အပိုင်း (၄၁)
ဤသည်မှာ သူ့ညီမလေး၏ မိဘများအပေါ်တွင် လေးစား တန်ဖိုးထားခြင်းပင် ဖြစ်လေသည်။ မိဘများအနေဖြင့် အရှက်ရဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ရှိနေလျှင် ထိုအရာများထံမှ ပုန်းရှောင်နေရမည်သာ ဖြစ်သည်။
“ရှောင်သုန်ပြောတာ မှန်တယ်။ ကျွန်မတို့ အခြားသူတွေကို ပြောပြရမယ်။ သူပြောသလိုဆိုရင်လည်း သိပ်မဆိုးပါဘူး။ အမေ့ရဲ့ မွေးနေ့ကို ရှရှရဲ့ ဒီဥယျာဉ်ကြီးထဲမှာ ကျင်းပတာက ပိုကောင်းတာပေါ့”
အန်းချောင်ရှုန်းသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အမျိုးသမီးအန်း၏ မွေးနေ့ပွဲကို ဤဥယျာဉ်ထဲတွင် ကျင်းပရန် ဆုံးဖြတ်ပေးလိုက်တော့သည်။
“တစ်ချက်က မင်းရဲ့မွေးနေ့ပွဲကို ကျင်းပပေးဖို့၊ နောက်တစ်ချက်က အိမ်တက်ပွဲလုပ်ပြီး အခြားသူတွေကို ဒီနေရာကို ဖိတ်ခေါ်ဖို့”
သူတို့၏ ကလေးမလေးကတော့ ဤနေရာသည် သူတို့၏ အပန်းဖြေနေရာလေးသာ ဖြစ်သည်ဟု ပြောလေသည်။
လင်ရှန်းပျယ်ယွမ်ကို ဆောက်လုပ်ပြီးစီးသောအခါတွင် သူတို့သည် ထိုနေရာသို့ ပြောင်းရွှေ့ကြမည်သာ ဖြစ်သည်။
သို့သော် လင်မယားဖြစ်သူ၏ စိတ်ထဲတွင်တော့ ဤနေရာတွင် နေထိုင်ရခြင်းသည် ပြီးပြည့်စုံနေပြီ ဖြစ်၍ စံအိမ်ကြီးဆီသို့ မပြောင်းရွှေ့ချင်တော့ပေ။
“ကောင်းပါပြီ… ငါတို့က ငါတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို ကြွားဝါလိုက်သလို ဖြစ်နေမှာစိုးလို့ပါ။ တစ်ယောက်ယောက်က အန်းရှနဲ့ မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ”။ အမျိုးသမီးအန်းသည် အနည်းငယ်စိုးရိမ်လျက် ပြောလေသည်။ သူတို့နေထိုင်နေရသော နေရာသည် အလွန် ကောင်းမွန်လှလေသည်။
ဥယျာဉ်ကြီးကို ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းသည် အလုံးစုံ မပြီးစီးသေးသော်လည်း ဥယျာဉ်ကြီး သက်သက်ကပင် အတော်လေး လှပနေပြီဖြစ်သည်။
အသုံးပြုရသော ကိရိယာပစ္စည်းများသည် ဈေးမသက်သာလှပေ။
ထိုနေရာသည် ၆၀၀၀ စကွဲယားမီတာ ကျယ်ဝန်းလှသည်လေ။
ထိုကဲ့သို့ ကြီးကျယ်လှသော မြေနေရာကို ငှားရမ်းလိုက်ခြင်းသည် များစွာ ကုန်ကျမည်သာ ဖြစ်သည်။
“စိတ်မပူပါနဲ့… မင်းရဲ့ သမီးက အဲဒီလောက်လည်း တုံးအတဲ့သူ မဟုတ်ပါဘူးကွာ။ မင်းမတွေ့ဘူးလား။ မင်းရဲ့သမီးက ငါတို့အတွက်ပဲ ပိုက်ဆံတွေ သုံးနေတာကို”။ အန်းချောင်ရှုန်းသည် ရယ်မော၍ ပြောဆိုနေလေသည်။
သူတို့၏ သမီးငယ်လေးသည် ကောင်းမွန်၍ သားသမီးဝတ္တရား ကျေပွန်လှလေသည်။
“ဟီးဟီး… အဲဒါတော့ဟုတ်တယ်။ ငါတို့ရဲ့ သမီးလေးက အိမ်ပြန်ရောက်ကတည်းက ငါတို့ရဲ့အနားမှာပဲနေပြီး အဖော်ပြုပေးနေတာ”
နောက်ဆုံးတွင်တော့ အန်းမျိုးရိုး သုံးဦး၏ ဆွေးနွေးပြောဆိုခြင်းများသည် အဆုံးသတ်သွားတော့သည်။ အမျိုးသမီးအန်း၏ မွေးနေ့ပွဲကို ဤဥယျာဉ်ထဲတွင် ကျင်းပမည်သာဖြစ်ပြီး သူတို့ အရင်က ငှားရမ်းထားသော ဟိုတည်ခန်းကိုတော့ ဆက်လက်၍ မငှားရမ်းဖြစ်တော့ချေ။
အန်းမိသားစုသည် မွေးနေ့ပွဲပြုလုပ်ရန် သူတို့ငှားရမ်းထားသော ဟိုတယ်ကို ဘိုကင်ဖျက်သိမ်းလိုက်ခြင်းက သူတို့၏ ဆွေမျိုးများကို အတွေးများသွားစေလိမ့်ကိုတော့ သူတို့ မသိခဲ့ကြပေ။
ရှဟယ်မြို့သည် မြို့ငယ်လေး တစ်မြို့သာဖြစ်ငည်။ ထို့ကြောင့် မြို့တွင်းတွင် လျှို့ဝှက်ချက်ဟူ၍ မရှိသလောက်ပင်။
အန်းသုန်သည် အဆင့်မြင့်မြင့် ကျင်းပရန်စီစဉ်ထားသော မွေးနေ့ပွဲကို ဖျက်သိမ်းလိုက်သောကြောင့် နောက်ဆက်တွဲအနေဖြင့် ထိုသတင်းသည် ပျံနှံသွားလေတော့သည်။
တစ်ရက်အတွင်းမှာပင် ဆွေမျိုးများနှင့် မိတ်ဆွေများသည် အမျိုးသမီးအန်း၏ မွေးနေ့ပွဲ ဖျက်သိမ်းလိုက်သည့် သတင်းကို သိသွားကြလေတော့သည်။
“သုန်ကျစ်က အမျိုးသမီးအန်းရဲ့ မွေးနေ့ပွဲကို ဘာကြောင့် ဖျက်လိုက်တာလို့ နင်ပြောလိုက်တာလဲ…”
“ဘယ်သူ သိမှာလဲ။ သူတို့ ပိုက်ဆံမရှိတော့လို့ နေမှာပေါ့…”
“မဖြစ်နိုင်တာ… ငါ အရင်ရက်ပိုင်းတုန်းက ကြားတာကတော့ အန်းရှက ချမ်းသာတယ်တဲ့။ အမျိုးသမီးအန်းရဲ့ မွေးနေ့အတွက် ကုန်ကျစရိတ်ကို သူပဲပေးမှာတဲ့…”
“ဟားဟား… မဖြစ်နိုင်တာ။ ငါကြားထားတာကတော့ အဲဒီကောင်မလေးက သူ့ရဲ့ ချမ်းသာတဲ့ ယောက်ျားရဲ့ စွန့်ပစ်လိုက်တာကို ခံလိုက်ရတာတဲ့။ သူမက အခု ဆင်းရဲတဲ့ မိန်းမဖြစ်သွားပြီး ဘာမှလည်း မရှိတော့ဘူးတဲ့…”
“အဲဒီ ကောင်မလေးရဲ့ဘဝက သေချာပေါက်ကို ခက်ခဲနေမှာပဲ။ အဲဒါကြောင့် အန်းမိသားစုက မွေးနေ့ပွဲ မကျင်းပတော့တာလေ။ ပြီးတော့ အားလုံးသိကြတဲ့အတိုင်း သူတို့မိသားစုက အဲဒီ ကလေးမလေးကို ဘယ်လောက်တောင် ချစ်လိုက်ကြသလဲ…”
“အဲဒီကောင်မလေးက မိသားစုက အလိုလိုက်ထားလို့ ပျက်စီးနေတာလေ။ ဘယ်လောက်တောင် လည်လိုက်သလဲလို့…”
“မဟုတ်သေးပါဘူး… သူမက ကွာရှင်းထားတာလား။ ငါ ဘာဖြစ်လို့ မသိလိုက်တာလဲ…”
“ဟေး… အဲဒီကိစ္စက အဲဒီလင်မယားအတွက် လွယ်ကူမှာမဟုတ်ဘူး။ သူတို့က အိုနေကြပြီလေ။ ဒါတောင် သူတို့ကလေးတွေအတွက် စိုးရိမ်ပေးနေကြသေးတယ်…”
“အန်းမိသားစုက တကယ်ကို ပိုက်ဆံမရှိကြတော့ဘူး ထင်တယ်။ ငါကြားတာကတော့ သူတို့ ဆယ်နှစ်လောက်ဖွင့်လာကြတဲ့ မနက်စာဆိုင်ကိုတောင် ပိတ်လိုက်ပြီတဲ့။ ကြည့်ရတာ သူတို့ ပိုက်ဆံရှာဖို့ တော်တော်ကို အလျင်လိုနေကြတာ ထင်တယ်…”
“အန်းမိသားစုက အိမ်ကို ပြန်မလာကြတာ ရက်နည်းနည်းကြာနေပြီဆိုတော့ တစ်ခုခုများ ဖြစ်နေကြတာများလား…”
“အဲဒီကလေးမလေးက သားသမီးဝတ္တရား မကျေပွန်လိုက်တာ…”
“အဲဒီကလေးမလေးက နောင်အနာဂတ်မှာ နောက်ထပ် အိမ်ထောင်ပြုနိုင်တော့မှာ မဟုတ်ဘူး…”
“အဲဒီ လူအိုလင်မယားရဲ့ ဘဝကတော့ စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ….”
“ဘာဖြစ်လို့ အဲဒီကောင်မလေးကို ပညာသင်ပေးနေရတာလဲ မသိဘူးနော်။ အသုံးမှမဝင်တာ။ တစ်ယောက်ယောက်နဲ့ စောစောစီးစီး အိမ်ထောင်ချပေးလိုက်ရင် ပြီးနေတဲ့ဟာကို…”
…
လူများအားလုံးသည် အန်းရှအကြောင်းကို မကျေမနပ်ဖြင့် ပြောဆိုနေကြလေသည်။ အိမ်ကို ငါးနှစ်ကြာအောင် ပြန်မလာလေဘဲ သားသမီးဝတ္တရား မကျေပွန်ခဲ့သော ကောင်မလေးသည် အိမ်ကို ပြန်ရောက်သည်နှင့် မိသားစုသည် ချွတ်ခြုံကျသွားရသည် ဟူ၍။
သူတို့၏ များစွာပြောင်းလဲနေသော အမြင်အရ သားသမီးဝတ္တရား မကျေပွန်သည့် အန်းရှဟူ၍ပင်။