အပိုင်း (၄၄)
အမျိုးသမီးအန်း၏ အသက် ၅၀ ပြည့် မွေးနေ့ပွဲကို ကျင်းပပြီးသွားသောအခါ သူတို့မိသားစုသည် ဆွေမျိုးများနှင့် မိတ်ဆွေများကြားတွင် နာမည်ကြီးသူများ ဖြစ်သွားကြ၍ အန်းရှသည်လည်း သမီးကောင်းတစ်ယောက်ဟူ၍ပင် ဖြစ်သွားလေတော့သည်။
သူတို့၏ နေအိမ်ဖြစ်သော ဥယျာဉ်ကြီးသည်လည်း အများအားကျရသော တည်နေရာတစ်ခု ဖြစ်လာတော့သည်။
အန်းမိသားစုနေထိုင်ရာ ဥယျာဉ်ကြီးသည် မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းလှသောကြောင့်သာ မဟုတ်လျှင် ထိုဥယျာဉ်ကြီးသည် အလွန် သက်ဝင်လှုပ်ရှားနေမည်သာ ဖြစ်သည်။
ယခုတွင် လူများသည် အန်းရှ၏ အတင်းအဖျင်းများကို မပြောရဲတော့သည်သာ မကဘဲ သူမ၏ မိဘများသည်လည်း သူမကို လွဲမှားစွာ ပျိုးထောင်ပေးခဲ့သည်ဟူ၍ မပြောရဲကြတော့ပေ။
အိမ်နီးချင်းများသည်လည်း အန်းရှကို သူတို့၏ ဆွေမျိုးများနှင့် အိမ်ထောင်ချပေးနိုင်စေရန် အလို့ငှာ အောင်သွယ်တော်များပင် ဖြစ်လာကြပြီဖြစ်သည်။ အန်းရှကို သူတို့၏ သားများ တူများနှင့် အောင်သွယ်ပေးရန်ပင် စီစဉ်နေကြတော့သည်။
အန်းရှသည် တစ်ကြိမ်တစ်ခါ ကွာရှင်းခဲ့ဖူးသူ ဖြစ်သော်လည်း ကြည့်ကောင်းနေသေး၍ ချမ်းသာကြွယ်ဝသူလည်း ဖြစ်သည်။
ဥယျာဉ်ကြီးကိုလည်း အန်းမိသားစုအတွက် အန်းရှမှ စီစဉ်ပေးထားခြင်း ဖြစ်လေသောကြောင့် သူတို့၏ သားသမီးများ၏ ပိုင်ဆိုင်မှုပင် ဖြစ်လေသည်။
ထို့ကြောင့် အန်းရှသည် မတွေ့ဖူးသူနှစ်ဦး၏ တွေ့ဆုံနိုင်ရန် ချိန်းဆိုပေးမှုနယ်ပယ်တွင် နာမည်ကြီးနေလေတော့သည်။
မွေးနေ့ပွဲ ပြီးဆုံးသည့်နေ့မှစ၍ အန်းရှသည် ချိန်းဆိုမှုပေါင်းများစွာကို လက်ခံရရှိနေတော့သည်။
ယခင်က အင်တာနက်စွဲလမ်းသူတစ်ဦး ဖြစ်လာခဲ့သည့် အန်းရှသည် ထိုကိစ္စများမှ ရုန်းထွက်နိုင်ခြင်းမရှိသလို ထိုချိန်းတွေ့ရန် စီစဉ်မှုများကိုလည်း စိတ်ဝင်စားခြင်း မရှိချေ။
အင်တာနက် စွဲလမ်းနေသူတစ်ဦးဖြစ်သည့် အန်းရှအတွက် အချိန်ကုန်လွန်မှုသည် မြန်ဆန်လှလေသည်။
သူမ၏ရှေ့မှောက်သို့ ချန်ရွှယ်မင် ရောက်ရှိလာသောအခါမှ အချိန်များစွာ ကုန်လွန်သွားမှုကို သတိပြုမိလေသည်။
ထိုနေ့တွင် သူတို့သည် ရှုန်ထျန်း အိမ်ခြံမြေကုမ္ပဏီကို ရယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ကြလေသည်။
“ရှရှ… ရှုန်ထျန်း အိမ်ခြံမြေကုမ္ပဏီကိစ္စကို ငါတို့တာဝန်ထားလိုက်။ နင် မဖြစ်မနေ လာကြည့်စရာလည်း မလိုဘူး။ ငါ ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်။ အဲဒီအချိန်ကျရင် နင်လုပ်ပေးရမှာက လက်မှတ်ထိုးဖို့ပဲ…”
ချန်ရွှယ်မင်သည် အန်းရှကို လာခေါ်ချိန်တွင် သူမသူငယ်ချင်း၏ အနေအထားကို သတိမထားမိချေ။
မြို့ပေါ်တွင် သူမနှင့် နောက်ဆုံးတွေဆုံချိန်၌ သူမ၏သူငယ်ချင်းသည် မျက်တွင်းများပင် ချောင်ကျနေသည်မှာ သိသာထင်ရှားလှလေသည်။
သူမနှင့် မတွေ့ဆုံခဲ့ရသည့် တစ်လအတွင်းတွင်ပင် သူငယ်ချင်းဖြစ်သူသည် လန်းဆန်းတတ်ကြွလို့နေသည်။ သူမသည် အသက် ၁၈ နှစ်၊ ၁၉ နှစ်အရွယ် လူငယ်လေးကဲ့သို့ပင် သိမ်မွေ့နူးညံ့၍ ချောမောလှပနေလေသည်။
“ဟုတ်ပြီ။ ကျေးဇူးပါပဲ မင်မင်…”
အန်းရှသည် ချန်ရွှယ်မင်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်လေသည်။ သူမ၏ စိတ်ထဲတွင်တော့ မင်မင်သည် အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိသော သန်မာသော အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ထားလေသည်။
သူမသည် လေးစား အားကျစရာကောင်းသော စိတ်ဓာတ်ကြံ့ခိုင်သည့် မိန်းမတစ်ယောက်ဖြစ်သည်။
ချန်ရွှယ်မင်သည် အန်းရှ၏ ချစ်ခင်မြတ်နိုးနေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ ရယ်ချင်မိသွားလေသည်။
အမှန်တကယ်တွင် အဆင့် ၁၈ တွင်ရှိနေသော မြို့တစ်မြို့မှ မကျယ်ဝန်းလှသော ရှုန်ထျန်းကဲ့သို့ အိမ်ခြံမြေကုမ္ပဏီကို ရယူခြင်းမှာ သူတို့အတွက်တော့ ဘာမျှမပြောပလောက်ပေ။
ထိုအလုပ်သည် မည်သို့မျှ ခက်ခဲလှသော ကိစ္စမဟုတ်ချေ။
အလုပ်အပ်သူမှာ အန်းရှသာ မဟုတ်လျှင် ချန်ရွှယ်မင်သည် ထိုကိစ္စကို လှည့်၍ပင် ကြည့်လိမ့်မည် မဟုတ်ချေ။
သို့သော် ချန်ရွှယ်မင်သည် ထိုကိစ္စကို အလေးအနက်ထား၍ သူမကိုယ်တိုင်ပင် နာမည်ကြီး ပညာရှင်အဖွဲ့ကိုပါ ခေါ်ယူခဲ့လေသည်။
အဆင့် ၁၈ တွင်ရှိနေသော ကုမ္ပဏီလေးအတွက် ထိုအဖွဲ့ကို အသုံးပြုရခြင်းမှာ အလွန်ဆိုးသောကိစ္စပင်။
ရှုန်ထျန်းအိမ်ခြံမြေကုမ္ပဏီသည် နာမည်မရှိဘဲ သေးငယ်လှသော ကုမ္ပဏီလေးတစ်ခု ဖြစ်လေသည်။ သူတို့၏ မတည်ရင်းနှီးငွေသည်လည်း အရှုံးပေါ်နေသောကြောင့် အလွန်ပင် ဆိုးရွားလှလေသည်။ ထိုကုမ္ပဏီကို ရောင်းချင်နေသည်သာဖြစ်သည်။ ထိုကုမ္ပဏီသည် ချန်ရွှယ်မင်၏ အလွန်တော်သော ပညာရှင်အဖွဲ့နှင့် တွေ့ဆုံနေရပြီ ဖြစ်သည်။
နောက်ဆုံးရလဒ်ကိုပင် ခန့်မှန်းနေနိုင်ပြီဖြစ်သည်။ ရှုန်ထျန်းအိမ်ခြံမြေကုမ္ပဏီကို ဈေးကွက်မှ သင့်တော်သော ဈေးအနိမ့်ဆုံးဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။
အန်းရှသည် စာချုပ် ချုပ်ဆိုချိန်တွင် ဈေးနှုန်းကို တွေ့လိုက်ရသောအခါ ပျော်ရွှင်သွားတော့သည်။
အထူးသဖြင့် ချန်ရွှယ်မင်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ အန်းရှသည် ဘဏ်ချေးငွေများကိုပါ ရရှိခဲ့လေသည်။
အန်းရှသည် ရှုန်ထျန်းအိမ်ခြံမြေကုမ္ပဏီကို ပိုက်ဆံများစွာ အသုံးမပြုရလေဘဲ ရရှိသွားတော့သည်။
“မင်မင်… နင်က အံ့သြစရာကောင်းလိုက်တာ။ နင့်ကို အလုပ်များသွားစေခဲ့ပြီ။ ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ပါဘူး…”
အန်းရှသည် ချန်ရွှယ်မင်ကို အနည်းငယ် ရှက်ရွံ့စွာဖြင့် ကြည့်လိုက်လေသည်။ သူမသည် ဤလောကထဲသို့ စတင်ရောက်ရှိလာချိန်မှစ၍ ထိုသူငယ်ချင်းဖြစ်သူ၏ စောင့်ရှောက်မှုကို ရယူလာခဲ့ရခြင်း ဖြစ်လေသည်။
ထိုအရာများသည် အန်းရှကို မျက်နှာပူသွားစေသည်။ သို့သော် သူမသည် ချန်ရွှယ်မင်မှလွဲ၍ အခြားမည်သူ့ကို အကူအညီတောင်းရမည်ကို မသိတော့ချေ။
“ရှရှ… နင်ငါ့ကို အဲဒီလောက် ယဉ်ယဉ်ကျေးကျေး ပြောနေစရာ မလိုပါဘူး။ ငါဒီနေ့ ဒီလိုအခြေအနေအထိ ရောက်နေတာက နင့်ရဲ့ ကျေးဇူးကြောင့်ပဲလေ…” ချန်ရွှယ်မင်သည် ပြုံး၍ စိတ်လှုပ်ရှားစွာ ပြောပြနေလေသည်။
သူမသည် ယခင်တုန်းက အန်းရှထံမှ အကူအညီများ ရရှိလက်ခံခဲ့ရသည်။ ယခုအချိန်တွင်တော့ အန်းရှသည်လည်း သူမကဲ့သို့သာ ခံစားနေရပြီ ဖြစ်လေသည်။
သူမသည် သူငယ်ချင်းကို မည်ကဲ့သို့ ကျေးဇူးဆပ်ရမည်ကို မသိရှိခဲ့ပေ။ သူမသည် ဤဘဝတွင်တော့ ပြန်လည်ပေးဆပ်နိုင်စွမ်း မရှိနိုင်တော့ဘူးဟုသာ ထင်မိခဲ့လေသည်။
လောကကြီးသည် မထင်မှတ်နိုင်သော ကိစ္စများနှင့်သာ ပြည့်နှက်နေတော့သည်…
“ရှရှ… နင့်ငါ့ကို ရှေ့နေခ အများကြီး ပေးထားပြီးသားလေ။ ဒီကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ငါကူညီပေးရမှာပေါ့။ ပြီးတော့ နင်က ငါ့ရဲ့အမှုသည်ပဲလေ…”
ချန်ရွှယ်မင်၏ စကားလုံးများကို ကြားလိုက်ရသောအခါ နောက်ဆုံးတွင် သူမသည် မူလပိုင်ရှင်ကို စာနာထောက်ထားခြင်းကြောင့် အရာအားလုံး ဆုံးရှုံးသွားခဲ့ရသည့် အကြောင်းကို တွေးမိသွားလေတော့သည်။
သူမ လက်မခံနိုင်ချေ။ သူမ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သူကို ထိုကဲ့သို့သော ထိုကိစ္စများနှင့် နောက်တစ်ကြိမ်ကြုံတွေ့ရန် လက်မခံနိုင်တော့ချေ။
ယခုအချိန်တွင် သူမသည် ဇာတ်ညွှန်းထဲကအတိုင်း အမျိုးသားဇာတ်ဆောင်ကို တွယ်ကပ်နှောင့်ယှက်နေခြင်း မဟုတ်သောကြောင့် ချန်ရွှယ်မင်သည်လည်း ထိုကဲ့သို့သော ဒုက္ခမျိုးနှင့် နောက်တစ်ဖန် ကြုံတွေ့ရတော့မည် မဟုတ်ပေ။
အန်းရှသည် အတွေးထဲတွင် နစ်မျောနေချိန်တွင် ချန်ရွှယ်မင်၏ ဖုန်းသည် အသံမြည်လာခဲ့လေသည်။
ချန်ရွှယ်မင်သည် ဖုန်းပေါ်မှ အမည်ကို တွေ့မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားတော့သည်။
သူမသည် အန်းရှကို ပြုံး၍ ပြောလိုက်လေသည်။ “ရှရှ… ငါ အပြင်ထွက်ပြီး ဖုန်းခဏ ပြောလိုက်ဦးမယ်နော်…”
“အင်း… သွားလေ…”
ချန်ရွှယ်မင်သည် အလုပ်များလှသူ ဖြစ်သောကြောင့် အလုပ်နှင့်ပတ်သက်သော ကိစ္စများကို ပြောဆိုရန် အပြင်ထွက်သွားသည်ဟုသာ အန်းရှအနေဖြင့် ထင်မိခဲ့သည်။
ထိုဖုန်းခေါ်ဆိုမှုသည် သူမနှင့်သာ ပတ်သက်မှုရှိနေလေသည်။
အန်းရှ၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက်တွင် ချန်ရွှယ်မင်သည် ဖုန်းမကိုင်မီ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုနေလေသည်။
သူမ၏ မျက်နှာအနေအထားသည် သိသာစွာပင် ပြောင်းလဲသွားလေသည်။
နူးညံ့ပျော့ပြောင်းနေသော အသွင်အပြင်မှသည် အေးစက်မှုသို့ ပြောင်းလဲသွားလေသည်။
“ဟဲလို…”
“ဟေး… မင်မင်။ ငါ နင့်ကိုတောင်းဆိုတာပါ။ ရှရှကို ဆက်သွယ်နိုင်ဖို့ အချက်အလက်လေးတွေ ပေးပါလား။ ငါသူ့ကို တောင်းပန်ချင်လို့ပါ…”
ဖုန်း၏ တစ်ဖက်ခြမ်းတွင်တော့ အပြစ်ရှိသကဲ့သို့ ခံစားနေရပြီး မိမိကိုယ်ကို အပြစ်တင်နေသကဲ့သို့ နူးညံ့သော လေသံရှိသည့် မိန်းကလေးတစ်ဦး၏ အသံပင် ဖြစ်လေသည်။
ထိုအသံသည် အလွန်ရိုးရိုးသားသား ပြောနေပုံရသည်။
“ဟေး… ထောင်ကျစ်ရှင်း… နင်သူ့ကို ရှရှလို့ခေါ်ဖို့ မတန်ပါဘူးဟာ။ နင်သူ့ကို ဘယ်လောက်တောင် ဆိုးဝါးတဲ့ ကိစ္စတွေလုပ်ခဲ့သလဲဆိုတာ နင့်ကိုယ်နင် မသိဘူးလား…”
“မင်မင်… ကျေးဇူးပြုပြီး ငါ့ကို အထင်မလွဲပါနဲ့ဟာ။ ငါနဲ့ မော့ယွီစန်းက ဘာမှ မပတ်သက်ပါဘူး။ အတန်းဖော်ဟောင်းတွေ ဖြစ်နေကြတာကလွဲပြီး ငါတို့က သာမန် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးပါပဲ…”
“ဟားဟား… သာမန် အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးတဲ့လား…”
ချန်ရွှယ်မင်သည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်ပျက်သွားလေတော့သည်။