RENH အပိုင်း ၄

အခန်း ၄။ တိုက်ဆိုင်မှုလား ဒါမှမဟုတ်။

ရှီမိသားစု စံအိမ်က နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့နေရာဆိုပေမဲ့ ခုထိ လွှမ်းမိုးနိုင်တဲ့အရှိန်အဝါတွေရှီနေဆဲပင်။

ဒီအိမ်ရဲ့ ညို့ဓာတ်က လူသိများတဲ့ ဒီဇိုင်းနာတွေ ရေးဆွဲထားတဲ့ ဇိမ်ခံအိမ်တွေထက် မနိမ့်ပင်။ နေ့ခင်းဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် အိမ်ရဲ့ထောင့်တိုင်းက လေးလံတဲ့ သမိုင်းဝင်အရှိန်အဝါတွေ ဖုံးလွှမ်းလို့ နေသည်။

ညဘက်ဆို ပိုတောင်ထူးခြားဆန်းကြယ်နေသည်။

ထိုအချိန် အခန်းသေးသေးလေးထဲမှာ ကလေးနှစ်ယောက်က တံခါးကိုပိတ်လိုက်ကြသည်။

အဝေးက အစေခံတွေက သူတို့ထိုဟာကို မြင်လိုက်တာတောင် ဘာမှမပြောရဲပေ။ သူတို့ ဘာမှမမြင်လိုက်သလို ကော်ရစ်တာကို ထွက်သွားကြတော့သည်။

သခင်လေးက လက်ထပ်ထားတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုပေမဲ့ ကလေးတစ်ခါမှမရှိခဲ့ တဖက်မှာတော့ ဒုတိယသခင်လေးက လက်ထပ်ပြီးတာနဲ့ ကလေးရခဲ့သည်။ ထိုမောင်နှမနှစ်ယောက်က ရှီမိသားစုရဲ့ နောက်ထပ် မျိုးဆက်တွေပင်။ သူတို့က အဘွားအိုရဲ့ အလိုလိုက်တာကို ခံရသလို ဒုတိယလင်မယားရဲ့ မျိုးဆက်တွေပင်။

အသစ်ရောက်လာတဲ့ ကလေးက အိမ်ကနေ အရင်က ထွက်ပြေးသွားတဲ့ တတိယသခင်လေးရဲ့ကလေးပင်။ အစပိုင်း သူတို့က သူ့ကို သခင်လေးဖြစ်တာမို့ လေးစားစွာတော့ ဆက်ဆံကြသည်။

ဒါပေမဲ့လည်း ထိုလူငယ်လေးအပေါ် စိတ်ပါလှသည်တော့မဟုတ်ပေ။ သူတို့ ထင်တာက ဒီကလေးက ရှီမိသားစုမှာ အကြာကြီး မနေနိုင်.. ဒါမှမဟုတ် ရက်ပိုင်းလောက်နဲ့ ကန်ထုတ်ခံရမည်ဟုသာ။ ဒါကြောင့်လည်း သူ့ကို ဂရုမစိုက်တာ အကောင်းဆုံးလို့ ထင်ကြသည်။

တံခါးပိတ်ပြီးတော့ ကလေးနှစ်ယောက်က အချင်းချင်း ကြည့်လိုက်ကြသည်။

အခန်းက ပြောရရင် တအားသေးနေတာတော့ မဟုတ်ပေ။ မကြာခန အသုံးမပြုပေမဲ့ သန့်ရှင်းရေးလုပ်မဲ့ အစေခံတွေရှိသည်။ ထိုအချိန် ပုံရိပ်သေးသေးလေးတစ်ခုက ကြီးမားတဲ့အိပ်ရာပေါ် လဲနေတာကို တွေ့နိုင်သည်။

အခန်းက တအားကို တိတ်ဆိတ်နေပြီး အပ်ကျသံကိုတောင် ကြားနိုင်သည်။ ဒါပေမဲ့လည်း တံခါးပိတ်လိုက်တဲ့ လူနှစ်ယောက်က အသံကျယ်ကျယ်လုပ်ပြီး အိပ်ရာပေါ်က လူကိုနိုးအောင် လုပ်ကြသည်။

ရှီချီ ချက်ချင်း မျက်လုံးဖွင့်ကာ စောင်ကို မပြီး ထထိုင်ကာ ထိုနှစ်ယောက်က စိုက်ကြည့်လိုက်သည်။

ကြီးမားတဲ့ညအိပ်ဝတ်စုံက သူနဲ့ ချောင်နေသည်။

ညှက်ရိုးတွေကပေါ်နေကာ ညအိပ်ဝတ်စုံ အနက်ရောင်က သူ့ကို ပိုပြီး နေမကောင်းလို့ ဖြူဖျော့တဲ့ပုံ ပေါက်စေသည်။ စောင်ပေါ်တင်ထားတဲ့ လက်လေးတွေက သွေးပြန်ကြောလေးတွေ အထင်းသားပေါ်နေသည်။

သူ့ရုတ်တရက် လှုပ်ရှားမှုက ထိုကလေးနှစ်ယောက်ကို ကြောင်သွားစေသည်။

ခဏတော့ ရှီချုံနဲ့ ရှီဟွယ် အသိဝင်လာကြတော့သည်။ ဘာလို့ သူတို့က ကလေးသေးသေးလေး တစ်ယောက်ကို ကြောက်နေရမှာလဲ သူတို့ ဦးလေးလောက်တောင် ကြောက်ဖို့မကောင်းတာကု သူတို့အကြည့်တွေက ပိုပြီးကြောက်ဖို့ ကောင်းလာတော့သည်။

ရှီချီက ပြောလိုက်သည်။ “ဘာလုပ်မလို့လဲ”

သူ့အသံထဲမှာ ခြောက်သွေ့ကွဲအက်မှုများ ပြည့်နေ၏။

ရှီဟွယ်က ပြုံးလိုက်တော့သည်။ သူ့အသံက တကယ့်ကို မနှစ်မြို့စရာပင်။ သူမ သူ့အစ်ကိုရဲ့ ပုခုံးကို ပုတ်လိုက်သည်။

သူတို့ နှစ်ယောက်ကငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာလေသည်။ တနေ့ကို ထမင်းတစ်နပ်ပဲစားရတဲ့ ရှီချီတဲ့ယှဉ်ရင် သက်တူရွယ်တူ ရှီချုံထက် အများကြီး ပိုသေးသည်။

ရှီချုံက သူ့ညီမ ဆိုလိုချင်တာကို နားလည်ကာ ရယ်လိုက်သည်။

လွန်ခဲ့တဲ့ ရက်တချို့က သူနဲ့ သူ့ညီမ အိမ်ကို ကလေးအသစ်တစ်ယောက် ရောက်လာမယ်ဆိုတာ သိခဲ့ကြသည်။ အစေခံတွေက ကလေးက သူတို့ တတိယဦးလေးရဲ့ကလေးဆိုတာကိုလည်း ပြောပြကြသည်။ သူ့မှာ ဘယ်တုန်းက တတိယဦးလေးတစ်ယောက် ရှိခဲ့လို့လဲ။ တတိယဦးလေးက အိမ်ကထွက်သွားတာ ကြာလှပြီပင်။

ဒီကောင်လေးက သူတို့နဲ့တူတူ မိသားစုရဲ့ အမွေတွေကို ယှဉ်လုဖို့ရောက်လာတဲ့သူ ဖြစ်ရမည်။ ရှီချုံ ငယ်ငယ်ကတည်းက သူ့အမေက သူ့ဦးလေးမှာ ကလေးမရှိဘူးလို့ ပြောတာ ကြားထားပြီးဖြစ်သည်။ အဲဒါကြောင့် ရှီမိသားစုက အနာဂတ်မှာ သူ့အပိုင်ဖြစ်လာလိမ့်မည် ဆိုသည်ကိုပါ ပြောထားသည်။

သူတို့နှစ်ယောက်က အိပ်ရာပေါ် တက်လိုက်ကြတော့သည်။

ရှီချီ မျက်မှောင်ကြုတ်ကာ စောင်ကို ပိုတင်းတင်းဆွဲလိုက်သည်။ သူ ဒီလို လုပ်မယ် မထင်ထားတာကြောင့် ရှီချုံနဲ့ ရှီဟွယ် အိပ်ရာပေါ်ကနေ ချော်ပြီး ကြမ်းပြင်ပေါ်ကျသွားကြတော့သည်။

ပြန်ရပ်ပြီးတော့ ရှီဟွယ်က ဒေါသတကြီးနဲ့ ပြန်တက်ကာ အိပ်ရာထဲက ရှီချီကို ဒေါသတကြီးကြည့်ပြီး “နင်ရူးနေလား” လို့ မေးလိုက်သည်။

ရှီချုံက သူမထက် အနည်းငယ်ပိုဝတာကြောင့် သူ့အစ်မထက် ကြမ်းပြင်ပေါ်ကနေ နည်းနည်းနောက်ကျပြီးမှ ပြန်ထနိုင်ကာ မျက်နှာကြီးရဲပြီး “ငါသူ့ကို ဒီနေ့ သေချာပေါက် သင်ခန်းစာပေးပြမယ်” လို့ ပြောလိုက်တော့သည်။

ရှီချီက ထိုနှစ်ယောက်ကို ထူးမခြားနားစွာ ကြည့်လိုက်သည်။

သူ့ကို အရင်ဒေါသထွက်အောင် လာလုပ်တာ သူတို့ပင်။ အခု သူပြန်တိုက်ခိုက်တာကိုကျ သူ့အမှားလို လာလုပ်နေသည်။

သူ့စိတ်ထဲကနေ ဒီရှီမိသားစုကို သူ တကယ်မနှစ်သက်ပေ။

ပင်မအိမ်ဝင်ပေါက်တွင်

ရှီရှန်းကျင်းက တစ်ထပ်အိမ်ကလေးက အဘွားအိုဆီ ခုလေးတင် သွားလည်လာခဲ့သည်။ သူအိမ်ထဲ ဝင်တဲ့လမ်းကို လျှောက်နေတုန်း ဂိတ်က အစေခံတွေက သူ့ကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။

ဒီနှစ်ရက်လုံး သူ ဆက်တိုက် အလုပ်များနေခဲ့သည်။ အဘွားအိုကိစ္စကိုတွေးမိတာနဲ့ သူက ဒီတိုင်း “ရှီချီ အခန်းထဲမှာလား” လို့မေးလိုက်သည်။

အစေခံက ကုတ်ကိုယူပြီး သေချာလေး ပြောလိုက်သည်။ “ဟုတ်ပါတယ် သခင်လေးချုံနဲ့ မမလေးဟွယ်လည်း ခုတင် ဝင်သွားကြတာပါ”

‘ခုတင်’ ဆိုတဲ့ စကားကို တမင်သုံးလိုက်လေသည်။ တကယ်တမ်းဝင်သွားတာက ဆယ်မိနစ်လောက်တောင် ရှိနေပြီ ဖြစ်သည်။ အစေခံတွေကလည်း အခန်းထဲမှာ ဘာတွေဖြစ်နေလဲမသိသလို သူတို့ အထဲကိုလည်း ဝင်မကြည့်ရဲပေ။

သူပြောတာကြားတော့ ရှီရှန်းကျင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ရှီချုံနဲ့ရှီဟွယ်က မောင်နှမတွေပင်။ ရှီဟွယ်က ၉ နှစ်ရှိပြီး ရှီချုံက ၇နှစ်ပင်။ သူတို့က ရှီမိသားစုရဲ့ တစ်ခုတည်းသော မျိုးဆက်ကလေးနှစ်ယောက်ဖြစ်တာမို့ မောက်မာကြသည်။

ရှီချီက ပင်မအိမ်မှာနေတာ ၂ ရက် ၃ ရက်လောက်ရှိပြီဆိုပေမဲ့ သူနဲ့စကားပြောဖို့ သူတို့ဘက်က စတင်လှုပ်ရှားတာမျိုး မရှိကြပေ။ ဘာလို့ဒီနေ့မှ ရုတ်တရက်ကြီး သွားလည်နေကြတာလဲ။

ကလေးနှစ်ယောက်က ရှီချီအပေါ် ရည်ရွယ်ချက်ကောင်းရှိမယ်လို့ သူ မယုံပေ။

အဲလိုပဲ ရှီချီကလည်း လွယ်လွယ် အလျှော့ပေးမဲ့သူမဟုတ်နိုင်ချေ။

ရှီချီအခန်းက တတိယထပ်ထောင့်မှာပင်။

အခန်းက တင်းတင်းစေ့ထားသလို အသံကလည်း လုံတာမို့ အပြင်က ဘာသံမှမကြားရချေ။

ရှီရှန်းကျင်း တံခါးကိုတွန်းကာ အထဲကို ဝင်ပြီး သူအထဲကို ဝင်တာကိုသိအောင် အသံကျယ်ကျယ်ပြုလိုက်သည်။

ဆူညံသံကို ကြားတော့ ရှီချုံ ခေါင်းလှည့်ကြည့်ပြီး ချက်ချင်း မျက်နှာဖြူစုတ်သွားကာ သူ့အစ်မကို လှမ်းဆွဲလိုက်သည်။

ရှီဟွယ်က လက်ရှိ သူမလုပ်ရပ်ကို ပျော်နေကာ သူ့လက်ကို ခါချပြီး “ဘာလဲ။ ငါအလုပ်များနေတာ မမြင်ဘူးလား။ သူ့ကို အမြန်ရိုက်”

“ဘာတွေ အလုပ်များနေတာတုန်း” ရှီရှန်းကျင်း ဝင်ပြောလိုက်သည်။

ရှီဟွယ်နေရာမှာတင် တောင့်သွားကာ မလှုပ်ရဲတော့ပေ။

ခြေသံတွေကို အဝေးကနေတောင် ကြားရကာ ရှီချုံနဲ့ ရှီဟွယ် ရင်ကို တူနဲ့ရိုက်နေသလိုပင်။ သူတို့နှာခေါင်းထိပ်မှာလည်း ချွေးအေးများ ဖြစ်လာသည်။

ရှိရှန်းကျင်းက သူတို့ကို တစ်ချက်ကြည့်ပြီး ရှီချီကို သူတို့နှစ်ယောက် ဝိုင်းဖိထားတာမြင်တော့ အေးစက်စွာဖြင့်။ “မင်းတို့ မထကြသေးဘူးလား”

ရှီချုံနဲ့ ရှီဟွယ် ချက်ချင်း ထရပ်လိုက်ကြသလို နာခံစွာ ခေါင်းတွေငုံ့ပြီး ဘေးမှာရပ်လိုက်ကြသည်။ သူတို့ စိတ်ထဲမှာတော့ ရှီချီကို သေတဲ့အထိ တစ်စစီဆွဲဆုတ်ပစ်ဖို့ မြင်ယောင်နေကြလေသည်။

လိမ်မာချင်ယောင်ဆောင်နေတဲ့ ကလေးနှစ်ယောက်ကို ကြည့်ပြီး ရှီရှန်းကျင်းရင်ထဲ ဒေါသတွေဆူပွက်လာတော့သည်။

သူနဲ့ သူ့ဇနီးမှာ ကလေးမရှိတာမို့ သူ့ညီ ရှီရှန်းချန်းရဲ့ ကလေးနှစ်ယောက်ကို ညှာညှာတာတာ ဆက်ဆံခဲ့သည်။ ဒါပေမဲ့ သူတို့ရဲ့ညီအစ်ကိုကို အနိုင်ကျင့်ကြမယ်လို့ မထင်ထားပေ။ ရှီချီက မိသားစုထဲ စာရင်းမသွင်းရသေးတောင် သူတို့ ဒီလောက်ထိ ရင့်သီးကြမယ်လို့လည်း မထင်ခဲ့ချေ။

သူက ဆူတော့သည်။ “ဒါက ရှီမိသားစုက မင်းတို့ကို သင်ပေးထားတာတွေလား”

ရှီချုံနဲ့ ရှီဟွယ်က မျက်နှာတွေဖြူစုတ်နေသလို ကြောက်လို့ တုန်နေကြသည်။

သူတို့ ဦးလေးက စိတ်တိုရင် သိပ်ကြောက်ဖို့ကောင်းသည်။ သူတို့က သူတို့မိဘနဲ့ သူတို့အဘွားကို မကြောက်ပေမဲ့ သူ့ကိုတော့ အကြောက်ဆုံးပင်။ သူတို့ ခနနေ ဘာအပြစ်ပေးခံရတော့မလဲ ဆိုတာကိုတောင် ကြိုတင်ခန့်မှန်းလို့ ရနေပြီပင်။

“ဦးလေး အဲဒါ သူအရင်မှားတာ…” ရှီဟွယ်က ပြန်ပြောဖို့ လုပ်တော့သည်။

သူမပြောလို့တောင် မဆုံးလိုက် ရှီရှန်းကျင်းက သူမကိုအေးစက်စွာ ကြည့်လာကာ “ငါက ကန်းနေလို့လား”

ရှီဟွယ် ပါးစပ်လေးပိတ်ကာ သူမမောင်လေးနဲ့အတူ ဘာမှမပြောရဲတော့ဘဲ ရပ်လို့သာနေတော့သည်။ သူတို့နှစ်ယောက် ခေါင်းငုံ့ပြီး ရှီချီကို တိတ်တိတ်လေး ဓားသွားလို အကြည့်တွေနဲ့ ကြည့်နေတော့သည်။

ရှီချီက ဘာမှမပြောဘဲ ကြမ်းပြင်ကနေ ထလာကာ သူ့မျက်လုံးထဲမှာလည်း စက်ဆုတ်မှုတွေအပြည့်

ရှီရှန်းကျင်းက သူတို့လှုပ်ရှားမှုတွေကိုမြင်ပေမယ် ဒီကလေးနှစ်ယောက်က သူတို့မှားတာတောင် ဒီလောက်ထိ မောက်မာနေကြမယ်မထင်ထား သူ့ကိုယ်သူတွေးမိတာက သူတို့အသိဉာဏ်က ဘယ်လိုတောင် နှမြောဖို့ကောင်းနေတာလဲလိုပင်။

ရှိချီကို ကြည့်ကာ “မင်းတို့နှစ်ယောက် စာကြည့်ခန်းထဲသွားပြီး ဒူးထောက်ကြ ရှီချီကော”

ထိုစကားတွေထွက်လာတာနဲ့ ရှီချုံနဲ့ရှီဟွယ်က ချက်ချင်း ကြောက်လန့်သွားကြသလို မျက်ရည်တွေ ဝဲလာကြတော့သည်။

သူတို့ ပြန်မပြောရဲ သူပြောသလို ဖြူစုတ်နေတဲ့မျက်နှာတွေနဲ့ စာကြည့်ခန်းထဲ လိုက်သွားရတော့သည်။

ဒါကိုမြင်တဲ့ ဖြတ်သွားဖြတ်လာအစေခံတွေကလည်း သူတို့ခေါင်းတွေကို ငုံ့လို့သာနေသည်။

သခင်လေးက မောင်နှမနှစ်ယောက်ကို စာကြည့်ခန်းထဲ အပြစ်ပေးဖို့ခေါ်သွားတဲ့ကိစ္စက စံအိမ်တစ်ခုလုံးကို ချက်ချင်း သတင်းပြန့်သွားတော့သည်။

“သူတို့ ဒီနေ့ အပြစ်ပေးခံရလောက်တယ်”

“အသစ်ရောက်လာတဲ့ သခင်လေးချီက စကားပြောမှာ မဟုတ်လောက်ဘူး ထင်တယ် တကယ်လို့ သခင်ရှီသာ ဝင်မပါရင် ဘာတွေများဖြစ်မလဲပဲ”

မိန်းမတစ်ယောက် ရောက်ရှိလာမှုနဲ့ အတူ ငြင်းခုန်သံတွေကလည်း ရုတ်ချည်း ရပ်သွားတော့သည်။

နဂို စကားပြောနေတဲ့ လူတွေကလည်း ချက်ချင်း အမြန်ဘေးမှာရပ်ကာ သူတို့ တစ်ယောက်မှထွက်မသွားခင် ခေါင်းကို ငုံ့ကာ “ဒုတိယမဒမ်” လို့နှုတ်ဆက်လိုက်ကြသည်။

ထိုအမျိုးသမီးက သူမ အိတ်ကိုပစ်ကာ လက်သည်းကို ကြည့်ရင်း “ချုံအာကော။ သူ အမြဲ ငါ့ကိုလာကြိုနေကျလေ”

အစေခံက စိတ်ထဲကနေ ကျိန်ဆဲလိုက်ပေမဲ့ ပြန်မပြောလို့လည်းမရတာမို့ “သခင်လေးချုံက စာကြည့်ခန်းထဲမှာ အပြစ်ပေးခံနေရ…”

ယန်းမန်က ဒုတိယသခင်လေး ရှီရှန်းချန်းရဲ့မိန်းမပင်။ သူမက ချမ်းသာတဲ့ နိုင်ငံတကာ သရုပ်ဆောင်ဖြစ်ပြီးတော့ သိမ်မွေ့ညင်သာပြီး ကြည့်ကောင်းတဲ့ သွင်ပြင်နဲ့ မွေးဖွားလာလေသည်။ ဒါပေမဲ့ သူမမျက်လုံးတွေကတော့ အမြဲ ရာဂစိတ်ကြွအောင် သွေးဆောင်ဖျားယောင်းတတ်တဲ့ အကြည့်တွေနဲ့ တောက်ပနေတတ်သည်။

သရုပ်ဆောင်တစ်ယောက်က ရှီမိသားစုထဲကို လက်ထပ်ပြီး ဝင်လာဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာပင်။ သူမနောက်က ယန်းအုပ်စုက အဓိကပင်။ ရှီရှန်းကျင်းက လက်ရှိ ရှီမိသားစုရဲ့ ပဲ့ကိုင်သူဆိုပေမဲ့ သူမခင်ပွန်းမရှိရင် ရှီမိသားစု ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စသာ။

အစေခံစကားကိုကြားတော့ ယန်းမန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဘာဖြစ်တာလဲ။

ရှီရှန်းကျင်းရဲ့ စာကြည့်ခန်းက ဒုတိယထပ်အဆုံးမှာ ရှိလေသည်။ သူမ အမြန်လှေကားတက်လိုက်တော့ စာကြည့်ခန်းတံခါးက ပိတ်မထား သာမန်တိုင်းဆို သူမ ခွင့်ပြုချက်မရဘဲ ဘယ်တော့မှ ဝင်မှာမဟုတ် ဘာလို့လဲဆိုတော့ ဝင်ခွင့်လည်းမရှိလို့ပင်။

ဒီနေ့ကတော့ ခြွင်းချက်ပင်။

အပြင်ဘက်ကနေ ယန်းမန် သူမသားနဲ့သမီး ခေါင်လေးငိုက်စိုက်ကျပြီး ဒူးထောက်နေတာကို မြင်လိုက်ရသည်။ သူတို့ကိုယ်သေးသေးလေးတွေက ကြမ်းပြင်မှာ ပိုတောင်သေးငယ်နေသလိုပင်။ ပြီးတော့ ပျက်စီးယိုယွင်းနေတဲ့နေရာက လာတဲ့ ကလေးကကျ ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်လို့နေသည်။

သူမ ရင်ထဲက မီးတွေကို ထိန်းချုပ်ကာ အသက်ပြင်းပြင်းရှုပြီး တည်ငြိမ်စွာ “အစ်ကို ညီမဝင်လာလို့ရမလား” လို့မေးလိုက်သည်။

ရှီချုံနဲ့ ရှီဟွယ်က သူတို့အမေအသံကို ကြားတော့ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ရည်တွေ မျက်လုံးထောင့်မှာ ဝေ့သီလျက် မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပလာတော့သည်။ ဒါပေမဲ့ ဘာစကားမှမပြောရဲပေ။

ရှီရှန်းကျင်းက ပြောလိုက်သည်။ “ဝင်ခဲ့”

ယန်းမန် မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်ပြီး “အစ်ကိုကြီး ချုံအာနဲ့ ဟွယ်အာက ဘာတွေများလုပ်မိလို့ သူတို့ကို ဒီလိုအပြစ်ပေးထားရတာလဲ”

ရှီရှန်းကျင်းက သူမ စကားတွေကို ကြားတာတောင် အမူအရာမပျက်ဘဲ “အစ်ကိုကြီးတစ်ယောက်ဖြစ်ပြီး ရှီချုံက သူ့ညီလေးကို အနိုင်ကျင့်တယ် ပြီးတော့ ရှီဟွယ်ကလည်း ဘေးကနေ မီးလောင်ရာလေပင့်လုပ်တယ် သူတို့ ဦးလေးအနေနဲ့ ငါ့မှာ သူတို့ကို ဆုံးမပိုင်ခွင့်ရှိတယ်”

ပြန်ပြောခံလိုက်ရတော့ ယန်းမန်ရှက်သွားတော့သည်။ သူမ အခြေအနေတစ်ခုလုံးကိုလည်း သေချာမသိတာမို့ သူမ နောက်က လူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အစေခံက ရင်ထဲကနေ ညည်းတွားကာ ရှေ့ကိုတိုးပြီး ဖြစ်ပျက်ခဲ့သမျှကို နားနားကပ်ကာ အတိုချုံးရှင်းပြလိုက်သည်။

နားထောင်ပြီးတော့ ယန်းမန် ထိုမောင်နှမကို စိတ်ထဲကနေ ဆူလိုက်မိတော့သည်။

သူမ ကလေးတွေက ဘာလို့ ဘယ်ကလာမှန်းမသိတဲ့ ကလေးတစ်ယောက်ကို သွားပြီး ပြဿနာရှာရတာလဲ ပြိုကွဲနေတဲ့ မိသားစုကလာတဲ့ ကလေးတစ်ယောက်မှာ ဘာအနာဂတ်ရှိနိုင်မှာ မို့လို့လဲ။ သူမက ရှီချုံကို ဒီမိသားစုက နောင်ကျ သူ့အပိုင်ဖြစ်လာမှာလို့ ပြောထားပြီးသားပင်။ ဒီကလေးက တွေးဖို့ ဦးနှောက်မရှိဘူးလား။

ဒါပေမဲ့လည်း သူမ သားက ၇ နှစ်ပဲရှိသေးတာမို့ စိတ်မရှည်တတ်တာ သဘာဝပင်။ ဆိုတော့ သူမ ဒေါသကို ပြန်မျိုချဖို့သာ တတ်နိုင်သည်။

ရှီရှန်းကျင်းက ဒီနှစ်ယောက်ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာ စဉ်းတောင်စဉ်းစားမနေ သူက ဒီတိုင်း ဂန္တာဝင်စာအုပ်ထဲက ကဗျာသုံးပုဒ်ကို အလွတ်ဖတ်ပြခိုင်းလိုက်သည်။

မောင်နှမ နှစ်ယောက်လုံး စိတ်အေးသွားတော့သည်။ အစက သူတို့အရိုက်ခံရတော့မယ် ထင်ထားတာလေ သူတို့ ဒီစာအုပ်ကို မရေမတွက်နိုင်အောင် အလွတ်ကျက်ခဲ့ရတာမို့ လက်တန်းရွတ်နိုင်သည်။

ယန်းမန်က သူမအတွက် ယူလာပေးတဲ့ ခုံမှာထိုင်ကာ သူတို့ အလွတ်ဆိုပြီးတဲ့အထိ စောင့်ရင်း သူ့ခုံထက် အနည်းငယ်ပိုသေးတဲ့ ကလေးကို ဓားလိုအကြည့်တွေနဲ့ ကြည့်နေခဲ့သည်။

စာသားတွေကို ၅ ခါလောက်ထပ်တလဲလဲ ဆိုပြီးတဲ့နောက်မှာတော့ ရှီရှန်းကျင်း သူတို့ကို ရပ်ခိုင်းလိုက်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုမျိုး ရှီချုံနဲ့ရှီဟွယ် ကြမ်းပြင်က ထရပ်ကာ ဘာမှမလုပ်ရဲဘဲ နာခံစွာ ရှီချီကို တောင်းပန်လိုက်ကြသည်။

ရှီချီက သစ်သားခုံတစ်လုံးမှာထိုင်နေကာ အရိုးတွေသာရှိတဲ့ ကိုယ်လေးမို့ သိပ်အဆင်ပြေမနေပေ။

မောင်နှမ နှစ်ယောက်က ပြိုင်တူ ပြောလာကြသည်။ “ညီလေး/ မောင်လေး ရှီ တောင်းပန်ပါတယ်”

သူက ထိုမောင်နှမနှစ်ယောက်ကို တွန့်ဆုတ်စွာ ကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ကွဲအက်နေတဲ့လေသံမျိုး မဟုတ်တော့ဘဲ ပြောလိုက်တော့သည်။ “ရတယ်…”

သူ့မေးကို အနည်းငယ်မော့ကာ ညွှန်ပြလျက်ဖြင့် ဖြစ်သည်။

တောင်းပန်ပြီးတော့ ယန်းမန်နဲ့ ထိုမောင်နှမ တူတူ စာကြည့်ခန်းထဲကထွက်သွားကြတော့သည်။

အခန်းထဲမှာ ဘာစကားပြောသံမှ မကြားရတော့ တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးသွားတော့သည်။

စာကြည့်ခန်းက တအားကြီးပြီးတော့ သစ်သားစင်နှစ်ခုလုံးက စာအုပ်တွေနဲ့ပြည့်နေသည်။ ပြီးတော့ သစ်တော်သီးပုံ စားပွဲက ထိပ်မှာ ထွင်းထုထားတဲ့ အနက်ရောင် ကိန်းဂဏန်းတွေရှိသည်။

ရှီရှန်းကျင်းက ရယ်ကာ “လိုချင်တာရှိရင် ကိုယ့်ဟာကို ယူဖတ်ချေ”

သူ့အကြည့်က ကျောက်စိမ်းပြားပေါ်မှာ ကပ်တွယ်နေတာမြင်တော့ ရှီရှန်းကျင်းရင်ထဲ ထူးဆန်းသွားတော့သည်။

ရှီချီက ယင်ယန်မျက်လုံးတွေ ရှိတဲ့ပုံမပေါ် ဆိုတော့ ဘယ်အရာမှာ ပိုကောင်းတဲ့ချီ ရှိတဲ့ သူ မသိနိုင် ဒါပေမဲ့ သူကြည့်နေတဲ့တစ်ခုပေါ်မှာက တကယ့်ကို အကောင်းဆုံးချီ ရှိနေလေသည်။

တိုက်ဆိုင်မှုလား ဒါမှမဟုတ်….။

RENH
Author: RENH
ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ  သေဆုံး

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့ လက်မောင်းမှာ သေဆုံး

每次都死在男主懷裏【快穿】
Score 7.4
Status: Ongoing Type: Author: , , Artist: , Released: 2017 Native Language: Chinese

Description

'ချမ်းသာတဲ့သရဲသခင်လေး' ဆိုတဲ့ ဝတ္ထုထဲမှာ အမျိုးသားဇာတ်ဆောင် ရှီချီက ရက်စက်တဲ့သူပင် နင်းမုန် သေဆုံးသွားပြီးတော့ သူမက သူ့နားပတ်လည်က လူ တွေထဲ ဆက်တိုက် ကူးပြောင်းခဲ့သည်။ပထမဆုံးအကြိမ် အမျိုးသားဇာတ်ဆောင် ၇ နှစ်မှာ သူက သူရဲ့ ဘက်လိုက်ပြီး အငြိုးကြီးတဲ့အဘွား ဖြစ်လာခဲ့သည်။ဒုတိယအကြိမ် သူ ၁၇ နှစ်မှာတော့ သူက သူ့ရဲ့ ပိုက်ဆံကို လုယူတတ်တဲ့ မိန်းကလေးအတန်းဖော် ဖြစ်လာခဲ့သည်။တတိယအကြိမ် သူ၂၁ နှစ်မှာတော့ သူမက သူ့ရဲ့ မျက်နှာနှစ်ဖက်နဲ့အချစ်ပြိုင်ဘက် ဖြစ်လာခဲ့သည်။စတုတ္ထအကြိမ်မှာတော့ သူမက သူမရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်နဲ့အတူ ဝတ္ထုထဲ လုံးဝ ကူးပြောင်း သွားခဲ့တော့သည်။ရှီချီ ငယ်ငယ်တုန်းက သူက သူ့အဘွားရဲ့ ထူးဆန်းတဲ့အမူအရာတွေကို မှတ်ထား တတ်တဲ့ လျှို့ဝှက်ဒိုင်ယာရီ စာအုပ်သေးသေးလေးကို ယူသွားတတ်တဲ့အကျင့်ရှိ သည်။နောက်ပိုင်း သူသဘောပေါက်လာမိတာက သူ့အပေါ်ကောင်းပေးတဲ့လူက သူရဲ့ အဘွားအစစ် မဟုတ်ဘဲ လေလွင့်နေတဲ့ သရဲတစ်ကောင်က သူအဘွားရဲ့ကိုယ် ကို အပိုင်ယူထားတယ်ဆိုတာပင်။နောက်ပိုင်း သူကြီးပြင်းလာတော့ အဲ့ပြောင်းလဲမှုတွေက သူနား ပတ်လည်က လူ တွေမှာပါ ဖြစ်ပေါ်လာခဲ့တယ်ဆိုတာကိုပဲ။- ယင်ယန် မျက်လုံးတွေရှိပြီး ဟန်များတဲ့ အမျိုးသမီးဇာတ်ဆောင်ဆိုပေမယ့် သရဲတွေကို တားဆီးနိုင်သလို စကားတွေထက် လက်တွေ့ကျကျ လုပ်ပြတတ်ပြီး အသဲနှလုံးမရှိတဲ့ အမျိုးသားဇာတ်ဆောင်ကိုတော့ သူမ ကြောက်ပါသည်။

Comment

Leave a Reply

you're currently offline

Options

not work with dark mode
Reset