29 01
အခန်း ၂၉
“အန်းသုံ…ရှင်ရူးနေပြီလား။ ကျွန်မတို့က လက်ထပ်ကြတော့မှာလေ။ အဲဒါကို ရှင်က အခု အလုပ်ထွက်တော့မယ်ပေါ့”
“ဝမ့်ဝမ့် ကိုယ်ပြောတာကို နားထောင်ပါဦး…”
သူ၏ ချစ်သူဖြစ်သူ ဟယ်ယာဝမ့်နှင့် ဖုန်းပြောနေသော အန်းသုံသည် အကြောင်းစုံရှင်းပြရန် ပြင်နေသော်လည်း သူ့ချစ်သူ၏ စကားဖြတ်ပြောခြင်းကို ခံလိုက်ရလေတော့သည်။ “အန်းသုံ…ကျွန်မတို့က ငယ်တော့တာလည်း မဟုတ်ဘူး။ ရှင်လည်း သိနေတာပဲ…ကျွန်မရဲ့မိဘတွေက ကျွန်မတို့ကို အလွယ်တူနဲ့ သဘောတူခဲ့တာ မဟုတ်ဘူးလေ”
ဖုန်းထဲတွင် မွန်းကြပ်မှုများနှင့် ပြည့်နှက်နေလေတော့သည်။
အန်းသုံသည် နှလုံးသားထဲတွင် ခါးသက်မှုများကို ခံစားနေရလေသည်။
သူသည် အသက် ၂၈ နှစ်ရှိနေပြီ ဖြစ်ပြီး သူ၏ ကျောင်းပညာရေး မပြည့်စုံမှုကြောင့် လစာမြင့် အလုပ်အကိုင်များကို မရရှိနိုင်ခဲ့ပေ။
အလုပ်တစ်ခုတွင် လစာမြင့်မားနေခြင်းမှာလည်း သူ၏ အစွမ်းကုန် အလုပ်ကြိုးစားမှုကြောင့်သာ ဖြစ်သည်။
ပထမ နှနှစ်တာကာလတွင်တော့ သူသည် ငွေကြေးအနည်းငယ် စုဆောင်းနိုင်ခဲ့၍ သ သူ၏ချစ်သူဖြစ်သူကို တင့်တောင့်တင့်တယ် ထားနိုင်ပြီဖြစ်၍ လက်ထပ်ခွင့် တောင်းဝံ့ခဲ့သည်။
သူ၏ ချောမောလှပသော ချစ်သူသည် သူမအနေဖြင့် ကား၊ အိမ်ကဲ့သို့ အရာများကို မလိုအပ်ကြောင်းပြော၍ သူ့ကို လက်ခံခဲ့လေသည်။
သူမ၏ မိဘများ သဘောမတူခဲ့လျှင်တောင် သူနှင့် လက်ထပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သူ့အတွက်ကြောင့်နှင့် သူ့ချစ်သူသည် ဖိအားများကို နှစ်ပေါင်းများစွာကြာအောင် ခံစားခဲ့ရသောကြောင့် သူအနေဖြင့် အပြစ်ရှိသကဲ့သို့ ခံစားနေရလေသည်။
သူသည် စိတ်လိုက်မာန်ပါ မပြုလုပ်ခဲ့သင့်သော်လည်း ထိုကုမ္ပဏီတွင်တော့ ဆက်လက် လုပ်ကိုင်လိုစိတ် မရှိတော့ပေ။
အမှန်တကယ်တွင် ယနေ့ကဲ့သို့ သူ၏ ညီမလေး အိမ်ပြန်ရောက်သည်ဆိုသည့် ကိစ္စမျိုး မရှိခဲ့လျှင်တောင် တစ်နေ့တွင်တော့ သူထိုကုမ္ပဏီမှ ထွက်ရန် ဆုံးဖြတ်ထားလေသည်။
ပထမအချက်မှာ ရုတ်တရက် သူဋ္ဌေးရာထူးရရှိသွားလေသော မန်နေဂျာရှုန်းသည် သူ့ချစ်သူကို သဘောကျနေပြီး သူ့အပေါ်တွင်လည်း ပစ်မှတ်ထားနေခြင်းကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ သူအလုပ်လုပ်နေသော ရှုန်းထျန်း အိမ်ခြံမြေကုမ္ပဏီသည် ဒေဝါလီခံရခါးနီး အခြေအနေသို့ ရောက်ရှိနေလေပြီဖြစ်သည်။ ယခင်က သူသည် ကုမ္ပဏီ၏ လျော့ရဲလျက်ရှိသော အခြေအနေကို သိရှိခဲ့ရပြီး လုပ်ငန်း၏ လုပ်ငန်းစဉ်များသည်လည်း လုံးဝကို ပျက်စီးနေပြီ ဖြစ်လေသည်။
ထိုအကြောင်းအရာများက သူ့ကို ရုတ်တရက် အလုပ်ထွက်စေခဲ့သော်လည်း သူသည် တုန်လှုပ်ခြင်း မရှိပေ။
“ဝမ့်ဝမ့်…စိတ်မပူပါနဲ့။ ကိုယ်အလုပ်အသစ် တစ်ခုကို တတ်နိုင်သလောက် မြန်မြန် ထပ်ရှာပါ့မယ်။ ကိုယ်အဲဒီ ကုမ္ပဏီမှာ နှစ်ပေါင်းများစွာကြာအောင် အချက်အလက်တွေ အများကြီးကို စုဆောင်းမိထားပါတယ်။ အဲဒီအချက်အလက်တွေကိုသာ အခြား ကုမ္ပဏီတွေကို ပေးလိုက်မယ်ဆိုရင် ကိုယ်လည်း လစာနည်းမှာမဟုတ်တော့ဘူး”
ဘတ်စ်ကားစီး၍ အိမ်ကို အလောတကြီးပြန်နေစဉ်တွင်ပင် အန်းသုံသည် သူ့ချစ်သူကို စိတ်ရှည်စွာ ဖြေသိမ့်ပေးနေလေသည်။ သို့သော်လည်း ကံမကောင်းချင်တော့ သူ၏ ကြိုးပမ်းမှုမှာ အလုပ်မဖြစ်ခဲ့ပေ။
“အန်းသုံ…ကျွန်မက ရှင့်ကိုစောင့်နေနိုင်ပေမယ့် ကျွန်မမိဘတွေကတော့ အဲဒီလိုမဟုတ်ဘူးလေ။ သူတို့က ရှင်အလုပ်ထွက်လိုက်တာ သိသွားတော့ ကျွန်မကို ရှင်နဲ့လမ်းခွဲဖို့ ဖိအားပေးနေပြီ”
“ဦးလေးနဲ့ အန်တီက ဘယ်လို သိသွားကြတာလဲ…”
29 02
အန်းသုံသည် အံ့သြထိတ်လန့်သွားလေသည်။ သူနှင့် သူ့ချစ်သူသည် ကုမ္ပဏီတစ်ခုထဲတွင် အလုပ်လုပ်ကိုင်နေကြခြင်း မဟုတ်ပေ။ ကုမ္ပဏီတစ်ခုထဲတွင် အလုပ်လုပ်နေကြသည် ဆိုလျှင်တောင် ထိုမျှလောက် သတင်းပျံ့ခြင်းက မြန်လိမ့်မည် မဟုတ်ချေ။
“ကြည့်ရတာ…ရှင့်သူဋ္ဌေးက ကျွန်မ မိဘတွေကို ဖုန်းဆက် အကြောင်းကြားလိုက်တာ ထင်တယ်”
ဟယ်ရာဝမ့်၏ စကားကို ကြားလိုက်သောအခါ သူသည် ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်တော့သည်။ “ဒီ ခွေးကောင်ကတော့…”
“အန်းသုံ…ကျွန်မကိုပြော။ ရှင်အခုလို စိတ်လိုက်မာန်ပါ လုပ်လိုက်တာက အိမ်ကို ငါးနှစ်ကြာအောင် ပြန်မလာတဲ့ ရှင့် ညီမကြောင့်လား”
ဟယ်ရာဝမ့်၏ စကားများတွင် မကျေနပ်သော လေသံများ ပါဝင်နေလေသည်။
“ဝမ့်ဝမ့်…ဒီကိစ္စမှာ ကိုယ့်ညီမလေးကို အပြစ်တင်စရာမရှိပါဘူး။ ကိုယ် ကိုယ်တိုင်က အလုပ်ထွက်ချင်နေလို့ပါ…”
ဟယ်ရာဝမ့်သည် သူစကားပြော၍ မပြီးသေးခင်မှာပင် စကားဖြတ်ပြောလိုက်သည်။ “အန်းသုံ…ရှင့်နှလုံးသားထဲမှာ ကျွန်မက အဲဒီလောက်တောင် အရေးမပါဘူးလား။ ကျွန်မ ရှင့်အပေါ်မှာ ဘယ်လောက်ပဲ ကောင်းပေးပေး ရှင်စိတ်ထဲမှာ မိသားစုကပဲ အရေးအကြီးဆုံးလား။ ရှင့်ညီမကို ငါးနှစ်ကြာအောင် မတွေ့ရတာနဲ့ ကျွန်မနဲ့တောင် ယှဉ်လို့ မရတောဘူးလား…”
“ဝမ့်ဝမ့်…မင်း ဘာတွေပြောနေတာလဲ။ ကိုယ်က အဲဒီလိုမဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ မင်းကလည်း ကိုယ်မိသားစုလောက် အရေးပါပါတယ်”
ထိုအချိန်တွင် အန်းသုံသည် တိုးဆိုးဝါးဝါး ခေါင်းကိုက်လာတော့သည်။ သူ၏ ချောမောလှပပြီး နူးညံ့သိမ်မွေ့လှသည့် ချစ်သူသည် အဆင်ပြေသော်လည်း တစ်ခုတည်းသော ပြဿနာမှာ သူမသည် လွန်စွာ အတွေးလွန်ခြင်းပင် ဖြစ်သည်။
“အန်းသုံ…ကျွန်မရှင့်ကို သဘောကျပါတယ်။ ဒါပေမဲ့ ရှင်က ကိစ္စတစ်ခုကို မဆင်မခြင် ဆုံးဖြတ်လွန်းတယ်။ ကျွန်မ ဒီနှစ်ဆိုရင် အသက် ၂၆ နှစ်ပြည့်ပြီ။ မငယ်တော့ဘူး။ ရှင့်ကို အခုလိုပုံစံမျိုးနဲ့တော့ ဆက်ပြီး စောင့်မနေချင်တော့ဘူး”
“ဝမ့်ဝမ့်…မင်း ဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေရတာလဲ။ ဒီနှစ် ကိုယ်တို့ လက်ထပ်ကြမယ်လေ”
“လက်ထပ်ကြမယ် ဟုတ်လား။ ကျွန်မမိဘတွေကတောင် သဘောတူကြတာ မဟုတ်ဘဲနဲ့ ကျွန်မတို့ လက်ထပ်လိုက်ကြမယ်ဆိုရင် ဘယ်မှာလဲအိမ်။ ကျွန်မတို့ အကြွေးစနစ်နဲ့ တိုက်ခန်းလေးတစ်ခု ဝယ်လိုက်မယ် ဆိုရင်တောင် အဲဒီချေးငွေကိုရော ဘယ်လိုလုပ်မှာလဲ။ ရှင့်မှာ အလုပ်တောင်မရှိတာ ရှင်အကြွေးတွေကို ဘယ်လိုပြန်ဆပ်မှာလဲ”
ဟယ်ရာဝမ့်၏ ပြတ်သားပြီး ထိမိလှသော စကားလုံးများကို ကြားလိုက်ရသောအခါ အန်းသုံသည် သူ့နှုတ်ခမ်းများကို ခါးသက်သက်ဖြင့် ကွေးညွတ်လိုက်မိသည်။ “ဝမ့်ဝမ့်…မင်းက ကိုယ့်ကို မယုံဘူးဘဲ”
အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ငိုရှိုက်သံတစ်သံကို သူကြားလိုက်ရလေသည်။ “အန်းသုံ ကျွန်မ အရင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ဦးမယ်…တောင်းပန်ပါတယ်”
“ကောင်းပါပြီ”
အိမ်အပြန်လမ်းတွင် သူသည်လည်း စိတ်တည်ငြိမ်မှု ရရှိသွားပြီဖြစ်သည်။
သူသည် သူ့ချစ်သူကို စိတ်ပျက်သွားစေပြီဟု ခံစားနေရလေသည်။
သူသည် သူ့ချစ်သူနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ကျောင်းပညာရေး၊ မိသားစုနောက်ခံနှင့် အလုပ်အကိုင်တွင်ပါ နောက်ရောက်နေလေတော့သည်။
ယခုအချိန်တွင် သူသည် အလုပ်ပါထွက်လိုက်သောကြာင့် သူ့ချစ်သူကို မသေချာမရေရာ ဖြစ်သွာစေတော့သည်။
အကယ်၍ သူ့ချစ်သူသာ သူနှင့် လမ်းခွဲချင်သည်ဆိုလျှင် သူအနေနှင့် ချီတုံချတုံဖြစ်နိုင်သော်လည်း သူမဘဝ ပိုမိုကောင်းမွန်စေရန်အတွင် မျှော်လင့်ပေးရမည် ဖြစ်သည်။
သူသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသေးလျက် သူ့ချစ်သူသည် အရင်အခြေအနေအတိုင်းပဲသဘောထား၍ နောက်ဆုံးတွင် သူနှင့်လမ်းမခွဲဘဲ ဆက်လက်တည်ရှိနိုင်ရန် မျှော်လင့်နေမိတော့သည်။
29 03
ထိုကဲ့သို့သာဆိုလျှင် သူမကို တင့်တောင့်တင့်တယ်ထားနိုင်ရန် သူသည် သေချာပေါက် အလုပ်ကြိုးစားတော့မည် ဖြစ်သည်။
သူသည် ကြောင်တောင်တောင် အတွေးများထဲတွင် နစ်မြောနေရင်းဖြင့် ဘတ်စ်ကားဖြင့် သုံးနာရီခရီးသည် လျင်လျင်မြန်မြန် ကုန်ဆုံးသွားလေတော့သည်။ အန်းသုံသည် ကားပေါ်မှ ဆင်းလိုက်သောအခါ ပြန်လည် တတ်ကြွသွားတော့သည်။
သူသည် ငါးနှစ်ကြာအောင် မတွေ့မမြင်ခဲ့ရသော သူ့ညီမဖြစ်သူကို မကြာခင် ပြန်လည် တွေ့ဆုံရမည် ဖြစ်သောကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
သူသည် အနည်းငယ်တော့ စိတ်ပူနေမိသည်။ သူ့ညီမလေးသည် ယခင်အတိုင်းသာ ပြုမူနေမည်ဆိုလျှင် သူမသည် အမေဖြစ်သူကို စိတ်တိုစေမည်ဖြစ်ပြီး နှစ်ယောက်သားသည် စိတ်မသက်သာစရာ အခြေအနေသို့ တစ်ဖန် ရောက်ရှိသွားမည် ဖြစ်သည်။
သူသည် တည်ငြမ်နေရာမှ တစ်ဖန် စိုးရိမ်ပူပန်မိသွားသည်။
သို့သော်လည်း သူအိမ်ရောက်သွားသောအခါ အံ့သြမှုကြောင့် မှင်တက်သွားလေတော့သည်။ သူ့အမေနှင့် ညီမလေးဖြစ်သူသည် ပူးကပ်၍ထိုင်နေကြပုံမှာ တစ်ဦးတည်း ဖြစ်သွားသည့်နှယ်။
“အမေ…ဒီလည်ဆွဲလေးနဲ့ အရမ်းလှတယ်”
“ဟီးဟီး…ဘာကို လှရမှာလည်း။ ငါက အိုနေပြီကို။ သမီးနဲ့ အစ်မအတွက်ပဲ ယူထားလိုက်စမ်းပါ”
“မဟုတ်ပါဘူး…အမေက သမီးနဲ့ အစ်မထက် ပိုကြည့်ကောင်းတာပေါ့။ လာ…သမီး ဝတ်ပေးမယ်”
အန်းသုံသည် သူ၏သော့ဖြင့် အိမ်တံခါးဖွင့်၍ ဝင်လာသောအခါ ဧည့်ခန်းအတွင်း ခြေချစရာပင် နေရာမရှိလေအောင် ပြည့်နှက်နေသော အထုတ်အပိုးများကို တွေ့လိုက်ရလေတော့သည်။