင်းပဖို့ ရည်ရွယ်ချက်နဲ့ အလှဆင်ထားလေသည်။ သူတို့က ဆိုင်းဘုတ်တွေ ပူဖောင်းတွေနဲ့အလှဆင်ထားပြီးတော့ ပါတီပြီးတာတောင် ပြန်မဖြုတ်ခဲ့ကြပေ။
နောက်နေ့ သန့်ရှင်းရေးက စာသင်ခန်းတံခါးကို ဖွင့်လိုက်တော့ တုလီက သူမ အကြိုက်ဆုံးဝတ်စုံကို ဝတ်ပြီး ဘလက်ဘုတ် အလယ်မှာ တွဲလွဲကျနေတာကို သူတို့ မြင်လိုက်ကြရသည်။
နင်မုန့် တုန်သွားတော့သည်။
ရှီချီ “ဘွား အေးလို့လား”
နင်မုန့်မျက်နှာ အရောင်မပြောင်း “အသက်ကြီးလို့ပါကွယ်”
ဒါကိုကြားတော့ ရှိချီက ချက်ချင်း ပဆစ်ဒူးတုတ်ထိုင်ပြီး သူမ ခြေထောက်ကို နှိပ်ပေးတော့သည်။
“အိုက်ယိုး ဒီလိုမြေးကောင်းလေး ဘယ်မှာရှာလို့ရမှာတဲ့လဲ” နင်မုန့်က စနစ်ကို လှမ်းပြောသည်။ “ဒီအဘွားကြီးက ဒီလိုကောင်းမွန်တဲ့ဘဝကြီးကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာ တကယ်မသိဘူးပဲ”
စနစ်က သူ့မကို လျစ်လျုရှုထားလိုက်သည်။
ရှီရှန်းကျင်းက ရှီချီကို ကြည့်ပြီး ဘာမှမပြော တုလီပုံကိုသာ နင်မုန့်ရှေ့ကို ချပေးလာသည်။
သူမ ယူကာ ဟွမ်လီရဲ့ ပုံနဲ့ယှဉ်ကြည့်ပြီး သူမ အသက်ရှုသံတောင်မမှန်ချင်တော့ ကံကောင်းလို့ ရှီချီက သူမကို ကြည့်နေပြီး သူမကိုရေယူပေးလာသည်။
ပုံက စုချင်းချင်း ပြောတာထက်တောင် ပိုကြောက်ဖို့ကောင်းသေးသည်။
သရဲကားထဲက မြင်ကွင်းလိုပင်။
နင်မုန့်ကပုံကို ဆက်ကြည့်နေတုန်းမှာပဲ စုချင်းချင်းက စုရွှဲသေတဲ့အကြောင်းကို ဆက်ပြောပြလာသည်။
ရှီချီအကြည့်တွေ လက်လာကာ ဘေးမှာထိုင်ပြီး မိန်းမောနေသလိုပင်။ ဒါပေမဲ့ တကယ်တန်းက သူ သေချာနားထောင်နေလေသည်။
“စုရွှဲက ကျွန်မ မျက်စိရှေ့တင်သေသွားတာ!” စုချင်းချင်း ရုတ်ချည်း စတင်ခြောက်ချားလာတော့သည်။
ဘာလို့လဲဆိုတော့ သူမက အရာအားလုံးက လူလုပ်တာ မဟုတ်သလို ရဲတွေပြောသလို မတော်တဆ သေဆုံးတာ မဟုတ်ဘူးဆိုတာ သိနေခဲ့လို့ပင်။
သူမနဲ့ စုရွှဲရဲ့ဆက်ဆံရေးက အဆောင်မှာအကောင်းဆုံးပင်။ ဘာလို့လဲဆိုတော့ သူတို့က မိသားစုမျိုးရိုးနာမည်လည်း တူကြလို့ ဖြစ်သည်။
အဲနေ့က သူတို့ ပစ္စည်းတွေကို ကျောင်းမှာယူဖို့ တူတူသွားဖို့ သဘောတူခဲ့ကြပြီး သူတို့ ပြန်တော့မဲ့အချိန် စုရွှဲက ရုတ်တရက် သူမက လူအိုရုံကို သွားချင်သည်ဟု ပြောလာခဲ့သည်။
လူအိုရုံက ကျောင်းနောက်မှာရှိတဲ့ တိတ်ဆိတ်တဲ့အဆောက်ဦးတစ်ခုပင်။
ခုတလော ပိတ်ရက်တွေဖြစ်တာမို့ ကျောင်းမှာလည်း လူအများကြီးမရှိတာကြောင့် လူအိုရုံကို သွားမဲ့သူလည်း သိပ်မရှိပင်။ သူမက အစက နဂိုနေရာမှာပဲစောင့်မလို့လုပ်ပေမဲ့ တော်တော်ကြာတဲ့ထိ ဘယ်သူမှ ထွက်မလာတာမြင်တာနဲ့ သူမသွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
လူအိုရုံတံခါးက အထဲကနေ လော့ချထားကာ စုချင်းချင်း ဖွင့်မလို့ရှိသေး ပြတင်းပေါက်တွေ ပွင့်နေတာမြင်တာနဲ့ သူမ အဲကနေ သွားကြည့်ဖို့ လုပ်လိုက်သည်။
ပြီးတော့ ထိုကြည့်လိုက်တာကြောင့်ပဲ သူမ သက်တမ်းတဝက်လောက် ဆုံးရှုံးသွားခဲ့ရလေသည်။
—
စာရေးဆရာမှာပြောစရာရှိနေပါတယ်
နင်မုန့်: အောင်မြင်အထမြောက်ခြင်း ဒီမိုကရေစီ ယဉ်ကျေးမှု သူငယ်ချင်းဆက်ဆံရေး ငါက သန်မာတဲ့ အဘွား ငါ့တိုင်းပြည်ကို ချစ်တယ် ငါ့မိသားစုကိုချစ်တယ် ပြီးတော့ အားလုံးတူတူ ကောင်းမွန်တဲ့လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးကြမယ်
T/N: ဒီ စာရေးဆရာမှတ်ချက်, နင်မုန့်က တရုတ်ပြည်ရဲ့ လူနေမှုတန်ဖိုးအကြောင်းကို ပြန်အော်ပြီး ကြောက်စိတ်ပျောက်အောင်လုပ်နေတာပါ XD