24 01
အခန်း ၂၄
ဒါ့အပြင် ထိုအချိန်များတွင် မူလပိုင်ရှင်သည် သူမ၏မိသားစုသည် ကောင်းမွန်ခြင်းမရှိ၍ သူမ၏ ဆွေမျိုးများကြောင့်လည်း သူမအရှက်ရ ရခြင်းဖြစ်သည်ဟု သဘောထားခဲ့သည်။ ခြုံငုံ၍ဆိုရမည်ဆိုလျှင် သူမသည် မိသားစုကို ကြိုက်နှစ်သက်ပုံ မရခြင်း ဖြစ်နေသည်။
ထို့ကြောင့် မူလပိုင်ရှင်ကို အလွန်ချစ်ခင်မြတ်နိုးသော အမျိုးသမီးအန်းသည် သမီးဖြစ်သူနှင့် အပြန်အလှန် ဆက်သွယ်မှု မပြုကြတော့ခြင်း ဖြစ်လေသည်။ မူလပိုင်ရှင်သည်လည်း ခေါင်းငုံ့အလျှော့ပေးခြင်း မရှိခဲ့သလို မိသားစုကိုလည်း လုံးဝ မဆက်သွယ်ခဲ့ပေ။
သူမသည် လစဉ် မိဘများ၏ ဘဏ်ကဒ်ထဲသို့ အိမ်အသုံးစရိတ်အဖြစ် ယွမ် တစ်သိန်းပို့ပေးခြင်းကိုသာ ပြုလုပ်ပေးခဲ့လေသည်။
“ရှရှ…ဒီနှစ်တွေအတွင်း သမီး…အဆင်ပြေရဲ့လား”
အန်းရှောင်ရှုန်းသည် သူ၏ နီစွေးနေသော မျက်လုံးများဖြင့် အန်းရှကို ကြည့်လိုက်လေသည်။ သူသည် ကြမ်းတမ်းသော ယောက်ျားတစ်ဦးပင် ဖြစ်နေသော်လည်း သူ၏လေသံမှာတော့ လွန်စွာ ညင်သာနူးညံ့လှပေသည်။
မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရတော့ ငယ်ရွယ်ခြင်းမရှိတော့သော သူမအဖေသည် ရဲတင်းလှသော လူကြမ်းတစ်ဦးပင် ဖြစ်သည်။
သူမ ငယ်ရွယ်စဉ် အချိန်ကာလများတုန်းက အခြားမိသားစုများသည် မိန်းကလေးများထက် ယောက်ျားလေးများကိုသာ ပို၍ ချစ်ခင်လိုလားကြသော်လည်း သူမ၏ မိသားစုသည်တော့ ယောက်ျားလေးများထက် မိန်းကလေးများကို ပို၍ ချစ်မြတ်နိုးကြလေသည်။
ထို့အပြင် အန်းရှသည် ငယ်ရွယ်စဉ်ကတည်းကပင် လှပချောမော၍ ဉာဏ်ရည်လည်း ထက်မြတ်လှသည်။ သူမသည် မောင်နှမ လေးဦးထဲတွင် အလေးပေး အခံရဆုံးဖြစ်သလို မိဘများကလည်း အချစ်ရဆုံးသောသူ ဖြစ်သည်။
မွေးချင်းမောင်နှမများသည် မိဘများထံမှ ထက်မြတ်ကောင်းမွန်သော အရည်အချင်းများကို အမွေရရှိထားကြသော်လည်း မိဘများသည် အန်းရှကိုသာ ပို၍ အလေးပေးခဲ့ကြသည်။ အားလုံးသည်လည်း ထက်မြတ်၍ ချောမောလှသော သူတို့၏ ညီမငယ်လေးကို ချစ်ခင်ကြလေသည်။
မည်သည့်ကိစ္စကိုမဆို အန်းရှ၏ဆန္ဒကို ထည့်သွင်းစဉ်းစား၍ ပြုလုပ်ကြသလို သူမကို မင်းသမီးငယ်လေးတစ်ပါးကဲ့သို့ ပြုစုစောင့်ရှောက်ကြလေသည်။
တစ်ခါတုန်းက သူမ၏အဖေသည် မတော်တဆမှုတစ်ခုကြောင့် အလုပ်ပျက်ခဲ့ရပြီး အန်းရှကို ကျောင်းစရိတ်ပင် မထောက်ပံ့နိုင်တော့ချေ။ ထိုအခါ သူမ၏ အစ်ကိုအကြီးဆုံးသည် ကျောင်းမှထွက်၍ အလုပ်လုပ်ကာ အန်းရှကို ဆက်လက်ထောက်ပံ့ပေးခဲ့သည်။
သူမသည် ထိုအတိတ်ဖြစ်ရပ်များသည် သူမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသကဲ့သို့ တစ်ခုပြီးတစ်ခု သူမ၏ မှတ်ဉာဏ်ထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။
အန်းရှသည် ရှိုက်၍ ငိုကြွေးမိလိုက်တော့သည်။ “သမီး တောင်းပန်ပါတယ်…သမီး တောင်းပန်ပါတယ်၊ သမီး အမှားပါ…သမီး မကောင်းခဲ့တာပါ၊ အဖေတို့ ပြောစကားကို နားထောင်ခဲ့ရမှာ၊ သမီးကို မချစ်တဲ့သူ တစ်ယောက်အတွက်နဲ့ အဖေတို့ကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့သင့်ဘူး၊ သမီး…တောင်းပန်ပါတယ်”
မူလပိုင်ရှင်သည် မှားယွင်းသောကိစ္စများကို ပြုလုပ်ခဲ့ပြီး လွန်စွာ တရားလွန်ခဲ့လေသည်။ သူမကို မချစ်သော သူတစ်ယောက်အတွက်နှင့် သူမကို လွန်စွာ ချစ်ခင်မြတ်နိုးကြသော မိသားစု ဆွေမျိုးများကို စွန့်ပယ်ခဲ့လေသည်။
ငါးနှစ်၊ ထိုငါးနှစ် အတောအတွင်းတွင် သူမကို ချစ်ခင်ကြသော ထိုမိသားစုဝင်များသည် ကျိန်းသေပေါက် ဝမ်းနည်းနေကြမည် ဖြစ်သည်။
ထိုကဲ့သို့ အန်းရှငိုနေသောအခါ သူမ၏အမေသည်လည်း ထိတ်လန့်သွားတော့သည်။
အန်းချောင်ရှုန်းသည်လည်း အန်းရှထံသို့ မှင်တက်စွာ လျှောက်သွားတော့သည်။
“ရှရှ…အဲဒီလူက သမီးကို အနိုင်ကျင့်သေးလား”
“သူဘယ်မှာလဲ၊ အဖေ့ကိုပြော၊ အဖေသူ့ကို ကောင်းကောင်း ပညာပေးလိုက်မယ်”
“ရှရှ…မငိုနဲ့တော့ မငိုနဲ့တော့”
အဖေဖြစ်သူသည် စကားလုံးများကို ခေါက်တုံ့ခေါက်ပြန်သွားရင်း ပြောဆိုနေပုံမှာ ဟော့ပေါ့အိုးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ အလွန်အမင်း စိုးရိမ်နေပုံပေါက်နေသည်။
24 02
အမေဖြစ်သူမှာတော့ ထိုကဲ့သို့မဟုတ်ပေ။ အန်းရှ၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးရန် တစ်ရှူးစကို ကိုင်ထားလျှက် နူးညံ့စွာ ဆူပူလေသည်။ “နင် ကွာရှင်းလိုက်တာ တစ်ခုတည်းကြောင့် မှားခဲ့တယ်လို့ ထင်နေတာလား၊ ဒါဆိုရင် ငါတို့ပြောတာကို ဘာလို့ နားမထောင်ခဲ့ရတာလဲ၊ နင့်မိဘတွေက နင့်ကို ထိခိုက်အောင်လုပ်လိမ့်မယ်လို့ ထင်နေတာလား”
သူမသည် အန်းရှကို ဆူပူနေလျက်ပင် သည်းထန်စွာ ငိုကြွေးနေတော့သည်။
“ငါတို့က နင့်ရဲ့အိမ်ထောင်ဘက်ကို ချမ်းသာရမယ်လို့ မမျှော်လင့်ထားပါဘူး။ နင့်အဖေနဲ့ငါက သာမာန်လူနဲ့တောင် ပိုပြီး လက်ထပ်စေချင်သေးတယ်။ နင့်ကို ချစ်ပြီး ကောင်းကောင်း ဆက်ဆံမယ်ဆိုရင် အဲဒီလူက မချမ်းသာတဲ့သူ ဖြစ်နေရင်တောင် နင့်အဖေနဲ့ငါက ပံ့ပိုးပေးမှာ”
သူမဝတ်ဆင်ထားသော လှပမက်မောဖွယ်ရာ ဝတ်စုံကို ကြည့်လိုက်ခြင်းအားဖြင့် သူတို့၏ သမီးဖြစ်သူသည် ဆင်းရဲဒုက္ခ ခံစားရခြင်းမရှိလေဘဲ ပို၍ပင် လှပနေလေတော့သည်။ သို့သော် သူမသည် ယခုကဲ့သို့ ငိုကြွေးနေသောကြောင့် ထိုနှစ်များ အတောအတွင်းတွင် များစွာခံစားရသည်မှာ သေချာနေလေတော့သည်။
“အမေ…အဖေ သမီးအမှားကို သမီးသိပါပြီ။ သမီးကို ခွင့်လွှတ်ပေးပါနော်”
ငယ်ရွယ်စဉ်ကတည်းက သူမ၏ မိဘများနှင့် မောင်နှမများထံမှ ချစ်ခင်မြတ်နိုးမှုကို မခံစားခဲ့ရဖူးသော အန်းရှသည် မူလပိုင်ရှင်နှင့် သူ၏မိသားစုကြားမှ ချစ်ခြင်းမေတ္တာကို သိမြင်ခံစားလိုက်ရသည်။ ထိုမေတ္တာတရားများကို ခံစားလိုက်ရသဖြင့် မူလပိုင်ရှင်ကိုပင် အားကျမိတော့သည်။
သူမသည် သူမ၏ စိတ်ရင်းအမှန်ဖြင့်ပင် မူလပိုင်ရှင်အဖြစ် အစားထိုးဝင်ရောက် နေထိုင်ချင်သွားတော့သည်။ သူမ၏ မိသားစုဝင်များကို စိတ်ရင်းအမှန်ဖြင့် စောင့်ရှောက်ပေးရင်းဖြင့် ကိုယ်တိုင်လည်း မိသားစုဝင် ဖြစ်ချင်မိသွားတော့သည်။
သူမသည် ထိုကဲ့သို့ သားသမီးဖြစ်သူကို သူတို့၏ ဘဝကြီးကဲ့သို့ သတ်မှတ်ထားသော မိဘများရှိသည့် ချစ်စဖွယ်မိသားစုကြီးကို ရရှိပိုင်ဆိုင်ချင်မိတော့သည်။
“အရူးလေး ရှရှ…အဖေနဲ့ အမေက သမီးကို ဘယ်လိုလုပ် အပြစ်တင်ရက်ပါ့မလဲ၊ ဒီနှစ်တွေအတွင်းမှာ သမီးအမေက ပြောသာမပြောတာ သမီးဘက်က ဆက်သွယ်လာဖို့ကို တကယ်ကို မျှော်လင့်နေခဲ့ရတာ”
အန်းချောင်ရှုန်းသည် ငိုနေကြသော အမျိုးသမီးနှင့် သမီးဖြစ်သူတို့ကို ပြုံး၍ကြည့်မိသည်။ ဤတစ်ကြိမ်တွင်တော့ သူသည် တုံ့ဆိုင်းမှုမရှိတော့ဘဲ သူ့ဘဝတွင် ချစ်မြတ်နိုးရဆုံးသော ထိုအမျိုးသမီးနှစ်ဦး၏ လက်ကို ဆုတ်ကိုင်ထားလိုက်တော့သည်။
“အခုအချိန်ကစပြီး ငါတို့မိသားစု ပျော်ပျော်ရွှင်ရွှင် နေသွားကြရအောင်”
“အင်း…အဖေ…အမေ သမီး အခုအချိန်က စပြီးတော့ သားသမီးဝတ္တရား ကျေပွန်အောင် ကြိုးစားသွားပါ့မယ်”