အပိုင်း (၃၃)
အန်းရှသည် သူမ၏ ပါးမို့များကို ကိုင်လိုက်လျက် သေသေချာချာ စဉ်းစားပြီးနောက်တွင် မှတ်မိသွားလေတော့သည်။
သူမသည် နေကောင်းခါစတွင် ပျင်းရိနေလေသောကြောင့် အင်တာနက် အသုံးပြုရင်းဖြင့် ‘ဘဝ၏ အနားယူအပန်းဖြေချိန်’ ဆိုသည့် တီဗွီအစီအစဉ်အကြောင်းကို တွေ့မြင်ဖူးလေသည်။ ထိုတီဗွီရှိုးသည် အနုပညာရှင်များ၏ ကျေးလက်ဒေသများသို့သွားရောက်၍ ဘဝ အတွေ့အကြုံယူကြသည့် အစီအစဉ်တစ်ခု ဖြစ်လေသည်။
သူမသည် ထိုအစီအစဉ်၏ အစမ်းထုတ်လွှင့်မှုကို ကြည့်လိုက်ရသောအခါ စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ခံစားမိလေသည်။ ထို့ကြောင့် ထိုအစီအစဉ် ထုတ်လွှင့်လာလျှင် ကြည့်မည်ဟုလည်း စဉ်းစားထားမိလေသည်။
အဲဒါက အခုထုတ်လွှင့်နေပြီလား။ ထို့နောက် သူမအနေဖြင့် စောင့်ကြည့်စရာ အစီအစဉ်တစ်ခု ရှိသွားပြီ ဖြစ်သည်။
“ရှရှ…သွားကြစို့။ အိမ်ပြန်ပြီး ချက်ပြုတ်ကြမယ်”
“ဟုတ်…အမေ။ ဒီနေ့ သမီးချက်မယ်”
“သမီး…ဟင်းချက်တတ်လို့လား…”
အမျိုးသမီးအန်းသည် သမီးဖြစ်သူကို မယုံကြည်သော အကြည့်များဖြင့် သံသယဝင်စွာ ကြည့်လိုက်လေသည်။
ဤသည်မှာ သူမသည် သမီးဖြစ်သူကို အထင်အမြင်သေးခြင်းကြောင့် မဟုတ်ဘဲ အန်းရှသည် အိမ်အတွက် တစ်ခါမျှ ဟင်းမချက်ပေးဖူးသလို အိမ်အလုပ်များ လုပ်ဆောင်ရသည်ကိုလည်း မနှစ်သက်သောကြောင့်သာ ဖြစ်သည်။
ပိုးမွေးသကဲ့သို့ အလိုလိုက်ထားရသော သမီးဖြစ်သူသည် ဟင်းချက်ပေးမည်ဟု ပြောလာသောကြောင့်…
သူမသည် စနောက်နေခြင်းသာ ဖြစ်မည်လား။
သူမ၏ သမီးဖြစ်သူသည် စနောက်၍ ပြောနေခြင်းမဟုတ်ပါ။
သူမသည် အမှန်တကယ်ကို ချက်ပြုတ်တတ်လေသည်။
မီးဖိုချောင်ကျဉ်းကျဉ်းလေးထဲတွင် အန်းရှ၏ အမေသည် ဟင်းသီးဟင်းရွက်များကို ကျွမ်းကျင်စွာ ဖြတ်တောက်၍ ကြော်နေသော သမီးဖြစ်သူကို ကြည့်နေမိလေသည်။
များပြားလှစွာသော အရသာရှိလှသည့် ဟင်းပွဲများကို စားပွဲပေါ်တွင် တည်ခင်းပြီးနောက်တွင် အမျိုးသမီးအန်းသည် စိတ်မပျော်မရွှင် ဖြစ်နေလေသည်။
ထိုအချိန်တွင် သူမ၏နှလုံးသားထဲတွင် အလွန်အမင်း စိတ်မသက်မသာဖြစ်မှုကိုသာ ခံစားနေရလေသည်။
နှစ်ပေါင်းများစွာအတွင်း သူမကို မှားယွင်းစွာ ပြုစုပျိုးထောင်ခဲ့မိသည်လား…
သူမသည် ထမင်းကို မည်ကဲ့သို့ ချက်ရမည်ကိုလည်း သိလေသည်…ဤသည်က ကောင်းမွန်သောကိစ္စ ဖြစ်လေသည်။
သူမ၏ ယောက်ျားဖြစ်သူသည် အလွန်ချမ်းသာသည်ဟု သူမ ပြောခဲ့သည် မဟုတ်လား။ ထိုကဲ့သို့ဆိုလျှင် တစ်ခါမျှ မချက်ပြုတ်ဖူးသော သူမ၏ သမီးလေးသည် အဘယ်ကြောင့် အချက်အပြုတ် ကျွမ်းကျင်နေရသနည်း။
ထိုအရာကို ကြည့်ရှုခြင်းအားဖြင့် ဟင်းမချက်တတ်သော သူတစ်ယောက်သည် လေး၊ ငါးနှစ်အတွင်းတွင် ထိုဟင်းပွဲများအားလုံးကို ချက်ပြုတ်တတ်ရန် ဖြစ်နိုင်ပါမည်လား။
သူမသည် နှစ်ပေါင်းများစွာကြာအောင် ချက်ပြုတ်လာခဲ့သော်လည်း သူမကဲ့သို့ အရသာရှိအောင်တော့ မချက်ပြုတ်တတ်ပေ။
အမျိုးသမီးအန်းသည် ဟင်းချက်ရင်း အလုပ်များနေသော အန်းရှ၏ နောက်ကျောကိုသာ စိတ်မသက်သာစွာဖြင့် ကြည့်နေရင်း မျက်ရည်များကို တိတ်တဆိတ် သုတ်နေလေတော့သည်။
သူမသည် အပြင်လောကတွင် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရမည်သာ ဖြစ်မည်။
သူမ၏ စရိုက်လက္ခဏာသည်လည်း ပို၍ နူးညံ့သိမ်မွေ့လာခဲ့သည်။ သူမသည် မိမိအပေါ်တွင် မချစ်မနှစ်သက်သောသူကို ကျေနပ်စေရန်အတွက် များစွာ ပြုပြင်ပြောင်းလဲပေးခဲ့ရသည်သာ ဖြစ်မည်။ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် ယနေ့ကဲ့သို့ပုံစံမျိုး ဖြစ်သွားရသည်သာ ဖြစ်မည်။
အမျိုးသမီးအန်းသည် သူမ၏ စိတ်ထဲတွင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးနေသကဲ့သို့ ဖြစ်နေသည်ကိုတော့ သိနိုင်မည် မဟုတ်ချေ။
မူလပိုင်ရှင်သည် လွန်ခဲ့သော ငါးနှစ်အတွင်းတွင် မှားယွင်းခဲ့သော်လည်း သူမတွင် စိတ်ပိုင်းဆိုင်ရာ နာကြည်းမှုများသာရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ နစ်နာမှုတော့ မရှိခဲ့ပါ။
အန်းရှသည် ဟင်းလျာများကို အရသာကောင်းမွန်စွာ ချက်ပြုတ်နိုင်ရခြင်းမှာ ရွှေလက်ချောင်းလေးကြောင့်သာ ဖြစ်လေသည်။
သူမသည် အာရုံခံစားနိုင်စွမ်းကောင်းသော လျှာအရသာခံနိုင်မှုကြောင့် ဟင်းလျာဖန်တီးနေနိုင်ခြင်း ဖြစ်သည်။ သူမသည် ချက်ပြုတ်ခြင်းထက် အရသာခံစားနိုင်စွမ်း ပိုရှိလေသည်။
အန်းရှသည် အန်းမိသားစု၏ ကျန်းမာရေးကို ထိန်းသိမ်းပေးချင်သောကြောင့် သူမ၏ ရွှေလက်ချောင်းကိုအသုံးပြု၍ ဟင်းလျာတိုင်းတွင် အာဟာရဓာတ်များကို အလိုအလျောက် ဖြည့်စွက်မိသွားသည်။ ထို့ကြောင့် သူမ ချက်ပြုတ်သော ဟင်းလျာများသည် အလွန် အရသာရှိနေရခြင်း ဖြစ်လေသည်။
ထိုအရသာသည် ပေါ့ပေါ့တန်တန်ချက်ပြုတ်၍ ရရှိလာနိုင်သော အရသာမျိုးမဟုတ်ပေ။
အန်းချောင်ရှုန်း၊ အန်းရုံနှင့် အန်းသုန်တို့သည် အိမ်သို့ ပြန်ရောက်လာသောအခါ စားပွဲပေါ်တွင် အပြည့်တည်ခင်းထားသော အရသာရှိလှသည့် ဟင်းလျာများသည် အန်းရှ၏ လက်ရာဟု သိလိုက်ရသောအခါ အံ့သြသွားကြလေတော့သည်။
သူတို့အားလုံးသည် အန်းရှကို ကြည့်လိုက်လျက် ထိုင်ခုံတွင် ထိုင်ကြ၍ အစားအသောက်များကို မြည်းစမ်းလိုက်ကြသောအခါ ရောပွန်းနေသော ခံစားချက်များကို ရရှိလိုက်တော့လေသည်။
သူတို့သည် အမျိုးသမီးအန်း၏ ခံစားချက်များအတိုင်း တထေရာတည်း ခံစားလိုက်ရတော့သည်။
သူတို့သည် အရသာကောင်းမွန်လှသော အစားအသောက်များကို စားသုံးနေကြသော်လည်း သူတို့၏ နှလုံးသားထဲတွင် ခါးသက်မှုများနှင့်သာ ပြည့်နှက်နေလေသည်။
အန်းရုံသည်လည်း အလွန်စိတ်ထိခိုက်လျက် ရှိသောကြောင့် ငိုမိမလိုတောင် ဖြစ်နေတော့သည်။
သူတို့၏ မင်းသမီးလေးသည် အမှန်တကယ်ကို ပြောင်းလဲသွားပြီ ဖြစ်သည်။
ထိုအရာများသည် သူမ၏ ဆင်းရဲဒုက္ခပေါင်းများစွာကို ခံစားခဲ့ရမှုကြောင့် ဖြစ်လိမ့်မည်။
“အမေ၊ အဖေ၊ အစ်မ၊ အစ်ကို…အစားအသောက်တွေက အရသာရှိရဲ့လား”
သူမ၏ မိသားစုသည် ခေါင်းကိုသာ ညိမ့်ပြလိုက်ကြပြီး တိတ်တဆိတ်သာ စားသောက်နေကြသောကြောင့် သူမသည် အနည်းငယ် စိုးရိမ်လာမိတော့သည်။
အရသာ မကောင်းလို့များလား…
မဖြစ်နိုင်ပါ။ သူမ ချက်ပြုတ်ထားသော ဟင်းလျာများသည် အလွန်ကောင်းမွန်လှလေသည်။
“အင်း…အရသာရှိတာပေါ့။ ငါ့သမီး ချက်ထားတဲ့ ဟင်းလျာတွေက အရမ်းကို အရသာရှိတာပေါ့”
“ဟုတ်တယ်…ညီမလေး ချက်ပြုတ်ထားတဲ့ စားစရာတွေက အရမ်းကို အရသာရှိတယ်”
“ငါတို့နိုင်ငံမှာရှိတဲ့ အကောင်းဆုံး စားသောက်ဆိုင်တွေက ဟင်းလျာတွေထက် ပိုပြီး အရသာရှိတယ်”
အန်းရှ၏ ပျော်ရွှင်နေသော အမူအရာကို တွေ့မြင်လိုက်ရသောအခါ သူတို့သည် ထူးဆန်းသော အမူအယာတို့ကို မဖော်ထုတ်ဝံ့ဘဲ စိတ်ထဲတွင်သာ မြိုသိပ်ထားလျက် အန်းရှကို ပြုံး၍သာ ချီးကျူးနေလေတော့သည်။
အန်းမိသားစုသည် ထိုကလေးမလေးအပေါ်တွင် မှားယွင်းသော ခံစားချက်ကို မပေးသင့်ဟု စိတ်ထဲတွင် တူညီစွာ တွေးတော့နေမိကြသည်။
အန်းမိသားစုသည် သူမ ယခုကဲ့သို့ ချက်ပြုတ်ပေးသောကြောင့် များစွာ ပြန်လည် ပြုလုပ်ပေးလိမ့်မည်ဟု မမျှော်လင့် မထားမိခဲ့ပါ။
နေ့လယ်စာ စားပြီးနောက် အမျိုးသမီးအန်းနှင့် အန်းရုံသည် ပန်းကန်များကို သိမ်းဆည်းလိုက်လျက် ဆေးကြောရန် မီးဖိုချောင်ထဲသို့ ဝင်သွားလေတော့သည်။
အန်းရှသည် ဧည့်ခန်းကျဉ်းလေးတွင် ထိုင်နေလျက် အိမ်ဝယ်ယူမည့် အကြောင်းကို အန်းချောင်ရှုန်းနှင့် အန်းသုန်တို့နှင့်အတူ ပြောနေလေတော့သည်။
အန်းရှ၏ ကလေးတစ်ယောက်ကဲ့သို့ ပြုမူလျက် ကြိုးစားပြီးနောက်တွင် အိမ်ဝယ်ယူရန် သဘောမတူညီခဲ့သည့် လူကြီးနှစ်ဦးသည် နောက်ဆုံးတွင် လက်လျှော့လိုက်ရလေသည်။
အန်းရှသည် အိမ်အကြီးကြီးတွင် နေထိုင်ခဲ့သူဖြစ်၍ ယခုကဲ့သို့ အိမ်အသေးလေးဖြင့် မနေထိုင်လိုကြောင်းပြောကာ သူတို့နှင့်လည်း အတူနေထိုင်လိုကြောင်း ပြောပြလေသည်။
အန်းရှ၏ သနားစဖွယ် အမူအရာလေးနှင့်အတူ ထိုပြောဆိုပုံတို့ကြောင့် သူမကို ချစ်မြန်နိုးလှသော သူတို့သည် ဆန့်ကျင်ရန် မတတ်နိုင်တော့ပေ။
ထိုလင်မယားသည် အန်းရှအပေါ်တွင် အခွင့်အရေး မယူလိုသောကြောင့် အန်းရှနာမည်ဖြင့်သာ အိမ်ဝယ်ယူရန် စီစဉ်ကြလေသည်။
“ရှောင်သုန်…မင်းက အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်နေတာဆိုတော့ အိမ်ရှာဖို့က မင်းတာဝန်ပဲ။ ဒီအိမ်က မင်းညီမ နေမှာနော် သေချာရှာ။ မင်း အကောင်းဆုံးကို ရှာပေးရမယ်။ အရေးအကြီးဆုံးက ရှရှ သဘောကျတဲ့ အိမ်မျိုးပေါ့”
အဖေအိုကြီး၏ စကားကို ကြားလိုက်ရသောအခါ အန်းသုံသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။
ယခုအချိန်တွင် သူသည် အလွန်အမင်း နောင်တရနေလေသည်။ သူ့အနေဖြင့် ထိုအချိန်တုန်းက စိတ်လိုက်မာန်ပါ မပြုလုပ်ခဲ့သင့်ပေ။
ထို့အပြင် သူသည် ကုမ္ပဏီ၏ အဆက်အသွယ်ဖြင့် သင့်တင့်သောဈေးနှုန်းဖြင့် ကောင်းမွန်သော အိမ်တစ်လုံးကို သူမအတွက် ရှာပေးနိုင်လိမ့်မည်ဖြစ်သည်။
Telegram မှာ အပိုင်း ၁၄၂အထိ ရောက်ပါပြီနော်။