RENH အပိုင်း ၅

အခန်း ၅.၁။ အဘွားလို အဘွားမျိုး (၁)

တော်တော်လေးကြာမှ ရှီချီက ခေါင်းခါကာ သူ့မျက်နှာသေးသေးလေးက နဂိုသိချင်စိတ်ကို ဖုံးကွယ်လို့နေသည်။

ရှီရှန်းကျင်းခေါင်းညိတ်ပြကာ သူ့ကိုဖိအားမပေးဘဲ စာအုပ်စင်ပေါ်ကနေသာ မှတ်စုစာအုပ်တစ်အုပ် ထုတ်လိုက်သည်။

ဒီတစ်ခါ ကလောင်နတ်သမီးကိစ္စက အရင်ကိစ္စတွေလောက် မရိုးရှင်းချေ။

ပုံတွေကို ကြည့်ကာ နစ်နာသူတွေ သေဆုံးတဲ့ ပုံစံက အရင် သူမြင်ဖူးတဲ့ပုံစံတွေနဲ့မတူပေ။ အရင်က ကလောင်နတ်သမီးကိစ္စကို မကိုင်တွယ်ဖူးတာတော့ မဟုတ်ပေမဲ့ ဒီလို ပြင်းထန်တဲ့ အားရှိတဲ့ သရဲတစ်ကောင်ကိုတော့ သူမမြင်ဖူးချေ။

အဲလူရဲ့ သမီးက သေပါသေသွားနိုင်သည်။

အချိန်ဘယ်လောက်တောင်ကုန်သွားလဲမသိတော့။ ထိုမှသာ ဒီစာကြည့်ခန်းထဲမှာ တခြားလူတစ်ယောက်ရှိသေးတာကို သူသတိရသည်။

ရှီရှန်းကျင်းက ရှီချီကို ကြည့်လိုက်တော့ ထိုကလေးက သူ့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူ့ရဲ့မျက်လုံးစိမ်းတွေမှာ သူ့ပုံရိပ်ပေါ်နေသလို သူတောင်မသိတဲ့ အဓိပ္ပာယ်တစ်မျိုးလည်း ပါဝင်နေသည်။

ဒီကလေးရဲ့ အကြည့်တွေကို သူသဘောမကျပေ။

ရလဒ်တွေကလည်း သိပ်မကြာခင်က ထွက်လာခဲ့သလို သူက တတိယအစ်ကိုရဲ့ကလေးဆိုတာလည်း မမှားပေ။ ဒါပေမဲ့ သူစိတ်ထဲ အဆင်မပြေ သူ့ကို ခေါ်ထားတာက နိမိတ်မကောင်းသလို ဖြစ်နေသလို ခံစားရပေမဲ့ အခုထိုခံစားချက်တွေကို ဘေးဖယ်ထားလိုက်သည်။

ထိုကလေးကို ထပ်ကြည့်လိုက်တော့ ကလေးက ခေါင်းငုံံ့လိုက်ပြီ ဖြစ်သည်။ သူ့ရဲ့ ဆံပင်အနက်ရောင်တွေက ဖြူလျတဲ့ မျက်နှာသေးသေးလေးကို ကွယ်ထားကာ သူ့ကုတ်ပိုးမှာက ရှီချုံကြောင့်ဖြစ်တဲ့ အပြာရောင်အမှတ်တစ်ခု ရှိနေသည်။

ရှီရှန်းကျင်း ခနလောက် နေမှ “မနက်ဖန်ကျ ဆံပင်သွားညှပ်ပြီး တစ်ထပ်အိမ်မှာ သွားနေ..”

အဘွားအိုက သူ့ကိုပျိုးထောင်ချင်မှတော့ လုပ်ခွင့်ပေးရမည် ဖြစ်သည်။

ထိုအချိန်က သူ့တတိယညီလေးက မိန်းမတစ်ယောက်ကြောင့် အိမ်ကို အဆက်သွယ်ဖြတ်ပြီး တောက်ပတဲ့ အနာဂတ်ကို လက်လျှော့ခဲ့သည်။ ရှီမိသားစုက ပေကျင်းမှာ ရပ်တည်နေတဲ့ မိသားစုဆိုတာ သိတာတောင် ဘယ်ကိုသွားမှန်း မသိရသလို အစအနမရှိ ပျောက်ကွယ်သွားလေသည်။

တကယ်လို့ ဒီကလေးသာ ပြန်မလာဘူးဆို သူ့တတိယညီလေး ကွယ်လွန်သွားပြီဆိုတာ သူသိမှာ မဟုတ်ချေ။

သူ့ညီလေး သေသွားတာမို့ ရှီချီက ဒီအိမ်ကို ပြန်လာတာ သဘာဝပင်။ ဘာပဲဖြစ်ဖြစ်သူလည်း ရှီမိသားစုရဲ့ဆက်ခံသူဖြစ်သည်။

ရှီချီ စာကြည့်ခန်းထဲက ထွက်သွားပြီး သူ့အခန်းကို တောင့်တင်းနေတဲ့မျက်နှာကြီးနဲ့ ပြန်လာခဲ့သည်။

အစေခံတချို့ပြောတာ ကြားဖူးတာက တစ်ထပ်အိမ်က အဘွားအိုနေတဲ့နေရာလို့ပင်။ သူ့လက်ရှိအခန်း ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် ထိုနေရာရဲ့ ထောင့်ကိုသာ မြင်နိုင်လေသည်။ ပြီးတော့ အဲနေရာရဲ့ မြင်ကွင်း တော်တော်များများက ပန်းတွေ အပငတွေနဲ့ ကာထားလေသည်။

သွားတဲ့လမ်းမှာ သူ့ကို မမြင်သလို ခေါင်းတွေငုံ့ကာ အမြန်ထွက်သွားကြတဲ့အစေခံတွေကို မြင်လိုက်ရသည်။

ရှီချီ လက်သီးကျစ်ကျစ်ဆုပ်ပြီး ခေါင်းငုံ့ထားကာ သူ့လက်ကောက်ဝတ် သေးသေးလေးက အပြာရောင် သွေးကြောတွေထင်းနေသည်။

သူ့အသားအရေက အဲမောင်နှမနဲ့မတူ သူတို့က ဖြူပြီး အနီရောင်သမ်းတဲ့ အသားအရေမျိုး ရှိသလို နည်းနည်းလေးတောင် ငတ်ပြတ်တာကိုလည်း ကြုံတွေ့ဖူးပုံမရချေ။

အတွေ့အကြုံတွေ အများကြီး ဖြတ်သန်းလာသူမို့ စျေးအနည်းဆုံးရအောင် စျေးဆစ်တတ်သလို အားနည်းတဲ့သူက ပိုပြီး အာရုံစိုက်ခံရအောင် ဘယ်လိုလုပ်နိုင်လဲ ဆိုတာပါ သူသိသည်။

သူတို့နေတာထက် ပိုပြီး ကောင်းကောင်းနေနိုင်မဲ့ တနေ့ ရောက်လာဦးမှာပင်။

ရှီချီ လက်ငါးချောင်းကိုဖြန့်ကာ တိတ်တိတ်လေး ပြုံးလိုက်သည်။ သူ့ဆံပင်တွေက သူ့မျက်လုံးကို ကာထားသည်။

နင်မုန့် နောက်တနေ့လည်း တစ်ထပ်အိမ်မှာပဲ အိပ်ပျော်နေခဲ့သည်။

သူမ နိုးလာပြီး အိပ်ရာထဲ လိမ့်လိုက်ချိန်မှာပဲ နေထွက်နေတာကို သတိပြုမိသလို အဆောက်အဦးကလည်း ပိုအေးလာပြီပင်။

သူမ ဘယ်သူ့ကိုမှ မခေါ်ဘဲ သူမဘာသာထပြီး အဝတ်အစားလဲသည်။ လက်ကို တော်တော်ကြာ မလှုပ်ရှားမိတာမို့ သူမ တော်တော်လေး ထဖို့ အချိန်ယူရသည်။

အဝတ်အစားလဲပြီးတော့ နင်မုန့် ချွေးသုတ်လိုက်သည်။ တကယ်လို့ တစ်ယောက်ယောက်က သူမကို အဘွားအိုဖြစ်ရတာ ဘာလို့ မကြိုက်တာလဲ မေးရင် သူမ ဖြေမှာက လှုပ်ရှားရတာ မလွယ်လို့ဟုပင်။ ဖြစ်ချင်တော့ ဒီအဘွားအိုက တအားကြီး အိုမင်းနေတာမျိုး မဟုတ်သေးချေ။ လက်ထပ်ပြီးတော့ သူမက ကောင်းမွန်တဲ့ ဘဝမှာနေခဲ့ရသည်။ သူမမိသားစုက သူမကို စိတ်ပူပေးသလို အခုထိလည်း သူမ ကိုယ်ကို ဂရုစိုက်ပေးဖို့ ဆရာဝန်တစ်ယောက် ငှားပေးထားသည်။

ဒါက အဘွားအိုအဖြစ် နေရတဲ့ ပထမဆုံးအကြိမ်ပင်။ အစက သူမ ရိုးရှင်းတယ် ထင်ထားပေမဲ့ အခု တကယ် ကြုံတွေ့ကြည့်တော့ ထင်ထားသလောက် မရိုးရှင်းချေ။

လက်ရှိအနေအထားအစစ်အရ သူမလုပ်နိုင်တာဆိုလို့ ပါးစပ်လေးဟပြီး သူများခွံ့တာ စားရသလို အဝတ်အစားဝတ်ပေးဖို့ လက်လေးဆန့်နိုင်ရုံသာပင်။

နင်မုန့် ကောင်းကောင်းပြန်နားပြီးတော့မှ ကုတ်တစ်ထည် ဝတ်လိုက်သည်။

သူမ မှန်ကြည့်ပြီး ဆံပင်ဖြီးမလို့လုပ်တော့မှ သူမ မလိုမှန်း နားလည်သွားသည်။ သူမ ဆံပင်ကတိုပြီး ချောမွေ့သလို သိပ်လည်းမရှိနေ မိတ်ကပ်လည်း လိမ်းစရာမလိုတာမို့ ဒါကပျင်းရိတဲ့လူတစ်ယောက်ရဲ့ စိတ်ကူးယဉ် အခြေအနေနဲ့တောင် တူနေသေးသည်။

အဘွားအိုရဲ့ မှတ်ဉာဏ်တွေကို သူမ ရထားပေမဲ့ နှစ်ရက်လုံး သူမ လှဲနေပြီး ဘယ်ကိုမှ မသွားခဲ့တာကြောင့် သူမ အိပ်ခန်းအပြင်မှာ ဘာရှိနေမလဲဆိုတာကို သိချင်သည်။

တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပေမဲ့ သူမ အပြင်ကို ခြေမချလိုက်ပေ။

တစ်ထပ်အိမ် တည်ဆောက်ပုံက ကျေးလက်ဆန်သည်။ သစ်သားလက်ရန်းတွေကို အကွက်တွေ ဖော်ထားသလို တချို့ချိတ်တွေက ကော်ရစ်တာမှာ တွဲကျနေကာ သစ်ခွပန်းအိုးသေးသေးလေးတချို့ ချိတ်ထားသည်။ မဂ္ဂဇင်းထဲက နတ်သမီးနေတဲ့နေရာလိုပင်။

ကော်ရစ်တာကို ရှေ့နောက် ပြန်လျှောက်ရင်း အခန်းတချို့ကို ကြည့်လိုက်တော့ တခြားအခန်းတွေ အားလုံးကမှန်တွေနဲ့ လုပ်ထားပြီး ရှေ့နောက်လွှဲလို့ရတဲ့ ထိုင်ခုံတစ်လုံးကို မှန်ခန်းထဲမှာ ထည့်ထားသည်။

နေမကောင်းတာကနေ ပြန်လည်ထူထောင်ရေးလုပ်တဲ့သူတွေ နေဖို့အကောင်းဆုံးနေရာပင်။

လီချွင် အပေါ်ထပ်ကို သီချင်းလေးညည်းပြီး တက်လာချိန် အဘွားအိုက ဝင်ပေါက်မှာ မလှုပ်မယှက် ရပ်နေတာကို မြင်လိုက်ရသည်။ သူမ ချက်ချင်း လန့်သွားကာ အဘွားအိုဆီ အမြန်သွားလိုက်သည်။

ဆန်ပြုတ်ကို စားပွဲပေါ်တင်ကာ “ဘွားဘွား ဘာလို့ ကိုယ့်ဟာကိုယ် အိပ်ရာထလာတာလဲ တစ်နေရာရာ အဆင်မပြေတာ ရှိလို့လား”

နင်မုန့် ခေါင်းခါကာ “အဆင်ပြေပါတယ် အောက်ထပ်ဆင်းချင်လို့”

လီချွင်က “ဘာလို့နောက်ထပ် ထပ်မနားတာလဲ ဆရာဝန်က အဘွား များများနားသင့်တယ်လို့ပြောတယ်”

“ငါဆက်နားနေမယ်ဆို ချည့်နဲ့လာတော့မယ်”

သူမ စပြီး ဖြည်းဖြည်းချင်း လျှောက်လိုက်သည်။ နှစ်ရက်လောက် အိပ်ထားတော့ နည်းနည်းလမ်းလျှောက်တာ ကောင်းမည်ဟု သူမ ခံစားရသည်။ နောက်ထပ်အိပ်ရာထဲမှာသာ ဆက်လဲနေရင် ဒီအိပ်ရာထဲမှာပဲ တစ်သက်လုံး နေရတော့မည်။

သူမ စိတ်မပြောင်းတာ မြင်တော့ လီချွင်ကသက်ပြင်းချကာ “အာ့ဆို အရင်ဆန်ပြုတ်သောက်လိုက်ပါ ပြီးမှ အောက်ထပ်ဆင်းတာ ကူညီပေးမယ်”

နင်မုန့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းလာသလိုပင်။

သူမ တကယ့်ကို မလှုပ်ချင်လေသည်။ ဒါပေမဲ့ ထိုကလေးမလေးနှစ်ယောက်ကိုလည်း စိတ်မပူစေချင်တာကြောင့် ဆန်ပြုတ်ကို သောက်ရတော့သည်။

ဆန်ပြုတ်က ဆရာဝန်ညွှန်ကြားချက်အတိုင်း ချက်တာမို့ အားဖြည့်စားစရာတွေ အပြည့်ပင်။

နင်မုန့်က လွန်ခဲ့တဲ့နှစ်ရက်လုံး ဆန်ပြုတ်သောက်ထားရပေမဲ့ ဒီဆန်ပြုတ်အသစ်က သူမကို ဗိုက်ဆာလာစေသည်။

လီချွင်ကရုတ်တရက် “ဒါပေမဲ့ ဘွားဘွား ဘွားအိပ်နေတုန်းက သခင်ကြီးလာပြီး ပြန်သွားသေးတယ်”

နင်မုန့် အသံပြုကာ ပြန်ဖြေလိုက်သည်။ သူမမှတ်ဉာဏ်ထဲမှာ အကြီးဆုံးသား ရှီရှန်းကျင်းက အဘွားအိုကို တကယ်လေးစားလေသည်။ အဘွားအိုကို ဒေါသထွက်စေပြီး တစ်ထပ်အိမ်ကို သူမ ပြန်လာတဲ့လမ်းမှာ တစ္ဆေရိုင်းနဲ့ တွေ့စေခဲ့ပေမဲ့ သူမ တစ်ခုခု ဖြစ်တော့လည်း တာဝန်ကျေပွန်တဲ့သားအဖြစ် လာလည်သလို သူမကို ဂရုစိုက်နေဆဲပင်။

သူမ အိပ်ရာထဲလဲနေတဲ့ နှစ်ရက်ကိုပြန်တွေးမိပြီး သူမရုတ်တရက် “လီချွင် ကွန်ပျုတာနှစ်လုံးပြင်ပေး..”

လီချွင်က သူမကို အံ့ဩတကြီး ကြည့်လာကာ “ဘွားဘွားကြီး အဘွားပဲ အဲလို အရာတွေ ဆော့တာက သူ့ရဲ့အမြင့်တက်မဲ့ ရည်မှန်းချက်တွေကိုပဲ ဆုံးရှုံးစေတာဆို”

သူမ မှတ်မိသလောက် သခင်ကြီးက သူမအတွက် တစ်ခု ပြင်ပေးဖူးပေမဲ့ နဂို ဘွားဘွားကြီး အပြစ်တင်တာ ခံခဲ့ရလေသည်။ အဆုံးကျသူတို့ ဆဲလ်ဖုန်းတောင် သုံးခွင့်မရ သူတို့အခန်းထဲမှာပဲ အွန်လိုင်းသတင်းတွေဖတ်ဖို့ သုံးခွင့်ရှိလေသည်။ သူတို့မလုပ်နိုင်တာက သူတို့ဖတ်ထားတဲ့ သတင်းတွေကို ထုတ်မပြောမိစေဖို့ပင်။

သူမကလည်း အနုပညာရှင်တွေ နောက်လိုက်တဲ့သူ ဆိုပေမဲ့ နှင်ထုတ်ခံရမှာစိုးလို့ အဘွားရှေ့မှာ တစ်ခွန်းမှ မဟရဲခဲ့ပေ။

ဒုတိယသခင်မက နိုင်ငံတကာ အနုပညာရှင်တစ်ယောက် ဖြစ်သည်။ အဘွားက သူမကို အဲကတည်းက သိပ်သဘောမကျတာမို့ ရှီချုံကို မွေးပေးတာကြောင့်သာ မဟုတ်ရင် အဘွားအိုက သူ့ကို မျက်လုံးထဲတောင် ထည့်မှာမဟုတ်ပေ။

သူမစကားကို ကြားတော့ နင်မုန့် ငိုချင်လာပေမဲ့ မျက်ရည်မထွက်နိုင်ပေ။

အခန်း ၅.၂။ အဘွားလိုအအဘွားမျိုး (၂)

အဘွားအိုက တနေကုန် ပန်းပင်တွေ ဟင်းသီးဟင်းရွက်တွေ စိုက်တာလောက်ပဲ စိတ်ဝင်စားပြီးတော့ တစ်ထပ်အိမ်သေးသေးလေးထဲမှာ ဖုန်း သို့မဟုတ် တီဗီတစ်ခုတောင် မရှိနေခဲ့ချေ။ ဒီတော့ အချိန်ဖြုန်းချင်ရင်တောင် ဖြုန်းလို့မရ၊ သူမဘဝကြီးကို ဒီလိုပျင်းရိပြီးပဲ သေသွားတာများလား။

သူမကတော့ အင်တာနက်ကို စွဲလမ်းပြီးဖုန်းမရှိရင် မနေနိုင်တဲ့ လူနာတစ်ယောက်ပင်။

ပြောရရင် သူမက တခြားဘာမှလုပ်စရာလည်း မရှိတာမို့ ဖုန်းမရှိရင် မနေနိုင်ချေ။ ဒီတော့ သူမက နေ့ကော ညပါ weibo လျှောက်ကြည့်နေတတ်ပြီးတော့ သတင်းတွေဆို ကြည့်တောင်မကြည့်တဲ့ ဒီလိုဘဝမျိုးမှာ သူမ မနေနိုင်ပေ။

“ဘွားဘွား သတင်းစာမဖတ်တာ ရက်တွေ တအားကြာနေပြီနော်” လီချွင်က ထပ်ပြောလာသည်။

သတင်းစာလား။ နင်မုန့် သူမ ညွှန်ပြတဲ့ဘက်ကို သံသယနဲ့လှမ်းကြည့်လိုက်သည်။ သတင်းစာတွေက စင်ပေါ်မှာ ပုံနေပြီး သူမ စာလုံးတွေကိုတောင် သေချာမဖတ်နိုင်ပေ။

ဇွန်းကိုချပြီး ရုပ်တည်နဲ့ “၁၇လေးက မကြာခင်ရောက်လာတော့မှာ ငါတို့ သူ့အတွက် အဲဒါကို အခုပြင်ပေးဖို့လိုတယ် အခု နည်းပညာတွေက ဒီလောက်တိုးတက်နေတာ ကွန်ပျုတာဆိုတာ လိုအပ်တဲ့အရာပဲ အင်း… တီဗီကောလိုတယ် ဆဲလ်ဖုန်းကောပဲ နှစ်ခုလုံး”

လီချွင်က ကြောင်သွားတော့သည်။ အဘွားက ဘယ်တုန်းက ဒီလောက်အများကြီး သိသွားတာလဲ ဖုန်းတောင် နှစ်လုံးလိုချင်တာတဲ့။

“နောက်ဆုံးပေါ် စမတ်ဖုန်း” နင်မုန့်က ဆက်ကာ “လိုင်းလည်း သုံးလို့ရတဲ့ဟာ”

လီချွင်က ရယ်ချင်စိတ်ကို ထိန်းကာ “ဘွားဘွားကြီး အင်တာနက်လည်း သိတာပဲလား”

နင်မုန့်က သူမကို ကြည့်ကာ “ငါက အချိန်နဲ့တပြေးညီ နေထိုင်တတ်တဲ့ အဘွားကြီးပါနော်”

လီချွင် ရယ်ကာ “အိုက်ယား ခနနေ သွားပြင်လိုက်မယ်နော်”

သူမ အဘွားအိုက သခင်လေးချီ နဲ့ ဒါတွေသုံးပြီးရင်းနှီးချင်လို့လားလို့ တွေးနေမိသည်။

သူမ သံသယမဝင်တာမြင်တော့မှ နင်မုန့် စိတ်အေးသွားကာ ဆန်ပြုတ် အကုန်သောက်ပြီးတော့မှ သူမ ကိစ္စတွေကို သတိရသွားသည်။ “ဒုတိယနေ့တောင်ဖြစ်နေပြီကို ၁၇ ဘာလို့ ခုထိ မလာသေးတာလဲ”

သူ့ကို တတ်နိုင်သမျှ မြန်မြန် ပို့ပေးမယ်လို့ပြောထားကြတယ်မလား။

ဒီအဘွားကြီးရဲ့ အကြီးဆုံးသားက အလုပ်လုပ်တာ တအားနှေးတာလား။ အာ့ကြောင့်လည်း အနာဂတ်မှာ သူရှီချီဆီကနေ ကန်ထုတ်ခံရတာ ဖြစ်မည်။

လီချွင်က အမြန်ပြုံးကာ “လာနေပြီ လာနေပြီ တကယ်တမ်း သူက အောက်ထပ်တောင် ရောက်နေပြီ”

နင်မုန့် အမြန်ထရပ်ကာ တုန်ယီနေတဲ့ခြေထောက်တွေနဲ့ “အာ့ဆို သွားကြမယ် သွားကြမယ်”

ဝတ္ထုထဲမှာ သူက တအားလှတာလို့ဖော်ပြထားပေမဲ့ ကလေးက ဘယ်လိုပုံစံလဲ ဆိုတာ သူမက မျက်စိနဲ့ မတွေ့ရသေးပေ။ ကလေးတစ်ယောက်အနေနဲ့ သူ့အကျင့်စရိုက်က မည်သို့မှန်းလည်း မသိသေးချေ။

ရှီမိသားစု သွေးဆက်က တကယ့်ကိုကောင်းသည်။ အဘွားအိုရဲ့ တတိယသားက အရမ်းကိုမှ ငယ်ပြီး ကြည့်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ဖြစ်သည်။ ဝတ္ထုထဲမှာ ရှီချီက သူ့အမေရဲ့အလှကို အမွေရထားတာဟု ဆိုထား၏။

သူမ ချက်ချင်း ထရပ်လိုက်တာမို့ သူမ ခြေထောက်တွေ ယိုင်သွားကာ ခုံပေါ်ပြန်လဲကျတော့မလို ဖြစ်သွားသည်။ လီချွင်က အမြန်လာထိန်းပေးသည်။ ကံကောင်းချင်တော့ ဒီလိုမျိုးကလည်း ဖြစ်နေကျမို့ သူတို့လည်း ကျင့်သားရနေကြပြီပင်။

တစ်ထပ်အိမ်သေးသေးလေးလို့ ပြောပေမဲ့ တကယ်တန်း မသေးပေ။ သင်သာ အောက်ထပ်ကို လုံးဝ သေချာမရောက်မချင်း ပန်းတွေအားလုံးကို မြင်နိုင်မှာမဟုတ်ပေ။

နင်မုန့်က ပတ်လည်ကို တချက်ကြည့်ကာ မြင်ကွင်းတစ်ခုလုံးကို ကြည့်လိုက်သည်။ ဒီတစ်ထပ်အိမ်သေးသေးလေးက သူမမှတ်ဉာဏ်ထဲက အတိုင်းပင်။

တစ်ခုတည်းသော ပြဿနာက သူမ အမြင်တွေ ဝါးနေလေသည်။ အရင်ဘဝတုန်းက သက်ကြီးရွယ်အိုတွေ ပြောတဲ့ မျက်စိမွဲတယ်ဆို ဖြစ်တာနေလိမ့်မည်ပင်။

သူမ နောင်ကျကလေးတစ်ယောက်ကို ပျိုးထောင်ရမယ်ဆိုတာ တွေးမိတော့ နင်မုန့်ရင်ထဲ ထူးဆန်းတဲ့ခံစားချက်တွေ တိုးဝင်လာကာ ရင်ထဲ သက်ပြင်းချလိုက်မိသည်။ “သူကော ဘယ်မှာလဲ”

ဘာလို့ သူ့ကို ခုထိ မတွေ့ရသေးတာလဲ သူတို့ လမ်းလျှောက်လာတာ တော်တော်ကြာနေပြီလေ။

လီချွင်က အသံကျယ်ကျယ် ရယ်ကာ “သူက အခု ဧည့်ခန်းလေးထဲမှာ အဘွား.. သခင်လေးချီက အဘွားလို အဘွားမျိုးရတာ ပျော်နေမှာပဲ”

ဧည့်ခန်းသေးသေးလေးက တစ်ထပ်အိမ်ကို လာလည်တဲ့ ဧည့်သည်တွေကို ဧည့်ခံတဲ့နေရာဖြစ်သည်။ သူတို့ အပေါ်ထပ်ကနေ ဒီနေရာကို ရောက်ဖို့ ဝေ့ဝိုက်လာရသေးသည်။

လီရှက ကော်ဖီစားပွဲဘေးမှာ ထိုင်ကာ လင်ပန်းတစ်ခုကို ချပြီး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ဆံပင် အနက်ရောင်နဲ့ ကလေးကို အသီးခွာပေးနေသည်။ ထိုဆိုဖာကြီးပေါ်မှာ ထိုင်နေတဲ့ ပိန်ပါးပါးကောင်လေးက အလယ်မှာ မြုပ်တော့မတတ်ပင်။

ဒါကို နောက်ကနေ ကြည့်ပြီး နင်မုန့် ဖိအားတွေ များလာသည်။။

ဝတ္ထုထဲမှာ အဲတုန်းက သူ အရမ်းပိန်တယ်လို့ ပြောထားသည်။ ဒါပေမဲ့ သူမ ဒီလောက်ထိပိန်မယ်လို့ မထင်ထား။ သူက ရှီချုံနဲ့ အသက်တူတူပဲဆို။ ရှီချုံက ဝက်ပေါက်လေးနဲ့ တူပြီး ရှီချီက သူ့ထက်တောင် ပိုသေးနေသည်။ အာဟာရချို့တဲ့နေသလိုမျိုး သူ့ပုံစံက နောက်ကနေ ကြည့်ရင်တောင် အချိန်မရွေး ပစ်လဲသွားတော့မလိုမျိုး ဖြစ်နေ၏။

နားနောက်မှာ ဆံပင်သပ်ထားပြီး ပေါ်နေတဲ့ ဖြူဖျော့နေတဲ့ အသားအရေပေါ်က ကိုက်ရာတွေ ဂုတ်ပိုးနောက်က အပြာရောင်အမှတ်တွေ ကြည့်လိုက်တာနဲ့ တစ်ယောက်ယောက်က လုပ်ထားတယ်ဆိုတာ သူမ အလွယ်တကူ သိနိုင်သည်။ ပြီးတော့ စံအိမ်မှာလည်း အဲကလေးနှစ်ယောက်ပဲ ရှိတာမို့ ရှီချုံဆိုတဲ့ ကြွက်စုတ်လေးက တရားခံဆိုတာလည်း မေးနေစရာတောင်မလိုပေ။

တွေးကြည့်လိုက်တာနဲ့ နင်မုန့် စိတ်တိုလာသည်။

အဲကြွက်စုတ်လေးက တကယ်ပဲ….။ ဒုတိယသားနဲ့ သူ့မိန်းမက သူတို့ကလေးကို ဘယ်လိုဆုံးမရမလဲဆိုတာ တကယ်မသိတာပဲ။ ရှီချုံက အခု ကလေးတစ်ယောက်သာသာ ဆိုပေမဲ့ နောင်ကျ ဘာတွေလုပ်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။

အခု သူမက သူ့အဘွားပင်။ တကယ်လို့ အခွင့်အရေးရလာရင် သူမ ကောင်းကောင်း သင်ခန်းစာပေးလိုက်မည်။ ပြီးတော့ ဘယ်သူကမှ မကောင်းဆိုးဝါးဖြစ်ဖို့ မွေးလာတာမဟုတ်ဘူးလေ။ ကလေးသေးသေးလေးဆို ပိုတောင်မဖြစ်နိုင်သေးချေ။

လီချွင်က အဘွားအို ငိုင်နေတာမြင်တော့ နားနားကပ်ကာ “အရင် သခင်လေးချီနေတဲ့နေရာက…. ရန်ကျင်းက အရမ်းဆင်းရဲတဲ့နေရာ”

နင်မုန့်သိသွားပြီပင်။ ဒါကြောင့် သူဒီလို ဖြစ်နေတာကို…

အခု ရှီမိသားစုကို ရောက်လာပြီမို့ သေချာ ပျိုးထောင်ခံရမှာပင်။ ဆိုရိုးတောင် ရှိသေးသည်။ ‘ခြိုးခြံချွေတာရတဲ့ဘဝကနေ ချမ်းသာပြီး သုံးဖြုန်းနိုင်တဲ့ဘဝကို ရောက်အောင် ပြောင်းလဲဖို့ဆိုတာ လွယ်ကူသည်။’ တကယ်လို့ သူအလိုလိုက်ခံရပြီး ပျက်စီးသွားရင်တော့ သူမ အပြစ်ပင်။ အဲဒါကြောင့် သူမ ကလေးတစ်ယောက်ကို သေချာလေး ဘယ်လိုပျိုးထောင် သင်ကြားရမလဲဆိုတာ ရှာဖွေရမည်ပင်။

ပြီးတော့ ဝတ္ထုထဲမှာ နောက်ပိုင်း ရှီချီက သူ့ယင်ယန်မျက်လုံးတွေ ပွင့်လာမှာဆိုတော့ သူက ဖုန်းရွှေကိုလည်း မြင်နိုင်ပြီး သရဲတွေ ထောင်ချီကိုလည်း အမိန့်ပေးနိုင်မှာ ဖြစ်သည်။

စနစ်က ထိုအချိန်မှာပဲ ကွတ်တိပေါ်လာကာ “နင် သူ့ယင်ယန်မျက်လုံးတွေကို ကြိုပြီး ဖွင့်ထားပေးလို့ရတယ်”

နင်မုန့် တွေးကြည့်လိုက်သည်။ စာအုပ်ထဲမှာ ဖုံးကွယ်နေတဲ့ ယင်ယန်မျက်လုံး ဘယ်လိုထွက်လာအောင် ဘယ်လို ဖော်ထုတ်ခဲ့သလဲဆိုတာ ဖော်ပြထားသည်။ ဘာလို့လဲဆိုတော့ အဘွားအိုက သေပြီး သွေးတွေထွက်လာလို့ သွေးမြင်ပြီး ရှီချီရဲ့ ယင်ယန်မျက်လုံးက နိုးလာခဲ့တာ ဖြစ်၏။

ဆိုတော့ သူမ အရင်သေရမှာပေါ့။

သူမ ဘက်ကနေ ဆူညံသံတွေကို ကြားလိုက်ရတော့ ဆိုဖာပေါ်က ကလေးက ချက်ချင်းခေါင်းလှည့် လာတော့သည်။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset