22 01
အခန်း ၂၂
သူမလှည့်ကြည့်လိုက်သောအခါ ခပ်ဝဝ အမျိုးသမီးတစ်ဦးသည် သူမကို ထိတ်လန့်စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် ထိုသူကို မူလပိုင်ရှင်၏ မှတ်ဉာဏ်မှတဆင့် ဝိုးတဝါးသိလိုက်ရသည်။
ထိုသူသည် မူလပိုင်ရှင်၏ အပေါ်ထပ်အိမ်တွင် နေသော အန်တီဝမ်ပင်ဖြစ်သည်။ သူမ၏ အမည်ပြောင်မှာ ဝမ်သာ့ကျွေး ဖြစ်လေသည်။
“အန်တီက… အန်တီဝမ်လား” သူမသည် မဝံ့မရဲဖြင့် မေးလိုက်လေသည်။
မမျှော်လင့်ထားဘဲ သူမခန့်မှန်းချက်သည် မှန်ကန်သွားသည်။
“ဟားဟား…ဟုတ်တယ် အန်းရှ၊ မင်း ငါ့ကို မှတ်မိသေးတာပဲ”။
အန်တီဝမ်၏ တတ်ကြွလျက်ရှိသည့် အမူအရာကို မြင်လိုက်ရပြီးနောက် အန်းရှသည် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး ရှက်ပြုံးလေး ပြုံးလိုက်မိသည်။
“ရှရှ…ငါ မင်းကိုမတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ မင်းက တကယ်ကို ပိုလှလာတာပဲ။ မင်းက လက်ထပ်ပြီးပြီနော်။ မင်းရဲ့ ပင်ကိုယ်စရိုက်က ငါတို့နဲ့ လုံးဝကိုကွဲပြားခြားနားပါတယ်ဟယ်”။
အန်တီဝမ်သည် စကားပြောနေရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ အန်းရှသည် အသံခပ်နိမ့်နိမ့်လေးဖြင့် ပြောလိုက်လေသည်။ “အန်တီဝမ် ကျွန်မ…ကျွန်မ အိမ်ပြန်လိုက်ဦးမယ်နော်”။
“သြော် ဟုတ်သားပဲ။ မင်း အိမ်ပြန်မလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ မင်းမိဘတွေကို အရမ်းသတိရနေမှာပဲ။ ငါက မင်းကို အချိန်တွေကြာအောင် လုပ်နေမိတယ်”။
အတင်းအဖျင်းများကို ပြောဆိုရခြင်းကိုနှစ်သက်သော အန်တီဝမ်သည် များပြားပြီး မြင့်မားလှသော လှေကားထစ်များကို သတိပြုမိလိုက်လေတော့သည်။
“အိုး…မင်းဘာဖြစ်လို့ ဒီလောက် အထုတ်အပိုးတွေအများကြီးကို သယ်လာရတာလဲ အိမ်ပြောင်းလာတာလား”။
သံသယဝင်နေသော မျက်နှာပေးရှိနေသော အန်တီဝမ်ကိုကြည့်ရင်း အန်းရှသည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။ “ကျွန်မရဲ့ အဖေ အမေတွေနဲ့ ဆွေမျိုးတွေအတွက် လက်ဆောင်တွေ ဝယ်လာတာပါ”။
သူမသည် သူမ၏စိတ်ကို များစွာ ပြင်ဆင်ထားခဲ့သော်လည်း ထိုသူများကို အဖေနှင့် အမေဟု ခေါ်လိုက်ရချိန်တွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသေးသည်။
“ဘုရားရေ…ဒါတွေအကုန်လုံးက လက်ဆောင်တွေလား”။
“အာ…အကုန်လုံး မဟုတ်ပါဘူး”။ အန်းရှသည် ထိုအထုတ်အပိုးများ အားလုံးကို မဆိုလိုကြောင်း ခေါင်းကိုခါးယမ်းရင်းဖြင့် ပြောလိုက်သည်။ အန်တီဝမ်သည် သက်ပျင်းတစ်ချက် ရှိုက်ထုတ်လိုက်ရင်း စကားဆက်ပြောရန် ပြင်လိုက်သည်။
အန်းရှ၏ စကားလုံးများကို ကြားလိုက်သောအခါ သူမဆက်ပြောမည့်စကားများသည်ပင် လည်ချောင်းထဲတွင် တစ်ဆို့သွားလေသည်။ “အချို့ပစ္စည်းတွေကို ပြန်ယူသွားမယ်ပေါ့”။
အန်းရှသည် ရှက်ပြုံးလေးပြုံးလိုက်ရင်း သူမ၏ ယခုကဲ့သို့ များပြားစွာဝယ်ယူလာခဲ့သော လက်ဆောင်ပစ္စည်းကို မူလပိုင်ရှင်၏ မိဘများ နှစ်သက်သဘောကျပါ့မည်လားဟု တွေးတောနေမိသည်။ သူမသည် အိမ်သို့ နှစ်ပေါင်းများစွာကြာအောင် ပြန်မလာခဲ့သောကြောင့် သူတို့သည် ဒေါသထွက်နေမည်လားဟု တွေးတောမိသည်။
ထိုပစ္စည်းများသည် သူမ၏ ကြွယ်ဝမှုများကို ကြွားဝါနေခြင်းဖြစ်သည်ဟု အန်တီဝမ်က ပြောသည်။
အန်တီဝမ်သည် ဝတ်ကောင်းစားလှများ ဝတ်ထား၍ များပြားလှသော လက်ဆောင်ပစ္စည်းများ ဝယ်ယူလာသည့် အန်းရှကိုကြည့်ရင်း စိတ်ထဲတွင်တော့ ထိုအန်းမိသားစုမှ ကလေးမလေးသည် ချမ်းသာသောယောက်ျားနှင့် လက်ထပ်လိုက်ခြင်း အကြောင်းကို တွေးနေလေသည်။
ထိုကလေးမလေးသည် သူမ၏ ယောက္ခမအိမ်မှ ပြန်လာတိုင်းတွင် လက်ဆောင်များ သယ်ဆောင်လာခဲ့ခြင်းမရှိပါ။ ယခုတွင်တော့ သူမသယ်ဆောင်လာသော ပစ္စည်းများမှာ များပြားလွန်းလှသည်…
22 02
“ဒီပစ္စည်းတွေအများကြီးကို သယ်ဖို့မလွယ်ဘူး။ မင်းကို ကူသယ်ပေးလို့ရအောင် ဒီအဆောက်အအုံက လုံခြုံရေးကို လှမ်းခေါ်လိုက်မယ်”။
“အာ…ကျေးဇူးတင်လိုက်တာ အန်တီဝမ်ရယ်”။
ခပ်ဝဝအသွင်ရှိသော အန်တီဝမ်သည် အတင်းအဖျင်းပြောရခြင်းကို စိတ်ဝင်စားသည်မှလွဲ၍ စိတ်ကောင်းရှိသူတစ်ဦး ဖြစ်သည်။
မည်သို့ပင်ဖြစ်ဖြစ် အရေးကြီးသော အချက်တစ်ချက်မှာ သူမ၏ ပြဿနာများကို ကူညီဖြေရှင်းပေးရန် ဖြစ်သည်။
“မိန်းကလေးအန်း…ဘာမှစိတ်မပူနဲ့ ငါ အားလုံးကို သယ်ပေးမယ်”။
“ရပါတယ်…အထုတ်အသေးလေးတွေကိုတော့ ကျွန်မဘာသာ သယ်နိုင်ပါတယ်”။
လုံခြုံရေး၏ အကူအညီဖြင့် သူမ၏ပစ္စည်းများ အားလုံးကို ငါးထပ်ပေါ်သို့ သယ်ဆောင်ပြီးနောက်တွင် အန်းရှသည် သူမ၏လက်မောင်းမှာ နာကျင်နေခဲ့ပြီး အထူးသဖြင့် သူမ၏ လက်ဖဝါးများမှာ ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။
အန်းရှသည် သူမ၏လက်ဖဝါးကို ကြည့်ရန် ပြင်နေတုန်းမှာပင် ရုတ်တရက် တံခါးဖွင့်သံနှင့်အတူ လုံခြုံရေးဦးလေး၏ စကားသံကိုလည်း ကြားလိုက်ရလေသည်။ “အန်းမိသားစုရေ…မင်းတို့ရဲ့သမီးလေး အိမ်ပြန်လာပြီ”။
အိမ်တံခါးကို လာရောက်ဖွင့်ပေးသူမှာ မီးခိုးရောင်ဆံပင်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမသည် အန်းရှကို မြင်လိုက်ရချိန်တွင် မျက်ရည်များဝဲလာ၍ ပြောလေတော့သည်။ “နင် ဒီမှာ ဘာလုပ်နေတာလဲ။ နင် ငါတို့ကို အထင်သေးနေတာ မဟုတ်ဘူးလား။ နင် အိမ်ကို ပြန်မလာချင်ခဲ့ဘူးမလား။ အခု ဘာလို့ ပြန်ရောက်လာတာလဲ”။