အခန်း ၇။ သရဲတွေက လူတွေကို အန္တရာယ်ပြုနိုင်တယ်
သူ့ကို ကောင်းကောင်းကျွေးမွေးလာရင်း အရင်ကလောက် ရှီချီက ပိန်လှီမနေတော့ပေ။
နင်မုန့် နေ့တိုင်း သူမရဲမျက်လုံးတွေကို ကျဉ်းကာ သူ့ကို ကြည့်ရှုတတ်သည်။ ကလေးရဲ့ ဝါကြန့်ကြန့် အသားအရေကလည်း ဖြူဝင်းလာပြီပင်။
ရှီချီက မနက်တိုင်း စောစောထတတ်သည်။
အဲလိုတင် မကသေး သူမကို တံခါးအပြင်မှာလည်း စောင့်နေတတ်သည်။
နင်မုန့် တံခါးဖွင့်လိုက်တာနဲ့ သူဘေးမှာ ကုပ်ကုပ်ကလေးနေပြီး ငိုက်နေတာကို တွေ့တတ်သည်။ သူမ အဲဒါကို မြင်လိုက်တိုင်း ရင်ထဲမကောင်းပေ။
ရင်ထဲမှာလည်းတအားခံစားရလို့ ခြေထောက်တွေတောင်တုန်လို့နေသည်။
တကယ်လို့ အဘွားအိုမှာသာ နှလုံးရောဂါရှိရင် ဒုက္ခရောက်နေပြီပင်။
ဒီလို လိမ်မာတဲ့ကလေးက ကမ္ဘာကြီးရဲ့အမြင်တွေကို တိမ်းစောင်းစေတဲ့ လူငယ်လေးအသွင် ပြောင်းသွားတယ်တဲ့လား။
နင်မုန့် အဲအချိန်တွေကြားဘာဖြစ်သွားလဲဆိုတာ တွေးဖို့ခက်ခဲလှသည်။
သူ့ယင်ယန်မျက်လုံးက တတ်နိုင်သမျှ မြန်မြန်ပွင့်မှ ဖြစ်မည်ပင်။
သူ့ကို မစောင့်ကြည့်နိုင်တဲ့အချိန်တွေဆိုတာ ရှိမှာပင်။ ပြီးရင် ရှီချီကို အကောက်ကြံမဲ့လူဆိုတာလည်း ရှိမှာပင်။ အဲခါကျ ရှီချုံက ယင်ယန်မျက်လုံးတွေရှိပြီး သူ့မှာ မရှိရင် သူ သေချာပေါက် ခွဲခြားခံရမှာပင်။
အဲဒါကလည်း ဝတ္ထုထဲမှာ ရှီချုံက သူ့ကို နာကျင်အောင်လုပ်နိုင်တဲ့အကြောင်းအရင်းပင်။
စနစ်က ပြောလိုက်သည်။ “သားအကြီးဆုံးကို လာခိုင်းလိုက်”
နင်မုန့်က။ “နင်သာမပြောရင် ငါမေ့တော့မလို့”
အဘွားအိုက ရှီမိသားစုရဲ့ အဓိကပဲ့ကိုင်ရှင်မဟုတ်ပေမဲ့ တူတူပဲလို့တော့ သတ်မှတ်လို့ရသည်။ အထူးသဖြင့် ရှီရှန်းကျင်းက သူမ စကားကိုနားထောင်သည်။
ရှီချီ ဆူညံသံတွေကြောင့် နိုးလာခဲ့သည်။
အဝတ်အစားကို ပြင်ဆင်ကာထရပ်ပြီး “ဘွားဘွား” လို့ခေါ်လိုက်သည်။
သူ့ရဲ့ ချစ်ဖို့ကောင်းးတဲ့ လေသံလေးက နင်မုန့်ရဲ့ နှလုံးသားလေးကို ပေါက်ကွဲအောင် လုပ်လိုက်သလိုပင်။
သူမက သူ့ခေါင်းလေးကို ဖွဖွလေး ပွတ်သပ်ပေးလို့နေသည်။ သူက တော်တဲ့ကလေးလို ပြောနေသည်။ နောင်ကျ သူဘယ်လောက်ထိ ဆိုးဝါးမလဲဆိုတာ သူမ ကသိနေပေမဲ့ပေါ့။
“ဘွားနဲ့ အောက်ဆင်းရအောင်”
နင်မုန့်က ပြုံးလိုက်တော့သူမ မျက်နှာက အရေးအကြောင်းတွေကလည်း ပိုတိုးလာတော့သည်။
ဒါပေမဲ့လည်း ရှီချီကတော့ သူမကို နည်းနည်းလေးတောင် ငြိုငြင်တာမရှိ။ သူ့အတွေးတွေထဲက ဘယ်လောက်ပဲ နက်ရှိုင်းနေပါစေ သူ့မျက်လုံးထဲမှာတော့ ကြင်နာမှုတွေအပြည့် ဖြစ်သည်။
ဧည့်ခန်းကို လျှောက်ရင်း သူမ မေးလိုက်သည်။ “၁၇ …. မြေး တစ်ခုခုထူးဆန်းတာ မြင်သေးလား”
ရှီချီက သူမ ဆိုလိုချင်တာကိုနားမလည်ပေ။
နင်မုန့်က သူ့လက်ကို ရမ်းပြကာ “မြေးပဲမြင်နိုင်ပြီး တခြားသူတွေမမြင်နိုင်တာမျိုးလေ”
ရှီချီ ခေါင်းခါပြလိုက်သည်။
ဒါပေမဲ့ ထိုအချိန်မှာပဲ တူညီတဲ့ဖြစ်ရပ်မျိုး ပင်မအိမ်မှာလည်း ဖြစ်ခဲ့တာကို သူသတိရလိုက်မိသည်။
သူ ပထမဆုံးအကြိမ် ရောက်လာတုန်းက ဦးလေးက သူ့ကို လေထဲညွှန်ပြပြီး တစ်ခုခုမြင်လားလို့ မေးခဲ့သည်။ သူ ခေါင်းခါပြလိုက်တော့ ဦးလေးကြည့်ရတာ တအားစိတ်ပျက်သွားသလိုပင်။
သူမကလည်း ဒီနေ့ အဲလိုမျိုးပဲလေ
ရှီချီ မနေနိုင်ဘဲ သူ့ အဘွား အမူအရာကို ကြည့်လိုက်သည်။ ပြီးတော့ ထင်ထားသလိုပင်။ သူမမျက်နှာမှာလည်း အနည်းငယ် စိတ်ပျက်နေသလိုပင်။
နင်မုန့်က ကြွက်ပေါက်လေးရဲ့အတွေးကို မသိပေ။ သူမက တစ်ခုခုပြောင်းလဲမလား ထင်နေတာ ဒါပေမဲ့ ရလဒ်ကတော့ ဝတ္ထုထဲကနဲ့ အတူတူပင်။
ကြည့်ရတာ သူမ နည်းလမ်းတစ်ခုရှာပြီး စမ်းသပ်ကြည့်မှပင်။
လူတွေ သူမ ရည်ရွယ်ချက်ကို မသိအောင်လို့ သူမက အကြောင်းပြချက်တစ်ခု ပေးလိုက်သည်။ တစ်ထပ်တိုက် အိမ်ကလေးထဲမှာ လူတွေ တအားနည်းလို့ သူမ သားနဲ့ ထမင်းတူတူစားချင်သည်ဟုပေါ့။
ကံကောင်းချင်တော့ အဘွားအိုက သူမ ပြောသလို လုပ်တတ်တဲ့သူ ဖြစ်သည်။ သူများ ကိစ္စတွေထဲလည်း ဝင်ပါရတာ ကြိုက်တဲ့သူ ဖြစ်၏။ ဒါကလည်း သူမ ကိုယ်သူမ ဖော်ပြတဲ့နည်းလမ်းပင်။
လီချွင်က ဒါကို စံအိမ်ကို အမြန်သတင်းပို့လိုက်သည်။
ဒုတိယသား ရှီရှန်းရန်က ကုမ္ပဏီကို စီမံခန့်ခွဲတာမို့ ပိုတောင် အလုပ်ရှုပ်သလို နေ့လည်စာစားဖို့တောင် စံအိမ်ကိုပြန်လာခဲသည်။ အကြီးဆုံးသားသာ ကျန်သည်။
ရှီရှန်းကျင်းလာတော့ သူ့မျက်မှောင်တွေက ကြုတ်နေတာကို နင်မုန့်သတိထားမိသည်။ ကြည့်ရတာ သူမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုရှိတဲ့ပုံပင်။ ပြီးတော့ လက်ရှိသူ့အရည်အချင်းနဲ့ ဖြေရှင်းလို့ မဖြစ်နိုင်တာမျိုး ဖြစ်နိုင်သည်။ ပြဿနာကလည်း တအားရိုးရှင်းမနေတာမျိုး ဖြစ်လိမ့်မည်။
သူမ စနစ်ကို တိတ်တိတ်လေးမေးလိုက်သည်။ “ဘာဖြစ်တာလဲနင်သိလား”
စနစ်က “ငါလည်းမသိဘူး”
‘နင်ရှိတာ ဘာအသုံးဝင်လဲ အာ့ဆို။’ နင်မုန့် မျက်စောင်းထိုးလိုက်သည်။
ပန်းကန်ကို ဇွန်းနဲ့ထိသံ ကြားတော့မှ သူမ က သာမန်မေးခွန်းလို “ခုတလော ဘာတွေအလုပ်များနေတာလဲ” လို့မေးလိုက်သည်။
ရှီရှန်းကျင်းက “ကလောင်နတ်သမီး ကိစ္စတစ်ခုပါ”
သူမက ဘာမှမတုံ့ပြန်လာတာနဲ့ ရှီရှန်းကျင်းက အဘွားအိုက ကွန်ပျုတာ သို့မဟုတ် ဖုန်း မသုံးဘူးဆိုတာ သဘောပေါက် လိုက်မိသည်။ ကလောင်နတ်သမီးဆိုတာ ဘာမှန်းသိမှာ မဟုတ်ဘူးလေ။
ဆိုတော့ သူရှင်းပြလိုက်သည်။ “ဝိညာဉ်ခေါ်တဲ့ ဂိမ်းတစ်မျိုးပါ”
ကျောင်းသားတွေက ဒါမျိုးကို ပိုဆော့ကြသည်။ ပြီးတော့ သူတို့ ဂရုမစိုက်ရင် ဒီလိုမတော်တဆမှုမျိုးက အလွယ်တကူ ဖြစ်နိုင်သည်။
တချို့လူတွေက သရဲတွေကို ယုံကြည်ကြပြီး တချို့က မယုံကြ ရှီမိသားစုကတော့ ဒီလိုစီးပွါးရေးကိစ္စမျိုး လုပ်တာမို့ သရဲတွေက တကယ်ရှိတယ်ဆိုတာ သူတို့သိကြသည်။
နင်မုန့်က ဆက်မေးသည်။ “ဒါဆို တစ်ခုခုဖြစ်လို့လား”
ရှီရှန်းကျင်း ခေါင်းညိတ်ပြလိုက်သည်။
–
သူမ အကြီးဆုံးသားဆီက ရတဲ့ သတင်းအချက်အလက်က စနစ်က ပြောတာထက်တောင် ပိုကျယ်ပြန့်သေးသည်။
ရှီရှန်းကျင်းက သူ့တူကို ချကာ ပြောလာသည်။ “သူ့သမီးက အဲအရှုပ်ထဲပါနေတာလေ အချိန်တစ်ခုလောက်တော့ သူ့ကိုအိမ်မှာပဲနေခိုင်းထားတယ် ဘာလို့လဲဆိုတော့ သရဲမှာ မူလရင်းမြစ် ရှိနေနိုင်လို့လေ”
ရှီချီက အမှုမဲ့အမှတ်မဲ့ အရှိန်လေးလျှော့ကာ သေချာနားထောင်လိုက်သည်။
နင်မုန့်က ခနလောက်တွေးပြီးမှ “တကယ်လို့ သူတို့ကျောင်းမှာ ဆော့တယ်ဆို သရဲက အဝေးကြီးက လာတာမဖြစ်နိုင်လောက်ဘူး မင်း တချက်သွားကြည့်ပြီးပြီလား”
“ကြည့်ပြီးပြီ” ရှီရှန်းကျင်း မျက်မှောင်ကြုတ်လိုက်သည်။
သူ ကျောင်းကို တချက်သွားကြည့်လိုက်ပေမဲ့ သူမြင်ရတဲ့ထူးဆန်းတဲ့အရာဆိုလို့ မကောင်းဆိုးဝါးအငွေ့အသက်သာ ရှိပြီး ကလောင်နတ်သမီးရဲ့ အရိပ်အယောင်တစ်ခုလေးတောင် မမြင်ရပေ။
အစက သူ ဒီတိုင်း သရဲလေးလို့ ထင်ထားတာ အခုတော့ သူ့အထင်မှားနေပုံပင်။
နင်မုန့်က ခေါင်းလေးအောက်ငုံ့ထားတဲ့ ရှီချီကို ကြည့်ကာ “ကလေးမလေးကို မေးခွန်းမေးရအောင် ဒီခေါ်လာခဲ့”
ဒါက အဘွားအို ဒီလိုကိစ္စတွေ ဝင်စွက်ဖက်တတ်တာ ပထမဆုံးအကြိမ် မဟုတ်တော့ ရှီရှန်းကျင်းလည်း ထူးဆန်းသည်ဟု မမြင်ချေ။ ပြီးတော့သူ့အဖေနဲ့အမေက နေလာတာ ကြာလှနေပြီမို့ သူ့ကို အကြံတချို့ပေးနိုင်သည်။
–
ရှီရှန်းကျင်းက မြန်သည်။ နေ့ခင်းကျ သူပြန်ရောက်လာခဲ့သည်။
နင်မုန့် နေ့ခင်းတရေးအိပ်ပြီး နိုးလာတော့ အောက်ဆင်းလာချိန် သက်လတ်ပိုင်းလူတစ်ယောက်က သူ့သမီးကိုခေါ်ပြီး ဧည့်ခန်းထဲမှာ ရိုသေလေးစားတဲ့အမူအရာနဲ့ ထိုင်နေတာကို မြင်လိုက်ရသည်။
သူတို့ ဘယ်လောက်ထိ ပင်ပန်းနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
သူ ရှီမိသားစုကို အကူအညီတောင်းရတဲ့ အကြောင်းအရင်းက ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ကူညီပေးဖို့ ကမ်းလှမ်းလာလို့ပင်။ မဟုတ်ရင် သူတို့မှာ တခြားနည်းလမ်းရှိမှာမဟုတ်။ ကံကောင်းချင်တော့ ရှီမိသားစုမှာလည်း ခုတလော ကိစ္စကြီး ဖြစ်ပျက်နေတာ မရှိတာမို့ပင်။ မဟုတ်ရင် သူတို့က သူတို့ကိစ္စကို မျက်တောင်တောင်ခတ်မှာ မဟုတ်ချေ။
အောက်ထပ်ကို ဆင်းလာရင်း နင်မုန့် သူ့သမီး အခြေအနေကို မြင်လိုက်ရသည်။ ပြီးတော့ သူမ အမူအရာက သနားဖို့ကောင်းလှသည်။ အားအင်လည်းမရှိတော့သလို သူမ အဖေကို အသက်မရှိသလို အကြည့်နဲ့ မှီထားရသည်။ အနီးကပ်ကြည့်မယ်ဆို သူမ အခြေအနေ ဘယ်လောက်ထိ ဆိုးနေလဲဆိုတာ သေချာမြင်နိုင်မှာပင်။
သူမရဲ့ ယင်ယန်မျက်လုံးတွေက အမှိုက်ဗားရှင်းဆိုပေမဲ့ ထိုကောင်မလေး နဖူးပေါ်က အနက်ရောင်လေတွေကို မြင်ရဆဲပင်။
အဲဒါတင်မဟုတ် သူမ ရင်ဘတ်အပြင်ကို ထွက်နေတဲ့ အနီရောင် ပိုသားအပ်ချည်တစ်ခုလည်း ရှိသေးသည်။ ရင်ဘတ်ထဲမှာ စိုက်ဝင်နေတဲ့အဆုံးက အမှောင်ဆုံးဖြစ်ပြီး အပြင်ကိုရှည်ထွက်လေ ပိုပြီးအရောင်လင်းလေ ဖြစ်ကာ အဆုံးကို မြင်တောင်မမြင်ရ အဲဒါက ဘယ်ကိုအဆုံးမရှိမျောလွင့်နေလဲ သူမ မသိချေ။
နင်မုန့်က စနစ်ကိုမေးလိုက်သည်။ “အဲအနီရောင်ကြိုးက ဘာလဲ”
စနစ်က “အသက်… လူတစ်ယောက်ရဲ့အမြစ်က နှလုံးသားလေဆိုတော့ အသက်က အဲကနေ နုတ်ထားတာ အခု သူ့အသက်က လွင့်နေပြီ ဒီလိုဆက်သွားနေရင် ပင်ပန်းလို့ တစ်ပတ်တောင်မခံဘဲ သေသွားလိမ့်မယ်”
အဲဒီအခါ ဆေးရုံကလည်း သူမသေဆုံးရသည့်အကြောင်းအရင်းကို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
နင်မုန့် ချောင်းဆိုးလိုက်မိသည်။
သူမ ကြည့်လိုက်တော့ ရှီချီရဲ့ မှုန်ဝါးဝါးအရိပ်လေးက လှေကားအဆုံးမှာ ရပ်နေတာကို မြင်လိုက်ရသည်။ ဖြစ်နိုင်တာက ဒီကိစ္စကို ကြားထားလို့နေမည်။ ဆိုတော့ သူမလည်း သူ့ကို လက်ယပ်ခေါ်လိုက်သည်။
ရှီချီက နှုတ်ခမ်းလေးကိုက်ကာ ရှီရှန်းကျင်းကိုကြည့်ပြီးမှ သူမဆီလျှောက်လာခဲ့သည်။
ဒါပေမဲ့ သူမ နောက်မှာသာ ရပ်ပြီး သတိရှိရှိနဲ့ ခြေလှမ်းသေးသေးလေးတွေလှမ်းပြီး လိုက်လို့နေသည်။
နင်မုန့်ထိုင်လိုက်တာနဲ့ သတ်လတ်ပိုင်းလူက အရင်စ မိတ်ဆက်လာတော့သည်။
သူ့နာမည်က စုကျန်းဟွပင်။ ပြီးတော့ သူ့မိသားစုက ဆောက်လုပ်ရေးပစ္စည်းတွေ ရောင်းဝယ်လေသည်။ သူ့သမီးက စုချင်းချင်းဟုခေါ်ပြီး ဒီနှစ်မှတက္ကသိုလ်က ဘွဲ့ရထားလေသည်။
သူမ ကြားဖြတ်ပြောတော့မလို့ ရှိသေး စုကျန်းဟွက ချက်ချင်း “ဘွားဘွားကြီး ကျေးဇူးပြုပြီး ကျွန်တော့်သမီးလေးကို ကယ်ပေးပါ သူမ ခုထိ ငယ်ငယ်လေးရှိသေးပြီးတော့ ခုမှ ဘဝကိုစ…”
အဘွားအိုရဲ့ဦးနှောက်က အများကြီး နားမထောင်နိုင် မဟုတ်ရင် သူမ ခေါင်းခြောက်သွားလိမ့်မည်လေ ဆိုတော့ နင်မုန့် လက်ရမ်းပြကာ “လိုရင်းကိုပြော”
စုကျန်းဟွ မျက်လုံးတွေ တောက်ပသွားတော့သည်။
အစတုန်းက လူကြီးလူကောင်းတွေ အများကြီးတွေ့ခဲ့ပြီးတော့ အကုန်လုံးက သူ့ကိုကူညီပေးဖို့ သဘောတူကြသည်။ အဆုံးကျ သူတို့ကျောင်းထဲတောင် မဝင်နိုင်တော့ဘဲ ထွက်ပြေသွားကြသည်။
တကယ်လို့ တစ်ယောက်ယောက်ကသာ မတော်တဆ သူတို့ကို မညွှန်းမိဘူးဆို သူအခုဒီမှာတောင် ရပ်နေနိုင်မှာမဟုတ်ချေ။
ရှီမိသားစုက ဘွားဘွားကြီးအကြောင်းကို သူ အများကြီး မကြားဖူးပေမဲ့ အကြီးဆုံးသခင်လေးက တအားနာခံနေတာ မြင်တော့ သူမက ဒီတိုင်း သာမန်ကျွမ်းကျင်သူတစ်ယောက် မဟုတ်နိုင်ချေ။
သူ့သမီးကို တို့ကာ “မြန်မြန် ပြောပြလိုက်”
စုချင်းချင်းက လှုပ်လာပြီး ခြောက်ချားစွာ “သမီး… သမီး”
“သမီး” လို့ တော်တော်ကြာပြောပြီး နောက်ထပ်ဘာစကားမှ ထွက်မလာတော့ပေ။
တစ်ဖက်မှာတော့ စနစ်က နင်မုန့်ကို သီးသန့်သင်ခန်းစာတွေ ပေးလို့နေသည်။ “ကလောင်နတ်သမီးတွေက ဝိညာဉ်ကိုပဲ ဆွဲဆောင်ပြီးတော့ သရဲတွေမဟုတ်ဘူး ဒါပေမဲ့ ဒီတစ်ခါရဲ့ အဓိကအကြောင်းအရင်းက အခေါ်ခံရတာက သရဲဖြစ်နေတာပဲ”
ဘာလို့လဲဆိုတော့ ဝိညာဉ်တွေက လူတွေကို ဒုက္ခမပေး ဒါပေမဲ့ သရဲတွေဆိုရင်တော့ တခြားကိစ္စတစ်ခု ဖြစ်သွားပြီပင်။
“ကျောင်းတွေက များသောအားဖြင့် ဆင်ခြေဖုံးဧရိယာတွေ သုသာန်တွေရှိတဲ့နေရာတွေမှာ တည်ဆောက်တတ်သလို ယင်းလေတွေ ပိုများတဲ့နေရာ ဒါမှမဟုတ် လူလည်းမရှိ အဲဒါကိုဖိနှိပ်ဖို့ ချီလည်း မရှိတဲ့နေရာတွေမှာ ရှိတာ များတယ် ဟိုးယခင်ကတည်းက လူတွေအများကြီး သေခဲ့ကြတာမို့ သရဲတွေကလည်း သေချာပေါက် ဆွဲဆောင်ခံရမှာပဲ ငါကြောက်တာ သူတို့ခေါ်လိုက်တဲ့အရာက တကယ့်ကို အားကောင်းတဲ့အရာ ဖြစ်နေမှာကိုပဲ”
မိန်းကလေးအဆောင်ရှိတဲ့နေရာက တကယ့ကို ယင်လေ များတဲ့နေရာပင်။
ဆိုတော့ သရဲတွေကလည်း အဲလိုနေရာမျိုးကို အကြိုက်ဆုံးပင်။
နင်မုန့် ဒါကို ကြားတာနဲ့ လန့်သွားတော့သည်။ ကံကောင်းချင်တော့ သူမက ငကြောက်မလေးလေ။ ဒီလိုအရာမျိုးကို ဘယ်တော့မှလည်း မစမ်းဘူး ဆိုတော့ သူတို့တွေ ဘာလို့များ ဒီလောက်ထိ လုပ်ရဲလည်းလဲ နားကိုမလည်တာ။
ရှီရှန်းကျင်းက စုချင်းချင်းပြောတာကြားတော့ မျက်မှောင်ကြုတ်လိုက်မိသည်။
ကံကောင်းချင်တော့ စုချင်းချင်းစိတ်ငြိမ်သွားဖို့ အချိန်သိပ်မကြာလိုက် သူမ တိုးတိုးလေး ပြန်ပြောပြလာကာ သူမ အသံကလည်း ဘာခွန်အားမှမကျန်တော့သလို အားနည်းလို့နေသည်။
—
သူတို့ ဒီစာသင်နှစ်ပြီးရင် ဘွဲ့ရပြီမို့ သူတို့ thesis ကို ပေးပြီးတာနဲ့ သူတို့ ညလုံးပေါက်နေဖို့ ပြင်ဆင်ကြတော့သည်။ ပြီးတော့ ပွဲကောင်းကောင်း ကျင်းပဖို့ကောပေါ့။ မဟုတ်ရင် နောင်ကျ ဒီလိုအခွင့်အရေးမျိုးရနိုင်တော့မှာ မဟုတ်ဘူးလေ။
အိပ်ခန်းထဲမှာ သရဲကားတွေကြည့်ရတာ ကြိုက်တဲ့တစ်ယောက်ရှိပြီး သူမက သူတို့ကို ကလောင်နတ်သမီးတစ်ခါလောက် ဆော့ကြဖို့ တောင်းဆိုလာသည်။
တခြားလူတွေက နည်းနည်းတော့ ကြောက်ကြပေမဲ့ သူတို့အားလုံး စမ်းသပ်ကြည့်ချင်ကြသည်။ ပြီးတော့ သူတို့ မေးချင်တာလည်း ရှိသည်။
ဆိုတော့ သူတို့ ဂိမ်းဆော့ဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
ညလယ်ကြီး မီးတွေမှိတ်ကာ ဖယောင်းတိုင်တွေ ထွန်းပြီး စက္ကူတစ်ရွက်နဲ့ ဘောပင်တစ်ချောင်းကို ပြင်လိုက်ကြသည်။
လူ သုံးယောက် ဆော့တာက အကောင်းဆုံးလို့ အွန်လိုင်းက ပြောထားတာမို့ စုချင်းချင်းက ဘေးမှာပွဲကြည့်သူအဖြစ် ထိုင်ပြီး သူမ အခန်းဖော် သုံးယောက်ဂိမ်းဆော့တာကို ကြည့်သည်။
မှောင်မဲနေတဲ့အခန်းထဲမှာ ဖယောင်းတိုင်မီးအလင်းသာရှိသည်။
“ကလောင်နတ်သမီး ကလောင်နတ်သမီး ရှင်က ကျွန်မရဲ့အတိတ်ဘဝ ကျွန်မက ရှင့်ရဲ့လက်ရှိဘဝ တကယ်လို့ ရှင့်ကံကို ကျွန်မနဲ့ဆက်နွယ်ချင်ရင် စက္ကူပေါ်မှာ စက်ဝိုင်းတစ်ခု ဆွဲပြပါ” ဒါက အပြည့်အစုံဖြစ်ပြီး မှတ်မိဖို့လည်း လွယ်သည်။
သုံးယောက်သား သူတို့မျက်လုံးတွေမှိတ်ကာ ပြန်ပြောလိုက်ကြသည်။
စုချင်းချင်းလည်း သူတို့ဘေးမှာထိုင်ပြီး မျက်လုံးမှိတ်လိုက်ပေမဲ့ သူမက သိချင်စိတ်လေးကို ထိန်းမထားနိုင်တော့ မျက်လုံးလေး ခိုးခိုးဖွင့်ပြီး ချောင်းကြည့်သည်။
သူမ ဘာကိုမှ မမြင်နိုင်သေးခင်မှာပဲ ဖယောင်းတိုင်မီးက လှုပ်လာတော့သည်။
စုချင်းချင်းက တုန်လှုပ်စွာ စိုက်ကြည့်နေကာ စက္ကန့်ပိုင်းလောက်နေတော့ ဖယောင်းတိုင်မီးက လုံးဝ ငြိမ်းသွားသလို အခန်းက မှောင်မဲသွားတော့သည်။
ထိုအချိန် သူတို့က ဒုတိယအကြိမ် ထပ်ခေါ်ပြီးပြီပင်။
မထင်ထားတာက စုချင်းချင်း ကိုယ်လေးက ကြောက်လွန်းလို့ တုန်ယင်လာလေသည်။
သူမကိုယ်တိုင် ပြတင်းပေါက်တွေ တံခါးတွေပိတ်ထားတာကို ဘယ်လိုလုပ် လေဝင်မှာလဲ။
ဒါပေမဲ့လည်း ဆော့နေတဲ့ အခန်းဖော်သုံးယောက်ကတော့ သူမ တံခါးကို သေချာမပိတ်ဘူးလို့ ပြောလာပြီးတော့ သူမကို ထပ်ပိတ်ခိုင်းကြသည်။ သူမ ထရပ်လိုက်တာနဲ့ အခန်းထဲ ရယ်သံက ပဲ့တင်လာတော့သည်။
စုချင်းချင်း ပြတင်းပေါက်ဆီ သွားလိုက်သည်။ သူတို့ အဆောင်က အဆောက်အဦးဟောင်းဖြစ်ပြီးတော့ များသောအားဖြင့် ပစ္စည်းတွေကိုလည်း ကောင်းကောင်းထိန်းသိမ်းထားတာမျိုး မရှိနေပေ။ တချို့ပြတင်းပေါက်တွေဆို ပိတ်မရလို့ ကျောင်းကို ပြောကြတာတောင် ကျောင်းက ပြင်ဖို့ လူမလွှတ်ပေးပေ။
သူမ ပြတင်းပေါက်တွေ နားကပ်သွားတာနဲ့ အကုန်လုံး သေချာပိတ်ထားတယ်ဆိုတာကို သဘောပေါက်လိုက်မိသည်။
အဲလိုတင်မကသေး လိုက်ကာတွေကိုလည်း ခွဲထားသလို ချိတ်လေးတစ်ခုနဲ့ သေချာကပ်ထားသေးလေသည်။
လက်ရှိက ညလယ်မို့ ဒီအဆောင်က လူတွေလည်း အိပ်ကုန်ပြီဖြစ်တာကြောင့် အလင်းလည်းမရှိသလို အပြင်မှာလည်း မှောင်မဲလို့နေသည်။
သူမ ကြည့်လိုက်တော့ အပြင်က အမဲရောင်တွင်းနက်ကြီးနဲ့ တူသလို လူတွေ အဲကိုလျှောက်လာဖို့ သွေးဆောင်ဖျားယောင်း ခံနေရသလိုပင်။
စုချင်းချင်း ရင်ထဲ တုန်လှုပ်လာကာ သူမ ခေါင်းလေးငုံ့ပြီး ပြတင်းပေါက်လိုက်ကာတွေကို ရှာလိုက်သည်။ အစက သူမ ဆွဲမရတာနဲ့ လက်နှစ်ဖက်လုံးသုံးပြီး အားနဲ့ဆွဲချလိုက်သည်။
အဲဒါကြောင့် လိုက်ကာက အပေါက်လေးတစ်ခုပြဲသွားပြီးထိုအပေါက်က ကြီးလည်းမကြီးသလို သေးလည်းမသေး ညာဘက်အလယ်မှာ တည်ရှိပြီး စက်ဝိုင်းပုံဖြစ်နေကာ အပြင်က ညဘက်အမှောင်ထုကို ဖော်ပြနေသလိုပင်။
တစ်ခါတလေ လိုက်ကာက လေတိုက်သလိုမြင့်လာတတ်ပြီး အပြင်ကို ဖော်ပြတတ်သေးသည်။
အပြင်က သစ်ပင်အရိပ်တွေက နေသားမကျဖြစ်နေသလို လကိုလည်း တိမ်မဲတွေဖုံးထားကာ တအားကို ကြောက်ဖို့ကောင်းအောင် မှောင်မဲလို့နေသည်။
သူမ ရင်ထဲ တစ်မျိုးဖြစ်လာတာနဲ့ အမြန်ပြန်လှည့်ပြီး စားပွဲခုံကိုပြန်သွားလိုက်ချိန် အတန်းဖော်သုံးယောက်က စဆော့နေကြပြီပင်။
ဒီတစ်ခါတော့ တကယ်ကြောက်ဖို့ကောင်းတာ ဘာလဲဆိုတာ သူမ တွေ့ကြုံလိုက်ရပြီပင်။
–
စာရေးဆရာမှာ ပြောစရာရှိပါတယ်
စုချင်းချင်းရဲ့ အတန်းဖော်လို လူမျိုးတွေက သရဲကားတွေထဲမှာ အသေခံတပ်သားလို လူမျိုးတွေပါ
ဆိုတော့ သူတို့က အဆုံးကျ အမြဲသေပြီး အဆုံးသတ်တယ်လေ
ပုံပြင်ရဲ့ အဓိက ဆိုလိုရင်းကိုရောက်ပါတော့မယ်