25 01
အခန်း ၂၅
အန်းရုံ၏ ဘယ်ဘက်မျက်ခွံသည် တဖျပ်ဖျပ်ခတ်နေသောကြောင့် သူမ စိုးရိမ်မိသွားသည်။
“အစ်မ အန်းရုံ…ဘာဖြစ်လို့လဲ”။
“ငါလည်း ဘာဖြစ်မှန်းမသိဘူး၊ ဘယ်ဘက်မျက်ခွံက ခုန်နေသလိုပဲ”။
“ဘယ်ဘက် မျက်လုံးလား၊ ဘယ်ဘက်မျက်လုံး လှုပ်တာဆိုရင် ချမ်းသာကြွယ်ဝ လာမှလား၊ ကံဆိုးမိုးမှောင် ကျလာမှာလား၊ အစ်မအန်းရုံ ခဏနေဦး ကျွန်မ အင်တာနက်ပေါ်မှာ ရှာကြည့်လိုက်ဦးမယ်…”
အန်းရုံသည် ဝင်လာသော စာတိုတစ်စောင်ကြောင့် သူမ၏ လုပ်ဖော်ကိုင်ဖက်၏ တုံ့ပြန်မှုကိုပင် မစောင့်နိုင်တော့ပေ။
“အစ်မ အန်းရုံ…ဘာလုပ်နေတာလဲ။ အခုက အလုပ်ဆင်းချိန်တောင် မရောက်သေးဘူးလေ”။ အန်းရုံ၏ လုပ်ဖော်ကိုင်ဖက်က မေးလိုက်လေသည်။
“ငါ အခု အလုပ်ဆင်းမှ ဖြစ်တော့မယ်။ အိမ်မှာ အရေးကြီးကိစ္စဖြစ်နေလို့။ သူဋ္ဌေးလာရင် ငါ့ကို ခွင့်တိုင်ပေးထားပါဦး”။
သူမသည် ကုမ္ပဏီမှ အလျင်စလို ထွက်ခွာလာခဲ့လျက် စက်ဘီးကို ယူလိုက်ပြီးနောက် သူမနေထိုင်ရာ အဆောက်အအုံဆီသို့ ထွက်ခွာလာခဲ့တော့သည်။
အန်းရုံသည် လျှပ်စစ်စက်ဘီးကို မစီးနင်းခင်တွင် သူမ၏ အိမ်မှ ဒုတိယသားဖြစ်သူ အန်းသုံဆီသို့ အလျင်အမြန် ဖုန်းခေါ်လိုက်သည်။
“ဟေး…အန်းသုံ ဘာကိစ္စပဲရှိရှိ အိမ်ကို အခုချက်ချင်း မြန်မြန်ပြန်လာခဲ့။ ငါတို့ညီမလေး ဒီနေ့ အိမ်ပြန်ရောက်လာပြီ။ ဝမ်ရှောင်ချင်း ပြောတာကတော့ ညီမလေးက အိမ်ကိုရောက်ရောက်ချင်းပဲ အမေဆူတာ ခံလိုက်ရတယ်တဲ့။ ငါတို့ အိမ်ကို မြန်မြန်ပြန်ပြီး ညီမလေးကို ကူညီပေးမှရမယ်”။
အန်းသုံသည်လည်း တူညီသော လုပ်ရပ်ကို ပြုလုပ်ခဲ့ရလေသည်။
“မန်နေဂျာ…အိမ်မှာ အရေးကြီးကိစ္စ ဖြစ်နေလို့ ကျွန်တော် အခုချက်ချင်း ခွင့်ယူချင်လို့ပါ”။
အန်းသုံသည် အကြီးဆုံးအစ်မဖြစ်သူ အန်းရုံကဲ့သို့ ကံကောင်းလှသူမဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် သူ၏ အလုပ်အနေအထားနှင့် သူ၏ ချောမောလှပ၍ နူးညံ့သိမ်မွေ့လှသော ချစ်သူကြောင့် မန်နေဂျာ ရှုန်းသည် သူ့ကို အမြင်မကြည်လှပါ။
အန်းသုံသည် အလုပ်လုပ်ရာတွင် တိကျပြတ်သားလှပြီး၊ အမှားအယွင်း ပြုလုပ်မိသည်ဟူ၍လည်း သိပ်မရှိလှပါ။
ထို့ကြောင့် မန်နေဂျာရှုန်းသည် အန်းသုံအပေါ်တွင် တစ်စုံတစ်ခု ကြံစည်၍ မရနိုင်ဖြစ်နေလေသည်။
ယခုအချိန်တွင် အန်းသုံသည် အလုပ်ခွင့်ယူရန် တောင်းဆိုနေသောကြောင့် သူသည် ထို့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပါ။
“ခွင့်ယူမယ် ဟုတ်လား။ ဘာဖြစ်လို့ ခွင့်ယူချင်ရတာလဲ”။
အကယ်၍ ထိုကဲ့သို့ လေးလေးနက်နက် ဆုံးဖြတ်ချက်ချသူသည် အခြားသူတစ်ဦးသာ ဖြစ်မည်ဆိုလျှင် ဝေ့လည်ကြောင်ပတ်သာ ပြုလုပ်နေလိမ့်မည်ဖြစ်သည်။
အန်းသုံသည် ထက်မြတ်သူဖြစ်ပြီး သူ၏အဖေ အန်းချောင်ရှုန်း၏ ရိုးသားဖြောင့်မတ်မှုကို အမွေရထားသူဖြစ်သည်။
သူသည် ဘယ်တော့မှ လိမ်ညာမည့်သူ မဟုတ်ချေ။
“ကျွန်တော့် ညီမလေး အိမ်ပြန်ရောက်လာလို့ပါ”။
“မင်းညီမက အိမ်ပြန်ရောက်လာတယ်။ အရေးကြီးကိစ္စက ဘာများလဲလို့။ မင်းမိဘတွေ ဆုံးသွားတာ မဟုတ်ဘူးလား”။
မန်နေဂျာရှုန်းသည် ထိုသို့ပြောလိုက်ရင်း ပျော်ရွှင်နေလေသည်။
“မန်နေဂျာရှုန်း…ခင်ဗျား ဘယ်လိုတောင် ပြောလိုက်တာလဲ”။ အန်းသုံသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင်တွင် ဒေါသအရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။
25 02
“အာ…တောင်းပန်ပါတယ်ကွာ။ ဒါပေမဲ့ ဒီကိစ္စကို ငါ ခွင့်ပြုပေးလို့မရဘူး။ ဒီနေ့တင်မဟုတ်ဘူး မနက်ဖြန်လည်း ခွင့်ပြုပေးလို့ မရဘူးကွ။ ငါတို့ကုမ္ပဏီက အခုတလော အလုပ်များနေတယ်လေကွာ”။
မန်နေဂျာရှုန်းသည် သူ၏ ကြီးမားလှသော ဝမ်းဗိုက်ကြီးနှင့်အတူ သက်တောင့်သက်သာရှိလှသော သူဋ္ဌေး၏ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အန်းသုံကို ပြုံး၍ ကြည့်လိုက်သည်။ ထိုသို့ သူ၏ပုံစံသည် စိတ်ကသိကအောက်ဖြစ်စရာ ကောင်းလွန်းလှသည်။
အန်းသုံသည် တုံးအသူတစ်ယောက် မဟုတ်ချေ။ မန်နေဂျာရှုန်းသည် သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် အလုပ်ထွက်သွားစေရန် အမှားရှာနေသည်ကို သူသိလေသည်။
ဒေါသကြောင့် အခိုးငွေ့များထွက်နေသော မျက်လုံးများဖြင့် သူသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။ ယခုအလုပ်သည် လစာမြင့်၍ သူအလုပ်လုပ်ခဲ့သည်မှာလည်း ကြာမြင့်နေပြီဖြစ်သည်။ သူသည် အဆက်အသွယ်များနှင့် အရင်းအနှီးများစွာကိုလည်း စုဆောင်းမိခဲ့ပြီ ဖြစ်လေသည်။ ဤကုမ္ပဏီမှ ထွက်လိုက်မည်ဆိုလျှင် နောက်ထပ်အလုပ်တစ်ခုကို ရှာဖွေရန် ခင်ခဲမည်ဖြစ်သလို အလုပ်မရှိလျှင်လည်း သူ၏ချစ်သူနှင့် လက်ထပ်ရန် မဖြစ်နိုင်ပါ။
“မန်နေဂျာရှုန်း ကျွန်တော် သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင် အလုပ်တွေကို ပြီးအောင်လုပ်ပါ့မယ်။ ဒါမှမဟုတ် ကျွန်တော့်အလုပ်တွေကို ကူညီပေးဖို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို တောင်းဆိုကြည့်ပါ့မယ်”။
အမှန်တကယ်တွင် ကုမ္ပဏီသည် မန်နေဂျာရှုန်းပြောသကဲ့သို့ အလုပ်များနေခြင်းမဟုတ်ပါ။ ထိုသူသည် ကိစ္စများကို ခက်ခဲစေချင်ရုံသက်သက်သာ ဖြစ်သည်။
သူသည် အထွေထွေမန်နေဂျာတစ်ဦး ဖြစ်နေသောကြောင့် မည့်သည့် အခက်အခဲများ ကြုံတွေ့နေရသည်ဖြစ်စေ သည်းခံရမည် ဖြစ်လေသည်။
“ခွင့်ယူဖို့ စဉ်းစားမနေနဲ့တော့။ ဒါပေမဲ့ မင်းအရမ်းကို စိတ်ပူနေရတယ်ဆိုရင် အလုပ်ထွက်လိုက်ပါလား”။
ထိုကဲ့သို့ အထက်စီးဆန်လှသော မန်နေဂျာရှုန်း၏ အပြုအမူကို မြင်တွေ့လိုက်ရသောအခါ အန်းသုံသည် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ ထိုသူကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
နောက်ဆုံးတော့…
“ကောင်းပြီလေ။ ငါ အလုပ်ထွက်မယ်”။
အန်းရှသည် သူမ အိမ်ပြန်လာသည်ဆိုသော အသေးအဖွဲကိစ္စလေးသည် သူမ၏ အစ်ကိုကို အလုပ်ထွက်သွားရစေလိမ့်မည်ဟု မသိခဲ့ပေ။
သူမသည် မိဘများနှင့် ပျော်ပျော်ရွှင်ရွှင်ပင် အချိန်ကုန်ဆုံးနေပြီး သူမဝယ်လာသော လက်ဆောင်များကို ပေးနေလေသည်။
“အဖေ..အဖေက သောက်ရတာကို ကြိုက်တယ်ဆိုတာ သမီးသိတယ်။ အဲဒီတော့ ဒီဝိုင်ကို သမီးအသိတစ်ယောက်ကို ဝယ်ခိုင်းလိုက်တာ။ ဒါပေမဲ့ အဖေ ဘာအမျိုးအစားကို ကြိုက်တယ်ဆိုတာကိုတော့ သမီးမသိဘူး။ အဲဒါကြောင့် သမီး အမျိုးအစား အများကြီး ဝယ်ခဲ့လိုက်တာ။ ဘယ်အမျိုးအစားကို ကြိုက်လဲဟင်။ သမီးဝယ်ခဲ့မယ်”။
အန်းချောင်ရှုန်းသည် သူ့သမီးဝယ်ယူခဲ့သော အမျိုးအစားများကို စိတ်မဝင်စားချေ။ သူ၏သမီးသည် သားသမီးဝတ္တရား ကျေပွန်လှပြီး သူ အရက်ကြိုက်တတ်သည်ကိုလည်း သတိတရ ရှိနေပေးသည်။
“အမေ…အမေက ရွှေ လက်ဝတ်လက်စားတွေကို ကြိုက်တာမလား။ အဲဒါကြောင့် သမီး အများကြီးဝယ်လာခဲ့တာ။ ကြည့်ပါဦး…အမေ ကြိုက်လား”။
ရွှေလက်ဝတ်လက်စားများကို မြင်လိုက်သောအခါ အန်းရှ၏အမေသည် အံ့သြသွားပြီး မျက်လုံးလေးများ လင်းလက်သွားသော်လည်း သူမသည် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ “ရှရှ…ဒီလက်ဆောင်တွေကို ထားလိုက်ဦး။ နင် ပွင့်ပွင့်လင်းလင်း ပြောပြ။ နင် ဒီငါးနှစ်တာ အတောအတွင်း ဘာတွေဖြစ်ခဲ့တာလဲ။ ဘာကြောင့် ကွာရှင်းလိုက်တာလဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ”။
အန်းရှ၏ အမေသည် သူမ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် မျက်ဝန်းထဲတွင်လည်း စိုးရိမ်မှုများအပြည့်ဖြင့် သူမကို ကြည့်နေလေသည်။
“အမေ…သမီး”
25 03
အမှန်တကယ်တော့ အန်းရှသည် ငါးနှစ်တာအတွင်း မူလပိုင်ရှင် ခံစားခဲ့သောဒုက္ခများကို ပြောပြရန် မရည်ရွယ်ထားသော်လည်း သူမကို အလွန်ဂရုစိုက်သော လူကြီးများကို မလှည့်စားချင်ပေ။
အန်းရှသည် အနည်းငယ် တုံ့ဆိုင်းပြီးနောက် မူလပိုင်ရှင်နှင့် မော့ယွီစန်းကြားမှ ပြဿနာများကို ပြောပြရန် ပြင်ဆင်လိုက်တော့သည်။
အန်းရှသည် သူတို့ကို ပြောပြရန်ပြင်ဆင်နေချိန်တွင် တံခါးခေါက်သံနှင့်အတူ စိုးရိမ်မှုလေသံများ ပါဝင်နေသော မိန်းကလေးတစ်ယောက်၏ အသံလည်း ထွက်ပေါ်လာတော့သည်။ “အမေ…တံခါးဖွင့်ဦး သမီးပြန်ရောက်ပြီ”။
အစ်မကြီးဖြစ်သူ အန်းရှသည် အန်းရုံကို အကူအညီပေးရန် အိမ်ကို ပြန်လာခြင်းဖြစ်သည်။
“ညီမလေး…မင်း ဒီနေ့ပြန်လာမယ် ဆိုတာကို ငါ့ကို ဘာဖြစ်လို့ ကြိုမပြောရတာလဲ။ အဲဒါဆိုရင် မင်းကို လာကြိုပေးဖို့ မင်းခဲအိုကို ပြောလိုက်မှာပေါ့…”။
အန်းရုံသည် အိမ်ထဲသို့ ဝင်လာလာချင်းတွင်ပင် စကားများ ပြောလိုက်ခြင်းဖြစ်သည်။
သူမသည် ခေါင်းမော့ကြည့်လိုက်ချိန်တွင် ငါးနှစ်တာလုံး မတွေ့ရခဲ့သော ညီမဖြစ်သူကို မြင်လိုက်ရသောအခါ မှင်တက်မိသွားလေတော့သည်။
“ညီမလေး…နင် ဒီငါးနှစ်အတောအတွင်း အသက်ပိုကြီးလာပုံလည်း မပေါက်သွားဘဲ အရင်ကထက်တောင် ပိုလှလာသေးတယ်”။
အန်းရုံသည် သူမ၏အရှေ့မှ ကျောက်စိမ်းပန်းကလေး တစ်ပွင့်ကဲ့သို့ လှပနေသော မိန်းကလေးကို ကြည့်လိုက်၍ သူမ၏ ညီမဖြစ်သည်ကိုပင် ရဲရဲအသိအမှတ်ပင် မပြုရဲ ဖြစ်နေလေတော့သည်။
Telegramမှာ အပိုင်း ၁၁၀အထိ ရောက်ပါပြီနော်။